မွန်းဇူး
တစ်ချိန်က ကျုပ်တို့ဆီမှာ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်လို့ ခေတ်စားခဲ့ဖူးတယ်မို့လား။
အခု
ကျုပ်ကိုလည်း ဒီမြို့သစ်ရောက်မှ ပြောချင်ရာပြော မောင်ဘချောလို့
ဘွဲ့ချီးမြှင့်ကြသဗျ။
□
'သူခိုးဗျို့၊ သူခိုး...
သူခိုး'
အော်ပြန်ပြီ။ တစ်လတစ်ခါလောက်
ကြားရတဲ့အသံကြီး။ အစကတော့ ကျုပ်တို့ အော်သံကြားတဲ့ သူ့အိမ်ဘက် တုတ်ဓားတွေနဲ့
အပြေးအလွှား ရောက်ခဲ့ဖူးတယ်။
'ဘယ်မလဲ၊ ဘယ်မလဲ၊ ဘယ်ပြေးလဲ'
မေးကြတော့ သူ့ဆိုင်ကယ်ကို လာချောင်းတာတဲ့။ အခု သူခိုးက
တောင်ပြေးသလို၊ မြောက်ပြေးသလိုလို မရေမရာ။ နောက်တစ်ခါ အော်ပြန်တော့လည်း
အိပ်ချင်မူးတူးနဲ့ ကျုပ်တို့ရောက်ကြပြန်ရော။ သူ့ကြက်ခြံ လာကပ်တာတဲ့။ လူသံတွေကြားမှ
ထွက်ပြေးတာတဲ့။ တောပြော တောင်ပြော။
သုံးခါလောက်ကျတော့ ကျုပ်စိတ်ထဲ
သရိုးသရီ ဖြစ်လာပြီ။ ရောဂါ... ရောဂါ။ ဒီရောဂါ ဘယ်လို ကုရပါ့မလဲ စဉ်းစားရင်း
မြို့ထဲ ဆိုင်ကယ်ပြင်ဆိုင်က သူ့ယောက်ဖလေးကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ပြီး
အစ်အောက်လိုက်မှ ဆေးတွေ့တော့တယ်။
ဖြစ်ပုံက ဒီလို။ ကျုပ်တို့
မြို့သစ်ကို စီမံချက်နဲ့ မီတာ ၁၅ လုံး ချပေးတယ်။ ကြေးတောင့်တင်းတဲ့ သူတွေ အပြေးအလွှား
လျှောက်ကြတာ သူလည်း ထိပ်ဆုံးကပေါ့။ ဒါပေမယ့် ဗျာ၊ ဥစ္စာရင်လို ဥစ္စာရင်ခဲမဟုတ်ဘူး။
သူများတွေ တစ်စောင် ၃ဝဝဝ ကျပ်နဲ့ လာတင်နေကြတာ။ သူက လူလည်ကြီး လုပ်ပြီးရမှ
နှစ်ဆပေးမယ် ဆိုသလိုလိုနဲ့ ဝယ်ထားတယ်။
ကျုပ်ကလည်း သုံးထောင် ဒင်ဒင်မြည်တဲ့
၁၅ ဦးပဲ တင်ပေးလိုက်တော့ သူ ဟပ်ကော့ကြီး ကျန်ခဲ့ရော။ အဲဒီမှာ ရောဂါစတာပဲ။
သူများအိမ်တွေ မီးလင်းတာ ကြည့်ပြီး မအိပ်နိုင်၊ မစားနိုင်။ သူ့အိမ် မီးမရှိလို့၊
မှောင်လို့ သူခိုးကပ်တယ်။ သူ့လျှောက်လွှာ တင်ပေးမှ ရပ်မတဲ့။ မဟာစီမံချက်နဲ့။
လမိုက်ညတွေမှာ 'သူခိုး... သူခိုး...' လို့ ဉာဏ်ကြီးရှင်က
အော်ပေတာကိုး။
နောက်တော့ သူအော်ချင်အော်
မသွားတော့ဘူး။ ကျုပ်အိမ်ရှေ့ ချိတ်ထားတဲ့ သံချောင်းကို ဒေါင်ခနဲ တစ်ချက်
(ငါကြားတယ်ဟေ့ ဆိုတဲ့ အဓိပ္ပာယ်ပေါ့) ထုပြီး ပြန်အိပ်လိုက်တာပဲ။
'ခွေးလိုမိုက်တဲ့ကောင် အိပ်ရေးပျက်တယ်'
□
လာပြီ၊ လာပြီ။ သူ ပြန်လာပြီ။ ဒီကောင်
မူးပြီး ပြန်လာရင် သိပ်သိသာတယ်။ ပါးစပ်က 'ဒေါက်ဝှီး... ဒေါက်ဝှီး'နဲ့ တစ်လမ်းလုံး အော်လာတာ။
'ဘေးဖယ်... ဘေးဖယ်၊
ကိုးရိုးကားရား မလုပ်နဲ့။ တိုက်ပစ်မယ်။ ဒေါက် ဝှီး...'
သူကသာ ဘေးဖယ် ခိုင်းနေတာ။ တစ်လမ်းလုံး
ပြည့်အောင် တရွတ်တိုက်နေတာ သူ။ တစ်နေကုန် ထီ စက်ဘီးနဲ့ လမ်းတကာ လှည့်နေရတာဆိုတော့
သူ့စိတ်ကူးထဲ ဆိုင်ကယ်လေးနဲ့များ ရွာရိုးပတ်ချင်နေပလား မသိ။
ညနေတော့ ပင်ရင်းဆိုင်ကြီးကို
စက်ဘီးရော၊ ငွေရော အပ်ပြီး ဘသားချောက မြို့တောင်ဘက် တံတားထိပ်က ဆိုင်မှာ
အဖြူရည်လေးနဲ့ နှပ်တော့တာ။ ကျုပ်အိမ်ရှေ့ ရောက်ရင် လီဗာတင်လိုက် သေးတယ်။
'ဂွီး...ဂွီး...ဝေါ...
တိုက်သတ်ပစ်မယ်' တဲ့။
'အင်း... အကုသိုလ်
ကြီးလိုက်တာ။ ဒီလိုသတ္တဝါမျိုးကျတော့ ဘယ်ခလုတ်မှ မတိုက်။ ဘယ်ခွေးမှ မကိုက်ပါလား'
ကျုပ် သက်ပြင်းပူကြီးသာ မှုတ်ပြီး
သည်းခံနေရတော့တယ်။ တော်ကြာ မူးကြောင် ရူးကြောင်နဲ့ မြို့သစ်ဓမ္မာရုံဆောက်ဖို့
ခတ်ထားတဲ့ အသားဝင်းခြံက အသားတစ်ချောင်း ဆွဲဖြုတ်သွားဦးမယ်။ ဟိုကောင်
မြင်းလှည်းမောင်းတဲ့ ငသောင်းကလည်း နေ့ခင်းသူ့မြင်းကို ရေချိုးပေးပြီးရင်
အဲဒီဝင်းတိုင်မှာ ချည်တယ်။ ဖြုတ်ချိန်ကျတော့ ကြိုးမဖြေတော့ဘူး။ 'ဟဲ့...မြင်း'
ဆို ရိုက်တော့ အသားချောင်း တစ်ချောင်း ပါသွားပြန်ရော။ ထင်းကိစ္စကို
ပညာပြပြီး ဖြေရှင်းနေကြတာလေ။ ကျုပ် သိတာပေါ့။
အခုလည်း လုပ်ပြန်ပြီ။
'ဆိုးတဲ့ကောင်လည်း ထွက်ခဲ့။
ချောတဲ့ကောင်လည်း ထွက်ခဲ့။ အကုန်ရိုက်ခွဲ ပစ်မယ်' ဆိုပြီး
ဝင်းခြံက အသားတစ်ချောင်း ဆွဲခွာလိုက်ပြန်ပြီ။ ဘာမှမဆိုင်ဘူး။ ချောတဲ့ကောင်ဆိုတာ
ကျုပ်ကို ဒဲ့ချဲတာလေ။
'ဟာ... ဒီမ...တော့
သေချင်နေပြီ' ဆိုပြီး ကျုပ် ဝင်းထရံကို ဝါးတုတ်နဲ့ ဘုန်းဆို
တစ်ချက်ရိုက်၊ မိုက်သံပေးလိုက်မှ သူ့အသံလည်း ငြိမ်သွားတော့တယ်။
အသားတစ်ချောင်းကတော့ ပါသွားလေရဲ့။ ဒီလိုနဲ့ ဓမ္မာရုံလည်း အကောင်အထည်ပေါ်ဖို့
ဝေးပါပြီ။
□
ဓမ္မာရုံဆိုလို့ အဲဒီဓမ္မာရုံ နေရာမှာ
ကပ်နေတဲ့ အကောင်းစားပုဂ္ဂိုလ်ကြီး အကြောင်းပြောရဦးမယ်။ သူလည်းပဲ အစက သုံးလုံးမှာ
ဆရာကြီးပေါ့။ ဘယ်လောက်များ အဲဒီဆရာ နာမည်ကြီးလိုက်သလဲဆိုရင် ဘီဘီစီကတောင်
သုံးလုံးပေါက်ချင်တာများ ကျွန်တော်တို့ဆီ လှမ်းမေးမနေပါနဲ့။ အဲဒီ ဦးထူးဆီ
သွားမေးပါလို့ ငေါ့တော့တော့ အညွှန်းခံရဖူးတာပ။
ဒီလိုနဲ့ သုံးလုံးထူး ဆိုပြီး
ဟိုးဟိုးကျော်၊ မြောက်ကားကြီးဖြစ်၊ ကံတရားနဲ့သူ ဘတစ်ပြန်၊ ကျားတစ်ပြန်
သတ်လိုက်ကြတာ၊ နောက်ဆုံးတော့ ဒင်း... ချိုနဲ့ သားရေပဲ ကျန်တဲ့အချိန်၊ နှစ်လုံးက
ခေတ်စားလိုက်ပြန်ပါရောလား၊ အဲဒီမှာ ထပ်ပြီး ရေကုန်ရေခန်း ကြမ်းလိုက်တာ၊
အိမ်တိုင်ပါ ချွတ်ရတဲ့ ကိန်း ဆိုက်ကရော။
သူလည်း သုံးလုံးထူးကနေ
နှစ်လုံးရူးဆိုပြီး ဘွဲ့သစ်ရသွားတယ်။ အဲဒီလို မြို့ထဲက အိမ်ကုန်တော့ ကျုပ်တို့
မြို့သစ်က သူ့အစ်ကိုဝိုင်းထဲ ဇွတ်ဝင်ပြီး တဲထိုးနေတာလေ။ ဟိုအစ်ကိုကလည်း
ဒင်းပေးမယ့်အစား ရပ်ကွက် ဓမ္မာရုံအတွက် လှူတယ်ဆိုပြီး လှူလိုက်တော့ သူ့တဲလေး
ဖယ်ခိုင်းရတာ တစ်ဖက်၊ ဝင်းခြံချိုးတာတွေ စိတ်ကုန်တာ တစ်ဖက်နဲ့ ကျုပ်တော့
ပြန်တောင်အမ်းချင်မိတယ်။
'တွင်းတူးမိုက်တဲ့ ကောင်တွေ
ဒါမျိုးတော့ မသနားပေါင်ဗျာ။ မြေကြီး ဟက်တက်ကွဲပြီး မျိုသွားကြ စမ်းပါစေ'
□
ကွန်ပျူတာခေတ် ရောက်ကာမှ နတ်တွေများ
ပိုတိုးလာလေသလား မသိပါဘူး။ ပေါလိုက်တဲ့ နတ်ပွဲတွေ။ ထီပေါက်လို့၊ ချဲပေါက်လို့၊
စာမေးပွဲအောင်လို့တွေနဲ့ နတ်မင်္ဂလာဆောင်၊ နတ်မွေးနေ့၊ နတ်စစ်ထွက်၊ နတ်ရေချိုး၊
စုံမှစုံ။ နတ်ပွဲတွေသာ အရပ်လေးမျက်နှာ ပြောင်းသွားမယ်။ နတ်အဆိုတော်ကတော့
ဒင်းအသံပဲ။ မိစံလေ။
'အောင်စေ ပိုင်စေ'နဲ့ စမယ်။ 'ချစ်အားငယ်ရသူ' တို့၊
'ဘဝချင်းဆုံတွေ့ပါ ရစေ'တို့ကနေ
ဇော်ပိုင်ရဲ့ 'မင်းနဲ့မှ ချစ်တတ်ပြီပေါ့' တို့၊ သဲနုဆည်းဆာရဲ့ 'တုံတတုံ တုံ'ကို မြူးမြူးကြွကြွကူး၊ နောက်ဆုံးမှ 'မောင့်အချစ်မြား'တို့၊ 'မနက်ဖြန်မှ ဆက်၍ ငိုမယ်' တို့နဲ့ ချွဲချွဲပစ်ပစ် ပိတ်မယ်။ ဒီကြားမှာ ကျုပ် မကြားဖူးသေးတာတွေ
အများကြီး ပါသေးတာ။ မွန်းလွဲ ၂ နာရီလောက်ကနေ ည ၁ဝ နာရီလောက်အထိ
နန်းစတော့ဗျာ...ဆိုလိုက်တဲ့ အဆို။ ဒီကြားမှာ အတီးပိုဒ်ထဲကို 'ကိုယ်တော်ရေ... ကိုယ်တော်ရေ'လို့ ကုန်းအော် လိုက်သေးတယ်။
'ဟေ့... ဟေ့...ဟေ့... ဟား...ဟား ဟ...' ဆိုတာတွေ
အော်သေးတာ။ သူတို့ချင်းတော့ ဟန်ကိုကျလို့။ မိစံက ကမယ့်နတ်ကတော် အသက်အရွယ်
ကြည့်ပြီး သင့်တော်မယ့် သီချင်းဆိုပေးရတာကိုး။ တစ်ယောက်နဲ့တစ်ယောက်
သီချင်းမထပ်အောင် ဆိုနိုင်တာတွေ ပါရမီထူးပါပေ့။
ထားပါတော့။ နတ်ဆိုင်းသံကြားရရင်
သူ့သီချင်း သံကြားရတာ မဆန်းပေမယ့် တစ်မြို့လုံး ဘယ်ကမှ ဆိုင်းသံမကြားရဘဲ ညနေဆို
သူက ဖြီးလိမ်းပြင်ဆင်ပြီး ကော့ကော့မော့မော့နဲ့ ထွက်သွားလိုက်၊ မနက်ကြီးမှ
စီးကရက်လက်ကြားညှပ်ပြီး ဆိုက်ကားနဲ့ ပြန်လာလိုက်နဲ့ မျက်နှာပြောင်လှချည်လား။
'ဆရာချော၊နိုးပလား' တဲ့။ တစ်ခါတလေ ကျုပ် စောစောထတဲ့နေ့နဲ့ တိုးရင် နှုတ်ဆက်သေးတာ။
'အေးဟေ့၊ တို့က ခုမှ
ပိုက်ဆံရှာထွက်ရမှာ'လို့ ရွဲ့အော်မိတော့ မိန်းမက...
'တော်ဟာလေ မကြီး မငယ်နဲ့'
လို့ ငြူစူခံရတယ်။ အလကား ...စုတ်မလေး။ ဒင်းကြောင့် ရွာနာတယ်။
တစ်ခါတလေ မန္တလေး ထိုးမုန့်၊ လမုန့်ထုပ်လေးတွေ ဝင်ပေးတတ်တဲ့ မျက်နှာကြောင့်သာ
ကြည့်နေရတာ။ တစ်နေ့မှ ကျော်ဇောမှုနဲ့ကို ဆွဲစိခိုင်းရဦးမယ်။
□
ဒီညကတော့ အမင်္ဂလာ ညပါပဲ။
နေဝင်ရီသရောကတည်းက အဲဒီချောင်က
ရန်ဖြစ်သံ၊ ဆဲသံ၊ ဆိုသံ၊ ခွေးဟောင်သံတွေ ကြားနေခဲ့ရတာ။ တော်ကြာ ငြိမ်သွားလိုက်၊
ခဏနေ ပြန်ကြားလိုက်ရနဲ့ ပြီးတယ်မရှိဘူး။ ည ၉ နာရီ လောက်ကျတော့ အဲဒီဘက်ကပဲ စီခနဲ
တစ်ချက် ကြားလိုက်ရပြီး မကြာဘူး ကျုပ်အိမ်ရှေ့ လမ်းအတိုင်း ငသောင်း မြင်းလှည်း
အပြေးမောင်းလာတာ တွေ့ရတာပဲ။
'ဗျို့... ဆရာချော၊ ဒီမယ်
လှရီကို သူ့ယောကျ်ားက ဓားနဲ့ထိုးလို့ ဆေးရုံကို သွားပို့မလို့ဗျို့' လို့ ကုန်းအော် သွားတယ်။ တိုင်တာလား၊ သတင်းပေးတာလား၊ ဘာမှ အကျိုးအကြောင်း
မမေးလိုက်ရတာ။ နောက်က စက်ဘီးနဲ့ လိုက်လာတဲ့ တစ်ယောက်ကို မေးကြည့်မှ လှရီက
သူ့ယောကျ်ား ငပွေးကို မိစံနဲ့ မပတ်သက်ဖို့ ပြောရာက ရန်ဖြစ်ကြတာတဲ့။ ဟိုကောင်ကလည်း
မငြင်းတဲ့အပြင် ယောကျ်ားကောင်းရင် မောင်းထောင်းသလိုပဲလို့ အယုတ္တအနတ္တတွေ ကြွေးကြော်ပြီး
ထွက်သောက်ပြန်သတဲ့။ အဲဒီက အပြန်တစ်ချီ တစ်မောင်း ဖြစ်ကြပြန်တော့ အဲဒီကောင်က
လှရီကို ဓားနဲ့ထိုးတာတဲ့။ အခု အဲဒီကောင် လည်း အရက်ပုလင်း ခါးကြားထိုးပြီး
ထွက်သွားပြီတဲ့။ ကောင်းတယ်၊ သိပ်ကောင်းတယ်။
ပြောတော့ ဘချောပြောတယ် ဖြစ်ဦးမယ်။
လှရီက ပြိတ္တာပုံပေါက်နေတဲ့ ဝပြဲမ၊ လင်တရူးမ။ ဟိုမိစံကလည်း မော်ဒယ်လ်မ၊ ဆတ်စလူးမ။
အင်း... ဆိုက်ကားနင်းရင်း ကြက်သင့်ပြီ ထင်ပါရဲ့။ ဖြစ် ကြစမ်းကွာ။ နောက်ဆုံး
လှရီလည်း ဓားထိုးခံရလို့သေ။ ဟိုကောင်လည်း အံဖတ်ဆို့သေ။ မိစံလည်း အေ့စ်နဲ့သေ။
အားလုံးသေကုန်ကြအေးတာပဲ။
ဘယ်လို ရေစက်ကြောင့် ဘယ်လိုဟာတွေနဲ့
ကြုံရဆုံရတယ် မသိတော့ဘူး။ မြို့သစ်ဆိုတာ ဒီလိုပဲ။ လူမျိုးစုံ၊ စရိုက်စုံ
တွေ့ကြရမှာတော့ အသိသား။ အခုတော့ ထင်တာထက် ပွဲကြမ်း နေကြပါရောလား။ ပြောကို
ပြောရဦးမယ်။
'ငါရင်လည်း ဘုန်း
ကြီးဝတ်ပါမှ။ ဒါမှမဟုတ် ဒင်းတို့ရင်လည်း ဆူနာမီ တောဝါနဲ့ ပါသွားမှ။ ဒီဒုက္ခတွေက
ဝေးတော့မယ်' ကျုပ် စိတ်ကုန်ကုန်နဲ့ မေတ္တာပို့နေတုန်း
ဆိုင်ကယ်ရပ်သံနဲ့အတူ ...
'ဗျို...ဆရာချော၊ အိပ်ပလား၊
တံခါးဖွင့်ပါဦး'တဲ့။ ည ၁၂ နာရီလောက် ရှိနေပြီ။ ဟင်...သူခိုး၊
သူခိုးအော်တဲ့ လူအသံပဲလို့။ သိလိုက်ရတာနဲ့ ကျုပ်ခေါင်းကြီးသွားမိတယ်။
ဘာထွင်လုံးတွေ လုပ်လာပြန်ပြီလဲ မသိ။ ကျုပ် အိမ်ရှေ့ထွက်ပြီး...
'ကဲ... ဆိုစမ်းပါဦး၊
ဘာကိစ္စလဲ' ခပ်ငေါက်ငေါက် မေးလိုက်တော့...
'ဟို... လှရီရဲ့ကလေး
တက်နေလို့။ အဲဒါ သေဖို့များတယ်။ ခင်ဗျားလိုက် ကြည့်ဦး'တဲ့။
'ရော... ဘယ်လိုဖြစ်
ရပြန်တာတုံး'
'မသိဘူးဗျာ။ နေမကောင်းတာ
ဘယ်နှရက်ရှိမှန်းမှ မသိတာ။ အခု သူတို့ အိမ်နားက ဖွားတင့်က ပြောခိုင်းလိုက်လို့'
'ဖြစ်ရလေဗျာ။ ဟို
အရက်သမားနဲ့ လင်တရူးမ ကလည်း ကိုယ့်ကလေးကို ဒီလောက်ပစ်ထားကြရသလား'
သူတို့ရပ်ကွက်ထဲ ရောက်တော့
လှရီတို့အိမ်ကလေးထဲက ဖယောင်းတိုင် မီးမှိန်မှိန်အောက်မှာ မိန်းမကြီးနှစ်ယောက်က
ထိုင်လို့။ သူတို့အနီး စောင်စုတ်တစ်ခု ပေါ်မှာ သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်က
ပိုးလို့ပက်လက်။
ကျုပ် အသာထိုင်ပြီး ကလေးကို
စမ်းကြည့်တယ်။ တစ်ကိုယ်လုံး သွေးဆုတ်လို့ အေးနေပြီ။ မျက်ဖြူလည်း လန်နေပြီ။
ပါးစပ်မှာ အမြှုပ်ကလေးတွေ စီးကျနေတယ်။ သိလိုက်ပါပြီ။ ကျုပ် လုပ်စရာတစ်ခုပဲ
ရှိတော့တယ်။ ဒါကြောင့် ဟိုလူ့ဆိုင်ကယ်နဲ့ပဲ အိမ်ကို အမြန်ပို့ခိုင်း၊ ဘုရားစင်ပေါ်
တင်ထားတဲ့ မတ်စေ့တစ်စေ့ယူပြီး ပြန်ခဲ့ကြတယ်။
ကျုပ်တို့ ပြန်ရောက်တော့ ကလေးကို
နှစ်လုံးရူးက ပွေ့ချီထားတယ်။ ကလေးခေါင်းရင်းမှာ မိစံက ထိုင်ပြီး ဘာတွေတိုင်တည်
ရွတ်ဖတ်နေတယ် မသိဘူး။ ယိမ်းထိုးလို့။ အိမ်ရှေ့မှာလည်း ဒေါက်ဝှီးက ငပွေး ဆိုက်ကား
ဆွဲလာဟန်တူရဲ့။ ဆိုက်ကားပေါ်မှာ ခေါင်းငိုက်စိုက်။ ကျုပ် ဆုံးဖြတ်ချက်ကို
စောင့်နေကြဟန်ပါပဲ။
ကျုပ်ကလေးကို ပြန်ချခိုင်းလိုက်တယ်။
လှုပ်တယ် ဆိုရုံကလေး လှုပ်နေတဲ့ ရင်ဘတ်ကလေးပေါ်ကို မတ်စေ့ကလေး အသာအယာတင်ပြီး
ဗောဇ္ဈင်္ဂသုတ်ကို ရွတ်နေလိုက်တယ်။
သံဝတ္ထန္တိ
အဘိညာယ
နိဗ္ဗာနာယ
စ ဗောဓိယာ
ဧတေန
သစ္စဝဇ္ဇေန
သောတ္ထိ
တေ
ဟောတု
သဗ္ဗဒါ'
သိသင့်သမျှ သိမြင်ရန် လည်းကောင်း၊
သစ္စာလေးပါး တိုင်အောင် ထိုးထွင်းသိမြင်ရန် လည်းကောင်း၊ နိဗ္ဗာန်မျက်မှောက်ပြုရန်
လည်းကောင်း ကောင်းစွာ ဖြစ်ထွန်းစေ၏။ ဤသစ္စာ စကားကြောင့် သင့်အား အခါခပ်သိမ်းဆင်းရဲ
လွတ်ကင်း၊ ချမ်းသာခြင်း'
ကျုပ် ရွတ်ဖတ်မပြီးခင်မှာဘဲ
သူတို့အိမ်နောက်ဖေး ကုက္ကိုင်ပင် မည်းမည်းကြီးပေါ်က ဂီးခနဲ ငှက်ဆိုး
တစ်ချက်ထိုးတယ်။ ဘာမှ မကြာဘူး။ ကလေးခမျာ မေးလေးတစ်ချက် ထိုးပြီး
ငြိမ်ကျသွားရှာပြီ။
သူတို့မျက်လုံးတွေက ကလေးငယ်အပေါ်မှာ
အဓိပ္ပာယ်မဲ့ စူးစိုက်နေကြပေမယ့် သူတို့ရင်ထဲမှာ လှုပ်ရှား နေကြလိမ့်မယ်။
သူတို့မှာ ပြောစရာစကားတွေ ရင်နဲ့ အပြည့်ရှိနေမှာပဲလို့ ထင်တယ်။ ကျုပ်မှာလည်း
ဆိုစရာ ဆဲစရာတွေ ရင်ထဲမှာ လျှံထွက်နေပြီ။
တော်ပြီလေ။ ဒီအချိန်မှာ ကလေးရဲ့
ဝိညာဉ်လေး အေးအေးချမ်းချမ်း သွားပါစေတော့။ မင်းရဲ့အဖေနဲ့အမေ ကိုယ်စား နှုတ်ဆက်လိုက်ပါတယ်ကွယ်။
မနက်ဖြန် ငပွေးကို အချုပ်ထဲ သွားတွေ့၊
လှရီကို ဆေးရုံမှာ သွားတွေ့၊ နောက်ပြီး ဒီမိဘမဲ့ ဈာပနလေးကို...
▀
မွန်းဇူး
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်