လဲ့ဝင်းကြည် ၊ချို၊
သမီးရယ်... သမီးရယ် စကားလုံးကလွဲပြီး မြဝေ ဘာစကားမျှ မဆိုနိုင်။ ပခုံးကို ဖက်ဆွဲခေါ်လာခဲ့သည့် သမီးငယ်ခြေထောက်မှာ ဖိနပ်မပါ။ 'အမေရယ်၊ အမေရယ် သမီး မလိုက်ချင်တော့ဘူး၊ ရှက်တယ်' စကားကို ရှိုက်သံဖြင့် တစ်လမ်းလုံး ပြောငိုနေသည့် သမီးငယ်ကို ဆွဲခေါ်ရင်း 'သမီးရယ်၊ ဘဝနဲ့ ရင်းလိုက်တာလား။ အမေ့စကား နားထောင်စမ်းပါ။ အမေရင်နာအောင် သမီးမို့ လုပ်ရက်တယ်။ သမီးက လိမ္မာပါတယ်။ သမီးဘဝ သမီးရယ်...သမီးရယ်...' မြဝေပြောရင်း အသံတွေ နင်ကာ လှိုက်မောလာသည်။ သမီး၏ အငိုကို တစ်လမ်းလုံး ရင်နာစွာ ဖယ်ရှား၍ တွေ့သည့် ဆိုက်ကား ငှားကာ အိမ်ကို အမြန်နင်းခိုင်းလိုက်သည်။
ကြယ်မစုံ လပိန်ပိန်လေးက
တိမ်တိုက်တွေကြား ငိုက်မြည်းခိုတွယ်နေပြီ။ ကင်းသမား သံချောင်းက ဆယ့်နှစ်နာရီကို
ညွှန်၏။ ဘဝသစ်တစ်ခုကို ခြေလှမ်းစမည့် သမီးငယ်ကို အချိန်မီ တားဆီးရင်း မြဝေရင်မှာ
ငလျင်လှိုင်းအား ပြင်းထန်နေသည်။
'ဟိုရှေ့မှာ ရပ်ရပ်၊
ရော့ရော့ ပိုက်ဆံ' ဆိုက်ကားပေါ်မှဆင်းပြီး မြဝေ ဆွဲခေါ်ရာကို
မလိုက်ဘဲ ပေကပ်ရပ်နေသည့် သမီးငယ်ကို စကားအပို မဆိုတော့ဘဲ ရှိသည့်အားနှင့်
ဆွဲယူချီကာ အိမ်ထဲသို့ ဝင်ခဲ့သည်။
'ရှင်က မအိပ်သေးဘဲ
ဘာလုပ်နေတာလဲ'
ဧည့်ခန်းမှာ
ထိုင်နေသည့် ခင်ပွန်းသည်ကို မျက်လုံးနှင့် အချက်ပေးရင်း လှည့်ပြောလိုက်၏။
'သမီး လာလာ အိပ်တော့။
ခေါင်းတွေ မူးနေမယ်'
သမီးငယ်ကို အိပ်ရာပေါ်
လှဲအိပ်ခိုင်းပြီး မြဝေလည်း သမီးဘေးမှာ ဝင်လှဲလိုက်သည်။ မြဝေကို ကျောခိုင်းပြီး
တသိမ့်သိမ့်ရှိုက်ငိုနေသည့် သမီးငယ်ကျောပြင်ကို နောက်မှ အသာပွေ့ဖက်ရင်း မြဝေ
မျက်ရည်တွေ စီးကြောင်း အထပ်ထပ်ဖြစ်နေ၏။
'စိတ်ရှိလက်ရှိ ငိုပြီး
အမေ့ကို အားပါးတရ အပြစ်တင်လိုက်စမ်းပါ သမီးရယ်။
အမေ
အပြစ်မယူပါဘူး'
ဟုလည်း စိတ်ထဲမှ ပြောနေမိသည်။
သမီးရယ်၊ အမေ့ရိပ်ထက်
နွေးထွေးအေးမြမယ် ထင်တဲ့အရိပ်ကို သမီးငယ် သွားတာ
အရမ်းစောလွန်းနေလို့ပါ။
ပြီးတော့ သမီးရယ်၊ သမီးငယ်ရယ်...။
သမီးငယ်
ကျောတစ်ပြင်လုံး လှိုက်ဖိုတုန်ခါဆဲ မြဝေ ရင်မှာလည်းအမေ့ကို ကျောခိုင်းပြီး
ကျနေသည့် သမီးငယ်မျက်ရည်နှင့် သမီးကို မျက်နှာမူ၍ စီးနေသည့် မျက်ရည်မြစ်
နှစ်ခုတို့ အခန်းငယ်လေးအတွင်း သိုသိပ်ကြေကွဲစွာ စီးဆင်းနေ၏။ အိမ်ဦးခန်းမှ ဖခင်၏
သက်ပြင်းမောများ မှုတ်ထုတ်မှုကလည်း အပူငွေ့လှိုင်းတွေ ထန်စေသည်။
သံချောင်းခေါက်သံ သဲ့သဲ့လေး နှစ်ချက်
ကြားလိုက်၏။ သမီးငယ် ရှိုက်ငိုသံက တစ်ချက် တစ်ချက် ပိုပြင်းလာ၏။ မြဝေ။
သမီးငယ် အခန်းပြတင်းမှ ဖက်ဖူးရောင်
မရင့်တရင့် ခန်းစီးက လေသင့်ရာ လူးလွန့်ခပ်ရင်း မြဝေအတွေးကို ဟိုအဝေးသို့
ဆွဲခေါ်သွားသည်။
ဟိုးတစ်ချိန် ဆယ့်ခွန်စွန်းစ
ကောင်မလေး တစ်ယောက်။
□
(က)
'မေမေတို့က လက်ခံမယ်ဆိုပြီး
အခု...'
'သမီးရယ်၊ ဘာ အားကိုးစရာ
ရှိလို့လဲ။ ပြီးတော့ မိုက်ကလည်း မိုက်ရိုင်းသေးတယ်'
'မေမေတို့...'
'သမီးက လိမ္မာပါတယ်။ အခုမှ
ပထမနှစ် စတက်ရမှာ။ စာကိုပဲ ကြိုးစား။ ကျန်တာတွေ မေ့ပစ် လိုက်။ ညနေ အင်္ကျီချုပ်ဆိုင်
သွားမယ်'
မြဝေ ယောကျ်ားနောက်လိုက်ပြီး
ဆယ့်ငါးရက်မြောက်နေ့တွင် မြဝေတို့ ပုန်းနေရာကို မေမေ ခြေရာခံ သိသွား၍ မြဝေနှင့်
သူ့ကို အချိုဆုံးစကားများသုံးကာ ပြန်ခေါ်ခဲ့သည်။ အိမ်ချင်းကလည်း ကံထရိုက်တိုက်
ဒုတိယထပ်နှင့် တတိယလွှာ။
'မင်းမိဘတွေ ခေါ်ပြီး
လာခဲ့။ အခု သမီးကို ခေါ်သွားမယ်' ဆိုကာ မြဝေတို့ အခန်း
(ဒုတိယလွှာ) ရှေ့ အရောက် သူ့ကို ထားခဲ့ပြီး မြဝေကို အိမ်ထဲ အတင်းဝင်စေ၏။
ထိုအချိန်မှစ၍ မြဝေကို အပြင်သို့ တစ်ယောက်တည်း ပေးမထွက်တော့။ သူ့မိဘများဘက်မှ
စကားကမ်းလှမ်းသည်ကိုလည်း မသိကျိုးကျွံပြု၍ နည်းမျိုးစုံ သုံးကာ မြဝေကို သူနှင့်
ပြန်မဆက်သွယ်ရန် တား၏။ ဖေဖေက တစ်လုံးတစ်ပါဒမျှ စကားမဆိုဘဲ မြဝေ မျက်နှာရိပ်
မျက်နှာကဲ ကြည့်ကာ မေမေ့ကို တိုးတိုးသတိပေး တတ်၏။
သူနှင့်ခွဲပြီး မေမေ့အိမ်မှာ
ရက်လေးဆယ်ပြည့်သည့်နေ့ ညနေ ငါးနာရီခန့် ဝရံတာတွင် လှမ်းထားသည့် အင်္ကျီတစ်ထည်
အောက်သို့ လွင့်ကျသည်ကို အခွင့်ကောင်းယူကာ မြဝေ တိုက်အောက်သို့ ဆင်းခဲ့၏။ မြဝေ
အဆင်းအတက်ကို အမြဲလိုလို စောင့်ကြည့်နေသည့် သူကလည်း...။ ဒီလိုနှင့် မြဝေ
ဒုတိယအကြိမ်မြောက် သူနှင့် ခိုးရာလိုက်ပြန်သည်။
ဤအကြိမ်မှာတော့ အိမ်က မြဝေကို
လိုက်မခေါ်တော့။ သူ့မိဘဘက်မှ မြဝေ မိဘများထံသို့ မင်္ဂလာကိစ္စ ပြောသည်ကိုလည်း
ခါးသီးစွာ ငြင်းဆန်လိုက်သည်မှစ၍ မြဝေဘဝ ဆယ့်ခွန်းစွန်းစမှာ...။
□
(ခ)
တစ်ခုလပ် ကလေးနှစ်ယောက်မိခင်
သူ့အမေသည် မြဝေကို နွေးထွေးစွာ မရှိရုံမျှမက မြဝေစိတ်တို့ကို မွန်းကျပ်စေ၏။
သို့ပေမယ့် သူ့အချစ်အားဖြင့် သူ့အမေကို ကျိုးနွံစွာ ဆက်ဆံခဲ့ပါသည်။ သူ၏
တစ်ဖက်သတ်ဆန်မှုအပြင် အိမ်ထောင်တစ်ခုအတွက် အဓိက မဟုတ်သော်လည်း ရှေ့တန်းမှ ဦးဆောင်
ပါဝင်သည့် ငွေကြေးကိစ္စပါ စွမ်းဆောင်နိုင်ခြင်း မရှိသလို သူ့မိခင်၏
အိမ်ထောင်ရေးနှင့် စီးပွားရေး အခြေအနေက မြဝေရင်ကို ပူလောင်စေ၍
အစားလျှော့ခဲ့ရသည့်နေ့များ။
မြဝေထက် ငါးနှစ်မျှကြီးပြီး အစစအရာရာ
အလိုလိုက် အကြိုက်ဆောင် အလျှော့ပေးတတ်သည့် ချစ်သူတစ်ဖြစ်လဲ ခင်ပွန်းသည်မှာ...။
ဆယ်တန်းကလည်း မအောင်။ ဦးလေး
စက်ရုံတွင် အလုပ်လုပ်သည် ဆိုပေမယ့် ဝင်ငွေက။ မြဝေနားမှာ ကပ်ပါလာသည့် နားကပ်လေးပင်
အဆာအိမ် တောင်းဆိုမှုအောက်တွင် ပျောက်ဆုံးခဲ့ရပြီ။ ငွေကြေးလောက်ငှအောင်
မရှာနိုင်သေးဘဲ ညစဉ်လိုလို အရက်သောက်ပြီး မြဝေကို ရန်ရှာတတ်သည်ကိုလည်း
နှလုံးသားကို ဘဝနှင့်ရင်းပြီး အခင်းမရှိသည့် သမံတလင်းပေါ် ဖျာခင်းအိပ်ရသည့်
အိမ်ထောင်သည်ဘဝ။
လှေကား အတက်အဆင်းတွင်
မြဝေမိသားစုဝင်တွေနှင့် ဆုံတိုင်း အချစ်အားကိုးဖြင့် မျက်နှာလွှဲနိုင်ပေမယ့် ဖေဖေက
နိုင်ငံခြား သင်္ဘောမှ အရာရှိ။ အစ်ကိုက ဂျပန်မှာ။ မောင်နှမ လေးယောက်တွင်
တစ်ဦးတည်းသော သမီးကလည်း ဖြစ်၍ မြဝေ၏ အသုံးစရိတ်ကိုတော့ လွမ်းတမိသည်။
နံနက် ဆယ့်တစ်နာရီ ကတည်းက စားထားသည့်
ထမင်းကို ည ခုနစ်နာရီခန့်တွင် အဆာအိမ်က ဘယ်လိုမှ ထိန်းမထားနိုင်တော့။ ချက်စရာ
ဆန်မရှိသလို ဝယ်စရာ ငွေမရှိ၍ မြဝေတစ်ယောက်တည်း အခန်းတွင်း ထိုင်နေရ၏။
ယောက်မဖြစ်သူက ရှစ်တန်း။ ကျောင်းပိတ်ရက်တိုင်း
တစ်ရပ်ကွက်တည်းနေ အဘွားအိမ် ရှိရာသို့ သွားနေသည်။ အမေဖြစ်သူကလည်း နံနက်
ရှစ်နာရီလောက်တွင် အလုပ်သွားပြီး အလုပ်ပြန် တိုင်း ထိုအိမ်ကို ဝင်၍
ညကိုးနာရီခန့်မှ သားအမိနှစ်ယောက် အတူပြန်လာတတ်သည်။ သူကလည်း မိန်းမကို
ပေးစရာငွေမရှိ။ ကျွေးစရာ အစာမရှိ၍...။
ဆာဆာနှင့် အိပ်ပျော်နေချိန်
မြဝေပါးတစ်ဖက်ကို အရှိန်ပြင်း လက်တစ်စုံ၏ ထိတွေ့မှုကြောင့် လန့်နိုးသွား၏။
'ဘယ်အချိန် ရှိသေးလို့လဲ၊
တံးခါးကို အမေ ဖွင့်ပေးရတယ်' ပြောပြီး ဆောင့်ကန်ရန် ပြင်သည့်
သူ့ခြေထောက်ကို မြဝေ ဆွဲယူဆောင့်တွန်း၍ သူ နောက်လန်သွားသည်။ မြဝေ ဆွပေးသည့်
ဒေါသကို သူကလည်း အလိုက်သင့်စွာ မြဝေ နရင်းကို ရိုက်ချ၏။ မြဝေကလည်း...။ အပြန်အလှန်
ရိုက်ပုတ် အော်ဟစ်ဆဲဆိုနေစဉ်' ရန်ဖြစ်နေရင် ငါ့အိမ်မှာ
မနေကြနဲ့၊ ဆင်းကြ'ဟု အော်လိုက်သည့် သူ့အမေသံ အောက်မှာ
မြဝေတို့ နှစ်ယောက်စလုံး...။
သူကတော့ မူးမူးရူးရူး အသက်ရှူသံ ပြင်းပြင်းဖြင့်
အိပ်ပျော်သွား၏။ ခံစားချက် အလုံးစုံက မြဝေ ရင်ဝကို မီးစနှင့် မြိုက်နေ၍
မြဝေမှာ...။
□
(ဂ)
နံနက် ခြောက်နာရီ သာသာခန့်ကတည်းက
မြဝေအိမ်မှထွက်၍ ဆူးလေဘုရားပေါ်တွင် တစ်ယောက်တည်း နေကုန်အောင် သွားထိုင်နေလိုက်၏။
အိမ်ထောင်သက် နှစ်နှစ်ပြည့်တော့မည်။ ရှေ့ ဆက်ရမည့် အိမ်ထောင်သည် ဘဝကိုလည်း
ကြောက်ရွံ့လာ၏။
ပြာရီရီ ကောင်းကင်ကြီးပင် ညိုရီရီ
သန်းလာပြီမို့ မြဝေ ဘုရားပေါ်မှ ဆင်းကာ လာရာခရီးကို ပြန်ခဲ့၏။
'ဒီမှာ ဘာထိုင်လုပ်နေတာလဲ။
တစ်နေကုန် လိုက်ရှာနေရတယ်'
အိမ်ပေါ်မတက်ဘဲ တိုက်လှေကားရင်းတွင်
မှီခို နေသည့် မြဝေနောက်နားဆီမှ သူ့အသံကြောင့် ထိုင်ရာမှ ထ၍ 'ငါ
နင်နဲ့ မပေါင်းချင်တော့လို့'ဟု ပြောပစ်လိုက်သည်။ 'ဘာဖြစ်လို့လဲ' အမေးနှင့် တအံ့တသြ ဖြစ်သွားသည့်
သူ့မျက်နှာ အရွှေ့အပြောင်းမှာ မြဝေနှလုံးသား ယိမ်းယိုင်လိုက်ပါသွားမလို ဖြစ်သည်ကို
ပြန်ထိန်းပြီး 'ဆက်ပြီး ဒုက္ခမခံချင်တော့ဘူး။ အမေ့အိမ်ပဲ
ပြန်တော့မယ်'
ဒီတစ်ခါတော့ သူ အတော်လေး
အံ့သြတုန်လှုပ်စွာ မြဝေ ချစ်ကြိုက်ခဲ့သည့် အပြုံး ပါးလျလျလေးဖြင့် 'ကလေးက
လိမ္မာပါတယ်ကွာ။ စိတ်မဆိုးပါနဲ့တော့။ လာ အိမ်ပေါ်တက်မယ်' ဆိုကာ
မြဝေလက်ကို ဆွဲခေါ်ဖို့ ပြင်သည်။ မြဝေလည်း နောက်ဆုတ်ရင်း 'တကယ်ပြောတာ။
မပေါင်းချင်တော့ ဘူး။ ကွာမယ်' 'ကွာမယ် ဆိုလည်း ကွာပေးမယ်။
အခု လှေကားကြီးမှာ မကောင်းပါဘူး။ အိမ်ပေါ်ရောက်မှ ပြောမယ်' ဆိုရင်း
မြဝေလက်ကို အတင်းဆွဲကိုင်ခေါ်ဖို့ ကြိုးစားနေသည့် သူ့ကို 'မလိုက်ပါဘူးဆို။
ဘယ်လိုဖြစ်နေတာလဲ' ဟု မြဝေ အားပါးတရ အော်လိုက်မိချိန် 'ဟဲ့... ငါ့ သမီးက မပေါင်းတော့ဘူးလို့ ပြောနေတာ။ ဘာဖြစ်လို့
အတင်းဆွဲခေါ်နေရတာလဲ' အသံနှင့်အတူ မေမေ မြဝေ နား ရောက်လာ၏။
'မေမေ၊ သမီး သူနဲ့
မပေါင်းချင်တော့ဘူး။ အမေ့အိမ်ကို ပြန်လိုက်မယ်နော်၊ အမေနော်' ပြောရင်း မေမေ့လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားလိုက်သည်။
'ပြဿနာ အမေနောက် မှ ရှင်းပေးမယ်။
လာ အိမ်ပေါ်တက်မယ်'
လှေကားထစ်ပေါ် ခြေသံပြင်းပြင်း နင်း၍
မြဝေ လက်ကို ဆွဲခေါ်သွားသည်။ နောက်ပိုင်း ဖြစ်လာသည့် ပြဿနာ အထွေထွေကို အမေ ဆိုသည့်
မေတ္တာဖြင့် ရှေ့မှ မားမားရပ် ကာကွယ်ခုခံ ဖြေရှင်းပေးရင်း တစ်သက်လုံး အဆင်ပြေပြေ
လုံခြုံအေးချမ်းစွာ နေထိုင်ရသည့် ပတ်ဝန်းကျင်၊ အသိုက်အမြုံ အိမ်ခန်းကို
ရောင်းချပြောင်းရွှေ့ခဲ့၏။ မြဝေ အနာဂတ်ကိုလည်း ပန်းတွေဖြင့် လန်းအောင်
ဖန်တီးထုဆစ်ခြယ်မှုန်း ပေးခဲ့သည်မှာ ထိုရက်မှ အစ ပြု၍ပင်။
မေမေနှင့် မြဝေ မျက်ရည်မြစ်တွေ
အပြိုင်ကျခဲ့ပါ၏။ စီးကျခဲ့သည့် စီးကျနေသည့် မျက်ရည်မျဉ်းပြိုင်များမှာ...။
နှလုံးသွေးဖြင့် ရင်း၍ ရင်တစ်ပြင်လုံး
ဆတ်ဆတ်တုန်ကာ နှိုင်းဆမရသည့် အစိုင်အခဲကြီးတစ်ခု လာရောက်ထိမှန်သလို
ခိုတွယ်နေသလိုဖြင့် မျက်ရည်ဥ မဟုတ်ဘဲ သွေးဖြူဥတို့ တလိမ့်လိမ့် ခြွေကာ
လှိုက်မောတုန်မြည် နာကျင်နေမည့် အမေ့ရင်အုံကို မြဝေ နားလည်လာချိန်မှာ မျက်ရည်များ
တသွင်သွင် စီးကျနေသည့် သမီးငယ်ကို ဖက်ပွေ့ချော့ရင်း မြဝေ မျက်ရည်ဥတွေ လှိုင်လှိုင်
ကျဆင်းနေရပြီ။ မေမေရယ်၊ မြဝေလေ...။
သမီးငယ်လည်း မျက်ရည်များ အဆက်မပြတ်
စီးဆင်းဆဲ။ မြဝေ မျက်ရည်တို့သည်လည်း အဆီးအတား မဲ့စွာကျမြဲ။ သမီးငယ်ရယ်၊ အမေလေ...။
သို့ပေမယ့် မျက်ရည် မြစ်တို့၏
မြစ်ဖျားခံပုံချင်းက ခြားနားစွာ ကွာဟနေသည်။
ပသို့ပင် ဖြစ်နေပါစေ၊ ခုချိန်မှာ
လားရာချင်း မတူသည့် မျဉ်းပြိုင်တို့ တစ်ချိန်မှာ မိဘဆိုသည့်နေရာ၊ အမေ ဆိုသည့်
ခြေရာပေါ်ကို ကိုယ်တိုင်ကိုယ်ကျ ရပ်တည် ဖြတ်သန်းခွင့် ရှိလာသည့် အချိန်တွင်...။
▀
လဲ့ဝင်းကြည်
၊ချို၊
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်