ရွှေနှလုံးသား

ကာရန်မဲ့အချစ် (သို့) ကျွန်မဒီ‌နေ့ဆိုင်ပိတ်သည်

ချမ်းထက်ဟန်

01 May 2025
ကာရန်မဲ့အချစ် (သို့) ကျွန်မဒီ‌နေ့ဆိုင်ပိတ်သည်
Share to

            ၁။

            ဟော...

၇ နာရီခွဲခါနီးပြီ။ သူလာတော့မယ်။ သူဆိုတာလား။ ဟုတ်ပါရဲ့၊ ပြောပြရဦးမယ်။

သူဆိုတာ ကျွန်မကို အရှေ့လက်ဖက်ရည်ဆိုင်ကနေ လာလာရှိုးနေတဲ့ ခပ်ချောချော လူတစ်ယောက်ပေါ့။ ပထမတုန်းကတော့ သူ့ကိုသတိမထားမိပါဘူး။ အဲဒီဆိုင်က အစ်မကြီးပြောပြမှ သိရတာ။ သူ့ဆီမှာ ကျွန်မအကြောင်းတွေ စုံစမ်းတယ်ဆိုပဲ။

            ကျွန်မ ထင်ပါတယ်။ သူလည်း မဲပြာပုဆိုး၊ ယောကျ်ားလေးတစ်ယောက်ပဲ နေမှာ။ အရင်ဆုံး ကျွန်မအကြောင်းကို စုံစမ်းမယ်။ ကျွန်မ ဆိုင်သိမ်းပြီး ပြန်တဲ့အချိန် လိုက်စကားပြောမယ်။ သုံးလေးရက်ကြာလို့ သူ့ကို စကားပြန်မပြောရင် တပ်ခေါက်မယ်။ ဒါပါပဲ။ ကျွန်မကတော့

ဒါမျိုးရိုးပြီ။ ဟော... သူ ကောင်တာမှာ ငွေရှင်းနေပြီ။ ဟုတ်ပါရဲ့။ ကျွန်မ ပြန်ခါနီးပြီပဲ။

ကျွန်မလား။ ကျွန်မက စာရေးကိရိယာဆိုင်လေး ဖွင့်ထားတယ်လေ။ မနက် ၉ နာရီဖွင့်တယ်။ ည ၈ နာရီ ပြန်တယ်။ ကျွန်မ ပြန်ရင် သူ လိုက်လာပါလိမ့်မယ်။

            ကဲ... မပြောလား။ ဘသားချော နောက်က ပါလာပြီ။ ဒါပါပဲ ယောကျ်ားလေးဆိုတာ။ ကျွန်မစက်ဘီးနဲ့ ခပ်လှမ်းလှမ်းက လိုက်လာတယ်။ ဟော... အိမ်တောင် ရောက်ခါနီးပြီ။ ကျွန်မအနားတောင် ကပ်မလာပါလား။ အင်း... အိမ်လိုက် စုံစမ်းတာ ထင်တယ်။

            ၂။

            ကျွန်မလေ သူ့ကို ကြောက်လာပြီ သိလား။ ကျွန်မ နောက်ကနေတော့ လိုက်လာပါရဲ့။ အဲဒီထက်လည်း အဆင့်တက်မလာဘူး။ အဆိုးဆုံးက လက်ဖက်ရည်ဆိုင်ကနေ သူ့မျက်လုံးရွဲကြီးနဲ့ စိုက်ကြည့်တဲ့အချိန်ပဲ။ အခုဆို ကျွန်မ သူရောက်လာရင် ကျွန်မ ဆိုင်ရှေ့ကောင်တာမှာ မထိုင်ရဲတော့ဘူး။

            ပြန်တော့လည်း အဲဒီအတိုင်းပဲ။ ကပ်လည်းမလာ။ ဘာများလုပ်တော့မလဲနဲ့ ကျွန်မစိတ်တွေ မငြိမ်ဘူး။ အနားကပ် ပြောတဲ့လူဆို ရန်တွေ့ပစ်လိုက်ရင် တော်သေးရဲ့။ အခုဆို ကျွန်မ အပြန်လမ်းမှာ ကျောချမ်းလာပြီ။

            'ဟိတ်... တစ်ယောက်တည်းလား'

            ဒုက္ခပါပဲ။ ဘယ်က ကောင်တွေလဲ မသိဘူး။ ဆိုင်ကယ်နဲ့ ကျွန်မဘေးနား ကပ်လာတယ်။ စိတ်ညစ်ရတဲ့ကြားထဲ ဒီလူတွေက တစ်မှောင့်။ ကျွန်မ နောက်လှည့်တော့ တွေ့ပြီ ဟိုလူ။ စူးစမ်းသလိုအကြည့်နဲ့ ခေါင်းကြီးမော့မော့ပြီး နင်းလာတာ။

            'ကောင်မလေးက စကားမပြောတတ်ဘူး ထင်တယ်'

            ဆိုင်ကယ်သမားတွေ အတင့်ရဲလာသည်။ ကျွန်မ နားကို ကပ်လာတယ်။ ကျွန်မ ဆုံးဖြတ် ချက်တစ်ခု အမြန်ချလိုက်တယ်။ အဲဒါကတော့ ဟိုလူကို အကူအညီတောင်းဖို့ပဲ။ ကျွန်မ ရုတ်တရက် စက်ဘီးပေါ်က ခုန်ဆင်းလိုက်တယ်။ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်ကို အရှိန်လျှော့ချ လိုက်တယ်။ ကျွန်မနောက်ကို လှည့်ကြည့်မိတော့...။

            'ဟယ်... သေနာကြီး' ကျွန်မစိတ်ထဲကပဲ တိုးတိုး ကျိန်ဆဲလိုက်တယ်။ ဟုတ်တယ်လေ၊ ကြည့်ဦး။ သူ့ စက်ဘီးကိုပါ ရပ်ပြီး လှမ်း ကြည့်နေတယ်။ ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလဲ။ ကျွန်မ ဘာဖြစ် သွားလဲ မသိဘူး။ ဒေါသကလည်း ထွက်၊ ဘာကိုရှက်မှန်း မသိဘဲ ရှက်ကလည်း ရှက်နဲ့ အနားမှာရှိတဲ့ အုတ်ခဲကျိုးကို ကောက်ကိုင်မိလျက်သားပဲ။ ဆိုင်ကယ်သမားတွေက တစ်ချိုးတည်း ပြေးရော။ ကျွန်မကတော့ ဘာမှမသိတော့ဘူး။ အဲဒီလူကိုပဲ လက်ထဲက အုတ်ခဲကျိုးနဲ့ လွှဲပေါက်မိလျက်သား ဖြစ်သွားတယ်။

            'ဝုန်း'

            သူ့စက်ဘီး လဲကျသွားတာတော့ တွေ့လိုက်တယ်။ ကျွန်မလည်း ရှက်လို့ သေတော့မယ်။ ကျွန်မစက်ဘီးကို အမြန်နင်းပြီး ပြန်လာတယ်။ အဲဒီညက ကျွန်မ အိပ်ရာထဲ ရောက်သည်ထိ ရှက်လို့ မဆုံးတော့ဘူး။

            ၃။

            အဲဒီနောက် နှစ်ရက်လုံးလုံး သူ ပျောက်သွားတယ်။ သူ မလာတော့ ကျွန်မစိတ်က မျှော်မိတာတော့ ဝန်ခံပါရစေ။ ဒီနေ့ရော သူလာပါ့မလား မသိဘူး။ ကျွန်မ စိတ်မပါ လက်မပါနဲ့ သိုးမွေးထိုးနေတာ ချည်တွေတောင် ကျော်ကုန်ပြီ။

            ဟော... သူ ရောက်လာပြီ။ ကြည့်ပါလား၊ ပုံစံကိုက အူတူတူနဲ့။ အနားမှာ ရှိရင် ဆွဲရိုက်ပစ်ဖို့ ကောင်းတယ်။ ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ ကြည်နူးမိသလိုပဲ။ ဒီနေ့ ကျွန်မ စောစောပြန်မယ်။

            'ဒီ... ဒီမှာ'

            ကျွန်မ လှည့်ကြည့်တော့ ဟိုလူ။ ကျွန်မ မျက်နှာကို ချက်ချင်းတည်လိုက်တယ်။ သူ ဘာမှဆက်မပြောဘူး။ ကျွန်မ တစ်ချက် လှည့်ကြည့်တော့မှ...

            'ကျွန်တော့်နာမည် ကျော်စိုးသန့်ပါ' 'ကျွီ'

            'အဲဒါ ဘာလုပ်ရမှာလဲ' 'ကျွီ'

            သူ့စက်ဘီးကလည်း သူ့လိုပဲ တကျွီကျွီနဲ့။

            'ခင်ဗျားလေးနာမည် မိထက်နော်' 'ကျွီ'

            'ဟုတ်တယ်' 'ကျွီ'

            ကျွန်မ ရယ်ချင်စိတ်ကို မနည်းထိန်းနေရတယ်။ သူ့ စကားတစ်လုံးနဲ့တစ်လုံး ကြားမှာ သူ့စက်ဘီးရဲ့ တကျွီကျွီအသံကြီးက ရယ်စရာကြီး။

            'ကျွန်တော် စာပေးချင်လို့' 'ကျွီ'

            ပြောပြောဆိုဆိုနဲ့ ကျွန်မ စက်ဘီးခြင်းထဲကို စာရွက်ခေါက်လေး ပစ်ထည့်လိုက်တယ်။

            'အို... ရှင်ပြန်ယူသွားပါ' ကျွန်မ လေသံမာမာနဲ့ ပြောလိုက်တယ်။

            'ယူသွားပါဗျာ။ ကျွန်တော် မခံစားနိုင်တော့လို့ပါဗျာနော်'

            အခုမှ သူ့ကို ကြည့်မိတယ်။ ဘယ်ဘက်မေးရိုးပေါ်မှာ မှဲ့နက်လေးတစ်လုံးနဲ့ပါလား။ ကျွန်မ ပါးစပ်ကပဲ ပြန်ပေးနေတာကို အတင်းချည်းပဲ ယူခိုင်းနေတယ်။ တကယ်ပဲ ထုံလှချည်လား လူကြီးရယ်။

            'ရှင်ပြန်တော့နော်။ ကျွန်မအိမ်နား နီးလာပြီ'

            ကျွန်မ ခပ်မာမာပြောလိုက်တော့ 'စာလေးတော့ ယူသွားပါဗျာ'တဲ့။ ဟော ကြည့်တွေ့လား။ အခုထိကိုပဲ။ စာက ကျွန်မရဲ့ခြင်းထဲမှာ ငြိမ်နေပြီ။ ကျွန်မတို့လမ်းထိပ် ရောက်တော့ သူ လှည့်ပြန် သွားတယ်။ ကျွန်မ သူ့စာကို လက်ခံတယ်ဆိုတာ ပါးစပ်က မပြောလို့ အိမ်မှာများ ကြိတ်ငိုနေဦးမလားဘဲ။

            အိမ်ပြန်ရောက်တော့ အိပ်ရာထဲကို ဆွဲခြင်းကြီးပါ ဆွဲဝင်သွားလို့ အမေက...

            'ဟဲ့သမီး၊ ခြင်းကြီး ဘာလို့ယူသွားတာလဲ'

            အဲ... ဟုတ်ပါရဲ့။

            'စာအုပ်တွေပါလို့ မေမေ'

            မေမေ ဘာမှမပြောတော့ဘူး။ ဟူး... တော်ပါသေးရဲ့။

            ၄။

            သူ့ခေါ်ပုံကြီးကလည်း ခင်ဗျားလေးတဲ့။ တော်သေး တာပေါ့။ ဆရာလေး မဟုတ် လို့။ သူ့စာရွက်ခေါက်လေးကို လက်လှမ်းလိုက်တဲ့အချိန် ကျွန်မ ရင်တွေ တဒိန်းဒိန်း ပဲ။ စာရွက်လေးကို တဖြည်း ဖြည်းချင်း ဖြန့်လိုက်တော့...

တိတ်တခိုး

နေ့ပေါင်းများစွာ

မြတ်နိုးစွာနှင့်

ခိုးကြည့်မိသည်

ညဥ့်ပေါင်းများစွာ

အိပ်မက်များလည်း

မွေးဖွားမိသည်

နှင်းဆီရောင်ကို ထုတဲ့

ချစ်သူရဲ့မျက်နှာနုလေးကို

တိတ်ခိုးနဲ့ စွဲလမ်းခဲ့မိ

ချစ်သည့်ဒုက္ခ သည်ဘဝတွင်

ဖွင့်ဟပြောခက်

ထွက်သက်ထိအောင်

ချစ်မည်အမြဲ ငါ့ရင်ထဲ၌...

            အို...ကဗျာလေး တစ်ပုဒ်ပါလား။ ကျွန်မ ကဗျာတွေ စိတ်မဝင်စားပေမယ့် အဲဒီကဗျာလေးကို အဆုံးထိအောင် ဖတ်မိသွားတယ်။ အောက်က စာလေးတွေ ဆက်ဖတ်ကြည့်တော့...

            အဲဒီကဗျာကလေ ကိုယ့်ကဗျာ မဟုတ်ဘူး။ အဲဒီလိုပဲ ခံစားရလို့ပါ။ ရေးတဲ့ သူက လွမ်းဟန်တဲ့။ ကိုယ် မင်းကို အရမ်းချစ်မိနေပြီ။ နောက်တစ်ပတ်ဆိုရင်လေ တိကျတဲ့အဖြေလေး ပေးစေချင်ပါတယ်။

ကျော်

            တဲ့။ ဟွန့်... ရည်းစားစာတဲ့။ ကဗျာကိုလည်း ကူးလာတာလို့ ဝန်ခံလိုက်သေး။ ငတုံးကြီး။ ဒီပုံစံမျိုးနဲ့ ရှင့်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ။

            ကျွန်မ အဲဒီညကအိပ်မက်တစ်ခု မက်တယ်။ အိပ်မက်ထဲမှာ ကျွန်မကို လူဆိုးတွေက ဖမ်းသွားတာ။ လူတစ်ယောက်က လာကယ်တယ်။ အဲဒီလူရဲ့ရုပ်ကို ကျွန်မ မမြင်လိုက်ပေမယ့် ဘယ်ဘက်မေးရိုးပေါ်မှာ မှဲ့နက်လေးတစ်လုံး ထင်ထင်ရှားရှား တွေ့လိုက်ရတယ်။

            ၅။

            တစ်ပတ်ဆိုတဲ့ အချိန်က အီလည်လည်နဲ့ပဲ ပြည့်သွားပြီ။ ကျွန်မ ဒီနေ့ ဆိုင်သွားဖွင့်ဖို့တောင် ရင်ထဲမှာ ရှိန်းတိန်းတန်းနဲ့။ အို... ဘာဆိုင်လို့လဲ။ သူ့ကို အဖြေမပေးနိုင်သေးဘူးလို့ ပြောလိုက်မှာပေါ့။ ဟင်း... ဟင်း... တစ်ပတ်တည်းနဲ့များ အဖြေလိုချင်သေးတယ်။

            ကျွန်မ အိမ်ကနေထွက်လာတော့ ၉ နာရီ ထိုးလုပြီ။ လမ်းထိပ်ရောက်တဲ့အထိ အေးဆေးပဲ။ လမ်းထိပ်က အထွက်မကြာပါဘူး။

            'ဒီ...ဒီမှာ' 'ကျွီ'

            ကျွန်မ လန့်သွားတယ်။ သေချာတယ်၊ ဟိုလူ။ ကျွန်မ ဟိုနေ့ကလို လှည့်ကြည့်ဖို့တောင် မရဲပါလား။ ကျွန်မ လက်ဖျားတွေ အေးလာပြီ။ စက်ဘီးလက်ကိုင်ကို မနည်းထိန်းနေရတယ်။

            'ဒီမှာ' 'ကျွီ'

            ဟော... ထပ်ခေါ်ပြန်ပြီ။ ကျွန်မ ပြန်မပြောရင် စကားမဆက်တော့ဘူး ထင်တယ်။

            'ဘာလဲ'

            ကျွန်မ အားတင်းပြီး ပြောလိုက်ပေမယ့် လေသံက မာမလာဘူး။ ရင်ခုန်လွန်းလို့ ထင်တယ်။ ကျွန်မ စက်ဘီးကို ထိန်းမရတော့ဘူး။ အဲဒီကြားထဲ ခဲလုံးတစ်လုံးကို နင်းမိလိုက်သေးတယ်။

            'ဒုတ်' ကျွန်မ လက်ကိုင် လွတ်သွားတယ်။

            'ဟာ... ကား၊ ကား'

            'ဝုန်း'

            ဆူညံသွားတာပဲ။ ကျွန်မ လမ်းဘေးကို တစ်ယောက်ယောက်က တွန်းလိုက်သလိုပဲ လွင့်ကျ သွားတယ်။ ကျွန်မ ဘယ်ဘက်လက်မောင်း အောင့်သွားတယ်။ ဟိုလူကို လိုက်ရှာတော့ ကားလမ်းပေါ်မှာ မှောက်ခုံကြီး။ ကျွန်မ အနားကို တိုးကပ်လိုက်တော့ လူတွေက အတော်အုံလာပြီ။ ဒရိုင်ဘာက...

            'ကျွန်တော် ဆေးရုံပို့ ပေးပါ့မယ်ဗျာ။ ဘာမှမလုပ်ကြပါနဲ့' လို့ လူအုပ်ကို တောင်းပန်နေတယ်။

            'မြန်မြန်လုပ်ဟေ့၊ လူနာ သွေးလွန်သွားမယ်။ ကလေးမပါ လိုက်သွားလေ'

            အဲဒီ စကားသံကြားမှ ကျွန်မ သတိဝင်လာတယ်။ ဟိုလူ ဘာဖြစ်သွားလဲ။ ကျွန်မ အနားကပ်ကြည့်တော့ မျက်နှာတစ်ပြင်လုံး သွေးတွေ ရွှဲလို့ပါလား။ ကျွန်မ မျက်လုံးတွေ ပြာသွားတယ်။ ပြီးတော့ သူ့ကို ပွေ့ထူရင်း...

            'သူသာ တစ်ခုခု ဖြစ်လို့ကတော့ ရှင့်ကို တရားစွဲမယ်။ထောင်ထဲပို့မယ်'လို့ ငိုသံပါကြီးနဲ့ ပြောမိသွားတယ်။ ဒရိုင်ဘာလည်း ကြောင်တောင်တောင် ဖြစ်သွားတယ်။

            'သြော်... ကားပေါ်တင်လေ'

            ဘေးကပြောမှ သတိ ဝင်လာပြီး ကားပေါ်တင်ကြတယ်။ ကျွန်မ စိတ်တွေပူလိုက်တာ။ လမ်းမှာလည်း...

            'ကိုကျော်စိုးသန့်၊ ကိုကျော်စိုးသန့်'

            ဘယ်လိုခေါ်ခေါ် လှုပ်တောင် မလှုပ်ဘူး။ ဒုက္ခပါပဲ။ ကယ်ပါဦး။

            ဆေးရုံရောက်တော့ သူ ခေါင်း ၆ ချက် ချုပ်လိုက်ရတယ်။ ဒဏ်ရာက သိပ်မပြင်းဘူး။ ဒါပေမယ့် အကြောက်လွန်ပြီး မေ့သွားတာတဲ့။ ဒရိုင်ဘာက သီးသန့်ခန်းလေး ငှားပေးပါတယ်။ စက်ဘီးတွေလည်း ပြင်ပေးမယ်တဲ့။ သူ့ကားနံပါတ်ပေး သွားတယ်။

            ဟိုလူကတော့ ခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်တုန်းပဲ။ ကားသမားက သူ့အိမ်ကို အကြောင်းကြားဖို့ ထွက်သွားလေရဲ့။ ကျွန်မလည်း အခုမှ စိတ်သက်သာတော့တယ်။ စောစောက အကြောင်းကို ပြန်တွေးမိတော့ ကျွန်မ ရှက်လိုက်တာ။ ဘာတွေပြောမိမှန်း မသိဘူး။ သူ့အတွက် ဘာလို့ အဲဒီလောက် စိတ်ပူမိပါလိမ့်။

            ကျွန်မ နာရီကို ကြည့်တော့ ၁၁ နာရီထိုးလုပြီ။ ကျွန်မ ဆိုင်ဖွင့်ရဦးမယ်။ အကူ နာ့စ်တစ်ယောက် ခေါ်ပြီး ကျွန်မ သွားရင်ရပြီ။ ကျွန်မ ထလိုက်တော့...

            'အင်း...ဟင်း...'

            သူ့ဆီက ညည်းသံသဲ့သဲ့ ကြားရတယ်။ ကျွန်မ ကပ်ကြည့်လိုက်တော့...

            'ခင်ဗျားလေးကို ချစ်တယ်။ ခင်ဗျားလေးကို ချစ်တယ်' ဆိုပြီး တိုးတိုးလေး ညည်းနေတယ်။ အို... ကျွန်မ ရှက်လိုက်တာ။ တော်သေးတာပေါ့။ ဘေးမှာ ဘယ်သူမှ မရှိလို့။ သူ့လက်တစ်ဖက် မြောက်တက်လာတယ်။ သူ့ခေါင်းကို လက်လှမ်းနေတာတွေ့တော့ ကျွန်မ သူ့လက်ကို လှမ်းဆွဲရင်း...

            'အို... မလုပ်နဲ့လေ၊ ရှင် အခုမှ ချုပ်ထားတာ'

            သူ မျက်လုံးပွင့်လာတယ်။ မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့...

            'ခင်ဗျားလေး ဘာမှမဖြစ်ဘူးနော်'

            'အင်း'

            'တော်သေးတာပေါ့' ဆိုပြီး မျက်လုံးပြန်ပိတ်သွားတယ်။ ကျွန်မလက်ကို မလွှတ်သေးဘဲ သူ့ရင်ဘတ်ပေါ် တင်ထားတယ်။ သူ့ ရင်ခုန်သံတွေ ကျွန်မလက်ကို တိုက်ရိုက်တိုးနေတယ်။

            'ကျွန်မ ဆိုင်ဖွင့်ရဦးမယ်'

            ကျွန်မ လက်ကလေးကို ပြန်ဆွဲတော့ ကျွန်မလက်ကို ဖျစ်ထားပြီး သူ့မျက်လုံးလေး ပွင့်လာတယ်။ ပြီး တော့...

            'မသွားပါနဲ့ဦးဗျာ'

            ခက်တော့တာပဲ။ ဘာလုပ်ရပါ့မလဲ။

            'ဟင်း'

            ကျွန်မစိတ်ကို လျှော့ချလိုက်တယ်။ တစ်နေ့တလေပဲလေ။ ကျွန်မ ဒီနေ့ဆိုင်ပိတ် လိုက်တော့မယ်။

ချမ်းထက်ဟန်

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်