အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၃)

ဝင်းငြိမ်း

01 May 2025
မင်းမှုထမ်း အပိုင်း (၃)
Share to

အခန်း (၂) အပိုင်း (၁)

ဘာကင်ဟမ်ရွှေနန်းတော်

            ကျွန်တော့်မျက်စိရှေ့မှာ မြင်လိုက်ရတဲ့မြင်ကွင်းကို မယုံနိုင်အောင်ပါဘဲ။

            ဘာကင်ဟမ်ရွှေနန်းတော်ကြီးရဲ့ အရှင်သခင်ဖြစ်တဲ့ ဘုရင်မကြီးရဲ့ ဧည့်ခန်းဆောင်ထဲမှာ ဘုရင်မကြီးက စာရေးစားပွဲမှာထိုင်ပြီး တစ်စုံတစ်ခုကို စူးစိုက်တွေးတောနေပုံရပါတယ်။ သူခေါင်းပြန် မော့လိုက်တဲ့အချိန်မှာ သူ့ကို ပြုံးပြီးငေးကြည့်နေမိတဲ့ ကျွန်တော့်ကို တွေ့သွားပါတော့တယ်။ လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး ဘုရင်မကြီးက 'မင်းဘာဖြစ်လို့ ပြုံးနေတာလဲ ပေါလ်' လို့ မေးလိုက်ပါတယ်။ သူ့အသံမှာ ရွှင်ရွှင်မြူးမြူးဖြစ်နေတာကြောင့် ကျွန်တော်ကလည်း ရဲရဲတင်းတင်းပဲ ပြန်ဖြေလိုက်ပါတယ်။

            'ကျွန်တော်မျိုးကြီး နေရာကနေ ကြည့်မယ်ဆိုရင် ဘုရင်မကြီးကိုမြင်ရတဲ့ မြင်ကွင်းက ပြုံးချင်စရာဖြစ်နေလို့ပါ'

            ကျွန်တော့်စကားဆုံးတော့ နှစ်ယောက်စလုံး နှစ်နှစ်ကာကာ ပြုံးလိုက်မိပါတော့တယ်။ အချိန်အားဖြင့် ညဥ့်သန်းခေါင်ချိန်ကို နီးနေပါပြီ။ ပုံမှန်အားဖြင့် စက်ရာဆောင်ကို ဝင်ရမယ့် အချိန်ကို ကျော်လွန်နေပြီပေါ့။ ဒါပေမယ့် ဘုရင်မကြီးက ပြတင်းပေါက်တစ်ခုအနီးက စားပွဲတစ်ခုမှာထိုင်ရင်း စာရေးနေတာပါ။ ဝတ်ထားတဲ့ အဝတ်က ပိုးသားဝတ်စုံဖြစ်ပြီး ပန်းနုရောင် ညှပ်ဖိနပ်ကိုလည်း စီးထားပါသေးတယ်။ သူ့ ခေါင်းထက်မှာတော့ အင်္ဂလန်နိုင်ငံပြည့်ရှင် ဘုရင်မင်းမြတ်တို့သာ ဆင်မြန်းရတဲ့ သရဖူကို ဆောင်းထားပါတယ်။ ဒီသရဖူက မင်းခမ်းမင်းနားများကျမှသာ ဆောင်းလေ့ရှိတဲ့ သရဖူပါ။ ဝတ်ထားတဲ့အဝတ်နဲ့ ခေါင်းထက်က သရဖူဟာ လားလားမျှ မတင့်တယ်ပါဘူး။ ဒါကြောင့် ကျွန်တော့်အမြင်မှာ ရယ်စရာ ဖြစ်နေခဲ့တာပေါ့။

            ဒီမြင်ကွင်းကို ကျွန်တော် မြင်လိုက်ရတာကတော့ ကျွန်တော့် တစ်နေ့တာတာဝန်များ ထမ်းဆောင်ပြီးစီးလို့ နှုတ်ဆက်ဖို့ ဝင်လာချိန်မှာ မြင်လိုက်ရခြင်းပါပဲ။ ကျွန်တော့်တာဝန်များထဲက နောက်ဆုံးတာဝန်ဖြစ်တဲ့ သူ့ခွေး ကိုးကောင်ကို ကော်ဇောနီခင်းထားတဲ့ ကော်ရစ်ဒါထောင့်တစ်နေရာမှာ သိပ်ခဲ့ပေးပြီးပါပြီ။ သူတို့ အားလုံးအိပ်တော့မှ ထူထဲတဲ့ ခန်းဆီးတစ်ခုနဲ့လည်း ကာရံပေးခဲ့ပြီးပါပြီ။ ကျွန်တော် နောက်ဆုံးတာဝန်အနေနဲ့ ဘာများလုပ်ပေးစရာ ကျန်ပါသေးသလဲလို့ မေးဖို့ရာ အဝင်လိုက်မှာ မြင်လိုက်ရတဲ့မြင်ကွင်းပါ။

            သရဖူဆောင်း၊ မျက်မှန်တပ်ထားတဲ့ ဘုရင်မကြီးက စာရေးစားပွဲမှာ စာကြည့်မီးနဲ့ စာများကို တစ်စောင်ပြီးတစ်စောင် ဖတ်နေပါတယ်။ အလင်းရောင်ကျနေတဲ့ သရဖူထက်က ကျောက်မျက်ရတနာများရဲ့ ပြိုးပြိုးပြက်ပြက် အလင်းများက အခန်းထဲမှာ တလက်လက် တောက်ပနေပါတယ်။ ညှပ်ဖိနပ် စီးထားတဲ့ဘုရင်မကို ကျွန်တော် မကြာခဏ တွေ့ဖူးပေမယ့် ညကြီးအချိန်မတော် သရဖူဆောင်းပြီး ထိုင်နေတာကိုတော့ မတွေ့ဖူးတာ အမှန်ပါ။ တကယ်တော့ နောက်တစ်နေ့မှာ ပါလီမန် ဖွင့်ပွဲရှိတာကြောင့် နိုင်ငံတော်အကြီးအကဲအနေနဲ့ မိန့်ခွန်းပြောရမှာဖြစ်လို့ သူ့ အဆောင်အယောင်ဖြစ်တဲ့ သရဖူကို နေသားတကျဆောင်းနိုင်အောင် လေ့ကျင့်တဲ့အနေနဲ့ ဆောင်းထားပုံရပါတယ်။  ဒီသရဖူရဲ့ အလေးချိန်က သကြားနှစ်အိတ်လောက် လေးတယ်လို့ ကျွန်တော် မှတ်သားဖူးပါတယ်။

            ကျွန်တော်ပြုံးလိုက်ပြီး 'နောက်ထပ်ဘာများ လုပ်ပေးဖို့ ရှိပါသေးသလဲ ခင်ဗျာ' လို့ မေးလိုက်ပါတယ်။

            'မရှိတော့ပါဘူး ပေါလ်ရယ်' လို့ ဆိုပြီး ဘုရင်မကြီးက ခေါင်းပြန်ငုံ့ကာ သူ့အလုပ်ကိုသူ ဆက်လုပ်နေပါတော့တယ်။

            ကျွန်တော် ဦးညွှတ်အလေးပြုလိုက်ပြီး 'ကောင်းသောညပါ ဘုရင်မကြီးခင်ဗျာ' လို့ နှုတ်ဆက်ကာ လှည့်ထွက်ခဲ့ပါတော့တယ်။ အဲဒီတစ်ကြိမ်သာ သရဖူဆောင်းထားတဲ့ ဘုရင်မကြီးကို ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။

            ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ ကျွန်တော့်ဘဝ အလှည့်အပြောင်း စခဲ့တယ်လို့ ဆိုရပါမယ်။ မွေးရာဇာတိမြေကို စွန့်ခွာပြီး လန်ဒန်ရွှေမြို့တော်ဆီက ဘာကင်ဟမ်နန်းတော်ကြီးကို ရောက်လာခဲ့လို့ပါပဲ။

            နန်းတော်ထဲကို ပထမဆုံး ဝင်ရတဲ့နေ့မှာ ကျွန်တော် ကြောက်ဒူးတုန်နေခဲ့ မိပါသေးတယ်။ လက်ထဲမှာ အဝတ်သေတ္တာငယ်တစ်လုံးကို ကိုင်ပြီး တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံ ဆင်မြန်းခဲ့ပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ဒီနေရာမှာ အလုပ်လုပ်ရတာ ဟိုတယ်ကြီးတစ်ခုမှာ အလုပ် လုပ်ရတာ နေမှာပဲလို့ အောက်မေ့ခဲ့ပါတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ ဟိုတယ်တွေမှာ တစ်ခန်းနဲ့ တစ်ခန်းကူးတဲ့ ကော်ရစ်ဒါတွေက ကျဉ်းကျဉ်းကလေးတွေဖြစ်ပြီး နန်းတော်ထဲမှာတော့ ကြီးမားကျယ်ပြန့်လှတဲ့ ကော်ရစ်ဒါတွေနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အပြင် ကော်ရစ်ဒါတစ် လျှောက်လုံးမှာ ကော်ဇောအပြည့်ခင်း ထားတာချည်းပါပဲ။ မျက်စိတစ်ဆုံး ကြည့်လေရာတိုင်းမှာ ခြူးပန်းခြူးနွယ် အနုပညာလက်ရာတွေနဲ့ ခြယ်သထားတာ တွေ့ရလို့ စိတ်ထဲမှာ ပြတိုက်တစ် ခုခုထဲကိုများ ရောက်နေသလားလို့တောင် အောက်မေ့မိပါတယ်။

            ကျွန်တော့်ကျောင်းနေဖက် သူငယ်ချင်းတွေသာ ခုနေအခါ ကျွန်တော့်ကို တွေ့မယ်ဆိုရင် ကက်ဦးထုပ်ဆောင်းပြီး မင်းမှုထမ်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံစံကို ဘယ်လိုများ ပြောကြမှာပါလိမ့်။ ကျွန်တော့်အတွက် သီးခြားသတ်မှတ်ပေးထားတဲ့ အခန်းထဲကို ရောက်တဲ့အခါမှာ နံရံအပြည့် တပ်ဆင်ထားတဲ့ မှန်ရှေ့မှာ အတော်ကြာကြာ ကျွန်တော်ရပ်နေမိပါတယ်။ မှန်ထဲက ပုံရိပ်မှာ လူစိမ်းတစ်ယောက်လိုပါပဲ။ ဒုတိယမြောက် အဲလိဇဘက်ဘုရင်မရဲ့ မင်းမှုထမ်းတစ်ယောက် ပုံနဲ့ မတူဘဲ တတိယမြောက် ဂျော့ဘုရင်လက်ထက်က မင်းမှုထမ်းပုံစံ ပေါက်နေပါတယ်။ ကတ္တီပါ အပြာနဲ့ ချုပ်ထားတဲ့ ဦးထုပ်၊ အနက်ရောင် အပေါ်ဝတ်ရုံ၊ ရွှေချည်များနဲ့ ထိုးထားတဲ့ ပန်းခက်များ၊ ဘာကင်ဟမ် နန်းတော်ရဲ့ တံဆိပ်၊ ဝတ်ရုံရှည်မှ ရွှေကြယ်သီးများ၊ ပန်းရောင်ခြေအိတ်ရှည်၊ အနက်ရောင် သားရေဖိနပ်တို့က ကျွန်တော့်ပုံစံကို အပြောင်းကြီး ပြောင်းသွားစေပါတယ်။ ဘယ်ဘက်ဘေးမှာ ဓားရှည်တစ်ချောင်းကိုလည်း လွယ်ထားရပါသေးတယ်။ လက်မှာက ချည်သား အဖြူရောင် လက်အိတ်နဲ့။

            မိနစ်တော်တော်ကြာအောင် ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကြာတော့ ဒီဝတ်စုံတွေ ဝတ်ထားရတာကိုပဲ ဂုဏ်တစ်ခုလို့ ထင်မှတ်လာခဲ့ပါတယ်။ ကျွန်တော်ဝတ်ထားတဲ့ ဝတ်စုံဟာ အသစ်စက်စက် ဝတ်စုံမဟုတ်ပါဘူး။ ကျွန်တော့်ရှေ့အဆက်ဆက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝ လောက်ကတည်းက မင်းမှုထမ်းများဝတ်ဆင်ခဲ့ကြပြီး အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြတာပါ။ ပြုတ်နေတဲ့ နေရာကို ပြန်ချုပ်၊ ပြဲနေတဲ့ နေရာကို ပြန်ဖာ၊ ဒီနည်းနဲ့ ထိန်းသိမ်းခဲ့ကြတာ အဝတ်အထည်များရဲ့ အရည်အသွေးက ကောင်းလွန်းတဲ့အတွက် အရောင် မှိန်သွားတယ်ရယ်လို့ မရှိပါဘူး။ အပြောင်းအလဲရယ်လို့ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဘယ်ဘက် ပခုံးမှာ တပ်ဆင်ရတဲ့ အမှတ်အသား တံဆိပ်ပါပဲ။ ဒီတံဆိပ်မှာ 'နိုင်ငံတော်အား မဖွယ်မရာ ကြံသူတို့သည် ရှက်ဖွယ်လိလိတည်း' လို့ ရေးထားတာပါ။ ဒီစာတန်းက ဘုရင်မကြီးရဲ့ သရဖူမှာလည်း ရေးထိုး ထားပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ မင်းမှုထမ်းများအတွက် အထူး  ကြပ်မတ်စောင့်ထိန်းရတဲ့ တာဝန်တစ်ရပ် ဆိုရင်လည်း မမှားပါဘူး။

            ကျွန်တော့်အတွက် ခွဲတမ်းချပေးလိုက်တဲ့ ဝတ်စုံများကို အဝတ်ထုတ်ပေးရာ မြေတိုက်ခန်းမှာ အစမ်းဝတ်ကြည့်ခဲ့ပြီးပါပြီ။ အဲဒီအခန်းမှာက ကြမ်းပြင်မှနေ မျက်နှာကြက်အထိ မြင့်လှတဲ့ ဗီရိုကြီးများ တန်းစီရှိနေပါတယ်။ ဝတ်စုံအပြည့်အစုံရဖို့ အဲဒီဗီရိုကြီးများထဲက တစ်နေ့လုံးလုံး ထုတ်ယူရပါတယ်။ ဒီဝတ်စုံတွေဟာ ကျွန်တော့်ရှေ့ကသူတွေ ဝတ်ခဲ့ပြီးပါပြီ။ ဘာကင်ဟမ်ရွှေနန်းတော်မှာသာ မကပါဘူး။ တခြား ရဲတိုက်များ၊ နန်းတော်များမှာလည်း မင်းမှုထမ်းများ ဝတ်ဆင်ရတဲ့ အဆောင်အယောင်များဟာ တစ်ပတ်ရစ်များချည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မင်းမှုထမ်းတွေ မဆိုထားနဲ့ ဘုရင်မကြီးရဲ့ သားတော်များဖြစ်တဲ့ အင်ဒရူး မင်းသားနဲ့ အက်ဒဝပ် မင်းသားတို့လည်း တစ်ယောက်အကျကို တစ်ယောက် ဝတ်ရတာပါ။

            ဝတ်စုံတွေ ထုတ်ပေးတဲ့နေရာက  တာဝန်ခံဖြစ်တဲ့ မာတင်ဘတ်က ကျွန်တော့်ကို ဝတ်စုံငါးစုံ ထုတ်ပေးလိုက်ပါတယ်။ တစ်စုံက ဘုရင်မကြီး ထွက်တော်မူတဲ့ အခမ်းအနားများမှာ ဝတ်ဖို့ ဝတ်စုံ။ တစ်စုံက နန်းတွင်းမှာ အမှုထမ်းနေစဉ် ဝတ်ဖို့ဝတ်စုံ။ နောက်တစ်စုံက နန်းတော်ပြင်ပကို တာဝန်နဲ့သွားရတဲ့အခါ ဝတ်ဆင်ရမယ့် ဝတ်စုံစသဖြင့် နေရာဌာနအလိုက် ဝတ်ဆင်ရမယ့် ဝတ်စုံ များပါ။

            ဘာကင်ဟမ်နန်းတော်မှာ အရင်က ထားခဲ့တဲ့ တရားလွှတ်တော်ရုံးကို ဝင်ဆာရဲတိုက်သို့ ပြောင်းရွှေ့လိုက်တဲ့အတွက် နေရာအတော်များများမှာ ပရိဘောဂများနဲ့သာ ပြည့်နေပြီး နေရာ လွတ်တွေ အများကြီးပါ။ ဘာကင်ဟမ်နန်းတော်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဝန်ထမ်းအသစ်များကိုလည်း ရွေးချယ်ခန့်ထားနေဆဲ ကာလဖြစ်ပါတယ်။

            ခရစ္စမတ် မတိုင်ခင်တစ်ရက်အထိ ကျွန်တော်ထမ်းဆောင်ရမယ့် တာဝန်ကို တိတိကျကျ သတ်မှတ်မပေးသေးပါဘူး။ ဝင်ဆာနန်းတော်မှာသွားပြီး အလုပ်သင်ဘဝနဲ့ လေ့ကျင့်သင်ကြား နေရပါတယ်။ ဝင်ဆာနန်းတော်ရဲ့ အရှေ့မြောက်ထောင့်က တစ်နေရာမှာ ကျွန်တော်ရောက်နေပါတယ်။ ဒီနေရာက ကြည့်ရင် နန်းတော်ရဲ့ အရှေ့ဘက် ဝင်ပေါက်ကို စီးမြင်ရပြီး ပန်းဥယျာဉ်များနဲ့ ဂေါက်ကွင်းများကိုလည်း မြင်ရပါတယ်။ ဒီနေ့ ပထမဆုံးတာဝန် ကျွန်စတင်ထမ်းဆောင်ရပါတော့မယ်။ ကျွန်တော့်လက်ထဲမှာ ကော်ဖီပုဂံလုံးများ ထည့်ထားတဲ့ ငွေလင်ပန်းရှိနေပြီး လက်အိတ်ဝတ်ထားတဲ့ လက်နှစ်ဖက်က တဆတ်ဆတ်တုန်နေတာကြောင့် ကော်ဖီပန်းကန်များလည်း ငြိမ်ငြိမ်သက်သက် မရှိဘဲ လှုပ်နေပါတယ်။ ဗိုက်ထဲကလည်း တစ်စုံတစ်ခုက ဆွဲဆုပ်ထားသလို ခံစားနေရပါတယ်။ တာဝန်ထမ်း ဆောင်ရမယ့် ဝတ်စုံအပြည့်အစုံနဲ့ တစ်စုံတစ်ခု မှားယွင်းသွားမှာကို ကျွန်တော် စိုးရိမ်စိတ် လွန်ကဲနေပါတယ်။ သူတို့ ရှေ့ရောက်ရင် ကျွန်တော်က ကျောက်ရုပ် တစ်ရုပ်လို ရပ်နေရမှာလား။ ငွေလင်ပန်းကို ချလိုက်ရမှာလား။ တာဝန်ကို ကျေပွန်အောင် ကျွန်တော် ထမ်းဆောင်နိုင်ပါ့မလား။ ဒီနေ့ တော်ဝင်မိသားစု ရှေ့မှောက်ကို ကျွန်တော် ပထမဆုံးအကြိမ် အခစားဝင်ရတော့မယ်လေ။

            ညစာ စားဖွယ်ရာများ ပြင်ဆင်နေတဲ့ ခန်းမထဲမှာ ကျွန်တော်လည်း အခြားဝန်ထမ်းများနည်းတူ တာဝန်ထမ်းဆောင်ဖို့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော်ရှိနေတဲ့ အခန်းကနေ ကော်ဇောနီကို နင်းပြီး သွားလိုက်မယ်ဆိုရင် သိပ်မဝေးတဲ့ နေရာမှာ တော်ဝင်မိသားစုများ ရှိနေကြမှာပါ။ သူတို့မိသားစုက ရှေးဘုရင်အဆက်ဆက်တို့လို ဖယောင်းတိုင် မီးအလင်းရောင်နဲ့ ညစာစားသုံးကြမှာပါ။ သူတို့ညစာ စားတာက နှစ်နာရီလောက် ကြာပါတယ်။ အဲဒီ နှစ်နာရီအတွင်းမှာ ဝန်ထမ်းပေါင်းများစွာတို့က ကုန်စည်များ သယ်ဆောင်တဲ့ ကွန်ဗေယာ ခါးပတ်များလို အဆက်မပြတ်တစ်ခုပြီးတစ်ခု ကိုယ့်တာဝန်နဲ့ကိုယ်ချ ပေးနေကြရပါတယ်။ လူတိုင်းလက်ထဲမှာ ငွေထည်ပန်းကန်များ၊ ဖန်ခွက်များ ရှိနေကြပြီး နောက်ဆုံးအချိုတည်းတဲ့ ပူတင်းစားချိန်အထိ လှုပ်ရှားကြရပါတယ်။ အချိုတည်းချိန်မှာ ပန်းသီးချပေးတဲ့သူ၊ ငှက်ပျောသီးချပေးတဲ့သူ၊ နာနတ်သီးချပေးတဲ့သူများက ရွှေပန်းကန်နဲ့ ရွှေဇွန်း၊ ခက်ရင်းတို့ကို ထည့်ပြီး ချပေးကြရတာပါ။ တော်ဝင်မိသားစုဆိုတော့ ငှက်ပျောသီးစားတာတောင် မျောက်တွေစားသလို အခွံခွာစားတာ မဟုတ်ပါဘူး။ ရွှေဇွန်း၊ ရွှေခက်ရင်းကို သုံးပြီး စားကြတာပါ။

            ရွှေနန်းတော်အတွင်းမှာ သူတို့မိသားစု မျက်နှာစုံညီ ညစာစားတာ မဆိုထားနဲ့၊ တစ်ယောက်ချင်း စားတာကိုက စနစ်တကျ လုပ်ပေးရတာပါ။ ဒီနေ့လို မျက်နှာစုံညီ စားကြပြီဆိုရင်တော့ ကျွန်တော်အပါအဝင် ဝန်ထမ်းအားလုံးဟာ စိတ်လှုပ်ရှားစွာနဲ့ ကိုယ့်ကဏ္ဍကို ကိုယ်ပီပြင်အောင် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်။ ဇာတ်ခုံပေါ်မှာ ကပြနေကြတဲ့ သရုပ်ဆောင်များ ကိုယ့်အခန်း ကဏ္ဍမရောက်သေးရင် ပိတ်ကားနောက်ကွယ်က စောင့်ဆိုင်းနေကြသလို ကျွန်တော်တို့လည်း အသင့်အနေအထားနဲ့ စောင့်နေကြရတာပါ။ ညစာစားပွဲကို တာဝန်ခံ စီစဉ်တဲ့ တာဝန်ရှိသူက အစီအစဉ်အတိုင်း လွှတ်ပေးမှ ကျွန်တော်တို့ က ထွက်ရတာပါ။ သူက 'အသား... သွား' ဆိုရင် အသားဗန်းကိုင်ထားတဲ့ သူက သွားရုံပဲ။ 'အားလူးသမားသွား..' ဆိုလိုက်ရင် အားလူးဗန်းသမား ထွက်သွားရုံပဲ။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ထွက်ရတာပေါ့။ ကျွန်တော်က ဝန်ထမ်းအသစ်ဆိုတော့ အသားဗန်းတို့၊ အာလူးဗန်းတို့ကို မကိုင်ရသေးပါဘူး။ ကော်ဖီသောက်မယ့် ကြွေလက်ဖက်ရည်ပန်းကန်များ ထည့်ထားတဲ့ ငွေဗန်းကို ကိုင်ပြီး အဆင်သင့် စောင့်နေရတာပါ။

            'ကော်ဖီ...'

            ကျွန်တော့်အချိန်ရောက်ပါပြီ။ ခပ်ဟဟလေး ဖွင့်ထားတဲ့ တံခါးမကြီးက တစ်ဆင့် ထမင်းစားဆောင်ထဲကို ဝင်လိုက်တဲ့အခါမှာ လက်ထဲမှာရှိနေတဲ့ ဗန်းက အဆမတန် လေးလာသလို ခံစားလိုက်ရပါတယ်။ ထမင်းဝိုင်းကို ကျွန်တော် မျက်စိကစားကြည့်လိုက်ရာ  မိသားစု ရယ်ရယ်မောမောနဲ့ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော် အနားမှာ အဆင်သင့်ရှိနေတဲ့ မစ္စတာ ဒစ်ခ်မင်က ကျွန်တော်စိတ်လှုပ်ရှားနေတာကို သတိထားမိလိုက်တဲ့အတွက် အားပေးစကားဆိုပါတယ်။ 'စိတ်မပူနဲ့၊ ဘာမှမဖြစ်ဘူး' တဲ့။

            ကျွန်တော်လုပ်ရတဲ့ အလုပ်က ရိုးရိုးကလေးပါ။ လက်ဖက်ရည်ခွက်တွေကို တစ်ယောက်ချင်းစီရဲ့ ရှေ့မှာ ချထားပေးရုံပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ မင်းမှုထမ်း အသစ်တစ်ယောက် တော်ဝင်မိသားစုများ ရှေ့မှောက်ကို ပထမဆုံးအကြိမ် အခစား ဝင်ရခြင်းဖြစ်လို့ စိတ်လှုပ်ရှားရခြင်းပါ။  

            'ထမင်းစားခန်းထဲကို မင်းဝင်သွား၊ ပန်းကန်တွေ ချပေးပြီးရင် ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်ကလေး ရပ်နေ။ ကော်ဖီထည့်ပေးမယ့် ဝန်ထမ်းက သူ့ ဘာသာသူ ကော်ဖီထည့်သွားလိ့မ်မယ်လို့ မစ္စတာ ဒစ်ခ်မင်က ရှင်းပြပါတယ်။

            ကျွန်တော် ဘာမှ ပြန်ပြောစရာ မရှိပါဘူး။ လမ်းလျှောက်ပြီး ဝင်သွားလိုက်ရုံပါပဲ။ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပြုံးပြလိုက်တဲ့အပြုံးကတော့ အသက်မပါတဲ့ အပြုံးဖြစ်မှာ သေချာလှပါတယ်။ 'ဘယ်သူကမှ မင်းကို ကိုက်မစားဘူး' လို့ ကျွန်တော့်ဆရာက အားပေးစကားဆိုရင်း ပခုံးကို ပုတ်လွှတ် လိုက်ပါသေးတယ်။

            လေးလံတဲ့ ခြေလှမ်းများနဲ့ အခန်းထဲကို ဝင်လာချိန်မှာ မစ္စတာ ဒစ်ခ်မင် ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ပြန်သတိရမိပါတယ်။

            'ဘယ်သူ့ကိုမှ မျက်လုံးချင်းဆုံအောင် စိုက်မကြည့်မိပေစေနဲ့၊ သူတို့က စားနေတဲ့အချိန်မှာ သူများကြည့်တာကို လုံးဝမကြိုက်ဘူး' တဲ့။

            ဒီစကားကို သတိရတာကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ငွေဗန်းထဲက ပန်းကန်များကိုသာ အာရုံထား ကြည့်နေလိုက်ပါတယ်။ သတိထားတာမှ တကယ့်ကို သတိထားတာပါ။ အဲဒါပြီးရင်  ခြေလှမ်းဆယ်လှမ်း မပြည့်တဲ့ ထောင့်တစ်နေရာကို သွားပြီး ရပ်နေလိုက်ရုံပါပဲ။

            စားပွဲဆီ ရောက်ခဲ့ပါပြီ။ ကျွန်တော့်ရှေ့မှာ ကျွန်တော့်တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံး ဘဲဥပုံ စားပွဲကြီးပါပဲ။ မဟော်ဂနီရောင် ဖိတ်ဖိတ်တောက်အောင် တိုက်ချွတ်ထားပါတယ်။ ကျွန်တော့် စိတ်ထင်ပြောရရင် အရှည်ပေ ၂ဝ လောက် ရှိပါလိမ့်မယ်။ စားပွဲအလယ်ကောင်မှာတော့ ဖယောင်းတိုင်မီးများ ထွန်းညှိထားပြီး အလှပြင်ထားတဲ့ ပန်းအိုးလည်း ရှိနေပါတယ်။ ခန်းမကြီးရဲ့ ပြတင်းပေါက်များမှာ တပ်ဆင်ထားတဲ့ ခန်းဆီးများက ကတ္တီပါ ကြက်သွေးရောင် ခန်းဆီးများဖြစ်ပြီး ရွှေရောင် ကြိုးစများနဲ့ ချည်နှောင်ထားပါတယ်။ ဝိတိုရိယ ဘုရင်မကြီးရဲ့ပုံတူ ပန်းချီကားကြီးက မီးလင်းဖိုရဲ့ အထက်မှာ ချိတ်ဆွဲထားပါသေးတယ်။

            မကြည့်ပါနဲ့လို့ တားထားပါလျက်နဲ့ ကျွန်တော့်မျက်စိတွေက မနေနိုင်ဘဲ ကြည့်မိပါသေးတယ်။ စားပွဲမှာ ရှိနေကြတဲ့ တော်ဝင်မိသားစုဝင် ၃ဝ လောက်တည်းက ပထမဦးဆုံး ကျွန်တော် ဦးတိုက်သွားရတာက ဘုရင်မကြီးပါ။ သူက ညနေခင်းဝတ်စုံ ဝတ်ဆင်ထားပါတယ်။ အဲဒီနောက် ဘုရင်မ မယ်တော်က ကျွန်တော့် မြင်ကွင်းထဲကို ဝင်လာပါတယ်။ သူက အလယ်ကောင် တည့်တည့်မှာ ထိုင်နေတာပါ။ သူ့ထိုင်ခုံက သာမန်ထိုင်ခုံများနဲ့ မတူဘဲ ပလ္လင်နဲ့တူပြီး အရောင်လည်း ပြိုးပြိုးပြက်ပြက် ခြယ်သထားပါတယ်။ ဘုရင်မ မယ်တော်ကြီးက သူ့အချစ်ဆုံး မြေးချားလ်စ်မင်းသားနဲ့ စကားပြော နေလေရဲ့။ ဘုရင်မကြီးက ချားလ်စ်ရဲ့ တခြားတစ်ဖက်မှာပါ။ သူ့ခုံကတော့ တခြားအိမ်သားများရဲ့ ခုံလိုပါပဲ။ ဘုရင်မကြီးရဲ့ မျက်နှာချင်းဆိုင်မှာ ကြင်ရာတော် ဖိလစ်မင်းသား ထိုင်နေပြီး သူ့ ယောက္ခမကြီး ပြောနေတာများကို နားစွင့်နေဟန် တူပါတယ်။

            လူအများရှေ့မှာ ဣန္ဒြေသိက္ခာကြီးစွာနဲ့ နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်နေခဲ့တဲ့ ဘုရင်မကြီးဟာ ခုတော့လည်း သာမန်အမျိုးသမီးကြီး တစ်ယောက်လို သူ့မိသားစုနဲ့ ပုံမှန် အနေအထားမှာပဲ ရှိနေလေရဲ့။ ဒီမြင်ကွင်းဟာ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် တော်ဝင်မိသားစုများကို မိသားစု တစ်ခုအသွင် မြင်လိုက်ရခြင်းပါပဲ။ သူတို့နဲ့ ခုလို အနီးကပ် နေခွင့်ရလိုက်ခြင်းကိုလည်း ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အမေ့ကို ကျွန်တော် သတိရလိုက်မိတယ်။ အမေသာ ခုနေ ကျွန်တော့်ကို မြင်လိုက်ရင် ဘယ်လောက်များ ဂုဏ်ယူလိုက်မလဲ။ ကျွန်တော်တို့ ရပ်ရွာက သူငယ်ချင်းတွေ မြင်သွားရင်ကော ဘယ်လောက်များ အထင်ကြီးကြလေမလဲ။  

            သူတို့ ဝတ်ဆင်ထားတဲ့ ကျောက်မျက်ရတနာများမှ ရောင်စဉ်များ ဖယောင်းတိုင်မီးအောက်မှာ တလက်လက် တောက်ပနေပါတယ်။ ဝန်ထမ်းတွေကတော့ စက်ရုပ်များနှယ် တစ်ယောက်ဝင် တစ်ယောက်ထွက်နဲ့ တာဝန်ထမ်းဆောင်နေကြရပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဆရာ ခိုင်းလိုက်တဲ့အတိုင်း ထောင့်တစ်နေရာမှာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ငြိမ်ကလေးရပ်ရင်း အားလုံးရဲ့ လှုပ်ရှားမှုများကို ကြည့်နေလိုက်ရုံပါပဲ။

            အင်ဒရူးမင်းသားနဲ့ အက်ဒဝက် မင်းသားတို့ကို မျက်စိရှေ့မှောက်မှာ တွေ့နေရသလို အန်းမင်းသမီးနဲ့ အိမ်ထောင်သက် နှစ်နှစ်သာရှိသေးတဲ့ သူ့ခင်ပွန်းသည် ဗိုလ်ကြီးမာ့ခ်ဖိလစ်တို့လည်း ရှိနေကြတယ်။ ဘုရင်မရဲ့ ညီမတော် မာဂရက် မင်းသမီးကတော့ အသံစာစာနဲ့ တစ်ဝိုင်းလုံးကို ထိန်းထားလေရဲ့။ သူ့အသံက ကျယ်လိုက်တာလို့ ကျွန်တော် တွေးလိုက်မိသေးတယ်။

            တစ်ယောက်ချင်းစီကို ငေးကြည့် နေမိပေမယ့် သတိဝင်လာချိန်မှာ ကျွန်တော် ကမန်းကတန်း မျက်နှာလွှဲလိုက် ရပါတယ်။ ရပ်နေရာကနေ အသာလေး အပြင်ကို ထွက်ခဲ့ပါတော့တယ်။ 

            'တွေ့လား ဘာမှမဖြစ်ပါဘူးကွ' ကျွန်တော့် ဆရာက ပြုံးပြုံးကြီး ကြည့်ရင်း ပြောလိုက်ပါတယ်။ ဒီတစ်ပွဲ အတွက်တော့ ကျွန်တော် အောင်မြင်ခဲ့ပါပြီ။

            ကျွန်တော်တို့ ရပ်ရွာဓလေ့မှာတော့ နှစ်သစ်ကူးတိုင်း ကျောက်မီးသွေး အနည်းငယ်ကို အိမ်တံခါးမကနေ အိမ်ထဲသို့ သွင်းယူရတဲ့ အစဉ်အလာရှိပါ တယ်။ လာမယ့်နှစ် တစ်နှစ်လုံးအတွက်  ကံကောင်းခြင်းတွေကို အဲဒီကျောက်မီးသွေးနဲ့အတူ သယ်ဆောင်လာတယ်လို့ ယူဆကြပါတယ်။ ၁၉၇၇ ခုနှစ်ကို ကူးပြောင်းမယ့် အချိန်မှာတော့ ကျွန်တော်က ဘာကင်ဟမ် ရွှေနန်းတော်အတွင်း ရောက်ရှိနေတဲ့အတွက် တစ်မျိုးတစ်ဖုံ ကူးပြောင်းရပါတော့မယ်။ နန်းတွင်းက ဝန်ထမ်းများထဲမှာ ကျွန်တော်က အသက်အငယ်ဆုံး ဝန်ထမ်းဖြစ်တဲ့အပြင် ဝါအားဖြင့်လည်း အနုဆုံးဝန်ထမ်း တစ်ယောက်ပါ။ ဒီတော့ တော်ဝင်မိသားစုအတွက် လာမယ့်နှစ်မှာ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးဖို့ လုပ်ဆောင်ရမယ့် ဓလေ့ထုံးစံဟာ ကျွန်တော့် တာဝန်ဖြစ်တယ်လို့ ကိုယ့်ဘာသာကိုယ် ခံယူလိုက်ပါတယ်။ တော်ဝင်မိသားစုများကို နှစ်သစ်ကူးမင်္ဂလာအတွက် နှုတ်ဆက်ကြဖို့ရာ ကျွန်တော်တို့ ဝန်ထမ်းများ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။ မှန်တံခါးများမှ တစ်ဆင့် တိုးဝင်လာတဲ့ လေအေးကြောင့် ချမ်းနေကြပေမယ့် ည ဆယ့်နှစ်နာရီတိတိ အချိန်ကို ကျွန်တော်တို့တစ်တွေ မဖြစ်မနေ စောင့်ဆိုင်းကြရမှာပါ။ ခန်းမအတွင်းကို လှမ်းကြည့်လိုက်တော့ ဝန်ထမ်းတစ်ဦးက ရှန်ပိန်အရက်များ လိုက်တိုက်နေတာကို တွေ့ရပါတယ်။ တော်ဝင်မိသားစုများလည်း စုံစုံညီညီ ရောက်ရှိနေကြပါပြီ။ ည ဆယ့် နှစ်နာရီတိတိ စထိုးချိန်မှာ ခန်းမအတွင်းကို ဝင်နိုင်မယ့် တံခါးဖွင့်ပေးလိုက်ပါတယ်။ ဝန်ထမ်းအားလုံးကြားကနေ ကျွန်တော်တိုးဝှေ့ဝင်သွားပြီး မီးလင်းဖို အရောက် တောက်လျှောက်သွားလိုက်ကာ အဆင်သင့်ရှိနေတဲ့ ထင်းတုံးတစ်တုံးကို ဆွဲယူပြီး ထည့်လိုက်ပါတယ်။ ဒါဟာ ရိုးရာ အစဉ်အလာတစ်ခုပါ။ ထင်းတုံးပစ်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ခန်းလုံးမှ လက်ခုပ်သြဘာသံများကို ကြားလိုက်ရပါတယ်။ အစဉ်အလာတစ်ခုကို ဖော်ဆောင်လိုက်တဲ့ ကျွန်တော် ရရှိတဲ့ဆုလာဘ်ကတော့ ဝန်ထမ်းအားလုံးရဲ့အရင် အင်္ဂလန်ပြည်ရှင် ဘုရင်မကြီးကို နှုတ်ဆက်ခွင့် ရလိုက်ခြင်းပါပဲ။

            ဘုရင်မကြီးရှေ့မှာ ဦးညွှတ်အလေးပြုလိုက်ပြီး..

            'ပျော်စရာကောင်းသော နှစ်သစ်ပါ ဘုရင်မကြီးခင်ဗျာ' လို့ နှုတ်ဆက်လိုက်ပါတော့တယ်။

            တကယ်တော့ ကျွန်တော် ဘုရင်မကြီးထံ အနီးကပ် ခစားရမယ့်နေရာ ရောက်ဖို့ရာ မရှိပါဘူး။ ကျွန်တော့်ကို အလုပ်ခန့်ထားတဲ့စာ လာစဉ်တုန်းက စားဖိုဆောင်မှာ ပန်းကန်ဆေးတဲ့သူအဖြစ် စတင်တာဝန် ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။ အဲဒီအလုပ်က ကြွေထည် ဖန်ထည်များကို တံတောင်ဆစ်လောက်အထိ မြုပ်တဲ့ ဆပ်ပြာရေထဲမှာ ထည့်ပြီး ဆေးရတဲ့ အလုပ်ပါ။ ဒါပေမယ့် တကယ်တမ်း ကျွန်တော်အလုပ်ဝင်ဖို့ ရောက်သွားတဲ့နေ့မှာ အဲဒီနေရာကို တခြားတစ်ယောက် ခန့်ထားပြီး ဖြစ်သွားတဲ့အတွက် ခြေမြန်တော်တပ်သား တစ်ဦးအဖြစ် လစာစတာလင်ပေါင် ၁၂ဝဝ နဲ့ ခန့်ထားခြင်း ခံခဲ့ရတာပါ။ ဘုရင်မကြီးအပါးမှာ အမြဲတစေ ခစားနေရတဲ့ ခြေမြန်တော်များရဲ့ တာဝန်က ပေါ့ပါးပါတယ်။

            ဝန်ထမ်းများအတွက် ပေးထားတဲ့ အခန်းများက ဟိုတယ်များမှာလို တညီတညာတည်းပါပဲ။ အခြေခံအားဖြင့် လိုအပ်တဲ့ ပစ္စည်းများကို ထည့်သွင်းပေးထားပါသေးတယ်။ အခန်းတိုင်းရဲ့ ထောင့်မှာ လက်ဆေးကြွေဇလုံတစ်ခုရှိပြီး တစ်ယောက်အိပ်ခုတင်၊ အံဆွဲများပါတဲ့ စားပွဲတစ်လုံး၊ အဝတ်ဘီရိုတစ်လုံးနဲ့ အစိမ်းရောင် ခန်းလုံးပြည့် ကော်ဇော ခင်းပေးထားတာပါ။ ပြတင်းပေါက် အမြင့်ကြီးတွေ ရှိတယ်ဆိုပေမယ့် နေ့အလင်းရောင် အနည်းငယ်သာ ဝင်နိုင်တဲ့အတွက် ကျွန်တော်တို့ နေရတဲ့ အခန်းတွေမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ရှိလှပါတယ်။ ကျွန်တော်နေရတဲ့ အခန်းကနေ ကြည့်လိုက်မယ်ဆိုရင် ဘာကင်ဟမ် နန်းတော်ကြီးရဲ့ အဓိက ဝင်ပေါက်ကို မြင်နေရပါတယ်။ ဒီဝင်ပေါက်က ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဘုရင်မကြီးကို တွေ့ဆုံဖို့ လာရောက်ကြတဲ့ နိုင်ငံအကြီးအကဲတွေ ဝင်ကြတဲ့ အပေါက်လည်း ဖြစ်ပါတယ်။ အဲဒီ တံခါးပေါက်နဲ့ မလှမ်းမကမ်းမှာ 'ဘုရင့်တံခါး' လို့ အမည် ပေးထားတဲ့ တံခါးပေါက်တစ်ခုရှိပါတယ်။ ဒီတံခါးပေါက်ကနေ ဝင်ခွင့်ရတဲ့သူများကတော့ ဘုရင်မကြီးထံ သီးခြားလာရောက်တွေ့ဆုံတဲ့ ဧည့်သည်များပါ။ ဥပမာအားဖြင့် အပတ်စဉ် အင်္ဂါ နေ့ညနေတိုင်း ဘုရင်မကြီးရဲ့ လမ်းညွှန်မှုကို လာရောက်နာယူရတဲ့ အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးပေါ့။  

            ဘာကင်ဟမ်နန်းတော်မှာ အခန်းပေါင်း ၆ဝဝ ကျော်ပါဝင်ပါတယ်။ ဒီ အခန်းတွေကို လျှို့ဝှက်တံခါးများနဲ့ ဆက်သွယ်ထားသလို မြေအောက်လမ်းကြောင်းများမှတစ်ဆင့် သွားနိုင်အောင် လည်း လုပ်ထားတာ ရှိပါတယ်။ တကယ်တော့ ဘာကင်ဟမ် နန်းတော်ဟာ ပြင်ပ သာမန်ပုဂ္ဂိုလ်များ မရောက်ဖူးနိုင်တဲ့ သီးခြားကမ္ဘာတစ်ခုဆိုရင် မမှားပါဘူး။ နန်းတွင်းမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေက အင်္ဂလန်နိုင်ငံမှာရှိတဲ့ တခြားအင်္ဂလိပ်လူမျိုးများလို အင်္ဂလိပ်စကားကို ပြောကြတာ မှန်ပေမယ့် သူတို့ပြောတဲ့ အကြောင်းအရာတွေက အပြင်ကလူတွေ ပြောနေကြတဲ့ အကြောင်းအရာတွေနဲ့ လုံးဝကွာခြားပါတယ်။ နန်းတွင်းသားများအတွက် သီးခြားစီစဉ်ထားတဲ့ ရဲစခန်း၊ ၂၄ နာရီ စောင့်ရှောက်နေတဲ့ မီးသတ်တပ်ဖွဲ့၊ စာတိုက်၊ ခွဲစိတ်ကုသခန်း၊  အဝတ်အထည်များကို လျှော်ဖွတ်ပေးတဲ့ ခဝါသည် အဆောင်၊ လျှပ်စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအခန်း၊ လက်သမားများ အခန်း၊ ပိုက်ဆက်သမားများအခန်း စတဲ့ လုပ်ငန်းတာဝန်အလိုက် နေထိုင်ကြရတဲ့ အဆောင်ဆောင် အခန်းခန်းရှိသလို သူတို့အတွက် ဘုရားရှိခိုးဖို့ ဘုရားကျောင်း တစ်ခုလည်း ရှိပါသေးတယ်။ နောက် တစ်ခုကတော့ နန်းတွင်းသားများအတွက် ဘားဆိုင်တစ်ဆိုင်လည်း ဖွင့်ပေးထားပါသေးတယ်။

            တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများအတွက် သတ်မှတ်ထားတဲ့ ရာထူး အခေါ်အဝေါ်များကလည်း ၁၈ ရာ စုနှစ်ကတည်းက သတ်မှတ်ခဲ့တဲ့ အခေါ်အဝေါ်တွေပါ။ အဲဒါတွေအပြင် နန်းတွင်းမှာ တာဝန်ထမ်းဆောင်သူတွေ အတွက် လိုက်နာကြရတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ ကျင့်ထုံးတွေ၊ ရိုးရာ အစဉ်အလာတွေကိုလည်း ဝန်ထမ်းတိုင်း မေ့လို့မရပါဘူး။ ပထမတစ်နှစ် ကျွန်တော်တာဝန်ထမ်းဆောင်စဉ် အိတ်ထဲမှာ စာအုပ်တစ်အုပ်ထည့်ထားပြီး အစစ အရာရာကို ရေးမှတ်ထားရပါတယ်။ လူပုဂ္ဂိုလ်ရဲ့ နာမည်၊ သူ့ရာထူး၊ ဘယ်နေရာကနေ ဘယ်နေရာကို ဘယ်ဖြတ်လမ်း ကသွားရင် ရောက်နိုင်တယ်ကအစ ချပြီး မှတ်ရပါတယ်။ ညစာစားပွဲအတွက် စားပွဲပြင်ဖို့ တာဝန်ကျရင်လည်း ဘယ်ပန်းကန်က ဘယ်နေရာမှာ နေရာချရ မယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်။ အဲဒါတွေကို မှတ်မိအောင် ကျွန်တော်ကတော့ စာအုပ်ထဲမှာ ပုံဆွဲပြီး မှတ်ထား တာပါ။ လင်ပန်းချတာကအစ ပန်းကန်လုံးက ဘယ်နေရာမှာ၊ ပန်းကန်ပြားက ဘယ်နေရာမှာ၊ ဇွန်းကို ဘယ်လိုထားပြီး ခက်ရင်းက ဘယ်နေရာမှာ ရှိရမယ်။ ဆားပုလင်းက ညာဘက်မှာ ထားရမယ်။ ငရုတ်ကောင်းဘူးက ဘယ်ဘက်မှာ ရှိရမယ်။ သကြားပုလင်းထဲမှာ သကြားခဲကလေးတွေ ရှိရမယ်။      ပန်းကန်ပြားတစ်ချပ်မှာ ထောပတ်လုံး ကလေးသုံးလုံးထက် မပိုစေရ။ လက်သုပ်ပဝါ အကောင်းစားကိုလည်း မမေ့မလျော့ ချထားရပါတယ်။

            နန်းတွင်းမှာ နေကြထိုင်ကြ စားကြသောက်ကြတာတွေက ကျွန်တော်တို့ အရပ်သားများနဲ့ တခြားစီပါ။ အစစအရာရာ သူ့စည်းသူ့ကမ်းနဲ့ နေထိုင်လှုပ်ရှားကြတာမို့ သူတို့ရေချိုးခန်းများကလည်း ကျွန်တော်တို့နဲ့ မတူပြန်ပါဘူး။ ကျွန်တော်ရောက်ခါစမှာ ရေချိုးခန်းများ ပြင်ဆင်ဖို့ တာဝန်ကျတော့ ရေပန်းကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဘယ်လိုလုပ်ရမှန်း မသိတာကြောင့် တခြားဝန်ထမ်းများကို မေးယူရတဲ့အထိပါပဲ။

            ကော်ရစ်ဒါတစ်လျှောက်မှာ ပန်းနုရောင် နံရံကပ် စက္ကူများနဲ့ အလှဆင်ထားပြီး သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းများအနေနဲ့ မနက် ၉ နာရီမတိုင်ခင် အမှိုက်စုပ်တဲ့ လျှပ်စစ်စက်များကို အသုံးပြုခွင့် မရှိပါဘူး။ တော်ဝင်မိသားစုများ အိပ်စက်နေတာကို အနှောင့်အယှက် မဖြစ်အောင်လို့ တားဆီးထားခြင်းပါ။ အဲဒီအချိန်မျိုးမှာ သန့်ရှင်းရေး လုပ်မယ်ဆိုရင် တံမြက်စည်းရှည်များနဲ့သာ လှည်းကြရပါတယ်။ ကော်ရစ်ဒါတစ်လျှောက်မှာ ကော်ဇောနီအပြည့် ခင်းထားတယ်ဆိုပေမယ့် နန်းတွင်းမှာ တာဝန်ထမ်းဆောင်ကြသူများအနေနဲ့ အဲဒီကော်ဇောများရဲ့ အလယ်ကနေ လျှောက်ခွင့်မရှိပါဘူး။ ဘေးတစ်ဖက်တစ်ချက်စီကနေသာ လျှောက်ကြရပါတယ်။ အလယ်လမ်းကြောင်းက တော်ဝင်မိသားစုများသာ လျှောက်တဲ့နေရာပါ။ တကယ်လို့များ ကော်ရစ်ဒါမှာ ကိုယ်လျှောက်နေစဉ် တော်ဝင်မိသားစုဝင် တစ်ဦးဦး လျှောက်လာတာတွေ့ရင် ကိုယ်က ရောက်တဲ့နေရာမှာ ရပ်နေရပါတယ်။ ဆက်လျှောက်ခွင့် မရှိပါဘူး။ အသင့်အနေအထားနဲ့ ရပ်နေပြီး ကိုယ့်ရှေ့ရောက်လာချိန်မှာ ဦးညွှတ်အလေး ပြုရပါတယ်။ နှုတ်မှ ဖွင့်ဟနှုတ်ဆက်ဖို့ ခွင့်မပြုပါဘူး။

            ကျွန်တော့် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် နန်းတွင်းအမှုထမ်းကောင်းတစ်ယောက် ပီသဖို့ဆိုတာက ကိုယ့်တာဝန်များကို အမြန်ဆုံးပြီးနိုင်သလောက် ပြီးအောင် ဆောင်ရွက်ရပါမယ်။ ကိုယ်ဆောင်ရွက်တာကို တော်ဝင်မိသားစုဝင်များ မမြင်လေကောင်းလေပါပဲ။ ဒါကြောင့် ဝန်ထမ်းကောင်း တစ်ယောက်ဆိုတာ မှောင်ရိပ်ထဲမှာ နေရတဲ့သူပါ။ သူ့ကို မမြင်လေကောင်းလေပါပဲ။

            ဘုရင်မကြီး စံမြန်းလေ့ရှိတဲ့ Sand ringham House မှာဆိုရင် ဧည့်ခန်းမဆောင်ကြီး ပတ်ပတ်လည်မှာ လူတစ်ယောက်နှစ်ယောက် ဝင်ပုန်းလို့ရတဲ့ ဗီရိုကြီးများ တမင်တကာ ချထားလေ့ရှိပါ တယ်။ မတော်တဆ ဘုရင်မကြီး အပေါ်ထပ်လှေကားက ဆင်းလာချိန်မှာ အပျိုတော်တစ်ဦးဦးက ဒီအခန်းထဲမှာ ရှိနေမယ်ဆိုရင် ဘုရင်မကြီး မမြင်အောင် အဲဒီဗီရိုထဲမှာ ဝင်ပုန်းရပါတယ်။ ဒီဗီရိုများက အပြင်ကိုထွက်နိုင်အောင် လျှိုဝှက်တံခါးများလည်းရှိတဲ့အတွက် ခန်းမထဲကို ပြန်မထွက်သာတဲ့အခါမှာ  အဲဒီတံခါးများက တစ်ဆင့် အပြင်ကို ထွက်ကြရပြီး ခန်းမထဲကို မဖြစ်မနေ ပြန်ထွက်ရမယ်ဆိုရင် တံခါးရွက်ပေါ်ကို နားကပ်ပြီး အပြင်က အသံကို နားစွင့်ရပါတယ်။ ဘာသံမှ မကြားတော့ဘူးဆိုမှ ထွက်ရတာပါ။ ဒီအခန်းထဲမှာ ဧည့်သည်များ ဧည့်ခံပြီးလို့ ထွက်သွားပြီဆိုရင် အပျိုတော်တစ်စုက သန့်ရှင်းရေး လုပ်သူကလုပ်၊ ဖန်ခွက်များ ဆေးသူကဆေး၊ ထိုင်ခုံများ နေရာတကျ ပြန်လုပ် သူကလုပ်၊ ကော်ဇောသန့်ရှင်းရေး လုပ်သူကလုပ် လုပ်ရပါတယ်။

            တော်ဝင်မိသားစုများရဲ့ ညစာစားပွဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့ရာ ကျွန်တော် သုံးလ အနီးကပ် လေ့ကျင့်ရပါတယ်။ မီးဖိုဆောင်ကနေ ယူလာတဲ့ ဟင်းခွက်တစ်ခွက်ဟာ ဘုရင်မကြီး စားတော်ခေါ်မယ့် စားပွဲအရောက် မပူလွန်း မအေးလွန်း အနေအထားမှာ ရှိရပါမယ်။ ဒါဟာ အဓိက တော်တော်ကျပါတယ်။    

            နောက်ထပ် အရေးပါတဲ့ တာဝန်တစ်ခုကတော့ လူစိမ်းဧည့်သည်တစ်ယောက် အိပ်တဲ့အခန်းထဲမှာ သူမသိအောင် တိတ်တိတ်ကလေး စောင့်ရတဲ့ တာဝန်ပါပဲ။ ဒီပညာကို တတ်မြောက် အောင် ကျွန်တော့်ဆရာ မာတင်ဘတ်က သင်ကြားပေးခဲ့တာပါ။ နန်းတော်တွင်းမှာ ဘယ်သူ့မှ နှိုးစက်သုံးခွင့် မရှိပါဘူး။ နှိုးဖို့အချိန်ကျပြီဆိုရင် နှိုးရမယ့် ဝန်ထမ်းက သူ့သခင်၊ သို့မဟုတ် သခင်မ နိုးလာအောင် နည်းလမ်းတစ်ခု ကျင့်သုံးရပါတယ်။ မာတင် ကျွန်တော့်ကို သင်ပေးတဲ့နည်းလမ်းကတော့    လက်ဖက်ရည် ကျကျတစ်ခွက်၊ သို့မဟုတ် အနံ့ပြင်းပြင်းရတဲ့ လိမ္မော်ရည်တစ်ခွက်ကိုဖျော်ပြီး ကိုယ်နှိုးရမယ့် သခင် သို့မဟုတ် သခင်မရဲ့ လက်တစ်ကမ်းမှာ ချထားရပါတယ်။ လက်ဖက်ရည်နံ့ သို့မဟုတ် လိမ္မော်ရည်နံ့ရပြီး နိုးလာစေမယ်ပေါ့။ အဲဒီနည်းနဲ့မှ ကိုယ်နှိုးရမယ့်သူက နိုးမလာဘူးဆိုရင်  နောက်ဆုံးနည်းကို ကျင့်သုံးရပါမယ်။ အဲဒီနည်းကတော့ အခန်းပတ်လည်မှာ ကာရံထားတဲ့ လိုက်ကာများ ဖယ်ရှားလိုက်ခြင်းအားဖြင့် နေရောင်ခြည် ဝင်လာစေပြီး အိပ်ပျော်နေသူကို နိုးသွားစေ ခြင်းပါပဲ။ နောက်ဆုံးနည်းကို ကျွန်တော်ကတော့ သိပ်သဘောမတွေ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိုက်ကာဖယ်ပြီးရင် ကိုယ်ကအခန်းထဲမှာ အရုပ်တစ်ရုပ်လို ရပ်ပြီး သူ့အမိန့်ကို နာခံဖို့ စောင့်ရဦး မှာကိုး။

            ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး နန်းတက်တဲ့ ငွေရတု အထိမ်းအမှတ်ပွဲ ကျင်းပဖို့ ပြင်ဆင်ကြတဲ့အခါ တစ်သက်လုံး သက်သက်သာသာ နေခွင့်ရခဲ့ကြတဲ့ နန်းတွင်းသူ၊ နန်းတွင်းသားတို့မှာ နေ့စဉ်နဲ့အမျှ ဧည့်ခံပွဲများ၊ ကပွဲများနဲ့ ပင်ပင်ပန်းပန်း လုပ်ကြရပါတော့တယ်။ အဲဒီလို သမိုင်းဝင်ပွဲကြီး ကျင်းပတဲ့အချိန်မှာ ကျွန်တော်က ရာထူးငယ်သေးတဲ့အတွက် အဓိက အခန်းကဏ္ဍ တစ်နေရာကမှ ပါဝင်ဆောင်ရွက်နိုင်ခွင့် မရခဲ့ပါဘူး။ ပွဲတော်ကျင်းပတဲ့ ဇွန်လအတွင်း ကျွန်တော့်အခန်းကနေ ကြည့်လိုက်တဲ့အခါမှာ တတိယမြောက် ဂျော့ဘုရင် ဘိသိက်ခံယူစဉ်တုန်းက စီးခဲ့တဲ့ ရွှေရထားကို ဘုရင်မကြီးက စီးတော်မူပြီး သူဘိသိက်ခံယူစဉ်တုန်းက ကျင်းပခဲ့တဲ့ St.Paul Cathedral ဘုရားကျောင်းကြီးဆီကို ထွက်တော်မူပါတယ်။ အဲဒီအခါမှာ လမ်းဘေးဝဲယာမှာ စောင့်ဆိုင်းနေကြတဲ့   ပြည်သူပြည်သားများရဲ့ သြဘာသံများဟာ နန်းတွင်းမှာ ကျန်ရစ်ခဲ့တဲ့ သူများဆီရောက်အောင် ပဲ့တင်ထပ်ခဲ့ပါတယ်။ 

            ဒီရထားကို ဘုရင်မကြီး စီးတော်မူတာ ဒုတိယအကြိမ်သာဖြစ်ပါတယ်။ အပြင်ပန်းအားဖြင့် အင်မတန်လှပပေမယ့် အတွင်းမှာ စီးနင်းလိုက်ပါရတဲ့သူအဖို့ မသက်မသာ ရှိလှပါတယ်။  ပထမတစ်ကြိမ်စီးစဉ်က ၁၉၅၃ ခုနှစ်ကပါ။ အဲဒီတုန်းက ဘိသိက်ခံပွဲအတွက် စီးနင်းခဲ့တာပေါ့။ ဘုရားကျောင်းက ပြန်လာချိန် Cocktail ပွဲမှာ ဘုရင်မကြီးက 'အဲဒီရထားစီးရတာ ဘယ်လောက် မသက်သာသလဲဆိုတာ ကြာတော့မေ့နေတာလေ' လို့ ပြောသံ ကြားခဲ့ရပါတယ်။

            အဖြူရောင် ဖဲကြိုးများမှာ တပ်ဆင်ထားတဲ့ ငွေတံဆိပ်များကို ၁၉၇၇ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ လုပ်သက်တစ်နှစ်ပြည့်သူများအထိ ဘုရင်မကြီး ကိုယ်တိုင် အပ်နှင်းချီးမြှင့်ပါတယ်။ ခြေမြန်တော်များထဲမှာ ကျွန်တော်တစ်ယောက်သာလျှင် လုပ်သက် ခြောက်လပဲ ရှိသေးတဲ့အတွက် အဲဒီတံဆိပ် မရခဲ့ပါဘူး။ ခြေမြန်တော်တပ်သားအဖြစ် ကျွန်တော် နောက်ထပ်ဘယ်လောက်ကြာအောင် နေရဦးမလဲဆိုတာ မတွေးတတ်ပါဘူး။

            ဒါပေမယ့် ကံကြမ္မာ အလှည့်အပြောင်းနဲ့ ကြုံလာတော့ ကျွန်တော် ကြာကြာမစောင့်လိုက်ရပါဘူး။

ဆက်လက်ဖော်ပြပါမည်။

ဝင်းငြိမ်း

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။