နိုင်ငံတကာ ရုပ်ရှင်

တွမ်ခရုစ်ကို ခေါင်းညိတ်လိုက်တဲ့ ကောင်မလေး

ရီတာအောင်(NY)

01 May 2025
တွမ်ခရုစ်ကို ခေါင်းညိတ်လိုက်တဲ့ ကောင်မလေး
Share to

             ပြင်သစ်နိုင်ငံရှိ Eiffel Tower ပေါ်၌ ဇွန်လ ၁၇ ရက် မနက်ခပ်စောစောတွင် မင်းသားချော Tom Cruise က သူ့ချစ်သူ Katie Holmes အား လက်ထပ်ခွင့် တောင်းခဲ့သည်။ ကောင်မလေးက 'Yes' လို့ အဖြေပေးလိုက်ရာ နာရီပိုင်းအတွင်း တွမ်က ကမ္ဘာတစ်လွှားရှိ ပရိသတ်နှင့် စာနယ်ဇင်းပေါင်းစုံ၊ သတင်းဌာနအားလုံးသို့ တရားဝင်ကြေညာပစ်ခဲ့သည်။

            တွမ်က ၄၂ နှစ်၊ ကောင်မလေး ကေတီက ၂၆ နှစ်မို့ တချို့က အသက်ကွာဟမှုကို လက်ညှိုးထိုးကြသည်။ တချို့ကလည်း တွမ်ရဲ့ ချစ်သူဟောင်း ပီနယ်လိုပီနှင့် သဘောမတူခဲ့၍ ချစ်သူသစ်ကလေးနှင့် သတင်းကို ဝမ်းပန်းတသာလက်ခံကြသည်။ တွမ်နဲ့ ကေတီ ချစ်သူ တွေဖြစ်နေကြောင်း ကေတီ၏ ပြောရေးဆိုခွင့်ရှိသူ တွမ်၏ အစ်မ Lee Anne Devette မှ ဝန်ခံ ဖွင့်ပြောခဲ့သည်။ ကေတီရဲ့ ဖခင် ရှေ့နေကြီး Martin Holmes ကတော့ ၎င်းရဲ့သမီးနဲ့ တွမ်တို့ စီးပွားရေးကိစ္စ တွေ့ဆုံပွဲတစ်ခုမှာ စတင်တွေ့ခဲ့ကြပြီး ထိုအချိန်မှစ၍ သူတို့ ချစ်ဇာတ်လမ်း ဖြစ်ခဲ့တာဟု သတင်းထောက်တွေအား ပြောပြခဲ့သည်။

            ဒါရိုက်တာ Steven Spielberg ရိုက် ကူးထားတဲ့ War of the Worlds ရုပ်ရှင်တွင် တွမ်ပါဝင်သည်။ အီတလီနိုင်ငံ သမ္မတ Carlo Azeglio Ciampi က ကျင်းပသည့်ပွဲသို့ တွမ်အား ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဖိတ်ကြား၍ တွမ်က ချစ်သူကိုပါ ခေါ်ဆောင်သွားသည်။ Rome မြို့တွင် တစ်ည ဒေါ်လာ ၄ဝဝဝ နီးပါးပေးရသော Hotel Hassler ၏ အပေါ်ဆုံးထပ် The Presidential Penthouse Suite ၌ တည်းခိုကြသည်။ တွမ်က ၎င်းနေရာသို့ ဒုတိယဇနီး Nicole Kidman နှင့် ရည်းစားဟောင်း Penelope Cruz တို့ကိုလည်း အမြဲတမ်း ခေါ်ဆောင်လာလေ့ရှိသည်။ ဒါ့အပြင် တွမ်တို့ စားနေကျ Nino စားသောက်ဆိုင်သို့လည်း ကေတီကို ခေါ်သွားသည်။ စားပွဲထိုး လူငယ်က 'Pasta နဲ့ Artichokes ကို တွမ်က မှာစားတယ်။ တွမ့်ချစ်သူက ဟင်းသီးဟင်းရွက်ပဲ မှာစားတယ်။ သူတို့ စားနေတဲ့အချိန် တစ်လျှောက်လုံး စားသောက်ဆိုင်အပြင်မှာ တွမ့်ပရိသတ်တွေ အပြည့်ပဲ။ တွမ့်နာမည် အော်ခေါ်နေကြတယ်။ တွမ်ကတော့ ပြုံးပြုံးပဲ။ စားပြီး ကားပေါ်ပြန်တက်ခါနီး သူ့ပရိသတ်ကို လက်ပြနှုတ်ဆက်သွားတယ်' ဟု ပြောပြပါတယ်။

            အီတလီ သမ္မတနှင့် ညစာစားပြီး ထိုမြို့၌ ကျင်းပသော The David di Donatello Awards ဆုပေးပွဲကို နောက်တစ်နေ့၌ တက်ရောက်ရာတွင် တွမ်အား တစ်သက်တာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်း ခံရသည်။ ယင်းဆုပေးပွဲကား အီတလီနိုင်ငံ၏ အော်စကာဆု ချီးမြှင့်ပွဲပင် ဖြစ်သည်။ ယင်းပွဲတွင် ကေတီဝတ်ဖို့ တွမ်က အကျော်အမော် ဒီဇိုင်းနာ Giorgio Armani ထံမှ ညနေခင်းဝတ်စုံ ပေါင်း ၄ဝ၊ ဟိုတယ်ခန်းသို့ သယ်ဆောင်လာစေသည်။ တွမ်နှင့် ကေတီ စိတ်ကြိုက်ရွေး၍ ဝတ်ဆင်ဖို့ပင်။

            ဒါ့အပြင် တွမ်က ၎င်းတို့ အခန်းထဲ၌ အနီရောင် နှင်းဆီပန်းများနှင့် အဖိုးတန်ရတနာ ပစ္စည်းလက်ဆောင်များ ပြင်ဆင်ခင်းကျင်းထားဖို့ တောင်းဆိုခဲ့သည်။ ဟိုတယ်မှ တာဝန်ရှိပုဂ္ဂိုလ်က 'တွမ်က ကျွန်တော်တို့ကိုခေါ်ပြီး အစစအရာရာ တိတိကျကျ မှန်မှန်ကန်ကန် သူမှာတဲ့အတိုင်း လုပ်ဖို့ ဖုန်းဆက်သတိပေးထားတယ်။ သူက ဟိုတယ်ခန်းကို ကြည်နူးမှုအပြည့် ပျော်ဝင်နေမယ့် Romantic Atmosphere ရှိစေချင်တယ်တဲ့။ အခန်းကြီးထဲမှာ အိပ်ခန်း၊ ဧည့်ခန်းနဲ့ ထမင်းစားခန်း သုံးခန်းပါလို့ သူလိုချင်တဲ့ နှင်းဆီနီတွေ အများကြီး ရှာခဲ့ရတယ်'လို့ ဆို၏။

            US မဂ္ဂဇင်း၌ အင်တာဗျူးစဉ်က ကေတီက သူမငယ်ဘဝမှာ တွမ်ပါဝင်သော Risky Business ရုပ်ရှင်ကို ကြည့်ရကတည်းက တွမ် အပေါ် စွဲလမ်းချစ်ခင်မှု ဖြစ်ခဲ့ပါသတဲ့။ အဲဒီတုန်းက ကေတီမှာ အသက် ၄ နှစ်အရွယ်သာ ရှိသေးသည်။ ပြီးတော့ ကေတီက 'အပျိုမလေးတွေက ငါတို့မင်္ဂလာဆောင်ရင် ဆိုတဲ့ စိတ်ကူးယဉ် အတွေးရှိကြပါတယ်။ ကျွန်မကတော့ တွမ်နဲ့လက်ထပ်မယ်လို့ချည်း စိတ်ကူးယဉ်ခဲ့မိတယ်' တဲ့။ ကေတီက Dawson's Creek ရုပ်သံ ဇာတ်လမ်းတွဲများတွင် ပါဝင်ကာ အတော်အသင့် နာမည်ကျော်ကြားသူလေးဖြစ်သည်။ လက်ရှိ ကေတီက Batman Begins ဆိုတဲ့ ရုပ်ရှင်တွင် Christian Bale နှင့်အပြိုင် သရုပ်ဆောင်ထားသည်။ သူမကိုယ်ကို မင်္ဂလာပွဲ ဆင်နွှဲသည်အထိ အပျိုစင်ဘဝကို စောင့်ထိန်းမည်ဟု ဆိုထား၍ ဟောလိဝုဒ်မှ အဖိုးတန်ရှားပါးပစ္စည်းလေးဖြစ်သည်။  သူမကိုယ်၌ကလည်း 'ကျွန်မဘဝက ပျင်းစရာကောင်းပါတယ်။ လှုပ်လှုပ်ခတ်ခတ် ဇာတ်လမ်းတွေ ဆင်ချင်ရင်တော့ ကျွန်မက ဒီလိုအစားထဲက မဟုတ်ဘူး' ဟု ပြောဖူးသည်။

            တွမ်ထက် ၁၆ နှစ်ငယ်သော ကေတီအဖို့ တွမ်မှာ တတိယ ရည်းစားပင်။ သူမ Dawson's Creek ရုပ်သံဇာတ်လမ်းတွင် တွဲဖက်ခဲ့သူ မင်းသား Joshua Jackson နှင့် ချစ်သူဖြစ်ခဲ့ပြီး American Pie ရုပ်ရှင်မှ မင်းသား Chris Klein နှင့် စေ့စပ်ခဲ့ဖူး၏။ တွမ်နှင့်ယှဉ်လျှင် ချစ်ရေးချစ်ရာ အမှု့ကိစ္စများ မရှုပ်ထွေးလှပေ။ တွမ်ကတော့ Mimi Rogers (၄၉ နှစ်)ဆိုသော ပထမဇနီး၊ Nicole Kidman ဆိုသော ဒုတိယဇနီးများ ရှိခဲ့သည်။ ဒါ့အပြင် စပိန်မင်းသမီး ပင်နီလို့ပ်နှင့်လည်း သုံးနှစ်ခန့် ချစ်သူတော်ခဲ့သည်။ ချစ်သက်တမ်း မရှည်ကြာသော ပွစိပွစိ ဇာတ်လမ်းလေးတွေကလည်း တစ်ပုံတစ်ပင်ရှိပြီး အသက် ၁၂ နှစ်အရွယ် သမီး Isbella နှင့် ၁ဝ နှစ်အရွယ် သား Conor တို့ကိုလည်း မွေးစားထားသည်။

            အသက်အရွယ် ကွာဟမှုနှင့် ပတ်သက်၍ ကေတီ၏ မိဘနှစ်ပါး Martin နှင့် Kathleen က အပြစ် လုံးဝမပြောပေ။ ဖခင် မာတင်က 'သမီးအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ သူက အရွယ်ရောက် မိန်းကလေးတစ်ဦး။ သူ့ပခုံးနှစ်ဖက်ကြားမှာ တွေးခေါ်နိုင်တဲ့ ခေါင်းတစ်လုံးပါပြီးသား။ တွမ် နဲ့ ပတ်သက်လို့ ဖတ်ဖူး၊ ကြားဖူးသမျှသူက လူသားစိတ် အပြည့်အဝရှိတယ်။ အဆင့်အတန်းလည်း ရှိတယ်။ မိဘဆိုတဲ့ အမြင်ဘက်ကကြည့်ရင် သူတို့ နှစ်ဦးစလုံးအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေမိပါတယ်'တဲ့။

            အီတလီနိုင်ငံ Rome မြို့၌ စုံတွဲ ခုတ်ပြီးနောက် နာမည်ကျော် အင်တာဗျူးသမား Oprah Winfrey Show တွင် တွမ်က ကေတီကို လက်ထပ်ယူမည့်အကြောင်း ဖွင့်ဟပြောခဲ့သည်။ တွမ်က တော်ရုံတန်ရုံ အင်တာဗျူး၌ သူ့ ကိုယ်ရေးကိုယ်တာများ ဖွင့်ချလေ့မရှိပေ။ အင်တာဗျူး၌ အိုပရာဝင်းဖရေးက ကေတီအကြောင်း မေးရုံနှင့်ပင် တွမ်က ဆိုဖာပေါ်မှာ မြောက်ကြွ၊ မြောက်ကြွနှင့် ဂနာမငြိမ်တော့။ အားမလို အားမရဖြစ်ကာ လေထဲကို လက်သီးထိုးလိုထိုး၊ ဆိုဖာအောက်ဆင်းကာ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်လိုထိုင်နှင့် မျောက်အုန်းသီးရသလို ဖြစ်၍နေသည်။ အိုပရာကပင် ဘာဖြစ်နေတာတုံးလို့ မေးရသည့်အထိပင်။ တွမ်က  I'm in Love! I'm in Love! လို့ အော်တော့သည်။ အင်တာဗျူးခန်း ရိုက်ကူးနေရာသို့ ပရိသတ်အနည်းငယ် ဖိတ်ကြားလေ့ရှိရာ ရုပ်ရှင်စတားများနှင့်လည်း အပြန်အလှန် ပြောခွင့်ရှိသည်။

            ပရိသတ်ဘက်သို့ လှည့်ကာ ပြုံးစိစိနှင့် 'ကျွန်တော်စိတ်အေးအေးထားလို့ မရတော့ဘူး။ စိတ်မချနိုင်တော့ဘူး။ ကျွန်တော့်ရင်ထဲမှာ တစ်စုံတစ်ခု ဖြစ်နေတယ်။ အောင်ပွဲတစ်ခုခု ကျင်းပလိုက် ချင်တယ်။ ကေတီအတွက် တစ်ခုခု လုပ်ပေးချင်တယ်။ ကေတီဟာ ကျွန်တော့်ရဲ့ ထူးခြားတဲ့ မိန်းကလေးတစ်ဦးပါ' ဟုပြောသည်။ အိုပရာကလည်း 'ကောင်လေးတော့ သွားရှာပြီ' ဟု ဝင်နောက်သေးသည်။ ကေတီကလည်း သူ ငယ်ငယ်ကတည်းက တွမ့်အပေါ် စိတ်ကူးယဉ်စွဲလမ်းခဲ့မှုကို ဖွင့်ပြောရင်း အဲဒီလို စိတ်ကူးအကြီးကြီးယဉ်မိမှုအတွက် သူပျော်နေတယ်' ဟု ဝန်ခံခဲ့သည်။ ပရိသတ်က တွမ်အား 'ကေတီ' 'ကေတီ' နှင့် ဝိုင်းသြဘာပေး၍ တွမ်က ကေတီ့ကို နမ်းပြရသေးသည်။ တွမ်ကော ကေတီပါ အားကစား ဝါသနာပါသည်။ ကေတီက တစ်ပတ်လျှင် သုံးကြိမ်မျှ အပြေးလေ့ကျင့်လေ့ ရှိသည်။ သူတို့နှစ်ဦးအတူ Scuba ဒိုက်ဗင်ခရီး၊ ပင်လယ်ကမ်းခြေ၌ မော်တော်ဆိုင်ကယ် မောင်းခြင်းတို့ကို နှစ်သက်သည်။ ဇွန်လ ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံ အီဖယ်မျှော်စင်ပေါ်၌ တွမ်တောင်းသည့် လက်ထပ်ခွင့်ကို ခေါင်းညိတ်လိုက်သော ကေတီက 'ကျွန်မ ဒီအီဖယ် မျှော်စင်ပေါ် တစ်ခါမှ မရောက်ဖူးဘူး။ ပြီးတော့ ပဲရစ်(စ) မြို့ကြီးမှာ ရောက်နေရတော့ သိတယ်မှုတ်လား။ အရမ်းလှတဲ့မြို့ကြီး၊ ကြည်နူးစရာ အရမ်းလည်း ကောင်းနေတော့ ကျွန်မလည်း စိတ်တွေ လှုပ်ရှားမိတာပေါ့' ဟု ဝန်ခံသည်။

            တွမ့်ဘက်ကလည်း ထိုနည်း၎င်းပင်။ ဒီနေ့ ကျွန်တော့်အတွက် ထူးခြားတဲ့နေ့ပဲ။ ကျွန်တော် ထူးခြားတဲ့ အမျိုးသမီးလေးနဲ့ စေ့စပ်လိုက်ပြီလို့ ကြေညာသေးသည်။ ထို့အပြင် 'ကျွန်တော် တစ်ညလုံး မအိပ်ရသေးဘူး။ မနက်အစောကြီး အီဖယ်မျှော်စင်ပေါ်တက်ပြီး ကေတီ့ကို လက်ထပ်ခွင့်တောင်းတာ'လို့ ဆိုသည်။ တွမ့် ရုပ်ရှင်သစ်ဖွင့်ပွဲအခမ်းအနားအတွက် ပြင်သစ်ပြည် ပဲရစ်(စ)သို့ ချစ်သူနှစ်ဦး ရောက်ရှိနေခြင်းဖြစ်သည်။ တွမ့်အတွက် တတိယအိမ်ထောင်ဖြစ်ကာ၊ ကေတီအဖို့ ပထမဆုံးအကြိမ် ဖြစ်သည်။

            သတင်းထောက်များက မင်္ဂလာပွဲ ဘယ်တော့လောက် ကျင်းပမှာလဲဆိုတော့ တွမ်က 'ရက်မရွေးရသေးပါဘူး၊ ကေတီနဲ့ မတိုင်ပင်ရသေးပါဘူး၊ တစ်ဆင့်ပြီးမှ တစ်ဆင့်ပေါ့ဗျာ' လို့ ဖြေလေသည်။

ရီတာအောင်(NY)        

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။