ရွှေသုတ‌

ခရီးသည်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန် အပိုင်း (၂)

မြင့်သန်း

01 May 2025
ခရီးသည်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန် အပိုင်း (၂)
Share to

             ဘိုင်ရွန် အသက်နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီး မကြာခင် The Corsair  ကဗျာ ပုံနှိပ် ထုတ်ဝေလိုက်သည်။ ပထမရက်အတွင်း အုပ်ရေတစ်သောင်း ရောင်းချလိုက်ရပြီး တစ်လအတွင်း အုပ်ရေ နှစ်သောင်းငါးထောင် ရောင်းရသည်။ ပထမလ အတွင်းမှာပင် ခုနစ်ကြိမ်ပြန်လည် ရိုက်ထုတ်ရသည်။ အင်္ဂလိပ်စာပေလောကတွင် အကျော်ဒေးယျဖြစ်လာကာ ခါထုတ်ရလောက်အောင် မိန်းမလှများ ဝိုင်းလာတော့သည်။ အော်ဂတ်စတာကမူ အစ၌ ဘိုင်ရွန်ကို အန်မေး(လ)ဘဲင့်နှင့် ယူရန် အကြံပေးသည်။ သူတို့မောင်နှမအပေါ် နားလည်မည့်သူဟု အော်ဂတ်စတာကထင်သည်။ အန်မှာ သင်္ချာပညာကို လိုက်စားသူဖြစ်ပြီး ကဗျာဝါသနာပါသော ဉာဏ်ရည်ကောင်းသည့် မိန်းကလေး တစ်ဦးဖြစ်သည်။ သို့သော် စွာသည်။ လော့(ဒ)ဘိုင်ရွန်ကို ယူလိုခြင်းမှာ ဂုဏ်အတွက်ဖြစ်သည်။ သူ့အကြောင်းကို ရိပ်မိလာသည်နှင့် အော်ဂတ်စတာက ဘိုင်ရွန်ကို သူမသူငယ်ချင်းဖြစ်သူ လေဒီရှားလက် လီဗီဆန်ဂေါင်ဝါ Lady Charlotte  Leveson Gower  နှင့် စပ်တော့သည်။ သို့ရာတွင် ၁၈၁၄ ခု၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ဘိုင်ရွန်က အန်ထံစာရေး၍ လက်ထပ်ခွင့်တောင်းရာ၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လက်ထပ်ရန် သဘောတူကြောင်း ပြန်စာရရှိသည်။ လော့(ဒ)ဘိုင်ရွန် အနေဖြင့် အံ့သြသင့်ရတော့၏။ အကြောင်းမှာ ပထမအကြိမ် လက်ထပ်ခွင့် တောင်းခဲ့စဉ်က အန်က လက်မခံခဲ့သောကြောင့် ဖြစ်သည်။ လေဒီမဲလ်ဘန်းခမျာမှာလည်း အတော်ပင် ဘဝင်ကျစရာ ဖြစ်ခဲ့ရသည်။

            ၁၈၁၅ ခု၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘိုင်ရွန်နှင့် အန်မေး(လ)ဘဲင့်တို့ လက်ထပ်ကြပြီး ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် သမီးကလေးတစ်ဦး ဖွားမြင်ခဲ့ရာ အဒါ Ada ဟု အမည်ပေးကြသည်။ ဘိုင်ရွန်နှင့် အန်တို့ လက်ထပ်ပြီးမကြာမီ ဧပြီလထဲတွင် အန်၏ ဖခင်လော့(ဒ)မေး(လ)ဘဲင့်မှာ ကွယ်လွန်သွားရာ ဖခင်ဘက်မှ မိသားစုအမည်ဖြစ်သော မေး(လ)ဘဲင့်အမည်မှ မိခင်ဘက်မှ မိသားစုအမည် နိုအလ် Noel ကို ပြောင်းယူလိုက်ကြသည်။ (တချို့သော ပညာရှင်တို့၏ အရေးအသားများထဲတွင် ဘိုင်ရွန်၏ အမည်ကို George Gordon Noel Byron ဟု ရေးသားတတ်ကြသည်)။ သမီးကလေး အဒါကို မွေးဖွားပြီးနောက် မကြာမီ ဇန်နဝါရီလအတွင်းမှာပင် ဘိုင်ရွန်နှင့် အန်တို့ အတူမနေကြတော့။ ဘိုင်ရွန်က လန်ဒန်တွင်ပင် နေထိုင်ပြီး အန်နှင့် သမီးကလေးမှာ သူ၏ မိဘများနေထိုင်ရာ လက်စတာရှိုင်းယား Leicestershire ရှိ နေအိမ်သို့ ပြန်၍ နေထိုင်ကြတော့သည်။ အန်က ဘိုင်ရွန်တစ်ယောက် ရူးသွပ်နေချေပြီဟု မြင်လာသည်။ ဘိုင်ရွန်ကလည်း အန်မှာ သူ့အပေါ် မယုံမကြည် ဖြစ်နေသည်။ သူ့စာများ ဖောက်ဖတ်သည်။ သူ့စာရေးစားပွဲကို ဖွင့်၍ မွှေနှောက်ရှာဖွေသည်ဟု သူ့အစ် မအော်ဂတ်စတာထံ စာရေး၍တိုင်သည်။ အန်က ဘိုင်ရွန်မှာ သူ့ကိုယ်သူ အဆုံးစီရင်လိမ့်မည်ဟု ထင်မိလာသည်။  ဆရာဝန် ဘေလီအား ဘိုင်ရွန်၏ အခြေအနေ အကဲဖြတ်ပေးရန်း တိတ်တဆိတ် အကူအညီတောင်းလေသည်။ နှစ်ဖက်သော မိတ်ဆွေများ ကြားဝင်သော်လည်း မရတော့။ သို့ဖြင့် မတ်လ ၁၇ ရက် နေ့တွင် ဘိုင်ရွန်နှင့် အန်မေး(လ)ဘဲင့်တို့ ကွာရှင်းပြတ်စဲရန် သဘောတူကြပြီး ဧပြီလ ၁၇ ရက်နေ့တွင် တရားဝင် ကွာရှင်းလိုက်ကြတော့သည်။

            ထိုစဉ်က ဘိုင်ရွန်ရေးစပ်ခဲ့သော ကဗျာများမှာ 'Fare Thee Well'  နှင့် 'A Sketch' အမည်ရှိ ကဗျာများဖြစ်ပြီး စင်စစ် 'နှုတ်ဆက်ခဲ့ပါတယ်' 'Fare Thee Well' ကဗျာမှာ ဘိုင်ရွန်က အန်မေး(လ)ဘဲင့်ထံ ရေးလိုက်သော နောက်ဆုံးစာ၏ အဆုံးတွင် တွဲထည့်ပေးလိုက်သော ကဗျာဖြစ်သည်။ အန်က စာမပြန်တော့။ သို့သော်လည်း ဘိုင်ရွန်ထံတွင် လက်ခံမူတစ်ခု ရှိနေခဲ့ရာ ၎င်းမူကို သူ၏ အပေါင်းအသင်း အသိုင်းအဝိုင်းကြားတွင် ဖတ်ရှုနိုင်ကြရန် စောင်ရေ ငါးဆယ်မျှသာ ပုံနှိပ်ခဲ့သည်။ 'ပုံကြမ်း' 'A Sketch' ကဗျာမှာ အန်မေး(လ)ဘဲင့်ကို ငယ်စဉ်က ထိန်းကျောင်းပေးခဲ့သော မစ်စစ်ကလဲမောင့် ဆိုသူ အမျိုးသမီးကြီးအား တိုက်ခိုက်ထားသော ကဗျာဖြစ်သည်။ အထိမ်း မတတ်သဖြင့် အန်မှာ သွေးအေးလှသည် (ခံစားချက်မရှိ) ဟု ဆိုခဲ့သည်။ ထိုကဗျာနှစ်ပုဒ်စလုံးမှာ ဘိုင်ရွန်တို့ လင်မယားကြား ဝင်ရောက်စေ့စပ်ပေးခဲ့သော ဟင်နရီဘရောက်ဟမ် (ရှေ့တွင် ဖော်ပြခဲ့သော ၁၈ဝ၈ခု၊ ဇန်နဝါရီလထုတ် အီဒင်ဗာရီဗျူး Edinburgh Review တွင် ဘိုင်ရွန်၏ အရေးအသား ပိုးစိုးပက်စက် ဝေဖန်ခဲ့သူ) ဆိုသူ လက်အတွင်း ကျရောက်သွားခဲ့ပြီး ၎င်းက သည်ချန်ပီယံ The Champion အမည်ရှိ သတင်းစာတွင် ဧပြီလ ၁၄ ရက်၊ ၁၈၁၆ ခုနှစ်တွင် ပုံနှိပ်ဖော်ပြစေခဲ့သည်။ ထိုကဗျာများကို ဖတ်ရှုကြပြီးနောက် ဖတ်ရှုသူ အတော်များများက ဘိုင်ရွန့်အပေါ် ကရုဏာ သက်ရမည့် အစား အန်အပေါ်သို့ ကရုဏာသက်ကုန်ကြသည်။ ထိုကဗျာနှစ်ပုဒ်စလုံးကို တရားဝင် ခွင့်ပြုချက်မရဘဲ ဧပြီလ ၂၁ ရက်နေ့ထုတ် သည်အိပ်ဇင်မနား The Examiner တွင် ထပ်မံ ပုံနှိပ်ဖော်ပြပြန်သည်။ 'နှုတ်ဆက်ခဲ့ပါတယ်' ကဗျာကို ဘိုင်ရွန်က အန်ထံ ပေးပို့စဉ်ကမူတွင် အစ၌ ကော်လာရစ်(ချ)၏ ခရစ်တဗလ် Christabel ကဗျာမှ စာပိုဒ်ကို ကိုးထားခြင်းမပါ။ ၁၈၁၆ တွင် ပုံနှိပ်သောမူတွင်သာ ပါသည်။ တစ်နည်းဆိုသော် 'နှုတ်ဆက်ခဲ့ပါတယ်' ကဗျာမှ ဖွင့်ဟပြလိုက်သော ဘိုင်ရွန်၏ ကိုယ်ရေး မှတ်တမ်းတစ်ခုနှင့် တူသည်။

            မကြာမီအတွင်းမှာပင် ဥရောပ တစ်ခွင်လုံးသို့ ဘိုင်ရွန် ခရီးထွက်ခဲ့သည်။ ဘိုင်ရွန်နှင့်အတူ ဆရာဝန် ဂျောန်ပလီဒေါ်ရိ John Palidori, ဘိုင်ရွန်၏ လက်ရုံးတော်သား ဝေလျာမ်ဖလက်ချာ (ယခင် ခရီးစဉ်တွင် ပါဝင်ခဲ့သော လက်ရုံးတော်သား)နှင့် ဘာဂါအမည်ရှိ ဆွစ်လူမျိုး အစေခံတို့ ပါဝင်သည်။  ဧပြီလ ၂၃ ရက်နေ့တွင်ပင် အင်္ဂလန်နိုင်ငံ အရှေ့ဘက်ကမ်းရှိ ဒိုဗာ Dover သို့ ထွက်ခွာလာကြသည်။ ရွက်လွှင့်၍ သွားရသော ကာလဖြစ်သဖြင့် လေကို စောင့်ကြရစဉ် ဧပြီလ ၂၄ ရက်နေ့  ညနေဘက်တွင် ချား(လ)ချာချေ(လ) Charles Churchill  (၁၇၃၁-၆၄) ၏ အုတ်ဂူကို သွားရောက်ကြည့်ရှုခဲ့ရင်း 'Lines on Churchill's Grave' ကဗျာကို ရေးစပ်ခဲ့သေးသည်။ (ဘိုင်ရွန်သည် ချာချေ(လ) ၏ Rosciad ကဗျာကို သဘောကျခဲ့သူဖြစ်ပြီး သူရေးခဲ့သော ‘English Bards and Scoth Reviewers’ မှာ အဆိုပါ အရေးအသားတွင် အခြေတည်ခဲ့သည်ဟု ဆိုနိုင်သည်)။ ဧပြီလ ၂၅ ရက်နေ့တွင် အင်္ဂလိပ်ကမ်းခြေမှ ထွက်ခွာပြီး  ခရီးလှည့်ခဲ့ရာ တစ်လအကြာ မေလ ၂၅ ရက်နေ့တွင် ဂျနီဗာသို့ ရောက်ခဲ့တော့သည်။ ဂျနီဗာရှိ ဟိုတယ်တစ်ခုတွင် ကဗျာဆရာ ရှယ်လီ Percy Bysshe Shelley (၁၇၉၂-၁၈၂၂)၊ မေရီဂွဒ်ဝင် Mary Goodwin (မေရီဂွဒ်ဝင်မှာ ရှယ်လီ၏ ဒုတိယဇနီးဖြစ်သည်။ မေရီရှယ်လီဟူ၍လည်းတွင်သည်။ ၁၈၁၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သော ဖရက်ကင်စတိန်း သို့မဟုတ် ခေတ်သစ် ပရိုမီးသီးယပ်စ Frankenstein, or, The Modern Promethus ကို ရေးသားခဲ့သူ ဖြစ်သည်)နှင့် ဂျိန်းကလယ် ကလဲ မော့(န) Jane 'Claire' Clairmont (ကလယ်မှာ မေရီ၏ ဖခင်နောက်အိမ်ထောင်မှ သမီးဖြစ်သည်) တို့နှင့် ဆုံကြသည်။ ကလယ်မှာ ဘိုင်ရွန်နှင့် အင်္ဂလန်ကတည်းကပင် ငြိစွန်းခဲ့သူဖြစ်သည်။ တစ်လနီးပါးကြာသော်၊ ဘိုင်ရွန်လည်း ရှယ်လီတို့ လူသိုက်နေထိုင်ရာ အနီး ဂျနီဗာကန်၏ တောင်ဘက်ကမ်းပါးရှိ အိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်တော့သည်။

            ဘိုင်ရွန်၊ ရှယ်လီနှင့်အဖွဲ့မှာ အမြဲလို ဆုံတတ်သည်။ ဇွန်လ ၂၃ ရက်နေ့တွင် ဘိုင်ရွန်နှင့် ရှယ်လီတို့ ရွက်လွှင့်ကာ ကန်တစ်ပတ် ခရီးလှည့်ခဲ့ကြသည်။ ၂၆ ရက်နေ့တွင် ရှလောန် Chillon ရဲတိုက်ကို ဝင်ရောက်ကြည့်ရှုရင်း ရာသီဥတု ဆိုးရွားလာသဖြင့် သောင်တင်နေခဲ့သေးသည်။ နောက်ပိုင်း တွင် ရေးသားသော ရှလောန်အကျဉ်းသား Prisoner of Chillon (ဒီဇင်ဘာ ၅ ရက်၊ ၁၈၁၆ ခုတွင် ပုံနှိပ်ထုတ်ဝေသည်) မှာ ထိုရဲတိုက်ကို အခြေခံခဲ့ခြင်းဖြစ်သည်။ ဂျနီဗာ ကန်နံဘေးတွင်နေရင်း သူ၏ ကဗျာရှည်ကြီးဖြစ်သော ချိုလ်ဟယ်ရယ် အတွက် တတိယအပိုင်းကို အပြီးရေးသားဖြစ်သွားသည်။ ၎င်းနောက် မဲ(န)ဖရက် Menfred ကို စတင်ရေးသားဖြစ်သည်။ ထိုကာလမှာပင် ကလယ်တွင် ကိုယ်ဝန်ရှိနေပေပြီ။ သြဂုတ်လ အကုန်ပိုင်းတွင် ရှယ်လီနှင့် ကလယ်တို့ အင်္ဂလန်သို့ ပြန်ကြလေသည်။ ရှယ်လီနှင့်တကွ ဘိုင်ရွန်၏ ချိုလ်ဟယ်ရယ် တတိယပိုင်း၊ ရှလောန် အကျဉ်းသား စသည့် စာမူများ ပါသွားခဲ့သည်။ ရှယ်လီနှင့် တရင်းတနှီးနေခဲ့ရခြင်းအတွက် ဘိုင်ရွန်ရရှိခဲ့သော အကျိုးအမြတ်တစ်ခုမှာ ရှယ်လီ အတုယူသော ဝစဝါ့(သ)၏ ရေးဟန်ကို သူပါ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဘိုင်ရွန်အနေဖြင့် ဝစဝါ့(သ) ၏ ဟန်ကို မကြိုက်၍မဟုတ်၊ ဝစဝါ့(သ)က ပုပ် Alexender Pope (၁၆၈၈-၁၇၄၄) နှင့် ဒရိုင်ဒဲင် John Dryden (၁၆၃၁-၁၇ဝဝ) တို့အား ဝေဖန်ချက်များအပေါ် သူက သဘောမတွေ့နိုင်ခြင်းသာ ဖြစ်သည်။ ဝစဝါ့(သ)ဟန် ဝင်လာခြင်းဖြင့် ဘိုင်ရွန်၏ အရေးအသားများမှာ ပိုမိုပြောင်မြောက် လာသည်ဟု ဆိုကြသည်။ 'အလ်ပိုင်းဂျာနယ်' Alpine Journal ဟု နောက်ပိုင်းတွင် တွင်လာမည့် နေ့စဉ် မှတ်တမ်း၊ ဟော့ဗဟောက်(စ)နှင့်အတူ အယ်လ်ပိုင်းတောင်ရိုးတစ်ကြောတွင် ခရီးသွားစဉ် ရေးသားခဲ့ခြင်းဖြစ်ပြီး အစ်မဖြစ်သူ အော်ဂတ်စတာအတွက် ရည်ရွယ်ကာ ရေးသားခဲ့ခြင်း ဖြစ်သည်။ အော်ဂတ်စတာထံသို့ ပေးပို့ခဲ့သည်။ ထိုမှတ်တမ်းကို နောက်ပိုင်း ပညာရှင်များက စကားပြေကဗျာ Prose Poem တစ်ခုဟု သတ်မှတ်ခဲ့ကြသည်။

            အောက်တိုဘာလဆန်း ပြီးစမှာပင် ဘိုင်ရွန်နှင့် ဟော့ဗဟောက်(စ)တို့ ဗယ်နစ်မြို့ဆီသို့ ဦးတည်ကာ ခရီးထွက်ခဲ့ကြသည်။ လမ်းတွင် မီလန်း၊ ဗယ်ရိုးနား စသည့် မြို့များသို့ ဝင်ခဲ့သေးသည်။  ဗယ်နစ်မြို့တွင် ဘိုင်ရွန်နှင့် ဟော့ဗဟောက်(စ)တို့ တစ်နေရာစီ နေကြသည်။ ဘိုင်ရွန်က အထည်ဆိုင်တစ်ခု၏ အပေါ်ထပ်တွင် ငှားနေ သည်။ ဆိုင်ပိုင်ရှင် ဆဂတီ၏ ဇနီးနှင့် ငြိစွန်းခဲ့သည်ဟု သူ၏ ပေးစာများအရ သိရသည်။ ထိုအချိန်ခန့်မှာပင် လန်ဒန်၌ ပုံနှိပ်ထုတ်ဝေသူ ဂျောန်မာရေးက သူ၏   ချိုလ်ဟယ်ရယ် တတိယပိုင်းနှင့် ရှလောန်အကျဉ်းသား ကဗျာများကို ပုံနှိပ်ထုတ်ဝေလိုက်သည်။ ဒီဇင်ဘာလအတွင်း၌ မာရေးက ဘိုင်ရွန်ထံ ပေးစာအရ ညစာစားပွဲ တစ်ခုတည်း၌ ကဗျာစာအုပ် အုပ်ရေ ခုနှစ်ထောင် (၇ဝဝဝ) ရောင်းချလိုက်ရကြောင်း သိရသည်။ နောင်နှစ် (၁၈၁၇) ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်မြို့၌ ကလယ်ကလဲ မော့(န)က ဘိုင်ရွန်နှင့် ငြိစွန်းရာမှ ရရှိသော သမီးကလေး အယ်လီဂရာ Allegra ကို မွေးဖွားလေသည်။ (ကလယ်ကမူ အလ်ဘာ Alba ဟု အမည်ပေးသည်)။ ဖေဖော်ဝါရီလတိုင်း ဗယ်နစ်မြို့တွင် လေးရက်တာမျှ ကျင်းပစမြဲဖြစ်သော ပွဲတော်တွင် ဘိုင်ရွန်မှာ နွှဲ၍ကောင်းဆဲဖြစ်သည်။ သို့ရာတွင် သူ၏ ကျန်းမာရေးမှာ ကောင်းလှသည် မဟုတ်။ ဤတွင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သည့် အကြောင်းအရာအချို့ကို ရိပ်စားမိလာသည်။ ထိုကာလတွင် A'rovin နှင့် So, We'll Go No More A Roving  ကဗျာတို နှစ်ပုဒ် ရေးသားဖြစ်ခဲ့သည်။ A Rovin မှာ သရော်စာ ကဗျာမျိုးဖြစ်ပြီး အခြားတစ်ပုဒ်မှာ ခံစားချက် အခြေခံသော သိမှုဖြင့် စိတ်ဖြေသည့် သဘောမျိုး ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ So, we'll go no more -A-roving. မှ So သည်  ဝမ်းနည်းသံ၊ ဒေါသသံ စသည်များကို  မပါစေတော့ဘဲ ဖြေချထားသော ခံစားချက် Relexed attitude ကို ဖော်ပြထားသည့် စာလုံးဖြစ်သည်။ သဘောမှာ မြန်မာဘာသာစကားတွင် 'ဒီတော့လည်းကွာ' 'ဒီတော့လည်း' 'ဒီလိုဖြင့်တော့လည်း...' စသည် အသုံးအနှုန်းမျိုး ဖြစ်သည်။ So We'll go no more a-roving. a-roving eye မှာ 'ဒီတော့လည်း တို့များ ထင်ရာတွေချည်းပဲ လျှောက်လုပ်ကြစို့ရယ်' ဟူသော သဘောဖြစ်သည်။ Roving မှာ လျှောက်သွားသည်၊ ခရီး သွားသည်ဟူ၍သာ ဆိုလိုသည်မဟုတ်။ ဦးတည်ရာမဲ့ သွားလာလုပ်ကိုင်သည့် သဘောလည်း ဆောင်သည်။ ထို့ပြင် Roving ကို a roving eye ဟုဆိုသော်၊ တပ်မက်မှု၊ ရာဂဖြင့် ကြည့်သောအကြည့်ကို ဆိုရာရောက်သည်။ ဘိုင်ရွန်က ဤကဗျာတွင် ထိုသို့လည်း သဘောဆောင်စေခဲ့သည်။ ကဗျာသံမပါဘဲ အရပ်စကားဖြင့် ဆိုသော် လွယ်သည်။ 'ဒီတော့လည်းကွာ တို့တစ်တွေ ထင်တိုင်းကြဲ အလေအနတော လိုက်မနေကြပါစို့ရယ်'လို့ဟု ဆိုနိုင်သည်။ ထိုကဗျာကို အနက်ဖော် ဘာသာ ပြန်ရသော်.....

ဒီတော့လည်း၊

တို့များ ထင်ရာတွေချည်း

လျှောက်မလုပ်ကြစို့နဲ့ရယ်၊

ညဥ့်နက်လွန်းလှတဲ့ ညကာလအထဲမှာ  နှလုံးသားကလည်း ချစ်တတ်နေတုန်း

လကလည်း တောက်ပနေတုန်း

ဆိုပေတဲ့လည်း

တို့များ၊ ထင်ရာတွေချည်း

လျှောက်မလုပ်ကြစို့နဲ့ရယ်။

အကြောင်းကတော့၊

ဓားက ဓားအိမ်ကို ဟောင်းနွမ်းစေခဲ့ပြီ။

ဝိညာဉ်က ခံစားချက်တွေကို

ရင့်ရော်စေခဲ့ပြီ

ဒီပြင်တော့၊ နှလုံးသားဟာ

အသက်ဆက်ဖို့ နားရလိမ့်မယ်

ပြီးတော့ ချစ်ခြင်းကိုယ်တိုင်လည်း နားရပေမယ်။

ညဆိုတာ ကာမဂုဏ်ခံစားဖို့

အခါဖြစ်ခဲ့ပေတဲ့လည်း

မကြာခင်ကလေးတင်ပဲ

နေ့ကာလရောက်လာတော့မှာ၊

ဒီတော့လည်း၊

လရောင်အောက်မှာ ရှိသေးတယ်ဆိုပြီး

တို့များ၊ ထင်ရာတွေချည်း

လျှောက်မလုပ်ကြစို့နဲ့ရယ်။

            ထိုကဗျာကို ဘိုင်ရွန်က သူမိတ်ဆွေ ကဗျာဆရာ တောမတ်(စ)မိုး Thomas Moore (၁၇၇၉-၁၈၅၂) ထံ ရေးသောစာတွင် ထည့်ပေးလိုက်သည်။ သို့အတွက် ဘိုင်ရွန်က 'တို့' ဟု သုံးနှုန်းထားခြင်းမှာ သူတစ်ဦးတည်းအတွက် သံဝေဂသံဖြင့် ရေးဖွဲ့သည် မဟုတ်။ သူ့ အပေါင်းအဖော်များ အတွက်လည်း ရည်ရွယ်သည်ဟု ဆိုနိုင်ပါသည်။ ဗင်းနစ်တွင် နေထိုင်ရင်း အပျော်အပါးများခဲ့သော ဘိုင်ရွန်၏ ခံစားချက် အခြေခံ ဝေဒနာသံပါသော ကဗျာဟုလည်း ဆိုနိုင်သည်။

            ထို့နောက်၊ ဘိုင်ရွန်မှာ မကျန်းမာသဖြင့် အိပ်ရာထဲတွင် လဲနေခဲ့တော့သည်မှာ မတ်လသို့ တိုင်တော့သည်။ ဧပြီလ ရောက်သော် ကျန်းမာရေးလည်း ကောင်းမွန်လာသဖြင့် ရုမ်း Rome ဆီသို့ ဘိုင်ရွန် ခရီးထွက်ခဲ့သည်။ ရုမ်းတွင် သူ့သူငယ်ချင်း ဟော့ဗဟောက်(စ) နှင့် ဆုံသည်။ နှစ်ဦးသား ရုမ်းမြို့ဟောင်း အပျက်အစီးကို လိုက်လံကြည့်ရှုကြသည်။ ချိုလ်ဟယ်ရယ် စတုတ္ထပိုင်းရေးရန် အချက်အလက်များရခဲ့သည်။ လာမီရာ ဟူသောအရပ်တွင် နေထိုင်ကြစဉ် အစ်တာလျံလူမျိုးတို့၏ စရိုက်ကိုကြည့်ကာ သရော်စာကဗျာ ဘက်ပို Beppo ကိုလည်း ရေးသားဖြစ်ခဲ့သည်။ ဘိုင်ရွန်မှာ ရောက်လေရာတွင် အိမ်ထောင်ကျ တတ်သူမျိုးဖြစ်၍ လာမီရာတွင် နေထိုင်စဉ် မာဂရိတာကောက်နီ ဆိုသူ အရပ်သူ တစ်ဦးနှင့် ငြိစွန်းမိသည်။ ထိုမျှသာ မဟုတ်သေး။ ၁၈၁၉ ခု ဧပြီလတွင် ထရီစာ ဂီယိုချီယိုးလိုးအမည်ရှိ မင်းသမီးငယ်တစ်ဦးနှင့် ငြိစွန်းမိပြန်သည်။ ထရီစာမှာ တစ်ဆယ့်ကိုးနှစ် အရွယ်သာရှိပြီး သူ၏ ခင်ပွန်းသည်မှာ သူ့ထက် အသက်သုံးဆခန့် ကြီးသည်။ မင်းသမီးကလေး ကိုယ်တိုင်က တမ်းတမ်းစွဲ ဖြစ်နေပြီး၊ ဘိုင်ရွန်နှင့် အတော်ကြာအောင် တွဲနေမိသည်။ ဘိုင်ရွန်လည်း ထရီစာနှင့် တွဲနေမိရာမှ ထရီစာ၏ ဖခင်၊ အစ်ကို စသူများနှင့် ရင်းနှီးလာမိသည်။ ထိုအချက်မှာ ဘိုင်ရွန်၏ နိုင်ငံရေးအမြင်များ အားသန်စေရန် ဖြစ်ပေါ်လာသော အချက်တစ်ခုဟု ဆိုနိုင်သည်။ ဘိုင်ရွန်လည်း ထရီစာ၏ ဖခင်နှင့် အစ်ကိုတို့ ပါဝင်ပတ်သက်နေသော မြေအောက်တော်လှန်ရေး အဖွဲ့အတွင်း မသိမသာ ရောက်သွားတော့သည်။

            ထိုစဉ်က ရာဗဲင်းနားတွင် ဘိုင်ရွန် နေထိုင်လျက်ရှိသည်။ အင်္ဂလန်ရှိ ဆွေစဉ်မျိုးဆက်ပိုင်သော နျူးစတက်အက်ဘီမှာလည်း ရောင်းချလိုက်ပြီဖြစ်၍ ငွေရေးကြေးရေး ပူပန်စရာမလိုတော့။ အစ်တာလျံတို့၏ ဘဝ၊ အစ်တာလျံတို့၏ အနေအထားများကို နီးနီးစပ်စပ် သိလာရသောအခါ ဘိုင်ရွန်က အစ်တာလျံများကို ငွေရေးကြေးရေးအရ အမြဲလို ထောက်ပံ့နေသည်။ တော်လှန်နေသော အသင်းအဖွဲ့များကိုပါ ထောက်ပံ့သည်။ ထိုကာမှပင် အစ်တာလျံ ကဗျာဆရာများ၏ အရေးအသားများကို သူ့အမြင်ဖြင့် ပြန်လည်ရေးဖွဲ့သည်။ ရာဗဲင်းနားတွင် နေစဉ် ဒေါန်ဝမ်း Don Juan’ အပါအဝင် The Prophecy of Dante’ စသည့် ကဗျာများနှင့် ကဗျာပြဇာတ်များဖြစ်သော Marino Faliero’ စသည်တို့ကို ရေးသားဖြစ်ခဲ့သည်။ ထရီဇာ၏ ဖခင်နှင့် အစ်ကိုတို့မှာ တော်လှန်ရေး မအောင်မြင်သဖြင့် ပီစာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ထရီစာမှာ သူ၏ ခင်ပွန်းသည်နှင့် တရားဝင် ကွာရှင်းလိုက်ပြီဖြစ်၍ ၁၈၂၁ တွင် ဘိုင်ရွန်နှင့်အတူ ပီစာသို့ ပြောင်းရွှေ့သွားကြရန် စီစဉ်သည်။ ဘိုင်ရွန်က ရုတ်တရက် မပြောင်းလိုသေး။ အာနိုမြစ်ကမ်းပါးတွင် အိမ်တစ်လုံးငှား၍ နေထိုင်ခဲ့သည်။ ထရီစာတို့ မိသားစုရှိရာ ပီစာသို့ နေ့စဉ်လို သွား၍တွေ့သည်။ နွေဦးရောက်သော်မှ ပီစာသို့ ပြောင်းလေသည်။ သူ့မိတ်ဆွေ ကဗျာဆရာ ရှယ်လီ၏အိမ်အနီးတွင် နေထိုင်သည်။  ဇူလိုင် လဆန်းတွင် အင်္ဂလန်မှ ကဗျာဆရာ လီဟန် Leigh Hunt (၁၇၈၄-၁၈၅၉) ရောက်လာသဖြင့် ၎င်းတို့ မိသားစုကို ဘိုင်ရွန်က သူ့အိမ်အောက်ထပ်တွင်ထားသည်။ ဘိုင်ရွန်၊ ရှယ်လီနှင့် ဟန့်တို့မှာ The Liberal အမည်ရှိ လစဉ်ထုတ် စာစောင်တစ်ခု ထုတ်နိုင်ရန် စိုင်းပြင်းနေကြသည်။ သို့ရာတွင် ဇူလိုင်လ ၈ ရက်နေ့တွင် ရှယ်လီ စီးနင်းလိုက်ပါသွားသော သင်္ဘောနစ်ကာ ရှယ်လီ အနိစ္စရောက်သွားသဖြင့် စာစောင်ကို ဘိုင်ရွန်၏ ငွေကြေးထောက်ပံ့မှုဖြင့် ဟန့် ကတည်းဖြတ်ကာ လန်ဒန်ရှိ ဟန့်၏ အစ်ကိုဖြစ်သူ ဂျောန်က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ဝေသည်။ စက်တင်ဘာလကုန်တွင်သော် ဘိုင်ရွန်တို့ လူသိုက်အားလုံး ဂျီနိုဝါမြို့သို့ ပြောင်းကြလေသည်။ ဘိုင်ရွန်တို့ အိမ်အနီးမှာပင် ကွယ်လွန်သူ ကဗျာဆရာရှယ်လီ၏ ဇနီးမေရီရှယ်လီကလည်း အိမ်တစ်လုံးငှားရမ်းကာ ဟန့်တို့မိသားစုနှင့်အတူ နေထိုင်သည်။ 

            ဘိုင်ရွန်မှာ အရပ်စကားဖြင့်ဆိုသော် ဖင်မငြိမ်သူမျိုး (တစ်ခုခုတွင် အချိန်ကြာမြင့်စွာ အထိုင်မချနိုင်သူမျိုး) ဖြစ်သည်။ များမကြာမီမှာပင် ဟန့်၏ စာစောင်အပေါ် စိတ်မဝင်စားလှတော့။ သို့ရာတွင် သူ့စာမူများကိုကား ပေးနေသေးသည်။ ထရီစာနှင့်လည်း ဘဝကို တစ်သက်လုံး မြုပ်နှံမထားလို။ ထိုသို့ ဖြစ်လာစဉ်ကာလ ၁၈၂၃ ခုနှစ် ဧပြီလတွင် လန်ဒန်မြို့ရှိ ဂရိလူမျိုးအစည်းအရုံးမှ သူ့ကိုဆက်သွယ်သည်။ တာ့(က) (တူရကီလူမျိုးများ) လက်အောက်မှ လွတ်မြောက်ရေးအတွက် ဂရိလူမျိုးများကို ကူညီရန်၊ အေးဂျင့်တစ်ယောက်အဖြစ် လုပ်ဆောင်ပေးပါရန် အကူအညီတောင်းသည်။ ဘိုင်ရွန်က မငြင်း။ ဂရိတပ်များအတွက် ငွေရေးကြေးရေး သာမက စိတ်ရောလူပါ ကူညီတော့သည်။ ဇူလိုင်လ ၁၆ ရက်တွင် သင်္ဘောစီးလုံး ငှားကာ ဂျီနိုဝါမြို့မှ ထွက်ခဲ့ပြီး ဂရိပင်လယ်တွင်းရှိ စက်ပလိုးနီးယားကျွန်းသို့ သြဂုတ်လ ၂ ရက်နေ့တွင် ရောက်သွားပြီး မက်တာဟာတာတွင် ခေတ္တအခြေချ နေသည်။ သူပိုင်ငွေ ပေါင်လေးထောင်ကိုသုံးစွဲကာ ဂရိရေတပ်ကို ထူထောင်ပြီး ဂရိနိုင်ငံ အနောက်ပိုင်းရှိ တပ်များကို ဦးဆောင်နေသူ မင်းသားကြီး မာဗရိုဂိုဒါတို့ (စ) Alexandros Mavrokordatos နှင့် ပူးပေါင်းရန် ထွက်ခဲ့သည်။ မင်းသားကြီးနှင့် ပူးပေါင်းမိပြီးနောက် မင်းသားကြီး ဆန္ဒအရ ဂရိတပ်များကို ဘိုင်ရွန်က အုပ်စီးရတော့သည်။ တစ်ခုသော မှတ်တမ်းအရ ထိုစဉ်က ဘိုင်ရွန်၏ လက်အောက်တွင် စစ်သည်တော် သုံးထောင်ကျော် ရှိခဲ့ကြောင်း သိရသည်။ လူပန်း စိတ်ပန်းဖြစ်၍ ၁၈၂၄ ခု ဖေဖော်ဝါရီလအလယ်ပိုင်းတွင် ဘိုင်ရွန်မှာ အိပ်ရာထဲတွင် လဲတော့သည်။ ထိုအခါမှစ၍ နာလန်မထူနိုင်တော့။ ရာသီဥတုမှာလည်း တဖြည်းဖြည်း ဆိုးရွားလာခဲ့သည်။ စစ်မြေပြင်သို့ ကြိုးစား၍ ထွက်သည်။ တစ်နည်းဆိုသော် ဘိုင်ရွန်သည် အလွယ်တကူပင် လက်လျှော့တတ်သူမျိုးမဟုတ်။ ဧပြီလသို့ရောက်သော် အတော်ကလေး ထူထူထောင်ထောင် ဖြစ်လာသည်။ ဧပြီလ ၉ ရက်နေ့တွင်  အစ်မဖြစ်သူထံမှ စာရသဖြင့် အားတက်လာမိသည်။ စစ်မြေပြင်သို့ ပြန်ထွက်ခဲ့သည်။ သို့သော် မိုးဒဏ်လေဒဏ်မှာ ပြင်းလွန်းလှပြီး အအေးမိအပြင်းဖျားခဲ့ရာ ဧပြီလ ၁၉ ရက်နေ့ မနက်ခြောက်နာရီတွင် ဆရာဝန်များက လက်လျှော့လိုက်ကြရတော့သည်။ ဘိုင်ရွန်၏ နောက်ဆုံးစကားမှာ သတိလစ်မသွားမီ သူ၏ လက်ရုံးတော်သား ဖလက်ချာကို ပြောခဲ့သော 'ခုတော့ ငါ အိပ်ချင်ပြီ' ဟူသော စကားသာဖြစ်သည်။ ဂရိလူမျိုးတို့က ဘိုင်ရွန်ကို သူတို့၏ သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ကြသည်။ သူ၏ အသည်းနှလုံးကို ထုတ်ယူကာ မစ်စလုံးဂျီ Missolonghi တွင် မြုပ်နှံလိုက်ကြသည်။ သူ၏ ကြွင်းကျန်သော ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံသို့ ပြန်ပို့လိုက်ကြသော်လည်း အင်္ဂလန်နိုင်ငံ၏ အထင်ကရ ပုဂ္ဂိုလ်များ မြုပ်နှံရာ ဝက်စမင်စတာ ဘုရားကျောင်း Westminister Abbey ရှိ ကဗျာဆရာများကို မြုပ်နှံရာ နေရာတွင် ထိုစဉ်က မြုပ်နှံခွင့် မပေးခဲ့ကြ။ ဘိုင်ရွန်ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၄၅ နှစ်ကြာပြီးနောက် ၁၉၆၉ တွင်မှ သူ၏ ရုပ်အလောင်းကို ဝက်စမင်စတာ ဘုရားကျောင်းတွင် ပြောင်းရွှေ့မြုပ်နှံကြသည်။

ယေဘုယျနိဂုံး

            ဘိုင်ရွန်မှာ ရိုမဲင်တစ်ကဗျာဆရာများအနက် လေးစားအပ်သော ကဗျာဆရာမျိုးဖြစ်သည်။ အဓိက အချက်တစ်ချက်မှာ ရိုမဲင်တစ် ကဗျာဆရာဖြစ်သည် မှန်သော်လည်း နီယိုကလပ်စစ်ကယ် Neoclassical ကဗျာဆရာများကို လေးစားတန်ဖိုးထားခဲ့ခြင်းပင်ဖြစ်သည်။ သူတို့ ရေးဟန်များကိုပင် လေ့လာ၍ အတိုင်းအတာတစ်ခုအထိ အတုယူခဲ့သည်ကို တွေ့ရသည်။ ရိုမဲင်တစ်ကဗျာ ဆရာ အတော်များများက ဆန့်ကျင်ရန် အားထုတ်ကြချိန်တွင် ဘိုင်ရွန်က ကဗျာဆရာ အချင်းချင်း ထားရှိအပ်သော လေးစားမှုကိုပြခဲ့သည်။ ထို့ကြောင့်လည်း သူနှင့် ခေတ်ပြိုင် အခြားကဗျာဆရာများနှင့် လူ့အဖွဲ့အစည်းအပေါ် သရော်စာများ ရေးခဲ့သည်။ ဤနေရာတွင် ပုပ်၊ ဒရိုက်ဒင် စသူများနှင့် တူသည်ဟူ၍ပင် ဆိုနိုင်သည်။ သူရေးခဲ့သော ‘အင်္ဂလိပ် စာရေးဆရာများနဲ့ စကော့ရီဗျူးရေးသူများ English Bards and Scoth Reviewer’  မှာ ပုပ်၊ ဒရိုက်ဒင်တို့ ရေး သားခဲ့သော Heroic couplet ပုံစံမျိုးပင် ဖြစ်သည်။ ထို့ပြင် နီယိုကလပ်စစ် ကဗျာဆရာတို့က သမာကျမ်းကဲ့သို့ သဘောထားခဲ့သော ဟောရစ်၏ Are Poetic ကို ဘိုင်ရွန်က သဘောကျ နမူနာ ယူခဲ့သူဖြစ်သည်။ တစ်ချိန်တည်းမှာပင်   သူပါဝင်ပတ်သက်နေခဲ့သော ရိုမဲင်တစ် လူ့အဖွဲ့အစည်းကို သရော်သော ဒေါန်ဝမ်းကဲ့သို့သော ကဗျာမျိုး ရေးခဲ့ခြင်းကို ထောက်ဆကြည့်သော် ဘိုင်ရွန်မှာ ကဗျာကို တန်ဖိုးထားသည့် ရိုမဲင်တစ်ကဗျာဆရာဟု ခေါ်ရပေတော့မည်။ ဆိုလိုသည်မှာ တစ်စင်ထောင်ရုံ ထောင်ပြချင်သော ကဗျာဆရာမျိုးမဟုတ်။ ထို့ကြောင့်လည်း ရိုမဲင်တစ်ဇင်နှင့် နီယိုကလပ်စစ်စစ်ဇင်တို့၏ အကြားမှ အားပြိုင်မှု (ဆိုလိုသည်မှာ စိတ်ကူးထည်စံ တစ်စုံတရာကို အခြေခံထားသော ရိုမဲင်တစ်အမြင်နှင့် တကယ့်ဘဝအမြင် အခြေခံသော နီယိုကလပ်စစ် အမြင်တို့၏ အားပြိုင်ထားမှု)ကို ဖော်ထုတ်ထားသော I Would I Were A Careless Child ကဲ့သို့သော ကဗျာမျိုးကို ရေးသားခဲ့သည်ဟု ဆိုရမည်။

            ‘ချိုလ်ဟယ်ရယ်’မှာမူ ရိုမဲင်တစ် အခြေခံအမြင်ဖြင့် ဖန်တီးထားသော ကဗျာသက်သက်ဖြစ်သည်။ ပြင်သစ်တော်လှန်ရေး၊ နပိုလီယံ၏ စစ်ပွဲများ စသည်တို့တွင် အခြေခံကာ စံပြုပြောစမှတ် ဖြစ်လောက်သည့် အနေအထားများကို ဖန်တီးရေးသားခဲ့သည်။ ယနေ့ကာလတွင် ဘိုင်ရွန်၏ လူစွမ်းကောင်း Byronic hero ဟု ပြောစမှတ် ပြုစရာ ဇာတ်ကောင်မျိုးကျန်ရစ်ခဲ့သည်ကို ကြည့်လျှင် ဘိုင်ရွန်၏ ဖန်တီးမှု အောင်မြင်ခဲ့ကြောင်း သိသာထင်ရှားသည်ဟု ဆိုရပေတော့မည်။ အကယ်၍ အင်္ဂလိပ် ကဗျာရေးသားပုံ၊ ပုံစံများအရ လေ့လာကြည့်သော် ဘိုင်ရွန်မှာ ပုံစံအမျိုးမျိုးဖြင့် ရေးခဲ့သူဟု ဆိုရမည်။ ‘ရှလောန် အကျဉ်းသား’တွင် ရိုမဲင်တစ် ကဗျာအရေးအသားကို အခြေခံသဖွယ် ရေးသားပုံဖြစ်သော Romatic couplet အရ ရေးသားပြီး Iambic tentrametre ကို အမျိုးမျိုး အဖုံဖုံ သုံးစွဲခဲ့သည်။ သို့ရာတွင် 'Darkness' ကဗျာမှာမူ Blank verseသာဖြစ်သည်။ သို့ဖြစ်၍ ဘိုင်ရွန်သည် ဟန်တစ်မျိုးတည်းဖြင့် ဖွဲ့နွဲ့လေ့ရှိသော ကဗျာဆရာမျိုးဟု မဆိုနိုင်။

            နောက်ဆုံး အချက်တစ်ရပ်အနေဖြင့် တင်ပြလိုသည်မှာ ဘိုင်ရွန်နှင့် မိန်းမလှများ ငြိစွန်းကြသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ ဤကိစ္စကို သူ့ခေတ်အခါနှင့်လည်းကောင်း၊ သူပါဝင်ပတ်သက်နေသည့် လူ့အဖွဲ့အစည်းနှင့် လည်းကောင်း ဆက်စပ်ကြည့်ရန် လိုသည်။ ထိုသို့ ဆက်စပ်မကြည့်ဘဲ နင်ပဲငဆ ပြော၍မဖြစ်။ ထို့ပြင် လူတို့၏ စရိုက်အသီးသီးကို နားလည်ရန်လိုသည်။ ဘိုင်ရွန်ကဲ့သို့သော လူမျိုးတွင်  ကာမဂုဏ်ခံစားခြင်းမှာ ဝါသနာတစ်ခုအနေဖြင့် ရှိနေကောင်း ရှိနေပေမည်။ ဤသည်ကို လက်ညှိုးထိုးက အပြစ်မဆိုနိုင်။ အကယ်၍ ဣသာမစ္ဆေရိယ ရှိနေခြင်းကို ဝါသနာတစ်ရပ်သဖွယ် လက်ခံထားသူများ ရှိနေသည်ကို လက်ခံထားလျှင် ဘိုင်ရွန်ကဲ့သို့သော သူတို့၏ ဝါသနာကို အပြစ်ဆိုစရာ ရှိလိမ့်မည်မဟုတ်။ လော့(ဒ) ဘိုင်ရွန်ကား တစ်ခုတည်းသော အဖြစ်အတွင်း၌ ခရီးစုံသွားခဲ့သူသာ ဖြစ်တော့သည်။

 

            လော့(ဒ)ဘိုင်ရွန်က သူ၏ အခန်းဆီမှာ ကြည့်ကာ ကြည်နူးသာယာမိသဖြင့် ရေးစပ်ခဲ့သော ကဗျာမှာ ဤသို့ဖြစ်သည်။

            There is a pleasure in the pathless wood

            There is a rapture on the lonely shore

            There is society where no one intrudes

            By the deep sea and music in its roar

            I love not man the less but nature more

            From these our interviews in which I steal

            From all I may be or have been before

            To mingle with the universe and feel

            What I can not express

            yet can not all conceal

           လော့(ဒ)ဘိုင်ရွန် 'နှုတ်ဆက်ခဲ့ပါတယ်'၏ ၁၈၁၆ ခု ပုံနှိပ်မူမှာ ဤသို့ဖြစ်သည်။

 

Fare Thee Well

      "Alas! they had been friends in youth:

      But whispering tongues can poison truth;

      And constancy lives in realms above;

      And life is thorny; and youth is vain;

      And to be wroth with one we love,

      Doth work like madness in the brain;

      ----------

      But never either found another

      To free the hollow heart from paining-

      They stood aloof, the scars remaining.

      Like cliffs which had been rent asunder;

      A dreary sea now flows between,

      But neither heat, nor frost, nor thunder,

      Shall wholly do away, I ween,

      The marks of that which once hath been."

       Coleridge, Christabel

      (မူရင်းပေးစာတွင် အထက်တွင်ဖော်ပြထားသော ကော်လာရစ်(ဂျ)၏ ကဗျာမှ ထုတ်နုတ်ချက်မပါ။) Fare thee well! and if for ever,

      Still for ever, fare thee well:

Even though unforgiving, never

      'Gainst thee shall my heart rebel.

Would that breast were bared before thee

      Where thy head so oft hath lain,

While that placid sleep came o'er thee

      Which thou ne'er canst know again:

Would that breast, by thee glanced over,

      Every inmost thought could show!

Then thou woulds at last discover

      Twas not well to spurn it so.

Though the would for this commend thee-

      Though it smile upon the blow,

Even its praise must offend thee,

      Founded on another's woe:

Though my many faults defaced me,

      Could no other arm be found,

Than the one which once embraced me,

      To inflict a cureless wound?

Yet, oh yet, thyself deceive not;

      Love may sink by slow decay,

But by sudden wrench, believe not

      Hearts can thus be torn away:

Still thine own its life retaineth,

      Still must mine, though bleeding, beat;

And the undying though which paineth

      Is that we no more may meet.

These are words of deeper sorrow

      Than the wail above the dead;

Both shall live, but every morrow

      Wake us from a widowed bed.

And when thou wouldst solace gather,

      When our child's first accents flow,

Wilt thou teach her to say 'father'

      Though his care she must forego?

When her little hands shall press thee,

      When her lip to thine is pressed,

Think of him whose prayer shall bless thee,

      Think of him thy love had blessed!

Should her lineaments resemble

      Those thou never more may'st see,

Then thy heart will softly tremble

      With a pulse yet true to me.

All my faults perchance thou knowest,

      All my madness none can Know;

All my hopes, where'er thou goest,

      Wither, yet with thee they go.

Every feeling hath been shaken;

      Pride, which not a world could bow,

Bows to thee by thee forsaken,

      Even my soul forsakes me now:

But 'tis done-all words are idle-

      Words from me are vainer still;

But the thoughts we cannot bridle

      Force their way without the will.

Fare thee well! thus disunited,

      Torn from every nearer tie.

Seared in heart, and lone, and blighted,

More than this I scarce can die.

မြင့်သန်း

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။