ရွှေသုတ‌

လျှပ်တစ်ပြက် ‘လီဒို’ လမ်း၊ သို့မဟုတ်၊ ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း (၂)

စိန်မျိုးမြင့်

01 May 2025
လျှပ်တစ်ပြက် ‘လီဒို’ လမ်း၊ သို့မဟုတ်၊ ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း (၂)
Share to

           ကမ္ဘာတခွင်သို့

လှည့်လည်လော့....

ဘဝတစ်သက်တာဆိုသည်မှာ

တစ်ခါသာ ရောက်လာသည်။

ဘဝတစ်သက်တာ

အတွင်းမှာလည်း

ပျိုရွယ်မှုဟူသည်

တစ်ကြိမ်သာ လာရောက်မည်။

 

ရာဟုလာသံကိစ္စည်းမန်လည်ဘုန်းတော်ကြီးကျောင်းဝိုင်းမှာ လွန်ခဲ့သော နှစ်သုံးဆယ်ကလိုမဟုတ် အုတ်တံတိုင်း အကာအရံများ ပို၍ ခန့်ညားနေသည်။ မုခ်ပေါက်တွင်ပင် ဘုံခုနှစ်ဆင့် မုခ်ဦးဖြင့် ဖြစ်နေပြီ။ မန်လည်ကျောင်းအတွင်းမှ စေတီလေးမှာလည်း ရွှေရောင်တဝင်းဝင်း ရှိနေသည်။ ကျောင်းတိုက် ဟောင်းကြီးနေရာတွင် ကျောင်းသစ်ကြီးက ခန့်ခန့်ညားညား တည်ရှိ၏။ ဘေးတွင် ဆွမ်းစားကျောင်း ကလည်း အကြီးကြီး။ ကျောင်းမကြီးမှာ ၁၂ ခန်းဖွင့် ကျောင်းကြီးဖြစ်ရာ ကျောင်းမကြီးကပင် ပေ ၁၂ဝ ပတ်လည် အနည်းဆုံး ရှိပေလိမ့်မည်။ တစ်ချိန်က ကျွန်တော်ရောက်ခဲ့ဖူးသော မန်လည်ကျောင်းမှာ ထိုအရွယ်၏ ထက်ဝက်မျှသာ ရှိပေလိမ့်မည်။ အမြင့်ကလည်း ထိုထက်ဝက်သာရှိမည်။ ထိုစဉ်က မှတ်မိသေးသည်။ ကျောင်းလှေကားအတက် ယာဘက်တွင် ချိတ်ဆွဲထားသော ပန်းချီကားလေးချပ်။

            ထိုပန်းချီကားလေးချပ် မြင်တွေ့ခဲ့ဖူးကြောင်း ပြောခဲ့၍ ကိုမောင်မောင်လှမြင့်နှင့် ကိုမင်းဝေအောင်က ယခုတစ်ခေါက် ဝင်ဖြစ်အောင် ဝင်ကြမည်ဟု ဆိုခဲ့ကြခြင်း ဖြစ်ပေသည်။

            ထိုကားချပ်လေးချပ်ကား 'ဆရာချုံ' ၏ ကားချပ်လေးချပ် ဖြစ်တော့သည်။ ဆရာချုံ၏ ပန်းချီကားများကား ယခုအခါ တွေ့ရန်ခက်နေပြီ။ သူ့နောက် ဆရာအေး၊ ဆရာမြို့၊ ဆရာမြစ် စသူတို့ကားများသာ အများဆုံး တွေ့ရတတ်တော့၏။

            ကျောင်းတိုက်ကြီး၏ မုခ်ဦး၌ ကားထိုးရပ်သည်နှင့် ကျွန်တော် ကားပေါ်မှဆင်းကာ စိတ်စောစွာပင် ကျောင်းဝင်းအတွင်း ဝင်လိုက်သည်။ မြင်ကွင်းက ယခင်ကလိုမဟုတ်၊ သစ်နေသည်။ တစ်ချိန်က ကျွန်တော်ရောက်ခဲ့စဉ်က အင်းတော်မြို့ကို ခရီးတစ်ထောက် နားစဉ် သွားခဲ့ခြင်းဖြစ်၏။ အင်းတော်မှ ဆည်ရွာသို့ ရထားဖြင့်လာရသည်။ ထိုမှ လမ်းလျှောက်၍ ရွာများဖြတ်ကာ ကျောင်းသို့ရောက်သည်။

            ယခု ထိုသို့မဟုတ်။ ကားဖြင့် တိုက်ရိုက်ရောက်သည်။ ကျောင်းဝိုင်းကြီးကိုက ပိုကြီးနေသယောင် ထင်မိသည်။ မုခ်ပေါက်မှဝင်သော် အဝင်လမ်း၏ ဝဲဘက်၌ ဘုရား၊ တန်ဆောင်း၊ သိမ်၊ ယာဘက်၌ စည်တော်စင်၊ ကျောင်းမကြီး၊ ဆွမ်းစားကျောင်း၊ နောက်ဘက်၌ အုတ်တိုက်ကျောင်းဟောင်းကြီး။ ကျောင်းဝင်းထဲအရောက်တွင် အနီး၌တွေ့သော ကိုရင် တစ်ပါးကို 'ပန်းချီကားတွေ ဘယ်မှာချိတ်ထားလဲ' ဟု ကသောကမျော မေးမိသည်။ ပေါက်ပေါက်ရှာရှာ မေးရန်ကော ဟူသော အကြည့်ဖြင့် ကိုရင်က ပြန်ကြည့်ပြီး ကျောင်းမကြီး လက်ညှိုးထိုးပြသည်။

            'အပေါ်မှာ' သူ့အဖြေက တိုသည်။ ရှင်းသည်။

            ရှိမှရှိပါသေးရဲ့လားဟု သံသယစိတ်ဖြင့် ရောက်လာခဲ့သော ကျွန်တော်သည် သူ့စကားအဆုံး၌ နီးရာလှေကားမှ ကျောင်းအပေါ် မြန်မြန်တက်ခဲ့သည်။ ကျောင်းအပေါ်တက်သည့် လှေကားမှာ ယခင်မူလလှေကား၏ အထက်နှစ်ဆ ပိုမြှင့်ပြီး ဆောက်ထားရာ လှေခါးထစ် ၁၆ ထစ်တက်မှ ကျောင်ခါးပန်းကို ရောက်သည်။ နောက်တစ်ထစ်တက်မှ ကျောင်းမကြီး၏ ကြမ်းပြင်သို့ ရောက်လေသည်။

            ကျောင်းမကြီး၏ ဝဲဘက်၊ လှေကားမှ တက်သော် ယာဘက်အစွန် အရှေ့ဆုံးအခန်းထောင့်၌ ဆရာချုံ၏ ပန်းချီကားလေးချပ်ကို ဝင့်ဝင့်ထည်ထည် တွေ့လိုက်ရတော့မှ သက်ပြင်းရှည်ချလိုက်မိသည်။ ကျောင်းအရှေ့ ဝါးရံတာဘက် ပြန်ထွက်ပြီး ကျောင်းဝင်းအတွင်းမှာပင် ရှိနေသေးသည့် ကိုမောင်မောင်လှမြင့်နှင့် ကိုမင်းဝေအောင်တို့ကို ထွက်ခေါ်မိသည်။

            'လာကြဗျို့ ... ပန်းချီကားတွေက ဒီမှာ'

            ကိုမောင်မောင်လှမြင့်၊ ကိုမင်းဝေအောင်နှင့် ကိုဇော်မင်းတို့ တက်လာကြပြီ။ ကားချပ်များအား ဝိုင်းကြည့်ဖြစ်ကြသည်။ လက်ရာကလည်းကောင်း၊ အရောင်အသွေးကလည်း မပျက်မယွင်း ပုံအားလုံးမှာ ရှေးခေတ်သူကြွယ် မိသားစုပုံများ ဖြစ်ကြသည်။ ကားချပ်တစ်ချပ်မှာ ခေါက်ရိုးကျိုးနေသည်အား တွေ့ရပြီး ကျန်သုံးချပ်မှာ ဘာမျှ အနာအဆာမရှိပေ။ ဆရာချုံ၏ လက်ရာများ တွေ့ရသလောက်တွင် အပျက်အစီးမရှိ ပုံကောင်းများ ဖြစ်ကြသည်။ ကျွန်တော်တို့ မှတ်တမ်းပုံများ ရိုက်ဖြစ်ကြသည်။ ကိုမင်းဝေအောင်က ဒီဗီဒီဖြင့် မှတ်တမ်းတင်သည်။

            မန်လည်ကျောင်းကြီးအတွင်း ရှေးဟောင်းအမွေအနှစ်များ၊ ဓာတ်ပုံ၊ ပန်းချီကားများ များပြားလှပါသည်။ ဓာတ်ပုံမှတ်တမ်းပုံပေါင်းများစွာ၊ ပန်းချီကားများ၊ ကိုလိုနီခေတ်က ဗုဒ္ဓဝင် ပန်းချီလက်ရာများလည်း အများအပြားတွေ့ရသည်။ အခြား အသုံးအဆောင်ပစ္စည်းများ ငွေထည်၊ ကြေးထည်၊ ယွန်း၊ သစ်ထွင်း၊ တိုင်းရင်းသား လူမျိုးစုများ၏ အသုံးအဆောင်ပစ္စည်းများ များပြားစွာရှိသည်။ စေတနာရှင်များက ပြတိုက်သဖွယ် ဘုန်းတော်ကြီးကျောင်းသို့ လှူထားကြခြင်း ဖြစ်သည်။

            မန်လည်ကျောင်းကြီး၏ ပရဝဏ်အတွင်း 'တာဝတိံသာ မဟာအဘယစေတီတော်' ရှိသည်။ ထိုစေတီတော်ကား မန်လည်ဆရာတော်ဘုရားကြီး ၁၂၅၄ ခု (၁၈၉၃) တွင် စတင် တည်ထားခဲ့ပြီး ၁၂၅၆ ခု (၁၈၉၄) တွင် ထီးတော်တင်ခဲ့သော စေတီဖြစ်၏။ ကိုလိုနီခေတ် အိန္ဒိယ ကဖိလဝတ္ထုနယ် ဆထူပ စေတီမှရသော မြတ်စွာဘုရား၏ အံတော်ကို အိန္ဒိယလက်က နောင်းမှ ဂျာမန်လူမျိုး ဆေးပညာရှင် 'ဧဖြူရာစီ' က ပေးပို့ လှူဒါန်းသည်။ ၁၂၈၁ ခု (၁၉၁၉) တွင် ထပ်မံဌာပနာ သွင်းသည်ဟု ဆို၏။ ၁၃ဝ၈ ခု (၁၉၄၇) တွင် လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့သော စေတီအား ၁၃၁၃ ခု (၁၉၅၁) တွင် ပြန်လည် တည်ထားသည်ဟု မှတ်တမ်းတွေ့ခဲ့ရ၏။ ကျောင်းဝင်းအတွင်းရှိ ဗောဓိညောင်ပင်မှာလည်း ၁၂၅၂ ခု (၁၈၉၁) ၌ သီဟိုဠ်မှ ညောင်ရမ်းမင်းသား ပေးပို့လှူဒါန်းသော အပင်ဟု ဆိုပါသည်။

            မန်လည်ဆရာတော်ကြီးကို မြန်မာအများက 'မဃဒေဝ လင်္ကာကျမ်း' ရေးသားပြုစုခဲ့သူဟု သိကြသည်။ တကယ်တော့ ထိုကျမ်းသာမက အခြားဘာသာရေးဆိုင်ရာ ကျမ်းပေါင်း မြောက်များစွာကို ပြုစုရေးသားခဲ့သည်ဖြစ်၏။ မဃဒေဝလင်္ကာကျမ်း ရာပြည့်ပွဲကို ယခု တပေါင်းလပြည့် (၂ဝဝ၅ ခု မတ်လအတွင်း) ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ဈေးရောင်းပွဲ၊ မောင်းတေးချင်းပြိုင်ပွဲ၊ စာပေဟောပြောပွဲများ၊ ဇာတ်များ၊ ဗွီဒီယိုများဖြင့် စည်ကားစွာ ကျင်းပရန် စီစဉ်နေကြောင်း သိခဲ့ရသည်။ ဈေးခန်း၊ ဆိုင်တန်းများပင် လေလံတင်နေကြောင်း ကြော်ငြာဆိုင်းဘုတ်များနှင့် တွေ့ခဲ့ရသည်။ မန်လည် ဂေါပကအဖွဲ့မှ ပုဂ္ဂိုလ်များ ကျွန်တော်တို့ မှတ်တမ်း ဓာတ်ပုံများ ရိုက်နေကြချိန်တွင် ရောက်ရှိလာကြပြီး ညအိပ်ကြမည်လား၊ ထမင်း မစားရသေးလျှင် ထမင်းကျွေးလိုကြောင်း ဧည့်ဝတ်ပြုကြသည်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ခရီးအစီအစဉ်အရ ဆက်လက်ထွက်ခွာကြရမည် ဖြစ်၍ ကျေးဇူးတင်ကြောင်းဖြင့် ယဉ်ကျေးစွာ ငြင်းခဲ့ကြရသည်။ လက်ရှိမန်လည်ဘုန်းကြီး ကျောင်း၌ သံဃာ ၉ ပါး သာရှိသည်။ ကိုရင် ၁၂ ပါးရှိ၍ ပင်မကျောင်းကြီးမှာ ကျွန်းလုံးတိုင်ကြီး ၁၆၈ တိုင်ဖြင့် ကြီးမားလှသော ကျောင်းကြီးဖြစ်ရာ အောက်ပြည်အောက်ရွာ၌ ထိုကျောင်းကြီးမျိုး တွေ့ရန်ခက်ပေသည်။

            ကျွန်တော့်စိတ်တွင်း၌မူ ဂေါပကနှင့် သံဃာများ၊ ရွာသူ ရွာသားများက ဧည့်ထောက် ဧည့်ခံပြုကြသည်ထက် ဆရာချုံ၏ ပန်းချီကားလေးချပ်နှင့်တကွ ဆရာတော်ကြီး စုဆောင်းခဲ့သော ပေများ၊ ပရပိုဒ်များ၊ စာတိုက်များကို ရှေးဟောင်း လက်ရာမပျက် ထိန်းသိမ်း စောင့်ရှောက်ထားကြသည်များအား အထူးကျေးဇူးတင်ရှိနေမိသည်။ တကယ်တော့ ဆရာချုံ၏ ပန်းချီကားလေးကားအနက် တစ်ချပ်တစ်ကားလောက် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြသနိုင်ပါက အမျိုးသားဂုဏ်အဖြစ် ဝင့်ကြွားနိုင်မည်လားဟု အတွေးနယ်ချဲ့နေမိသည်။

            မန်လည်ဘုန်းကြီးကျောင်းတွင် တစ်နာရီကျော်မျှ ကျွန်တော်တို့ လေ့လာကြပြီးနောက် ခရီးဆက်ခဲ့ကြသည်။

            မန်လည်မှလွန်သော် မကြာမီ အင်းတော်သို့ ရောက်ကြသည်။ အင်းတော်တွင် ခေတ္တနား၍ ဒီဇယ်ထပ်ဖြည့်ကြသည်။ တစ်ပုံး ၁၄၂၅ဝ ကျပ်နှုန်းဖြင့် လေးပုံး ထပ်ဝယ်ကြသည်။ သံဘို၊ လယ်နောင်၊ လယ်ပြင်ရွာကြီး၊ အင်းတော်၊ နားရခေါင်း၊ ကမ်းနီ၊ နဘား၊ ဆော်မော်၊ ပင်လယ်၊ ပင်စည်၊ ဖားပန်အေးချမ်းကိုဖြတ်ပြီး သော်မော်လူး၌ နေ့စာမဟုတ် ညစာ မဟုတ် မွန်းလွဲညနေခင်းစာ စားဖြစ်ကြပေသည်။

            မော်လူးကျော်သောအခါ ကချင်ပြည်နယ်အစပ်သို့ ရောက်ကြလေပြီ။ ဟဲနု၊ နန်းစီးအောင်ကား စစ်ကိုင်းတိုင်းနယ် မြေအဆုံး ဖြစ်သည်။ နန်းစီးအောင်ချောင်းကျော်သော် ကချင်ပြည်နယ်၊ ကချင်နယ်မြေအတွင်းသို့ ရောက်ခဲ့လေပြီ။ အတော်အတန် ထူထပ်သောသစ်တောများက ကားလမ်းဘေးဝဲယာ၌ မြင်တွေ့ကြရ၏။ မြိုင်သာယာ၊ နန့်ပမောင်းကြိုးဝိုင်း၊ မော်ဟဲ တံတားများကား ကချင်ပြည်နယ်ဒေသများ ဖြစ်ကြသည်။ မော်ဟဲမှာ မိုးညှင်းမြို့နယ်အတွင်းမှ ရွာဖြစ်သည်။ မော်ဟန်၊မိုးညှင်း၊ ဘီလူး၊ ရွာသစ်၊ ဟိုပင်၊ နန်းခွင်၊ ပွင့်ဖြူ၊ ကုန်းတန်းကြီး၊ ပင်းဘော၊ အင်ကြင်းကုန်း၊ သိုက်ဝါကုန်း၊ နမ္မန၊ တောင်နီ၊ ကညင်မြိုင်၊ အုတ်ကျင်း၊ မန်ရက်တို့ကို ဖြတ်၍ မိုးကောင်းသို့ ရောက်သောအခါ အတော်ပင် မိုးချုပ်ခဲ့ပြီ။ နမ္မတီးလမ်းခွဲသို့ အရောက်မောင်းခဲ့ကြပြီး ကံလှရွာအနီး နမ္မတီးလမ်းခွဲ၌ လမ်းဘေးမှာပင် ကားရပ်၍ ကားပေါ်၌ အိပ်ခဲ့ကြသည်။ မန္တလေးမှ ၃၅၂ မိုင် ခရီးပေါက်ခဲ့ကြပြီ။ ရန်ကုန်မှဆိုသော် ၇၈၂ မိုင်ခရီး ရောက်ခဲ့ကြပြီ။

            နံနက်လင်းသော် ကံလှရွာ၏ မနက်ဈေးတွင် လိုအပ်သည်များ ဝယ်ကြသည်။ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ငရုတ်စိမ်း၊ နံနံပင်၊ ပဲရွက်၊ စသည်များ ဝယ်ကြသည်။ ကံလှရွာလေးမှာ ဓာတ်ပုံရိုက်၍လည်း ကောင်းရာ မနက်စောစော ဆန်စီး ခေါက်ဆွဲ စားကြရင်း၊ အကြော်စုံစားကြရင်း ဓာတ်ပုံရိုက်ကြရင်းဖြင့် အချိန်ဖြုန်းလိုက်ကြသည်။

            ကံလှသည် မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်းလမ်းခွဲ ဖြစ်၏။ နမ္မတီးနှင့် ဆက်နေသော ရွာဖြစ်သည်။ မြစ်ကြီးနား သို့ ၃၃ မိုင်၊ မိုးကောင်းသို့ ၈ မိုင်၊ တနိုင်းသို့ ၈၉ မိုင်ဖြစ်သည်။

            ကံလှရွာတွင်ရှိသော လမ်းညွှန်မှတ်တိုင်မှာ ကုသိုလ်ရှင် မြစ်ဖျားဧရာ ကိုမောင်မောင်တို့ မိသားစု လှူဒါန်းသော မှတ်တိုင် ဖြစ်သည်။ 'မြစ်ဖျားဧရာ (မန္တလေး) ဟိုတယ်' ပိုင်ရှင် ကိုမောင်မောင် ဖြစ်ပေသည်။ ကံလှကား လီဒိုလမ်းမကြီးဟု ခေါ်သော မြစ်ကြီးနား၊ တနိုင်း၊ နန်းယွန်း၊ ပန်ဆောင် လမ်းပေါ်တွင် ရှိသောရွာ ဖြစ်သည်။

            ကျွန်တော်တို့ လီဒိုလမ်းမကြီးပေါ် ခြေချမိကြပေပြီ။

            ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်၏အစဟုကား မဆိုနိုင်သေးပေ။ ကားလမ်း၏ ယာဘက်တွင် ပီတောင်ဘေးမဲ့တော ရှိသည်။ ကူမွန်တောင်တန်းကြီးက နိမ့်လိုက် မြင့်လိုက်ဖြင့် မြင်နေရသည်။ ကံလှမှလွန်သော် ရေအေးချောင်း၊ အင်ခန်း၊ လွယ်လီယန်၊ ဒွန်ဘုံးခ၊ လဝါး၊ ဒွန်ဘန်လမ်း တစ်လျှောက်တွင် ချောင်းကူးတံတား များစွာကူးကြရပေမည်။ အချို့နေရာ၌ တံတားများ ပြန်လည်တည်ဆောက်ဆဲ၊ ပြုပြင်ဆဲဖြစ်၍ ရေစပ်စပ်ရှိသော ချောင်းများကို ဖြတ်ကျော်ကူးကြရမည်။ လမ်းမှ ရွာများမှာ ကာမိုင်း၊ ဖားကန့်မြို့နယ်တွင်းမှ ရွာများ ဖြစ်သည်။ ဒွန်ဘန်တွင် ကာမိုင်းသို့ သွားသော ဖြတ်လမ်း၊ လမ်းခွဲရှိသည်။

            ထိုလမ်းကြော၌ရှိသော ရွာများမှာ ကချင်တိုင်းရင်းသားများ အများဆုံး နေထိုင်ကြသော ဒေသရပ်ရွာများ ဖြစ်ကြသည်။ ကံလှမှ လွန်သော် ဝဲယာ၌ လယ်ကွင်းများ စိုက်ခင်းများ တစ်ပြန့်တစ်ပြော မြင်ရမည်။ နောင်မြီး၊ ဝါရာဇွပ်၊ ဘန်ကောက်၊ ရှဒူဇွပ်စသည့် ရွာကြီးများအထိ လမ်းဘေးဝဲယာတွင် စပါးစိုက်ခင်း၊ မုန်ညင်းခင်း၊ အချို့နေရာများ၌ လိမ္မော်ခြံ၊ ကျွဲကောခြံများ တွေ့ရသည်။ လမ်းတစ်လျှောက် ရွာတိုင်း၌ လိမ္မော်သီးဆိုင်များ တွေ့ရပြီး လိမ္မော်သီးပေါသည်။ တိန်ကောက်၊ နန်ဖြတ်အပိုင်း၌ လိမ္မော်ခြံများ ပိုများသည်။ တောရိုင်းမြေကို တောခုတ်ပြီး စိုက်ပျိုးမြေဖော်ကာ ယခုမှစစိုက်နေသော လိမ္မော်ခြံများလည်း တွေ့ရ၏။

            ထိုဒေသ၌ ဝါရာဇွပ်၊ ရှာဒူဇွပ်၊ ဂျာဘူကုန်း၊ ကောင်ရာ၊ နန်းမန၊ အင်ဂါးကာ စသည့်နေရာများ၌ တစ်ချိန်က ရွှေများစွာထွက်သည့် ရွှေမှော်များ ပေါ်ထွန်းခဲ့ဖူးသည်။ ယခုမူ ရွှေထွက်သေးသော်လည်း ယခင်ကလောက် မစည်ကားတော့။ တစ်နိုင်တစ်မိသားစု လုပ်ကွက်သာများတော့သည်။ စီးပွားဖြစ် မဟုတ်တော့ပေ။

            ကံလှမှ ထွက်လာပြီး ဝဲယာလယ်ကွင်းများကို ဖြတ်ကျော်လာရင်းမှ မုန်ညင်းခင်း၊ လိမ္မော်ခင်းတို့ဖြင့် မြင်ကွင်းက မသိမသာ ပြောင်းလာခဲ့ပြီး လမ်းဘေးဝဲယာ၌ တောတောင်က ပိုနီးလာသည်။ သစ်ကြီးဝါးကြီးများရှိသည့် တောစပ်ကလည်း နီးလာသည်။ ချောင်းသေးလေးများကို ဖြတ်ရသည်။ တံတားများက မကြီး၊ ခံနိုင်အားကလည်း မများ၊ သွားကြရင်းက 'ဒွန်ဘုံးခ' ကို ဘွားခနဲ တွေ့လိုက်ရသည်။ ဝဲယာ၌ မုန်ညင်းခင်းများ အပွင့်များဝေနေပြီ။ ဝါဝါဝင်းကာ လှပနေ၏။ ဒွန်ဘုံးချောင်းက လီဒိုလမ်းကို ဖြတ်နေသည်ဖြစ်၏။ ရွာက သိပ်မကြီး၊ ချောင်းကူးတံတားကမူ ၃ဝ၅ ပေ ရှည် သည်။ ကံလှမှ (၁၃) မိုင်အကွာ ဖြစ်၏။ ထိုနေရာသည် ကာမိုင်းနှင့် မဝေး။ ဖားကန့်မြို့နယ်တွင်း ဖြစ်၏။ ထူးခြားသည်က ထိုနေရာတွင် 'ဟူးကောင်းကျားထိန်းသိမ်းရေးနယ်မြေ' ဟူသည့် သစ်တောဦးစီးဌာန၏ ဆိုင်းဘုတ်ကို စတင်တွေ့ရခြင်း ဖြစ်ပေသည်။

            'ဟူးကောင်းကျားထိန်းသိမ်းရေးနယ်မြေ (Hukaung Tiger Reserve)' ဟူသော အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ခေါင်းစဉ်တပ်ထားသော ဆိုင်းဘုတ်ကြီး ဖြစ်ပေသည်။ ဆိုင်းဘုတ်တွင် သစ်တောဦးစီးဌာန၏ အမှတ်တံဆိပ်၊ တစ်ဖက် ၌ Wildlife Conservation Society ၏ အမှတ်တံဆိပ်များပါ ရေးဆွဲ တပ်ဆင်ထားသည်။ တစ်လက်မ ၂၅ မိုင်စကေးဖြင့် ရေးဆွဲထားသော မြေပုံကြီး၌ ကျားထိန်းသိမ်းရေး နယ်မြေအဝန်းအဝိုင်းကို ရေးဆွဲပြသထားပေသည်။ ဧရိယာအနေဖြင့် ၈၁၈၉ စတုရန်းမိုင် ရှိသည်ဟု ပြဆိုထား၏။

            ကျွန်တော် ဖတ်မှတ်သားဖူးသော ဘေးမဲ့တော၊ သားရဲတိရစ္ဆာန် ဘေးမဲ့တောများအနေဖြင့် ကချင်ပြည်နယ်တွင် လေးခုရှိကြောင်း မှတ်သားထားမိပါသည်။ အချက်အလက်များကတော့ အနည်းငယ် ကွာဟကြလျက် ရှိပါသည်။ ဖတ်ဖူးသော သတင်းတစ်ပုဒ်၌ ဟူးကောင်းကျားထိန်းသိမ်း ရေးနယ်မြေ၊ (၈၄၁၈ စတုရန်းမိုင်) ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော (၁ဝ၄၄ စတုရန်းမိုင်) ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် (၁၄၇၂ စတုရန်းမိုင်) ဘွမ်ပါဘွမ်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော (၇၁၆ စတုရန်းမိုင်)ဟု မှတ်ထားမိသည်။ နောက်တစ်နေရာတွင် ဖတ်မှတ်ဖူးသည်၌ ဟူးကောင်းကျား ထိန်းသိမ်းရေးနယ်မြေကို စတုရန်းမိုင် ၈၅ဝဝ ခန့်ဟု ဆိုပါသည်။ ထိုသတင်း၌ ကျားများကျက်စား နေထိုင်သော ဧရိယာမှာ စတုရန်း ၅၉၁၃ မိုင်ခန့်ဟု ရေးသားထားသည်ကို မှတ်ထားဖူးပါသည်။ အခြားသတင်းတစ်ပုဒ်တွင်မူ ဟူးကောင်းကျားထိန်းသိမ်းရေး ဧရိယာမှာ စတုရန်းကီလိုမီတာ ၂၂ဝဝဝ (၈၄၉၄ စတုရန်းမိုင်ခန့်) ဟု တွေ့ရပါသည်။

            ယခုဆိုင်းဘုတ်တွင်မူ အထက်ဖော်ပြပါအတိုင်း စန်ပန်တောင်တန်း (ချင်းတွင်းမြစ်အထက်ပိုင်း)၊ ပတ်ကွိုင်တောင်တန်း၊ (အိန္ဒိယမြန်မာနယ်စပ်) ကချင်ပြည်နယ်မှ ဖုန်ကန်ရာဇီကြိုးဝိုင်း၊ ဘွမ်ပါဘွမ်ကြိုးဝိုင်း၊ ကူမွန်တောင်တန်း၊ ပီတောင်ကြိုးဝိုင်းတို့၏ ကြားဧရိယာစတုရန်းမိုင် ၈၁၈၉ ဟု ပြဆိုထားပေသည်။

            ကျွန်တော်တို့သည် ဟူးကောင်း (တနိုင်း) လွင်ပြင်၏ အစသို့ ခြေချမိကြပေပြီ။ လီဒိုလမ်းကြီးကား မြေပုံအရဆိုသော် ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် ကျားထိန်းသိမ်းရေးနယ်မြေကြီးကို အရှေ့နှင့်အနောက် ထက်ခြမ်းခွဲ၍ အလယ်တည့်တည့်လောက်မှ ဖြတ်သန်းနေသည်ဟု ဆိုရပေလိမ့်မည်။

            ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်သို့ ကျွန်တော်တို့ တကယ် ခြေချမိကြပေပြီ။

            ဟူးကောင်း ကျားထိန်းသိမ်းရေး ဆိုင်းဘုတ်ရှေ့၌ ကျွန်တော်တို့ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

            ထိုနေရာသို့ အရောက်တွင် ရေအေးချောင်းတံတား၊ အင်ခန်းတံတား၊ လွယ်လီယန်တံတား (ယခု ဒွန်ဘုန်းခ တံတား)တို့ကို ကျော်ဖြတ်မိကြပေပြီ။ ဒွန်ဘုန်းခကို ကျော်သောအခါ လဝါးရွာသို့ ရောက်ကြသည်။

            လဝါးရွာကို ကျော်သောအခါ ဒွန်ဘန်သို့ ဝင်ကြ၏။ ဒွန်ဘန်ရွာကား ရွာကြီးဖြစ်သည်။ အိမ်ခြေ ၄၅ဝ ခန့်ရှိ ရွာကြီးဖြစ်သည်။ ကချင်တိုင်းရင်းသားများ အများဆုံးနေထိုင်သော ရွာကြီးဖြစ်သည်။ ထိုရွာတွင် ခေတ္တနားကြမည်။ ကားပေါ်မှဆင်းကာ ဓာတ်ပုံရိုက်ရင်း လမ်းလျှောက်လာခဲ့ကြသည်။ ဒွန်ဘန်ချောင်းကို ဖြတ်ပြီးမှ ရွာလယ်မှ ဈေးဆိုင်တန်းကို ရောက်သည်။ ချောင်းက အတော်ကျယ်သည်။ တံတားက မရှိ။ မိုးတွင်းဆိုလျှင် ထိုနေရာမှာ ခက်ခက်ခဲခဲ ဖြတ်ရမည်ဟု ထင်ပါသည်။ ကျွန်တော်တို့ ရောက်ချိန်တွင်မူ ရေနည်းနေ၍ ကျောက်စရစ်တောနှင့် ရေစပ်စပ်ကို ဖြတ်ကာ ရွာလမ်းပေါ် တက်ရသည်။ ထိုချောင်းကို တံတားဆောက်မည့် စီမံကိန်းရုံးအား တွေ့ရပြီ။ ရုံးအတွင်း တွေ့ရသော တံတားပုံစံနှင့် စီမံချက်အရ တံတားအရှည်မှာ ၃၃၈ ပေရှိ သံကူကွန်ဂရစ် တံတားကြီး ဖြစ်၏။ ပင်မတိုင်ကြီး ငါးတိုင်ဖြင့် စီမံထားသည်ကို တွေ့ရသည်။ ယခုမူ ချောင်းတွင်း၌ ရေချိုးနေသူများ အဝတ်လျှော်သူများဖြင့်သာတွေ့ရ၏။

            ချောင်းကိုဖြတ်ပြီး ရွာလယ်တွင် စည်ကားသော ဈေးဆိုင်တန်းများ တွေ့ရရာ လမ်းလျှောက်သွားရင်းမှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ဝင်ထိုင်မိသည်။ ဆိုင်တွင်းထိုင်ပြီးမှ လက်ဖက်ရည်သာမက စားသောက်ဖွယ်အစုံနှင့် ထမင်းပါရသော ဆိုင်ဖြစ်နေသည်ကို တွေ့ရသည်။ ဆိုင်ရှင်မိသားစုမှာ အိန္ဒိယနွယ်ဖွား မိသားစုဖြစ်သည်။ စကားစမြည် ပြောကြည့်သောအခါ သူတို့သည် ရွာခံများ မဟုတ်ကြကြောင်း သိရသည်။ မြစ်ကြီးနားမှဖြစ်ပြီး ရေကြည်ရာ မြက်နုရာ စီးပွားလာ ရှာကြသူများ ဖြစ်ကြသည်။ ဆိုင်ခင်းအတော်ကျယ်၍ ခရီးဝေးသွားကားများ၊ ဆိုင်ကယ်များ ရပ်နားကြကာ အတော်လေး အရောင်းအဝယ် ကောင်းသည်ကို တွေ့ခဲ့ရ၏။

            လက်ဖက်ရည်သောက်အပြီး လီဒိုလမ်းအတိုင်း ရွာလွန်သည်အထိ ဆက်၍ လမ်းလျှောက်ကြသည်။ နောက်မှ ကားတက်စီးပြီး ခရီးဆက်ခဲ့ကြ၏။ မကြာမီ နောင်မြီးရွာကို ရောက် ကြသည်။ လီဒိုလမ်း၌ မြို့ရွာရှိလျှင် တံတားနှင့် ချောင်းရှိရမည်ဟု သတ်မှတ်ထားသည့်အလား နောင်မြီးရွာတွင် နောင်မီးတံတား ဖြတ်ရသည်။ ထိုတံတား၏ အမည်နှင့် ရွာအမည် မီးနှင့်မြီးဘာကြောင့် ကွာဟနေသည်လဲဟု တွေးနေမိသေး၏။

            ကားဆက်မောင်း၍မျှ ဘာမျှမကြာ၊ ဝါရာဇွပ်တံတားကို တွေ့လိုက်ရပြန်သည်။ တံတားက အတော်ရှည်သည်။ တံတားပေါ်တွင် လူအများအပြားကို မြင်တွေ့ရပြီးကားများ၊ ထော်လာဂျီများ၊ ဆိုင်ကယ်များကို တံတားထိပ်တွင် တန်းစီရပ်ထားသည်အား တွေ့လိုက်ရသည်။ ရပ်ထားသော ကားတန်းရှည်နောက်တွင် ကျွန်တော်တို့ကားကိုလည်း ရပ်ထားလိုက်ကြရသည်။ တံတားပေါ်မှ ဖြတ်လာသော လူတစ်ဦးအား ကျွန်တော်က 'ဘာဖြစ်လို့လဲ' ဟု စပ်စုခဲ့ရာ 'တံတားပြင်နေလို့ ကားတွေ ရပ်စောင့်နေကြတာ' ဟု ဖြေပါသည်။

            အလိုလေး၊ ဘယ်လောက်များ ကြာနေဦးမလဲဟု စိတ်လေးစွာဖြင့် လမ်းဆင်းလျှောက်ပြီး တံတားကို ဖြတ်သွားမိသည်။ တော်သေးသည်၊ လမ်းလုပ်သားများရော၊ ခရီးသည်များပါ၊ သစ်သားသယ်ပေးသူ သယ်ပေး၊ သံရိုက်သူရိုက်ဖြင့် တစ်ယောက်တစ်လက် ဝိုင်းလုပ်နေကြသည်။ ဆောက်လုပ်ရေးမှ အရာရှိဟု ထင်ရသူတစ်ဦးက သက်ဆိုင်ရာမှ သစ်မရောက်သေးကြောင်း ညည်းတွားပြောဆိုရင်းမှ ဦးဆောင်ညွှန်ကြားပေးနေသည်။ အေးမြသော ဆောင်းလေကြားမှ ချွေးစိုနေကြသူများ အဖြစ် ကျွန်တော် တွေ့ရသည်။ သူတို့နား ရပ်နေရင်း သူတို့ ပြောနေသည်များကို နားထောင်ရင်းမှ ပိုမိုသဘောပေါက်လာသည်။

            သက်ဆိုင်ရာမှ ပို့ပေးမည့် သစ်နှင့် သံများမရောက်လာသေး၊ ရှိသလောက် သစ်သံဖြင့် ကားဖြတ်မောင်း၍ ရလောက်အောင် ပြင်နေကြခြင်း ဖြစ်သည်။ သစ်လေးချောင်း သုံးရမည့်နေရာ သုံးချောင်းသုံး၊ ရသမျှ အတိုအစကို ဆက်စပ်၍ ခင်းသည်။ သစ်သားရှည်သုံးရမည့် အလျားဆိုလျှင် သစ်တိုများနှစ်ချောင်း စပ်ဟပ်၍ ဆက်ပေါင်းပြီး သုံးကာရှိသလောက် သံဖြင့် သုံးချောင်းရိုက်မည့်နေရာ နှစ်ချောင်းရိုက်ပြီး လာမည့် သစ်သံကိုစောင့်ရင်း ကားများ၊ ဆိုင်ကယ်များ အသွားအလာ မပျက်အောင် ကြံဆလုပ်ဆောင်ပေးနေကြခြင်း ဖြစ်၏။ ကျေးဇူးတင်ထိုက်သော တံတားဆရာ၊ လမ်းဆရာများ ဖြစ်ပေသည်။ ကျွန်တော်ရောက်ပြီး နာရီဝက်မျှ အကြာတွင် ကားများကူး၍ ရမည့်အခြေအနေကို ရောက်သွားသည်။ ဦးစွာ ဆိုင်ကယ်များ လူများ ဖြတ်ကူးကြသည်။ ကျွန်တော်တို့ ကားရပ်သည့်ဘက်မှာသာ ယာဉ်များရှိသည် မဟုတ်၊ တစ်ဖက်ထိပ်တွင် ကျွန်တော်တို့ဘက်ကထက် ပိုများသည်။ တနိုင်းကလာသော ယာဉ်များ ဖြစ်ကြမည်။

            ကားပေါ်မှ လူများဆင်းပြီး လူချည်းဖြတ်ခိုင်းပြီးမှ ကားများတစ်စင်းချင်း ဖြတ်ပေးကြပါဟု စောစောက ခေါင်းဆောင် ဆရာက မေတ္တာရပ်ခံသည်။ သူ့မေတ္တာရပ်သည့်အတိုင်း ဖြတ်ကြသည်။ တံတားက ခပ်လှုပ်လှုပ်ဖြစ်၏။ ကျွန်တော်လည်း လူချည်းဖြတ်ကူးကာ တစ်ဖက်တံတားထိပ်၌ ရပ်ကာ ကိုယ့်ကားကိုယ်စောင့် နေမိသည်။ ကားအသေးများကို အလျင်ဖြတ်ပါဟု ဆိုသဖြင့် ကားသေးများ အလျင်ဖြတ်ကြသည်။ ကျွန်တော်တို့ ကားသည်လည်း ကားသေးစာရင်းဝင်ရာ ကားကြီးများထက် အလျင်ဖြတ်ခွင့် ရခဲ့သည်။ ကျွန်တော်တို့ဘက်မှ ကားများက တစ်ဖက်မှ ဖြတ်မည့်ကားများ ကုန်မှ ဖြတ်ခွင့်ရသည်မို့ စုစုပေါင်း တစ်နာရီနီးပါးမျှ ကျွန်တော်တို့ စောင့်ခဲ့ကြရသည်။

            ဝါရာဇွပ်မှာ ရွာကြီးကြီးမဟုတ်သော်လည်း အတန်အသင့် စည်ကားသည်။ အိမ်များက လမ်းဘေးတွင် သိပ်ကပ် ဆောက်မထားကြ။ ကားလမ်းနှင့် လှမ်းလှမ်းတွင် သပ်သပ်ရပ်ရပ် ဆောက်ထားကြ၏။

            ဝါရာဇွပ်သည်လည်း တစ်ချိန်က ရွှေထွက်သောရွာဟု ဆိုကြသည်။ တစ်အိုးစား နှစ်အိုးစားကတော့ ယခုတိုင် ချောင်းထဲတွင် ကျင်၍ရဆဲဟု ဆိုသည်။

            ဝါရာဇွပ်ကျော်သောအခါ ဘန်ကောက်ဆိုသော ရွာကိုရောက်သည်။ ကျွန်တော်တို့ အဖွဲ့တွင် ပါလာသော ဆရာ ကိုဇော်မင်းမှာ မနှစ်က ယိုးဒယား၊ ဘန်ကောက်သို့ ပြပွဲသွားကြရန် စီစဉ်ပြီး ပန်းချီကားသာ အသွားအပြန် ရောက်ခဲ့ပြီး လူမလိုက်ဖြစ်ခဲ့ရာ နိုင်ငံခြားဇာတာ မပါဟု မိတ်ဆွေတစ်ဦးက နောက်ပြောင်ခဲ့ဖူးသည်။ ထိုကိစ္စကို ကျွန်တော် သတိရမိပြီး-

            'ကိုဇော်မင်း ဘန်ကောက်ရောက်ပြီ၊ ခင်ဗျားမိတ်ဆွေတွေကို ပြန်ပြောပေတော့'

            ဟု နောက်ပြောင်စကား ဆိုမိ၏။ ကိုဇော်မင်းကလည်း အားကျမခံပင်...

            'ခင်ဗျား အစီအစဉ်အတိုင်းဆို ဘန်ကောက်တင် ဘယ်ကမလဲ အိန္ဒိယတောင် ရောက်ဦးမှာပါဗျ' ဟု ရယ်သွမ်းသွေး ပြောဆိုခဲ့သည်။ (တကယ်တော့ အိန္ဒိယပါမက ယခုခရီး၌ တရုတ်ပြည်ပါ ရောက်သွားခဲ့ပါသည်။ ယခုဆောင်းပါးနောက်ပိုင်း၌ အိန္ဒိယနယ်စပ်မှ အပြန်လေးရက်အတွင်း တရုတ်ပြည်သို့ ရောက်ခဲ့ပုံ ဖော်ပြပါမည်။ ဤကား စကားကြွင်းဖြစ်ပါသည်)။

            ဘန်ကောက်မရောက်မီကတည်းက လီဒိုလမ်းမကြီးသည် ပိုမိုဖြောင့်ဖြူးလာသည်။ ကားသုံးစင်းမက ကားလေးစင်းပင် ယှဉ်မောင်း၍ ရသောနေရာများလည်း ရှိနေသည်။ အတော်သွားမိသောအခါ ရှာဒူဇွပ်ဆိုသည့်ရွာကြီးသို့ ရောက်လေသည်။ ရွာကြီးဖြစ်သည်။ ဆိုင်များကလည်း များပြားစည်ကားလှ၏။ လီဒိုလမ်းမကြီးမှ ရွာများ၏ အင်္ဂါရပ်နှင့်အညီ ချောင်းကြီး တစ်ချောင်းကို တွေ့ရပြန်၏။ အတော်စည်ကားသော ရွာဖြစ်ပြီး ဘေးပတ်ဝန်းကျင်မှာ သစ်တောရိပ် ကောင်းလှသည်။ မမြင့်မားလှသော တောင်များလည်း ရှိ၏။ သည်နေရာ ဝန်းကျင်သည်လည်း အရည်အသွေးကောင်းသော ရွှေထွက်သည်ဟု နာမည်ကြီး၏။ လီဒိုလမ်းကြီးကား တစ်ဖြောင့်တည်း ရှိသည်။ ဘေးနှစ်ဖက်၌ သစ်တောထူထူက တစ်မျှော်တစ်ခေါ်ဖြစ်၏။ မကြာမီ တိန်ကောက်ဆိုသည့် ရွာကို ရောက်တော့မည်ဖြစ်၏။ ရှာဒူဇွပ်နှင့် တိန်ကောက်အကြား မြေအနေအထားက ပို၍နိမ့် သွားသည်ကို တွေ့ရသည်။ ထိုနေရာကား ထူးခြားချက်တစ်ခုရှိသော နေရာဖြစ်၏။

            တိန်ကောက်မရောက်မီ လမ်းဘေးတစ်ဖက်တစ်ချက် တောအုပ်အနေအထားက တစ်မျိုးပြောင်းသွားသည်။ လျှိုလိုလို အမြင်တစ်မျိုး ဖြစ်၏။ တောအကြောင်း မကျွမ်းကျင်သော ကျွန်တော်တို့အတွက် လမ်းဘေးဝဲယာတွင် စိုက်ထူထားသော ဆိုင်းဘုတ်ဝါဝါများမြင်မှ သဘောပေါက်ခဲ့ကြတော့သည်။ ကားရပ်ကြပြီး ထိုဆိုင်းဘုတ်ဝါဝါများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။ ကားကို ဖြည်းဖြည်းမောင်းခဲ့ကြ၏။

            ထိုနေရာကား Wildlife Corridor ခေါ် တောရိုင်းတိရစ္ဆာန်များ ဖြတ်လမ်းဟု ဆိုပေသည်။ ထိုနေရာ၌ သတိပေး ဆိုင်းဘုတ်များထောင်ကာ သတိပေး ပညာပေး လမ်းညွှန်ကြားချက်များ ရေးပေးထားပေသည်။

            ပထမဆုံး ဆိုင်းဘုတ်ကား

            တောရိုင်းတိရစ္ဆာန်ကူးလမ်း

            WILDLIFE CORRIDOR

            အရှိန်လျော့၍မောင်းနှင်ပါ။

            DRIVE SLOWLY

            ဟူသည့် ဆိုင်းဘုတ်ဖြစ်သည်။ အဝါပေါ်တွင် စာလုံးအနက်ဖြင့် ရေး၍ သစ်တောဌာနတံဆိပ် Wildlife Conservation Society ၏ တံဆိပ်များပါသည်။ ကျားရုပ်လေးလည်း ပါသေး၏။ နောက်တစ်နေရာ၌

အစိမ်းအဖြူကြား သစ်သားတိုင်၌ အနီရောင်သတိပေး ဘုတ်များပေါ်တွင် အဖြူရောင်စာလုံးဖြင့် . . .

            ကျားထိန်းသိမ်းရေးနယ်မြေ

            TIGER RESERVE

            အမဲမလိုက်ရ

            NO HUNTING

            နောင်ရေးစိတ်အေးစေဖို့ ယနေ့ထိန်းသိမ်းကြစို့။

            CONSERVE TODAY FOR THE FUTURE

            ဟူသော သုံးဆင့်ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ ကျွန်တော်တို့ သဘောပေါက်သွားကြသည်။ ထိုနေရာကား တောရိုင်းတိရစ္ဆာန်များ လီဒိုလိုလမ်း၏ ဘေးနှစ်ဖက် အရှေ့နှင့် အနောက် တောကြောကို ဖြတ်သန်းကူးသွားလာလေ့ရှိသော နေရာ ဖြစ်နေခြင်းပင်။

            ကျွန်တော်တို့ အဖွဲ့သည် ထိုနေရာ၌ ဓာတ်ပုံရိုက်ကြ၊ တောစပ်ကို ဝင်ကြည့်ကြရင်းဖြင့် 'ဒီနေရာမှာ ညအိပ်စောင့် ကြည့်ရရင် ကောင်းမယ်' ဓာတ်ပုံစောင့်ရိုက်ရရင် ရမလားမသိဘူး' စသည်ဖြင့် ပြောဆိုကြသည်။ တကယ်တော့ ထိုအစီအစဉ်များသည် မလွယ်။ ယခု ခရီးထွက်မလာမီ ကတည်းက သစ်တောဌာနမှ ပုဂ္ဂိုလ်များ၊ ထိုဒေသသို့ ၁၉၉၉ ခုနှစ်က လမ်းလျှောက်၍ နန်းယွန်းအရောက် သွားခဲ့ဖူးသော ပုဂ္ဂိုလ်များကို မေးစမ်းကြည့်ခဲ့ဖူးသည်။

            ဒေသကျွမ်းကျင်သူတို့ အဆိုအရ ကျားကဲ့သို့သော သတ္တဝါကို တွေ့ရန်မလွယ်ကြောင်း ကျားထိန်းသိမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များပင် ကျားချေး၊ ကျားခြေရာ သာတွေ့ဖူး ကြပြီး ဟူးကောင်းကျားကို အကောင်လိုက် အရှင်လတ်လတ် တွေ့ဖူးသူ ရှားပါးလှကြောင်း၊ ကျားကလည်း လူကိုရှောင်ကြောင်း၊ ကျားအဖွဲ့မှ ပုဂ္ဂိုလ်များပင် တောထဲ၌ ကျားကျက် စားတတ်သော နေရာများ၌ ကင်မရာထောင်ချောက် (TRAP CAMERA) ဖြင့် ဆင်၍ မှတ်တမ်းပုံရအောင် ရိုက်ယူရကြောင်း သိထားခဲ့ရာ အဖွဲ့သားများကို ပြောပြမိပါသည်။

            ရှေ့ဘက်နှစ်ဖာလုံမျှ သွားမိသောအခါ ဆိုင်းဘုတ်ဝါ တစ်ခုကို ထပ်မံတွေ့ရှိရပြန်ပါသည်။ တောရိုင်းတိရစ္ဆာန်ဖြတ် ကူးလမ်းအဆုံးဟု ယူဆရပါသည်။ ထိုဆိုင်းဘုတ်၌မူ

            ပူးပေါင်းကူညီမှုကို ကျေးဇူးတင်ပါသည်။

            THANK YOU FOR YOUR COOPERATION

            ဘေးရန်ကင်းရှင်းပါစေ။

            HAVE A SAFE DRIVE

            ဟူသော စာတန်းကို ပထမတွေ့သော သတိပေးချက် ဆိုင်းဘုတ်အရွယ်အစား အရောင်အသွေးအတိုင်း အမှတ်တံဆိပ်များဖြင့်ပါ တွေ့လိုက်ကြရသည်။ ကျွန်တော်တို့သည် ထင်ရှားလှသော ကျားထိန်းသိမ်းရေး နယ်မြေသို့ အမှန်တကယ်  ခြေချမိကြကြောင်း ဖြစ်၏။

ဆက်လက်ဖော်ပြပါမည်။

စိန်မျိုးမြင့်

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။