ကံချွန်
လူပျိုကြီး ကိုတင်ညွန့်
နာမည်တူ လူတူမရှား ဆိုသလို
စရိုက်တူသူများလည်း မရှားပါ။ ကျွန်တော်၏ လူပျိုကြီး ကိုတင်ညွန့်သည် စရိုက်တူသော
လူပျိုကြီး ငါးယောက်၏ အဖြစ်အပျက်ကို တစ်ဦးတည်းဖြစ်ရန် ပေါင်းပေးထားခြင်း
ဖြစ်ပါသည်။ တစ်ခေါင်းလုံးဖြူနေခြင်းနှင့် ကိုတင်ညွန့် အမည်ကိုမူ စရိုက်အများဆုံး
ယူရသည့် လူပျိုကြီး၏ အမည်ရင်းနှင့် ပုံသဏ္ဌာန်ဖြစ်ပါသည်။ ဒေါနခြံမှ ဖြစ်ပါသည်။
အသက် ၆ဝ ကျော်ပြီ။ ယခုထိ လူပျိုကြီးပါ။ အစအနောက်သန်သည်။ ပျော်ပျော်နေတတ်သည်။
အနှိပ်ပညာ တော်သည်။ အညောင်းပြေ နှိပ်ခြင်းမျိုး မဟုတ်ပါ။ ဇက်နာ၊ လက်ပြင်ကျောနပ်၊
ခါးနာ ဆိုသလို ရောဂါမျိုးကို နှိပ်ပေးခြင်းဖြစ်ပါသည်။ သူက ရပ်ကွက်အစွန်မှာ နေသည်။
သူ၏ ဘဝထဲသို့ အခြား လူပျိုကြီး
လေးယောက်၏ အဖြစ်အပျက်များကို လိုအပ်သလို ဖြတ်ညှပ်ကပ် ထည့်ပေါင်းကာ
ဇာတ်လမ်းဆင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုတင်ညွန့်မှာ
တစ်ရပ်တည်းနေခဲ့သည်။ ကျွန်တော်သည် သူ၏ အစ၊ အနောက်သန်မှုကို နှစ်သက်သည်။ ကျွန်တော်
ဝတ္ထုရေးမည်ဆိုသောအခါ သူ၏ အနေအထိုင် အပြုအမူ၏ သြဇာလွှမ်းမိုးမှုကြောင့်
ဇာတ်ကောင်နာမည်ပင် မပြောင်းဖြစ်တော့ပါ။ နာမည်ပြောင်းရန် စဉ်းစားလိုက်တိုင်း
အမူအကျင့်တို့ပါ လျော့သွားသလို ခံစားရသောကြောင့် ဖြစ်ပါသည်။
□
လူပျိုကြီး ကိုသက်ပိုင်ကမူ မိန်းမ
အလွန်ရှုပ်သည်။ အပျော်အပါးလေးကလည်း မကင်း။ တွေ့မရှောင် ခေါင်းပုတ်၊ ထိတ်ပုတ်
လုပ်ချင်သည်။ ကျွန်တော်၏ ဇာတ်ကောင် ကိုတင်ညွန့်ထံသို့ မိန်းကလေးများကို စလိုက်
နောက်လိုက်နေသော စရိုက်ထည့်မည်ဟု ရည်ရွယ်သော အခါ ထိုစရိုက်မှာ 'ရိုးသားမှု' ပေါင်းပေးဖို့ ကြိုးစားရသည်။
စာဖတ်သူ၏ အမုန်းကို မခံနိုင်ပါ။ ကိုတင်ညွန့် နှင့် မိန်းကလေးများ၏ ဆက်ဆံရေးတွင်
ကိုတင်ညွန့်၏ ရိုးသားမှု မပျောက်ကွယ်သော ဆက်ဆံရေးဖြစ်ရန် ကျွန်တော်တို့
ကြိုးစားရသည်။
□
နောက်တစ်ဦးမှာ ကိုညီမောင် ဖြစ်ပါသည်။
ငါးဖမ်းသည်။ ပုစွန်ကိုလည်း ချမ်းသာမပေး။ ပုစွန်လုံးတွေ့လည်း ကောက်လာလိုက်သေးသည်။
မိုးကလေးစွေပြီ ဆိုလျှင်မူ ဖားရိုက်တော့သည်။ သူက ကဗျာဆရာ နီမောင်နှင့် ခင်သည်။
စားလို့ ရသောဖားနှင့် စားလို့မရသောဖားကို သူခွဲခြားပြခြင်း ဖြစ်ပါသည်။ အသက် ၅ဝ
ကျော်မှ အိမ်ထောင်ကျသွားသည်။ အိမ်ထောင်ကျစက အဖြစ်အပျက်သည် သူတို့ အိမ်ထောင်တစ်သက် စွဲမှတ်စရာဖြစ်ခဲ့ရသည်။
အိမ်ထောင်ဦးည လွန်မြောက်၍နောက်တစ်နေ့မနက် (လူအိုဘဝ ပထမ ဆုံးအစ)မှာ
နှုတ်ခမ်းနီဘူးနှင့် မိတ်ကပ် ဘူးကိုကိုင်၍ အိမ်ရှေ့ထွက်လာပြီး
မမြင်ဖူးတာတွေမြင်ရတယ်။ မကိုင်ဖူးတာတွေ ကိုင်ရတယ်' ဟု အော်လေရာ ဇနီး
အသစ်စက်စက်၊ ပူပူနွေးနွေးသည် အဓိပ္ပာယ်ကောက်လွဲ၍ ရှက်အားပိုသွား သောကြောင့်
သနပ်ခါးတုံးနှင့် လှမ်းပစ်တော့သည်။ သနပ်ခါးတုံးသည် ကိုညီမောင်၏ ခါးကို
တိုက်ရိုက်ထိမှန်လေရာ သုံးရက်ခန့် ခါးနာခဲ့ရဖူးသည်။ ထိုသို့ဖြစ်လိုက်ခါမှ
ရွာသားများက ကိုညီမောင်၏ ဇနီးကို..
'ညည်းဘယ့်နှယ်
လုပ်လိုက်တာလဲဟယ်။ ညီမောင်ကိုကြည့်ရတာ ဘက်မညီတဲ့ နွားတပ်ပြီး ဆွဲလာတဲ့လှည်း
ကြည့်ရသလိုပဲ။ စောင်းငမ်းစောင်းငမ်းနဲ့ဟု ပြောသောကြောင့် ပို၍ ရယ်ပွဲဖွဲ့စရာ
ဖြစ်ရတော့သည်။ ကျွန်တော်သည် မိန်းကလေးတစ်ဦးက မရည်ရွယ်ဘဲ ပြုမူလိုက်ခြင်းတွင်
ထိခိုက်မှု ရှိသွားသောကြောင့် ပို၍ရင်းနှီးစရာ အကြောင်းအချက်အဖြစ် ပြောင်းလဲတတ်ပုံကို
ကိုညီမောင်၏ ဖြစ်ရပ်မှ ဆင့်ပွားတွေးခဲ့ခြင်း ဖြစ်ပါသည်။ စကားကို ရိုးသားစွာ မဆင်မခြင်ပြောလေ့ရှိခြင်းကိုလည်း
ကိုညီမောင်၏ အမူအကျင့်မှ နုတ်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကိုတင်ညွန့်က ဖားကင်များ ကိုင်လာရာမှ
အကြော်သည် ဒေါ်ဘုမကို ကျွေးရန် ဖားကင်ထောင်ပြရင်း 'ဒေါ်ဘုမ ဖားကင်'
ဟု ပြောပုံနှင့် ညိုခင်ကို 'ဟဲ့... ညိုခင်
ဖားကင်' ဟု ပြောပုံမှာ ကိုညီမောင်၏ စရိုက်ဖြစ်ပါသည်။
ကိုညီမောင်သည် သူ့ဇနီးကို ကလေးငယ်တစ်ဦးနှယ် ပွေ့ချီကာ ရွာလယ်လမ်းအတိုင်း
ပြေးဖူးသည်။ သူ့ဇနီးက ရုန်းသော်လည်း မရ။
'ကဲ... ကျုပ်မိန်းမကို ကျုပ်က
မနိုင်ဘူးလို့ ဘယ်သူပြောတာလဲ'
ဟုမေးသေးသည်။ ကျွန်တော်သည်
ကိုညီမောင်အကြောင်းကို လူပျိုကြီးများ မိန်းမရတော့ဟု အမည်ပေး ကာ
ရေးရန်စိတ်ကူးသေးသည်။ ကိုတင်ညွန့်ကို ရေးလိုက်သောအခါ ကိုညီမောင်၏ အကြောင်းကို
မရေးဖြစ်တော့ပါ။
□
နောက်တစ်ဦးမှာ လူပျိုကြီး
ကိုစိန်ရိုးဖြစ်သည်။ ကလေးတွေနှင့် နေသည်။ သူ့အိမ်မှာ ကလေးတွေ တရုန်း ရုန်း။
လူငယ်တွေ တအုန်းအုန်း။ သူ့အစ်မက သူနေဖို့ အိမ်သေးသေးလေးတစ်လုံး ဆောက်ပေးထားသည်။ သူ
တစ်ယောက်တည်းနေသည်။ လက်ဖက်ရည်ဆိုင် သွားချင်လျှင် အိမ်ကိုသော့ခတ်။ သော့တံကို
အိမ်အတွင်းဘက် သော့ အိမ်နှင့်တည့်တည့် တံခါးဘောင်မှ သံချောင်းမှာ ချိတ်သည်။
သော့ချိတ်ရန် သော့အိမ်ဘေးနားမှ ထရံကို လက်နှိုက်ဖို့ အပေါက်ဖောက်ထားသည်။ တံခါးကို
သော့ခတ်ပြီးသည်နှင့် သော့ကို အိမ်တံခါးအတွင်းဘက်မှာ ချိတ်ထားခဲ့သည်။ လူငယ်များက
သူမရှိချိန် သူ့ အိမ်ထဲ ဝင်လိုလျှင် လက်နှိုက်ပေါက်မှ သော့ကိုနှိုက်ယူကာဖွင့်၍ ဝင်ကြသည်။
သူ့အိမ်မှာ ထမင်းအိုးရှိသည်။
ဆန်အိုးရှိသည်။ မီးသွေးဖိုရှိသည်။ ည မနက် ကိုစိန်ရိုးစားဖို့ ဟင်းကိုမူ သူ့ အစ်မက
ပို့ပေးသည်။ ကိုစိန်ရိုးက ထမင်းတစ်အိုးသာ ချက်ရသည်။ လူငယ်များက သူချက်ထားသည့်
ထမင်းအိုးကို ဖွင့်စားချင် စားတတ်သည်။ စားပြီးလျှင် ပြန်ချက်ပေးကြသည်။ ဆန်အိုးထဲ
ဆန်ကုန်လျှင် ကြုံသည့်သူက တတ်နိုင်သလောက် ဝယ်ထည့်ပေရော့။ ကျွန်တော်၏
ကိုတင်ညွန့်တွင် အစ်မက ထမင်းဟင်းပို့သည့်စိတ်ကူးကို ကိုစိန်ရိုးထံမှ ရခြင်းဖြစ်ပါသည်။ ကိုစိန်ရိုး၏
သီးခြားထူးခြားမှုတို့ကိုမူ အံမဝင်သောကြောင့် မယူဖြစ်ပါ။ သူ့မှာ အများနှင့်
ကွဲပြားသော အပြုအမူများရှိသည်။
လက်ဖက်ရည်ဆိုင်တွင် တစ်ယောက်ယောက်က ကိုစိန်ရိုး ခေါင်းတုံး
တစ်ခြမ်းတုံးပြီး မနက်ဖြန် ဒီအချိန်ထိနေမလား။ ဒီဆိုင်မှာ ခင်ဗျား
စားချင်သလောက်စား၊ သောက်ချင်သလောက် သောက်၊ ကျုပ်ရှင်းမယ်ဟု စိန်ခေါ်လာလျှင် ကိုစိန်ရိုးက ခေါင်းတုံးတစ်ခြမ်း တုံးသည်။
ရှေ့နောက် ခြမ်းရမလား။ ဘေးတိုက်ခြမ်းရမလား။ ကြိုက်သလိုပြော။ ထိုသို့တုံးထား၍
အိမ်တွင်းအောင်းနေမည်မထင်နှင့်။ ပုံမှန် သွားရိုး သွားစဉ် အသွားအလာမပျက်။
နောက်ရက်မှာ တစ်ယောက်ယောက်က ထို ခေါင်းတုံးတစ်ခြမ်းနှင့် ဈေးချိုသွားပါက
ငွေတစ်ရာပေးမည်ဆိုလျှင်လည်း ငွေတစ်ရာယူကာ စက်ဘီးနှင့် ဈေးချို ထွက်သွားသည်။
တစ်ခါတလေ ထို ခေါင်းတုံးတစ်ခြမ်းနှင့် တစ်ပတ်ဆယ်ရက် ကြာသွားတတ်သည်။ ထိုအခါ
မျိုးတွင် ကိုစိန်ရိုးက...
'ငါ လူတွေကို သနားတယ်ကွာ၊ ငါက
ပိုက်ဆံရလို့ ကတုံးတစ်ခြမ်းတုံးတယ်ဆိုတာ အဓိပ္ပာယ်ရှိနေတယ်။ မင်းစဉ်းစားကြည့်။
လူတစ်ယောက်ကို ပိုက်ဆံပေးပြီး ခေါင်းတုံးတစ်ခြမ်း အတုံးခိုင်းတာဟာ ဘာအဓိပ္ပာယ်လဲ။
ဘာ ရည်ရွယ်ချက်လဲ၊ ဒါရူးတာကွ' ဟူ၍ ပြောတတ်ပါသည်။
ကျွန်တော်သည် ကိုစိန်ရိုး၏
အပြုအမူနှင့် အတွေးအခေါ်များဟူ၍ စာတစ်အုပ်ရေးရန် ဆန္ဒရှိခဲ့သည်။ ယခု လည်း
ရှိနေသည်။ မရေးဖြစ်သေး။ တစ်ခါက... ကိုစိန်ရိုးသည် သားရေ ဖိနပ်တစ်ဖက်၊
ကြက်ပေါင်ဖိနပ် တစ်ဖက်နှင့် လက်ဖက်ရည်ဆိုင်ရောက်လာသည်ကို လူငယ်တစ်ယောက်က
သတိထားမိကာ..
'ကိုကြီးစိန်ရိုး၊ ဘယ်လို
ဖြစ်ရတာလဲ'
'ငါက ဘာမှမဖြစ်ပါဘူး။ နေပါဦး၊
မင်းက အထိတ်တလန့်နဲ့ ဘာဖြစ်သွားတာလဲ'
'ဖိနပ်လေ... သားရေဖိနပ်တစ်ဖက်၊
ကြက်ပေါင်ဖိနပ် တစ်ဖက်'
'အေးလေ... အဲဒါဘာ ဖြစ်လဲ၊ ငါ
ဒီလိုစီးနေတာ ရက်နှစ်ပတ်ကျော်ပြီ။ လူဦးရေ သုံးထောင်ကျော်ရှိတဲ့ ရွာမှာ ခုမှ
မင်းတစ်ယောက်ပဲ သိသေးတယ်။ ငါကတော့ စီးရတာ ဘာမှမဖြစ်ပါဘူး။ ဈေးမသွားအားသေးလို့
ရှိတာကို အဆင်ပြေသလို စီးနေတာ။ စီးရင်းနဲ့ စီးလို့ အဆင်ပြေနေတာနဲ့ ဈေးလည်း
မရောက်ဖြစ်တော့ဘူး။
ထိုဖိနပ်ကိစ္စလည်း တစ်ရွာလုံး
ပြန့်သွားသည်။ ကိုစိန်ရိုးကမူ ဘာမှမဖြစ်။ ရွာသူရွာသားတို့အတွက် ပြောစရာ အကြောင်းအရာတစ်ခု
ဖြစ်သွားသည်။ ထိုအခါ..
'ငါအံ့တယ်ကွာ၊ စီးတဲ့ လူက
ဘာမှမဖြစ်ဘူး။ ကြည့်တဲ့လူတွေမှာတော့ တစ်ခုခု ဖြစ်နေသလိုပဲ' ဟူ၍
ပြော သည်။ လူတွေဟာ ကိုယ့်အတွက် လုံးဝအရေးမပါတဲ့ ကိစ္စတွေကို ပိုပြီး
စိတ်ဝင်စားတတ်ကြတယ်ဟု ဆိုပါသည်။
ကျွန်တော်ရော ထိုစာရင်းထဲမှာများ
ပါခဲ့ဖူးလေသလား။
သူတို့ရော....
ခင်ဗျားရော....
စဉ်းစားကြည့်သင့်ပါသည်။
□
ပါလေရာကိုကြီးကျော် ရှိသေးသည်။
ပါလေရာကိုကြီးကျော်မှာ ဘယ်ပွဲလန်းသဘင်မှာ မဆိုပါသည်။ ကလေး ပုခက်တင်မှသည်
သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးသည်အထိ ကိုကြီးကျော်ပါသည်။ ကျွန်တော်သည်
သူ့စရိုက်ကို ကိုတင်ညွန့်မှာ ထည့်ပေးခဲ့သည်။ စတေ့ချ်ရှိုးလုပ်မည်ဆိုတော့ ကိုတင်ညွန့်ကို
ဦးဆောင်ခိုင်းခဲ့သည်။ လူငယ်တွေအတွက် တာဝန်ယူခိုင်းခဲ့သည်။ ကိုတင်ညွန့်ဝတ္ထု၏
ဇာတ်သိမ်းသည် ပါလေရာ ကိုကြီးကျော်၏ စရိုက်ကြောင့် အဆင်ချောခဲ့ခြင်း ဖြစ်ပါသည်။
ပါလေရာ ကိုကြီးကျော်သည်
ပွဲလမ်းသဘင်ရှိ၍ မည်သည့်နေရာမှ မပါရပါမူ အသံချဲ့စက် တပ်ဆင်ပြီး သည်နှင့် စင်ပေါ်တက်ရပ်ကာ..
'ဟဲလို...တက်စတင်...ဝမ်း
တူးသရီး... ဟဲလို... ဟဲလို... တက်စတင်...ဝမ်းတူးသရီး... ကြားတယ်... ရတယ်... အိုကေ'
ဟူ၍တော့ တက်ပြောလိုက်သေးသည်။ လူကြီးများကလည်း ပစ္စည်းငှားရ၊
မြို့သွားရ၊ ကြိုဆိုရ၊ ပြန်ပို့ရ စသည်ဖြင့် အလုပ်ရှုပ်မည့် ကိစ္စအဝဝကို ပါလေရာ
ကိုကြီးကျော်အား တာဝန်ပေးကြသည်။ ရပ်ကွက် ဘုရားပွဲအတွက် အငြိမ့်ငှားခိုင်းလိုက်ပြီ
ဆိုသည်နှင့် ကြုံရာပွဲခင်းမှ ဈေးသည်များ၊ ခြားများ၊ ရဟတ်များအားလုံးကို
ရွာဘုရားပွဲမှာ အလွန်စည်ကြောင်း၊ ရွာနားဝန်းကျင်မှ ရွာသားများလည်း လာကြောင်း၊
မက်လောက်အောင်ပြောကာ ဖိတ်လာလေ့ရှိသည်။ ပါလေရာ ကိုကြီးကျော် စီစဉ်ပြီဆိုသည်နှင့်
မစည်မှာ မပူရတော့။
ကိုကြီးကျော်အား လူငယ်အချို့ကမူ
မျက်စိနောက်သည်၊ ကြည့်မရချင်။ နေရာတကာ ပါနေသောကြောင့် ဖြစ်သည်။
'ခင်ဗျားက နေရာတကာ ပါနေတာပဲ'
'အဲဒီအတွက် ငါ့ညီများ
အစ်ကိုကြီးကို ကျေးဇူးတင်ရမှာ'
'ဘာဆိုင်လို့လဲ'
'ဆိုင်ပါသကောကွယ်၊
အစ်ကိုကြီးက ဒါတွေမလုပ်ရင် ငါ့ညီများထဲက တစ်ယောက်မဟုတ် တစ်ယောက် ဒီအလုပ်တွေ
လုပ်နေရမှာ။ ခု ငါ့ညီများ မလုပ်ရတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်'
ကိုကျော်ကြီး၏ စကားမှာ လွန်စွာ
ထိရောက်ပါသည်။ ကျွန်တော်သည် ထို 'ပါလေရာ' ပုံစံကို လူပျိုကြီး ကိုတင်ညွန့်တွင် လူငယ်များနှင့်
တွဲပေးလိုက်၍ အဆင်ပြေသွားသည်။
□
ဝတ္ထုတွင် တစ်စုံတစ်ယောက်ကို
အာရုံပြု၍ ဖန်တီးသော ဇာတ်ကောင်နှင့် စရိုက်တူသူ လေးငါးဦးကို စုပေါင်းကာ
လိုသလိုဖန်တီးယူသော ဇာတ်ကောင်ဟူ၍တော့ ကွဲပြားပါသည်။ ထိုသို့ ဖန်တီးသော
ဇာတ်ကောင်မှာ အပြင်လောကနှင့် ကင်းကွာတတ်သည်။ ခြောက်ပြစ်ကင်းများ ဖြစ်နေတတ်သည်။
ဒီလိုဇာတ်ကောင်မျိုးကတော့ အပြင်မှာ မရှိနိုင်ဟု ဝေဖန်ခြင်းလည်း ခံရတတ်ပါသည်။
ဟာသဇာတ်ကောင်အဖြစ် ဖန်တီးလျှင်လည်း
သဘာဝမကျဟု အပြောခံရတတ်ပါသည်။ ကျွန်တော်သည် အပြင်မှ လူလေးငါးယောက်၏ အမူအကျင့်ကိုယူ၍
ပေါင်းမည်ဆိုလျှင် တစ်ချက်သတိထားသည်။ မူတည်ထားသော ဇာတ်ကောင်၏ စရိုက်နှင့်
အံဝင်သမျှသာ ယူသည်။ ဆန်းသမျှ၊ ကောင်းသမျှ၊ စိတ်ဝင်စားမည် ထင်သမျှ အကုန်မယူပါ။
လေးငါးယောက်၏ စရိုက်ကို စုရာတွင် မည်မျှ တူသည်ဖြစ်စေ၊ ကွဲပြားသော အမူအကျင့်များက
ရှိနေမည်သာ။ တစ်ယောက်တည်း၏ အမူအကျင့်ကို အဓိကယူပြီး ရောထွေးပေး၍ ရနိုင်သော
အဖြစ်အပျက်တို့ ကိုသာ ပေါင်းစပ်ပေး၍ ရသည်ကို လူပျိုကြီး ကိုတင်ညွန့်ရေးရင်း
သတိထားမိခဲ့ပါသည်။ သဘောပေါက်နား လည်ခဲ့ပါသည်။
အခြား စာရေးဆရာတို့အတွက်မူ
ကျွန်တော်မသိ။ ကျွန်တော့်အတွက်မူ ဝတ္ထုတစ်ပုဒ်ရေးရမှာကို စဉ်းစားချိန်၊ တွေးချိန်က
အစဉ်အချိန်ပိုယူလေ့ရှိပါသည်။ ထို့အတူ ရေးပြီးသွားသည့်တိုင် ထိုဇာတ်ကောင်များသည်
ကျွန်တော့်ကို စဉ်းစားစရာတွေ ပေးလေ့ရှိသည်။ ပြောရန်ခက်သော အကြောင်းတစ်ခုမှာ
ဇာတ်ကောင်တစ်ကောင်ကို ဖန်တီးလိုက်၍ စရိုက်ပေါ့သွားပြီဆိုသည်နှင့် ကျွန်တော်
မပင်ပန်းတော့ပါ။ အသာမှေးလိုက် သွားရုံသာ ရှိသည်။ ထိုဇာတ်ကောင်သည် သူ့စရိုက်နှင့်
လိုက်ဖက်သော ဇာတ်ကွက်များ၊ အသိုင်းအဝန်းများ၊ စကားလုံးများ၊ နေရာဒေသများ၊ အခြေ
အနေများကို တောင်းဆိုလာစမြဲဖြစ်ပါသည်။
ဇာတ်လမ်းကျောရိုးတွင် ဇာတ်ကွက်များ
ပေါင်းစပ်မှုသည် ဦးတည်ချက်ကို အမျိုးမျိုး ဖြစ်ပေါ်စေပါသည်။ ဇာတ်လမ်းကျောရိုးတစ်ခုတည်းမှာပင်
ဦးဆောင်စေသော ဇာတ်ကောင်ပြောင်းလိုက်သည်နှင့် ပေးသောရသလည်း ပြောင်းသွားသည်။
ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူသည် သိသာထင်ရှားသော ဥပမာဖြစ်သည်။ ရာမလက္ခဏာ၏
ခံစားမှုကို အဓိကထားဖွဲ့ဆိုခဲ့သော ဇာတ်မှာ ဒဿဂီရီ၏ ခံစားမှုကို အဓိကထား ဖွဲ့ဆိုလိုက်သည်နှင့်
သိပြီးသား ဇာတ်သည်ပင် ဆန်းသစ်သွားသည်။
ထိုသဘောကို နားလည်ပြီးသည်နှင့်
စာရေးဆရာသည် သူရရှိသော ဇာတ်လမ်းနှင့် ထိုဇာတ်လမ်းတွင် ပါဝင်မည့် ဇာတ်ကောင်များတွင်
မည်သူ့ ကို ဗဟိုပြုရမည်ကို မှန်ကန်စွာ ရွေးချယ်ရပါတော့မည်။ ကျွန်တော်သာ
လူပျိုကြီးကိုတင်ညွန့်တွင် ကဗျာဆရာ မောင်မြေဖွားကို ဗဟိုပြု၍ ရေးဖွဲ့ပါမူ
အချစ်ခံစားမှု ဝတ္ထုတစ်ပုဒ်အသွင် ပြောင်းသွားမည်မှာ သေချာပါသည်။
ထို့အတူ....
စာရေးဆရာသည် သူ့ဘဝဇာတ်လမ်းတွင်
သူ့ကိုယ်သူ မည်သည့်အသွင်နှင့် ပါဝင်ရမည်ကိုလည်း မှန်မှန်ကန်ကန်
ရွေးချယ်တတ်ဖို့တော့ လိုပါသည်။ ထိုအသိမှာ ကျွန်တော့်ဇာတ်ကောင်များက ကျွန်တော့်ကို
ပေးသောအသိ ဖြစ်ပါသည်။
▀
ကံချွန်
(အမှတ် ၁၈၉၊
သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။