အနုပညာသမားပြောစကား

တည်ငြိမ်မှုနှင့် သက်မွန်မြင့်

ခင်လေးမြင့်

01 May 2025
တည်ငြိမ်မှုနှင့် သက်မွန်မြင့်
Share to

       ဘဝ တိုးတက်ဖို့အတွက် သင်တန်းတစ်ခုခု တက်မယ်ဆိုပြီး အသက် ၁၈ နှစ်ကတည်းက ရန်ကုန်ကို ရောက်လာခဲ့ပေမယ့် မော်ဒယ်လ်သင်တန်းတက်ပြီး သင်တန်းကတစ်ဆင့် Ginvera ကြော်ငြာအတွက် သရုပ်ဆောင်ဖို့ ရွေးချယ်ခံရရင်း အနုပညာလောကထဲကို ရောက်မှန်းမသိ ရောက်လာခဲ့တဲ့ သူလေးကတော့ အခုအချိန်မှာဆိုရင် ပရိသတ်ရဲ့အားပေးမှုကို အများကြီး ရရှိနေသလို ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေတဲ့ ချင်းမလေး သက်မွန်မြင့်ပါ။ သူ့ရဲ့ ပုံစံလေးက ချစ်ဖို့ကောင်းတယ်၊ သရုပ်ဆောင်ပုံကလည်း ကြည့်လို့ကောင်းတယ်လို့ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သက်မွန်မြင့်ကို သြဂုတ်လ ရွှေအမြုတေမျက်နှာဖုံး ရိုက်ဖို့အတွက် အယ်ဒီတာအဖွဲ့က စီစဉ်တင်ဆက်ပါတယ်။ ဓာတ်ပုံ ဝဏ္ဏခွာနီးနဲ့ သက်မွန်မြင့်တို့ရဲ့ အားလပ်တဲ့ရက်မှာ ရွှေအမြုတေ မျက်နှာဖုံး ရိုက်ဖြစ်တဲ့အခါ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးရှိလှတဲ့ သက်မွန်မြင့်ရဲ့ သရုပ်ဆောင်မှုတွေကို ဓာတ်ပုံ ဝဏ္ဏခွာနီးက မလွတ်တမ်း မှတ်တမ်းတင် ရိုက်ယူပါတော့တယ်။ ပန်းရောင် လက်ပြတ်အင်္ကျီ၊ ကွာတား အပြာရောင် ဂျင်းဘောင်းဘီလေးနဲ့ လူငယ်စတိုင်လ် လွတ်လပ်ပေါ့ပါးတဲ့ ပုံစံကို သရုပ်ဆောင်ပေးသလို အမည်းရောင်အင်္ကျီလေးနဲ့ တည်တည်ငြိမ်ငြိမ် ပုံစံကိုလည်း ခဏအတွင်း သရုပ်ဆောင်နိုင်တဲ့ သက်မွန်မြင့်ကို ဓာတ်ပုံရိုက်ကူးပြီးတဲ့အချိန်မှာ မေးမြန်းဖို့ စီစဉ်ပေမယ့် IBC ခန်းမမှာ နိုင်းနိုင်းနဲ့ ပိုစတာတစ်ခု ရိုက်ဖို့ရှိတယ်လို့ ဆိုတဲ့အတွက် နောက်ရက်မှပဲ မေးမြန်းဖို့ စီစဉ်ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်တစ်ရက် ရွှေအင်ကြင်းရိပ်မွန်မှာ ဒါရိုက်တာ ဇော်ကိုကိုနဲ့ ဗီစီဒီရိုက်နေတဲ့ သက်မွန်မြင့်ကို မေးမြန်းဖြစ်တာများကို ရွှေအမြုတေ ပရိသတ်များ ခံစားဖတ်ရှုပေးပါဦး။

ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ပြီးတဲ့အခါမှာ သက်မွန်မြင့်အနေနဲ့ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ဘယ်လိုပြန်မြင်မိလဲ။

သမီးဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားတာပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ အားမရဘူး။ ရိုက်ပြီးတဲ့ ဇာတ်ဝင်ခန်းအချို့ကို တစ်ခါတလေ ပြန်ကြည့်ခွင့်ရတယ်။ အဲဒီလို ပြန်ကြည့်ရင် သမီးရဲ့ သရုပ်ဆောင်မှုတွေကို သိပ်ပြီးတော့ အားမရပါဘူး။  

အဲဒီ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ ဇာတ်ကားမှာသက်မွန်မြင့်အနေနဲ့ လူငယ်တစ်ယောက်ပုံစံ သရုပ်ဆောင်ရတယ် ဆိုပေမယ့် ရန်အောင်ရဲ့ အထင်လွဲလို့ ပြောခံရတဲ့ ဇာတ်ဝင်ခန်း၊ အမေသေတဲ့ ဇာတ်ဝင်ခန်းတွေမှာ ငိုရတာတွေ ပါတယ်လို့ သိရတယ်။ အဲဒီလို ငိုဖို့အတွက် သက်မွန် ဘယ်လိုကြိုးစားရသလဲ။

            ဇာတ်ကား စရိုက်တုန်းက သမီး မငိုတတ်ဘူး။ ဒါပေမယ့် ပြောရတဲ့ စကားတွေနောက်မှာ

ကိုယ့်ရဲ့စိတ်က ပါသွားတာပဲ။ ဒါပေမယ့် အရမ်းမငိုတတ်သေးပါဘူး။ နောက်ထပ် ရိုက်ရင်း ရိုက်ရင်းနဲ့မှသာ စကားပေါ်မှာ ဝမ်းနည်းရင်း ငိုတတ်သွားတယ်။ ဇာတ်လမ်းပေါ်မှာလည်း ခြုံပြီး ခံစားတတ်သွားတာပေါ့။ ပထမဆုံး ငိုတဲ့အခန်း ရိုက်တုန်းကဆိုရင် စိတ်ပူတာတို့၊ စိုးရိမ်တာတွေ ရှိတယ်။ အဲဒီလိုမျိုးရှိတော့ ဇာတ်ကောင်ရဲ့ Mood ကို ထည့်လို့မရဘူး။ ဒုတိယ တစ်ခေါက် ငိုတဲ့ဇာတ်ဝင်ခန်းက အမေသေပြီးတော့ ဆရာ့ကို လာကန်တော့တဲ့အခန်း ရိုက်ရတယ်။ အဲဒီဇာတ်ဝင်ခန်းအတွက် ဦးရန်လေး သရုပ်ဆောင်တဲ့ဘက်အခြမ်းကို အရင်ရိုက်ထားတာ။ သူ့ကို အရင်ရိုက်ပေမယ့် အဲဒီဇာတ်ဝင်ခန်း ရိုက်မယ်ဆိုကတည်းက စိတ်ထဲမှာ အဲဒါကိုပဲ ထည့်ထားတယ်။

အမေ သေသွားပြီ၊ ကိုယ်တစ်ယောက်တည်း အားကိုးရာမဲ့ဖြစ်ပြီဆိုတဲ့ စိတ်ကို ထည့်ထားသလို ဒိုင်ယာလော့ခ်တွေကိုလည်း ကျက်ထားပြီး စိတ်ထဲမှာ ပြောကြည့်ရင်း ဝမ်းနည်းအောင် လုပ်ထားတာ။ ဦးရန်လေးကို ရိုက်တဲ့အချိန်မှာလည်း ဦးရန်လေး ငိုတာကို ကြည့်ရင်း ကိုယ်လည်း အလိုလို ဝမ်းနည်းလာတယ်။ အဲဒီမှာ ကောင်းကောင်းငိုလို့ ရသွားတယ်။ ဒါပေမယ့် အဲဒါရိုက်နေတဲ့ကာလမှာ မိုးက အရမ်းရွာနေတော့ ဦးရန်လေးကို ရိုက်ပြီးတဲ့အချိန် သမီးဘက်အခြမ်းကို ချက်ချင်း မရိုက်ရသေးဘူး။ အဲဒီအချိန်မှာ အဲဒီဇာတ်ကောင် Mood က နည်းနည်းအောက်ဖြစ်သွားတယ်။ အဲဒီ ဇာတ်ဝင်ခန်းကို ပြန်ရိုက်တဲ့အချိန်မှာ Mood ကို ပြန်ခေါ်ရတာ နည်းနည်းတော့ ခက်သွားတယ်။

            အဲဒီဇာတ်ကားရိုက်တော့ သက်မွန်ကို ငိုမှငိုတတ်ပါ့မလားလို့ တချို့က ပြောကြတယ်။ အဲဒီလို ပြောတဲ့ အပေါ် သက်မွန်အနေနဲ့ ဘာပြောချင်လဲ။

            ကိုယ်ကိုယ်တိုင်လည်း အဲဒီလို စိတ်ပူတာပါပဲ။ အပြင်မှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါတောတော နေတတ်တာဆိုတော့ ငိုဖို့ စိတ်ပူတယ်။ ငိုတာတော့ ငိုတတ်တယ်။ မျက်ရည်ကသာ ထွက်မလာတာ၊ ရှိုက်ရှိုက်ပြီး ငိုတတ်တယ်။ ဒါပေမယ့် တကယ်ရိုက်တဲ့အခါကျတော့ ဒါရိုက်တာကလည်း စိတ်ရှည်လက်ရှည် သင်ပေးသလို၊ ကင်မရာမဲန်းတွေကလည်း သမီးမရမချင်း မရိုက်ဘူး။ အားလုံးက ဝိုင်းပံ့ပိုးတော့ စိတ်ထဲ လုပ်လို့ရသွားတာပဲ။

            စပြီးငိုတဲ့ ဇာတ်ဝင်ခန်းအတွက် မျက်ရည်တု သုံးရသေးလား။

            သမီး မျက်ရည်တု မသုံးပါဘူး။ သိပ်အရေးမကြီးဘူး။ မျက်ရည်စီးတာကို ဘေးစောင်းမြင်ရတဲ့ အခါမျိုးမှာ ဆိုရင်တော့ မျက်ရည်တုကို သုံးပါတယ်။

            ဒါဆိုရင် အဲဒီရုပ်ရှင်ကား ရိုက်ပြီးတော့ ဘာဇာတ်ကား ရိုက်ဖြစ်သေးလဲ။

            အဲဒီကား ရိုက်ပြီးမှ စနိုးဝှိုက်အတွက် နိုင်းနိုင်းနဲ့ ဗန်ဒါ ဆိုတဲ့ ဇာတ်ကားတစ်ကား ရိုက်ဖြစ်တယ်။ အဲဒီကားမှာ သမီးက သူဌေးသမီး။ နိုင်းနိုင်းက ဆင်းရဲတဲ့ကောင်လေးတစ်ယောက်။ အိမ်ကပေးစားတဲ့ ယောကျ်ားကို မလိုချင်တော့ နိုင်းနိုင်းနောက်ကို လိုက်ပြေးတယ်။ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်လို့ အိမ်ကို ပြန်ပြေးတဲ့ သူဌေးသမီး တစ်ယောက်ပုံစံဆိုတော့ သမီးအတွက် သိပ်မခက်ပါဘူး။ ရှေ့မှာ ရိုက်ခဲ့တဲ့ သုံးကားကလည်း ဖန်စီကားလေးတွေပါပဲ။ ဆင်းရဲတဲ့ ဇာတ်ကောင်တွေအတွက် သမီးကို လာမငှားသေးဘူး။

            ဆင်းရဲတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖို့ဆိုရင် သက်မွန်က ဘာတွေများ ပြင်ဆင်ရမယ်လို့ ထင်လဲ။

            ဆင်းရဲတဲ့ ကားတွေ ရိုက်ဖို့ဆိုရင် သမီးမှာ မေးစရာတွေ အများကြီး ရှိလာမှာပေါ့။ ကိုယ့်ရဲ့ဆရာတွေကိုလည်း မေးရမှာ ဖြစ်သလို လေ့လာစရာတွေလည်း အများကြီး ရှိလာမယ်။ ဖန်စီ ကားတွေ ရိုက်တဲ့အခါကျတော့ ကိုယ်က ဗီစီဒီတွေလည်း ရိုက်ဖူးတယ်။ အပြင်မှာလည်း တွေ့နေ မြင်နေကျ ဆိုတော့ သိပ်ပြီး လေ့လာစရာမလိုပါဘူး။

            တစ်ကားနဲ့ တစ်ကား သရုပ်ဆောင်မှုကို ဘယ်လို ပြန်နှိုင်းယှဉ်သလဲ။

            ပထမ တစ်ကားမှာ သရုပ်ဆောင်တဲ့ပညာက ဒုတိယကားမှာ ပြန်ပြီးတော့ အသုံးချလို့ ရတယ်ဆိုတော့ ဇာတ်ကားတွေ များလာတာနဲ့အမျှ ပညာတွေ ပိုရလာတယ်လို့ ထင်ပါတယ်။ ကြော်ငြာမှာကျတော့ ပရိသတ်က သိပြီးသား၊ အားပေးပြီးသားပါ။ ဗီဒီယိုကား အနေနဲ့ကျတော့ အခုမှ ရိုက်တာဆိုတော့ ပရိသတ်လက်ထဲကို မရောက်သေးဘူးလေ။ သမီး သရုပ်ဆောင်တာ ပရိသတ်က မမြင်ရသေးတော့ ပရိသတ်ရဲ့ အားပေးမှု၊ ဝေဖန်မှုတွေကို မသိရသေးပါဘူး။ ကြော်ငြာမှာကျတော့ သူတို့က တွေ့ပြီးသား ဖြစ်နေတာပေါ့။

            ဇာတ်ကားတွေ ရိုက်တဲ့အချိန်မှာ သက်မွန်ရဲ့ စိတ်နေစိတ်ထား ဘယ်လိုတွေ ပြောင်းလဲသွားတယ်လို့ ထင်မိလဲ။

            ကားရိုက်တော့ ပိုပြီး တည်ငြိမ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်။ လူကြီးပိုဆန်သလိုပဲ။ ကြော်ငြာရိုက်တာက အရမ်းလွတ်လပ်တယ်လေ။ သီချင်းနဲ့ ခုန်ပေါက်ပြီးတော့ လုပ်ချင်ရာ လုပ်နေရတာ။ ကားရိုက်တဲ့အခါကျတော့ သမီးရိုက်တဲ့ကားက တကယ့်ဟဲဗီး။ သမီးအတွက်ကတော့ ဟဲဗီးပေါ့။ သူများတွေအတွက်တော့ မသိဘူးနော်။ သရုပ်ဆောင်စလုပ်တဲ့ ရုပ်ရှင်ကားက ငိုရတာတွေ ပါတော့ ဟဲဗီးဖြစ်တယ်။ အဲဒီအပေါ်မှာ  အာရုံစိုက်လိုက်တဲ့အတွက် အရင်လို ကိုယ့်ကိုယ်ကိုယ် သွက်သွက်လက်လက်နဲ့ ပေါတောတောကြီး မနေရဲတော့ဘူး။ ငြိမ်အောင် လုပ်ရတာပေါ့။

            ကား ရိုက်တဲ့အခါ သက်မွန်ရဲ့ အသံနေအသံထား ဘယ်လိုတွေ ပြောင်းလဲလာသေးလဲ။

            ဇာတ်ကား စရိုက်တုန်းက အသံမထွက်ဘူး။ အကုန်လုံးကို သမီးက ရှိန်နေတာ။ ရုပ်ရှင်ကားကြီး စရိုက်တယ်ဆိုတော့ ပိုပြီးတော့ ရှိန်တာပေါ့။ ဗီဒီယိုစရိုက်တုန်းကလည်း အဲဒီလိုပဲ နည်းနည်း အူကြောင်ကြောင် ဖြစ်နေတယ်။ စိတ်ပူတာတွေ များပြီး အသံက ချက်ချင်းမထွက်ဘူး။ အားလုံးနဲ့ ရင်းနှီးပြီး ပုံမှန်ဖြစ်တဲ့အခါမှ အသံက သိပ်ပြီး ပြဿနာမတက်တော့ဘူးပေါ့။ သူများနဲ့ ယှဉ်ရင်တော့ သမီးရဲ့ နဂိုအသံက Tone သေးတော့ သူများနဲ့ ယှဉ်လို့ မရဘူးပေါ့။

            အဲဒီလို အသံသေးတာ သက်မွန်ရဲ့ အဖေကြောင့်လား၊ အမေကြောင့်လား။

            (အားရပါးရ ရယ်ပြီး) အဲဒါသူတို့ကို မေးမှရမယ်လေ။ သမီးအသံက အသက်သာ ကြီးလာတာ၊ အသံက ကြီးမလာဘူး။ အခုနောက်ပိုင်းမှာသာ သတိထားပြီး ပြောရင်းပြောရင်းနဲ့ အသံက ကြီးလာတာ။ အရင်လောက်တော့ မဆိုးတော့ဘူး။

            တစ်လမှာ သက်မွန် ကြော်ငြာ ဘယ်နှခုလောက် ရိုက်ဖြစ်လဲ။

            ကြော်ငြာက ပြောလို့ မရဘူး။ သမီးက အခု ဇာတ်ကားတွေကော ရိုက်လာတဲ့အတွက် ဇာတ်ကားရိုက် အားတဲ့အခါမှာသာ ကြော်ငြာ ရိုက်ဖြစ်တာဆိုတော့ ကြော်ငြာဘက်မှာ နည်းနည်း အားနည်းသွားသလိုပဲ။

            ကြော်ငြာတွေမှာ သက်မွန်ရဲ့ အိုက်တင်တချို့ကို ထက်ထက်မိုးဦးရဲ့ အိုက်တင်နဲ့ တူတယ်လို့ ပြောကြတဲ့အပေါ် သက်မွန် ဘာပြောချင်သေးလဲ။

            ဒါကတော့ သမီးလည်း မပြောတတ်ဘူး။ မပြောတတ်ဘူးဆိုတာ သမီးလည်း စိတ်ကူးမိသလောက်၊ စိတ်ကူးရသလောက် ကိုယ့်အိုက်တင်နဲ့ ကိုယ်လုပ်လိုက်တာပါပဲ။ ဒါပေမယ့် တူရင်လည်း တူနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကြော်ငြာရိုက်တာလည်း အများကြီးပဲလေ။

            ဖလမ်းမှာ နေတုန်းက လွတ်လပ်မှုနဲ့ ရန်ကုန်ကို ရောက်တဲ့အခါ နေရတဲ့ လွတ်လပ်မှု ဘယ်ဟာကို ပိုသဘောကျသလဲ။

            ဖလမ်းမှာတုန်းက ကိုယ်က သာမန်လူတစ်ယောက်ဆိုတော့ နေရတာ ပိုပြီး လွတ်လပ်တယ်။ ပြောတာဆိုတာ၊ သွားတာလာတာ ဒီမှာလို မဟုတ်ပါဘူး။ ပိုပြီး လွတ်လပ်တယ်။ ဒီမှာကတော့ ကိုယ်တစ်ခုခု လုပ်လို့မှားသွားရင် ပြောခံရမှာ စိုးတဲ့စိတ်နဲ့ ထိန်းထိန်းသိမ်းသိမ်း နေရတာပေါ့နော်။ သွားတာလာတာ မလွတ်လပ်တာ လောက်ပဲရှိပါတယ်။

            သင်တန်းတစ်ခု တက်မယ်ဆိုရင် ရန်ကုန်ကို လာရင်းနဲ့ သရုပ်ဆောင် ဖြစ်လာတာဆိုတော့ အရင်တုန်းက ဘဝမှာ ဘာဖြစ်ချင်ခဲ့တာလဲ။

            အရင်တုန်းက ဆရာဝန် အရမ်းဖြစ်ချင်တယ်။ ဆရာဝန်ဖြစ်ပြီး နယ်တွေမှာ မရှိဆင်းရဲတဲ့ လူတွေကို ကူညီချင်တဲ့စိတ်ရှိတယ်။ ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ကိုယ်က သိပ်မဖြေနိုင်တော့ ဆရာဝန် မဖြစ်ဘူးဆိုတာ သိလာတယ်။ အဲဒီမှာ ရည်ရွယ်ချက်ကို ဘယ်လိုထားရမလဲ မသိတော့ဘူးပေါ့။ ဒါပေမယ့် ကိုယ်ရတဲ့ မေဂျာနဲ့ ကိုယ်ဘာလုပ်နိုင်မလဲ။ အကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ ဘာဖြစ်ချင်တယ်ဆိုတာတော့ မရှိတော့ဘူး။ အနုပညာလောကထဲ ရောက်လာပြီး သရုပ်ဆောင်လုပ်တော့လည်း အနုပညာမှာ ထူးထူးချွန်ချွန် ဖြစ်ချင်တယ်။ ပရိသတ်အားပေးမှု အများကြီး လိုချင်တယ်။

            ဖလမ်းမှာ ၁၈ နှစ်ထိ နေခဲ့ဖူးတယ်ဆိုတော့ ၁၆ နှစ်၊ ၁၇ နှစ်က ဖလမ်းမှာနေတုန်း သတိရစရာလေးတွေ ဘာများ ရှိသေးလဲ။

            ၁၆ နှစ်၊ ၁၇ နှစ်တုန်း အမှတ်ရစရာ သိပ်မရှိပါဘူး။ ၁၇ နှစ်ဆိုတော့ ဆယ်တန်းအောင်ပြီးစ တစ်နှစ်ပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ အဖြူနဲ့အစိမ်းဝတ်ရင် ကျောင်းပြန်တက်ချင်တယ်။ ငယ်ဘဝကို အရမ်းသတိရတယ်။ အရမ်းအေးချမ်းတယ်။ ကျောင်းသူ ကျောင်း သားဘဝက စာကျက်ဖို့၊ ပညာသင်ဖို့ အဲဒီလောက်ပဲ တွေးတယ်။ အဲဒီလောက်ပဲ တွေးတယ်။ အများကြီး မတွေးထားဘူး။ အခုကျတော့ အသက်ကြီးလာနဲ့အမျှရယ်၊ ဒီလောကထဲမှာ ကျင်လည်ရတာနဲ့အမျှရယ်၊ ပေါ့ပေါ့လေးနေလို့ မရဘူးဆိုတဲ့ အတွေးလည်း ရှိလာတယ်။ ဒါပေမယ့် စိမ်းဖြူဝတ်တဲ့အခါ ငယ်ဘဝကို အရမ်း သတိရတာပဲ။

            ဖလမ်းမှာ နေရတဲ့ လူမှုပတ်ဝန်းကျင်နဲ့ ရန်ကုန်မှာ နေရတဲ့လူမှုပတ်ဝန်းကျင် ဘယ်ဟာကို ပိုပြီးသဘောကျလဲ။

            ဟိုမှာကျတော့ ပိုပြီးအေးချမ်းတာပေါ့နော်။ မြို့ကလည်း အကြီးကြီး မဟုတ်တော့ တစ်မြို့လုံးနီးပါးက လူတွေနဲ့ မရင်းနှီးရင်တောင်မှ မျက်မှန်းတန်းမိကြတယ်။ အကုန်လုံး ခင်ခင်မင်မင်နဲ့ အေးအေးချမ်းချမ်းပေါ့။ ဒီမှာကျတော့ တစိမ်းတွေကြားထဲမှာ နေရသလိုဖြစ်တယ်။ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် အခြေချဖို့ဆိုတာလည်း ရှိတဲ့အတွက် ဒီမှာ နေဖြစ်တယ်။ အသက်ကြီးသွားလို့ အေးအေးချမ်းချမ်းနေချင်ရင်တော့ ဖလမ်းမှာ နေရတာ အဆင်ပြေမှာပေါ့။ အခုလို လူငယ်ဘဝကျတော့ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်းက မြို့ပေါ်မှာနေတာနဲ့ နယ်မှာ နေရတာမတူဘူး။

ရန်ကုန်ကို အခြေချဖို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာလား။

ဘယ်လိုဖြစ်လဲဆိုတော့ သမီးမှာ အလုပ်က ရန်ကုန်မှာ ပိုပြီး အဆင်ပြေတယ်လေ။

ဒီအလုပ်ကိုလည်း ဆက်လုပ်ဖြစ်မယ်ဆိုတော့ ဒီမှာပဲ နေရတာပေါ့။ သမီးက အစ်ကိုနဲ့ အရင်ဒီမှာနေရတာ။ ပြီးမှ အမေတို့ လိုက်လာပြီး မိသားစုလိုက် ပြောင်းလာတာပါ။

အစ်ကိုနဲ့ နေတဲ့အချိန်တုန်းက အနုပညာလှုပ်ရှားမှုတွေလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲ။

မိဘတွေနဲ့ နေရတဲ့အချိန်မှာ ဘယ်လိုအင်အားတွေ သက်မွန်မှာ ရှိလာသလဲ။

အားချင်းက မတူဘူးပေါ့။ မောင်နှမနဲ့နေလို့ရတဲ့ အင်အားနဲ့ မိဘနဲ့နေလို့ရတဲ့ အင်အားက

မတူဘူး။ မိသားစုနဲ့ နေရတဲ့အခါ အကုန်လုံးက အားပေးတယ်။ မောင်နှမတွေချည်းပဲ နေရတဲ့အခါ ကျတော့ မိဘကို လွမ်းတာတွေနဲ့ အားငယ်စိတ်တွေ ရှိတာပေါ့။

သမီးရဲ့ ဇာတ်ကားတွေကို အားပေးပါ။ ပရိသတ်ရဲ့ အားပေးမှု အများကြီး လိုချင်ပါတယ်လို့ဆိုတဲ့ သက်မွန်မြင့်နဲ့ တွေ့ဆုံမှုလေးကို ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေ။ စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ဓာတ်ပုံ ရိုက်ပေးတဲ့ ကိုဝဏ္ဏခွာနီးနဲ့ ဇာတ်ကားရိုက်ရင်း တန်းလန်း မအားတဲ့အချိန်ကြားက အချိန်ပေးဖြေကြားပေးတဲ့ သက်မွန်မြင့်ကို ကျေးဇူးတင်ရှိလျက်...

ခင်လေးမြင့်

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...