အနုပညာသမားပြောစကား

အနှစ်နှစ်ဆယ် ကော်နီ

ခင်လေးမြင့်

01 May 2025
အနှစ်နှစ်ဆယ် ကော်နီ
Share to

သီချင်းဆိုသက် ကြာလာတာနဲ့အမျှ ပရိသတ် သဘောကျနှစ်ခြိုက်ကြတဲ့ သီချင်းများကို စုစည်းပြီး live show လုပ်လာကြတဲ့အထဲမှာမှ ဂီတသက် အနှစ်နှစ်ဆယ် ရှိပြီဖြစ်တဲ့ ကော်နီကလည်း Colorful Connie Live Concert ကို ဇူလိုင်လ ၉ ရက်နေ့က မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲအတွက် စိတ်လှုပ်ရှားသလို စိုးရိမ်မှုတွေများနေတဲ့ ကော်နီက ပွဲမစခင်မှာ အကြောဆေးသွင်းရတာကိုလည်း တွေ့ရပါတယ်။ စိတ်လှုပ်ရှား ပင်ပန်းပြီး တစ်ညလုံး မအိပ်ရသေးဘူးလို့ ဆိုတဲ့ ကော်နီက Nay Thit Moe+a ဆိုတဲ့ နေသစ်မိုး ဖွဲစည်းထားတဲ့ ဂီတအဖွဲ့တီးခတ်မှုနဲ့အတူ ‘ချစ်ရတာ မလွယ်ဘူး’ နဲ့ ‘ဆက်သွယ်မှု’ သီချင်းနှစ်ပုဒ်ကို ပေါင်းပြီး တစ်ပုဒ်တည်းအဖြစ် သီဆိုပေးရင်း Colorful Connie Live Concert ကို စတင်ပါတယ်။ ဒီပွဲမှာ ကော်နီရဲ့ ဂီတခရီးအစကို သိထားတဲ့ နွဲ့ယဉ်ဝငး်က မျိုးကျော့်မြိုင်နဲ့အတူ အစီအစဉ်များကို တင်ဆက်ပေးပါတယ်။

ဂီတသက် အနှစ်နှစ်ဆယ် ရှိပြီဖြစ်တဲ့ ကော်နီရဲ့ အနုပညာလှုပ်ရှားမှုများအကြောင်းကို နွဲ့ယဉ်ဝင်းက ပြောကြားပေးရင်း Metal Zone Band နဲ့ ချစ်သုဝေ၊ ကြိုးကြာ၊ သျှီတို့က သီဆိုကြသလို ကော်နီနဲ့အတူ L လွန်းဝါ၊ ဆုန်းသင်းပါရ်၊ ဖြိုးကြီး၊ ဂရေဟမ်တို့က သီချင်းများ တွဲဖက် သီဆိုပေးကြပါတယ်။ ချစ်စမ်းမောင်ရဲ့ Unplugged တီးခတ်မှုနဲ့ ကော်နီရဲ့ တစ်ကိုယ်တော် သီဆိုမှု၊ The Trees Band နဲ့ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဒွေးတို့ရဲ့ သီဆိုမှု၊ Nay Thit Moe+a နဲ့ တင့်တင့်ထွန်းရဲ့ သီဆိုမှု၊ Emperor Band နဲ့ စည်သူလွင်၊ တင်ဇာမော်၊ ချောစုခင်၊ R ဇာနည်၊ ဇော်ဝင်းထွဋ်တို့ရဲ့ သီဆိုမှုများ ပါဝင်တဲ့ ဒီပွဲမှာ ‘အတွင်းကြေ၊ နင်းဂျား၊ စိုးစိတ်၊ ရော်ဘင်ဟုဒ်၊ ခုညလည်း မင်းအတွက်၊ သိပ်ချစ်မိလို့ သိပ်လွမ်းရတယ်၊ ဆုံးဖြတ်၊ ရင်ကို ဖွင့်လိုက်စမ်း၊ စိုးတယ်’ သီချင်းများကို ကော်နီ၊ ချစ်သုဝေ၊ ကြိုးကြာ၊ ဆုန်သင်းပါရ်၊ ချောစုခင်၊ ဟေမာနေဝင်း၊ တင့်တင့်ထွန်း၊ သျှီ၊ တင်ဇာမော်တို့ရဲ့ Non Stop သီဆိုမှုများ ပါဝင်ပြီး မိန်းကလေးအဆိုရှင် အားလုံးက ‘ကိုကိုချစ်’ သီချင်းကို သီဆိုပေးကြပါတယ်။ ‘ကိုကိုချစ်’ သီချင်းကို ဆိုရင်း Colorful Connie Live Concert ကို အဆုံးသတ်ခဲ့တဲ့ ဒီပွဲကို ကော်နီရဲ့မိတ်ဆွေများ၊ သူငယ်ချင်းများ၊ အနုပညာမောင်နှမများ လာရောက်ကြည့်ရှုအားပေးကြတာ တွေ့ရပါတယ်။ Crystal Image မှ ကိုနိုင်လင်း တာဝန်ယူ ရိုက်ကူးပေးထားတဲ့ ဒီပွဲမှာ ကြိုးကြာ၊ ချစ်သုဝေတို့ကို သီဆိုခိုင်းဖြစ်တာက မကော်ရဲ့ သီချင်းတွေကို လက်ဆင့်ကမ်းတဲ့အနေနဲ့ ဆိုခိုင်းခြင်း ဖြစ်ပြီး ကိုယ်နဲ့တွဲဆိုရင်လည်း ကိုယ့်အသံနဲ့ မလိုက်ဖက်မှာ စိုးတဲ့အတွက် တစ်ယောက်ချင်း ဆိုခိုင်းရခြင်း ဖြစ်သလို အဝတ်အစားလဲဖို့ အချိန်လိုတဲ့အတွက် တစ်ယောက်ချင်း သီဆိုမှုများ ထည့်သွင်း ဖော်ပြခြင်းဖြစ်တယ်လို့ဆိုတဲ့ ကော်နီကို Live Show နဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာ...

ဒီ Live Show ကို မကော် ဘာကြောင့် လုပ်ဖြစ်တာလဲ။

လုပ်ဖို့ စီစဉ်တာကတော့ ကြာပါပြီ။ သူများတွေလည်း Live Show တွေ လုပ်တယ်။ မကော်ရဲ့ Live Show လုပ်ဖို့ လာပြောတဲ့ ပရိုဂျူဆာတွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် အသက်ရှင်ခြင်း ဗီစီဒီထွက်မှပဲ ကိုယ်ကိုယ်တိုင် လုပ်မယ်လို့ စီစဉ်ကြည့်ပေမယ့် ကိုနေမျိုးတို့က လာပြောတဲ့အခါ မကော်က လုပ်ဖြစ်တာပါ။ သူတို့နဲ့ လုပ်ရတာ ငွေရေးကြေးရေး ကဏ္ဍထက် ဘော်ဒါကဏ္ဍ ပိုရှိတဲ့အတွက် သူတို့နဲ့တွဲပြီး လုပ်ဖြစ်တာပါ။ မကော်ရဲ့ ဂီတ သက်တမ်း နှစ်နှစ်ဆယ် ရှိပေမယ့် နှစ်နှစ်ဆယ်လို့ မတပ်ဘဲနဲ့ ဆေးရောင်စုံ ကော်နီလို့ တပ်လိုက်တယ်။  အဲဒီနာမည်ကို ဦးလှိုင် (သုခမိန်လှိုင်)က ပေးထားတာလေ။ နှစ်နှစ်ဆယ်လို့ မတပ်ရတာကလည်း ကိုယ်အသက်ကြီးတယ် ဆိုတာ လူတိုင်းသိမှာစိုးလို့ပါ (ရယ်လျက်)။ ဆိုသက်က နှစ်နှစ်ဆယ် ဆိုတော့ ကိုယ့်အသက် ကိုပိုကြီးတယ်လို့ ထင်ကြမှာ။ အသက် ၁၆ နှစ်မှာ သီချင်းစဆိုတာကို အားလုံးက သိကြမှာ မဟုတ်ဘူးလေ။

အခုလုပ်တဲ့ Live Show မှာ ပါတဲ့သီချင်းတွေက မကော်ရဲ့ စိတ်ကြိုက်တွေပဲလား။

မကော်ရဲ့ စိတ်ကြိုက်လည်း ပါသလို ပရိုဂျူဆာတွေရဲ့ စိတ်ကြိုက်လည်း ပါပါတယ်။ ပရိသတ် ဘာကြိုက်လဲဆိုတာ မေးပြီးတော့ သူတို့အကြိုက်လည်း ထည့်ထားတယ်။ ဥပမာ- ‘တစိမ့်စိမ့် ရင်ထဲမယ်’ သီချင်းကို ဟေမာနေဝင်းနဲ့ တွဲဆိုဖို့ လုပ်ထားတယ်။ ဒါပေမယ့် ‘သိပ်ချစ်မိလို့ သိပ်လွမ်းရတယ်’ သီချင်းကို ပရိသတ်တွေက ထည့်ဖို့ပြောတာ များတဲ့အတွက် ‘တစိမ့်စိမ့် ရင်ထဲမယ်’ က ခေါင်းစီး သီချင်းဖြစ်ပေမယ့် အဲဒီ သီချင်းကို ဖြုတ်ခဲ့ပြီးတော့ ‘သိပ်ချစ်မိလို့ သိပ်လွမ်းရတယ်’ ကို ထည့်လိုက်ရတယ်။ အဲဒီလို ပရိသတ်အကြိုက်၊ ကိုယ့်အကြိုက် ထည့်ထားပါတယ်။

စုံတွဲတွေ ဆိုဖို့ ဘယ်လိုစဉ်းစားပြီး ရွေးခဲ့တာလဲ။

စုံတွဲဆိုဖို့ အတွက်ကျတော့ သီချင်းကို အရင်ရွေးတယ်။ သီချင်းနဲ့လိုက်မယ့် အဆိုတော်ကိုပဲ ရွေးပြီးတော့ လုပ်ထားတာပဲ။ မကော်က ဒီလောကမှာ ဘော်ဒါလည်းများတော့ မပါတဲ့ကလေး တွေအတွက် အားနာနေရသေးတယ်။ ဖြစ်နိုင်ရင်တော့ မကော်က အားလုံးကို ပါစေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်သီချင်းနဲ့ လိုက်မယ့်သူကိုတော့ ရွေးဖြစ်တာပါ။

ဒီ Live Show မှာ ပါတဲ့သီချင်းတွေက မကော်ရဲ့ စီးရီးဘယ်နှခွေက သီချင်းတွေ ဖြစ်မလဲ။

အခုနောက်ဆုံး ထွက်တဲ့ သီချင်းတွေတော့ မပါဘူး။ အကုန်လုံးတော့ မပါဘူး။ မကော် တစ်ကိုယ်တော် ထွက်တာတင် ၁၆ ခွေလောက် ရှိတယ်။ အတွဲခွေတွေ များတယ်။ အဲဒီအတွဲ ခွေတွေမှာ ဥပမာ- ညီပုလေးနဲ့ အပြာရင့်ရင့် စီးရီးထဲက စုံတွဲသီချင်းတွေဆိုရင် ကောင်းပေမယ့် ပရိသတ် မသိလိုက်ဘူး။ အဲဒါကြောင့် အဲဒီစီးရီးထဲက သီချင်းနှစ်ပုဒ်ကိုလည်း ပြန်ထည့်ထားတယ်။ ‘မြတ်နိုးခြင်း မိုးတိမ်’ သီချင်းဆိုရင်လည်း အရမ်းအောင်မြင်ပေမယ့် သူများတွေ အရမ်းဆိုကြတော့ ထည့်လို့ မဖြစ်ပြန် ဘူး။ အဲဒါကြောင့် မကော် စုံတွဲဆိုထားပြီး လူမသိသေးတဲ့ သီချင်းတွေလည်း ပါပါတယ်။ နောက်ပြီး မကော်ရဲ့ဘဝမှာ Tradement ဖြစ်စေမယ့် ‘ကိုကိုချစ်’ လို သီချင်းမျိုးကျတော့ ဆိုတာများပေမယ့် မထည့်လို့မဖြစ်ဘူးလေ။ အဲဒါကြောင့် ပြန်ထည့်ဖြစ်တာ။

Live Show ပြီးလို့ရှိရင် စီးရီးအသစ်လုပ်ဖို့ မကော် စီစဉ်ထားတာရှိလား။

ဒီ Live Show ပေါက်ရင်တော့ လုပ်ပါ့မယ်။ အခု ပရိသတ်တွေကို ကြည့်ရတာ ပြန်ဆို သီချင်းတွေကို ပိုပြီး သဘောကျသလိုပဲ။ အသက်ရှင်ခြင်း အခွေမှာ မကော် သီချင်းအသစ်တွေချည်းပဲ ထည့်ထားတာ။ ဒါပေမယ့် မပေါက်ဘူး။ အဲဒါကိုလည်း ဗီစီဒီထွက်ဖို့ လုပ်နေတာ မထွက်နိုင်ဘူး ဖြစ်နေတယ်။ ဗီစီဒီထွက်ပြီးမှ Live Show ထွက်ရင် ကောင်းမလား စဉ်းစားနေတယ်။

မကော်တစ်ယောက်တည်း လုပ်ရတာဆိုတော့ မလွယ်ဘူးပေါ့။

သီချင်းအသစ်တွေ ဆိုဖို့ကျတော့ နည်းနည်းလေး တွန့်နေတယ်။ ပရိသတ်တွေက အသစ်ကို မကြိုက်ဘဲ တစ်ပုဒ်ချင်းစီ ဖောက်ဖောက်ဆိုတာကို သဘောကျနေတဲ့အတွက် မကော် ဘယ်လိုလုပ်ရ မယ်ဆိုတာကို မပြောပြတတ်အောင် ဖြစ်နေတယ်။ အဲဒီလိုဖြစ်တာကလည်း သူ့ရဲ့ Generation ကြောင့်လို့ ထင်တာပါပဲ။ မကော် အခုအချိန်မှာ အရမ်းအောင်မြင်နေတဲ့သူ ဆိုရင်တော့ သီချင်းသစ်တွေ လုပ်ရတာ အဆင်ပြေမှာပေါ့။ မကော်က ဒီခေတ်နဲ့ နည်းနည်းလေး ဝေးသွားပြီလေ။ ပရိသတ်က နည်းနည်းကြာနေတဲ့ အဆိုရှင်တစ်ယောက်လို့ မြင်ချင်မြင်နေမှာ။

၁၄ နှစ်၊ ၁၅ နှစ် ကလေးတွေကို ထိုးဖောက်ဖို့အတွက်ကတော့ ကိုယ့်မှာ မဖြစ်နိုင်ပါဘူးလို့ ဖြေကြားပေးပါတယ်။

ခင်လေးမြင့်

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...