ရွှေအသစ်

နားဟောင်းလောင်း နားပေါက်ကလေးများ

မှူးဆက်ပိုင် ၊ရွှေတောင်၊

01 May 2025
နားဟောင်းလောင်း နားပေါက်ကလေးများ
Share to

            ပွဲခင်းတစ်ခုလုံး လူသံ၊ ကက်ဆက်သံတွေနဲ့ ဆူညံလွန်းနေတယ်။ တိုးမပေါက်အောင် စည်ကားလှတဲ့ ဇီးကုန်း မြသိန်းတန်ဘုရားပွဲ မဟုတ်လား။ အဝတ်အစား တောက်တောက် ပြောင်ပြောင်တွေနဲ့ သူ့ထက်ငါ ရှိုးထုတ်နေတဲ့ မိန်းမလှလေးတွေကလည်း တောင်ပုံရာပုံနဲ့။ ကျွန်တော်တို့ ပွဲဈေးသည်တွေ အဖို့မှာတော့ ဒီအလှအပ အာရုံတွေကို မခံစားနိုင်သေးပါဘူး။ ကျွန်တော့်ရှေ့မှာ ဝိုင်းအုံပြီး သီချင်းစာအုပ် ရွေးနေတဲ့ လူထုပရိသတ်ကိုသာ မျက်တောင်တစ်ချက် မခတ်ဘဲ သတိနဲ့ ငေးကြည့်နေရတယ်။ ဘာစာအုပ် မရှိဘူးလား၊ ဘယ်သူဆိုတဲ့ ဘယ်စီးရီး မရှိဘူးလားဆိုတဲ့ အမေးစကားတွေကိုလည်း ဖြေနေရသေးတယ်။

            'တစ်ရာဖိုး လေးအုပ် မရဘူးလား'

            ရှေ့တည့်တည့်နားက ကောင်လေးတစ်ယောက် ဈေးဆစ်တာပါ။ ကျွန်တော်ပေးလို့ မဖြစ်ပါဘူး။ ခုလို လူကျနေတဲ့အချိန်မှာ တစ်ယောက်ကို လျှော့လိုက်ရင် ကျန်ဝယ်သူတွေပါ လိုက်ပေးနေရမှာပေါ့။ တစ်ဦးတည်းဝယ်၍ တစ်ဦးတည်းက ဆစ်လျှင်တော့ ကျွန်တော် ပေးလိုက်မှာပါပဲ။

            'မရဘူး... ညီလေးရ။ တစ်ရာဖိုးသုံးအုပ်က အစ်ကို အလွန်ဆုံး ဈေးလျှော့ထားတာပါ'

            ကောင်လေးက တစ်ချက်စဉ်းစားပြီး ရွေးပြီးသား စာအုပ်လေးအုပ်ထဲက တစ်အုပ် ပြန်ထားတယ်။

            'ဒီမှာ အစ်ကို၊ သုံးအုပ်နော်'လို့ ပြောပြီး တစ်ရာတန်တစ်ရွက် ကျွန်တော့်ကို လှမ်းပေးတယ်။

            'မျိုးကြီးရဲ့ အခမ်းနားဆုံး ရှိလားဗျ'

            ထိုင်ရွေးနေတဲ့ လူအုပ်နောက်က နေရာမရှိလို့ ဝင်ရွေးခွင့်မသာတဲ့ လူတစ်ယောက်က လှမ်းမေးတယ်။

            'ရှိတယ် အစ်ကို၊ ယူမလားခင်ဗျာ'

            'တစ်အုပ် ဘယ်လောက်လဲ'

            'တစ်အုပ် လေးဆယ်ပါ။ တစ်ရာဖိုးယူရင် သုံးအုပ်ပါ'

            'တစ်အုပ်ပဲ ပေးပါ'

            မျိုးကြီးစာအုပ်ကို လှမ်းယူရင်း ထိုအစ်ကိုကို လက်ဆင့်ကမ်းပေးလိုက်တယ်။ ငါးဆယ်တန် တစ်ရွက်က လက်ဆင့်ကမ်း ကျွန်တော့်ဆီ ပြန်ရောက်လာတယ်။ လွယ်ထားတဲ့ လွယ်အိတ်ထဲက အကြွေဆယ်တန်တစ်ရွက်ကို ကုန်းရှာနေတုန်း မျက်စိထောင့်မှာ ကောင်လေးတစ်ယောက် ဖျတ်ခနဲ စာအုပ်တစ်အုပ် ခါးကြားထိုးလိုက်တာ တွေ့တယ်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ရင်း စာအုပ်ဝယ်တဲ့ အစ်ကိုကို တစ်ဆယ်ပြန်အမ်းလိုက်တယ်။ ပြီးမှ ကျွန်တော် စာအုပ်အလစ်သုတ်တဲ့ ကောင်လေးကို စိုက်ကြည့်ရင်း...

            'ညီလေး ရွေးလို့ပြီးပြီလား။ ဘယ်နှအုပ်ယူမလဲ' လို့ မေးလိုက်တော့ ကောင်လေးက မလုံမလဲနဲ့ ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ကျွန်တော့်အမူအရာက ငါသိပါတယ်ကွာဆိုတဲ့ အဓိပ္ပာယ်ကို သူဖတ်မိလိုက်တယ်။ ကျွန်တော် သူ့ကို လှည့်မကြည့်တော့ဘဲ နောက်တစ်ယောက်ကို စာအုပ်ရှာ ပေးရင်း ရောင်းနေလိုက်တယ်။ ဒါပေမယ့် ကျွန်တော် မျက်စိစွေအကြည့်မှာ ခုနက အလစ်သုတ်တဲ့ ကောင်လေး ခါးကြားထဲက စာအုပ်ကို စာအုပ်အထပ်အပေါ် မသိမသာ ပြန်ထားတယ်။ ပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူ ကျွန်တော့်ရှေ့မှာ ကြာကြာ မနေရဲပါဘူး။ သူ အပေါင်းအသင်းတစ်ယောက်ကို လက်ကုပ်ပြီး ထထွက်သွားတယ်။

            ကျွန်တော့်အဖို့က ဒါမျိုးတွေ ရိုးနေပါပြီ။ ဆယ့်နှစ်ပွဲဈေးစလိုက်ကတည်းက လူ အမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံနေရတာ။ လူတွေအကြောင်း နားလည်သင့်သလောက် နားလည်မိနေပါပြီ။ ကျွန်တော် ခုလိုမလုပ်ဘဲ တိုက်ရိုက် သူခိုးစွပ်စွဲလိုက်ရင် စာအုပ်ပြန်ရဖို့ထက် ရှက်ရမ်းရမ်းပြီး ရန်ပွဲဖြစ်သွားဖို့က ပိုသေချာတယ်လေ။

            ကျွန်တော် စာအုပ်ရောင်းနေရင်း လက်ကနာရီကို ကြည့်လိုက်တော့ တစ်နာရီ ဆယ့်ငါးမိနစ် ရှိနေပြီ။ ပွဲရုံရှေ့မှာ ရောင်းနေတဲ့ လေးညီတစ်ယောက်လည်း လက်မလည်အောင် ရောင်းနေရပြီ ထင်တယ်။ ကျွန်တော် လူရှင်းတော့မှ ညစာထမင်း မစားရသေးဘူးဆိုတာ သတိရတယ်။ ကျွန်တော့်ဘေးမှာ ရောင်းနေတဲ့ အထည်ဆိုင်ကို လှမ်းကြည့်လိုက်တော့ အထည်ရွေးနေတဲ့ သုံးဦးပဲ တွေ့ရတယ်။ ကျွန်တော် ဆုံးဖြတ်ချချက်လိုက်ပြီး...

            'ကိုမြင့်ဇော်၊ ကျွန်တော် ဆိုင်ကို ခဏစောင့်ကြည့်ပေးပါဦး။ ကျွန်တော် ထမင်းသွားစားချင်လို့'

            ကိုမြင့်ဇော်က ကျွန်တော့်ကို ခေါင်းဆတ်ပြတယ်။ ကျွန်တော် ပွဲဈေးတစ်လျှောက် လေးညီရှိတဲ့ နေရာကို လှမ်းလာလိုက်တယ်။ လေးညီဆိုင်က လူကျနေတုန်း။ မိန်းမကိုင် ပိုက်ဆံအိတ်တစ်အိတ်ကို အတွင်းအပြင် ဖွင့်ပြရင်း လေးညီ ဈေးဆွယ်နေတယ်။ ဝယ်သူမိန်းကလေးကလည်း သဘောကျနေတာ သေချာတယ်။ သူမမျက်နှာကို တစ်ချက် အကဲခတ်လိုက်တာနဲ့ ကျွန်တော် ဝေခွဲတတ်တယ်။ လေးညီကလည်း သူ့ အတွေ့အကြုံအရ အာဘောင်အာရင်း သန်သန်နဲ့ ညွှန်းဆိုနေတယ်။ ဒါပေမယ့် မိန်းကလေး သဘာဝအတိုင်း မဆစ်ဘဲ မနေနိုင်ဘူး ထင်ပါရဲ့။

            'မရလို့ပါ ညီမရယ်၊ ဒါ ရန်ကုန် တိုက်ရိုက်ဈေးပါပဲ။ အစ်ကိုတို့က အလုံးအရေအတွက်နဲ့ ဈေးတစ်မျိုး ယူခဲ့ရတာ။ အမှန်အတိုင်း ဝန်ခံရရင် တစ်အိတ်မှ ငါးဆယ်ပဲ မြတ်ပါတယ်။ မဖြစ်လို့ပါဗျာ'

            ကောင်မလေးက မရမှန်းသိလို့ ထပ်မဆစ်တော့ပါဘူး။ လေးညီ ဆိုတဲ့ဈေးကို ချက်ချင်းပဲ ထုတ်ပေးလိုက်တယ်။ ကျွန်တော် သိတာပေါ့။ လေးညီ ပိုက်ဆံအိတ် တစ်လုံးကို ထက်ဝက် လောက် မြတ်တယ်ဆိုတာ။

            'ဟာ...အစ်ကို ထမင်း စားပြီးပြီလား။ ကျွန်တော်တော့ မစားရသေးဘူး'

            လေးညီက ကျွန်တော်ကို ထိုင်ဖို့ နေရာပေးရင်း ပြောတယ်။

            'မစားရသေးဘူးကွ။ မင်းနဲ့စားမလို့ လာတာ'

            'စားမယ်လေ အစ်ကို။ ဒေါ်နန်းဆိုင် သွားထုတ်လိုက်မယ်။ အစ်ကို ဒီမှာခဏစောင့်'

            လေးညီက ပြောရင်း ဒေါ်နန်းဆိုင်ကို ပြေးသွားတယ်။ ဒေါ်နန်းဆိုတာက ကျွန်တော်တို့လို ဆယ့်နှစ်ပွဲ ဈေးလှည့်နေတဲ့ ထမင်းဆိုင်ပေါ့။ ရင်းနှီးခင်မင်နေသူတွေမို့ ကျွန်တော်တို့ကို ဈေးမှန်မှန်နဲ့ စေတနာ အပြည့်အဝထားပြီး ထမင်းရောင်းနေကျပါ။ ကျွန်တော်တို့ ပွဲဈေးသည်တွေကလည်း ဘယ်ပွဲ ရောက်ရောက် ဒေါ်နန်းဆိုင်မှာပဲ ဝယ်စားနေကျ။ တခြားဆိုင် ဘယ်တော့မှမကူး။ ခဏကြာတော့ လေးညီ ပြန်ရောက်လာတယ်။

            'ဘာဟင်းနဲ့လဲကွ'

            'ထုံးစံအတိုင်းပဲပေါ့ အစ်ကိုရာ။ ကြက်ဥတစ်လုံး နှစ်ယောက်စားတာပေါ့'

            ကျွန်တော် လေးညီကို ကြည့်ရင်း ခပ်ဟဟရယ် လိုက်တယ်။ ကျွန်တော်ရော၊ လေးညီရောက ချွေတာသုံးရင်း အိမ်အပြန် ငွေထုပ်ပိုက်ပြီး ပြန်ဖို့ အကြံကြီးနေကြတာလေ။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တွေကိုယ်စီ ရှိကြတယ်။ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး။ ခုချိန်ထိ တစ်ယောက်ရည်ရွယ်ချက်ကို တစ်ယောက် မစပ်စုကြသေးဘူး။ ကျွန်တော် လေးညီနဲ့အတူ ထမင်း လက်ဆုံစားရင်း စိတ်ကူးနဲ့ ရောင်းရငွေတွေ တွက်လိုက်တာ ထမင်းသာ ကုန်သွားတယ်။ အရသာ ဘာမှန်းမသိလိုက်ဘူး။

 

            အနောက်ဘက် ရိုးမတောင်တန်းကြီးဆီမှာ နေလုံးကြီးက မေးတင်ဝင်စ ပြုနေတယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ပုစွန်ဆီရောင် နေခြည်တွေနဲ့။ ကျွန်တော့်ချစ်သူက ဒီနေ့ ခါတိုင်းထက် ပိုလှနေတယ်။ ဝင်းဝါတဲ့ အသားအရေပေါ်မှာ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းထားတာရယ်၊ နေဝင်စ တိမ်နီတောက်နေတဲ့ နေရောင်ကြောင့်ရယ်။ ကျွန်တော့် ချစ်သူကို ကျွန်တော် ရှုမဝနိုင်လောက်အောင် ဖြစ်နေမိတယ်။

            'မောင်... အဲဒါ ဘယ်လို လုပ်မလဲလို့ မေးနေတယ်လေ'

            ကျွန်တော် ငေးမောနေမိရာက ချစ်သူအမေးကို သတိပြုမိလိုက်တယ်။

            'ဘာကို ပြောတာလဲ မေလေး'

            'ကြည့်၊ ဒီက ပြောတာကို စိတ်ဝင်စားမှု မရှိဘူး'

            'မဟုတ်ပါဘူး မေလေးရာ။ မေလေးကို ငေးနေရင်း သတိလွတ်သွားတာပါ'

            မေလေးက နှုတ်ခမ်းစူရင်း စကားကို ဆက်ပြောတယ်။

            'အမေက ပြောတယ်။ ညည်းတို့ ဘယ်တော့ယူကြမှာလဲတဲ့'

            'အဲဒါ မေလေးက ဘာပြောလိုက်လဲ'

            'ယူတာတော့ ယူမှာပေါ့ အမေရာလို့။ ဒါပေမယ့် ဘာတစ်ခုမှ မပြည့်စုံသေးလို့ ကြိုးစားနေတဲ့ အခြေအနေပဲ ရှိသေးတယ်လို့ ပြောလိုက်တာပေါ့'

            'အင်း၊ ဟုတ်တယ်လေ။ မောင်တို့ ခု ငွေစုနေတာပဲ'

            'ဒါတော့ ဒါပေါ့ မောင်ရယ်။ ဒါပေမယ့် အမေ နောက်ထပ်ပြောတာက ညည်းတို့အရွယ်တွေလည်း မငယ်တော့ဘူးတဲ့။ ဒီလိုကြီး ရေရှည်တွဲနေတာ ပတ်ဝန်းကျင်အတွက်လည်း မသင့်တော်ဘူးတဲ့။ အဲဒီတော့ မယူဖြစ်ကြသေးဘူး ဆိုရင်လည်း စေ့စပ်ထားတာလောက်တော့ ရှိသင့်ပြီတဲ့။ မောင့်ကို ပြောပြ ပေါ့တဲ့။ အမေတို့ဘက်က သမီးရှင်ဆိုတော့ ဘာပြောပြော နစ်နာစရာရှိရင် အမေတို့ပဲ နစ်နာကြရမှာတဲ့၊ ကဲ'

            'အဲဒီတော့ မောင်က မေလေးနဲ့ စေ့စပ်ဖို့ စီစဉ်ရမယ်ပေါ့ ဟုတ်လား'

            ကျွန်တော်က စကားပြောရင်း မေလေးကို သိုင်းဖက်လိုက်တယ်။ မေလေးက မျက်စောင်းထိုးရင်း...

            'ဘာလဲ မောင်က စေ့စပ်ဖို့ကို သဘောမတူလို့လား'

            'မဟုတ်တာ မေလေးကလည်း။ မောင်က သဘောမတူဘဲ နေပါ့မလား။ ဖြစ်နိုင်ရင် ခုချက်ချင်းတောင် လက်ထပ်လိုက်ချင်တာ။ မေလေးကို တင့်တောင့်တင့်တယ် မထားနိုင်သေးလို့'

            'ဒါပဲ မောင်၊ ခုမေလေးတို့ စေ့စပ်တဲ့အခါကျရင် မောင်ဝတ်ပေးမယ့် စေ့စပ်လက်စွပ်က စိန်တုံးကလေး ကွပ်ထားတဲ့ ရွှေလက်စွပ် လှလှကလေး ဖြစ်ရမယ်သိလား'

            'ဟင်... စေ့စပ်ရင် လက်စွပ်ပါရမှာလား'

            'ကြည့်... မောင်နော်၊ စေ့စပ်လက်စွပ်မပါဘဲ စေ့စပ်ပွဲ လုပ်မယ်ဆိုရင် မောင် မေလေးကို မချစ်လို့ဘဲ'

            'မဟုတ်ဘူးလေ၊ မေလေးရဲ့။ မောင်တို့က လက်ထပ်ဖို့အတွက် ငွေစုနေကြတာလေ။ အဲဒီလက်စွပ်အတွက် သီးသန့်ကြီး ကုန်သွားရင် နောက်အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးသွားမှာ စိုးလို့ပြောတာ'

            'ဒီလက်စွပ်ကလည်း မေလေးနဲ့ မောင်တို့အတွက်ပဲဟာ။ လက်ထပ်လိုက်တဲ့ အခါကျလည်း မေလေးနဲ့ မောင်ပဲ ပိုင်ဆိုင်ရမယ့်ဟာ။ အလကား ဆုံးရှုံးသွားမှာမှ မဟုတ်တာပဲ။ တော်ပါ မောင်ရာ မေလေးကို မချစ်ရင်၊ လက်မထပ်ချင်ရင် ဒီမှာပဲ လမ်းခွဲကြမယ်'

            'ဟာကွာ... ကြည့်၊ မေလေးက အဓိပ္ပာယ်မရှိ စိတ်ကောက်ဦးမယ်။ ကဲ... ကဲ...မောင် မေလေးနဲ့ စေ့စပ်ဖို့ ဒီတစ်ခါ ဆယ့်နှစ်ပွဲဈေး လိုက်ပြီးရင် လက်စွပ်လုပ်နိုင်အောင် ကြိုးစားမယ်၊ ဟုတ်ပြီလား'

            ကျွန်တော့် စကားကြောင့် မေလေးမျက်နှာ စူပုပ်နေရာက ပြန်လည်ဝင်းပလာတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ် ကျွန်တော် ချွေချွေတာတာနဲ့ လက်စွပ်နှစ်ကွင်း လုပ်နိုင်ဖို့ ကြိုးစားရဦးမယ်။

            အိမ်ရောက်တော့ အမေ့ကို ပြန်ပြောမိတယ်။ အမေကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ငါ့သားလေး ပင်ပန်းမှာကိုပဲ စိုးရိမ်ပါတယ်တဲ့။

            ကြို့ပင်ကောက်မြို့ရဲ့ မြို့မဈေးက တစ်နေ့လုံးဈေးပါ။ ကားဂိတ်၊ ဘူတာနဲ့ တစ်ဆက်တည်း ရှိတာကြောင့် အချိန်ပြည့် လူစည်လေ့ရှိတယ်။ လေးညီခေါ်လာလို့ ကျွန်တော် ဈေးထဲ ရောက်နေရတယ်။ အထည်ဆိုင်တန်းက ဖြတ်လာကြပေမယ့် အထည်ဆိုင်တွေကို လေးညီ မကြည့်ပါဘူး။ ကျွန်တော်ကသာ အထည်ဆိုင်တွေကို ငေးမောရင်း မေလေးနဲ့ လိုက်မယ်ထင်တဲ့ အရောင်အသွေးတွေကို စိတ်ကူးနဲ့ ရွေးနေမိတယ်။ ကျွန်တော့်ငေးမှုကြောင့် ထင်ရဲ့။ အထည်အရောင်းသမလေးတွေရဲ့ ဝယ်ပါ၊ ယူပါ ဖိတ်ခေါ်မှုက လက်လိုက်မဆွဲ ရုံတမယ် သွက်လက်လွန်းတယ်။ ကျွန်တော် မငေးရဲတော့ပါဘူး။ ခပ်တည်တည်နဲ့ ရှေ့တူရူလမ်းကိုပဲ ကြည့်ပြီး လျှောက်လာလိုက်တယ်။ လေးညီ ဘယ်သွားမယ်ဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် လေးညီတစ်စုံ တစ်ခုကြောင့် စိတ်ထက်သန် နေတယ်ဆိုတာ ကျွန်တော် ရိပ်မိတယ်။

            ကျွန်တော့်ကို လေးညီ ပြောဖူးတယ်။ ကျွန်တော် ပိုက်ဆံစုနေတာ ဒီပွဲ အဆင်ပြေရင်တော့ ပြည့်လောက်ပြီတဲ့။ ပြီးတော့ ကျွန်တော် အိမ်ခဏပြန်ဦးမယ်တဲ့။ အဆင်ပြေရင် ကြို့ပင်ကောက်မှာပဲ အပြီးလုပ်သွားမှ ထင်တယ်လို့ ပြောတယ်။ ကျွန်တော်က မင်းဘာလုပ်မှာလဲ ဆိုတော့ ခပ်ပြုံးပြုံးနဲ့ ဘာမှ ပြန်မပြောတော့ဘူး။ သူ့မျက်နှာကတော့ မျှော်လင့်ချက်တွေကြောင့် ထင်ပါရဲ့၊ ကြည်လင် ဝင်းပနေတယ်။

            ကျွန်တော်လည်း ကြို့ပင်ကောက်ပွဲပြီးရင် အိမ်ပြန်ဦးမယ်လို့ စိတ်ကူးထားတယ်။ မေလေးနဲ့ တိုင်ပင်ပြီး ဒီနှစ် ကျွန်တော်တို့နှစ်ယောက် စေ့စပ်ကြမယ်လေ။ ကျွန်တော် လက်စွပ်လုပ်ဖို့က ငွေ သိပ်မလိုတော့ဘူးလို့ ထင်တယ်။ ရွှေဈေး အတက်အကျကိုတော့ ကျွန်တော် မသိဘူး။

            ရှေ့မှာ လျှောက်နေတဲ့ လေးညီက အစ်ကို ထမင်းသုပ်စားမလားလို့ မေးတယ်။ ကျွန်တော် ခေါင်းခါလိုက်တယ်။ လေးညီက တစ်ချက် ရယ်သွမ်းသွေးလိုက်ရင်း...

            'စားပါ အစ်ကိုရာ။ ကျွန်တော် ဒီနေ့ အစ်ကို့ကို ကျွေးချင်လို့ပါ။ အရင်လို မချွေတာရတော့ပါဘူး'လို့ပြောတယ်။ ကျွန်တော်လည်း လေးညီကို တအံ့တသြကြည့်ရင်း မင်း ဒီနေ့အူမြူးနေတယ်လို့ ပြောလိုက်တော့ မြူးရတာပေါ့။ ကျွန်တော့်ဆန္ဒတွေ ဒီနေ့ပြည့်ဝတော့မယ်လေ။ ပွဲဈေးစလိုက်တဲ့ ပေါင်းတည် စွယ်တော်ကတည်းက ဒီနေ့ပွဲအထိ ချွေတာစုဆောင်းလာလိုက်တာ ဒီနေ့ ပြည့်ဝပြီလေ အစ်ကိုရလို့ ပြောတယ်။ လေးညီ ဘာတွေ၊ ဘာအတွက်၊ ဘာဆန္ဒပြည့်သွားတာလဲ ကျွန်တော် မသိဘူး။ ကျွန်တော် မေးလိုက်ရင်လည်း မကြာခင် သိရမှာပေါ့ အစ်ကိုရာဆိုတဲ့ စကားနဲ့ပဲ အဆုံးသတ်သတ်သွားရတယ်။

            ကျွန်တော် လေးညီ ကျွေးတဲ့ ထမင်းသုပ်ကို စားလိုက်တယ်။ မစားရတာ ကြာလို့ ထင်ပါရဲ့။ ထမင်းသုပ်က အစပ်အဟပ်တည့်ပြီး ကောင်းလိုက်တာ။ ကျွန်တော် အားနာနာနဲ့ သုံးပွဲလောက် တီး ပစ်လိုက်တယ်။ ဒါတောင် လေးညီက အစ်ကို ယူဦးလေလို့ ပြောနေသေးတယ်။ ကျွန်တော် မနည်း ဘရိတ်အုပ် ထားလို့။ ကျွန်တော်တို့ ထမင်းသုပ်စားပြီး ဈေးထောင့်က လက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ကြတယ်။ ငတ်ငတ်ပြတ်ပြတ်နဲ့ ပိုက်ဆံစုနေတဲ့ ကျွန်တော်နဲ့လေးညီအဖို့ ဒီနေ့ကတော့ တကယ်ကို နတ်ပြည် ရောက်နေတဲ့နေ့ပါပဲ။ လက်ဖက်ရည်တစ်ခွက်စီနဲ့ ချပေးတဲ့ မုန့်ကုန်လုနီးပါး ကျွန်တော်တို့နှစ်ယောက် စားပစ်လိုက်တယ်။ ပိုက်ဆံရှင်းတော့ ကျွန်တော် ရှင်းမယ် လုပ်တယ်။ လေးညီက လက်မခံပါဘူး။ အစ်ကို ရည်မှန်းချက်တွေက ပြည့်ဝသေးတာ မဟုတ်ဘူးတဲ့။ ကျွန်တော်ပဲ ရှင်းပါရစေလို့ တောင်းပန်ရင်း လေးညီပဲ ရှင်းလိုက်တယ်။

            စားသောက်ပြီး ကျွန်တော်တို့ ဈေးထဲကို ဆက်လျှောက်လာလိုက်တယ်။ လေးညီ ဘယ်သွားပြီး၊ ဘာလုပ်မယ်ဆိုတာ မသိရလို့ ကျွန်တော်လည်း စိတ်ဝင်တစားနဲ့ လေးညီနောက်က လိုက်နေမိတယ်။ လေးညီ ဈေးအတွင်းဘက် အတော်ကလေး ဝင်သွားပြီးမှ ရွှေအပြည့်ခင်းကျင်းထားတဲ့ ရွှေဆိုင်တစ်ခုရှေ့မှာ ရပ်လိုက်တယ်။ ကျွန်တော်လည်း လေးညီနောက်က လိုက်ရပ်ရင်း ရွှေထည်ပစ္စည်းတွေထဲက လက်စွပ်တွေထားတဲ့ မှန်ဘောင်ကို ငေးမောနေမိတယ်။ မေလေးပြောတဲ့ စိန်ပါတဲ့ လက်စွပ်ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်လို့ တွေးရင်း ကြည့်နေလိုက်တာ။ လေးညီအသံကြားမှ သတိဝင်လာတယ်။ လေးညီကို ဆိုင်ရှင်က မျက်မှန်းတန်းမိနေတယ် ထင်ရဲ့။ ရောက်ရောက်ချင်း ဟာ... ညီလေး လာထိုင်ဦးဆိုတဲ့ လောကဝတ်စကားဆိုတယ်။ လေးညီက ကျွန်တော့်လက်ကို ဆွဲရင်း အစ်ကိုလာ၊ အထဲမှာ ခဏထိုင်ဦးလို့ ပြောတယ်။ ရွှေဆိုင်ထဲမှာက စားပွဲ တစ်လုံး၊ ကုလားထိုင်ငါးလုံးကို စနစ်တကျ ခင်းကျင်းထားပါတယ်။

            'ညီလေးမှာတဲ့ ပစ္စည်းက ရပါပြီ။ ခဏနော်၊ အစ်ကို ဘောင်ချာဖြတ်လိုက်ဦးမယ်'

            ဆိုင်ရှင်က လေးညီကို ပြောရင်း ဘောင်ချာ ရေးနေတယ်။ လေးညီကကျွန်တော့်ကို ကြည့်ပြီး...

            'ကျွန်တော် ရွှေအပ်ထားတာ အစ်ကိုရ'လို့ ပြောတယ်။ ကျွန်တော် တအံ့တသြနဲ့ မင်း ရွှေအပ်ထားတာ ဟုတ်လားလို့ ပြန်မေးမိတယ်။ လေးညီက ခေါင်းဆတ်ပြတယ်။ ကျွန်တော်နဲ့ အကြံချင်း တူနေတဲ့ လေးညီကို ကျွန်တော် ဝမ်းသာအားရ ကြည့်ရင်း...

            'မင်းနဲ့ငါနဲ့တော့ ငွေစု ရခြင်းအကြောင်းက လာတူနေပြီ လေးညီရ'လို့ ပြောလိုက်တော့ လေးညီကလည်း တအံ့တသြနဲ့...

            'ဟုတ်လား။ အစ်ကိုလည်း ရွှေလုပ်ဖို့ ငွေစုနေကြတာလား။ ဘယ်သူ့အတွက်လဲ၊ နားတောင်းလား၊ ဆွဲကြိုးလား'လို့ ကပျာကယာနဲ့ မေးတယ်။ ကျွန်တော် ခပ်ပြုံးပြုံးနဲ့ သူခိုးကို လက်ပူးလက်ကျပ်မိတဲ့ စတိုင်လ်မျိုး လေးညီကို ကြည့်ရင်း 'ဟ...ဟ၊ ငါ့ကို မမေးနဲ့လေ၊ လေးညီရ။ မင်းကော ဘယ်သူ့အတွက်လဲ၊ ဘာလုပ်ဖို့လဲ။ မင်း အူမြူးနေပုံထောက်ရင်တော့ ဟဲ... ဟဲ...'

            ကျွန်တော့် စကားကြားတော့ လေးညီက ရယ်လိုက်တယ်။ ကျွန်တော် သိလိုက်တာပေါ့။ ကျွန်တော့်လိုမျိုးမှ မဟုတ်ရင် လေးညီ သူ့ ချစ်သူ၊ သူ့ရည်းစားအတွက် ရွှေလုပ်တယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိလိုက်တာပေါ့။ ကျွန်တော့်အတွေး မဆုံးခင်မှာပဲ လေးညီဆီက စကားတစ်ခွန်း ကြားလိုက်ရတယ်။

            'အစ်ကို ထင်သလို မဟုတ်ပါဘူးဗျာ။ ကျွန်တော် လုပ်တာက နားတောင်း။ အမေ့အတွက် တစ်ရံ နားတောင်းလေး တစ်စုံပါ'

            ကျွန်တော် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတယ်။ ကျွန်တော့်အထင်နဲ့ အမြင်က တက်တက်စင် အောင် လွဲမှားသွားပါလား။ လေးညီက ဆက်ပြောတယ်။

            'အဖေ ဆုံးကတည်းက အမေ့နား နားတောင်းမရှိခဲ့တာ။ ခု အဖေဆုံးတာ လေးနှစ်၊ အမေ နားတောင်း မပန်ရတာ လေးနှစ် အစ်ကိုရ။ အမေနားက နားပေါက် ဟောင်းလောင်းလေးကို မြင်တိုင်း ကျွန်တော့်ကိုယ် ကျွန်တော် သားတစ်ယောက် တာဝန်မကျေသလို အမြဲခံစားနေရတာ။ အဲဒါကြောင့် ကျွန်တော် ငွေစုပြီး လုပ်ဖြစ်အောင် လုပ်လိုက်တာ။ ဒီနှစ်တော့ ဆန္ဒပြည့်ပါပြီ။ ဒီ နားတောင်းလေးသာ အမေ တွေ့ရရင် ဘယ်လိုနေမလဲ မသိဘူး၊ အစ်ကိုရာ'တဲ့။ လေးညီရဲ့ ဝမ်းသာအားရ စကားတွေက ကျွန်တော့် ခေါင်းကို ပေါက်ဆိန်နဲ့ ထုနေသလိုပါပဲ။ ကျွန်တော့်ဝေဒနာကို ကျွန်တော် ပြန်မစမ်းစစ် ရဲဘူး။ မျက်လုံးထဲ မြင်ယောင်နေတာ တစ်ခုကတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော့်အမေလည်း နားဟောင်းလောင်း နားပေါက်ကလေး တွေနဲ့ပါပဲလေ။

မှူးဆက်ပိုင် ၊ရွှေတောင်၊

(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...