ကြည်အေး
အုကလေး
မွေးစကဆိုလျှင် ဒေါ်ဒေါ်လေးသည် အစ်ကို လင်မယားကို စိတ်ဆိုးနေဆဲမို့ တမင်ကဲပြီး
သွားလို့တောင် မကြည့်ချေ။
‘ဟဲ့...
ကလေးလေးက လှလိုက်တာဟယ်။ ဒါပေမယ့် မိန်းကလေးတဲ့တော့်။ တို့က ယောက်ျားလေးမှ
ချစ်တယ်။ ယောက်ျားလေးပဲ လိုချင်တယ်’ ဟု အမေက သတင်းပေ၏။
ဒေါ်ဒေါ်လေး၏
ရင်ထဲမှာ ယားကျိကျိရှိသည်ကို အသာဖျောက်ကာ မတုန်မလှုပ် ဟန်ဆောင်နေလိုက်သည်။
စင်စစ်တော့ ဒေါ်ဒေါ်လေးသည် မိန်းကလေးများကိုသာ ပို၍ ချစ်တတ်သည်။ လိုချင်သည်။
ပြီးတော့ လှသည်လည်း ဆိုသည်။ လှမှာပေါ့။ သူ့အမေနဲ့အဖေက မေတ္တာသာ တုံးစရာကောင်းတာ
အချောအလှတွေချည်းပဲဟု အစ်ကိုနှင့် ယောက်မကို ဆဲရေးရင်း ကလေးလှသည်ဆိုတာကို
သဘောကျပြန်၏။
‘အပုလောက်တော့
ဘယ်ကလေးမှ မလှဘူး’ ဟု အမေသည် မြေပြင်ပေါ်မှ ဖြုတ်ခနဲ ပျောက်ခဲ့ပြီဖြစ်သော
သားကလေးကို သတိရပြန်လေ၏။
‘ကလေးလေးက
နင်နဲ့တူတယ်ဆရာ’ ဟု ဒေါ်ဒေါ်လေး၏ မမနောက် ဒေါ်ဒေါ်ကြီးဟု အမည်တွင်မည့်သူက
ပြောပြန်လေရာ ဒေါ်ဒေါ်လေးသည် မျက်နှာထား တင်းနေရာက ပြုံးစိစိကြီး ဖြစ်လာလေတော့သည်။
အစ်ကိုနှင့်တွေ့တော့
အစ်ကိုက ‘အမေရာ၊ ကျွန်တော်တော့ အပုလေး ဝင်စားတာချည်း အောက်မေ့တာဗျာ။ မိန်းကလေး
ဖြစ်နေလို့သာ၊ မမွေးခင်က အိမ်မက် ခဏခဏမက်တယ်’ ဟု ပြောနေလေသည်။
သို့လျှင် တစ်ညနေချမ်းမှာ အုကလေးကို
ဒေါ်ဒေါ်လေးမြင်ရသည်။ အုကလေးလို့ ဘယ်ခေါ်ရဦးမလဲ။ သည်တုန်းကတော့ အူဝဲကလေး၊
ပေါက်စကလေး၊ ညှပ်စိကလေး၊ အသေးစားကလေး စသည်ဖြင့် ဝိုင်းပြီး ခေါ်ချင်သလို ခေါ်ကြသည်။
ကလေးအမေကတော့ ထုံးစံအတိုင်း စကားနည်း နှုတ်ဆိတ်စွာနေကာ သမီးကလေးကို ပွေ့ပိုက်၍
ရင်မှာ ကပ်ထားသည်။
အုကလေးသည် မွေးစက
ရှည်မျောမျောကလေးပင်။ အသားကလေးက ရဲရဲထွတ်နေကာ မွေးညင်းကလေးများ ရွှေလိုဝါသည်။
ကြီးလာလျှင် သိပ်ဖြူမည် ထင်ရသည်။ (ယခုတော့ သူတို့ညီအစ်မ သုံးယောက်ထဲမှာ အုကလေးသည်
အညိုဆုံးဖြစ်လေသည်။ သို့သော် အလှဆုံးပေါ့ရှင့်၊ အချစ်ဆုံးပေါ့ရှင့်ဟု ဒေါ်ဒေါ်လေးက
ပြောမည်။ ပြီးတော့ဟိုနှစ်ယောက်က ပိုးဟပ်ဖြူလို ဖွေးနေတာကိုး။ အုကလေးက
စကားဝါသွေးကလေး) လက်ချောင်း၊ ခြေချောင်းကလေးများ သွယ်ဖြူးကာ လက်သည်း၊
ခြေသည်းကလေးများက ဘဲဥလို ဝန်းဝန်းချွန်ချွန်နှင့် ပုံပန်းကျနသည်။
မျက်နှာပုံပန်းကိုတော့ မွေးစမို့ ဒေါ်ဒေါ်လေးက မဖမ်းတတ်။
မျက်လုံးကြီးဝိုင်းဝိုင်းလည်နေသလောက် ပါးစပ်ပေါက်ကလေး ကျဉ်းတာလောက်သာ မြင်တတ်၏။
အုကလေး... အုကလေး... ဒေါ်လေးချစ်တဲ့ အုကလေး။
အုကလေးကို နာမည်ပေးဖို့
စဉ်းစားကြသည်မှာ ရန်ဖြစ်ခြင်းနှင့်သာ ဆုံးခန်းရောက်ရသည်။ နာမည်ကြိုက်တာ ရှာမတွေ့။
ဒေါ်ဒေါ်လေးက မပြုံးလို့ ခေါ်ချင်သည်။
ဒေါ်ဒေါ်လေး၏ မမက ‘အေးဟေ့၊
ကောင်းတယ်ဟေ့’
ဟု ညီမလုပ်သမျှ
အဟုတ်ထင်သည့် ဝါသနာနှင့် ထောက်ခံသည်။ သို့သော် အစ်ကိုက မဝင်းလို့ ခေါ်ချင်သလိုလို။
ယောက်မကမူ ဘာမျှမစွက်ဘဲ ခပ်ပြုံးပြုံးပင်။
အမေက ‘မပြုံးကြည်လို့၊ ဟော ...
မဝင်းကြည်လို့ နေပါဦး၊ ဗုဒ္ဓဟူးသမီး မဟုတ်လား၊ မလှကြည်လို့ ခေါ်လည်း ကောင်းတာပဲ။
မရင်ကြည်’ စသည်ဖြင့် ယ၊ ရ၊ လ၊ ဝ ရှိသမျှကို ကြည်ဆိုသည့် စာလုံးနှင့် အရမ်းတွဲရင်း
အကြံပေးသည်။ အမေသည် ကြည်ဆိုသည့် စာလုံးကို အလွန်နှစ်သက်၍ သားသမီးလေးယောက်ကို
ကြည်မလွတ်အောင် မှည့်ထားသည်။ သို့သော် ဒေါ်ဒေါ်လေး၏ အစ်ကို အမေ့သားကြီးက ကြည်ဆိုတာ
မိန်းမဆန်သည် ထင်ရကား သူ့နာမည်ကို တက္ကသိုလ် ကျောင်းရောက်သည့် နှစ်မှာပင်
ငွေငါးကျပ် အကုန်ခံ၍ ပြောင်းပစ်သည်။ သားအငယ်ဆုံး အပုလေးကလည်း လူနှင့်တကွ ကြည်ပါသော
နာမည်ပါ ပျောက်ပြီး ဖြစ်လေရာ အမေ့သမီးနှစ်ယောက်သာ ကြည်နှင့်မြဲလျက် ရှိသေးသည်။
သို့သော် ဆန်းကြယ်၍ ကံစီမံခြင်းလည်း မျာစွာပါသည့် လူ့ဘဝမှာ လူမသေဘဲ
နာမည်ပျောက်ချင်လည်း ပျောက်ရတတ်သည်။ အနာဂတ်အတွက် ဘာမှမပြောနှင့်သာ။
နာမည်ကို ရွေး၍ မဆုံးနိုင်ကြရကား စိတ်တိုမြဲဖြစ်သော
ဒေါ်ဒေါ်လေးက 'သူ့ထက်မြတ် ထိပ်ခေါင်တင်လို့ မှည့်ဟာ' ဟု ရန်စကားစကာ
ရန်ပွဲကျင်းပလေ၏။
နောက်ဆုံး၌ အုကလေး၏
ဘွားတော်မည်ဖြစ်သော ကြီးကြီးက 'သေးသေးကလေးဟဲ့၊ စာဥကလေးဟဲ့... ကလူ...ကလူ'ဟု ခေါ်မြှူရာက မစာဥဟု အမည်တွင်သည်။ ဘယ်သူက ကျေနပ်သလိုလို၊ ဘယ်ဝါက မကျေနပ်သလိုလိုတော့
ရှိသားပင်။ ဒေါ်ဒေါ်လေးကတော့ ပန်းသာမစာဥနှင့် ချစ်ကျွမ်းဝင်သူမို့ မိတ်ကျကာ 'အုကလေး... အုကလေး' ဟု ခေါ်မဝတော့ချေ။
အုကလေး အင်မတန်အေးသည်။
ဒေါ်ဒေါ်လေးသည်
မနက်ကျောင်းသွားခါနီးကြည့်၊ ညနေကျောင်းကအပြန် ကြည့်နှင့် နေ့စဉ်ကြည့်နေလေရာ အုကလေး
ကြီးလာလို့ပင် ဘယ်လိုကြီးလာမှန်း မသိတော့ချေ။
သို့သော် ဒေါ်ဒေါ်လေးသည်
စိတ်လွတ်လက်လွတ် မချစ်သေး။ စကားပြောတတ်သည့် အရွယ်ကစ၍ ချစ်လို့ အားရသည်။ ခုတော့
ပက်လက်ပက်လက်၊ ယက်ကန်ယက်ကန်နှင့် မချိတင်ကဲ ဖြစ်စရာ၊ ဇာတိ၏ အမှားတစ်ရပ်
စတင်နေပြန်ခြင်းမျှသာတည်း။ မြန်မြန်ကြီးပြီး မောဟမှောင်လွှမ်း ပါတော့။ သည်တော့မှ
မေ့မေ့ပျောက်ပျောက် ရှိလေမည်။
ပြီးတော့ ဒေါ်ဒေါ်လေးက ချစ်ရမှာ
ကြောက်သည်။ ချစ်ခြင်းကို မကြာခဏပင် အသည်းကွဲခြင်းဟု ပြောင်းလဲပြီး ခေါ်ကြရတတ်သည်။
ချစ်ခြင်းကို မကြာခဏပင် ပြန်၍ပင် ဘယ်နှခါဟု မရေတွက်ချင်တော့။ မေ့ပျောက်ထားသည်။
ဥပမာ- မအေကွဲ ညီမလေးကို မေ့ထားသည်။ ကလေးမက လူကြီးမမည်သည့် အရွယ်က အဖော်ရခဲ့သော
ကြောင်တိရစ္ဆာန်ကလေးကို မေ့ထားသည်။ ဝေးလံသောဒေသက အယုံကြီးယုံခဲ့ကြဖူးပြီး
နောက်ဆုံးတော့ အချင်းချင်း မကောင်းကြံခြင်းကြီး ကြံခဲ့ရသည့် မိတ်ဆွေတွေကို
မေ့ထားသည်။
သို့သော် မိုက်စရှိလျှင် မိုက်ချင်ချင်မို့
ဒေါ်ဒေါ်လေးသည် တစ်နေ့သ၌ အုကလေးကို အသည်းကွဲလိုကွဲဟု ချစ်ပြန်သည်။
အိပ်နေလျှင် မထိရက် မနမ်းရက်နှင့်
တုန်တခိုက်ခိုက်ရှိအောင် တစိမ့်စိမ့်ကြည့်သည်။ ချွေးကလေး အစို့အစို့ကို
ရေမွှေးဆွတ်ပျံ့သည့် လက်ကိုင်ပဝါ အလယ်သားနှင့် အသာအယာ တို့သည်။ အုကလေးရင်ဘတ် စိုစွတ်နေလျှင်
အအေးမိတော့မလားဟု ပူပင်ထိတ်လန့်လှသည်။ ရာသီကို လိုက်၍ အင်္ကျီချည်းပဲ
စောင့်၍လဲသည်။ အုကလေး ချောင်းဆိုးသည့် ညများမှာ ဒေါ်ဒေါ်လေးသည် ရင်ထဲက
နာလှသည်နှင့် အိပ်၍မပျော်ချေ။ အုကလေး၏ အမေအဖေများကို စိတ်ဆိုးသည်။
ဒင်းတို့ ငါ့လောက် မချစ်တတ်ပါဘူးဟု
တွေးသည်။ အုကလေးကို သူတို့က စိတ်ချမ်းသာရေးအတွက် ချစ်မှာ။ အုကလေး စိတ်ချမ်းသာတာကို
ဂရုစိုက်မှာ မဟုတ်ဘူး။ တစ်ကိုယ်ကောင်းသမားတွေ။ အုကလေးကို သူတို့အကြိုက်
လုပ်ခိုင်းမယ်။ အုကလေးက ဘာကြိုက်တယ်ဆိုတာ ဂရုစိုက်မှာ မဟုတ်ဘူး။ ငါကတော့ အုကလေးကို
စာတွေ ညအိပ်ခွင့် မပေးနိုင်အောင် မကြိုးစားခိုင်းဘူး။ အုကလေးကို သူ့ရုပ်ရည်အလှနဲ့
သူကြည်နူးခွင့်၊ အချည်းနှီးစိတ်ကလေးနဲ့ လေလွင့်ခွင့်ပေးမယ်။ လူ့ဘဝမှာ
အေးချမ်းပျော်ရွှင် နေလို့အရနိုင်ဆုံးနည်းကို ရှာပေးမယ်။ အုကလေး
ကဗျာမစပ်တတ်ချင်နေပါစေ၊ ကဗျာဖတ်တတ်ရင် တော်ရောပေါ့။ ပိုပြီးတောင် ကောင်းပါသေးတယ်။
ရှယ်လီကဗျာတွေ ကျက်ချင်ကျက်ဦးပေါ့နော်။
□
၂။
အုသည် သီချင်းအင်မတန်ဆိုသည်။
အု၏အသံမှာ ကြွယ်ဝအောင်မြင်၍ ပိုင်ပိုင်နိုင်နိုင် ရှိလှသည်။ စကားကိုလည်း
ပြောသမျှစကားလုံးတိုင်း ဂရုစိုက်တတ်သည်။ ထိုအခါမှာ အုကလေး၏ နှုတ်ခမ်းလွှာကလေးများ ဖဲကြိုးပွင့်ကလေးလို
တွန့်ကော့ဟန်ကို သတိထားမိစမြဲပင်။ အုကလေး၏ နှုတ်ခမ်းများမှာ နှင်းဆီလို၊ နှင်းဥလို
နူးညံ့ပျော့နွဲ့သော အသွေးသဏ္ဌာန်ရှိသည်။ မွှေးကြိုင်သည်လို့ပင် အု၏ ဒေါ်ဒေါ်လေးက
ထင်သည်။ ထင်စရာပင်။ အကြောင်းကား အုသည် ဒေါ်ဒေါ်လေးကို တုံ့ပြန်အသည်းစွဲသောကြောင့်တည်း။
'ဒါတို့ပြည်... ဒါတို့မြေ...
ဒါ ငါတို့ပြည်'ဟု ဆိုနေရာက ထိုအသွားအတိုင်း
စကားလုံးပြောင်းကာ 'ဒေါ်ဒေါ်လေး ရေ... ဒေါ်ဒေါ်လေးရေ...
ဒေါ်ဒေါ်လေးရေ...' ဟု သူ့ ဒေါ်ဒေါ်လေးကို
သီချင်းလုပ်ဆိုတတ်သောကြောင့်ပေတည်း။
ဒေါ်ဒေါ်လေးလည်း အရူးအမူးနှင့် 'အုကလေးရေ...
အုကလေးရေ... အုကလေးရေ...'ဟု ဆိုမိတတ်သည်။
အုကလေးသည် ကြမ်းပြင်ပေါ် ပက်လက်လှဲ၍
နံရံကို ခြေနှင့်ကန်ကာ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆိုတတ်သည်။ ဆို၍ကုန်လျှင် 'ဒေါ်ဒေါ်လေးရာ၊
သီချင်းဆိုစမ်းပါ'ဟု အားမရ နိုင်သလို ခိုင်းတတ်သည်။
ဒေါ်ဒေါ်လေးက နဂိုက ဆိုချင်ချင် ရှိသည်တစ်ကြောင်းနှင့် ဆိုရသည်။ အုက
ဒေါ်ဒေါ်လေးထံမှ သီချင်းတက်တတ်သည်။
'ထက်ကောင်းကင်ဝယ်'ဟု ဒေါ်ဒေါ်လေးက ချသည်။
'ထက်ကောင်းကင်ဝယ်'ဟု အုက လိုက်ဆိုသည်။
'စန္ဒာမင်း'
'စန္ဒာမင်း'
'ငွေရောင်လင်းလို့
ကြည်လင်ပါပေတယ်'
'ငွေရောင်လင်းလို့
ကြည်လင်ပါပေတယ်'
ထိုသို့ တူဝရီးနှစ်ယောက်
သီချင်းသံပြိုင် ဆိုသံမှာ တစ်အိမ်လုံး ညံလေတော့၏။
အုကလေးက အဆော့လွန်၍ ဒေါ်ဒေါ်လေးနား
မကပ်တာကြာ၊ ခေါ်၍လည်း မရလျှင် အု မကြားဖူးသေးသော သီချင်းသစ်တစ်ပုဒ်
ကျယ်ကျယ်ဆိုလိုက်ရ၏။ အုကလေးက ချက်ချင်းပြေးလာပြီး 'ဆိုပါဦး၊ လုပ်ပါ
ဒေါ်ဒေါ်လေးရ'ဟု ပူဆာသည်။ ဒေါ်ဒေါ်လေးက ခပ်တည်တည်နှင့်
ခုတင်ပေါ်က မထဘဲ မျက်နှာကြက်က လေးထောင့်ကွက်များကို ကြည့်နေလျှင် အုသည် အနားက
မခွာတော့ချေ။ အုကလေးက ပွဲကြိုက်တတ်သေး၏။
ရွှေမန်းတင်မောင်တို့၊ စိန်အောင်မင်းတို့များ ဆိုလျှင် ညလုံးပေါက် ထိုင်ကြည့်လေ၏။
အိပ်ချင်ပြီး မျက်လုံးကြီး မျက်ရည်အရွဲသားနှင့်က ဇွတ်ပေကြည့်သည်။ မင်းသမီး၊
မင်းသား နှစ်ပါးသွားလျှင် အု၏လက်ဖျားကလေးများ ကော့ပျံလာကြသည်။ ကိုယ်ကလေး
ယိမ်းနွဲ့လို့နေသည်။ မင်းသမီး လွမ်းလျှင်တော့ အုသည် လိုက်၍ငိုရှိုက်ကာ
ချော့လို့မော့လို့ မရတော့ချေ။ 'အိမ်ပြန်စို့' ဆိုတော့လည်း မပြန်ဘူး။ အုက သဘင်ဝါသနာ ကြီးသည်။ ဆိုင်းသံကြားလျှင်
ပွဲသွားရအောင် ပူဆာမြဲပင်။ ပွဲတစ်ခါကြည့်ပြီးသည့်အခါ ကကွက်များ တိုးသည်။
အုကလေးသည် ဒေါ်ဒေါ်လေး၏ ထဘီများကို
ကြမ်းပြင်ပေါ် တစ်ပေမက ပုံနေအောင် ဝတ်ကာ ရေဒီယို ဖွင့်၍ ကစမြဲတည်း။
အု၏ နားအာရုံက အင်မတန်ဖျပ်သည်။ ကလို့
မကောင်းသော သီချင်းလာလျှင် ထိုင်နေတတ်သည်။ ဘယ်လို ကခိုင်းလို့မှ မကချေ။
သီချင်းကြိုက်တာလာ၍ ထကလျှင် မောပြီး ပက်လက်လဲသည်အထိ ကလေတော့သည်။ အု အင်မတန်
ကတတ်သည်။ တစ်ခါတစ်ရံ စည်းသုံးချက်၊ ဝါးသုံးချက် ညီအောင်တောင် ကလို့ဖြစ်သွားသည်။
ဒေါ်ဒေါ်လေးက ဝမ်းသာမဆုံးဘဲ 'အုဖို့ အကသင်ဆရာ ငှားမယ်ဟေ့'ဟု ကြွေးကြော်သည်။ 'သီချင်းဆိုလည်း သင်ရမယ်။
အတီးအမှုတ်လည်း သင်ရမယ်' ဒေါ်ဒေါ်လေးက အုကလျှင် ဝတ်ဖို့
ထိုင်မသိမ်း အင်္ကျီဂျာကစ်နှင့် ထဘီချုပ်ပေးမည်ဟု ကတိ ပေးထား၏။ ထို့နောက် ကရမက်
ယပ်တောင်နှင့် နိုင်လွန်ပဝါ၊ အမရပူရက မှာသည့် စည်းပုံ၊ လက်စည်း စသည်များကို အစုံအလင်
ဝယ်ဖို့စဉ်းစား လျာထားသည်။
အုကလေးကို ကြွယ်ဝစေချင်သည်။
□
၃။
အုကလေးကို တော်ဖြောင့်စေချင်သည်။
သို့သော် အုကလေးသည် ကလေးမျှသာ
ရှိပါသေး၏။ သွန်သင်ခြင်းကို လိုပါသေး၏။ အုကလေးသည် ညီမငယ်ကလေးများအပေါ်
အနိုင်ကျင့်တတ်သည်။ စားစရာမှာ လောဘကြီးတတ်သည်။ ဒေါ်ဒေါ်လေးက မျက်နှာလိုက်တတ်သော
ရင်တွင်းက အချစ်စိတ်ကို ချိုးနှိမ်၍ အုကို မာန်ရ၏။ မာန်၍မရလျှင် 'မိစာအု
တစ်ကိုယ်ကောင်းမလေး၊ သူ့အဖေနဲ့ တစ်ချိုးတည်းပဲ။ သိပ်မြင်ပြင်းကတ်တာပဲ'ဟု ရက်ရက်စက်စက် ဆိုပြောရ၏။ ထိုအခါ တူအရီးနှစ်ယောက်လုံး ရင်ထဲ၌ နာကျင်ကာ
အုသည် မျက်နှာထားကြီးနှင့် ငိုမဲ့နေဆဲ ဒေါ်ဒေါ်လေးက မျက်နှာတစ်ဖက်လွှဲ၍နေသည်။
အပြစ်ကြီးသည့်အခါ အုကို
ရိုက်ရပြန်သည်။ ရိုက်ဆဲရိုက်ပြီးမှာ ဒေါ်ဒေါ်လေးသည် မျက်ရည်ပေါက်ပေါက် ကျမတတ်
ဖြစ်သည်။ ပုထုဇဉ်လူသားမို့ ကိုယ့်ဒေါသ ကိုယ့်မောဟနှင့် ထရိုက်သည့်အခါမျိုးမှာတောင်
လက်သည် တွန့်ဆုတ်မြဲပင်။ သို့သော် ဆို့ကျပ်ခြင်းကို မျိုချပြီး အုကလေး စိတ်နှလုံး
မယုတ်မာအောင် အုကလေးရော ဒေါ်ဒေါ်လေးရော ဒုက္ခဆင်းရဲအဖြစ်ခံရသည်။ တစ်ခါလောက် အုကို
နာနာရိုက်ပြီးလျှင် အုသည် မဟုတ်တာလုပ်မိမှန်း သူ့ဘာသာသိကာ သီတင်းနှစ်ပတ်လောက်တော့
လိုသည်ထက်ပို၍ လိမ်မာ ကျိုးနွံနေတတ်လေ၏။
အုကလေးက ဒေါ်ဒေါ်လေးကို ချော့၊
ဒေါ်ဒေါ်လေးက အုကလေးကို ချော့နှင့် ချော့စက်ဝိုင်း ပတ်ချာလည်သည်။
အုကလေးက ဒေါ်ဒေါ်လေး ဆုံးမသည်ကို
နားလည်၏။ အုကလေးကို အချစ်ပြေလေသလားရယ်လို့ ဘယ်တော့မှ သံသယမဖြစ်။ စေတနာဆိုတာကို
မခေါ်ဝေါ်တတ်သေးသော် လည်း အု၏အတွင်းသဏ္ဌာန်၌ အနက်ထင်လေသည်။
အုကလေးက သူ့ဒေါ်ဒေါ်လေးကို
အထင်ကြီးသောကြောင့်တည်း။
တစ်အိမ်သားလုံးကို
ဘယ်တော့မှဂရုမစိုက်။ ဒေါ်ဒေါ်လေး လုပ်သမျှကိုတော့ မျောက်ကလေးလို အတုခိုး၏။
မနက်မိုးလင်းလျှင် ဒေါ်ဒေါ်လေးက ခုံဖိနပ်ကြီးစီး၍ မီးဖိုခန်းမှာ
ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ သွားတိုက်တာကို ငါးမိနစ်လောက်
မျက်လုံးကြီးအဝိုင်းသားနှင့် စိုက်ကြည့်နေပြီး သူလည်း လူကြီးစီးဖိနပ်ကို
လိုက်စီးကာ ခေါက်တုံ့ခေါက်ပြန် လျှောက်၍ သွားတိုက်လေသတည်း။ အုကလေး ချော်လဲမှာကို
ကြောက်၍ ဒေါ်ဒေါ်လေးက တစ်နေရာမှာ ငြိမ်ငြိမ်ထိုင်မှ အုကလေးလည်း ငြိမ်ငြိမ်ထိုင်၏။
ဒေါ်ဒေါ်လေးက ဘယ်ဘက်လက်ဖဝါးဖြန့်၍
ပန်းကန်တင်ကာ စားသောက်စရာကို စားလျှင် အုကလေးကလည်း သူ့ဇလုံကို လက်ဖဝါးပေါ်
တင်ပြန်၏။ ထို့ကြောင့် ဒေါ်ဒေါ်လေးသည် ကလေးရှေ့မှာ ကောင်းမွန်စွာ နေထိုင်ရလေသည်။
အုနှင့် ဒေါ်ဒေါ်လေးတို့
အတူတူကစားတတ်သေး၏။ ပျော်စရာကောင်းလှသည်မှာ ဘယ်တော့မှ မမေ့နိုင်အောင် ဖြစ်လေသည်။
တူတူရေ... ဝါးလို့ မဆုံးနိုင်သော သံသရာပင်။ အုကလေးက ဘယ်လိုမောသော်လည်း ကစားလို့
မဝနိုင်ချေ။ ဒေါ်ဒေါ်လေးရေ... လာပါ၊ ကစားရအောင်ပါဟု တတွတ်တွတ်ခေါ်၏။ အုကလေး
စိတ်မထိခိုက်အောင် လိုက်၍ ကစားပြန်သော်လည်း ခဏကြာလျှင် မောပြန်သည်။ ကိုယ်က
လူကြီးမို့ စိတ်ဝင်စားခြင်းလည်း လျော့လာသည်။
'တော်ပြီအုရာ...နော်၊ အုလည်း
မောပြီဟာ ထိုင်ဦး။ ဒေါ်ဒေါ်လေးက ပုံပြောမှာပေါ့'
အုကို ပုံပြောရမှ
လူကြီးတိုင်းကြောက်သည်။ အုက အမေးအမြန်း ထူလှသောကြောင့် ဖြစ်၏။ ဒေါ်ဒေါ်လေးက
စိတ်ရှည်ရှည်ထား၍ ဖြေတာတောင် တစ်ခါတစ်ခါ တမင် ညစ်ရသည်။ အု မမေးနိုင်အောင်
စကားတောက်လျှောက် ပြောနည်းဖြစ်ပေ၏။ အုက စိတ်ရှုပ်သွားကာ ပါးစပ်ကလေး ဟပြီး
မျက်လုံးလှန်၍ ကြည့်နေမည်။ ဘာမှမေးတော့မည် မဟုတ်ချေ။ အုသည် သိလိုတတ်လိုသေး၏။
'ဒါက ဘာအရောင်လဲ၊ ဒါက
ဘာလုပ်တာလဲ၊ ဒါက ဘာခေါ်လဲ'
တစ်ခါတစ်ရံ သိလျက်သားနှင့်
မေးသည်ထင်လျှင် ဒေါ်ဒေါ်လေးက တလွဲအဖြေပေးသည်။
'ဟင်... ဟုတ်လည်းဟုတ်ဘဲနဲ့'
'ဒါဖြင့် ဘာလဲ'
အုက အဖြေမှန်ကို ပြော၏။
'အုက ဟုတ်မှန်းသိတဲ့ဟာပဲ။
တခြားလူကို ဘာမေးစရာလိုလဲ'
ထိုသို့ အုကို သူ့ဘာသာ
ယုံကြည်စိတ်ချမှုကလေး ရှိစေ၏။
အုကလေးမှာ ထူးခြားသိမြင်တတ်သော ဉာဏ်ရှိသည်။
အာရုံခံစားနိုင်ခြင်းမှာလည်း အထက်တန်းရောက်၍ သိမ်မွေ့သေးငယ်သော ကိစ္စများကိုပင်
လွယ်လင့်တကူ သိမြင်တွေ့ ထိနိုင်စွမ်း၏။ စိတ်မချမ်းသာခြင်းနှင့် နီးစပ်လှသော
ဘဝမျိုးမို့ အုကလေးအတွက် စိတ်ပူလှသည်။ သာမန်စကားများသည် အုကလေးကို
နာကျင်စေလိမ့်မည်။ ကံအင်မတန်ကောင်းလျှင်တော့ ပျော်ရွှင်ခြင်း၏ အထွတ်အထိပ်သို့
ရောက်မည်။ အုကလေး ကံကောင်းပါစေ။
အုကလေးသည် လူကြီးတို့၏ အရိပ်အကဲကို
နားလည်သည်။ တစ်ခါတစ်ရံ လူကြီးများ လုပ်နေပုံကို သူက ရယ်ချင်နေသည်။
ဒေါ်ဒေါ်လေးက ကျောင်းစာကျက်ပြီး
တစ်ယောက်တည်း ပြန်၍ ကျယ်လောင်စွာ စာကျက်နေလျှင် အုက အံ့သြတကြီးနှင့်...
'ဒေါ်ဒေါ်လေး ဘယ်သူနဲ့
စကားပြောနေတာလဲ'
ထို့နောက် မမြင်ရသောလေထဲမှာ
တစ်စုံတစ်ယောက်များ ရှိလေမလားဟု လှည့်ပတ်ရှာဖွေလေ၏။
'စာကျက်တာပါ အုရဲ့'
အု မကျေနပ်ချေ။ နောက်ထပ်
သည်လိုလုပ်တိုင်း မေးသေးသည်။ ထို့နောက် 'တစ်ခုခုပဲ၊ ထူးဆန်းတာပဲ'ဟု တွေးကာ ငြိမ်နေလေ၏။ အုက စမ်းကြည့်ချင်နေ၏။ ကျောင်းနေမည်၊ စာကျက်မည်။
အုကလေးကို ကျောင်းထားရမည့် အရွယ်လည်း
ရောက်လာပြီ။
□
၄။
ဒေါ်ဒေါ်လေးသည် ဝေ့လည်လာသော
မျက်ရည်များကို ကြိုးစား၍ သိမ်းဆည်းနေလေသည်။ အုကလေးကို ငါ မပိုင်ဘူးဟု
သိခြင်းကြောင့် အလိုလို ဝမ်းနည်း၏။ အုကလေး ပေါင်ပေါ်လာထိုင်မှ သူ၏
မွေးညင်းနုကလေးများ ထူထပ်သော လက်မောင်းကလေးနှင့် လည်ပင်းကို လာဖက်မှ
ပါးချင်းအပ်ရန် အားခဲထား၏။ ခုနေ ဒေါ်ဒေါ်လေးကို သတိရချင်လည်း ရနေမည်။
ဒေါ်ဒေါ်ရှိရာကို ငိုယိုပူဆာ၍ လာတတ်သည့် အုကလေး၊ ခုနေ ဘဘ၊ မမ အံနေလေမလား။ သူ့
ကော်ပတ်ရုပ်ကို အင်္ကျီလဲပေးနေမလား။ ညီမကလေးများအပေါ် အနိုင်ကျင့်နေမလား။
ဝရန်တာမှာ ဖျာခင်း၍ လှဲကာ ကြယ်များကို ကြည့်လို့ သီချင်းဆိုရှာမလား။ လက်ဖဝါးကလေး
ပါးမှာအပ်၍ ကွေးခွေအိပ်ပျော်ရှာမလား။ ခြင်ကိုက်လျှင် ဘယ်သူယပ်ပါ့မယ်၊
လေအေးတိုက်လျှင် ဘယ်သူ စောင်ခြုံပေးပါ့မယ်။ သြော်... ငါမရှိလျှင် မဖြစ်ဘူးဆိုသော
တရားမဲ့လှသည့် စကားမျိုးကို ဒေါ်ဒေါ်လေး မေ့ပျောက်ဖို့ ကြုံခဲ့ရသည်မှာ ကြာလှလေပြီ။
ဒေါ်ဒေါ်လေးသည် အုကလေး ကလျှင်ဝတ်ဖို့
ထိုင်မသိမ်း အင်္ကျီချုပ်နေသည် ဖြစ်၏။ ဖဲဖောက်ဂျော်ဂျက် ဝါစကလေး ရှိသည်။
အုကလေးနှင့် တော်အောင် မှန်းချုပ်သည်။ အင်္ကျီအနို့တပ်ရမည်။ ပထမတော့
ဝါးတန်းပျော့ပျော့ ထိုးရအောင် ခါးတောင်အင်္ကျီချုပ်မည် စိတ်ကူး၏။ ယခုလည်း
ပြင်လျှင် မီသေးသည်မို့ စိတ်အေးအေးပင်။
အုကလေးက အင်္ကျီရလျှင် က၍ ဆုံးတော့မည်
မဟုတ်။ ဒေါ်ဒေါ်လေးကိုတွေး၍ ဝမ်းနည်းစရာ ဖြစ်မည်ဆိုလျှင်တော့ သတိမရစေချင်ပါ။
အုကလေး ပျော်ရွှင်လျှင် ကျေနပ်သည်။ ကိုယ့်အတွက် ဘာမှ မတောင်းခံချင်ပေ။
အချစ်ဆိုသည်မှာ သက္ကာယ ဒိဋ္ဌိကို သတ်ခြင်းရယ်လို့ မနေ့က ဖတ်သည့်ကဗျာ စာအုပ်မှာ
တွေ့သည်။ ကိုယ့်အယူနှင့်ကိုက်သည်။ ချစ်သည်လို့ ဆိုမည့်အစား ပေးသည်လို့
ဆိုလျှင်မမှားချေ။ အုကလေးကတော့ နားလည်ဦးမည်မဟုတ်။ ကဲ... နားလည်ပါလို့ ဆိုလျှင်ပင်
တောင်းခံခြင်းတစ်မျိုး မည်ပေဦးမည်။
ဒေါ်ဒေါ်လေးသည် လက်ကို အပ်မစူးအောင်
သတိထား၍ နေရ၏။ ထိုင်မသိမ်း အင်္ကျီကလေးသည် တစ်ဝက်တစ်ပျက် ပြီးစီးပြီ။ ဂျာကစ်လည်း
ချုပ်ရမည်။ ဇာနုနုရှာ၍ ဝယ်ဦးမှ။ ထဘီအတွက်တော့ လွယ်ပါ၏။ အဆင်လှလှ ပိုးဖဲတစ်ခုခု
ဝယ်၍ အထက်ဆင့်နှင့် အနားတပ်ရုံပါပဲ။ အုကလေးက ကျေနပ်နေမည်။ အုထက် အငယ်ကလေးတွေအဖို့
မလုပ်ပေးနိုင်တော့ မညီမျှသည့်စိတ်ကို စက်ဆုပ်သလိုလိုပင်။ သို့သော် အုလောက် သူတို့
သဘင်ပါရမီ မပါလာဘဲဟာဟု တွေး၏။ ပြီးတော့ သူတို့က ငယ်လည်းငယ်သေးသည် မဟုတ်လား။
ဂျော်ဂျက်စကလေးသည် ရွှေဖလားရောင်
ဝင်းဝါ၍ ပါးလွှာနူးညံ့လှသည့် ဖဲပွင့်များမှာ ကျဲသော်လည်း နွယ်ညွန့်များက
လှမ်းကွန့်သွယ်ယှက်နေသမို့ ကျဲသည် မထင်ရ။ ညနေက ခြံထဲ နှင်းဆီပင်ပေါ် လာနားသည့်
ပုစဉ်းတောင်ကလေးလို ထုတ်ချင်းပေါက်မြင်ရသည်။ အုကလေး၏ အသားနှင့် လိုက်မှာပင်။
စွဲငြိနေတယ်လို့ပင် ထင်ရဦးမည်။ အုကလေးက သိပ်ကြိုက်မှာပဲ။ တွယ်တာခြင်းတစ်ခု
ခဏတစ်ဖြုတ်ဖြစ်စေ ဖြစ်ပေါ်ဦးမည်တည်း။ ဒေါ်ဒေါ်လေးသည် စိတ်ညှိုးနွမ်း သလိုလိုနှင့်
စင်စစ်တော့ နှလုံးခုန်နေလေ၏။
▀
ကြည်အေး
(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။