မောင်သာပို
မဇီးဇံကတော့ ပြောရှာသားပဲ။
'တော့်သားကို ဒီလောက်
အလိုလိုက်စရာ မလိုပါဘူး'တဲ့။
ဒါပေမယ့် ကိုခွေးညိုက မိန်းမပြောတာ
အရေးမစိုက်ပါဘူး။ သူ့သား ကံကြီးမောင်ဟာ ရှားရှားပါးပါး ရတောင့်ရခဲ ရထားတဲ့သားမို့
အလိုလိုက်ရပါသော်ကောဆိုပြီး သူလိုချင်တာ ဟူသမျှ မဖြစ်ဖြစ်အောင် ကြံဖန်လုပ်ပေးပါတယ်။
ဒါကြောင့်လည်း ကံကြီးမောင်ဟာ ငရံ့ပလူရွာမှာ မုဆိုးသားဆိုပေမယ့် ကလေးဘဝကနေ
ဒီနေ့ဆယ်ကျော်သက် လူပျိုပေါက်အရွယ်အထိ ကလေးကစားစရာတွေဆိုတာ ဘယ်နည်းမှာတုံး။
ခုတင်အောက်က သံပုံးစုတ်ထဲမှာ
ခုထက်ထိ ရှိသေးတယ်။
ထန်းပလပ် မြင်းတို့
ထန်းရွက်စကြာတို့ဆိုတာတွေတော့ မပြောနဲ့။ အဲဒါတွေက သူကိုယ်တိုင်လုပ်ပေးတဲ့
ကစားစရာတွေရယ်။ ဒါတွေက သူ့လက်ဖြစ်တွေဆိုတော့ ကံကြီးမောင် ပူဆာတိုင်း
ချက်ချင်းလုပ်ပေးနိုင်တဲ့ဟာတွေပါ။
ပြီးတော့ ကိုခွေးညိုက မုဆိုးသာ
ဆိုတယ်၊ သူ့သား ကံကြီးမောင်နဲ့ ပတ်သက်လာရင် အလွန်ကြွားတဲ့လူရယ်။ ကြွားတာကလည်း
ဒီ့ပြင်ဟာ မဟုတ်ပါဘူး။ သူ့သား စာဖတ်တတ်တာတို့၊ ကျောင်းပြန်လာရင် စာကျက်တာတို့ကို
သူ အလွန်ဂုဏ်ယူလေ့ရှိပါတယ်။ သူတို့ လင်မယား စာမတတ်ခဲ့ပေမယ့် သူတို့သားကိုတော့
စာတတ်ပေတတ်ကလေး ဖြစ်စေချင်တာတော့
ကိုခွေးညိုရော
မဇီးဇံပါ ရင်ထဲမှာ အပြည့်ရှိကြပါတယ်။ ဒါကြောင့်လည်း ကံကြီးမောင်ကို
အလိုလိုက်ပြီး
ဖူးဖူးမှုတ်ထားကြတာပါ။ ကြည့်လေ။ ကံကြီးမောင်က အခု ချိုးရုပ်ဆို ချိုးရုပ်၊
ဝါးပီပီဆို ဝါးပီပီ၊ အခု ထန်းပလပ် မြင်းဆို ထန်းပလပ်မြင်း။ လိုလေသေးမရှိ၊
ခုဆိုခုချက်ချင်း ဖြစ်အောင် လုပ်ပေးလာခဲ့တာပါ။ ဒီကံကြီးမောင်ဆိုတဲ့ ကလေးကလည်း
ကလေးပါးရယ်။ ပြီးတော့ ကလေးလည်လေးရယ်။ သူ့အဖေက သူ စာအံတာ၊ စာရွတ်တာကို
အထင်ကြီးမှန်း၊ သဘောကျမှန်း သိတော့ စာတွေကို တအားရွတ်တာရယ်။ ကကြီး ကကြီးနဲ့
နေတာပဲ။ ကျောင်းပြန်လာရင် အဲဒီလို ခဏ တစ်ဖြုတ် စာတွေအော်ရွတ်ပြီး ထန်းပလပ်မြင်းနဲ့
ရွာရိုးကိုးပေါက် ကစုန်စိုင်းပြေးတော့တာပဲ။
ဒါဟာ ကံကြီးမောင် ငယ်ငယ်တုန်းက
ကလေးပုံစံလေးတွေကို ပြောပြနေတာပါ။
အခု ဒီကောင် ဒီလို မဟုတ်တော့ဘူး။
လူကလည်း လူပျိုဖော်ဝင် ကြီးကောင်ငင်နေပြီ။ ဒါကြောင့် သူက သူ့အဖေကို ဟိုတုန်းကလို
ထန်းပလပ် မြင်း မပူဆာတော့ဘူး။ ဟုတ်တယ်လေ။ လူက ထန်းပလပ် မြင်းစီးပြီး
ရွာရိုးကိုးပေါက် လျှောက်ပြေးတဲ့ အရွယ်မှ မဟုတ်တော့တာ။ ဒါကြောင့် အခု သူက သူ့ အဖေ
ကိုခွေးညိုကို ဆိုင်ကယ် ဝယ်ပေးဖို့ ပူဆာနေပါတယ်။ ကိုခွေးညိုဟာ လျှပ်စီးပြက်ပြီး
မိုးချုန်းသံ ကြားလိုက်ရသလို နားနှစ်ဖက်ကို ယောင်ရမ်းပိတ်မိမတတ်
ဖြစ်သွားပါတော့တယ်။
'ဘာ... ဆိုင်ကယ် ဟုတ်လား'
ကိုခွေးညို သူ့သားသူ အလန့်တကြား
ပြန်မေးမိပါတယ်။
'ဟုတ်တယ်လေ အဖေ။ သား
ဆိုင်ကယ်စီးချင်တယ်'
ကံကြီးမောင်က လေအေးနဲ့ ပြန်ဖြေပါတယ်။
'ဟကောင်... မိဘကို
ပူဆာတယ်ဆိုတာ ကြည့်ပူဆာရတယ်ကွ။ မင့်မိဘက ငှက်ထောင် ငှက်ဖမ်းမှ ထမင်းစားရတဲ့
မုဆိုးဆိုတာကိုလည်း စဉ်းစားပါဦး။ မင်းဟာ ကလေးမဟုတ်တော့ဘူး၊ ငါ့သား'
ကိုခွေးညိုက စိတ်မကောင်းပေမယ့်
လက်ရှိဘဝ အခြေအနေကို ကြည့်ပြီး ပြောတဲ့အခါ ကံကြီးမောင်ကလည်း သူ့အမြင်အတိုင်း
ပြန်ပြောပါတယ်။
'ကိုပေါက်ကြီးသား
အောင်သန်းလည်း မုဆိုးသားပါပဲ။ အဲဒီကောင်ကျတော့ ဘာပြုလို့ ဆိုင်ကယ်စီးနိုင်တာလဲ'
ဆိုတော့ ကိုခွေးညို ဘာမှပြန်မပြောနိုင်ဘဲ ခွေးအကြီး
လှည်းနင်းထားသလို ဖြစ်သွားရပါတယ်။ ကံကြီးမောင် ပြောတာလည်း ဟုတ်ပေတာပဲ။
ကိုပေါက်ကြီးလည်း ကိုခွေးညိုလို ငှက်ထောင်တဲ့ မုဆိုးပဲ မဟုတ်လား။ သူတို့ကျတော့
ဘာပြုလို့ ဆိုင်ကယ်ဝယ်စီးနိုင်ရတာလဲ။ ဒီကောင်ပြောလည်း ပြောစရာပဲ။ ဒါပေမယ့် ကိုပေါက်ကြီးက
ပြေးရင်း အစာဟပ်မိသွားသလို မမျှော်လင့်ဘဲ ခွင်တည့်သွားတာကိုတော့ ကံကြီးမောင်
မသိရှာတာ အမှန်ပါ။ ဒါကြောင့်လည်း ကိုခွေးညိုက သူ့သား နားလည်အောင် ရှင်းပြရပါတယ်။
□
ကိုခွေးညိုနဲ့ ကိုပေါက်ကြီးဟာ
စီးပွားရေးနဲ့ စားရေးသောက်တာမှာ ဘယ်သူ့ ဘယ်သူမှ နှာတစ်ဖျား မသာကြပါဘူး။ ဒီလိုပဲ
ကောင်းမှုတော် အင်းနဲ့ ပဒူခက်ခ အင်းတွေမှာ လှည့်ပြီး ငှက်ထောင် စားနေသူများသာ
ဖြစ်ကြပါတယ်။ ဒါပေမယ့် မန္တလေးက စားပွဲရုံကြီးတစ်ခုနဲ့ ဆက်မိသွားတဲ့
ကိုပေါက်ကြီးဟာ တောဘဲတွေနဲ့ နေ့ချင်းညချင်း တရုတ်ဆိုင်ကယ်လေးတစ်စီး ဝယ်စီးနိုင်တဲ့
အဆင့်အထိ မြင့်တက်သွားပါတော့တယ်။
တောဘဲတွေဟာ ရေတစ်ပိုင်း
ကုန်းတစ်ပိုင်း ငှက်များ ဖြစ်သလို အနေအထိုင် အပျံအသန်းနဲ့ အစာစားရာမှာ အကင်းပါးတဲ့
သတ္တဝါများ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို ဖမ်းမိဖို့ဆိုတာ မလွယ်တဲ့ကိစ္စမို့
ဘယ်ငှက်ဖမ်း မုဆိုးမှ သူတို့ကို စိတ်မဝင်စားကြတာပါ။ ဒါပေမယ့် အခု ကိုပေါက်ကြီးကတော့
တောဘဲများကို ရသလောက် ယူမယ်ဆိုတဲ့ လူနဲ့လည်းတွေ့၊ ပြီးတော့ တောဘဲ
ထောင်ပုံထောင်နည်းနဲ့ ဒီကောင်တွေရဲ့ အကြိုက်ကို ပြောပြတဲ့ မုဆိုးဟောင်းကြီး
တစ်ဦးနဲ့လည်း ဆက်မိသွားတာကြောင့် ဒီလူဟန်ကျသွားတာပါ။
ဒီတောဘဲဆိုတဲ့ ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်း
ငှက်အမျိုးအစားတွေဟာ ကောင်းကင်မှာ ပျံတဲ့အခါ လေကြောအလိုက် မျှားဦး သဏ္ဌာန်ပျံသလို
လေးကိုင်းသဏ္ဌာန်လိုလည်း ပျံသန်းလေ့ရှိကြပါတယ်။ ပြီးတော့ သူတို့ ပျံသန်းတဲ့အခါ
အကောင်တစ်ရာ၊ ကိုးဆယ် အနည်းဆုံး အုပ်ဖွဲ့ပြီး ပျံသန်းလေ့ရှိကြတယ်။ သူတို့
အကြိုက်ဆုံး စားကျက်ကတော့ လယ်သမားကြီးများ ထယ်ရေးအေးအောင် ရေစပ်စပ်နဲ့
ထယ်ရေးနှပ်ထားတဲ့ လယ်ကွက်တွေပါပဲ။ အဲဒီမှာ သူတို့က ပရစ်ပိုးမွှား၊ ဖားပေါက်စတို၊
တီကောင်တို့ကို အုပ်လိုက်ဆင်းပြီး တစွက်စွက် ပိုက်စိတ်တိုက်စား တော့တာကလား။
အဲဒီမှာ လယ်ကွက်တစ်ကွက်လုံး နွားမြီးကွင်း (ညွှတ်ကွင်း) တွေချပြီး လူက လယ်ကန်ဆင်း
ချုံပုတ်ကြားက အသာထိုင်စောင့်နေရုံပါပဲ။ အဲဒီ ညွှတ်ကွင်းတွေကို တောဘဲများ
မမြင်နိုင်အောင် ရေစပ်စပ်မှာ မြှုပ်ချထားရတာပါ။ ဒီတော့ တောဘဲတစ်အုပ် ကျပြီဟေ့ဆိုရင်
အနည်းဆုံး အကောင်တစ်ရာ၊ ကိုးဆယ် အေးဆေးပဲ။ တစ်ကောင်ကို တစ်ပိဿာ အနည်းဆုံး ရှိတယ်။
ဒီတော့ စားသောက်ဆိုင်က တောဘဲတစ်ကောင်ကို အရှင်သွင်း သုံးရာ့ငါးဆယ်ဈေးနဲ့ ရသလောက်
ယူပြီပေါ့။ ကိုပေါက်ကြီးက ဒီခွင်မိသွားလို့ သူ့သား အောင်သန်းကို တရုတ်ဆိုင်ကယ် ဝယ်ပေးနိုင်တာပါ။
ကိုခွေးညိုက ဆိုင်ကယ် ပူဆာနေတဲ့
သူ့သား ကံကြီးမောင်ကို သဘောပေါက်အောင် ရှင်းပြပြီး သူလည်း ကိုပေါက်ကြီးလို
တစ်ခွင်ခွင်တည့်ရင် မင်းလိုချင်တဲ့ ဆိုင်ကယ်ရစေရမယ်လို့ ဝန်ခံ ကတိပေးလိုက်ပါတယ်။
ကံကြီးမောင်လည်း အဲဒီကတည်းက
ဆိုင်ကယ်ရောဂါ တက်တော့တာပါပဲ။
□
လူဆိုတာ ကံနဲ့လူ မပူနဲ့ ဆိုတဲ့စကားအရ
ကံကြီးမောင် ဆိုင်ကယ်စီးရဖို့ အရိပ်အရောင်တစ်ခု မမျှော်လင့်ဘဲ ကိုခွေးညိုတို့
မိသားစု တွေ့လိုက်ကြရပါတယ်။ ဒါကလည်း ကောင်းမှုတော် ပရဝဏ်မှာ ငှက်သွားရောင်းရင်း
မဇီးဇံတွေ့လာခဲ့တာပါ။ မဇီးဇံက အဲဒီမြို့က အထွေထွေပွဲစား ဆိုသူကို အိမ်အထိ
အပါခေါ်လာပြီး သူ့ယောကျ်ား ကိုခွေးညိုနဲ့ တွေ့ပေးလိုက်ပါတယ်။ အဲဒီမြို့က အထွေထွေ
ပွဲစားဆိုသူက သူလိုချင်တဲ့ ငှက်အမျိုးအစားကို ပြောပြပါတယ်။ အဲဒီလူ လိုချင်တဲ့ငှက်က
လင်းယုန်ငှက်ဖြစ်ပြီး အသက်မကြီးသေးတဲ့ အပျံသင် အသိုက်ထွက်စ ဖြစ်ရမယ်တဲ့။ သူ
ပြောတဲ့အတိုင်း တစ်သဝေမတိမ်း အတိအကျရရင် ငွေဆယ်သိန်း ချက်ချင်း ချဝယ်မယ်ဆိုပဲ။
သူ့သူဌေးက အရမ်းချမ်းသာတာတဲ့။
ကိုခွေးညို သူ့နားသူတောင် မယုံအောင်
ဖြစ်သွားရတယ်။ ဒါပေမယ့် မြို့က အထွေထွေပွဲစားဆိုသူ ပြောစကားအရ ကိုခွေးညို
မယုံကြည်လို့ မဖြစ်တော့ပါဘူး။ ဘာပြုလို့တုန်းဆိုတော့ ဟို အထွေထွေပွဲစားဆိုသူက 'အစ်ကို့ဘက်က
ရနိုင် မရနိုင်သာပြော၊ ကျွန်တော့်ဘက်က ကျွန်တော် အားလုံး တာဝန်ယူတယ်။ ဒီကိစ္စနဲ့
ပတ်သက်ပြီး သူဌေးက ကျွန်တော့်ကို အားလုံးလွှဲထားတာရယ်။ ငွေရေးကြေးရေး
ထည့်မစဉ်းစားနဲ့ ရှင်းပြီလား' ဆိုတော့ ကိုခွေးညို
ခေါင်းကုတ်ပြီး စဉ်းစားတယ်။
ကိုခွေးညိုဟာ ပဒူခက်ခ အင်းနဲ့
ကောင်းမှုတော်အင်းမှာသာ အသေးအဖွဲ ငှက်ကလေးတွေ ထောင်ဖမ်းပြီး
အသက်မွေးဝမ်းကျောင်းနေရတဲ့ မုဆိုးဆိုပေမယ့် သူလည်း ငယ်ငယ်ကတော့ တော်တော် စုံအောင်
လုပ်ခဲ့ဖူးတဲ့ မုဆိုး တစ်ယောက်ပါ။ ပြီးတော့ သူ့ရှေ့က မုဆိုးကြီးတွေဆီက ကြားဖူးနားဝ
မုဆိုးဗဟုသုတတွေလည်း သူ့မှာရှိပါတယ်။ ဒါကြောင့် သူ အသေအချာ စဉ်းစားပြီးမှ
ကတိတစ်လုံးကို ပေးလိုက်ပါတယ်။
'ကောင်းပြီဗျာ၊ ခင်ဗျား
လိုချင်တဲ့ လင်းယုန်ငှက်ကို ကျုပ်ရအောင် ဖမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား
လိုချင်တဲ့ အသက်အရွယ် အနေအထားအတိုင်းဆိုရင် နောက်ခြောက်လလောက်တော့
စောင့်ရလိမ့်မယ်။ ကျုပ်လက်ထဲ ငှက်ရောက်လို့ ခင်ဗျားလိုချင်တဲ့ အနေအထားရောက်ရင်
ကျုပ် ခင်ဗျားဆီ လာအကြောင်းကြားပါ့မယ်။ ဘယ်လို ဆက်သွယ်ရမယ် ဆိုတာလေးသာ
ပြောထားခဲ့ပါ'
ကိုခွေးညိုက သူ့ကိုယ်သူ
ယုံယုံကြည်ကြည်နဲ့ နှုတ်ကတိပေးလိုက်ပါတယ်။
□
ကိုခွေးညိုက သေချာသည်ထက် သေချာအောင်
ကြာဖြူကန်ရွာက သူ့ဆရာ မုဆိုးကြီးဆီ အသေအချာ မေးမြန်းပြီးမှ အခုလို
မင်းဝံတောင်ကြောပေါ်ကို အခြေအနေ သိရအောင် လာခဲ့တာပါ။ မင်းဝံတောင်ကြောပေါ်က
လက်ပံပင်ကြီးတွေ အောက်မှာ ရွက်ခြောက်တွေ တော်တော်ကျနေပြီ။ အဲဒီ ရွက်ခြောက်တွေကို
နင်းပြီး လက်ပံပင်ကြီးတွေပေါ် မော်ကြည့်၊ မော်ကြည့်နဲ့ ကိုခွေးညို
လျှောက်ကြည့်နေပါတယ်။
ဘေးဘီဝန်းကျင်နဲ့ ရာသီဥတု အခြေအနေကို
ကိုခွေးညို အကဲခတ်လိုက်တဲ့အခါ မင်းဝံတောင် တစ်ကြောလုံး မှုန်ရီနေတယ်။ နှင်းကြွင်း
နှင်းကျန်များပါ တစ်ခါတစ်ခါတောင်လေ ဖြူးဖြူးလေး သုတ်ဖြူးလို့ ပင်ယံထက်က
လက်ပံရွက်များ ကြွေကျနေပါတယ်။ ဒါပေမယ့် လက်ပံပင်တွေ ပေါ်မှာတော့ အရွက်တွေ
မကုန်သေးဘူး။ အဲဒီရွက်ကျန်တွေကြားမှာ လက်ပံဖူးလေးများ တစ်ဖူးတလေ ဖူးနေကြပြီ။
လက်ပံပွင့်ဖို့ အနည်းဆုံး ရက်နှစ်ပတ်လောက် လိုလိမ့်ဦးမယ်။
တောတောင်သဘာဝ ရာသီဥတု အခြေအနေအရဆိုရင်
ဒီငှက်တွေ ဥဥတဲ့ရာသီ ရောက်နေပြီပဲ။ ကိုခွေးညို အတတ်သိလိုက်တယ်။ ဒါကြောင့်
အားတက်ပြီး ရှေ့ဆက်လျှောက်ပါတယ်။ ဘာမှ သိပ်ကြာကြာ မလျှောက်လိုက်ရဘူး။ လက်ပံပင်ကြီးတစ်ပင်ရဲ့
ထိပ်ဖျားဆီက လေချွန်သံလိုလို သဲ့သဲ့ကြားလိုက်ရတယ်။ ကိုခွေးညို ဝမ်းသာသွားတယ်။ ဒါဟာ
သူလိုချင်တဲ့ ငှက်ကြီးများရဲ့ သားခေါ်တဲ့ အသံပဲ။ ကြည့်ပါလား၊အသံက
လေချွန်သံနဲ့တူသလိုသာ ရှိတာ။ တကယ်တော့ လေချွန်သံထက် သာယာ တယ်။ ပြီးတော့
နာပျော်ဖွယ် ရှိတယ်။
ဒါဟာ ဥထဲက သားကို အပြင်မှာရှိတဲ့
မိခင်က ခေါ်နေတာပဲ။ ဒါဆိုသေချာပြီပေါ့။
ကိုခွေးညိုက သူ့အတွေ့အကြုံတွေနဲ့ သူ
မှတ်တယ်။ ပြီးတော့ ကြာဖြူကန် မုဆိုးအိုကြီး ဦးကောက်ရ ပြောတာတွေနဲ့လည်း
ကိုက်ကြည့်တယ်။ အားလုံးလည်း ကိုက်ညီနေတယ်ဆိုတော့ ဒီလက်ပံပင် ထိပ်ဖျားက အသိုက်ထဲမှာ
ငှက်မကြီး ဥကျင်းဝပ်ကာ ရက်တစ်ပတ်ထက် မပို သေးဘူးဆိုတာ သေချာသွားပြီပေါ့။
ကိုခွေးညို စိတ်ထဲမှာ
အရမ်းဝမ်းသာသွားတယ်။ ဒီတစ်ခါတော့ သူ့သား ကံကြီးမောင် လိုချင်နေတဲ့ ဆိုင်ကယ်ရပြီ။
ဒီငှက်ရရင် ငွေဆယ်သိန်းရမှာဆိုတော့ ကံကြီးမောင် လိုချင်တဲ့ ဆိုင်ကယ်ကို စကားထဲ
ထည့်ပြောမနေနဲ့တော့။
ကိုခွေးညို မင်းဝံတောင်ရိုးက
သူလိုချင်တဲ့ ငှက်ကို စနည်းနာ ပြန်လာတော့ ညနေ နေဝင်ရီသရောအချိန်မို့ မြင်မြင်သမျှ
မြင်ကွင်းများ အားလုံး ရွှေရောင်တွေ တောက်နေတာလား ထင်မှတ် မှားမိပါတယ်။
ဒါဟာ လူတစ်ယောက်ရဲ့
ပျော်ရွှင်ခြင်းအချိန် ရောက်တိုင်း ဒီလိုပဲ ထင်မှတ်မိ တတ်ကြပါတယ်။
မကြာမီကာလအတွင်းမှာ
ကိုခွေးညိုလက်ထဲမှာ ဆယ်သိန်းတန် ငှက်ရောက်လာတော့မှာ မဟုတ်လား။
□
နေ့ရက် နာရီ အချိန် ကာလ
ဘာညာဆိုတာတွေဟာ ဘာမှကြာလိုက်တယ် မထင်ရဘူး။ ကုန်လွယ်လိုက်တာ။ ဖြုတ်ခနဲ ဖြုတ်ခနဲ
နေတာပဲ။ ဒါကြောင့် ကိုခွေးညိုဟာ သူသတ်မှတ်ထားတဲ့ရက် ရောက်လာလို့ အခု မင်းဝံတောင်ရိုးကို
တစ်ခေါက် ရောက်လာရပြန် ပြီ။ ဒီတစ်ခါတော့ သူ့သား ကံကြီးမောင်ပါ
အဖော်ခေါ်လာခဲ့ပါတယ်။ ကံကြီးမောင်ဟာ သူ့အဖေ ငှက်ထောင်နေကျ ငရံ့ပလူအင်းနဲ့
ကောင်းမှုအင်းတို့ကိုသာ ရံဖန်ရံခါ လိုက်ဖူးခဲ့တာပါ။ အခုလို ရွာနဲ့ အဝေးကြီး
မင်းဝံတောင်ရိုးကို တစ်ခါမှ မရောက်ဖူးလို့ မြင်ကွင်းတွေ အသစ်အဆန်းဖြစ်ပြီး
ရင်တွေခုန်နေပါတော့တယ်။
ရင်ခုန်တာကတော့ ဒီနေ့သေချာပေါက်
ဆယ်သိန်းတန်ငှက် လက်ဝယ်ရောက်တော့မှာမို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဆိုင်ကယ်
စီးရတော့မယ်ပေါ့လေ။ ကိုခွေးညိုက တည်တည်ငြိမ်ငြိမ်ပါပဲ။ ရှေ့ကနေ
စိုက်စိုက်စိုက်စိုက်နဲ့ သွားနေလေရဲ့။ မကြာခင်မှာ ငှက်ကြီးတွေ အသိုက်လုပ်ပြီး
သားပေါက်နေတဲ့ လက်ပံပင်ကြီးတွေဆီ ရောက်တော့မှာပါ။
တကယ်တော့ ကိုခွေးညိုဟာ သူ့သား
ကံကြီးမောင်ကို အလိုလိုက်လွန်းလို့သာ ဒီလို ခဲရာခဲဆစ် ငှက်မျိုးကိုဖမ်းဖို့
ကတိပေးလိုက်မိတာပါ။ တကယ်လို့သာ ဒီဆိုင်ကယ်တွေ မရှိရင် ကံကြီးမောင်လည်း ပူဆာမှာ
မဟုတ်သလို သူလည်း ဒီလို ခဲရာခဲဆစ် ငှက်အမျိုးအစားကို ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။
ကိုယ့်ဟာကိုယ် ငရံ့ပလူအင်းနဲ့ ပဒူအင်းတွေမှာ မယ်ညိုစနှိုက် ဒိန်ညင်းငှက်ကလေးတွေ
ဖမ်းပြီး ကောင်းမှုတော် ပရဝဏ်ထဲ သွားရောင်းလည်း ထမင်းတစ်လုတ်တော့ မပူမပင်
စားနေရတာပါပဲ။ ခုတော့ ဒီ ဘာမဟုတ်တဲ့ ဆိုင်ကယ်ပေါ်လာလိုက်တာ ကောင်းကို မကောင်းဘူး။
တော်တော် အလုပ်ရှုပ်တာပဲ။
ဘာရယ်မဟုတ်ဘဲ ကိုခွေးညို လမ်းသွားရင်း
တွေးသွားတာပါ။ ကံကြီးမောင်ကတော့ ကိုပေါက်ကြီးသား ဆိုင်ကယ်မျိုး မဝယ်ဘဲ
ငှက်ခေါင်းပုံစံ မီးခွက်နဲ့ ကော့ပျံနေတဲ့ ဆိုင်ကယ် အမျိုးအစားကို ဝယ်မယ်။ အဲဒီ
ဆိုင်ကယ်အမျိုးအစားက ငရံ့ပလူ ရွာမှာ ဥက္ကဋ္ဌသား ဖိုးခွေး တစ်ယောက်ပဲ
စီးနိုင်တာရယ်။
ဒီကောင်ကလည်း သူ့ စိတ်ကူးနဲ့သူပဲ။
သားအဖနှစ်ယောက် မင်းဝံတောင်
ကြောပေါ်မှာ စိတ်ကူးကိုယ်စီနဲ့ သွားလိုက်ကြတာ။ မကြာပါဘူး။ ငှက်ကြီးတွေ
အသိုက်လုပ်ပြီး သားပေါက်တဲ့ လက်ပံပင်ကြီးအောက် ရောက်သွားကြ ပါတော့တယ်။
□
ကိုခွေးညိုက ကံကြီးမောင်
ကျောပိုးအိတ်ထဲမှာ ယူလာခဲ့တဲ့ ပစ္စည်းများကို ထုတ်ခိုင်းပြီး လက်ပံပင်ကြီး
ပေါ်တက်ဖို့ ပြင်ဆင်ပါတယ်။ ပြီးတော့ အခြေအနေအားလုံးကို အကဲခတ်ပြီး မှာစရာ
ရှိတာများကို မှာပါတယ်။ လက်ပံပင်ထိပ်ဖျားဆီ မော်ကြည့်တဲ့အခါ ငှက်ထီးကြီးနဲ့
ငှက်မကြီးက အသိုက်ထဲက သူတို့ကလေးကို အစာခွံ့နေကြတာ တွေ့ရတယ်။ ပြီးတော့
လေချွန်သံမျိုးနဲ့ သားခေါ်သံကိုလည်း ကြားနေရတာကြောင့် ကိုခွေးညို အားတက်သွားတယ်။
ကိုခွေးညိုက ပါလာတဲ့ အကြီးစား
ဖယောင်းတိုင်ကို မီးညှိပြီး လေကွယ်ရာ လက်ပံပင်ခြေရင်း ပါးပျဉ်းကြားက ခဲတစ်လုံးပေါ်
တင်ထွန်းလိုက်ပါတယ်။ ပြီးတော့ ပါလာတဲ့ လက်ဖက်ထုပ်ကို ဖြေပြီး တောစောင့်နတ်၊
တောင်စောင့်နတ်နဲ့ ရုက္ခစိုးမင်းကြီးကို ပူဇော်ပသပါတယ်။ ကံကြီးမောင်က သူ့ အဖေ
မုဆိုးကြီး ကိုခွေးညို လှုပ်ရှားမှု ဟူသမျှ တစ်စမကျန် လိုက်ကြည့်ပြီး ရင်တခုန်ခုန်
ဖြစ်နေပါတယ်။
ကိုခွေးညိုက လက်ပံပင် ထိပ်ဖျားဆီ
တစ်ချက် မော်ကြည့်ပြီး လက်ပံပင်ကြီးကို ထိုင်ရှိခိုးလိုက်ပါတယ်။ ပြီးတော့
သံစို့လွယ်အိတ်ကြီးကို ကောက်လွယ်လိုက်တယ်။ ကံကြီးမောင်ကတော့ သူ့အဖေကိုကြည့်ပြီး
တအံ့တသြနဲ့ပေါ့လေ။ ကိုခွေးညိုက ကံကြီးမောင်ကို မျက်စိရှင် နားပါးဖို့ မှာတယ်။
ကိုခွေးညိုဟာ လက်ပံပင် ထိပ်ဖျားကို
ရောက်လိုဇောကြောင့် အပေါ်တက်ခါနီးမှ တစ်ခုမေ့နေလို့ ကံကြီး မောင်ဆီ
တောင်းယူရသေးတယ်။ အဲဒါက အပေါ်ကျတော့ ငှက်ကြီးတွေကို ခြောက်လှန့်ဖို့ သံပုံးစုတ်ပါ။
လက်ပံပင်စည်ကို ခြေတစ်လှမ်းစာ
တစ်လှမ်းစာ ကွက်တိသံစို့များ ရိုက်ပြီး တက်သွားတဲ့ ကိုခွေးညို ငှက်သိုက်နား
ရောက်သွားတော့ ငှက်ကြီးများက ခုခံ တိုက်ခိုက်ကြပါတယ်။ ငှက်ကြီးများက
သူတို့ကလေးအတွက် အသက်ပေးကာ ကွယ်တဲ့အနေနဲ့ ကိုခွေးညိုကို ထိုးဆိတ်ပါတယ်။
ကိုခွေးညိုက ပါလာတဲ့ သံပုံးစုတ်ကို တီးပြီး ခြောက်လှန့်ပေမယ့် မရပါဘူး။ ခဏသာ
ခပ်လှမ်းလှမ်း ခွာသွားကြပါ တယ်။ ပြီးတော့ ပြန်လာပြီး ဝိုင်းဆိတ်ကြတာပါပဲ။
ကိုခွေးညိုလည်း အသိုက်နား ရောက်ခါနီးလေ အထိုးအဆိတ်ခံရလေ ဖြစ်နေပါတယ်။ ဒါကြောင့်
သံပုံးတီးလည်း အလကားပဲမို့ သံပုံး စုတ်ကို အောက်ပစ်ချပြီး အသိုက်ဆီကို
ဇွတ်တိုးသွားပါတယ်။ ငှက်ထီးကြီးနဲ့ ငှက်မကြီးကလည်း သူတို့ ကလေးအတွက် ကာကွယ်ရာမှာ
အထိုးအဆိတ် ကြမ်းလှပါတယ်။ ကိုခွေးညိုကလည်း ငှက်တွေရဲ့ ခုံခံတိုက်ခိုက်တာကို
အမှုမထားဘဲ အသိုက်ထဲက ငှက်ကလေးကို အရနှိုက်ပြီး ပါလာတဲ့လွယ်အိတ်ထဲ ကို
ထည့်ယူခဲ့ပါတယ်။
ငှက်ထီးကြီးနဲ့ ငှက်မကြီးရဲ့
ထိုးဆိတ်တိုက်ခိုက်မှုကြောင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီပြီး ဆင်းလာတဲ့
ကိုခွေးညိုကို သားဖြစ်သူ ကံကြီးမောင်က ပါလာတဲ့ ပုဆိုးစုတ်နဲ့ သွေးများကို
သုတ်ပေးရင်း 'အဖေ၊ ငှက်က တစ်ကောင်တည်းလား'လို့ မေးပါတယ်။
ကိုခွေးညိုက 'ဒီလို အဖိုးတန်တဲ့ငှက်တွေဟာ
တစ်ကောင်တည်းပေါက်တာများတယ်ကွ' လို့ ပြောပြီး သားအဖနှစ်ယောက်
မင်းဝံတောင်ကြောကို ကျောခိုင်းပြန်လာလိုက်ကြတာ မြေကြီးတောင် ခြေနဲ့ထိတယ် မထင်ရဘူး။
မြောက်ကြွ မြောက်ကြွနဲ့။
□
ဒီငှက်ကလေးကို အတောင်အလက်စုံပြီး
ငှက်လားမြောက်အောင် ကျွေးမွေး ပြုစုစောင့်ရှောက်ရဦးမှာ ဆိုတော့ အနည်းဆုံး
နှစ်လလောက် ကြာလိမ့်ဦးမယ်။ ဒီတော့ သူ့အတွက် သီးသန့်လှောင်အိမ် ခပ်ကြီးကြီးတစ်ခု
အရေးပေါ်လိုလာပြီ။ ဒါက မခဲယဉ်းပါဘူး။ အခုရှိတဲ့ လှောင်အိမ်တစ်ခုခုနဲ့ ထားရင်
ရပါသေးတယ်။ အဓိကကျတာက ဒီငှက်ကလေး စားနိုင်မယ့်အစာပဲ။ ဒင်းက အသားစား ငှက်ဆိုတော့
တာဝန်ပိုလာပြီ။ ဒါလည်း ကိစ္စမရှိပါဘူးလေ။ ဒီအတွက် ကံကြီးမောင်ကို တာဝန်ပေးရုံပေါ့။
ကိုခွေးညိုက ဆယ်သိန်းတန် ငှက်ကလေး
ငှက်လားမြောက်ရေးအတွက် ဖျိုးဖျိုးဖျတ်ဖျတ် စဉ်းစားလိုက်တာပါ။
စဉ်းစားမိတဲ့အတိုင်းလည်း တစ်ခုချင်း လျှောက်လုပ်သွားတာပါပဲ။ ငှက်
ရောက်လာတဲ့နေ့ကစပြီး ငှက်လှောင်အိမ် အကြီးစားလုပ်ဖို့ ငါးမူးကွက် သံဆန်ခါ
ဆယ်ပေတစ်ချပ် ဝယ်ပြီး သူ့ ဟာသူ လုပ်ပါတယ်။ ကံကြီးမောင်က ငှက်ကလေးအတွက်
အစာရှာပေးရမှာပါ။ ငှက် ကလေးအတွက် ရှာပေးရမယ့် အစာများက ကံကြီးမောင်အဖို့
ရှာရမခက်ပါဘူး။ အိမ်နားဝန်းကျင်တင် ပေါပါတယ်။
ဒီငှက်ကလေး ကြိုက်တတ်တဲ့ အစားအစာများက
အိမ်ကြွက်ပေါက်စနီတာရဲလေးများနဲ့ စာပေါက်စလေးများပါပဲ။ ပြီးတော့
တီကောင်လောက်ရှိတဲ့ ထန်းမြွေပေါက်စများကိုလည်း ကြိုက်နှစ်သက်တတ်ပါတယ်။ ဒါတွေက
ကံကြီးမောင် ဆော့ရင်းကစားရင်း ရှာဖွေ ဖမ်းဆီးလာရင် ရနိုင်တဲ့ဟာတွေပါ။
မဇီးဇံကတော့ ဒီငှက်
ငှက်လားမမြောက်မချင်း ခွေးပါးစပ်ထဲ မပါအောင်နဲ့ မပျောက်ဆုံးအောင် စောင့်ရှောက်ဖို့ပါပဲ။
□
ငှက်က သူကြိုက်တဲ့ အစာများကို
နေ့စဉ်မှန်မှန် စားနေရတာကြောင့် တစ်နေ့တခြား ငှက်ပီသလာပြီး ကြည့်လို့
အတော်လှနေပြီ။ ကံကြီးမောင်ကလည်း သူ့ အိပ်မက် အကောင်အထည် ပေါ်ခါနီးလေ ပျော်လေ
ဖြစ်နေတာကြောင့် လူက စိတ်တစ်မျိုးပြောင်းပြီး ခိုင်းလို့ ပြုလို့
တော်တော်ကောင်းနေပြီ။ ဘာခိုင်းခိုင်း မငြင်းတော့ဘူး။ ဟိုတုန်းကများ ဘယ်
ဒီလိုဟုတ်မှာတုံး။ မအေက ခိုင်းလိုက်ရင် အင်အယ်နဲ့ တော်ရာရှောင်ထွက်ပြေးတဲ့
ကောင်ရယ်။ အခုတော့ ဒီလို မဟုတ်တော့ဘူး။ ဒီကောင်၊ တော်တော်ပျော့ပျောင်းလာပြီ။
ကြည့်လေ၊ အခုလည်း မအေက 'လူလေး၊ ငှက်ကျွေးဖို့ စာထောင်လိုက်ဦးလေ' ဆိုကာ
ရှိသေးတယ်။ ဒီကောင်က စာထောင်ဖို့ ထမင်းကြမ်းတစ်ခဲနဲ့ ဆန်ခါ ကုံးကိုင်ပြီး
စာထောင်ဖို့ ထွက်သွားပြီ။ ဆိုင်ကယ်နဲ့ နီးနေပြီ မဟုတ်လား။ ကံကြီးမောင်
သဘောကောင်းနေမှာပေါ့။
ဒီအထဲမှာ ကိုပေါက်ကြီးသားက
ဆိုင်ကယ်နဲ့ ခဏခဏ လာြကွားနေတော့ ဒီကောင် မခံချင်စိတ် ဖြစ်ပြီး ငှက်ကို ဂရုတစိုက်
အစာရှာကျွေးတော့မှာပဲ။ သူ့အဖေ ကိုခွေးညိုကလည်း ပြောထားတယ်လေ။ ဆိုင်ကယ်
မြန်မြန်လိုချင်ရင် ငှက်ကို ဂရုစိုက် အစာကျွေးပါတဲ့။ သူ့ကို တာဝန်ပေးထားတယ်
မဟုတ်လား။
မဇီးဇံကလည်း ငှက်နဲ့ ပတ်သက်လာရင်
တော်တော် ဂရုစိုက်ပါတယ်။ သူကလည်း တစ်သက်လုံး နားပေါက်ဟောင်းလောင်းနဲ့ နေလာခဲ့ရတာ
ဒီတစ်ခါ သေချာပေါက် နားကပ်ဝတ်ရတော့မှာ ဆိုတော့ ငှက်ကို အရမ်းဂရုစိုက်တာရယ်။
ကိုခွေးညို ဆိုတာတော့ ပြောမနေနဲ့။ ဒီတစ်ချီမှာ ငရံ့ပလူရွာသား
မုဆိုးများအချင်းချင်း မနာလိုစရာ ဖြစ်သွားမှာဆိုတော့ သူလည်း နေ့ရှိသရွေ့
ရင်တခုန်ခုန် ဖြစ်နေတာ မဆန်းပါဘူး။ ဒီလူ ရင်မခုန်ဘဲနေမလား။ ငှက်တစ်ကောင်တည်းနဲ့
ငွေ ဆယ်သိန်းရမယ့်အလုပ်ကို ငရံ့ပလူရွာသား မုဆိုးထဲက ဘယ်ကောင်လုပ်နိုင်သလဲ။ နဂိုကမှ
ကြွားချင်ချင် ဖြစ်နေတဲ့ ကိုခွေးညိုဟာ ရင်ထဲမှာ ဗလောင်ဆူနေပါတော့တယ်။
ဒါကြောင့် ကိုခွေးညိုဟာ သူကိုယ်တိုင်
လုပ်ပြီးသွားတဲ့ ငှက်လှောင်အိမ် အသစ်ကြီးထဲ ငှက်ထည့်ပြီး အိမ်ရှေ့
ဇောင်ချမ်းပင်မှာ ချိတ်ဆွဲထားလိုက်ပါတယ်။ ငှက်က တစ်နေ့တခြား ကြီးထွားလာပြီး
အတောင်အလက်များလည်း စုံလာတာကြောင့် သူ့မျိုးရိုးဇာတိရုပ် ပေါ်လာနေပါပြီ။ မကြာခင်
ရက်ပိုင်းအတွင်းမှာ ငှက်ပွဲစားနဲ့ ဝယ်လက်ကို သွားခေါ်ဖို့ပဲ ရှိပါတော့တယ်။
□
ဒီနေ့ ကိုခွေးညိုတို့ မိသားစု
ငွေဆယ်သိန်းရမယ့်နေ့မို့ ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်ပြီး သဘောတွေ
ကောင်းနေကြပါတယ်။ ကိုခွေးညိုကဆိုရင် အခုမနက် မန္တလေး မသွားခင်မှာ
စီမံခန့်ခွဲမှုတွေ လုပ်သွားလိုက်တာ တသီတသန်းကြီးပါပဲ။
ကိုခွေးညိုဟာ ဒီ ဆယ်သိန်းတန်ငှက် ရောက်လာတဲ့နေ့ကစပြီး
ခါတိုင်းလုပ်နေကျ အလုပ်များ ရပ်ထားခဲ့ရတာ ကြာပြီမို့ ကြွေးတွေ တင်လှပြီ။
တောင်ပိုင်းထဲက ဒေါ်မြိုင့်ဆီကို တစ်ရာနှစ်ဆယ်တိုးနဲ့ ယူထားတာ ငွေလေးသောင်း
ရှိနေပြီ။ အခုလည်း မှာသွားပြန်ပြီ။ နောက်ထပ် တစ်သောင်း ထပ်ယူ လိုက်ဦးတဲ့။
ဧည့်သည်တွေ ပြုစုဖို့တဲ့လေ။ ဒီကြားထဲမှာ ရပေါက်ရလမ်း အမြင်လေးနဲ့
ဝယ်ခြမ်းထားတာတွေကလည်း တယ်မနည်းလှဘူး။ ဟိုကောင် ကံကြီးမောင်ရဲ့
ဘောင်းဘီတစ်ထည်ဖိုးကိုက တစ်သောင်းကျော်တယ်။ ဒီကောင်ကလည်း ကိုပေါက်ကြီးသား
အောင်သန်းကို ကြိတ်ပြိုင်နေတဲ့ကောင် မဟုတ်လား။
အခု... သူ့အဖေ ကိုခွေးညို မန္တလေးကို
ဝယ်လက်နဲ့ ပွဲစား သွားခေါ်တော့ အောင်သန်းဆိုင်ကယ် နောက်က ခွပြီး ကြာဖြူကန်ကို
ပါသွားလေရဲ့။ ဒီကနေ့ ဒီကောင် တော်တော်အူမြူးနေတယ်။
မဇီးဇံကတော့ မြို့က ငှက်ဝယ်မယ့်လူတွေ
ပါလာမှာမို့ ဧည့်ဝတ်ပြုဖို့ လုပ်ကိုင်နေရတာ ယားလို့တောင် မကုတ်အားရှာပါဘူး။
အခုလည်း ကြည့်၊ ကိုပေါက်ကြီးဆီ စနှိုက်ငါးကောင်ချေးပြီး ကြော်ထားလိုက်
မှာသွားတာကြောင့် တောင်ပိုင်းထဲက ကိုပေါက်ကြီးအိမ်ကို သွားရလိမ့်ဦးမယ်။ မသွားခင်
ငှက်ကြီးကို အစာကျွေးထားခဲ့မယ်။ လုပ်စရာတွေက တန်းစီနေတာပဲ။ အချိန်က လင့်လှပြီ။
ကိုခွေးညိုတို့တောင် ခုလောက်ဆို စစ်ကိုင်း တံတားကျော်ခဲ့လောက်ပြီ။
မဇီးဇံလည်း ကိုပေါက်ကြီးဆီက
စနှိုက်မရခဲ့ပါဘူး။ ဒါကြောင့် ဘာလုပ်ထားရပါ့မလဲ စဉ်းစားရင်းက သောကမျော ခပ်သုတ်သုတ်
ပြေးလာခဲ့ပါတယ်။ ဆံပင်တွေ ဘာတွေပြေလို့ပေါ့လေ။ အိမ်မှာ လူတစ်ယောက်မှ မရှိဘူး
မဟုတ်လား။
မဇီးဇံ အိမ်စိတ်မချလို့ ပြေးလာလိုက်တာ
အိမ်ဝိုင်းပေါက်လည်း ရောက်ရော မျက်လုံးတွေကို ပြာသွားတာပဲ။
'ဟောတော့်၊ လှောင်အိမ်ထဲ
ငှက်ကြီး မရှိတော့ဘူး။ လုပ်ကြပါဦး ကိုခွေးညိုက သတ်တော့မှာပဲ' ဆိုပြီး အိမ်ဝိုင်းထဲ လှည့်ပတ်ရှာပါတယ်။ ဘယ်မှ မတွေ့တော့ပါဘူး။ ဒါကြောင့်
မဇီးဇံ ကြံရာမရ ဖြစ်ပြီး တောင်ပိုင်းထဲက ကိုပေါက်ကြီးဆီ ပြန်ပြေးပါတယ်။
ကိုပေါက်ကြီးကော ဘာတတ်နိုင်မှာတုံး။ သွေးရူးသွေးတန်းပေါ့လေ။
ငှက်ကြီးပျောက်သွားတာဟာ ငွေဆယ်သိန်း ပျောက်သွားတာနဲ့ အတူတူပဲ မဟုတ်လား။
□
စောစောက မဇီးဇံ တောင်ပိုင်းထဲ
စနှိုက်သွားရှာနေတုန်း ကိုခွေးညိုက ငှက်ကြီးကို လာယူသွားတာပါ။ ရွာထဲကို ကားဝင်မရလို့
သူဌေးနဲ့ပွဲစားက ကားပေါ်မှာပဲ နေခဲ့ပြီး ငှက်ကြီးကို အယူ ခိုင်းလိုက်လို့ပါ။
သူဌေးနဲ့ပွဲစားက ငှက်ကြီးကို အသေအချာ
စစ်ဆေးပြီး ဓာတ်ပုံထဲက ငှက်နဲ့ ယှဉ်ကြည့်တဲ့အခါ ငှက်ကြီးက လင်းယုန်မဟုတ်ဘဲ
စွန်ခေါင်းဝါ ဖြစ်နေတာကြောင့် မယူတော့ဘဲ ကိုခွေးညိုကို အားနာတဲ့အကြောင်း ပြောပြီး
ပြန်သွားကြပါတယ်။
ဘယ်သူ ဘာတတ်နိုင်မှာတုံး။ သူ့ငှက်က
သူတို့လိုချင်တဲ့ ငှက်မှ မဟုတ်တာ။
ကိုခွေးညို ငှက်ကြီးကို ပိုက်ပြီး
ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။
▀
မောင်သာပို
(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်