နန္ဒာစိုး၊ဆင်ဖြူကျွန်း၊
(၁-က)
ည
လူခြေတိတ်ချိန်ကျတော့မှ ဂစ်ခနဲ ငှက်စုန်းထိုးသံက အိမ်ခေါင်မိုးပေါ်က
ဖြတ်ထွက်လာခဲ့တယ်။ ဒါကို ကြားတော့ မဝင်းရီ ထိတ်ခနဲ ဖြစ်သွားတယ်။
'သေခြင်းဆိုး
ငှက်စုန်း၊ လူခြေတိတ်ချိန်ကျတော့မှ အားရပါးရ ထိုးသွားလိုက်တာ။ နင့်ဒဏ် နင်ခံဟဲ့'
မဝင်းရီ
ပါးစပ်ကလည်း လွှတ်ခနဲရှိ စကားလုံးတွေက ထိန်းလို့ရတာမျိုး မဟုတ်ဘူး။
ကြားကြားချင်းထောင်းခနဲ ဒေါပွပြီး ပြောဖြစ်အောင် ပြောလိုက်မိသေးတယ်။ နောက်မှ
ထိတ်ခနဲ သတိပြန်ဝင်လာပြီး အဖေရှိနေတဲ့ အိပ်ခန်းကလေးဆီကို မျက်စိမျက်နှာပျက်ပျက်နဲ့
လှမ်းကြည့်မိသွားတယ်။ အဖေ့အခန်းကလေးကတော့ ငြိမ်လို့။ ဘုရားသိကြားမလို့ အဖေ
အိပ်ပျော်နေပါစေ။ စောစောက စကားသံကိုလည်း မကြားလိုက်မိပါစေနဲ့လို့
ကျိတ်ဆုတောင်းလိုက် မိတယ်။
တောင်းမယ့်သာ တောင်းရတာပါ။
ပြည့်မယ့်ဆုလည်း မဟုတ်ဘူး ထင်ပါရဲ့။ အသက်အရွယ်အရ လူကြီးမို့ ကြက်အိပ်ကြက်နိုး
ဖြစ်နေရတဲ့အထဲ ရောဂါဖိစီးနေတဲ့ လူမမာတစ်ပိုင်းလည်း ဖြစ်ပြန်ဆိုတော့ အဖေ့မှာ
ကောင်းကောင်းအိပ်ပျော်တယ်ပဲ မရှိတာကို မဝင်းရီ သိနေတာပဲဟာ။
'အမေကလည်း သူ့ဟာသူ
အော်တဲ့ငှက်တောင် ချမ်းသာမပေးဘဲ လှမ်းမေတ္တာပို့နေသေး'
သမီးအကြီးမက ဘုမသိဘမသိနဲ့ ဆေးလိပ်ဖင်စီခံလုံး
လိပ်နေရာကနေ ဝင်ဝေဖန်တော့ ထုံးစံအတိုင်းပေါ့။ မဝင်းရီလက်က ဒင်းခေါင်းပေါ် ဒေါက်ခနဲ
ရောက်သွားတယ်။
'တိတ်စမ်း၊ နင် ဘာသိလို့လဲ။
ဒီငှက်က မကောင်းဆိုးရွားငှက်ဟဲ့။ အိမ်မှာ နင်တို့ အဘက လူမမာ။
လူမမာရှိတဲ့အိမ်ပေါ်ကနေ အဲဒီ ငှက်စုန်းထိုးရင် အတိတ်နိမိတ် မကောင်းဘူး၊ နားလည်လား'
'ခက်ပဲ ခက်ရချည်ရဲ့ အမေရယ်။
ဒီလိုဆို တောင်ဘက်ခန်းက ဘွားဘွားသိန်းကြီး အိပ်ရာထဲ လဲနေတာ ကြာပဲကြာခဲ့လှပေါ့။
ဟိုက အဘထက်တောင် အခြေအနေဆိုးသေး'
'ရော်... ဒီကောင်မလေးနဲ့တော့
ခက်ပါပြီ။ တိုးတိုးပြောဟဲ့၊ မတော် ဟိုဘက်က ကြားသွားမှဖြင့် အားနာစရာ။ ထရံကလေးတစ်ချပ်
ခြားထားတာ။ နင့်အသံက အကျယ်ကြီး။ ကဲ... တော်တော်၊ ဒီအစီခံလုံးတွေက ဒီနေ့ညပြီးအောင်
လိပ်မှဖြစ်မှာ။ အဲဒါပဲ အာရုံစိုက် လုပ်ကြစို့'
□
(၁-ခ)
အပြင်ဘက်ခန်းက စကားသံတွေ
ငြိမ်သွားတော့မှ ကျုပ် အိပ်ရာထဲမှာ တစ်ဖက်ကို ပြန်စောင်းလိုက်ရတယ်။
ကျုပ်သမီးဝင်းရီနဲ့ ကျုပ်မြေးအကြီးမတို့ ပြောနေတဲ့ စကားသံတွေပေါ့။ ကျုပ်
ကြားသားပဲ။ ဝင်းရီ လှမ်းမေတ္တာပို့တဲ့ ငှက်စုန်းထိုးသံ ဂစ်ခနဲလည်း
ကျုပ်ကြားခဲ့တာပဲ။ ဘယ့်နှယ်၊ ကျုပ်က အိပ်လို့ ပျော်သေးတာမှ မဟုတ်တာ။ ဒါလည်း ဒီညမှ
မဟုတ်ပါဘူး။ ကြာခဲ့ပါပြီ အိပ်မပျော်တာ။ အတော်ကြီးကို ညဥ့်နက်မှ မှေးခနဲ ခဏလောက်
မေ့ခနဲ ပျော်သွားတတ်တာပါ။
အင်း...ကျုပ်က အိပ်ရာထဲ လဲနေရတဲ့
လူမမာမို့ ဝင်းရီက အယူသည်းဟန် တူပါရဲ့။ ဘာတတ်နိုင်မှာတုံး သမီးရယ်။
ငှက်စုန်းထိုးထိုး၊ မထိုးထိုး လူဆိုတာ သေမျိုးချည်းပဲ ဥစ္စာ။ သွားလေသူ
ကျုပ်မိန်းမတုန်းကဖြင့် ဘယ်ငှက်မှ လာမထိုးရပေါင်။ သေချိန်တန်တော့လည်း
ကျုပ်လက်ပေါ်မှာပဲ သေခဲ့ရတာ။ တွေးရင်းကနေ ရွာက သင်္ချိုင်းမှာ ခေါင်းချသွားခဲ့တဲ့
မိန်းမကိုတောင် သတိရ လာမိသေးတော့...
မအေးခင်ရေ ... မင်းက ရွာသင်္ချိုင်းမှာ
နေရစ်ခဲ့ရပေမယ့် ငါကတော့ မင်းသမီးဝင်းရီ ဇွတ်ရော အဓမ္မရော လာခေါ်လို့ မြို့ကို
ရောက်နေရပြီဟ။ ငါက မင်းထက် တစ်ဆင့်မြင့်ပြီး မြို့သင်္ချိုင်းမှာပဲ
ခေါင်းချရလေမလား မပြောတတ်ဘူး။ မင်းသမီးဝင်းရီကတော့ ငါ့ကို အိပ်ရာထဲလဲပြီ သတင်းကြား
ကတည်းက မြို့က သူ့အိမ်ကို ခေါ်ပြီး ရှိစုမဲ့စုကလေးနဲ့ ဆေးကုပေးနေရရှာတယ်။
ဒါပေမယ့်ကွယ် သူတို့ကို မပြောရက်တဲ့ စကားကို မင်းကိုပဲ လှမ်းပြောလိုက်ရဦးမှာပဲ။
သူတို့ ဘယ်လောက်ပဲ ကုတယ်ဆိုပေမယ့် ငါ့မှာတော့ ထူးပြီး သက်သာတယ် မရှိပါဘူး
မအေးခင်ရေ။ ငါလည်း မင်းနောက်ကို လိုက်ရဖို့ သိပ်မကြာတော့ဘူး ထင်ပါရဲ့ကွာ။
□
(၂-က)
'အောင်မယ်လေး အမေရဲ့၊
ကျုပ်တို့ကို ထားသွားခဲ့ပြီပေါ့။ ကျုပ် ထင်ပါတယ်။ ညက အိမ်ပေါ်ကို ငှက်စုန်း
ထိုးသွားကတည်းက နိမိတ်မကောင်းလှဘူးဆိုတာ ဟီးဟီးဟီး'
မနက်စောစော အဖေ့ကို တိုက်ဖို့
ဆန်ပြုတ်ကလေး ပန်းကန်လုံးထဲ ခပ်ထည့်နေတုန်း ရှိသေး။ တောင်ဘက်ခန်းက ထွက်လာတဲ့
မကြီးမေအသံကြောင့် မဝင်းရီရင်ထဲ ဒိန်းခနဲ ဖြစ်သွားရတယ်။ သြော်... ကြီးကြီးသိန်း
တစ်ယောက် သွားနှင့်ရှာပြီကော။
'အမေ၊ အမေ ဟိုဘက်ခန်းက
ဘွားဘွားသိန်း သေပြီတဲ့'
မီးဖိုခန်းထဲ စွတ်ခနဲ ပြေးဝင်လာတဲ့
အလတ်ကောင်က အော်ကြီးဟစ်ကျယ် သတင်းပို့တယ်။ မဝင်းရီက မျက်လုံးပြူးနဲ့ ဖမ်းကြည့်ရင်း
အံကြိတ်သံနဲ့ ခပ်တိုးတိုး ဟန့်လိုက်ရတယ်။
'ဟဲ့ကောင်လေး၊ နင့်
အသံပြဲကြီးနဲ့။ ငါသိပါတယ်။ တော်ကြာ နင့်အဘ ကြားသွားပါဦးမယ်'
'အမေရာ၊ ဒီလောက် အော်ငိုနေတာ
အဘက မကြားဘဲ နေပါ့မလား။ သူ့ ခေါင်းရင်း ထရံလေးတစ်ချပ် ခြားတာများ'
သည်တော့လည်း ဟုတ်သားပဲဆိုပြီး
သက်ပြင်းချရုံက လွဲလို့ မဝင်းရီ ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ့်ဘက် ကလည်း
လူမမာကြီးနဲ့မို့ သည်လို အသံဗလံတွေ မကြားရစေချင်ပေမယ့် ဘာ တတ်နိုင်မှာတုံး။ သူတို့
ဘက်က လူတစ်ယောက်လုံး တောင် သေရတာ မဟုတ် လား။ ကျုပ် အဖေ လူမမာ ကြီးမှာ
ငိုသံယိုသံတွေ ကြား ပြီး စိတ်ဓာတ်ကျသွားမှာ စိုး လို့ မငိုကြပါနဲ့တော်လို့ သွား
တားလို့ ဖြစ်တာမှ မဟုတ် တာ။
'ဒါနဲ့ နင်တို့အဖေက ရော။
အိမ်ရှေ့မှာရှိသေးရင် ဟိုဘက်ခန်းကို ကူးလိုက်ပါ ဦးလို့ ပြောလိုက်စမ်း။ ကနား
ဖျင်းလေး ဘာလေး ဝိုင်းကူ ထိုးရအောင်လို့'
'မရှိတော့ဘူးလေ။ ဒီနေ့က
ဆိုက်ကားဂိတ်မှာ အဖေ့အလှည့်က နံပါတ်တစ် တဲ့။ အဲဒါ မလွတ်ရအောင် အစောကြီးကတည်းက ထွက်သွားတာ။
ထမင်း တောင် သူ့အလှည့်တစ်ခေါက်
ပို့ပေးပြီးမှ ပြန်လာစားမယ် ပြောသွားတာ'
'ကဲ...ဒါဖြင့် နင်
ထမင်းကြမ်းစားတော့။ စားပြီးတာနဲ့ ရေခဲစက်သွား တော့။ အသုဘအိမ်ကိုတော့ ငါပဲ
သွားမေးတော့မယ်'
ဆန်ပြုတ်ပန်းကန် ကလေးကို ကိုင်ပြီး
အဖေ့ အိပ်ခန်းကလေးထဲ ဝင်လိုက် တော့ အဖေက သူ့မြေး ခပ်လာပေးတဲ့ ရေခွက်နဲ့
မျက်နှာတောင် သစ်နေပြီ။
'သမီးဝင်းရီ၊ ဆန်ပြုတ်
ပန်းကန်ထားခဲ့။ အဖေ့ဟာ အဖေ ဝင်သလောက် ဖြည်းဖြည်း သောက်နှင့်မယ်။ တောင်ဘက်ခန်းကို
ကူးလိုက်ဦးကွယ်။ အိမ်နီးချင်းဝတ္တရား ရှိတယ်မဟုတ်လား'
အဖေက ဆီးပြောလိုက်တော့ မဝင်းရီမျက်နှာ
ပျက်ချင်ချင် ဖြစ်သွားတယ်။ တောင်ဘက်ခန်းက ကြီးကြီးသိန်း ဆုံးတာကို
အဖေသိနှင့်နေပြီပဲ။ မဝင်းရီ ကျိတ်ပြီး သက်ပြင်းချတယ်။ ပြီးတော့ ဆိုင်တာ မဆိုင်တာ
နောက်ထား၊ လွှတ်ခနဲ ပြောတတ်တဲ့ အကျင့်အတိုင်း မဝင်းရီ ပြောလိုက်မိပြန်တယ်။
ဒါပေမယ့် အထစ်ထစ် အငေါ့ငေါ့နဲ့ပါ။
'ဟို...အဖေ၊ အဲ...
အဲဒီကိစ္စအတွက် စိတ်... စိတ်ထဲမှာ ဘာမှအနှောင့်အယှက်မဖြစ်နဲ့နော်'
'သွားစရာရှိတာသာ သွားပါ
သမီးရယ်။ အဖေ နားလည်ပါတယ်'
ခပ်တိုးတိုး ထွက်လာတဲ့ အဖေ့လေသံက
အားမရှိသလိုပဲလို့ မဝင်းရီ ထင်လိုက်တယ်။
□
(၂-ခ)
အလိုလိုကမှ ညဘက် အိပ်မပျော်တတ်တဲ့ ကျုပ်အဖို့
သည်ကနေ့ ညတော့ ပိုဆိုးရော။ မတတ်နိုင်ဘူးလေ။ တစ်ညတလေပဲဟာ။ ရက်လည်တဲ့အထိတော့
ရေရှည်ဆွဲမရိုက်လောက်ကြဘူး ထင်ပါရဲ့။ ကျုပ်ခေါင်းရင်း ထရံလေးတစ်ချပ်ပဲ
ခြားတာဆိုတော့ ဟိုဘက်ခန်းက အသုဘဖဲဝိုင်းက စကားသံတွေ၊ ဆေးလိပ်တောင်းဖွာတဲ့ အသံတွေ
အကုန်လုံး ကြားနေရတယ်။
'ကဲ... သွားလေသူ
ဒေါ်ကြီးသိန်းရေ၊ ဒီတစ်လက်တော့ ကျုပ် ဒေါင်းအောင် မပါဦးဗျ။ ဒါမှ ကူငွေ များများ
ထည့်နိုင်မှာနော်။ ခုတော့ တုပ်စားခံရတာနဲ့ ပါတာလေး ကုန်လုပြီ'
'ဟ... ညှင်းကိုး ဘယ်နှချပ်
ထွက်ပြီးပလဲဟ။မှန်းစမ်း၊ ပစ်ထားတာလေးထဲ ဖွလိုက်စမ်းမယ်'
'ဟေ့ကောင်၊ မင်း ဂျိုကာကြီးက
ဘာလုပ်ဖို့ ထားတာတုံး။ အထက်အိမ်က ပစ်တဲ့ဖဲကို စားထားဟ၊ မျက်လုံးကလည်း သေပါ့ကွာ၊
ဒါနဲ့များ ဖဲက ရိုက်ချင်သေး'
အင်း... ဖဲဝိုင်းက အသံတွေကို
နားထောင်ရင်း မဆီမဆိုင် အကောက်ကလေး ထုထုခံခံရပါစေလို့ ကျုပ် ဆုတောင်းနေမိတယ်။
ဒီမြို့ကွက်သစ်တစ်ရပ်လုံးဟာ ဆင်းရဲသား လက်လုပ်လက် စားတွေချည်းပဲ နေကြတဲ့
ရပ်ကွက်လေ။ လူ တစ်ယောက်သေရင် ကျန်ရစ်သူတွေမှာ နင့်ခနဲပဲ နေမယ် ထင်ပါရဲ့။
သူတို့မြို့ဆိုတာ နေရေးခက်ခက်၊ သေရေး ခက်ခက်လို့ ပြောသံကြားဖူးတာပဲ။
ကျုပ်တို့တောအရပ်မှာကတော့ ဘာအကြောင်းတုံး။ လူသေပြီဆိုတာနဲ့ ရပ်ရွာကပဲ
အလောင်းတင်ဖို့ ဝါးခြမ်းကပ်ကလေးရက်၊ အလောင်းကို ဖျာကြမ်း အဟောင်းကလေးနဲ့ ဖြစ်ဖြစ်၊
စောင်အဟောင်းလေးနဲ့ ဖြစ်ဖြစ် ပတ်လိပ်၊ ရွာကာလသားတွေပဲ ဝိုင်းမကြ၊ ထမ်းကြ၊ သင်္ချိုင်းရောက်တော့လည်း
ရွာသားတွေပဲ ဝိုင်းပြီး ကျင်းတူး၊ မြေဖို့နဲ့ ပြီးသွားတာပဲ။ ရွာကျောင်းဘုန်းကြီးက
သရဏဂုံတင်ပေးတာပေါ့။ ဆန်ကွဲတစ်စလယ်လောက် ရှိရင် အသုဘချဖို့ လုံလောက်ပြီ။
အလောင်းထမ်းသွားတဲ့ လမ်းတစ် လျှောက် နောက်ကနေ ဆန်ကွဲကို ဆုပ်ဆုပ်ကြဲပက်သွားရင်လည်း
ကိစ္စပြီးပြီ။ သူတို့မြို့ ဆိုတာကျတော့ ဒီလိုမဟုတ်ဘူး ထင်ပါရဲ့။
တောင်ဘက်ခန်းက ကျန်ရစ်သူ မိသားစုလည်း
အတော်မောရှာမယ်။ ဟုတ်တယ်လေ။ တစ်မိသားစုလုံး မနက်ည အလျင်မီ စားနိုင်ဖို့ကိုပဲ
မနည်းလုံးပမ်းနေကြရရှာတာ။ အသုဘစရိတ် ဆိုတာက အရင်းအနှီးပြုတာလည်း မဟုတ်။ လူသေရင်
မဖြစ်မနေ စိုက်ထုတ်ကုန်ကျရတဲ့ အသားလွတ်ကုန်ကျငွေ ကြက်သောက်ရေ မဟုတ်လား။ ဒါကြောင့်
ကျန်ရစ်သူ ခမျာများမှာ စားဖို့မှအနိုင်နိုင်ထဲက ဖျစ်ညှစ်ရုန်းကန်ကြရမှာမို့
မောကြရှာမယ်။ သြော်... ပြောမယ့်သာ ပြောနေ၊ ကျုပ်သမီးဝင်းရီတို့ကော ဘာထူးလို့တုံး။
သမက်က ဆိုက်ကားအငှားနင်း၊ ဝင်းရီက ဆေးလိပ် ဖင်စီခံလုံး လိပ်။
ကျုပ်ကို ဒီအဖေလေးတစ်ယောက်ပဲ ပြုစုစရာ
ကျန်တာဆိုပြီး ဝင်းရီက မရမက ဇွတ်ခေါ်ပြီး ဆေးကုပေးတယ်ဆိုပေမယ့် ခမျာလည်း
ထိထိရောက်ရောက် ကုမပေးနိုင်ပါဘူး။ ဟို တစ်ရက်ကပဲ သမက်ဖြစ်တဲ့သူက 'အဖေ့ကို
ဆေးထိုး မပေးနိုင်တာကြာပြီ။ အလုပ်ကလေးမှ
ကောင်းနေရင်လည်း အဟုတ်သား'လို့ ဝင်းရီကို ခပ်တိုးတိုးပြောသံ
ကြားရတယ်။ သည်ကတည်းက သောက်စရာ ဆေးကုန်နေတာကို ကျုပ် မပြောတော့ဘဲ နေခဲ့တာ။
သိပါပကော သမီးရယ်။ သမီးတို့မှာ
မိသားစု ၇ ယောက်စားအိုးကြီးနဲ့။ သည်အထဲ တစ်ခြမ်းတည်း ငှားနေရတဲ့ အိမ်လခဆိုတာက
တစ်မျိုး။ သာမှုနာမှု ရပ်ရွာလူမှုရေးစရိတ်တွေက တစ်မျိုးနဲ့ မနည်းရုန်းကန်နေကြရတယ်
ဆိုတာ။ ဟိုတစ်ရက်ကလည်း မြေး အလတ်က 'အမေ၊ ဆန်ဆိုင် က အကြွေးဖဲ့ဆပ်ဖို့
ပြောနေပြီ'လို့ ပြောသံကြားလိုက်ရသေးတယ်။ ကျုပ်မှာ
အိပ်ရာထဲကနေ သက်ပြင်းတချချနဲ့ နေရတာ။ အလိုလိုမှ အလိုလိုကို ကျုပ်က မြွေပူရာ
ကင်းမှောင့်ဆိုသလို အပိုဒုက္ခထုပ် ကြီးအဖြစ် ရောက်လာရတာ ပြန်တွေးမိတိုင်း
စိတ်ထဲမကောင်းဘူး။ ဝင်းရီကတော့ မနိုင်ဝန်မှန်း သိပေမယ့် ကျိတ်ထမ်းချင်ရှာမှာပေါ့လေ။
သူ့မှာ ပြုစုစရာဆိုလို့ ဒီအဖေလေးတစ်ယောက်ပဲ ရှိတော့ တာလို့ စိတ်စွဲထားတဲ့
သမီးပေကိုး။
တောင်ဘက်ခန်းက အဘွားကြီးလို
မြန်မြန်ကိစ္စ ချောရင်လည်း အကောင်းသား။ မီးစာကုန်ဆီခန်းတဲ့ နောက်မှတော့
ဒီသူအိုသူနာ ဘဝကြီးကိုလည်း မခင်တွယ်တော့ပါဘူး။ သူအိုသူနာ ပြီးရင် သူသေတဲ့။ အဲဒီ
သူသေဘဝကိုပဲ ကျုပ်လိုချင် တောင့်တနေပါပြီ။ လူတွေက ညနေဆည်းဆာ နေဝင်ချိန်ကို
လှတယ်လို့ ပြောသံကြားဖူးတယ်။ ဆည်းဆာချိန်ဟာ အလှတစ်ပါးဆိုလား။ အင်း... ကျုပ်တို့လို
မရှိ ဆင်းရဲသားတွေရဲ့ ဘဝဆည်းဆာချိန်ကတော့ ဘယ်မှာလှလို့တုံး။ အဲဒီဆည်းဆာကိုပဲ
ရင်မောမောနဲ့ ရင်ဆိုင်နေကြရတာပါကလား။
ဟယ်... ရှည်ပါတယ်။ ဟိုဟိုဒီဒီ
စိတ်မောစရာတွေ တွေးနေမယ့်အစား တရားမှတ်နေတာပဲ ကောင်းမယ်ထင်ပါရဲ့။ ဟော...
တရားမှတ်မယ် ဆိုကာမှပဲ ဟိုဘက်ခန်းက အသံတွေက ဝင်လာပြန်ပြီ။
'ကိုင်း၊ ဒေါင်းပြီ
ဒေါ်ကြီးသိန်းရေ။ မနက်ဖြန် ကူငွေများများ ထည့်မယ်ဗျို့'
□
(၃-က)
ည ၉ နာရီလောက်ဆိုတာ မူလမြို့ထဲမှာ
သွားကြလာကြ လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ လှုပ်လှုပ်ရွရွ ရှိနေဦးမှာ ဖြစ်ပေမယ့်
မဝင်းရီတို့ မြို့သစ်ကလေးထဲမှာတော့ လူခြေတိတ်ပြီလေ။ အငယ် သုံးယောက်လည်း အိပ်ပြီ။
မဝင်းရီနဲ့ အကြီးမတို့ပဲ အိမ်ရှေ့ခန်းမှာ မီးကလေး မှိတ်တုတ်နဲ့ ဆေးလိပ်အစီခံလုံးတွေ
မြန်မြန် လက်စသတ်အောင် ခေါင်းမဖော်တမ်း လိပ်နေမိကြတော့ အိမ်ကလေးက တိတ်ဆိတ်လို့။
အဲသလို တိတ်ဆိတ်နေတာကိုက
ဒုက္ခတစ်မျိုးလို့ မဝင်းရီ ကျွဲမြီးတိုနေမိတယ်။ ဟုတ်တယ်လေ။ ဝါးထရံလေး
တစ်ချပ်ပဲခြားတဲ့ တောင်ဘက်ခန်းက စာရင်းရှင်းသံတွေကို ကြားနေရတာကိုး။ မရှင်းကြပါနဲ့လို့
ထပြောလို့ကလည်း မဖြစ်။ သည်တော့ မဝင်းရီမှာ စိတ်ညစ်ညစ်နဲ့ပဲ ငြိမ်ပြီး နားထောင်
နေရသလို ဖြစ်နေတော့တယ်။ မကြီးမေတို့ လင်မယားရဲ့ စကားသံတွေက သည်ဘက်က မဝင်းရီတို့
အိမ်ခန်းထဲမှာ အတိုင်းသား။
'ယပ်တောင်ကမ်းဖို့က
တစ်ချောင်းကို ၁၅ ကျပ်နှုန်းနဲ့ အချောင်း ၁ဝဝ ဆိုတော့ သင့်ငွေ ၁၅ဝဝ ကွာ။ အသုဘ
မေးလာတဲ့သူတွေကို ဧည့်ခံဖို့ ဆေးပေါ့လိပ် ၁၅ဝ ဝယ်တာ ၇၅ဝ၊ လက်ဖက်ခြောက်နဲ့
လက်ဖက်ပဲခြမ်းကြော်က ၁ဝဝဝ၊ နောက် ရပ်ကွက်ရုံးကို လူသေစာရင်း သွားလုပ်ရတာက ၇ဝဝ၊ သင်္ချိုင်း
လက်မှတ်နဲ့ ကျင်းတူးခက နှစ်မျိုးပေါင်း ၁ဝဝဝ ဆိုတော့ နေဦး၊ အဲဒါကတင် စုစုပေါင်း
၄၉၅ဝ ရှိသွားပြီ'
'၅ဝဝဝ သာ ထားလိုက်စမ်းပါတော်၊
ကိုင်း... နောက်ထပ်ရော...'
'အသုဘအခေါင်းက ၅ဝဝဝ ကွာ'
'ဟင်၊ ခေါင်းက ၅ဝဝဝ တောင်
ပေးရသလား တော်'
'ဟ၊ ဒါတောင်
လက်ပံသားပျဉ်အပေါစားကွ။ ဒါ ဈေးအချိုဆုံးပဲ'
'ဟင်း၊ ကဲကဲ...
တစ်သောင်းရှိပြီပေါ့'
'နေဦးလေ၊ ကျန်သေးတယ်။
အသုဘယာဉ် တွန်းလှည်းငှားခနဲ့ အသံချဲ့စက်က ၅ဝဝ၊ နောက် သင်္ချိုင်းမှာ သရဏဂုံတင်ဖို့
ဘုန်းကြီး ငါးပါးပင့်တော့ တစ်ပါးကို အလှူဝတ္ထုငွေ ၂ဝဝ နှုန်းနဲ့ စုစုပေါင်း ၁ဝဝဝ၊
သက်ပျောက်နဲ့ မြေကျနှစ်မျိုးပေါင်းပြီး ဆွမ်းသွတ်ဖို့ ဆွမ်းချိုင့်အတွက်
ဆန်ဆီသားငါးနဲ့ ငရုတ်ကြက်သွန် ဘာညာက စုစုပေါင်း ၂ဝဝဝ'
'စောစောကဟာနဲ့ ပေါင်းရင်
၁၃၅ဝဝ ရှိသွားပြီ'
'အေး၊ ရပ်ကွက်ကူငွေ ရတာက ၁၅ဝဝ
ပဲလေ။ ဆင်းရဲသားရပ်ကွက်ကိုးကွာ။ ဒီလောက်ပဲ ရမှာပေါ့။ ၃ဝ ကူ၊ ၅ဝ ကူပဲ
ကူနိုင်ကြတာကိုး။ ဒီတော့ ကူငွေကို နှုတ်လိုက်တော့ အသားတင် ၁၂ဝဝဝ ကုန်တယ်ကွာ။ ဒါ
အချွေတာဆုံး ကုန်တာပဲ။ အခု မင်းလက်ထဲ ဘယ်လောက်ကျန်သေးလဲ'
'၃ဝဝဝ ပဲ ကျန်တယ်လေ။ ဒါတောင်
၂ဝဝ လောက်လျော့ဦးမယ် ထင်တယ်'
'အေး၊ အဲဒါလေးကိုတော့
ရက်လည်ဆွမ်းသွတ်ချက်ဖို့ ပြုတ်ဖို့စရိတ် ချန်ထားပေတော့ကွာ။ ဒီလိုဖြင့် ငွေက
အကိုက်ပါကွ။ မင်း နားကပ်ကလေး သွားရောင်းတော့ တစ်ပဲသာသာလေး ရှိတာဆိုပြီး
ပန်းတိမ်ဖိုက တွက်ချက်ပေးလိုက်တာ ၁၅ဝဝဝ ပဲ ရခဲ့တာကို'
'အင်း... မတတ်နိုင်ဘူးတော်။
ကျုပ်တို့တစ်အိမ်လုံးလည်း ရွှေတိုရွှေစဆိုလို့ ဒီနားကပ်ကလေးပဲ ရှိတာကိုး။
ကြုံလာကြမှတော့လည်း...'
အဲဒီနောက် သက်ပြင်းချလိုက်သံတွေ။
မဝင်းရီလည်း သည်ဘက်ခန်းကနေ သက်ပြင်းချလိုက်မိတယ်။ ပြီးတော့ ရင်ပူပူနဲ့
အဖေ့အိပ်ခန်းကလေးဆီ လှမ်းကြည့်ရင်း ဆုတောင်းနေမိတယ်။ ဘုရားမလို့ အဖေ
အိပ်ပျော်နေပါစေ။ သည်အသံတွေကို အဖေ မကြားပါစေနဲ့လို့။
ဒါပေမယ့် ခက်လိုက်ပုံက အဖေ
လှဲနေတဲ့ခေါင်းရင်းဘက်က ဟိုဘက်ခန်းနဲ့ ပိုနီးတာရယ်။
□
(၃-ခ)
ကျုပ် စဉ်းစားနေခဲ့တာ
တစ်ပတ်ကျော်သွားပါပြီ။ သည်နေ့တော့ ကျုပ်စိတ်ကို ကျုပ် ပိုင်ပိုင်ကြီး
ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါကြောင့် ကျုပ်သမီး ဝင်းရီနဲ့ ကျုပ်သမက်ကိုခေါ်ပြီး
ကျုပ် ရဲ့ နောက်ဆုံးဆန္ဒကို ဖွင့်ပြောလိုက်တယ်။
'ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်
အဖေ့ကို ရွာပြန်ပို့ပေးကြပါကွာ။ သေချင်းသေရင် မင်းတို့အမေနဲ့ အတူတူ ရွာ သင်္ချိုင်းမှာပဲ
နီးနီးကပ်ကပ် ခေါင်းချချင်ပါတယ်။ တို့ လင်မယား နှစ်ယောက် မခွဲ မခွာ တစ်ရွာတည်းနေ၊
တစ်မြေတည်း ခေါင်းချဆိုတဲ့ သဘောပေါ့'
သူတို့ကတော့ ကျုပ် တောင်းဆိုချက်ကို
နားထောင်ပြီး 'ဒီအဘိုးကြီးနှယ်၊ သေခါနီးမှ ငယ်မူပြန်အလွမ်းတွေနဲ့ ကဗျာဆန်နေလိုက်တာ'လို့ ပြုံးချင်ကြလေမလား မပြောတတ်ဘူး။ ကလေးကလားနဲ့ သူငယ်ပြန်လေရော့သလားလို့
တွေးကြလေမလားလည်း မပြောတတ်ဘူး။
အင်းလေ၊ အဲဒါကလည်း ခပ်ကောင်းကောင်းပါ။
▀
နန္ဒာစိုး၊ဆင်ဖြူကျွန်း၊
(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်