နွေသင်နိုင်
ခါတိုင်းလို မဟုတ်။ ညတုန်းက မိုးရွာသဖြင့် မိုးအေးလို့ပဲ ထင်သည်။ သည်နေ့ မနက်မှာတော့ ချောချောကြီးက ၈ နာရီထိုးခါနီးမှ နိုးသည်။ ဒါတောင် သူက 'ဟဲ့...သမီး ထတော့၊ ကျောင်းသွားရဦးမှာ' ဆိုပြီး အသံပြုလိုက်လို့ နိုးခြင်း ဖြစ်သည်။
အရင်နေ့တွေတုန်းကတော့ ချောချောကြီးက ၇ နာရီထိုးခါနီးမှာ နိုးနေတတ်ပြီး သူ့ကို 'အဖေကြီး ထ... ထ...'ဟု နှိုးလေ့ရှိသည်။ သည်တော့မှ သူလည်း နိုးသည်။
သူသည် အမြဲတမ်း အိပ်ရာထနောက်ကျသည်။
ကျပေမပေါ့။ သူက ညညဆိုလျှင် တော်တော်နှင့် မအိပ်။ ရေးစရာမရှိလျှင် ဖတ်။
ဖတ်စရာမရှိလျှင် ရေး ဆိုတာလို စာအုပ်၊ စာပေနှင့် တစ်ခုခုကိုတော့ လုပ်နေတတ်သည်။
ဒီနေ့မနက်တော့ သူက အရင်နိုးနေသည်။
သူကပဲ သမီးကို နှိုးလိုက်ရသည်။
'နေပါဦး၊ အဖေကြီးကလည်း။
နည်းနည်းလေး အိပ်ဦးမယ်'
ဒါတောင် ချောချောကြီးက
အိပ်ချင်နေတုန်း။
'မအိပ်နဲ့တော့။ ထ...
ကျောင်းသွားရမှာ'
သူက အသံမာမာနှင့် အော်နိုးလိုက်တော့မှ
ချောချောကြီး အိပ်ရာပေါ်မှ မထချင်၊ ထချင် လူးလဲထလာသည်။ ချောချောကြီး။ ဒီကောင်မလေးက
မလွယ်။ အခုမှ နှစ်နှစ်၊ နှစ်နှစ်ခွဲပဲ ရှိသေးသည်။ တတ်လိုက်သိလိုက်တာကလည်း သူ့အပြင်
နှစ်ယောက်မရှိ။ ခုပဲ ကြည့်။ အဖေကို အိပ်ရေး ဈေးဆစ်နေသေးသည်။
'ဖေဖေကြီး
ကော်ဖီ သောက်မယ်။ စိတ်ကြိုက် စားမယ်'
ချောချောကြီး
အိပ်ရာက နိုးလာပြီဆိုလျှင် ပထမဆုံးပြောသည့် စကားက ဒီစကား။ အစားအသောက်ကလည်း
ဘာကြမ်းသလဲ မမေးနှင့်။ မနက်လင်းကတည်းက မိုးချုပ်အထိ ဆိုသလို။
သည်လိုဆိုလျှင်
သူ့မှာ ဘာမှမလုပ်အား။ သမီးအတွက် ကော်ဖီဖျော်ပေးခြင်း၊ စိတ်ကြိုက်မုန့်ကို
ယူပေးခြင်းနှင့် စားပွဲမှာ အဆင်သင့် ပြင်ဆင်ပေးရခြင်းများကို သမီး စိတ်တိုင်းကျ
လုပ်ပေးရသည်။
ဒီကောင်မလေးက
အိပ်ရာနိုးနိုးချင်း အစားကို အရင်စားသည်။ မျက်နှာကို အစာစားပြီးမှ သစ်သည်။
ဒီကိစ္စနှင့် ပတ်သက်ပြီး သူက မကြိုက်။ ထို့ကြောင့် တုတ်ကြိမ်း ကြိမ်းခဲ့ရသည်ကလည်း
ခဏခဏ။
သို့သော် သူက သမီးကို
မရိုက်ရက်။ သူ့လက်ထဲက တုတ်ကြမ်းပြင်ပေါ် ချပစ်ခဲ့ရသည် ချည်း။
'သြော်... သမီးလေး မှာ
အမေနဲ့ခွဲနေရရှာတာ'
ဒီအချက် တစ်ချက်တည်းနှင့် သူ့မှာ
သမီးကို လက်မြှောက်ခဲ့ရသည်။
သမီးအမေက ဒီမှာမရှိ။ မိုင် ၂ဝဝ
ကျော်ဝေးသော အရပ်တစ်ခု၌ ရောက်နေသည်။ လုပ်ငန်းနေရာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသော
ဝန်ထမ်းဖြစ်သဖြင့် အဲဒီမှာပဲ နေရသည်။
သို့သော် သမီးအတွက် အမေနှင့်
တွေ့နိုင်ဖို့ အခွင့်အရေးလေးတစ်ခုက ရှိနေသည်။ အမေ ရောက်ရှိနေသော အရပ်သည်
သမီးရှိသော မြို့တော်နှင့် အလှမ်းသိပ်မကွာသဖြင့် အမေဖြစ်သူက နှစ်ပတ်တစ်ခါ ဆိုသလို
သမီးရှိရာ မြို့တော်သို့ ပြန်လာတတ်သည်။
အဲဒီအခါ သားအမိ သားအဖ
သုံးယောက်ဆုံရသဖြင့် သူက ရွှေအချိန်ကာလများဟု တင်စားပြောဆိုတတ်သည်။ တကယ်ကို
မိသားစု ဘဝလေးကို ရှားရှားပါးပါးရသဖြင့် ပျော်လို့လည်း မဆုံး။
သို့သော် သမီးအမေ
နယ်ပြန်သည့်ညဆိုလျှင် လွမ်းလို့ မဆုံး။ သူရော သမီးလေးပါ မနေတတ်၊ မထိုင်တတ်
ဖြစ်အောင် ကြေကွဲနေရတတ်သည်။
သမီး ဘာမှန်းညာမှန်းမှ မသိတတ်ခင်ကတော့
သိပ်မသိသာပေမယ့် ခု သမီးက အရွယ်နှင့်အတူ အသိကလေးကပါ ဖွံ့ဖြိုးလာပြီဆိုတော့
သိသာသည်။
'ဖေဖေကြီး၊ မေမေရော'
'မေမေကြီး
ကျောင်းကျောင်းသွားတယ်လေ။ သမီးကို မေမေ ပြောခဲ့တယ် မဟုတ်လား။ ကိုကိုတို့၊ မမ
တို့ကို စာသင်ဖို့ ကျောင်း ကျောင်းသွားတာလေ'
သူက သမီးကို ဒီလို ရှင်းပြတော့
သမီးနားတော့လည်သည်။ အဲဒီအတွက်လည်း ဘာမှပြန်မပြော။
'မေမေက မီးမီးကို
ကျောင်းကျောင်းလည်း မခေါ်ဘူး'
သူ့အရွယ်နှင့် သူ့ဘာသာဗေဒအရတော့ သမီး
ခံစားတတ်သလို ပြောလိုက်တာပါပဲ။ ဒါပေမယ့် ရင်ထဲမှာ တကယ်ကြေကွဲရသည်က သူ။
သူ ဘယ်လောက် အတွေးလွန်နေသည် မသိ။
သမီးက စားပွဲပေါ်က ကော်ဖီနှင့်မုန့်ကို တစ်ဝတစ်ပြဲ စားပြီးသွားမှန်းပင် သတိမပြု
မိလိုက်။
'ဖေကြီး၊ ရေသောက်မယ်'
သမီးက သူ့ကို အစီအစဉ်သစ်တစ်ခု
တောင်းဆိုလာတော့မှ...
'သြော်... အေးအေး၊ သမီး
ကော်ဖီသောက်ပြီးပြီလား။ လာလာ၊ ဖေကြီး ရေတိုက်မယ်'ဟု ကမန်း
ကတန်းပင် သမီးကို ပြန်ပြောကာ ရေအိုးစင်မှ ရေတစ်ခွက် ခပ်၍ ပေးလိုက်ရသည်။
'ကဲ... ရေသောက်ပြီးရင် သမီး
အရုပ်တွေနဲ့ ဆော့တော့။ ဖေကြီး ထမင်းချက်လိုက်ဦးမယ်'
သူက သမီးကို ပုံစံချပြီးသောအခါ
သွားတိုက် မျက်နှာသစ်လုပ်ပြီး သူ့ အတွက် ကော်ဖီတစ်ခွက်ကို သူကိုယ်တိုင်ဖျော်ကာ
သောက်လိုက်ရသည်။
ပြီးလျှင် မီးဖိုချောင်ထဲ ဝင်ရသည်။
သူ့အတွက် ရုံး ထမင်းဘူးနှင့် သမီးအတွက် ကျောင်းထမင်းဘူးတို့အတွက် ပြင်ဆင်ရသည်။
သူက ကိုးနာရီဆယ့်ငါး မိနစ်မှာ
ရုံးသွားရသည်။ သမီးက ကိုးနာရီအတိမှာ ကျောင်းသွားရမည်။
သမီးသွားရမှာက မူကြိုကျောင်း။ သူ
နေထိုင်သည့် ဝန်ထမ်းအိမ်ရာထဲမှာပဲ ဝန်ထမ်းတစ်ယောက်၏ ဇနီးက မူကြိုကျောင်းငယ်လေး
ဖွင့်ထားသဖြင့် အဆင်ပြေသည်။
ခုချိန်မှာတော့ သူ့ဘဝက အဖေတစ်ခု
သမီးတစ်ခုပဲ ဖြစ်သည်။
တကယ်တမ်းပြောလျှင် သူ အဲသလိုလေး
နေရတာကိုပဲ ပင်ပန်းသလောက် ပျော်သည်။ သမီးကို ပြုစုထိန်းသိမ်းရသဖြင့်
ပင်ပန်းတယ်လည်း မအောက်မေ့။
ပြောသာပြောရ၊ တစ်ခါ တစ်ခါကျလည်း သူက
ယောကျ်ားကြီးတန်မင့် အားငယ်ချင် အားငယ်နေ တတ်သေးသည်။ ဒီအချိန်မှာ သမီးနဲ့အဖေ
နှစ်ယောက်ထဲဆိုသည့်ဘဝက စိတ်မလုံခြုံ။ သူ နေမကောင်း ထိုင်မကောင်းဖြစ်လို့
မူးမေ့လဲကျ နေတာမျိုးဆိုလျှင် သမီးကို ဘယ်သူထိန်းပေးမလဲဆိုတဲ့ အတွေးမျိုး
ဝင်လာလျှင် ချွေးစေးများ ပြန်လာသည်အထိ တုန်လှုပ်နေတတ်သည်။
သို့သော် ကိုယ့်စိတ်ကိုယ်
အားတင်းထားရသည်။ သတိကို အစဉ်မပြတ် ထားနေရသည်။
'ကဲ... သမီး၊ ချောချောကြီးရေ၊
ရေချိုးမယ်။ အင်္ကျီချွတ်၊ ဘောင်းဘီချွတ်'
'ဟုတ်ကဲ့၊ ဟုတ်ကဲ့ရှင့်၊
ခဏနေပါဦး။ အေမီလေးကို သိပ်နေတာ။ အေမီလေး မအိပ်သေးလို့။ အေမီအိပ်ရင် ချိုးမယ်'
သမီးက အဲသလိုလည်း ပေါက်ပေါက်ရှာရှာ
ပြောတတ်သေး။ အမေက သမီးကို အိပ်ဖို့ သိပ်သည့်အခါတိုင်း သမီးကျောလေးပွတ်၊
ခေါင်းလေးပွတ်ပေးသလို မိန်းကလေးအရုပ် အေမီလေးကို သိပ်ပေးနေရာမှ သူ့ကို
လှမ်းပြောသည်။
သည်တော့လည်း သူက သမီးစကားကို
အလေးထားသည့်ပုံစံဖြင့် 'အေမီက အိပ်ပျော်နေပြီပဲဟာ... သမီးရယ်။ လာ လာ'ဟု
ဇာတ်လမ်းလေးလုပ်ကာ သမီး ရေချိုးဖို့ ကြံရဖန်ရသည်။
သည်တော့မှ သမီးလေးလည်း
ရေချိုးရမည့်နေရာသို့ အဝတ်အစားများ ချွတ်ကာ ပြေးလာသည်။
ရေချိုးပြီးတော့ သမီးကို သူ သနပ်ခါး
ခြေဆုံးခေါင်းဆုံး လိမ်းပေးကာ ပေါင်ဒါပါ တစ်ကိုယ်လုံး ရိုက်ပြီး အင်္ကျီ၊ ဘောင်းဘီ
အသစ်များကို ဝတ်ပေးသည်။
အစီအစဉ်က ဆက်တိုက်။
ဒါတွေပြီးလျှင်တော့ သမီးကို ထမင်းကျွေးသည်။ သမီးက ခုလို မနက်ခင်းဆိုလျှင် ထမင်းကို
အဝစားထားပါမှ တစ်နေ့လုံးမှာ အာသာပြေစွာ နေနိုင်သည်။
သမီးကို ထမင်းကျွေးပြီးသောအခါ
သမီးကျောင်းသွားဖို့ ပြင်ဆင်ရသည်။
'ကဲ... သမီး၊ သမီး
ခြင်းကလေးထဲကို ထမင်းဘူး၊ မုန့်ဘူး၊ ရေဘူးနဲ့ အဝတ်အစားတစ်စုံ အပို ထည့်ပြီးပြီ။
သမီးရော စစ်ကြည့်လိုက်ဦး'
သမီးကို စနစ်ဇယား ကျစေချင်သည့်
အလေ့အကျင့်ကို ပျိုးထောင်သည့်အနေနှင့် ကိုယ့်ခြင်းကို ကိုယ်တိုင်စစ်ဆေးစေသည်။
တစ်ခါတစ်ခါ သူက ပစ္စည်း တစ်ခုခုကို တမင်မေ့ထားသောအခါ 'ဟင်...
ဖေကြီးကလည်း ရေဘူးလည်း မပါသေးဘဲနဲ့'ဟု သမီး ပြန်ပြောလျှင်
ကိုယ့်လုပ်ရပ်အတွက် ကိုယ်ပျော်လို့မဆုံး။
'ကဲ... ကျောင်းသွားမယ်'
ဟူသော စကားကိုတော့ သူက တမင်အသံ ကျယ်၍ ပြောလိုက်သောအခါ သမီးက
ဘုရားစင်ရှေ့သို့ သွား၍ ဘုရားဝတ်ပြုသည်။ သမီးအမေ သင်ထားသလို ဗုဒ္ဓံပူဇေမိ၊
ဓမ္မံပူဇေမိ၊ သံဃံ ပူဇေမိကို မပီကလာ၊ ပီကလာ ရွတ်ဆိုသည်။ နောက်ဆုံးတော့ 'မေမေနဲ့ မြန်မြန် အတူတူနေရပါစေ'ဟု ဆုတောင်းကာ
ဘုရားခန်းမှ ထလာမြဲ။
ဒါတွေ အားလုံးက သူနှင့်သူ့မိန်းမတို့
ချထားသည့်ပုံစံ။ နေ့စဉ်မပျက်ကွက်စေရ။
သမီးကို မူကြိုကျောင်း ပို့ပြီးသောအခါ
သူက အိမ်သို့ ပြန်လာသည်။ ဒီတော့မှ သူ့ထမင်းဘူး၊ သူ့လက်စွဲအိတ်တို့ကို
အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကာ ရေချိုးသည်။
အင်္ကျီလုံချည်လဲပြီးသောအခါ
ဘုရားဝတ်ပြုသည်။ ပြီးလျှင် ရုံးသို့ သုတ်ခြေတင်ရတော့သည်။ ပုံမှန်အတိုင်း
အဲဒီအချိန်က ၉ နာရီ ၁၅ မိနစ်။ ဆယ်မိနစ်ဆိုလျှင် ရုံးသို့ရောက်သော ခရီးဆိုလျှင်
ရုံးကို ၉ နာရီခွဲခါနီးတွင် ရောက်သည်။
ကွက်တိ။ ညနေ ၄ နာရီခွဲ ရုံးဆင်းလျှင်
သမီးကို မူကြိုကျောင်းမှ ပြန်ခေါ်။ သားအဖနှစ်ယောက် အိမ်ပြန်ကြ။
ဒီလိုပုံစံမျိုးနှင့် ဘဝကို
ဖြတ်သန်းခဲ့တာ ဘယ်လောက် ကြာပြီလဲ။ ကြာပြီ။ တစ်နှစ်တာကာလတောင် ပြည့်တော့မည်။
သူ မညည်းညူခဲ့။ သူ ပင်ပန်းတာတွေကို
မိန်းမ သိအောင်ပြောမပြခဲ့။ နေမပြခဲ့။
သူ့ဘဝက တကယ့်ကို
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ရပ်ရသည့် ဘဝ။ ဒီကြားထဲကမှ သူ့
စာပေဘဝကို သူကိုယ်တိုင် ထူထောင်ကာ အရောင်ရင့်လာအောင် ဆေးကို ထပ်ထပ် သုတ်နေရ။
သူက သူ့ဘဝနှင့် ပတ်သက်၍
အဆင်မပြေဖြစ်ရတာတွေကို သိပ်မတွေး။ တွေးလျှင်လည်း ခံစားလို့ မဆုံး။ ကိုယ့်စိတ်နှင့်
ကိုယ့်နှလုံးသားကို ကိုယ်သာ အသိဆုံး။
လူမမယ် သမီးလေးကို
အဖေတစ်ယောက်တည်းနှင့် ကြည့်ရ၊ ထိန်းကျောင်းနေရသည့် အနေအထားက သိပ်မနိတ်မှန်း သူ
သိသည်။ ဆွေမဲ့မျိုးမဲ့မို့လို့လား မေးစရာရှိသည်။
အဲဒီမှာပဲ ပြောစရာ ရှိလာသည်။ သူ့မိဘဆွေမျိုးများက
တခြားအရပ်မှာ။ သူ ကိုယ်တိုင်က မြို့တော်မှာ လာနေထိုင်သူ။ မြို့တော် အလုပ်ကို
လုပ်နေသူ။ သူ့ သမီးလေးကို ထိန်းပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်။
ဒီတော့ မိန်းမရဲ့
ဆွေမျိုးသားချင်းများပဲ ရှိသည်။ မိန်းမကတော့ နဂိုကတည်းက မြို့တော်သူ ဖြစ်သဖြင့်
ဒီမှာပဲ အမျိုးအဆွေတွေ ရှိသည်။ အစကတော့ သူ့အိမ်သို့ ယောက္ခမနှင့် အစ်မ၊ ညီမများ
လာရောက်နေထိုင် ကြသေးသည်။
သို့သော် သူနှင့် မိန်းမ၏
မွေးချင်းများ အဆင်မပြေ ဖြစ်ကြသည်။ သူ့အိမ်မှ ထွက်သွားကြသည်။ ယောက္ခမ မိဘများပင်
လိုက်ပါသွားမှတော့ ကမ်းကကုန်ပြီ။ သိပ်မခြောက်ခင်မှာ စိုသမျှနှင့် ရပ်နေလိုက်သည်။
အဆက်အဆံ မပျက်။ အသွားအလာ မပျက်။ သို့သော် ခပ်ကင်းကင်း။ ဒီအကြောင်းတွေနှင့်
ပတ်သက်ပြီး သူက ပြောနိုင်တာထက်တောင် ပိုပြောချင် သေးသည်။ သို့သော် သူက
ချစ်လို့ယူထားတဲ့ မိန်းမ မျက်နှာကို ငဲ့သည်။
ခု သမီးတစ်ယောက်နဲ့၊ ရုံးနဲ့၊
ဘယ်လိုဒုက္ခမျိုးတွေ ရောက်မလဲ။ ရောက်ပလေ့စေ။ သူ ခပ်ရဲရဲရင်ဆိုင်ထားသည်။
တော်သေးသည်။ သမီးလေးက
အရွယ်နှင့်မမျှအောင် တတ်သိလိမ္မာနားလည်နေလို့။
သမီးမျက်နှာလေးကို မြင်နေရတော့လည်း
နောက်ဆုံးမှာ မပြေလည်သမျှ အရာအားလုံးကို မေ့သွားတော့တာပါပဲ။ သူ တကယ်ပဲ ယောနိသော
မနသီကာရစိတ်တွေ မွေးမြူခဲ့သည်။ ရှင်လည်း ရှင်သန်ခဲ့သည်။
သူ့အတွေးက သူ့ခန္ဓာကိုယ်ကြီး
ရုံးရောက်လို့ ကုလားထိုင်ပေါ် ထိုင်သည်အထိ မပြတ်။
ပြတ်စရာကလည်း မရှိ။ ဒီနေ့ သူ သမီးကို
အစွမ်းကုန် ဂရုစိုက်နေရသည်။ အကြောင်းက မနေ့ညကပဲ ည ခုနစ်နာရီခွဲ မီးရထားနှင့်
သူ့မိန်းမ နယ်ကို ပြန်သွားသည်။
ပြန်တော့ သမီး မသိအောင်
ပုန်းလျှိုးကွယ်လျှိုးနှင့် အိမ်မှထွက်ရသည်။ အမေကို သတိရတော့ ထုံးစံအတိုင်း
သမီးအမေးက တဖွဖွ။ မေမေကြီးရော ဆိုတာက အကြိမ်ကြိမ်။ စဉ်းစားလိုက်၊ မေးလိုက်။
အမေ ဘူတာဆီ ထွက်သွားလို့ တစ်နာရီလောက်
အကြာမှာပဲ သမီးက ခါတိုင်း အမေပြန်မှန်းသိလျှင် သွားနေကျ အိမ်ရှေ့ပြတင်းပေါက်နားဆီ
သွားကာ လမ်းမဘက်ဆီ ငေးနေတော့သည်။
သူ ချက်ချင်းရိပ်မိသွားပြီး
သမီးစိတ်ကို တစ်နည်းနည်းနှင့် ပြောင်းပစ်ရသည်။
'သမီး... ကြည့်စမ်း၊
ဖိုးလမင်းကြီးက သာလိုက်တာ။ ဝင်းနေတာပဲ'
သူ သမီးကို စကားစသော်လည်း သမီးက
ဘာမှမတုံ့ပြန်။ လမ်းမဘက်ကို ငေးမြဲ။
'ဖိုးလမင်းကြီးရေ၊ သမီးလေး
ချောချောကြီးအတွက် ထမင်းဆီဆမ်း ရွှေလင်ပန်းကြီးနဲ့ပေးပါ၊ သမီး တောင်းလိုက်လေ'
သူက ဒီဇာတ်ထဲ ပါလာအောင် ဇာတ်လမ်းလေး
ထိုးကြည့်သည်။
'ဖိုးလမင်းကြီးက ဘယ်လိုလုပ်
သမီးဆီလာပြီး ပေးမှာလဲ ဖေကြီးရဲ့'
မဆိုး။ သူ့လုပ်ရပ် အောင်မြင်သည်။
သမီးဆီက စကားပြန်ရလာသည်။ သူက ရတဲ့အကွက်ကို အမိအရ ဆွဲလိုက်သည်။
'ဖိုးလမင်းကြီးကတော့ သမီးဆီ
ဘယ်လိုလုပ်လာနိုင်မှာလဲ သမီးရဲ့။ ဖိုးလမင်းကြီးမှာ ဆန်ဖွပ်နေတဲ့ အဘိုးအိုကြီး
ရှိတယ်။ နောက်ပြီး ယုန်ကလေးတစ်ကောင်လည်း ရှိတယ်။ ယုန်ကလေးက အပြေးသန်တယ်လေ။
ဟိုတစ်ခါ ဖေဖေပြောပြတဲ့ ပုံပြင်ထဲကလိုပေါ့။ ယုန်ကလေးက ထမင်းဆီဆမ်းကို
ရွှေလင်ပန်းထဲထည့်ပြီး သမီးဆီ ယူလာပေးမှာပေါ့'
'ဟင်... တကယ်လား'
သမီး စိတ်ဝင်စားလာသည်။ အတွေးနယ်ကို
တစ်ဖက်မှာ အပြီးပြတ်ပြီး တစ်ဖက်ထဲ ရောက်အောင် ပို့ရတော့မည်။ သူ ကြံဖန်ရသည်။
'တကယ်ပေါ့ သမီးရဲ့။ ဒါပေမယ့်
ခုတောင်းရင် ခုတော့ လာမပေးဘူးပေါ့။ မနက်ကျမှ လာပေးမှာ။ တစ်ခါတုန်းက ဖေဖေ သမီးကို
ထမင်းဆီဆမ်း ကျွေးဖူးတယ်လေ။ မှတ်မိလား။ အဲဒါ ယုန်ကလေး လာပေးတာ'
ယုတ္တိကို အခြေခံကာ သူ ဉာဏ်ကွန့်လိုက်သည်။
ဒီသဘောက ဖြစ်နိုင်သည်။ မနက်ကျရင် အိမ်ရှေ့သို့ အစောကြီး ရောက်လာတတ်သည့် ပဲပြုတ်သည်
မပုဆီက ပဲပြုတ်ဝယ်ပြီး သမီး မနိုးခင် ထမင်းဆီဆမ်း လုပ်ကာ ပြင်ဆင်ထားလိုက်မည်။
သမီးနိုးလို့ တွေ့သွားတော့မှ ဒါ... ယုန်ကလေးလာပို့ တာ။ သမီးမှ မနိုးသေးတော့
ယုန်ကလေးကို မတွေ့ရဘူးပေါ့။ ခု ပြန်သွားပြီဟု ပြောရတော့မည်။
'ဒါဆိုရင် ယုန်ကလေး ဆီက
ထမင်းဆီဆမ်းတော့ မလိုချင်ဘူး'
သမီးကလည်း ခေသူမဟုတ်။ သူ့ကိုယ်ပိုင်
ဇာတ်တော့ သူ့မှာ ရှိနေမည် ထင်ရသည်။ သမီးစကားထဲမှာ ဇာတ်လက်တက်လေး တစ်ခုကို သူ
ရိပ်ခနဲတွေ့လိုက်ရသလို မြင်ရသည်။
သူ သမီးစကားကြားတော့ ပြုံးမိသွားသည်။
ဒီ သမီးဟာ စာရေးဆရာသမီးဆိုတာ သေချာသွားပြီလားဟုလည်း ပီတိဖြစ်လိုက်ရသည်။ သမီး
ဆက်လာမည့် စကားကိုတော့ သူ မီးစင် ကြည့်ကတော့မယ် စိတ်ကူးပြီး 'သမီးက
ဘာကို လိုချင်တာလဲ'ဟု သူ စကားကို မျှားလိုက်ပြန်သည်။
'သမီးပြောမယ်။ ဟင့်အင်း၊
ဖေဖေ့ကို မပြောဘူး။ ဖိုးလမင်းကြီးဆီက ယုန်ကလေးနဲ့ ဘိုးဘိုးကြီးကိုပဲ
အော်ပြောတော့မယ်'
'ပြောဗျာ၊ ပြော... ပြော'
သူတို့သားအဖ အခုမှ
သရုပ်ဆောင်ကောင်းတွေ ဖြစ်နေရောပါရော့လားဟု သူ စဉ်းစားမိလိုက်သည်။ သူ စဉ်းစားလို့မှ
မဆုံးသေး။ သမီးအသံက ခပ်ကျယ်ကျယ်ပင် ထွက်လာတော့ သည်။
'ယုန်ကလေးရေ၊ ခုလေးတင် မေမေက
မီးရထားကြီးနဲ့ကျောင်းကျောင်းဆီ ထွက်သွားတယ်။ မေမေ့ကို မီးရထားပေါ်ကနေ ယုန်ကလေး ကျောကုန်းပေါ်တင်ပြီး
မီးမီးဆီ ပြန်ခေါ်ပေးပါ။ ဒီမှာ မီးမီး မေမေ့ကို ချစ်လို့လို့ ပြောပေးပါ'
'နေဦးလေ သမီး။
ဒီလိုပြောလို့...'
'ဟင့်အင်း ဖေဖေ၊ နေဦး။
ဘိုးဘိုးကြီးကို ပြောဦးမယ်။ ဘိုးဘိုးကြီးရေ၊ မီးမီးတို့အိမ်ဆီကို ဆင်းခဲ့ပါ။
မီးမီးတို့အိမ်မှာ ဖွပ်ပြီးသား ဆန်တွေရှိတယ်။ ချက်ပြီးသား ထမင်းတွေရော ရှိတယ်။
မီးမီးတို့အိမ်ရောက်မှ ထမင်းစားပါ။ မီးမီးတို့အိမ် မလာခင် မေမေ့ကို မီးရထားပေါ်ကနေ
မီးမီးဆီ ပြန်ပို့ပေးပါ'
သူနှင့်သမီးတို့ ဒိုင်ယောလော့ခ်မှာ
သူပဲ အကျနာစွာ ရှုံးနိမ်ခဲ့ရသည်။ ကိုယ့်ဇာတ်ဆောင်ကို ကိုယ်နိုင်ခဲ့သလောက် ကိုယ့်သမီးကို
ကိုယ်မနိုင်ခဲ့သည့် စာရေးဆရာကြီးအဖြစ်က တကယ်ကို ဘဝသရုပ်ဖော်ဆန်လှစွာ။
သမီးစကားကို ဘယ်လို ချေဖျက်ရပါ့မလဲ။
သူ ကိုယ်တိုင်ပင် မူးတူးမင်တင်။
'ဒီလိုလေ သမီးရဲ့။
ဖိုးလမင်းကြီးဆီက ယုန်ကလေးလည်း သမီးလို မူကြိုကျောင်းသွားနေတယ် လေ။ အဲ... ဘိုးဘိုးကြီးကလည်း
သမီးဘိုးဘိုးကြီးလို ခါးနာနေလို့ ဆေးခန်းသွားပြနေတယ်တဲ့။ သူတို့က သမီး စကားကို
ဘယ်မှာကြားပါ့မလဲ။ ခဏစောင့်နော်။ ယုန်ကလေးနဲ့ ဘိုးဘိုးကြီးတို့ ဖိုးလမင်းကြီးဆီ
ပြန်ရောက်တော့ သမီးက တစ်ခါထပ်ပြော။ ဟုတ်လား။ ခုတော့ သမီး ဖေဖေ့ပေါင်ပေါ်
ခေါင်းတင်ပြီး အိပ်လိုက်။ ဖေဖေ သမီးကျောပြင်က မိတ်ကလေးတွေ ပွတ်ပေးမယ်၊ လာ'
သူ ဇာတ်သိမ်းတစ်ခုကို အလျင်အမြန်
ရွေးချယ်ကာ ပတ်စာခွာ ဖျာလိပ်လိုက်သည်။ သမီးမျက်နှာကို ကြည့်လိုက်တော့
သိပ်မရွှင်ပျ။ အဖေ့စကားကို မယုံတဲ့ ပုံ။
'ခွင့်လွှတ်ပါ သမီးရယ်'
သူတစ်ကိုယ်တည်း ညည်းညူကာ စိတ်ထဲကပဲ
သမီးကို တောင်းပန်လိုက်သည်။ အဲဒါ သုံးနှစ်မပြည့်တပြည့် မိန်းကလေးတစ်ယောက်ရဲ့
စကားတဲ့လား။ သူ သမီးဦးနှောက်ကိုလည်း တစ်စုံတစ်ရာ လှမ်းမြင်လိုက်ရသလို
အံ့သြသွားခဲ့သည်။
မနေ့ညက သူနှင့်သမီး အဲသည်လို
ပူပူနွေးနွေး ဆက်ဆံခဲ့တာလေးကို သူ စိတ်နှင့် မြင်နေမိဆဲ။
'ဆရာ... ဆရာ... ဆရာ
ဦးအောင်နိုင်ဝင်း၊ ဆရာ...'
'ဗျာ၊ အဲ...ဗျာ... သြော်...
မသဇင်ပြော၊ ဘာပါလိမ့်'
သူ့အတွေးကို အသံနှင့် ဖြတ်လာသည့်
ရုံးက စာရေးမကြီး မသဇင်၏ ခေါ်သံကိုပင် အစက မကြားနိုင်အောင် သူ လွန်သွားခဲ့သည်။
'ဆရာရယ်၊ ဘာတွေ တွေးနေတာလဲ။
ကျွန်မဖြင့် ခေါ်လိုက်ရတာ။ ဧကန္တ မမ ရွှေဘုံစံ ကျောင်းကို ပြန်သွားလို့ ဆရာ
လွမ်းကျန်နေပုံ ရတယ်'
မသဇင်က သူ့ကို နောက်သည်။ သူ
စပ်ဖြဲဖြဲလေး ဖြစ်သွားရင်းမှ 'မဟုတ်ပါဘူးဗျာ။ သမီး အကြောင်း
စဉ်းစားနေတာပါ'ဟု ပြန်ပြောလိုက်သည်။
အရာရှိ သူ့ကို ခေါ်နေသည် ဆိုသဖြင့်
ကုလားထိုင်ပေါ်မှထကာ ပုဆိုးကို ပြင်ဝတ်၊ ဘီရိုထဲက တိုက်ပုံကို ယူဝတ်ပြီး
အရာရှိအခန်းဆီသို့ သူသွားသည်။ ဒီတော့မှပဲ သူ့စိတ်တွေ ပုံမှန်ဖြစ်သွားသည်။
လန်းဆန်းသွားအောင်လေကို တစ်ဝကြီး ရှူပြီး စိတ်ထဲအင်အားတွေ သွင်းသည်။
ခုမှပဲ သူလည်း ရုံးအလုပ်ကို
သတိရသွားပြီး လမ်းလျှောက်ရင်းမှ ဖိုင်တွဲတစ်ခုကို ယူဖွင့်ပြီး လုပ်ငန်းစဉ်များကို
ကြည့်လိုက်ရသည်။
▀
နွေသင်နိုင်
(အမှတ် ၁၈၉၊ သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်