အခန်းဆက်ဝတ္ထုရှည်

မင်းမှုထမ်း အပိုင်း (၂)

ဝင်းငြိမ်း

01 April 2025
မင်းမှုထမ်း အပိုင်း (၂)
Share to

အခန်း (၁)

ငယ်ဘဝ

            တောင်ကုန်းများ ထူထပ်လှတဲ့ ဒါဘီရှိုင်းယား ပြည်နယ်ရဲ့ လမ်းပေါ်မှာ နှစ်ထပ်ဘတ်စ်ကားကြီး တစ်စီးက ၁၉၅၆ ခုနှစ်ရဲ့ တစ်ခုသောညမှာ တအိအိ မောင်းနှင်လျက်ရှိပါတယ်။ အချိန်အားဖြင့် ည ၁၁နာရီ ထိုးလုပါပြီ။ ဒီကားပေါ်မှာ ပါလာတဲ့သူ အများစုက ဒီဒေသမှာ မိရိုးဖလာလုပ်ငန်းတစ်ခုလို ဖြစ်နေတဲ့ ကျောက်မီးသွေးတွင်းတူးလုပ်ငန်း လုပ်ကိုင်ကြသူများပါ။ ဒါကြောင့်လည်း ဒီဒေသရဲ့ လေထုမှာ ကန့်အနံ့၊ ကတ္တရာအနံ့၊ သစ်သား မီးလောင်နံ့များ ထုံမွှမ်းလျက်ရှိနေပြီး ဒေသခံများ အတွက်ကတော့ မထူးခြားတော့ပါဘူး။

            ဘတ်စ်ကားပေါ်မှာ ဦးထုပ်အမည်း ဆောင်းပြီး တစ်ယောက်တည်း ထိုင်လာတဲ့ ခပ်ဝဝအမျိုးသမီး ကြီးတစ်ယောက်က သူဝတ်ဆင်ထားတဲ့ မျက်မှန် အဝိုင်းကလေးကို ဖုန်သုတ်ပြီး ပြန်လည်ဝတ်ဆင် လိုက်ပါတယ်။ သူ့နာမည်က ဆာရာကတ်လို့ ခေါ်ပါတယ်။ မကြာခင်မှာ သူ ဆင်းရတော့မယ့် မှတ်တိုင်ကို ရောက်တော့မှာမို့ အနားမှာချထားတဲ့ လက်ဆွဲအိတ်ကို အဆင်သင့်ဖြစ်အောင် ပေါင်ပေါ် တင်လိုက်ပြန်ပါတယ်။ သူဆင်းရမယ့်မှတ်တိုင်က Grassmoor လို့ခေါ်တဲ့ မှတ်တိုင်ပါ။ အဲဒီမှတ်တိုင်မှာ ဆင်းပြီးရင် လမ်းဖြတ်ကူးရပါမယ်။ လမ်းတစ်ဖက်ကို ရောက်သွားရင် ရွာလယ်လမ်းမကြီးအတိုင်း တည့်တည့် လျှောက်သွားပြီး လမ်းဆုံးမှာ ညာဘက်ကိုကွေ့ကာ အိမ်နံပါတ် ၅၇ လို့ တပ်ထားတဲ့ အိမ်ဟာ သူ့အိမ်ပါပဲ။

            လုပ်ငန်းခွင်ကနေ စနေညများ ပြန်လာခွင့်ရပြီဆိုရင် သူ့သားသမီး ရှစ်ယောက်ထဲက အကြီးဆုံး သမီးဖြစ်တဲ့ ဒေါ်လီနဲ့ စကားတွေ တစ်ဝကြီးပြောဖို့ အခွင့်အရေး ရတာပေါ့။ ဒေါ်လီတို့ မိသားစုက နာမကျန်းဖြစ်နေတဲ့ ဖခင်ကြီး ဝီလျံကို စောင့်ရှောက်ပေးဖို့ တာဝန်ယူထားကြတာပါ။ ဝီလျံကလည်း တစ်ခါတုန်းကတော့ ဒီဒေသရဲ့ လူအများ မိရိုးဖလာလုပ်ကိုင်တဲ့ ကျောက်မီးသွေးတွင်း အလုပ်သမား တစ်ဦးပါပဲ။ ခုတော့ သူ့အဆုတ်ထဲမှာ ကျောက်မီးသွေးအမှုန့်တွေ ပြည့်ကျပ်နေပြီဖြစ်လို့ အိပ်ရာထဲက မထနိုင်တော့ပါဘူး။ ဒါကြောင့်လည်း ဆာရာက ကျောက်မီးသွေးတွင်းရဲ့ အလုပ်သမားတွေ အလုပ်ဆင်းချိန်ကို အချက်ပြတဲ့ နောက်ဆုံး ဥသြမဆွဲခင် အိမ်ပြန်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတတ်ပါတယ်။ အိမ်ပြန်ရမယ့် နောက်ဆုံးဘတ်စ်ကားကို သူစီးလေ့ရှိပါတယ်။ အိမ်ကို ပြန်ရောက်ရင် ည ၁၁း၁၅ အချိန်မှန်ပါ။ ဒါကြောင့်လည်း ဝီလျံက ဇနီးသည်ကို တွေ့ဖို့ဆိုရင် နာရီတကြည့်ကြည့် အမြဲရှိနေတတ်တာပေါ့။

            မှတ်တိုင်မှာ ရပ်ဖို့အတွက် ဘတ်စ်ကားက အရှိန်လျှော့လိုက်ပါပြီ။ ဆာရာက လက်အိတ်ကို ကောက်စွပ်လိုက်ပြီး ပေါင်ပေါ်က လက်ဆွဲအိတ်ကိုကိုင်ကာ ဘတ်စ်ကားပေါ်က ဆင်းလိုက်ပါတယ်။ အိမ်ကို ရောက်ပြီလို့ ဆိုနိုင်လောက်အောင် ဖြစ်သွားပါပြီ။ ပလက်ဖောင်းပေါ်ကို ဆင်းလိုက်ကာ ဘယ်ဘက်ကို ကွေ့ပြီး ရပ်ထားတဲ့ ဘတ်စ်ကား နောက်ဘက်ကနေ လမ်းတစ်ဖက်ကိုကူးဖို့ ပြင်ဆင်လိုက်ခြင်းပါ။ ကန့်အနံ့ပါတဲ့လေကို တဝကြီးရှူလိုက်ပြီး ဘတ်စ်ကားနောက်ဘက်ကနေ လမ်းဖြတ်ကူးလိုက်တဲ့အခါမှာတော့ တစ်ဖက်ကနေ အရှိန်ပြင်းပြင်းမောင်းလာတဲ့ မော်တော် ဆိုင်ကယ်တစ်စီးက ကားနောက်ကွယ်ကနေ ရုတ်တရက် ထွက်လာတဲ့ သူ့ကို မမြင်လိုက်ဘဲ တိုက်လိုက်မိတာ ဆာရာခန္ဓာကိုယ်တစ်ခုလုံး လေထဲမှာ မြောက်တက်သွားပါတော့တယ်။ အချိန်က ည၁၁ နာရီ ၁၅ မိနစ်ကို သီသီကလေး စွန်းခဲ့ပါပြီ။

            ဆာရာကတ်ဆိုတာက ကျွန်တော် မမီလိုက်တဲ့ ကျွန်တော့်အမေ ဘက်က အဘွားပါ။ အဘွားက ဆိုင်ကယ်တိုက်ခံရတဲ့ လမ်းပေါ်မှာပဲ သေဆုံးသွားခဲ့ရှာပါတယ်။ နောင်မှာတော့ ဒီနေရာဟာ ကျွန်တော်တို့ ကလေးများရဲ့ ကစားကွင်းဖြစ်လာခဲ့တာပေါ့။ အဘွား ရုတ်တရက် ကွယ်လွန်သွားချိန်မှာ အသက် ၆၃ နှစ်သာရှိသေးပြီး ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာပေါင်းများစွာ ရရှိပြီး ကွယ်လွန်သွားခဲ့ခြင်းပါ။

            ရက်စက်လွန်းပြီး ကြေကွဲစရာကောင်းတဲ့ အဲဒီကံကြမ္မာအလှည့် အပြောင်းဟာ ကျွန်တော် မမွေးဖွားမီ ၂ နှစ်က ဖြစ်ပျက်ခဲ့တာပါ။ ဒီအဖြစ်အပျက်ကြောင့်လည်း ကျွန်တော့်မိဘ နှစ်ပါး မျှော်မှန်းတာထက် စောပြီး အိမ်ထောင်ပြုဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။ အဘွား ရုတ်တရက် ကွယ်လွန်သွားခြင်းကြောင့် ကျွန်တော်လည်း လောကကြီးထဲကို စောပြီး ရောက်ခဲ့ရတယ်ဆိုရင် မမှားပါဘူး။ မကျန်းမာလို့ အိပ်ရာထဲမှာ လဲနေတဲ့ ကျွန်တော့်ဘိုးဘိုးက အမျိုးသမီးတစ်ဦး လှေကားပေါ်တက်လာသံကို ကြားလိုက်ပါတယ်။ နောက်ဖေးဘက် တံခါးဖွင့်သံကိုလည်း သူကြားလိုက်သတဲ့။ ဝန်ထမ်းကောင်းတစ်ဦးဖြစ်လို့ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ အိပ်ဆောင်ရွှေနာရီ ကလေးကို သူထုတ်ကြည့်လိုက်တော့ ၁၁ နာရီ ၁ဝ မိနစ်သာ ရှိပါသေးတယ်။ ဒီည ဆာရာ ငါးမိနစ်စော ရောက်တယ်လို့ အဘိုးက အောက်မေ့ခဲ့တာတဲ့။

            ခြေသံများက သစ်သားလှေကား မှတစ်ဆင့် သူ့အခန်းဝကို ရောက်လာပြီး သူအင်မတန် ချစ်မြတ်နိုးတဲ့ မျက်နှာဝိုင်းဝိုင်းကလေးတစ်ခု အခန်းဝမှာ ပေါ်လာပါတယ်။ အဲဒီအမျိုးသမီးက ဘွားဘွားမဟုတ်ပါဘူး။ သူ့သမီး အငယ်ဆုံး ကျွန်တော့်မာမီဖြစ်လာမယ့် ဘာရယ်လ်ကတ်ဖြစ်ပါတယ်။ ဘာရယ်က ဘိုးဘိုးရဲ့ ကုတင်ခြေရင်းမှာထိုင်လိုက်ပြီး သူဒီနေ့ သူ့ချစ်သူနဲ့ အနီးအပါးပတ်ဝန်းကျင်ကို လျှောက်လည်ခဲ့တာ ဘယ်လိုပျော်ကြောင်း ဘိုးဘိုးကို ပြောပြနေတာပါ။ ဘာရယ်လ်နဲ့ အတူ လျှောက်လည်ခဲ့တဲ့ ချစ်သူဆိုတာက ကျွန်တော့်ဒက်ဒီဖြစ်လာမယ့် ဂရေဟမ်ဘာရယ်လ်ဖြစ်ပြီး မာမီဟာ ဒက်ဒီရဲ့ ပထမဦးဆုံး ချစ်သူလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒက်ဒီက အသက် ၂၁ နှစ်သာ ရှိသေးပြီး ရွာနဲ့ ၂၁ မိုင် ဝေးတဲ့ နေရာမှာ အလုပ်သွားလုပ်တာပါ။ ဘွားဘွားဆင်းသွားတဲ့ ၂ ထပ် ဘတ်စ်ကားကြီးကို သူ အိမ်အပြန်လမ်းမှာ တွေ့ခဲ့သေးတာတဲ့။

            အိမ်နံပါတ် ၅၇ ရဲ့ တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်သံကြားလိုက်ရတော့ အိမ်ထဲမှာရှိနေတဲ့ အဖေရော၊ သမီးပါ တုန်လှုပ်သွားကြတယ်။ အိမ်နီးချင်း အမျိုးသားကြီးတစ်ဦးက မာမီ လန့်မသွားအောင်လို့ ပခုံးကို ဖက်ထားပြီးမှ 'ဆာရာတော့ ကားအက်ဆီဒင့် ဖြစ်သွားပြီ၊ လာမြန်မြန်လာ... မြန်မြန်လာ....'

            လို့ဆိုပြီး ဆွဲခေါ်သွားသတဲ့။ အပြေးတစ်ပိုင်းနဲ့ မာမီလိုက်သွားပါတယ်။  အဲဒီအချိန်က ၁၁ နာရီ မိနစ် ၂ဝ ပဲ ရှိပါသေးတယ်။ ဝိုင်းအုံနေတဲ့ သူတွေက ဘွားဘွားရဲ့ ရုပ်အလောင်းကို မာမီ မကြည့်စေချင်ကြပါဘူး။ ဒါပေမယ့် မာမီက ကြည့်ပါရစေလို့ တောင်းပန်ပြီး တိုးဝှေ့ဝင်လိုက်တဲ့ အခါမှာတော့ ဘွားဘွားကိုမြင်သွားပြီး တစ်ချက်သာ အော်လိုက်နိုင်ပါသတဲ့။

            စိတ်လွတ်ကိုယ်လွတ် တမ်းတလိုက်တဲ့ အဲဒီတစ်ချက်ကနေ မာမီဘယ်တော့မှ စိတ်ပုံမှန် အနေအထားကို ပြန်မရောက်တော့ပါဘူး။ ကျွန်တော့် ငယ်ဘဝတစ်လျှောက်လုံး ဘွားဘွားကိုတပြီး ငိုနေတဲ့ မာမီကို မြင်ခဲ့ဖူးပါတယ်။ တနင်္ဂနွေနေ့တိုင်း ဘွားဘွားရဲ့ အုတ်ဂူ ရှိရာကိုသွားပြီး သန့်ရှင်းရေးလုပ်၊ လတ်ဆတ်တဲ့ ပန်းကလေးတွေချရင် ရက်သတ္တပတ် တစ်ပတ်အတွင်း အိမ်မှာ ဖြစ်ပျက်ခဲ့သမျှ ဘွားဘွားသိသင့်သိထိုက်တာတွေကို မာမီက တတွတ်တွတ် ပြောပြပါတယ်။ အဝေးရောက်နေတဲ့ အိမ်သားတစ်ယောက်ကို ပြောပြသလိုပါပဲ။ တစ်ခါတလေ ကျွန်တော်လည်း မာမီနဲ့အတူ ဘွားဘွားရဲ့ အုတ်ဂူဆီ ပါသွားတတ်ပါတယ်။ မာမီက တစ်ခါတလေ မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်ရင်းလည်း ဘွားဘွားကို စကားပြောချင်ပြောနေတတ်တာပါ။ ဘွားဘွားဟာ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေတယ်လို့ မာမီက ယုံကြည်ပါတယ်။ 

            ဘွားဘွားရုတ်တရက် ဆုံးပါးချိန်မှာ မာမီအသက်က ၂၁ နှစ် မပြည့်သေးပါဘူး။ ဒီတော့ မာမီက ဒက်ဒီကို 'ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ၂၁ နှစ်မြောက် မွေးနေ့ပါတီလုပ်မလား၊ ဒါမှမဟုတ် လက်ထပ်ကြမလား၊ နှစ်ခုစလုံးလုပ်ဖို့တော့လည်း မတတ်နိုင်ဘူး' လို့ ဆိုသတဲ့။ ဘွားဘွား ရုတ်တရက် ကွယ်လွန်သွားခြင်းဟာ မာမီနဲ့ ဒက်ဒီ အတွက်လည်း အချစ်တွေ ရုတ်တရက် သေဆုံးသွားခြင်းပါပဲ။ သူတို့နှစ်ယောက် ယူကြမလား၊ မယူဘဲ ဒီအတိုင်းနေကြရမလားဆိုတာ ဝေခွဲရ တော်တော် ခက်ခဲ့တာပါတဲ့။

            နောက်ဆုံးမှာတော့ ဒက်ဒီက ဆုံးဖြတ်လိုက်ပါတယ်။ 'ဒါဆိုလည်း တို့များ လက်ထက်လိုက်ကြတာ အကောင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်' တဲ့။ 

            တကယ်လို့ ဘွားဘွားသာ မသေသေးဘူးဆိုရင် ကျွန်တော့်မိဘနှစ်ပါးလည်း လက်ထပ်ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဒါကလည်း ဒက်ဒီကြောင့်ပါ။ ခုတော့ ဘွားဘွားက ရုတ်တရက် ကွယ်လွန်သွားပြီး မာမီမှာ ခိုကိုးရာမဲ့လို ဖြစ်သွားခဲ့တဲ့အတွက် လက်ထပ်ဖို့ အခြေအနေကို တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ အိမ်နံပါတ် ၅၇ မှာက မကျန်းမာနေတဲ့ ဘိုးဘိုးကို ကျွန်တော့် အဒေါ်အကြီးဆုံး အန်တီပါးလ်က ပြုစု ပေးပြီး မေမေက ကူညီပေးရပါတယ်။ အန်တီပါးလ်က ကျွန်တော်တို့လမ်းထဲမှာပဲ အိမ်နံပါတ် ၁၆ မှာနေတာပါ။

            ဘွားဘွားကွယ်လွန်သွားပြီး ၄ လ အကြာမှာ ဘယ်ရယ်လ်ကတ်နဲ့ ဂရေဟမ် ဘာရယ်လ်တို့ လက်ထပ်လိုက်ကြပါတော့တယ်။ အဲဒီနေ့က ၁၉၅၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ပါ။ မင်္ဂလာ ပွဲဆိုပေမယ့် အားလုံးရဲ့ ရင်ထဲမှာ တစ်စုံတစ်ယောက် ပျောက်ဆုံးနေတဲ့အတွက် သတိတရ ခံစားနေကြရပါတယ်။ မင်္ဂလာပွဲ ပြီးပြီးချင်း မာမီက သတို့သမီး ဝတ်စုံနဲ့ပဲ ဘွားဘွားရဲ့ အုတ်ဂူကို သွားကာ သူ့လက်ကိုင် ပန်းစည်းကို ဘွားဘွားရဲ့ အုတ်ဂူပေါ် တင်ခဲ့ပါတယ်။

            မာမီနဲ့ ဒက်ဒီရဲ့ အချစ်သက်တမ်းက ၄ နှစ်ကြာမြင့်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ချစ်ခါစက မာမီက အသက် ၁၇ နှစ်သာ ရှိပါသေးသတဲ့။ သူတို့နှစ်ယောက်က တစ်ရွာတည်းသားတွေ မဟုတ်ကြပါဘူး။ တစ်ရွာစီမှာ မွေးဖွားကြီးပြင်းခဲ့ကြတာပါ။ မာမီက အသက် ၁၇ နှစ်သာ ရှိသေးပေမယ့် အန်တီပါးလ်နဲ့ အတူတူလိုက်ပြီး ကျောက်မီးသွေး အလုပ်သမားများ စားသောက်ဆိုင်မှာ ဝင်ပြီး အလုပ်လုပ်ပါသတဲ့။ အဲဒီဆိုင်က အန်တီးပါးလ်နဲ့ ခင်ပွန်းဖြစ်သူ အာနီဝေါကားတို့ ပိုင်ဆိုင်တာပါ။ အန်တီပါးလ်တို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ဘီယာဆိုင်ကလေး တစ်ဆိုင်ရှိပါတယ်။ ဆိုင်နှစ်ဆိုင်စလုံးမှာ လာရောက်စားသောက်ကြတဲ့ သူတွေဟာ ကျောက်မီးသွေးတွင်းက ဝန်ထမ်းတွေချည်း ဖြစ်တဲ့အတွက် မျက်နှာရင်းတဲ့ သူတွေချည်းပါပဲ။

            ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး နန်းတက်တဲ့ ၁၉၅၂ ခုနှစ်ရဲ့ တစ်ခုသောညမှာပေါ့။ အန်တီပါးလ်တို့ဆိုင်ထဲကို ဒက်ဒီနဲ့ သူ့အစ်ကို ဆီဇယ်လ်တို့ ဝင်လာကြပြီး ဆိုင်ထဲမှာ လုပ်ကိုင်နေတဲ့ မာမီကို မျက်လုံးတွေ ကျွတ်ကျမတတ် ကြည့်ကြသတဲ့။ မာမီက ပြောတာကတော့ 'လူကိုကြည့် လိုက်တာများ မီးဝင်းဝင်းတောက်နေတာပဲ' တဲ့။ ဒက်ဒီကတော့ 'တစ်သက်မှာ ဒီမိန်းမလောက်ချောတာ တစ်ယောက်မှ မတွေ့ခဲ့ဖူးဘူး'လို့ ဆိုတယ်။

            အဲဒီတုန်းက ဒက်ဒီက အသက် ၁၈ နှစ်သာရှိသေးပြီး ရှက်တတ်ကြောက်တတ်တယ်။ ရည်းစားလည်း တစ်ခါမှ မထားဖူးသေးဘူးတဲ့။ ဘီယာလေး ခပ်ထွေထွေကြောင့်သာ ဒက်ဒီက မာမီကို သူ့နဲ့အတူ အပြင်ထွက်လည်ဖို့ ဖိတ်ခေါ်ရဲခဲ့တာလို့ နောင်မှာ မာမီက ကျွန်တော့်ကို ပြန်ပြောပြပါတယ်။ မာမီက သူ့ကိုလက်ခံလိုက်ပြီး တခြားဘယ်ယောကျ်ားကိုမှလည်း လှည့်မကြည့်တော့ပါဘူးတဲ့။ ဒက်ဒီက  သားသမီးငါးယောက်ရှိတဲ့ မိသားစုမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူတို့မိသားစုက ကြက်တွေ၊ ဝက်တွေ မွေးပါတယ်။ ပန်းသီးခြံကိုလည်း ပိုင်တယ်လို့ဆိုပါတယ်။ ဒီဒေသမှာ ရှိတဲ့လူတွေ အားလုံး ကျောက်မီးသွေးတွင်းမှာ ဝင်အလုပ်လုပ်ကြပေမယ့် ဒက်ဒီကတော့ အဲဒီအလုပ်ကို ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် ကျောက်မီးသွေး ဝယ်ယူတဲ့ ကုမ္ပဏီမှာတော့ စာရေးဝန်ထမ်းအဖြစ် ဝင်အလုပ်လုပ်ခဲ့ရပါတယ်။ အားလုံးက တစ်ချိန်ချိန်မှာ ဂရေဟမ်လည်း ကျောက်မီးသွေးတွင်းထဲကို ရောက်လာလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် အဲဒီလို တွင်းထဲ ဆင်းရမှာကို ဒက်ဒီကလည်း အင်မတန်ကြောက်ခဲ့တာပါ။

            အသက်အရွယ်ရောက်သူတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့ အမိန့်ကြောင့် ဒက်ဒီ အိမ်ကနေ နှစ်နှစ် ဝေးကွာသွားခဲ့ပါတယ်။ နိုင်ငံတော်နဲ့ ဘုရင်မကြီးအတွက် တာဝန်ထမ်းဆောင်ရာမှာ ဒက်ဒီက လေကြောင်းမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ကို ပြန်ပြောပြတာကတော့ ဗုံးကြဲလေယာဉ်ပျံကြီးများ ပြေးလမ်းမှာ ဒက်ဒီက လုံခြုံရေးတာဝန်ကျတယ်လို့ ဆိုပါတယ်။

            ၁၉၅၄ ခုနှစ်မှ မွေးရာဇာတိဖြစ်တဲ့ ဒါဘီရှိုင်းယားကို ပြန်ရောက်ခဲ့တာပါ။

            ၁၉၅၈ ခုနှစ် ဇွန်လ ခြောက်ရက်နေ့ဟာ တခြားသူများအတွက် အမှတ်ရစရာ နေ့တစ်နေ့ မဟုတ်နိုင်ပေမယ့် ကျွန်တော့်မိဘများအတွက်ကတော့ အမှတ်တရနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။   နေသာပြီး ခြေခင်းလက်ခင်းသာတဲ့ နွေတစ်ညနေခင်းပါ။ အဲဒီနေ့မှာ ချက်စတာဖီးလ် သားဖွားဆေးရုံမှာ ကျွန်တော့်ကို မွေးဖွားခဲ့ပါတယ်။ ဒက်ဒီတို့က သမီးကလေးတစ်ယောက် မွေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပြီး ယောကျ်ားလေး မွေးလာတဲ့အတွက် တအံ့တသြ ဖြစ်ခဲ့တယ်လို့ နောင်မှာ ပြောပြပါ တယ်။ မိန်းကလေးလို့ ထင်တဲ့အတွက်  သူတို့က နာမည်ကြိုရွေးထားတာက ပင်မလာဂျိန်းပါတဲ့။ ဒါပေမယ့် ဝမ်းဆွဲသည်က 'မစ္စစ်ဘာရယ်လ်ရေ...... ပင်မလာလေး မဟုတ်ဘူးတော့.... ယောကျ်ားလေးတော်ရေ့...' လို့ ပြောလိုက်တော့ သူတို့မှာ တအံ့တသြပေါ့။ ဒါနဲ့ပဲ ပေါလ်လို့ အမည်တွင်မယ့် ကျွန်တော် လူလောကထဲကို ရောက်ရှိလာခဲ့ရပါတယ်။

            လက်ထပ်တဲ့နေ့ကတည်းက မာမီ ရင်ထဲမှာ သားသမီးတစ်ယောက်လောက် အမြန်လိုချင်တယ်ဆိုတဲ့ ဆန္ဒရှိခဲ့ပေမယ့် ဒက်ဒီကတော့ လင်ကိုယ်မယား အေးအေးဆေးဆေးပဲ နေချင်သေးတဲ့အတွက် သားသမီးမလိုချင်သေးပါဘူးတဲ့။ မာမီက ဆိုင်မှာလည်း အလုပ်မလုပ်တော့ဘဲ အိမ်မှာနေပြီး ဘိုးဘိုးကိုပဲ ပြုစုနေရပါတယ်။ ဒီတော့ ဒက်ဒီကို 'ကျွန်မ တစ်နေ့လုံး ဖေဖေ့ကို ပြုစုနေရတာ စိတ်အပမ်းပြေအောင်လို့ သားသမီးတစ်ယောက်လောက်တော့ ယူချင်တယ်' လို့ တောင်းဆိုခဲ့သတဲ့။ ဘိုးဘိုးကို ပြုစုရတဲ့ မာမီဟာ ဘိုးဘိုးအိပ်တော့မှသာ ဒက်ဒီရှိ ရာအိပ်ခန်းကို လာရတာပါ။ နှစ်ယောက်သားတွေ့တော့မှ သူတို့မိသားစုအရေးကို ဆွေးနွေးကြရတယ်ပေါ့။       

၁၉၅၇ ခုနှစ်နိုဝင်ဘာ တစ်ညမှာ မာမီက သူ့မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း  ကြေညာလိုက်တော့ ဘိုးဘိုးရော ဒက်ဒီပါ ဝမ်းမြောက်ဝမ်းသာ ရှိခဲ့ကြတာပါပဲ။

            မာမီက ကျွန်တော့်ကို မွေးဖွားချိန်အထိ သူ့ဖခင်ကို ဂရုတစိုက် ပြုစုမြဲပါ။ သန့်ရှင်းရေး လုပ်ငန်းကအစ မုတ်ဆိတ်နှုတ်ခမ်းမွေးရိတ်တာအဆုံး သူကိုယ်တိုင်ပဲ လုပ်ပေးပါတယ်။ မွေးခန်းထဲမှာ ကျွန်တော့်ကို မမွေးနိုင်သေးခင် မာမီက သူ့အမေကို တပြီးအော်တော့ အပြင်မှာ စောင့်နေတဲ့ ဒက်ဒီက ထွက်ပြေးလိုက်တာ ဆေးရုံကနေ ၆ မိုင်ဝေးတဲ့ သူ့မိဘနှစ်ပါးအိမ်ရောက်တော့မှပဲ ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ရောက်သွားလို့ သူ့မာမီက 'ဟဲ့... ဘာဖြစ်လာတာလဲ၊ မိန်းမ ကလေးမွေးတာ ဆန်းသလား၊ နင်ကိုယ်တိုင်များ မွေးရရင် ခက်ပဲ ခက်ရချည်ရဲ့' လို့ ဆီးပြီး ဆူသတဲ့။

            ဆေးရုံမှာတော့ ကျွန်တော့်ကို မွေးပြီးပါပြီး။ အနှီးနဲ့ ထုပ်ထားတယ်ပေါ့။ အချိန်က ည ၈ နာရီ။ မိခင်ရော ကလေးပါ ကျန်းမာတယ်ဆိုတဲ့ သတင်းကို နှစ်ဖက်မိဘတွေ သိသွားကြပါပြီ။ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ အဆောင်နာမည်က ဒုတိယမြောက် အဲလိဇဘက်ဘုရင်မ အဆောင်ပါတဲ့။ 

            ချက်ပယ်လ်လမ်း အိမ်နံပါတ် ၅၇ ကို ကျွန်တော်ရောက်ပြီး ၆ လ အကြာမှ ဘိုးဘိုးက အိမ်နံပါတ် ၁၆ မှာရှိတဲ့ အန်တီပါးလ်တို့အိမ်ကို ပြောင်းသွားပါတယ်။ အန်တီပါးလ်က မုဆိုးမဖြစ်သွားတာ မကြာသေးတဲ့အတွက် ဘိုးဘိုးကို ပြုစုဖို့လည်း အချိန်ပိုရလာတာပေါ့။ ကလေးတစ်ဖက်နဲ့ ဘိုးဘိုးကို ပြုစုရမယ်ဆိုရင် ကျွန်တော့်မာမီ ပင်ပန်းမှာဆိုးလို့ အန်တီပါးလ်က ဘိုးဘိုးကို ခေါ်သွားတာ နေမှာပါ။ နောက်နှစ်နှစ်အတွင်းမှာ မာမီက ကိုယ်ဝန်ရှိလာပြန်ပါတယ်။ ဒီတစ်ခါတော့ ဒက်ဒီကလည်း လိုလိုလားလားပါ။ သမီးလေးတစ်ယောက် လိုချင်ကြတာကြောင့် တစ်အိမ်လုံး ရှိသမျှနေရာတွေမှာ မိန်းကလေးပုံတွေ ကပ်ထားတာ ကျွန်တော် မှတ်မိပါသေးတယ်။

            ကမ္ဘာကြီးရဲ့ တစ်နေရာမှာရှိတဲ့ မိသားစုတစ်စုကတော့ ကျွန်တော်တို့နဲ့ မတူ ထူးခြားနေပြန်ပါတယ်။ သူတို့က ကလေးတစ်ယောက်ကို လိုချင်ကြတယ်။ သူတို့နေတဲ့ ဒေသက အင်္ဂလန်နိုင်ငံ နော်ဖောက်ဒေသရဲ့ ဆန်ဒရင်ဟမ်ဆိုတဲ့ နေရာမှာပါ။ အဲဒီမှာ စပင်ဆာစ် မိသားစုများ ရှိပါတယ်။ သူတို့မှာ ဂျိန်းနဲ့ ဆာရာဆိုတဲ့ သမီးနှစ်ဦး ထွန်းကားပြီးပါပြီ။ ဂျွန်ဆိုတဲ့ သားကလေးတစ်ဦး ထွန်းကားခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ခါ မွေးလာမယ့် ကိုယ်ဝန်ဟာ ယောကျ်ားလေးပဲ ဖြစ်ရမယ်လို့ တမ်းတနေကြတာပါ။ အဲဒီ သားရတနာဟာ ဖခင်ဖြစ်သူ မြို့စားရဲ့ အရိုက်အရာကို ဆက်ခံခွင့်ရမယ့်သားလည်း ဖြစ်ပါသတဲ့။

            ၁၉၆၁ ခုနှစ်မှာတော့ မိသားစုနှစ်စုစလုံးရဲ့ ဆန္ဒတွေဟာ ပြောင်းပြန် ဖြစ်ကုန်ပါတယ်။

            ကျွန်တော်တို့ မိသားစုမှာ အန်သိုနီဝီလျံအမည်ရှိတဲ့ ညီတစ်ဦးကို မတ်လ ၃ဝ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဒီတစ်ခါ မာမီက ဆေးရုံတက်မနေတော့ဘဲ အိမ်နီးနားချင်း အမျိုးသမီးကြီးတစ်ဦးရဲ့ အကူအညီနဲ့ အိမ်မှာတင် မွေးဖွားခဲ့ပါတယ်။ သမီးတစ်ယောက် လိုချင်တယ်ဆိုပေမယ့် ကျန်းမာသန်စွမ်းတဲ့ ဒုတိယမြောက် သားရတနာ မွေးဖွားလာတော့လည်း ဒက်ဒီနဲ့ မာမီမှာ ဝမ်းသာဂုဏ်ယူမဆုံးပါဘူး။ ဆာသရင်ဟမ်မှာတော့ မြို့စားအရိုက်အရာ ဆက်ခံမယ့် သားရတနာ မမွေးဖွားဘဲ ဇူလိုင်လ ၁ ရက်နေ့မှာ တတိယမြောက် သမီးရတနာကိုသာ မွေးဖွားခဲ့ပါတယ်။ အဲဒီ သမီးရဲ့ နာမည်က ဒိုင်ယာနာ ဖရန်စစ္စဖြစ်ပြီး ကျွန်တော့်ထက် ၃ နှစ်ငယ်ပါတယ်။

            ညီလေး အန်သိုနီ မမွေးဖွားမီ သုံးလအလို ၁၉၆ဝ ပြည့်နှစ် ဒီဇင်ဘာလမှာ ဘိုးဘိုး ကွယ်လွန်သွားခဲ့ပါတယ်။ ဘိုးဘိုးရဲ့ အသုဘ အခမ်းအနားကို ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေခဲ့ ပါတယ်။ ဧည့်ခန်းအလယ်ကောင်မှာ ဘိုးဘိုးကို ထည့်ထားတဲ့ ခေါင်းချထား ပြီး ဧည့်ခန်းထဲမှာ အိမ်နီးနားချင်း လူကြီးများနဲ့ ပြည့်နက်နေပါတယ်။ အားလုံးက အနက်ရောင်အဝတ်တွေ ဝတ်ဆင်ထားကြပြီး ဘိုးဘိုးကို မမြင်ရတော့တဲ့အတွက် ကျွန်တော်လည်း ငိုနေမိပါတယ်။ နောင်မှာ မာမီက ပြန်ပြောပြတာကတော့ တစ်လမ်းလုံးက ရှိသမျှ အိမ်တွေရဲ့ ပြတင်းပေါက်များမှာ ခန်းဆီးတွေ ပိတ်ကာထားပြီး ဘိုးဘိုးကို အလေးအမြတ်ပြုကြောင်း ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ရွာရဲ့ ဓလေ့ထုံးစံက အသုဘ မသင်္ဂြိုဟ်မီ နောက်ဆုံးညမှာ မိတ်ဆွေများနဲ့ ဆွေမျိုးများ ဖယောင်းတိုင်မီးရောင်နဲ့သာ ခေါင်းရှိရာ အခန်းထဲမှာ နေခြင်းဖြင့် ကွယ်လွန်သူကို အလေးအမြတ် ပြုကြရတဲ့ အစဉ်အလာရှိပါတယ်။ 

            အိမ်နံပါတ် ၅၇ မှာ နေထိုင်စဉ်ကာလက ကျွန်တော် အရမ်းငယ်သေးတဲ့အတွက် သိပ်တော့ မမှတ်မိလှပါဘူး။ မှတ်မိတာ တစ်ခုရှိသေးတယ်။ ရေချိုးတဲ့အခါ အိမ်နောက်ဖေးမှာ ချိုးရတဲ့ ကိစ္စပါ။ ကျောက်မီးသွေးနဲ့ တည်ထားတဲ့ ရေနွေးအိုးထဲကနေ ခပ်ပြီး ရေအေးနဲ့စပ်ကာ ရေချိုးရပါတယ်။ အဲဒီအခါမှာ မာမီက မျက်နှာသုတ်ပဝါ တစ်ထည်ကိုင်ပြီး အဆင်သင့် စောင့်နေတတ်ပါတယ်။ ကျွန်တော်တို့ အိမ်က အမြဲတမ်း အေးစက်နေတာပါ။ ရေချိုးရတာ အရမ်းအေးပါတယ်။ ဒါကြောင့် အအေးမမိအောင်လို့ မာမီက ကမန်းကတန်း သုတ်ပေးတာပါ။        

ဘိုးဘိုးဆုံးပြီး သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ မိသားစု အိမ်နံပါတ် ၄၇ သို့ ပြောင်းခဲ့ကြပါတယ်။ နေခဲ့တဲ့ အိမ်နှစ်အိမ်စလုံးဟာ အနောက်ဘက် မျက်နှာပြုများဖြစ်ပြီး အိမ်ရှေ့မှာ လယ်ကွင်းများသာ ရှိပါတယ်။ အိမ်သစ်မှာ ကျွန်တော်ရတဲ့ အခန်းပြတင်းပေါက်က ကြည့်လိုက်မယ်ဆိုရင် တစ်မျှော်တစ်ခေါ် ရှိနေတဲ့ ကွင်းပြင်ကြီးများက မျက်စိတစ်ဆုံးပါပဲ။ ဟိုးအဝေးကြီးမှာ တောင်တန်းကြီးတွေကိုလည်း တွေ့နေရပါတယ်။ ကွင်းထဲမှာကတော့ မြင်းပုကလေးများ ကျက်စားနေကြတာကိုလည်း မမြင်ချင်အဆုံးပါ။

            အိမ်နံပါတ် ၄၇ ကို ကျွန်တော်တို့ ပြောင်းလာကြတော့ မာမီက ဒီအိမ်ဟာ အရင်အိမ်ထက် ကောင်းတယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအိမ်မှာ ရေချိုးခန်း သီးခြားပါတဲ့အတွက် ကျွန်တော်တို့ ရေချိုးရာမှာ အဆင်ပြေလို့ပါပဲ။  အိမ်လခကလည်း အရင်အိမ်ထက်တော့ ဈေးကြီးပါတယ်။ ဒါပေမယ့် အိမ်က ပိုကောင်းတဲ့အတွက် ပေးရတာ တန်တယ်လို့ မာမီက ပြောပါတယ်။ အသုံးစရိတ် များလာတဲ့အတွက် ဒက်ဒီက အလုပ်ပိုလုပ်ရပါတယ်။

            ကျွန်တော်တို့အိမ်က အရင်အိမ်ထက် ပိုကောင်းတယ်ဆိုပေမယ့် ခန်းလုံးပြည့် ကော်ဇောခင်းထားတာတွေ ဘာတွေ မရှိပါဘူး။ ဖယောင်းပုဆိုးသာ ခင်းထားတာပါ။ အဖြူအမည်း ရုပ်မြင်သံကြားစက်ကလေး တစ်လုံးလည်း ရှိပါတယ်။ တစ်ခါတလေမှာ အရုပ်တွေက မှုန်တိမှုန်ဝါး ဖြစ်သွားတတ်သေးတာကြောင့် ဒက်ဒီက ဝါယာကြိုးနဲ့ ဆက်ပြီး အိမ်ပြင်ကို ထုတ်ထားရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်မြင်သံကြားစက်ကလေးရှိတာကြောင့် ကျွန်တော် တို့မိသားစုမှာ ဘီဘီစီက ထုတ် လွှင့်တဲ့ ဖျော်ဖြေရေး ဇာတ်လမ်းတွဲတွေကို ကြည့်ခွင့်ရခဲ့တာ အမှန်ပါပဲ။

            ကျွန်တော် အသက် ၅ နှစ်အရွယ်မှာ မာမီကို ကူညီလုပ်ကိုင်ပေးတတ်ပါပြီ။ တနင်္လာနေ့တိုင်း မာမီအဝတ်လျှော်တဲ့အခါ ကျွန်တော်က ကူညှစ်ပေးတတ်ပြီး အင်္ဂါနေ့ကတော့ အိမ်မှာရှိတဲ့ ကြေးထည်ပစ္စည်းတွေကို အရောင်ပြောင်လက်လာအောင် တိုက်ချွတ်ဆေးကြောရတဲ့နေ့ပါပဲ။ ကျွန်တော်က ကလေးဆိုတော့ သတင်းစာ စက္ကူအပိုင်းအစများနဲ့သာ ကြေးထည်များကို ပွတ်တိုက်ပေးရပြီး မာမီကတော့ ကြေးချွတ်ဆေးနဲ့ ပြောင်လက်လာအောင် ပွတ်တိုက်ရတာဖြစ်လို့ အဲဒီနေ့တွေဆိုရင် မာမီလက်မှာ မည်းသည်းနေတာပါပဲ။ စိတ်ထဲမှာတော့ ငါကြီးလာရင် ဒီလို ပွတ်တိုက်ဆေးကြောရတဲ့ ကြေးထည်တွေမဟုတ်ဘဲ အမြဲတစေ အရောင်ထွက်နေမယ့် အကောင်းစား ကြေးထည်တွေကို အမေ့အတွက် ဝယ်ပေးမယ်လို့ တွေးခဲ့မိပါတယ်။ ကျွန်တော်တို့အိမ်မှာ တန်ဖိုးထားရတဲ့ ပစ္စည်းနှစ်ခုရှိပါတယ်။ တစ်ခုက သစ်သားနာရီကြီး တစ်လုံးပါ။ ဒီနာရီကြီးက ၁၅ မိနစ် တစ်ကြိမ် သံစုံ ထွက်ပေါ် လေ့ရှိပါတယ်။ ဒါကလည်း ကျွန်တော် ကလေးဘဝကတည်းက ကြားခဲ့ရတဲ့ သံစဉ်ဖြစ်နေပါပြီ။ နောက်တစ်ခုကတော့ စန္ဒရားကြီးတစ်လုံးပါ။ ကျွန်တော်တို့အိမ် ဧည့်ခန်းမှာ ခန့်ခန့်ထည်ထည် နေရာယူထားတာပေါ့။ ငယ်ငယ်ကတည်းက တစ်ပတ်တစ်ခါ မာမီရယ်၊ သူ့သူငယ်ချင်းတွေရယ် ဒီစန္ဒရားကြီးကို တီးကြပြီး သီချင်းတွေ ဆိုကြလေ့ရှိပါတယ်။

            မာမီက သူ့အိမ်သန့်ရှင်းသပ်ရပ်တာကို အင်မတန် ဂုဏ်ယူတတ်ပါတယ်။ မနက်မိုးလင်းတာနဲ့ တစ်ပြိုင်နက် အိမ်သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်တာပါ။ လှေကားထစ်တွေကအစ ကာဘော်လစ်ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပြီး ပြတင်းပေါက် မှန်များကိုလည်း ရှာလကာရည်နဲ့ ပြောင်လက်နေအောင် တိုက်ချွတ်ဆေးကြော လေ့ရှိပါတယ်။ ခန်းဆီးတွေကိုဆိုရင်လည်း ဘယ်တော့မှ ဟောင်းနွမ်းသွားရတယ်မရှိအောင် လျှော်ဖွပ်ထားတတ်ပါတယ်။

            အိမ်ရဲ့ စီးပွားရေး အခြေအနေကတော့ အမြဲတစေ ငွေကျပ်နေတတ်တာပါပဲ။ ကျွန်တော်တို့အိမ်မှာ တစ်စုံတစ်ယောက် နေမကောင်းဖြစ်မှသာ လတ်ဆတ်တဲ့ အသီးအနှံတွေ စားခွင့်ရပါတယ်။ ကျွန်တော် အသက် ၈ နှစ် အရွယ်လောက်တုန်းက အသားဝါရောဂါ ဖြစ်တဲ့အတွက် လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီးတွေကို ပထမဆုံးအကြိမ် ဝဝလင်လင် စားခဲ့ရပါတယ်။ နေမကောင်းတဲ့လူရဲ့ ကုတင်ဘေးမှာ ပန်းအိုးထိုးတယ်ဆိုတာကလည်း ကျွန်တော်တို့လို လက်လုပ်လက်စား လူတန်းစားများအတွက် ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့ပါဘူး။ အသုဘမှာသာ ပန်းအိုးထိုးနိုင်ခဲ့တာပါ။

            အပတ်စဉ် သောကြာနေ့ညတိုင်း ဒက်ဒီက သူ့လုပ်အားခကို ယူဆောင်လာလေ့ရှိပြီး မာမီလက်ကိုအပ်ပါတယ်။ မာမီက အသုံးစရိတ်များအတွက် ခွဲဝေပါတယ်။ ပထမဦးဆုံး ဖယ်တာကတော့ အိမ်ငှားခပါ။ နောက်တော့မှ စားစရိတ်ကို ချန်ပါတယ်။ စားစရိတ် ပိုက်ဆံထဲက တချို့ကို ဒက်ဒီက ယူသွားပြီး ငါးရောင်းတဲ့ဆိုင်မှာ တစ်နာရီလောက် တန်းစီရပါတယ်။ ကျွန်တော် တို့မိသားစုရဲ့ စနေညများဟာ ငါးနဲ့ အာလူးကြော်စားရတဲ့ ညများပါပဲ။ အိမ်မှာ အိမ်သုံးစရိတ် ပြတ်တဲ့အခါတွေလည်း အကြိမ်များစွာ ကြုံရပါတယ်။ အဲဒီကာလက စီးပွားရေး အကျပ်အတည်း ကာလဖြစ်လို့ အိမ်သုံးစရိတ်ပြတ်ပြီဆိုရင် မာမီက ကျောက်မီးသွေး တွင်းတူးသမားများ သမဝါယမမှာ ငွေသွားချေးရပါတယ်။

            ကျွန်တော်အရွယ်ရောက်လာချိန်မှာ သတိထားမိတာကတော့ ကျွန်တော်တို့ ဆွေမျိုးများထဲမှာ ကျွန်တော်တို့ မိသားစုက အဆင်းရဲဆုံး ဖြစ်တယ်ဆိုတာပါပဲ။ မာမီ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ အန်ကယ်လ်ဘီလ်ဆိုရင် မော်တော်ကားများနဲ့ ဓာတ်ဆီရောင်းပါတယ်။ သူ့ကားဂိုဒေါင်ကြီး မျက်နှာစာမှာ အနီနဲ့ အပြာ ရေးဆွဲထားတဲ့ ဧရာမ ဆိုင်းဘုတ်ကြီးကို တွေ့နိုင်ပါတယ်။ သူ့မှာ မော်တော်ကားတွေ အများကြီးရှိတဲ့အတွက် အန်ကယ်လ်ဘီလ်ဟာ သန်းကြွယ်သူဌေးကြီး တစ်ဦးလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့် ဒက်ဒီခမျာ တစ်ပတ်ရစ် မော်တော်ကား စီးခွင့်ရခဲ့တာပါ။ ကျွန်တော်တို့ မိသားစု ပထမဦးဆုံး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ တစ်ပတ်ရစ် မော်တော်ကားက မောရစ္စမိုင်နာ မော်တော်ကား အနက်ကလေးပါ။  ဒီနောက်မှာတော့ ၁၉၅၇ ခုနှစ်ထုတ် ဖို့ဒ်ဇက်ဖားကား ပြောင်းစီးကြပါတယ်။ အဲဒီကားကြီးက အပြာနဲ့ နို့နှစ်ရောင် နှစ်ရောင်စပ်ဖြစ်ပါတယ်။ အဲဒီကား နှစ်စင်းစလုံးမှာ ထိုင်ခုံတွေက သားရေထိုင်ခုံတွေ ဖြစ်တဲ့အတွက် ဘောင်းဘီတို ဝတ်တဲ့ ကျွန်တော်တို့ ညီအစ်ကို နွေရာသီကာလ ကျောင်းသွားတိုင်း မထိုင်နိုင်လောက်အောင် ပူလောင်ခဲ့တာပေါ့။  

            အန်ကယ်လ်ဘီလ်ရဲ့ ဒုတိယဇနီး ဖြစ်တဲ့ အန်တီမာဂျီက ပိန်ပိန်ပါးပါးနဲ့ ဘာပဲဝတ်ဝတ် သေသေသပ်သပ် ဝတ်တတ်တဲ့ အမျိုးသမီးကြီးတစ်ဦးပါ။ ကျွန်တော်ငယ်ငယ်ကဆိုရင် အန်တီမာဂျီဟာ ရုပ်ရှင်မင်းသမီး တစ်ဦးကျနေတာပဲလို့ မှတ်ထင်ခဲ့ပါတယ်။ ကျွန်တော့် မာမီကတော့ ပွင့်ရိုက်ထည်များ ကို ဝယ်ယူပြီး သူကိုယ်တိုင် ချုပ်ဝတ်တာပါ။ အန်တီမာဂျီကတော့ အသင့်ချုပ်ပြီး ဝတ်စုံများကို သူ့သမီးနှစ်ယောက်ဖြစ်တဲ့ စန္ဒရာ၊ ရှီလာတို့နဲ့အတူ ဝတ်ဆင်လေ့ရှိပါတယ်။ သူတို့ မိသားစုက ချမ်းသာတော့ အဲဒီခေတ်က ထုတ်တဲ့ ဖိုတိုပလေး မဂ္ဂဇင်းများကို သူတို့ကိုယ်ပိုင် ဝယ်ယူဖတ်ရှုနိုင် ခဲ့ကြပါတယ်။ အဲဒီ မဂ္ဂဇင်းမှာ ရုပ်ရှင် မင်းသမီးကြီးများဖြစ်ကြတဲ့ အဲလိဇဘက်တေလာ၊ ဂျီးန်ဆိုင်မွန်၊ ဘက်တီဒေးဗစ္စ၊ ဂျိန်းမင်စဖီးလ်တို့ရဲ့ပုံတွေ ဝေဝေဆာဆာ ဖော်ပြထားတာပေါ့။ သူတို့အိမ်ကိုသွားရင် ကျွန်တော်က အမြင့်မှာတင်ထားတဲ့ အဲဒီမဂ္ဂဇင်းတွေကို သိပ်ဖတ်ချင်တာပေါ့။

            'အဲဒီစာအုပ်တွေ နင်လိုချင်ရင် ယူသွား၊ ငါတို့ဖတ်ပြီးပြီ' လို့ စန္ဒရာက ပြောလိုက်တဲ့အခါမှာ ကျွန်တော့် ကံကြမ္မာကို ကျွန်တော်မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူ့စိတ်ပြောင်း မသွားခင် ကျွန်တော်နိုင်သလောက် မပြီးပြန်ခဲ့တာပေါ့။ အဲဒီစာအုပ်တွေကို ကျွန်တော့်အိပ်ခန်းထဲမှာထားပြီး ကြိုက် နှစ်သက်တဲ့ မင်းသမီးတွေရဲ့ပုံကို စာအုပ်မှ ဖြုတ်ကာ ကျွန်တော့်အိပ်ခန်း နံရံများပေါ်မှာ ကပ်တော့တာပေါ့။

            ကျွန်တော့်ညီငယ်ဖြစ်တဲ့ ဂရေဟမ် (ကျွန်တော့်ဒက်ဒီနဲ့ နာမည်တူထားပါတယ်) က မမျှော်လင့်ဘဲ ကျွန်တော်တို့မိသားစုထဲကို ဝင်လာခဲ့သူလို့ ဆိုရပါမယ်။ မာမီက ကိုယ်ဝန်ရှိကြောင်း သိလိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော်မမွေးခင်က ရွေးချယ်ခဲ့ကြတဲ့ မိန်းကလေးနာမည် ပင်မီလာဂျိန်းက သူတို့ရင်ထဲမှာ နောက်တစ်ကျော့ ပြန်ပေါ်လာကြပြန်ပါရော။ တတိယ မြောက်ရင်သွေးဟာ ၁၉၆၅ ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားမယ်ဆိုတာ သိထားတော့ မာမီက နိုဝင်ဘာလ အတွင်းမှာကျရောက်မယ့် ဘွားဘွားကွယ်လွန်တဲ့ရက် ၉ နှစ်မြောက်နေ့မှာ မွေးပါရစေလို့ နေ့စဉ်ဆုတောင်းခဲ့တာပေါ့။

            နိုဝင်ဘာလ ၄ ရက်နေ့မှာ မာမီ ရေမွှာပေါက်ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက်က ၇ နှစ်ရှိပြီဖြစ်လို့ ဗိုက်နာတဲ့ ဝေဒနာခံစားနေရတဲ့ မာမီကို မှတ်မိနေသလို ဆေးရုံကားပေါ်မှာ တင်ပြီး ခေါ်ဆောင်သွားကြတာကိုလည်း မှတ်မိနေကြပါတယ်။ ကားတံခါးကြီး မပိတ်လိုက်ခင်မှာ မာမီက 'ဘုရား၊ ဘုရား ဒီနေ့တော့ မမွေးပါရစေနဲ့' လို့ ဆုတောင်းသံ ကြားဖြစ်အောင် ကြားလိုက်ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ မာမီ သေများသွားမလားလို့တောင် ထင်ခဲ့မိတာပါ။ သူမွေးချင်တဲ့ရက်ကျမှ မွေးရမယ်ဆိုရင် နောက်ထပ်နာရီပေါင်းများစွာ နာကျင်တဲ့ ဝေဒနာကို ခံစားနေရဦးမှာပါ။ သူ့ ကိုယ်စောင့်နတ်များက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ဟန်တူပါရဲ့။ နောက်နေ့ကူးတဲ့အထိ ဗိုက်နာနေခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ ည ၁၁ နာရီကျမှ ကျွန်တော့်ညီငယ် ဂရေဟမ်ကို ညှပ်ဆွဲပြီး မွေးခဲ့ရပါတယ်။ ဖွားဖွားကွယ်လွန်တဲ့ ၉ နှစ်နှစ်ပတ်လည်အချိန်နဲ့ ၁ဝ မိနစ်သာ ကွာပါတယ်။

            ကျွန်တော့် ငယ်ဘဝက သာမန်ကလေးငယ်များလိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပါ။ တစ်လမ်းလုံးမှာလည်း အမျိုးတွေက များတာကြောင့် ဘယ်အိမ်ကိုပဲဝင်ဝင်၊ ဘယ်အိမ်ကိုပဲ ထွက်ထွက် တံခါးမရှိ၊ ဓားမရှိ ဝင်ထွက် သွားလာခဲ့ကြပါတယ်။

            ကျွန်တော်ငယ်ငယ်က တက်ခဲ့ရတဲ့ အလယ်တန်းကျောင်းက Grass Moor အလယ်တန်းကျောင်းပါ။ မစ္စတာ သောမတ်စ်ဆိုတဲ့ဆရာက ကျွန်တော်တို့ကို ဘာသာစုံ သင်ကြားပေးပါ တယ်။ ဆရာက အသံသြဇာ ကောင်းပါတယ်။ တစ်ခန်းလုံးကြားအောင် သင်နိုင်တဲ့ ဆရာပါပဲ။ တစ်ရက်မှာတော့ ဆရာက 'မင်းတို့ကျောင်းက ထွက်တဲ့အခါ ဘာအလုပ် လုပ်ချင်ကြတယ်ဆို တဲ့အကြောင်း စာစီစာကုံးတစ်ပုဒ် ရေးကြစမ်း' လို့ ခိုင်းပါတယ်။

            အတန်းထဲမှာရှိတဲ့ ကျောင်းသား ၃ဝ လောက် အသံတိတ်သွားကြပြီး ဘာလုပ်မယ်ဆိုတာ စဉ်းစားကြပါတယ်။ ကျောင်းသားအများစုကတော့ သူတို့ဖခင်များရဲ့ ခြေရာကိုနင်းပြီး ကျောက်မီးသွေးတွင်းမှာ လုပ်မယ်လို့ စာစီစာကုံး ရေးကြပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက် ၁ဝ နှစ်သာ ရှိသေးပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကျောက်မီးသွေးတွင်းမှာ ဘယ်တော့မှ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ်ချက်ရှိနေခဲ့ပါပြီ။ မြေအောက် မှောင်မှောင်မည်းမည်းထဲမှာ အလုပ်လုပ်ရပြီး  လုပ်သက် ရလာတဲ့အခါမှာ ကျောက်မီးသွေးမှုန်တွေက အဆုတ်ထဲမှာ ပြည့်ကျပ်ကာ ရောဂါရကုန်ကြတာ ကျွန်တော့်မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။ ဒါကြောင့် ကျွန်တော်က 'ကျွန်တော် ကြီးလာရင် ဝန်ကြီးဌာတစ်ခုခုမှာ အလုပ်လုပ်မယ်' လို့ ခေါင်းစဉ်တပ်ပြီး စာစီစာကုံးကို ရေးခဲ့ပါတယ်။ ဒီလို စိတ်ဓာတ်ဝင်လာခြင်းဟာ ကျွန်တော့်မာမီက သွင်းပေးထားတဲ့ အတွေးအခေါ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အရွယ်တုန်းက ကျွန်တော်ဟာ အင်မတန် ရှက်တတ်ကြောက်တတ်သူဖြစ်ပြီး  စကားလည်း ပွင့်ပွင့်ပြောခဲ့သူမဟုတ်ပါဘူး။

            စာစီစာကုံးတွေ ရေးပြီးလို့ တင်လိုက်ကြတော့ ဆရာသောမတ်စ်က ကျွန်တော့်စာစီစာကုံးကို တစ်တန်းလုံးကြားအောင် ဖတ်ပြလိုက်ပါတယ်။ ကျွန်တော့်မျက်နှာတစ်ခုလုံး နီရဲသွားပြီး သူငယ်ချင်းတွေကလည်း ဝိုင်းဟားကြပါတယ်။ အဲဒီတုန်းက ဆရာ သောမတ်စ်ကို ကျွန်တော် တော်တော် ဒေါသဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် ခုနေခါမှာ ပြန်စဉ်းစားကြည့်တော့ အများတကာနဲ့မတူ ကျောက်မီးသွေးတွင်းတူး သမားလုပ်မယ်လို့ မရေးခဲ့ဘဲ မင်းမှုထမ်းတစ်ဦး လုပ်ချင်တယ်လို့ ရေးခဲ့တဲ့ ကျွန်တော့်စာစီစာကုံးဟာ သမားရိုးကျလမ်းစဉ်ကို ဖောက်ထွက်ရာကျလို့ ဆရာက ရွေးချယ်ဖတ်ပြခဲ့ တာပဲလို့ သဘောပေါက်လာမိပါတယ်။ တကယ်တော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိသမျှ ယောကျ်ားကြီးများဟာ ကျောက်မီးသွေး အလုပ်သမားတွေချည်းပါပဲ။ ပညာတတ်လူတန်းစား ဖြစ်အောင် ကြိုးစားမယ်လို့ ဘယ်သူမှ စိတ်ကူးမရှိခဲ့ကြပါဘူး။ ကျွန်တော့် မိသားစုထဲမှာတောင် ညီနှစ်ယောက်ဖြစ် တဲ့ အန်တိုနီနဲ့ ဂရေဟမ်တို့က ကျောက်မီးသွေးအလုပ်ကိုပဲ ဝင်လုပ်ခဲ့ကြတာပါ။

            အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းတက်ဖို့ဆိုတာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စဉ်းစားအပ်တဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ အထက်တန်းကျောင်း ရောက်ပြီဆိုရင် လူငယ်ကလေးများက လူပျိုဘဝ ရောက်လာကြပြီး ဒီအင်အားတွေဟာ ကျောက်မီးသွေးတွင်းမှာ လိုအပ်တဲ့ လုပ်အားများအတွက် ဖြည့်တင်းပေးမယ့် ဝန်ထမ်းတွေပဲပေါ့။ အဲဒီလို လူရွယ်တွေထဲမှာ ကျွန်တော်ကတော့ ခြွင်းချက်လို့ ဆိုရပါလိမ့်မယ်။ ၁၁ တန်းအောင် မြင်ပြီးချိန်မှာ ကျွန်တော့်ဘဝထဲကို မစ္စတာ သောမတ်စ် ဝင်ရောက်လာခဲ့ပါတယ်။ သူက ကျွန်တော့်မိဘများကို ကျွန်တော်နဲ့ပတ်သက်ပြီး ဒီကလေးဟာ ပညာရေးမှာ အလားအလာရှိတဲ့ကလေး ဖြစ်တာကြောင့် ပညာရေးကို ဆက်လက် အားပေးသင့်တယ်လို့ တိုက်တွန်းစကား ဆိုလိုက်ခြင်းပါပဲ။

            ဆရာသောမတ်စ်ရဲ့ တိုက်တွန်းမှုကို ကျွန်တော့်မိဘများကလည်း လက်ခံခဲ့ကြတာကြောင့် ကျွန်တော်တို့ ဇာတိမြေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ William Rhodes အလယ်တန်းကျောင်းကို ရောက်ရှိခဲ့ပါတယ်။ ဒီကျောင်းက သဒ္ဒါနည်းကျကျ သင်တဲ့ကျောင်းမဟုတ်ပေမယ့် တခြားကျောင်းများထက်တော့ အဆင့်မြင့်တယ်လို့ ဆိုရပါမယ်။

            ဒီကျောင်းမှာ နေခွင့်ရလိုက်ခြင်းကိုက ကျွန်တော်တို့ ဇာတိမြေမှာတော့ ဂုဏ်တစ်ခုပါပဲ။ ကျောင်းတက်ဖို့အတွက် မိဘများက ဝတ်စုံအသစ် ဝယ်ပေးကြပါတယ်။ ဈေးတော်တော်ကြီးလိမ့်မယ်လို့ ကျွန်တော် မှန်းမိပါတယ်။ ကျောင်းသွားဖို့အတွက် ကျွန်တော့်မိဘများက မီးရထားနဲ့ လိုက်ပို့ ကြမှာပါ။ ကျွန်တော့်ဘဝမှာ မီးရထား စီးရခြင်းဟာ ဒါပထမဆုံးအကြိမ်ပါပဲ။ ၁၉၆၉ ခုနှစ်မှာ ကျွန်တော် ကျောင်းစတက်ခဲ့ရတော့ ကျွန်တော့်ဘေးမှာ လိုက်ပါလာခဲ့တဲ့ အမေ့မျက်နှာက ဂုဏ်ယူနေတာ အပြည့်အဝ ဖြစ်တယ်ဆိုတာကို ကျွန်တော် မှတ်မိနေပါတယ်။

            ကျောင်းကြို နှစ်ထပ်ဘတ်စ်ကားကြီး ကျွန်တော် စီးခဲ့ပါတယ်။ ကားပေါ်တက်သွားတော့ ကျွန်တော်နဲ့ ယူနီဖောင်းတူ၊ ကျောင်းတံဆိပ်ချင်းတူတဲ့ ကောင်လေးတစ်ယောက်နံဘေးမှာ ကျွန်တော် ဝင်ထိုက်လိုက်ပါတယ်။ သူက 'ဟေ့ကောင်၊ ဦးထုပ်ချွတ်လိုက်။ မင့်ကြည့်ရတာ တောသားနဲ့တူတယ်'လို့ ဆိုတာကြောင့် ကျွန်တော် ဦးထုပ် ကမန်းကတန်း ချွတ်လိုက်ရတာပေါ့။ အဲဒီကျောင်းသားနာမည်က ကင်မ်ဝေါ်လ်တာလို့ ခေါ်ပါတယ်။ သူက ကျွန်တော့်ထက် လူကောင်ထွားပြီး အနုပညာမှာလည်း ပိုပြီး တော်ပါတယ်။ နောင်မှာ သူဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ခဲ့ပြီး ငါးနှစ်လုံးလုံး ကျွန်တော့်နံဘေးမှာ ကာကွယ်စောင့်ရှောက်ပေးသူလည်း ဖြစ်ခဲ့ပါတယ်။

            ကျွန်တော် တက်ရတဲ့ကျောင်းက ဆရာများ အုပ်ချုပ်ပြီး စည်းကမ်း အင်မတန် တင်းကျပ်ပါတယ်။ ဆရာတိုင်းရဲ့လက်ထဲမှာ ကြိမ်လုံးကိုယ်စီ ရှိကြပါတယ်။ ကျောင်းအုပ်ဆရာကြီးက ပညာရေးအပြင် ဘာသာရေးကိုလည်း အလေးထားသူဖြစ်လို့ ကျွန်တော်တို့ကျောင်းသားတွေ ရင်ထဲမှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေတဲ့စိတ် ဝင်လာအောင်လည်း သွန်သင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

            ကျောင်းစားများထဲမှာ ကျွန်တော် အထူးချွန်ဆုံးက သမိုင်းဘာသာရပ်ပါပဲ။ ခေတ်အဆက်ဆက်က ရှင်ဘုရင် မိဖုရားများရဲ့ အကြောင်းများကို ဒိုးဒိုး ဒေါက်ဒေါက် ပြောနိုင်လောက်တဲ့အထိ ကြေညက်ခဲ့ပါတယ်။ သူငယ်ချင်းများက ကျောင်းဆင်းလို့ ကစားနေချိန်မှာ ကျွန်တော်ကတော့ မကစားပဲ အိမ်စာပြီးအောင် လုပ်နေခဲ့တာပါ။ သမိုင်းစိတ်ဝင်စားတဲ့ ကျွန်တော်ဟာ ခေတ်အဆက်ဆက်က တော်ဝင်မိသားစုဝင်များ အကြောင်းကိုလည်း စိတ်ဝင်တစား ရှိခဲ့ပါတယ်။

            ၁၉၇ဝ ပြည့်နှစ် နွေဦးပေါက်ကာလ ကျွန်တော် အသက် ၁၂ နှစ်သား အရွယ်မှာ ကျွန်တော်တို့မိသားစု လန်ဒန်ရွှေမြို့တော်ကြီးကို သွားရောက်လည် ပတ်ကြပါတယ်။ ကုန်တိုက်ကြီးများ၊ ဈေးဆိုင်တန်းများကို ဝင်ရောက်လည်ပတ်ကြပြီးတဲ့နောက် ဘာကင်ဟမ်နန်းတော်ကြီးရှေ့ကို ရောက်ခဲ့ကြပါတယ်။ ကျွန်တော့်မိဘများက ဘုရင်မကြီးနေထိုင်တဲ့နေရာကို မြင်ဖူးချင်တဲ့ ဆန္ဒကြောင့် သွားခဲ့ကြခြင်းပါပဲ။

            'ဒီနန်းတော်ထဲမှာ ဒက်ဒီတို့နိုင်ငံကို အုပ်ချုပ်နေတဲ့ ဘုရင်မကြီးနေတာပေါ့ကွ' လို့ ဒက်ဒီက ကျွန်တော်တို့ ညီအစ်ကိုကို ပြောပြပါတယ်။

            ကျွန်တော်တို့ ညီအစ်ကိုမှာ မျက်စိရှေ့မှောက် မြင်တွေ့ရတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်ကြီးကိုကြည့်ပြီး ရင်သပ်ရှုမောဖြစ်ခဲ့ရပါတယ်။ နန်းတော်စောင့် တပ်ဖွဲ့ဝင်များ တာဝန်လဲလှယ် ကြပုံကလည်း ကျွန်တော်တို့မိသားစု မဆိုထားနဲ့ ကမ္ဘာအရပ်ရပ်က လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်များပင်လျှင် စောင့်ကြည့်ကြရတဲ့ အခမ်းအနားတစ်ခုပါ။ ဒါတွေကို မြင်ရတော့  ကျွန်တော်တို့ နေတဲ့ဘဝနဲ့ သူတို့ဘဝဟာ အလှမ်းကွာလှချည်လားလို့ စိတ်ထဲမှာ ခံစားလိုက်ရပြီး မာမီ့ကို ရုတ်တရက် ပြောလိုက်မိတာကတော့ 'ကျွန်တော် တစ်နေ့ကျရင် ဒီနေရာမှာ အလုပ်လုပ်မယ်မာမီ' ဆိုတဲ့ စကားပါပဲ။ ကျွန်တော်ဘာကြောင့် ဒီလိုပြောလိုက်မိတယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်ခဲ့ပါဘူး။ တကယ်တော့ ကလေးတစ်ယောက်ရဲ့ အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အာကာသ သူရဲကောင်း နီးလ်အမ်းစထရောင်းဟာလည်း တစ်နေ့မှာ လကမ္ဘာပေါ်ကို ပထမဆုံး ခြေချတဲ့သူ သူဖြစ်လိမ့်မယ်လို့ ထင်ခဲ့မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ကျွန်တော်လည်း ဒီနေရာမှာ တာဝန် ထမ်းဆောင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့တာ အမှန်ပါ။

            ကျွန်တော့်စကားကို ကြားလိုက်ရတော့ ဒက်ဒီက ကျွန်တော့်ခေါင်းကို အသာအယာ ပွတ်သတ်ပြီး 'ဟုတ်တာပေါ့... ငါ့သားက ပညာတတ်ကြီးဖြစ်မှာဆိုတော့ ဒီမှာ အလုပ်လုပ်ရမှာပေါ့' လို့ နှစ်သိမ့်ခဲ့ပါသေးတယ်။

            တကယ်တော့ အဲဒီအချိန်တုန်းက ဒက်ဒီရော ကျွန်တော်ပါ နောက် ၁ဝ နှစ်ကာလအတွင်းမှာ ကျွန်တော်ဟာ တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘုရင်မကြီးနဲ့ အနီးစပ်ဆုံးနေရာမှာ ရောက်ရှိပြီး ထွက်တော်မှု အခမ်းအနားများမှာ သူစီးနင်းတဲ့ မြင်းခြောက်ကောင်က ရွှေရထားပေါ်မှာ အစောင့်အဖြစ် လိုက်ပါခွင့် ရလိမ့်မယ်ဆိုတာ လုံးဝမသိခဲ့ကြပါဘူး။    

            ကျွန်တော် အသက် ၁၆ နှစ် အရွယ်မှာ အထက်တန်းပညာအောင်မြင်ခဲ့ပြီး ဂုဏ်ထူးများစွာလည်း ရရှိခဲ့ပါတယ်။ တက္ကသိုလ်ပညာ ဆက်လက်သင်ယူဖို့အတွက် ဒါဘီရှိုင်းယားပြည်နယ်မှ ကောလိပ်တစ်ခုကို လျှောက်ထားခဲ့ရာ ၁၉၇၄ ခုနှစ် စက်တင်ဘာလမှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော် သင်ယူမယ့် ဘာသာရပ်က ဟိုတယ်များမှာ အိပ်ခန်းများ ထိန်းသိမ်းတဲ့ ပညာရပ်ဖြစ်ပြီး နှစ်နှစ်ကြာ သင်ယူရမှာပါ။ တစ်ချိန်တည်းမှာပဲ အချက်အပြုတ်ပညာ၊ အိပ်ရာအခန်းအနားများကို အသေသပ်ဆုံး ပြင်ဆင်တဲ့ ပညာ၊ အိမ်မှုထိန်းသိမ်းတဲ့ ပညာ၊ စာအုပ်များ စနစ်တကျ ထားသိုတဲ့ ပညာတို့ကိုလည်း လေ့လာသင်ကြားခဲ့ပါတယ်။ ဒီပညာရပ်များမှာ ထူးချွန်ပြောင်မြောက်ခဲ့တဲ့အတွက် British Caterning Award ကို Chesterfield မှ ရရှိခဲ့ပါတယ်။ ထူးထူးခြားခြား ရရှိခဲ့ခြင်းဖြစ်ပြီး ကျွန်တော့်အနေနဲ့ လက်တွေ့အတွေ့အကြုံ ရရှိဖို့သာ လိုပါတော့တယ်။

            ကျွန်တော်တတ်ထားတဲ့ ပညာများကို ဘယ်ဌာနများမှာ အသုံးချရမလဲဆိုတာ စာရင်း ချရေးထားပါတယ်။ အဓိက ကတော့ နာမည်ကြီး ဟိုတယ်ကြီးများပါပဲ။ ကျွန်တော့် စာရင်းထဲမှာ ဇိမ်ခံ ပင်လယ်ကူး သင်္ဘောကြီးများလည်း ပါဝင်ပါတယ်။ QE2 လို့ခေါ်တဲ့ ဇိမ်ခံသင်္ဘော ပါဝင်သလို ဝန်ထမ်းအင်အား အမြဲတမ်းလိုအပ်နေတဲ့ ဘာကင်ဟမ် နန်းတော်ဟာလည်း ကျွန်တော့် ရည်မှန်းချက်ထဲမှာ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ အဲဒီနှစ် နွေရာသီမှာ ကျွန်တော့်ပညာအရည်အချင်း ကို ဖော်ပြပြီး အလုပ်ဌာနများစွာသို့ လျှောက်လွှာများ တစ်ပြိုက်တည်း ပေးပို့ခဲ့ပါတယ်။

            ပထမဆုံး စာပြန်လာတာကတော့ Travco Hotel မှ ဖြစ်ပါတယ်။ သူက ကြယ်သုံးပွင့်အဆင့် သူလက်အောက်ခံ ဟိုတယ်တစ်ခုမှာ ခန့်ထားလိုကြောင်း ပြန်ကြားလာခြင်းပါ။ အဲဒီအလုပ်ကို လက်ခံမယ်ဆိုရင် ကျွန်တော် ကောလိပ်ကနေ စောစောစီးစီး ထွက်ပြီး ၁၉၇၆ ခုနှစ်၊ ဇွန်လမှာ အလုပ်ဝင်ရမှာပါ။ အလုပ်ကောင်းတစ်ခု ဖြစ်ပေမယ့် ကျွန်တော့်စိတ်ကြိုက်တော့ မဟုတ်သေးပါဘူး။ ဒါကြောင့် အိမ်ကိုလာသမျှ ကျွန်တော့်နာမည်နဲ့ စာတွေကို မာမီဖောက်ဖတ်ပြီး ကျွန်တော့်ဆီ အကြောင်းကြား ပေးပါလို့မှာ ထားရပါတယ်။ နေရာပေါင်းများစွာက အလုပ်မလိုသေးကြောင်း ပြန်ကြားစာတွေရသလို အချို့နေရာများကလည်း အင်တာဗျူး လာရောက်ဖြေဆိုဖို့ ဖိတ်ခေါ်ကြတာတွေ ပါပါတယ်။ အဲဒီအထဲမှာ ဘာကင်ဟမ် နန်းတော်မှ ခေါ်စာတစ်စောင်လည်း ပါဝင်လာတဲ့အတွက် ကျွန်တော့်ညီအငယ်ဆုံး ဂရေဟမ်နဲ့အတူ လန်ဒန်ရွှေမြို့တော်ဆီ လာခဲ့ကြပါတယ်။

            ဘာကင်ဟမ် နန်းတော်ကြီးထဲကို ဘေးပေါက်ကနေ ဝင်ရပါတယ်။ ကျွန်တော်က အနက်ရောင်ဝတ်စုံကို ကျကျနန ဝတ်ဆင်ထားပါတယ်။ ကျောင်းတုန်းက စာအုပ်ထဲမှာသာ ဖတ်ခဲ့၊ သင်ခဲ့ဖူးတဲ့ ဘာကင်ဟမ်နန်းတော်ကြီးရဲ့ အဆောင်ဆောင် အခန်းခန်းကို ဖြတ်ကျော်ပြီး ကော်ဇောနီပေါ်နင်းကာ အင်တာဗျူး တွေ့ဆုံရမည့်သူရှိရာအခန်းကို သွားခဲ့ပါတယ်။ သွားလာလှုပ်ရှားနေကြတဲ့ နန်းတွင်းအမှုထမ်းများရဲ့ ဥပဓိရုပ်များကိုကြည့်ပြီး ကျွန်တော်လို တောသားတစ်ယောက်ကို အမှုထမ်းခွင့်ပြုပါ့မလားလို့ အားငယ်မိတာလည်း အမှန်ပါပဲ။

            ပထမထပ်မှာရှိတဲ့ အိမ်တော်ဝန်ရဲ့ လက်ထောက်အခန်းကို ဝင်ခါနီးမှာ မာမီပြောလိုက်တဲ့ စကားတစ်ခွန်းကို နားထဲမှာ ကြားယောင်လာမိပါတယ်။ 'သား... ကိုယ့်ပညာကို ကိုယ်ယုံပါ။ အဲဒါဆိုရင် အစစအရာရာမှာ အောင်မြင်ပါလိမ့်မယ်' တဲ့။ မာမီ့စကားဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပေမယ့် လက်တွေ့အသုံးချလိုက်တဲ့ အခါမှာတော့ အမှားကြီး မှားသွားခဲ့ပါလေရော။ အင်တာဗျူး ဖြေရမယ့်အခန်းထဲ ကျွန်တော် ရောက်သွားတော့ ခွင့်မတောင်းဘဲ ခုံတစ်လုံး ဆွဲထိုင်လိုက်ပါတယ်။ ပြီးတော့ အင်တာဗျူးမေးမယ့် သူကို လေးလေးစားစားနဲ့ 'ဆာ' တပ် မခေါ်မိခြင်းပါဘဲ။

            'မင်းဒီလိုပဲ လူကြီးတစ်ယောက်ဆီက ခွင့်ပြုချက်မတောင်းဘဲ ဝင်ထိုင်တတ်တဲ့ အကျင့်ရှိသလား၊ အထက်လူကြီးတွေကို ရိုသေလေးစားတတ်တဲ့ အကျင့်ရော ရှိရဲ့လား' လို့ အင်တာဗျူးမေးတဲ့သူက ဟောက်ပါလေရော။ 

            'ဟုတ်ကဲ့... ကျွန်တော် လေးလေးစားစား ဆက်ဆံတတ်ပါတယ်'

            'ဒါဆိုရင် မင်းအခု ငါနဲ့စကား ပြောနေချိန်မှာ ဘာကြောင့် 'ဆာ'လို့ ရိုရိုသေသေ မပြောတာလဲ' တဲ့။

            နောက်နှစ်ပတ်အကြာမှာတော့ လျှောက်ထားတဲ့အလုပ်အတွက် ကျွန်တော့်ကို မခန့်ဖြစ်ပါကြောင်း အကြောင်းကြားစာ ရောက်ရှိလာခဲ့ပါတယ်။ ဒီအလုပ်မှာ မခန့်ဖြစ်ပေမယ့် ကျွန်တော်နဲ့ ပတ်သက်တဲ့ အချက်အလက်များကို မှတ်တမ်းတင် သိမ်းဆည်းထားပါကြောင်း၊ နောင်လိုအပ်တဲ့အခါမှာ ဆက်သွယ်ပါမယ်လို့ ဆိုပါတယ်။

            ကျွန်တော်စိတ်ပျက်သွားတဲ့အတွက် ဟိုတယ်လုပ်ငန်းမှာဘဲ တာဝန်ထမ်းဆောင်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ဟိုတယ် အုပ်ချုပ်ရေးပိုင်းကလည်း ကျွန်တော့်အရည်အချင်းကို သဘောကျကြပါတယ်။ ဒါကြောင့် Bournemouth ဒေသက သူတို့ လက်အောက်ခံ ဟိုတယ်သစ်တစ်ခုဆီ ကို တာဝန်ချထားလိုက်ကြပါတယ်။

            အဲဒီဟိုတယ်မှာ နေရတာ ကျွန်တော် မိနစ်တိုင်း စိတ်ပျက်မိပါတယ်။ နေရတဲ့ အခန်းကလည်း အင်မတန် ကျဉ်းပါတယ်။ ဒက်ဒီနဲ့ မာမီကို လွမ်းတဲ့စိတ်ကလည်း ကျွန်တော့်ကို ဖိစီးနေပါတော့တယ်။ ဒါပေမယ့် တခြားအလုပ်အကိုင် အခွင့်အလမ်း မပေါ်ပေါက်သေးတဲ့အတွက် ဒီမှာပဲ လုပ်နေရပါတယ်။ အပေါင်းအသင်း မရှိတဲ့အပြင် လူလိုတဲ့နေရာတိုင်း ကျွန်တော် ဝင်လုပ်နေရတာဖြစ်လို့ စိတ်ပျက်သထက် ပျက်လာတော့ပါတယ်။

            နိုဝင်ဘာလရဲ့ အေးချမ်းလှတဲ့ တစ်နံနက်ခင်း၊ အမှတ် (၄၇) ချက် ပယ်လ်လမ်း နေအိမ်မှာတော့ ဒက်ဒီ က လုပ်ငန်းခွင်ကို ထွက်ခွာသွားပြီ ဖြစ်ပြီး အဲဒီတုန်းကအသက် ၁၅ နှစ် အရွယ် ရောက်နေ ပြီဖြစ်တဲ့ အန်သိုနီက နွားနို့ညှစ်နေခဲ့ပါတယ်။ မာမီက မိသားစု မနက်စာစားဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ညီအငယ်ဆုံးဖြစ်တဲ့ ဂရေဟမ်ကတော့ အိပ်ရာထဲမှာ နှပ်ကောင်းနေဆဲပါ။ အဲဒီအချိန်မှာ ခြံဝက စာထည့်တဲ့ သေတ္တာထဲကို တစ်စုံတစ်ယောက်က စာထည့်ခဲ့ကြောင်း သိသာစေဖို့ အချက်ပေးတဲ့ ခေါင်းလောင်းသံ ကြားလိုက်ကြရပါတယ်။ မာမီက လက်သုတ်ပြီး ခြံဝကို ထွက်လာကာ စာကို ထုတ်ယူ လိုက်ပါတယ်။ မစ္စတာ ပေါလ်ဘာရယ်လ်အတွက် စာနှစ်စောင်ရောက် နေခဲ့ပါပြီ။

            စာတစ်စောင်က နို့နှစ်ရောင် စာအိတ်ဖြစ်ပြီး ဆောက်သ်သင်မ်တန်မှ ဖြစ်ပြီး အဖြူရောင် စာအိတ်ကတော့ အနက်ရောက် ဘာကင်ဟမ်နန်းတော်တံဆိပ် ရိုက်နှိပ်ထားတဲ့ စာတစ်စောင် ဖြစ်ပါတယ်။ မာမီက စာနှစ်စောင်စလုံးကို သူ့အင်္ကျီအိတ်ထဲ ထည့်လိုက်ပြီး နောက်ထပ် နာရီဝက်လောက် မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့တာပါ။ ဂရေဟမ်က အပြင်သွားဖို့ အဝတ်လဲ နေတဲ့အချိန်ကျမှ မာမီက 'ပေါလ်အတွက် စာနှစ်စောင်တော့ ရောက်နေတယ်၊ တစ်စောင်က ဇိမ်ခံသင်္ဘောကြီးပေါ်မှာ အမှုထမ်းဖို့တဲ့၊ နောက်တစ်စောင်ကတော့ ဘာကင်ဟမ်နန်းတော်မှာ အမှုထမ်းဖို့ ခေါ်တာပဲ။ သင်္ဘောပေါ်မှာ အမှုထမ်းရင် တို့မိသားစုနဲ့ တော်တော်နဲ့ ပြန်ဆုံရမှာ မဟုတ်ဘူး။  ဒီတော့ မင်းဘယ်တော့မှ ပေါလ်ကို မပြောနဲ့၊ ဒီစာကိုလည်း မာမီ ဖျောက်ဖျက်ပစ်လိုက်တော့မယ်' လို့ ဆိုပြီး ပင်လယ်ကူးသင်္ဘောပေါ် တာဝန်ထမ်းဆောင်ဖို့ ခေါ်တဲ့စာကို မီးရှို့ဖျက်ဆီး လိုက်ပါသတဲ့။

            မာမီက ကျွန်တော်ရှိတဲ့ ဟိုတယ်ဆီကို ဖုန်းဆက်ပြီး ဘာကင်ဟမ်နန်းတော်က အလုပ်ခန့်တဲ့စာ ရောက်နေကြောင်း၊ ခုချက်ချင်း ပြန်လာဖို့ အကြောင်းကြားလာပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ငယ်ဘဝ အိပ်မက်ပဲ မဟုတ်လား။ ကျွန်တော်အိမ်ကို ပြန်ပြီပေါ့။ တကယ်တော့ အခွင့်အရေးနှစ်ခု ဆုံစည်းလာတဲ့အခါမှာ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ပေးနိုင်ခဲ့တာဟာ ကျွန်တော့်မာမီပါပဲ။ တကယ်လို့ မာမီသာ ကျွန်တော့်ကို စာနှစ်စောင်စလုံး ပေးခဲ့လို့ရှိရင် ကျွန်တော် တွေဝေသွားမှာ အမှန်ပါ။ ဒီအဖြစ်အပျက်ကို ၁၉၉၅ ခုနှစ် ကျွန်တော့်မာမီရဲ့ ရုပ်အလောင်း မြေချတော့မှသာ ညီငယ်ဖြစ်တဲ့ ဂရေဟမ်က ပြောပြခဲ့တာပါ။

            အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ကမ္ဘာမှာ အထူးခြားဆုံး မိန်းမသားတစ်ဦးဖြစ်တဲ့ ဝေလမင်းသမီးအပါးမှာ တာဝန်ထမ်းဆောင်နေပါပြီ။ မာမီ့ကြောင့်သာ ဒီနေရာကို ရောက်ခဲ့တာ ဖြစ်လို့ ကျေးဇူးအတင်ထိုက်ဆုံး ပုဂ္ဂိုလ်ဟာ မာမီပဲလို့ ကျွန်တော်သတ်မှတ်ပါတယ်။

            ကျွန်တော့်အပါးမှ ချစ်သူခင်သူတွေ ခွဲခွာသွားကြပေမယ့် မာမီကတော့ ကျွန်တော့်အပါးမှာ စောင့်ရှောက်နေမြဲဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘွားဘွားဆုံးတုန်းက မာမီ ဘွားဘွားအုတ်ဂူမှာသွားပြီး စကားတွေ ပြောခဲ့သလို ကျွန်တော်လည်း ခုထက်ထိ မာမီနဲ့ စကားတွေ ပြောနေဆဲပါ။

ရှေ့လဆက်ဖတ်ပါ။ 

ဝင်းငြိမ်း

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။