သဲထူး
ချစ်လို့တဲ့
ပြုစားခဲ့တယ်။
□
မိဂျူး... မကျွတ်လွတ်သူရဲ့
ထောင့်ချိုးမှာ ညညဆို စံပယ်တွေ အရမ်းပွင့်တာပဲကွယ်။ ဒီလိုပါပဲ မိဂျူးရယ်။
လူလေလူလွင့်တွေရဲ့ ညဥ့်နက်သန်းခေါင်ထဲက ငါ့သံယောဇဉ်တွေဟာလည်း
ရင့်ရော်ပြာလွင်ရင်းနဲ့ပဲ ခါးတွေကိုင်းခဲ့ရပြီ။ လမ်းမှာတွေ့ရင်ရော
ပြုံးပြဦးမှာလား။ လွမ်းတယ် မိဂျူးရယ်။ ကျောင်းလမ်းပေါ်မှာ ငါ့ပခုံးကို မှီနွဲ့ပြီး
မူနွဲ့ခဲ့သူဟာ နင်မှဟုတ်ရဲ့လား။ 'ကိုကို စာကျက်နော်' တဲ့။ ခုတော့ နင်က စာတွေ တတ်နေပါပြီ မိဂျူးရယ်။ ပြန်ဆုံရင် ပြောမယ်လို့
ရည်ရွယ်ခဲ့တဲ့ စကားတွေလည်း ငါ့ရင်မှာ အရင်းအတိုင်း ကျွမ်းနေပြီ။ အဲဒီလိုနဲ့ဘယ်သူမပြု
မိမိမှုဆိုတဲ့ စကားပုံရှေ့မှာ ငါ လက်နက်ချ လိုက်ရပြီ မိဂျူး။
ကချင်လွယ်အိတ်ကလေး ပခုံးချိတ်ပြီး
တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်ခဲ့ရတဲ့ ညနေခင်းတွေဟာ ငါ့ရဲ့ လောကဓံထဲမှာ
လွင့်ဝေရစ်ဝိုင်းနေတယ်။ အဲဒီလို နေ့ရက်တွေမှာ ရော်ရွက်ဝါတွေကလည်း ဘာကြောင့်များ အကြွေလွယ်နေကြရတာလဲ။
ငါ့ကိုငါ ပိုက်ထွေး ထားတာတောင် အဖိတ်ဖိတ် အစဉ်စဉ်တွေဖြစ်လို့။ အနားမှာ
နင်မရှိတော့ပါလားဆိုတဲ့ အသိဟာ ကလေးဘဝရဲ့ ချိုးရုပ်ကလေး ကျကွဲသွားသလိုပဲ၊
တစ်ခါတလေတော့ ငါ့ကို ကြွပ်ကြဲစေတယ်။ မိဂျူးရယ်... မျက်စောင်းတွေနဲ့ ငါ့ကို
စကားထာတွေ ဖွက်ပါဦး။ ငါ့ရဲ့ လေယူလေသိမ်းတွေရော နင့်ဆီ ရောက်ရဲ့လား။ ဒီလိုနဲ့ပဲ
ပိတောက်တွေလည်း နောက်တစ်ခေါက် ထပ်ပွင့်ကြလိမ့်ဦးမယ် မိဂျူးရေ။
ဒီမှာလေ...။
'ကန်ပတ်လည်
ခရေရိပ်
ရွာထိပ်က
ကျောင်းတော်ကန်နံဘေးမှာ
အမြဲတမ်းကြင်မယ့်ဒီစကား
မေ့ပြီလားကွယ်အချစ်ရယ်
အပြောကြီးသလောက်
ဟောဒီပိတောက်တွေပွင့်ရင်
မောင်ကြီးစိတ်မှာ
မြင်ယောင်လာတယ်
ဒီဇာတ်လမ်းမှာကွယ်
ကိုယ်ရယ်
မင်းရယ် ပန်းပိတောက်ရယ်'
တဲ့။
ရေဒီယိုထဲက အသံတွေကလည်း
ငါ့အရောင်တွေကို ကိုင်လှုပ်နေပြန်ပါပြီ မိဂျူးရယ်။ ဘာတဲ့... ဘာတဲ့။
'နောက်နှစ်သင်္ကြန်မှာ
သူ့ကိုရေလောင်းရင်....
သူလိုချင်တဲ့ အဖြေရပြီလို့ မှတ်ပေါ့' တဲ့။
ဟားဟား ဟားဟား ဟားဟား...။ ငါဟာ
တစ္ဆေလေ မိဂျူးရဲ့။ ငါ့ကို အမျှဝေလေ။ ပြီးတော့ ကွဲရော်ရော် အသံကြီးနဲ့ ငါ
အော်ဆိုမိပြန်ရော။
ဘဝရဲ့ကားကို
ဘယ်သူမောင်းလို့ သွားတာလဲ
ချစ်သူလေလား
ကံကြမ္မာလေလား မပြောတတ်ဘူး။
အဲဒီနေ့က ဧပြီ ၁၆ ရက်လေ။
ရွှေမြို့တော်တစ်ခုလုံးဟာ အမိုးဖွင့်ဂျစ်ကားတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။
'ပူရှိန်း...လိမ့်မယ်လေ'
'ဘယ်ကိုလဲ'
'မင်းကြီးလမ်းကို...'
(ကြုံတုန်း ပြောရဦးမယ်။ အဲဒီ
အင်းစိန်မင်းကြီးလမ်းပေါ်မှာ ကဗျာဆရာကြီးတစ်ယောက် မော်ဒန်အိမ်ကလေး ရှိတယ်။
ပြီးတော့... မိဂျူးလည်း ရှိတယ်)
'အဲဒီနေ့က ကိုကို ဝတ်လာတာ
ဂျင်းအင်္ကျီအပြာရောင်လေးနော်'
ပြန်ပြောပါဦး မိဂျူးရယ်။
'ကိုကိုကို တကယ်မချစ်ဘဲနဲ့
မီးက ကိုကိုနဲ့ ပန်းခြံတကာကို လိုက်ခဲ့ပါ့မလားကွာ'
ငါကလည်း ငါပါပဲ မိဂျူးရယ်၊ ငွေဖလားနဲ့
နင်ငါ့ကို ရေတွေသွန်းလောင်းတော့ ခေတ်ကြီး တစ်ခေတ်လုံးပဲ ငါ့ဘက်ပါလာသလိုလိုနဲ့ သွေးတွေ
ကြွခဲ့မိတာကိုး။ ကြွလည်း ကြွချင်စရာပါပဲ။ ဧပြီ ၁၆ ဟာ ငါ့ကို မှန်အောင်
ပစ်နိုင်ခဲ့တယ်။ ဟမိဂျူး... ငါ့ကို ရေလောင်းပြီးတဲ့အခါ အရှက်မျက်နှာကို
ဆံနွယ်တွေနဲ့ ကွယ်လိုက်ပါဦး' ။ ပြီးတော့....
'ကိုသဲ... ဟိုမှာ မင်း
ကွီစကီလေး'
အဝေးက လှမ်းတက်လာတဲ့ ပူပူနွေးနွေးချစ်သူလေးကို
ငါ့မှာ... ကြည့်... မဝဘူး။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နင့်ရဲ့ ပိုးဂါဝန်ဟာ
တလွင့်လွင့်နဲ့။
'ကိုသဲ... မင်း ကောင်မလေးကို
မင်းစက်ဘီးနောက်က လိုက်လာအောင် အပါခေါ်နိုင်ရင် မင်းကို ငါ ဘီယာအဝတိုက်မယ်'
ပူရှိန်းရဲ့ စကားဟာ ငါ့သွေးတွေကို
ပူနွေးစေတယ်။ ငါဟာ Defender လေ မိဂျူးရဲ့။
ဘောလုံးကန်ရင် အမြဲတမ်း နောက်တန်းက ကစားတတ်တဲ့ Defender ။ ခံစစ်သမား။
ငါ့ကိုလာတိုက်မှ ပြန်တိုက်တတ်သူ။ ကဲ... မိဂျူး၊ ဒီတစ်ပွဲမှာ နင် ဘယ်နေရာမှာ
ရပ်မှာလဲ။
'လိုက်ပို့ပေးမယ်'
'ဟင့်အင်း'
နင် ရှက်နေတာလား။
'လာပါ...လိုက်ပို့ပေးမယ်'
နင် ငါ့ကို မော့ကြည့်တယ်။ ဟုတ်တယ် နင်
တကယ်ပဲ ရှက်နေတယ်။ ဘီယာတစ်ခွက်အတွက် မဟုတ်ပါဘူး။
ငါ့ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ။
ဟကောင်မကလေး တစ်ယောက်ဟာ သူ့ချစ်သူရဲ့ စက်ဘီးကယ်ရီယာပေါ်မှာ ပါလာသင့်တယ် မဟုတ်လား'
လာပါကွယ်။
နှုတ်ခမ်းကို ဖွဖွကိုက်တယ်။
'ဟင့်... အင်း'
ငါ ပြန်လှည့်ဖို့ ပြင်တယ်။
ပူရှိန်းရေ... ငါ ရှုံးပြီ။ အဲဒီမှာ...။
'ကိုကို...'
ငါ့စက်ဘီးကို နင်လှမ်းဆွဲတယ်။
ပြီးတော့...
'အိမ်နားထိ ရောက်အောင်တော့
လိုက်မပို့နဲ့နော်' အိုး... ရဟူး။
နောက်များဆို ကိုယ်တို့
သမီးလေးပါ ခေါ်မယ်။
ဘီးရှေ့မှာ ခုံတပ်ပြီး
လိုက်စေမယ်။ ဘီးကလေးနဲ့ မိသားစုကလေးပေါ့ကွယ်။
ပူရှိန်းရေး...ငါဟာ Defender ကွ။ ပြောပါဦး မိဂျူး၊
ငါ သွေးကြွမိခဲ့တာ မှားများ မှားသွားလား။
□
ငါတို့ ဘာကြောင့်
ဝေးသွားရတာလဲ မိဂျူး။ ငါက ကျောင်းတွေ ခဏခဏ ပြေးလို့လား။ ဆယ်တန်းမှာ ဂုဏ်ထူးလေးခု
မထွက်လို့လား။ တစ်ခါတစ်ရံမှာ ပေါက်မြောက်နေတတ်တဲ့ လူ့အပေတေကလေး တစ်ယောက်မို့လား။
ငါ ပြန်လာခဲ့ပါတယ် မိဂျူးရယ်။ သုံးနှစ်လုံးလုံး မတွေ့ခဲ့ရတဲ့ ချစ်သူကို
အလွမ်းပြေကြည့်ဖို့ နင်တို့ရဲ့ သတင်းကြီးလှတဲ့ လှိုင်နယ်မြေ
ကျောင်းတော်ဝန်းကြီးထဲကို အရဲစွန့်ပြီး ငါ ပြန်လာခဲ့ပါတယ်။ အင်းလျားဘက်က
ဖြတ်တိုက်လာတဲ့ လေပြည်လေညင်းဟာ ငါ့ရင်မှာ တဆတ်ဆတ်တုန်နေတယ်။ ရူပဗေဒဆောင်တွေရှေ့မှာ
နင် ငါ့ကို ဗြုန်းခနဲ မြင်လိုက်ရတော့ သိပ်အံ့သြသွားတာလား။ သံယောဇဉ်ရိပ်ဟာ
နင့်မျက်ဝန်းမှာ ခဏပဲ ပေါ်လာတယ်။ ပြီးတော့ ကွာကျသွားတယ်။ စိမ်းလိုက်တာ မိဂျူးရယ်။
'ဘာဖြစ်လို့ ခုမှ
ပြန်လာတာလဲ' တဲ့။
ပြီးတော့ ရပ်ထားတဲ့
ကားဆီ နင်လှမ်းတယ်။ မြန်မြန် လျှောက်လေ။ နင့်ခြေလှမ်းတွေ ဘာဖြစ်လို့
တုံ့နှေးနေရတာလဲ။ နင့်နောက်မှာ ငါပါလာတာကို နင်သိလို့လား။ နင့်ခြေလှမ်းတွေကို
ကြည့်ပြီး ငါ့ကိုယ်ထဲကနေ ငါ ပြိုပြိုကျတယ်။ ဘာဖြစ်လို့လဲ။ ကားပေါ်တက်ပြီး
မောင်းထွက်သွားပါလား။ ဘာဖြစ်လို့လဲ။ ကားနားမှာ ဘာကြောင့် ရပ်စောင့်နေခဲ့ရတာလဲ။
နင့်အနားမှာ ငါရပ်မိတဲ့အထိ ငါ့ရင်တစ်ခုလုံးဟာ ထုံအနေတယ်။ ပြောချင်နေတဲ့ စကားတွေဟာ နီးသွားလိုက်
ဝေးသွားလိုက်နဲ့ လူနဲ့လူ မကပ်ဘူး။ ငါတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြတယ်။ ဟ
တကယ်ဆို နင့်ပခုံးကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းပြီး၊ 'နင့်ကို
ငါ အရမ်းလွမ်းနေတာ နင် သိရဲ့လား' လို့ ငါ
အော်ပြောလိုက်သင့်တာ'။ ငါ ဘာမှ မပြောနိုင်ဘူး။ ငါးမိနစ်၊
ဆယ်မိနစ်။ တိတ်ဆိတ်လို့။ ပြီးတော့ နင်မျက်လွှာချတယ်။ ပြီးတော့ ကားတံခါးကို
ဖွင့်တယ်။ ပြီးတော့ တစ်လှိမ့်ချင်း မောင်းထွက်သွားတယ်။ ငါ ကျန်ရစ်ခဲ့တယ်။
ပူရှိန်းရေ...။ ငါ့ရင်ထဲမှာ အသံတစ်စမှ မရှိတော့ဘူး။ စိမ်းလိုက်တာ မိဂျူးရယ်။
'ဘာဖြစ်လို့ ခုမှ
ပြန်လာတာလဲ' တဲ့။
ငါ့မှာ ဝါကျသုံးလေးကြောင်းကလွဲပြီး
နင့်ကို ပြန်ဝယ်ဖို့ ဘာမှ ရှိမနေခဲ့ဘူး မိဂျူး။ ဒါပေမယ့် ငါပြန်လာခဲ့ပါတယ်
မိဂျူးရယ်။ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ပိတောက်တွေ ပွင့်လာပြီဟေ့ဆိုရင် ငါဟာ
ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ခဲ့ဘူး။ ပိတောက်ပွင့်ရင် ငါဟာ ဆယ့်ခြောက်နှစ်
ပြန်ဖြစ် သွားတယ်။ ငါ ဆယ့်ခြောက်နှစ်။ ပူရှိန်း ဆယ့်ခြောက်နှစ်။ နင်
ဆယ့်ခြောက်နှစ်။ ၂ဝဝဝ, ၂ဝဝ၁, ၂ဝဝ၂
လာမပြောနဲ့။ အားလုံးဟာ ၁၉၉ဝ ။ အဲဒီ ၁၉၉ဝ
ဟာလည်း ဆယ့်ခြောက်နှစ်။ ရွှေမြို့တော်ကြီးဟာ ပွဲတော်ရက်တွေမှာ
တစ်နံနက်ခင်းလုံး ကွဲရွဲခဲ့ရလို့ မောမောနဲ့ အိပ်ပျော်နေပြီ။ အင်းစိန်မင်းကြီး
လမ်းမကြီးဟာ အမှောင်တွေနဲ့ တိတ်ဆိတ်လို့။ စက်ဘီးအို ကလေးကို
မြင်းညိုကြီးလုပ်စီးပြီး ငါ ပြန်လာနေပြီ မိဂျူးရေ။ မော်ဒန်အိမ်ကလေးဟာလည်း
တိတ်ဆိတ်လို့။ နင်နေတဲ့ ဥရောပစတိုင်လ်နဲ့ အိမ်ပြာလေးဟာလည်း တိတ်ဆိတ်လို့။
မိဂျူး... နင်တို့လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်မှာ ငါ ထိုင်နေတယ်လေ။
'ကောင်လေး... မင်းလည်း
ဒါနဲ့ပဲ သေမှာ' တဲ့။
ကုက္ကိုပင်ကြီးက
ငါ့ကိုပြောတယ်။
ငါကလည်း ခပ်ရင့်ရင့်ပဲ
ပြန်ပြောလိုက်တယ်။
'လွမ်းလို့ သေတဲ့လူ
မရှိပါဘူးဗျာ၊ ကျွန်တော် လွမ်းရဲပါတယ်' လို့။
မိဂျူးရေ... မိဂျူးရေ...
မိဂျူးရေ...။ ခေါင်းပြန်မော့လိုက်တော့ ဥရောပစတိုင်လ်နဲ့ အိမ်ပြာကလေးရဲ့
ခြံစည်းရိုးကို တစ်စွန်းတစ်စ လှမ်းမြင်နေခဲ့ရတယ်။ အဲဒီအိမ်ပြာကလေးရှေ့မှာ
တစ်ချိန်ကတော့ ကောင်မလေးတစ်ယောက်ဟာ ညနေတိုင်း ညနေတိုင်း ကြက်တောင်
ထွက်ထွက်ရိုက်တယ်။ ကောင်ကလေး တစ်ယောက်ကို ကိုယ်ယောင် ထွက်ပြခြင်း တစ်မျိုးပေါ့။ ခုတော့...။
မတွေ့ရတာ ကြာပြီနော်။ ဟယ်လို... မင်းကြီး လမ်းမ ငါပြန်လာခဲ့ပြီလေ။ ပူရှိန်းသာ
သိရင် တော့...
'မင်းက ကိုယ့်အောင်မြေ
ကိုယ်ပြန်နင်းတဲ့ကောင်ပဲကွ' လို့ ငါ့ကို ပြောရော့မယ်
မိဂျူးရယ်။ ဟုတ်ပါတယ်။ ငါဟာ ဟောဒီမင်းကြီးလမ်းမပေါ်မှာ သူမတူအောင်
ဖြစ်ထွန်းခဲ့သလို သူမတူအောင်လည်း လွင့်စဉ်ခဲ့ပါတယ်။ တကယ်တော့
အင်းစိန်မင်းကြီးလမ်းမဟာ ငါ့ရဲ့ အောင်မြေပါပဲ။
ခုနေ ရန်တစ်ပွဲလောက်
ဆင်နွှဲလိုက်ရရင် သွေးကြွခဲ့ဖူးတဲ့ ဆယ့်ခြောက်နှစ်သားဘဝကို
ပြန်ရပါ့မလား။
ဟေ့ကောင်တွေ...
မင်းတို့
ဘယ်ရောက်ကုန်ပြီလဲ၊
ဂဝံကျောက်တွေကိုင်ပြီး
လမ်းထိပ်မှာ
ရပ်စောင့်နေဦးလကွာ
မော်ဒန်အိမ်ထဲက
ခေတ်စမ်းကဗျာဆရာရယ်
မှောင်ရိပ်ခိုနေတာ
မဟုတ်ပါဘူး
ချစ်သူကို စောင့်နေတာပါ
မိဂျူးရေ
ငါ့ရဲ့ ဘဏ္ဍာရေးမှူးမကလေးရေ
ကုက္ကိုပင်ကြီးအောက်မှာ
ငါရောက်နေပြီလေ
ဒီတစ်ညတော့
ဟိုတုန်းကလို ဘာတစ်ခုကိုမှ မစဉ်းစားဘဲ
လွတ်လွတ်လပ်လပ်ကြီး ငါရဲရင့်စမ်းပရစေ
'မင်း လမ်းလျှောက်တာ
အချိုးကြည့်ပြင်' လို့
ပြောတတ်တဲ့ ဘယ်သန်ကြီး ဘယ်မလဲ
'မင်းခေါင်းကို ရိုက်မခွဲခင်၊
ဘလက်ခ်တစ်ခွက် အရင်သောက်လိုက်ဦးမယ်
လက်ငြိမ်သွားအောင်' လို့
ပြောခဲ့တဲ့ကောင်ကြီး
ဟ အရင်တစ်နေ့ကတော့
ဘတ်စ်နောက်မြီးမှာ
မှတ်တိုင်တွေ တကြော်ကြော်အော်လို့
လူခေါ်နေတာ တွေ့လိုက်သလိုပဲ'
ထွက်ခဲ့
ထွက်ခဲ့
မင်းတို့အားလုံး ထွက်ခဲ့
ငါ့မှာ ချိန်းကြိုးတစ်ချောင်း
ပါမလာဘူး
ငါ့မှာ နှစ်ပေ စတီးလ်ပိုက် ပါမလာဘူး
ငါ့မှာ ငါပါမလာဘူး
ဘယ်လောက်ဆိုးရွားလိုက်သလဲကွာ
ထွက်ခဲ့
ထွက်ခဲ့
မင်းတို့အားလုံး ထွက်ခဲ့
ဂျူန်းဂျုန်းဂျက်ဂျက်နဲ့
ရင်ထဲက သိုက်စောင့်တွေ
လမ်းပေါ်အလွှားလိုက် ကွာကျသွားတယ်
အဲဒီအပေါ်
လေးပေမီးချောင်းတွေက
အလင်းရောင်နဲ့ ကွမ်းတဗျစ်ဗျစ်ထွေးလို့
'ဟိတ်... ကိုကို
ရောက်နေတာ ကြာပလား'
'One Kiss'
'အို...'
ဂျုန်းဂျုန်းဂျက်ဂျက်နဲ့
ရင်ထဲက ကလီယိုပါထရာတွေ
လမ်းပေါ် အလွှားလိုက် ကွာကျသွားတယ်
'ဟေ့ မှောင်ထဲက ဘယ်သူလဲကွ'
'ကျွန်တော်ပါ ဆရာ'
'ကိုသဲပါ ဆရာ'
'အ.ထ.က(၁) အင်းစိန်က
ကျောင်းတော်သားကလေးပါ ဆရာ'
'ဆရာမ ဒေါ်ဂျန်မခေါလ်ရဲ့
တပည့်ပါ ဆရာ'
'ဟော ဟိုမှာ
ဂစ်တာထိုင်တီးနေတဲ့ ကောင်တွေရဲ့
ပေစောင်းစောင်းကောင်ပါဆရာ'
ဂျူန်းဂျူန်းဂျက်ဂျက်နဲ့။ ပြီးတာတော့
ပြီးသွားပါလိမ့်မယ် မိဂျူးရယ်။ ငါ့ မျက်လုံးတွေ ရီဝေလာတယ်။ အဲဒီ အထဲမှာ ပူရှိန်းက
ငါ့ကို မင်းကြီးလမ်းဘက် လိမ့်မယ်တဲ့။ ငါ့တစ်ကိုယ်လုံးဟာ သင်္ကြန်ရေတွေနဲ့
ခိုက်ခိုက်တုန်နေတယ်။ နင်ကရော တစ်ခါမှ မမြင်တွေ့ဖူးတဲ့ သူစိမ်းယောကျ်ားလေး ငါ့ကို
ဘာဖြစ်လို့ မွှေးပွသဘက်တစ်ထည် လာပေးရတာလဲ။ ငါကလည်း ဘာဖြစ်လို့ နင်တို့မဏ္ဍပ်ရှေ့မှာပဲ
တဝဲဝဲရယ်နဲ့ တလည်လည်ဖြစ်နေရတာလဲ။ နင့်သူငယ်ချင်းမတွေရော ဘာဖြစ်လို့ နင်နဲ့
ငါ့ကိုတွဲပြီး နောက်ပြောင် ကျီစယ်နေကြတာလည်း။ ဘာဖြစ်လို့... ဘာဖြစ်လို့...။ ငါ
နင်တို့မဏ္ဍပ်ရှေ့က နောက်တစ်ခေါက် ထပ်ဖြတ်တယ်။ နင်က ငါ့ကို အပြုံးနဲ့ ထွက်ခေါ်တယ်။
'မုန့်လုံးရေပေါ် စားသွားပါဦး'
တဲ့။
□
မိဂျူးရေ...
မိဂျူးရေ......
မိဂျူးရေ............။
□
ချစ်လို့တဲ့.....
ပြုစားခဲ့တယ်။ ။
ဟ ချစ်ဒုက္ခကို မျှဝေခံစားပေးခဲ့တဲ့
ရေအိမ်ထဲမှာ
ဆေးထိုးအပ် တန်းလန်းနဲ့ သေဆုံးသွားသော
သူငယ်ချင်း ပူရှိန်းအတွက်'
▀
သဲထူး
၂၈-၁-၂ဝဝ၅
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်