ရွှေသီရိခေတ်
ပင်လယ်မကောင်းဆိုးရွား
အမည်ရ ကာတွန်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်အတွက် ဆုတံဆိပ်ပေါင်းများစွာအတွက်
အဆိုပြုခြင်းခံရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သို့သော် ဆုတော့တစ်ခုမျှ မရခဲ့တာ စိတ်မကောင်းစရာပါ။
၂၀၂၃ ခုနှစ်အတွက်
Academy Award၊ Visual Effects Society Awards, Alliance of Women Film
Journalists ဆုတွေအတွက် လျာထားခြင်းခံခဲ့ရပါတယ်။ တခြားနာမည်ကျော်
ကာတွန်းရုပ်ရှင်တွေဖြစ်တဲ့ Bolt, Big Hero 6 နှင့် Moana ဇာတ်လမ်းများကို တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ဒခရစ်(ဆ်)ဝီလီယမ် “Chris William” က
လက်စွမ်းပြထားတဲ့ ဇာတ်ကားပါ။ ဇာတ်ကားကို ဖွဲ့စည်းထားပုံလေးအရင်ပြောကြည့်ရအောင်။
ကလေးတွေအတွက်
ရည်စူးတဲ့ ဇာတ်ကားဖြစ်ပေမယ့် ငြိမ်းချမ်းရေးနဲ့ လူမှုရေး သီအိုရီတွေကို
အတော်များများ အခြေခံထားပြီး ပါးပါးလေး ထည့်သွင်းထားပါတယ်။ တချို့ကတော့ ဇာတ်လမ်းက
ရိုးလွန်းတယ်လို့ ဝေဖန်ကြတာရှိပေမယ့် ရွှေချစ်သူများအတွက်တော့ အကျိုးရှိမယ်လို့
မျှော်လင့်ပါတယ်။
အရုပ်ဖန်တီးမှုတွေမှာ
တော်တော်အဆင့်မြင့်တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ဇာတ်ကောင်တွေ ၊ သင်္ဘောတွေ
ပင်လယ်လှိုင်းလုံးတွေ ဖန်တီးမှုက ပြေပြစ်လွန်းလှတယ်။ ပင်လယ်သတ္တဝါကြီးတွေကို
ကလေးတွေအကြိုက် အရောင်တောက်တောက်နဲ့ ဖန်တီးထားတာ ၊ ကြောက်စရာကနေ ချစ်စရာကြီးလို့
ခံစားရအောင် လုပ်တတ်တာလေးတွေက နှစ်သက်စရာပါပဲ။
ဇာတ်လမ်းကတော့ ၁၇ ရာစုခေတ်များက လူနေမှုပုံစံကို အခြေပြုထားပါတယ်။ ၁၇ ရာစုမှာ
ပင်လယ်ခရီးသွား စွန့်စားမှုတွေ အားကောင်းနေတဲ့အချိန် ၊ နိုင်ငံတွေအကြား သူ့ထက်ငါ
ပင်လယ်ကို ကျော်ဖြတ်ပြီး နယ်သစ်ပယ်သစ်ရှာနေကြချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ ကုန်သည်တွေ ပင်လယ်သမုဒ္ဒရာကြီးအတွင်း
ဘေးကင်းစွာ ကူးသန်းသွားလာနိုင်ရေးအတွက် ပင်လယ်ထဲမှာ ကျက်စားနေကြတဲ့
မကောင်းဆိုးဝါးတွေကို
သုတ်သင်ရှင်းလင်းပေးရတဲ့ ပင်လယ် မုဆိုးကျော်တွေအကြောင်း သည်းထိပ်ရင်ဖိုစရာ၊
ရယ်စရာမောစရာလေးတွေနဲ့ မပျင်းရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။
အဓိကဇာတ်ကောင်တွေကတော့ “တွေ့မရှောင်” အမည်ရ အမဲလိုက်သင်္ဘောကြီးရဲ့ ကပ္ပတိန် ခရိုး သူရဲ့လက်ရုံး ဂျေကော့(ဘ်)ဟော်လန်
နဲ့ မိဘမဲ့ကလေး မေစီဘရမ်ဘယ်(လ်) တို့ဖြစ်ပါတယ်။ ကပ်ပတိန် ခရိုး ဇာတ်ကောင်အတွက် ဂျယ်ရတ်(ဒ်)ဟယ်ရစ်(ဆ်)
“Jared Harris” ၊ ဂျေကော့(ဘ်)ဟော်လန်
“Jacob Holland" အတွက် ကား(လ်)အာဘမ် “Karl Urban၊” နှင့် မေစီဘရမ်ဘယ်(လ်)
“Maisie Brumble “အတွက် ဇယ်ရစ်(ဆ်)အိန်ဂျယ်(လ်)ဟတ်တာ “Zaris-Angel Hator” တို့အသီးသီးက
အသံသရုပ်ဆောင်ပေးထားပါတယ်။
ဒီဇာတ်ကားမှာ
စိတ်ဝင်စားစရာကောင်းတဲ့ ရှေးရိုးစွဲဂျန်ဒါ အယူဝါဒတွေကို ချိုးဖောက်ထားတာလဲ တွေ့ရမှာပါ။
အမျိုးသမီး အထူးသဖြင့် လူမည်းအမျိုးသမီးတွေဟာ ရဲရဲတောက် အမဲလိုက်မုဆိုးတွေအဖြစ် သာမက
ခေါင်းဆောင်နေရာမှာပါ တွေ့ရမှာပါ။ မိဘမဲ့ ကလေးငယ်ဆိုတာ အားနည်းသူအဖြစ်
ပုံဖော်ထားတာမျိုးမရှိပဲ အားရှိတဲ့ ရည်မှန်းချက်ကြီးတဲ့ ၊ တွေးခေါ်ဆင်ခြင်တတ်တဲ့
အားရှိသူအဖြစ် ထည့်ထားတာ မြင်ရပါလိမ့်မယ်။ တွေ့မရှောင် သင်္ဘောကြီးရဲ့မာလိန်မှူး
ကပ္ပတိန်ခရိုးဟာ Red Beast လို့ ခေါ်ကြတဲ့ အနီရောင် ပင်လယ်မိစ္ဆာကြီးကို အနှစ် ၃၀
လုံးလုံး လိုက်ရှာနေခဲ့သူပါ။ အဲ့ဒီ မိစ္ဆာငါးကြီးကြောင့် ကပ္ပတိန်ဟာ
မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရပါတယ်။ သူ့ရဲ့လက်ရုံးက ဂျေကော့ဘ် ပေါ့။ ငယ်ငယ်ကတည်းက
သူမွေးစား စောင့်ရှောက်လာခဲ့တဲ့ ပညာကုန်သင်ကြားပေးထားတဲ့ လက်ရင်းတပည့်။
မေဆီဘရမ်ဘဲလ်ဆိုတဲ့ လူမည်းကလေးမလေးက မိဘမဲ့ကျောင်းက ထွက်ပြေးလာသူ။ သူ့မိဘများဟာ
ပင်လယ်အမဲလိုက်မုဆိုးတွေ ဖြစ်ကြပြီး ပင်လယ်ထဲမှာပဲ အသက်ဆုံးရှုံးသွားတဲ့အတွက်
မေဆီလေးဟာ နေ့စဥ် သူ့မိဘတွေအကြောင်းကို အားကျပြီး တစ်နေ့ သူတို့လို ပင်လယ်ပျော်
မုဆိုးကျော်ဖြစ်ရမယ်လို့ စိတ်ကူးယဥ်နေသူပေါ့။ အိမ်ပြေးလေး မက်ဆီနဲ့ ဂျေကော့ဘ်
ဆုံကြရာက ဇာတ်လမ်းကို စပါတယ်။ ပင်လယ်ထဲမှာ နာမည်ကျော် မိစ္ဆာငါးကြီး “Red” နဲ့
သူတို့ ဆုံကြရာမှာတော့ “Red” ဟာ သူတို့ထင်သလို ဆိုးယုတ် ကြမ်းကြုတ်လှတဲ့
လူသတ်ကောင် ငါးကြီးမဟုတ်ပဲ လူသားတွေရဲ့ အမဲလိုက်မှုကို ခုခံနေရတဲ့ သားကောင်သာ
ဖြစ်ကြောင်း တွေ့လာကြတယ်။
တကယ်တော့
လူသားတွေနဲ့ ပင်လယ်သတ္တဝါကြီးများအကြားက နှစ်ကာလရှည်ကြာလှတဲ့ စစ်ပွဲဟာ စာအုပ်တွေ ၊
ပုံပြင်တွေမှာ ရေးထားသလို မဟုတ်ပဲ အုပ်ချုပ်သူ ဘုရင်များက လူတွေကို အကြောက်တရားနဲ့
ဖိနှိပ်ဖို့ ဖန်တီးထားတဲ့ ပုံပြင်တွေသက်သက်သာ ဖြစ်တယ်။ လူသားတွေကသာ
ပင်လယ်ပျော်ကြီးတွေကို လိုက်လံဖမ်းဆီး သတ်ဖြတ်ပြီး အင်အားကြီးကြောင်း
သက်သေထူနေကြတဲ့ ရက်စက်ကြမ်းကြုတ်သူများ ဖြစ်တယ်ဆိုတာ မေဆီလေးနဲ့ ဂျေကော့ဘ်ကလည်း သဘောပေါက်သွားပြီး
လူသားနဲ့ ပင်လယ်သတ္တဝါတို့ ငြိမ်းချမ်းစွာအတူ ယှဥ်တွဲနေလို့ရကြောင်း သက်သေပြခဲ့တဲ့
ဇာတ်လမ်းလေးပါ။
ဒီဇာတ်ကားက ကလေးများအတွက်ရည်ရွယ်ထားသည့်
ဇာတ်ကားတစ်ခုဖြစ်ပေမယ့် ထည့်သွင်းထားတဲ့ သတင်းစကားတွေကတော့ လူကြီး၊ လူငယ်၊ ကလေး အရွယ်သုံးပါးလုံးအတွက် အသုံးဝင်နိုင်ပါတယ်။ တစ်ခါတစ်ရံ ကျမတို့ သိထားတဲ့ အမှန်တရား၊ သမိုင်းကြောင်းဆိုတာ အမြဲ အမှန်တရား ဖြစ်မနေတတ်ပါဘူး။ အမှန်တရားတို့ ၊
သမိုင်းဇာတ်ကြောင်းတို့ဆိုတာ အုပ်စိုးသူ လူတန်းစား လူနည်းစုလေးက သူတို့ အာဏာနဲ့ချမ်းသာကြွယ်ဝမှု ရေရှည်တည်တံ့ရေးအတွက်
စိတ်ကြိုက်ဖန်တီးထားတဲ့ ပုံပြင်တစ်ခုဖြစ်နေတတ်ပါတယ် ဆိုတာကို အသေအချာလေး
ရိုက်ပြထားတယ်။ ဒါ့အပြင်
အမှန်တရားဆိုတဲ့ အရာကလည်း တစ်ခါတစ်လေ ပုံစံတစ်မျိုးထက် ပိုရှိနေနိုင်ပါသေးတယ်။ ဒီအချက်ကို ဇာတ်ကားထဲမှာ မကောင်းဆိုးဝါးတို့ရဲ့
အမှန်တရားနဲ့ တိုက်ပွဲမှာကျရှုံးခဲ့တဲ့ အမဲလိုက်သမားများက ယုံကြည်တဲ့အမှန်တရားတို့ နှစ်ခုရဲ့ကွဲပြားမှု ကနေတစ်ဆင့် ဖော်ပြထားတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ သမိုင်းကြောင်း အမှန်တရားထက် အဆုံးသတ် ဆုံးဖြတ်ချက်က ပိုအရေးကြီးတယ်ဆိုတဲ့ အချက်လေးကိုလည်း
ဂျေကော့(ဘ်) နဲ့ မေစီ ရဲ့ ရဲရင့်တဲ့ စွန့်စားမှုတွေကနေတစ်ဆင့် ပြသထားပါတယ်။
ဒါ့အပြင် တစ်ခါတစ်လေမှာ ဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာထက်
အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး နစ်နာမှုမရှိပဲ
ပြဿနာကို ဘယ်လို အဆုံးသတ်တယ် ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီအချက်ကို မေစီ က Red (အနီရောင်ပင်လယ်မကောင်းဆိုးဝါး) နဲ့ ကပ်ပတိန်
ခရိုး “Captain Crow” ရဲ့ အဆုံးသတ်မရှိတဲ့ တိုက်ပွဲကို အဆုံးသတ်ပစ်ပြီး လူတွေသိထားတဲ့
အမှန်တရားဆိုတာ လူတစုရဲ့ ဝါဒဖြန့် ပုံပြင်တစ်ပုဒ် ဖြစ်နိုင်ပါသေးတယ်ဆိုတာကို
မီးမောင်းထိုးပြထားတယ်။ ဒီဇာတ်ကားထဲမှာ မေစီရဲ့ လက်စွဲစကားလေးတစ်ခုရှိပါသည်။
“သူရဲကောင်းတွေလဲ တစ်ခါတလေမှားနိုင်ပါတယ်” တဲ့။ ဒီစကားလေးကတော့ ဘယ်လို့ပဲ ရဲစွမ်းသတ္တိနဲ့ပြည်စုံပြီး
အများအတွက်စွန့်စားတိုက်ခိုက်နေတဲ့ သူရဲကောင်းဖြစ်နေပါစေ သူတို့သည်လဲ လူသားများသာ
ဖြစ်တဲ့အတွက် ခံစားချက်၊ ဘက်လိုက်မှုနဲ့ အမှားတွေကို အမှန်အဖြစ်
ယုံကြည်မိတာမျိုးလဲ ဖြစ်နိုင်ပါတယ်တဲ့။ အားလုံးက
သူရဲကောင်းအဖြစ် လေးစားယုံကြည် အားကိုးရသော အမဲလိုက်သမားများတွေဟာ လူတွေအတွက်တော့
အမှန်တရားဘက်တော်သား သူရဲကောင်းများပေါ့။ ဒါပေမဲ့ ပင်လယ်မကောင်းဆိုးဝါးများဘက်က ဆိုရင်တော့ သူတို့ရဲ့ နေအိမ်ကိုကျူးကျော်ဖျက်စီး၊ သူ့တို့ရဲ့မိသားစု၊ မိတ်ဆွေများကို သတ်ဖြတ်နေကြသော
ရန်သူတွေပါပဲ။
ခြုံပြောရရင်တော့ ဒီဇာတ်ကားလေးက တစ်ခါတလေ မိမိက အမှန်လို့ ပုံသေစွဲမနေပဲ ပြန်လည်လေ့လာ ဆန်းစစ်စဥ်းစားတတ်ဖို့၊ မိမိထက် ရာထူးကြီး အာဏာကြီးသူက ပြောတိုင်းအမှန်ဆိုပြီး မျက်စိမှိတ်မယုံဖို့၊ တစ်ခါတစ်ရံမှာ
မိမိတို့ရဲ့သူရဲကောင်းတွေကလည်း လူပဲမို့ အမှားလုပ်မိနိုင်ကြောင်းကို ကလေးတွေကို
ပညာပေးတဲ့ ဖြော်ဖြေရေး ဇာတ်ကားလေးဖြစ်ကြောင်း ရွှေချစ်သူများသို့
လက်တို့လိုက်ပါရစေ။
▀
ရွှေသီရိခေတ်
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။