နိုင်ငံတကာ ရုပ်ရှင်

နောက်တစ်ယောက်နဲ့ တွဲတဲ့ဇာတ်လမ်း

ရီတာအောင်(NY)

01 April 2025
နောက်တစ်ယောက်နဲ့ တွဲတဲ့ဇာတ်လမ်း
Share to

နာမည်ကြီးအောင် တမင်ထွင်တဲ့ ထွင်လုံးလေလား။ ဒါမှမဟုတ် စာအုပ်ကြီးထဲက မျက်လှည့်ဟောင်းတစ်ခုလို့ပဲ ခေါ်ရလေမလား။ သို့ပေမယ့် Mr and Mrs Smith ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့သူ ရုပ်ရှင်မင်းသား Brad Pitt နှင့် Angelina Jolie တို့က အမည်တု ကိုယ်စီဖြင့်

Palm Springs ရှိ ဟိုတယ်၌ဇနီးမောင်နှံအဖြစ် အခန်းတစ်ခန်း ယူလိုက်သောအခါ သို့လော သို့လောနှင့် ကောလာဟလပေါင်းများစွာ ထွက်ပေါ်လာလေသည်။

            မင်းသားချော ဘရက်ပစ်နှင့် ၎င်းရဲ့ဇနီး Jennifer Aniston တို့ ကွာရှင်းလိုက်ကြပြီဆိုသည့် သတင်း၏ နောက်ဆက်တွဲက ဘရက်နှင့် အန်ဂျလီနာဂျိုလီတို့ စုံတွဲခုတ်နေကြပြီလို့ ဆိုပါသည်။ ဘရက်ပစ်က Bryce အမည်ဖြင့် လည်းကောင်း၊ အန်ဂျလီနာဂျိုလီက Jasmine Pilaf အမည်ဖြင့် လည်းကောင်း Le Parker Meridien ဟိုတယ်၌ အခန်းအတူယူထားခဲ့သည်။ ၎င်းတို့ တည်းခိုသော အခန်းခကတင် တစ်ည ဒေါ်လာ ၁၃ဝဝ ခန့်ဖြစ်သည်။ တီးတိုးတီးတိုး သတင်းစကားတွေအရ အန်ဂျလီနာကြောင့်ပဲ ဘရက်တို့ ရုတ်တရက် ကွဲကြသလိုလို ဖြစ်ပြီး အန်ဂျလီနာကတော့ ကွဲကြပြဲကြတဲ့တရားခံက သူ လုံးဝ မဟုတ်ပါဘူးတဲ့။ သူမက 'ကျွန်မကို အနောက်တိုင်းက ကဝေကြိုး အစုံတတ်တဲ့ စုန်းမလို့ သမုတ်ထားကြတယ်။ အိမ်ထောင်ရေးကို ဖျက်ဆီးသူလို့ နာမည်တပ်ကြတယ်။ ဒါပေမယ့် ကျွန်မက ဘယ်သူပဲငိုငို ပခုံးငှားမယ့်သူ တစ်ဦးသာ ဖြစ်တယ်' ဟု ဖွင့်ပြောထားသည်။

            ရုပ်ရှင် တွဲရိုက်နေကြစဉ် တစ်လျှောက်လုံး အတင်းအဖျင်းပေါင်းစုံ ပျံ့နှံ့နေကြရာ မဖြစ်နိုင်ပါဘူးဟုလည်း မငြင်းနိုင်ပေ။ ဟောလိဝုဒ်က မောင်နှံတွေရဲ့ ထုံးစံအတိုင်း အထူးအဆန်း သတင်းတွေက အမြဲဖြစ်နေတတ်တာကိုး။ ဘရက်ရဲ့ သူငယ်ချင်းတွေကတော့ 'ကျွန်တော်တို့ သူငယ်ချင်းက ဇနီးမယားကွယ်ရာမှာ ဒါမျိုးလုပ်မယ့် သူ လုံးဝမဟုတ်ဘူး' လို့ တွင်တွင် ငြင်းကြသည်။ အန်ဂျလီနာက 'ပခုံး ငှားရုံပါ'လို့ ဆိုတဲ့အပြင် 'ကျွန်မက သူ့ရဲ့နာကျင်မှုတွေ သက်သာအောင် ကူညီဖို့ သက်သက်ဆိုတာ အမှန်ပါပဲ။ ဘရက်က ဖခင်တစ်ယောက်ဘဝကို ရချင်ပြီ။ သားသမီး ရင်သွေးလေးတောင့်တနေတာ ကြာလှပေမယ့် ခုထိ ဖြစ်မလာသေးတော့ အတော်ခံစားနေရတာ'ဟု ပြောသည်။

            ပြီးခဲ့သော ဇန်နဝါရီလကတော့ ဘရက်နှင့် ဂျနီဖာတို့ကို LA ၌ ညစာ အတူစားနေသည်ကို တွေ့ကြရသည်။ ချစ်သူဖြစ်ခါစတုန်းကအတိုင်း ကြည်နူးနေသည်ကို တွေ့ရ၍ မိတ်ဆွေများကပင် 'သူတို့အတူတူပဲ ရှိနေကြပါသေးတယ်။ အချစ်မပြယ်သေးပါဘူး' ဟု သတင်းသမားများကို ပြောကြားခဲ့ သည်။ မကြာသေးခင်က ဂျနီဖာရဲ့ မိတ်ဆွေ (ရုပ်သံဇာတ်လမ်း Friends ၌ အတူတူ သရုပ်ဆောင် ခဲ့ဖူးသည်။) Courteney Cox တို့ နေထိုင်ရာ Malibu အနား၌ ဂျနီဖာက ရုပ်သံဇာတ်လမ်း များတွင်သာမကဘဲ များမကြာမီက ရုပ်ရှင်ကားကြီး ငါးကားကိုလည်း လက်ခံရိုက်ကူးခဲ့သေးသည်။

            ဂျနီဖာက အိမ်ပြောင်းနေဖို့ အိမ်ရှာခြင်း၊ ရုပ်ရှင်ရိုက်ခြင်းတွေနှင့် အလုပ်တွေ များနေသလို ဘရက်ကလည်း ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ရိုက်ရင်း Tsunami ဆူနာမီ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေးအလုပ်များဖြင့် ပျော်မွေ့နေလေသည်။ ၎င်းတို့ လက်ထပ်ခါစက ညီညီညွတ်ညွတ်ဖြင့် ရိုးမြေကျ ပေါင်းကြပေလိမ့်မည်ဟု အထင်ရှိခဲ့ရာမှ ယခုကဲ့သို့ အအက်အကွဲ ဇာတ်လမ်းကြောင့် အားလုံးအံ့အားသင့်ကြသည်။ ယတိပြတ် မကွာရှင်းကြသေးခင် ပြန်ပေါင်းများ ထုတ်လေ မလားရယ်လို့လည်း မျှော်လင့်ထားကြသေးသည်။ ဘရက်ရဲ့ဘွားအေကြီး Betty J Russell က 'ကျွန်မတို့အားလုံးက သူတို့ ပြန်ပေါင်းဖို့ မျှော်လင့်နေကြတယ်။ ဒါ ကျွန်မတို့ ဆုတောင်းနေတာပေါ့။ သူတို့ နှစ်ယောက်က သိပ်လိုက်ဖက်တာလေ'လို့ သတင်းထောက်များအား ပြောပြခဲ့သည်။

            ရင်သွေးတောင့်တနေသည့် ဘရက်အဖို့ အန်ဂျလီနာ၏ မွေးစားသားကလေး Maddox (၃ နှစ်) နှင့် တီတီတာတာ နေရခြင်းအပေါ်ကို နှစ်သက်ပြန်သည်။ ဒါ့အပြင် အန်ဂျလီနာ၏ သွက်လက်ထက်မြက်သော လူမှုရေး လှုပ်ရှားမှုများကို အားကျလေးစားလေသည်။ ရုပ်ရှင် အတူတွဲရိုက်ကတည်းက ဘရက်၏ ပြောင်းလဲမှုများကို ဇနီးသည်က သတိထားမိသည်အထိပင်။ ထို့ကြောင့်လည်း ဘရက်နှင့် အန်ဂျလီနာတို့ ဟိုတယ်တစ်ခုတည်း အခန်းတစ်ခန်း ယူတယ်ကြားတာနှင့် ဂျနီဖာက Los Angeles ၌ ကွာရှင်းခွင့် တရားရုံးသို့ လျှောက်ထားလိုက်လေသည်။ ကွာရှင်းလိုသည့် အဓိက အကြောင်းပြချက်ကိုတော့ ညှိနှိုင်းဆွေးနွေး၍ မရနိုင်သော ကွဲပြားခြားနားမှုများကြောင့်ဟု အမည်တပ်ထားလေသည်။

            စာချုပ်တွင်း၌ ၎င်းတို့ ပိုင်ဆိုင်မှုများကို အဘယ်ကဲ့သို့ ခွဲဝေမည်ဆိုတာ အတိအကျ မသိရသေးပေမင့် Beverly Hills က ၁၂ သန်းတန် အိမ်ကြီးကိုတော့ ဂျနီဖာ ရရှိလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ ၎င်းအိမ်ကြီးကို လက်ထပ်ပြီး နှစ်နှစ်လောက်ကြာအောင် အချိန်ပေးကာ ပြင်ဆင်မွမ်းမံခဲ့ကြသည်။ လက်ထပ်ပြီး ဂျနီဖာက ဘရက်၏ Last Name Pitt ကို ပြောင်းလဲသုံးစွဲခဲ့ရာ ယခု သူမ၏ အပျိုဘဝကအမည် Aniston အဖြစ် ပြန်လည်သုံးစွဲခွင့် ပြုဖို့ပါ တရားရုံး၌ လျှောက်ထားသည်။

▀

ရီတာအောင်(NY)

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
ရီတာအောင် (NY)

အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
ဇာနည်ညိမ်း

သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...