နိုင်ငံတကာ ရုပ်ရှင်

ကလူနီနှင့်သူ၏ ဂုဏ်သိက္ခာ

ဇာနည်ညိမ်း

01 April 2025
ကလူနီနှင့်သူ၏ ဂုဏ်သိက္ခာ
Share to

           ချစ်ရေးချစ်ရာ ကိစ္စတစ်ခုလိုပါပဲ။ အချစ်ကိစ္စမှာ တစ်ခါတစ်ရံ ဖြောင့်ဖြူးပေမယ့် တစ်ခါတစ်ရံမှာ မဖြောင့်ဖြူးဘဲ ရှိတတ်သလိုပေါ့။ ချစ်သူက စိတ်ကောက်ပြီဟေ့ဆိုရင် သူ့အလှတွေကို ဖွဲ့ဆိုပြီး ချော့ရသလိုပါပဲ။ ဂျော့ချ် ကလူနီတစ်ယောက်လည်း သူ့ချစ်သူရဲ့ အလှအပတွေကို သီကျူးရပါတော့တယ်။ 'ကျွန်တော့်စိတ်ထင်ပြောရရင် ဟောဒီ Laglio မြို့ကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးမြို့ဖြစ်မယ် ထင်ပါတယ်။ ဒီမြို့မှာနေထိုင်ကြတဲ့ လူတွေ၊ ကျွန်တော့်အိမ်နီးချင်းတွေဟာလည်း အင်မတန် စိတ်နှလုံးကောင်းကြပြီး နွေးထွေးမှုလည်း ရှိကြပါတယ်'လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြား လိုက်ရပါတယ်။ ဟုတ်ပါတယ်။ ဂျော့ချ် ကလူနီကိစ္စက သူ့ချစ်သူကို ချော့ရတာ မဟုတ်ပါဘူး။ သူ အင်မတန် သဘောကျလွန်းလို့ အခြေချနေထိုင်တဲ့ အီတလီနိုင်ငံရဲ့ မြို့ကလေးတစ်မြို့က သူ့အိမ်နီးနားချင်းတွေကို ကျေနပ်အောင် နှစ်သိမ့်လိုက်ရခြင်းသာ ဖြစ်ပါတယ်။

            အဖြစ်က လွန်ခဲ့တဲ့ လေးနှစ်လောက်က စခဲ့တယ်လို့ ဆိုရပါမယ်။ ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ အသည်းနှလုံးကလေးဖြစ်တဲ့ ရုပ်ရှင်မင်းသားချော ဂျော့ချ်ကလူနီဟာ သူငယ်ချင်းများနဲ့အတူ မော်တော်ဆိုင်ကယ်စီးပြီး ဥရောပနိုင်ငံအသီးသီးသို့ ကုန်းကြောင်း ခရီးနှင်ခဲ့ပါတယ်။ သူတို့အုပ်စု အီတလီနိုင်ငံရဲ့ Alps တောင်တန်းများကို ဖြတ်ကျော်ချိန်မှာ အဲဒီတောင်တန်းကြီးရဲ့ ခြေရင်းမှာ ဝပ်ဆင်းနေတဲ့ Lake Como ရဲ့အလှကို မြင်လိုက်မိပါတယ်။ သဘာဝတရားအလှနဲ့ ပြည့်စုံပြီး ဘယ်တော့မှ အိုမင်းယိုယွင်းသွားမှာ မဟုတ်တဲ့ ဒီအလှမှာ ကလူနီ နစ်မျောမိပါတော့တယ်။ ကန်ကြီးရဲ့အစပ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီး အိမ်ကောင်းများကလည်း ကလူနီရဲ့ စိတ်ကို စွဲဆောင်နေပြန်ပါတယ်။

            အထူးသဖြင့် ၁၈ ရာစုနှစ်ကတည်ဆောက်ခဲ့တဲ့ Villa Oleandra ဆိုတဲ့ စံအိမ်ကြီးကို အရူးအမူး နှစ်ခြိုက်မိပါတော့တယ်။ ဒီစံအိမ်ကြီးက ကမ္ဘာကျော် Heiz ငရုတ်ရည်များ ထုတ်လုပ်တဲ့ အမေရိကန်မိသားစု တစ်စုပိုင် စံအိမ်ကြီး ဖြစ်ပါတယ်။ အိမ်ကြီးကို ကြည့်ပြီး နစ်မျောမိနေတဲ့ ကလူနီကို သူငယ်ချင်းတစ်ယောက်က 'မင်း ဒီလိုနေရာမျိုးမှာ မနေချင်ဘူးလား'လို့ စိတ်ဆွပေးလိုက်ပြန်ပါတယ်။ အဲဒါကြောင့်ပဲ တစ်နှစ်အတွင်း ကန်ကြီးရဲ့နံဘေးမှာ ကလူနီတစ်ယောက် အိမ်အသစ် ဆောက်ပြီး အခြေချနေထိုင်ဖြစ်ခဲ့ပါတော့တယ်။

            မင်းသားတစ်ယောက်တည်း နေတာ အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်က အိမ်နီးချင်းများအတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ၂ဝဝ၄ ခုနှစ်က Ocean's Twelve ဇာတ်ကား ရိုက်ကူးကြပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ လူတွေကြည့်ပါဦး။ ဂျော့ချ်ကလူနီရယ်၊ ဘရက်ဒ်ပစ်ရယ်၊ ဂျူလီယာ ရောဘတ်စ်ရယ်၊ ကက်သရင်းဇီတာ ဂျုံးစ်ရယ်ဆိုတော့ ဒီမြို့ကို ကမ္ဘာအရပ်ရပ်က စာနယ်ဇင်းတွေကလည်း စိတ်ဝင်စားပြီပေါ့။ သတင်းသမားတွေ ခြေချင်းလိမ်မတတ် ဝင်ထွက်သွားလာ  နေကြတဲ့ကြား ကမ္ဘာကျော်မင်းသား၊ မင်းသမီးအုပ်စုကလည်း အတူသွား၊ အတူလာ ရှိနေကြတော့ တစ်မြို့လုံး ရှုပ်ယှက်ခတ်ကုန်ပြီပေါ့။ အေးချမ်းလွန်းလို့ ကမ္ဘာအရပ်ရပ်က ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားကြတဲ့ ဒီနေရာလေးမှာ သူစိမ်းတွေ ရောက်လာပြီဆိုတော့ အေးအေးလူလူ နားနေချင်ကြတဲ့ မြို့ခံလူထုမှာ သူတို့ဒေသကို လာပြီး အခြေချနေထိုင်တဲ့ ဂျော့ချ်ကိုပဲ အပြစ်တင်ကြပါတော့တယ်။ ဒင်းသာ မရှိဘူးဆိုရင် ငါတို့မြို့မှာ ဒီလိုခြေရှုပ်စရာ အကြောင်းမရှိဘူးပေါ့။

            စုစုပေါင်း မြို့သူမြို့သားက ၃ဝဝ လောက်ပဲ ရှိတာပါ။ ဒါပေမယ့် သူတို့ရဲ့ ဒေါသကို ဂျော့ချ်လည်း မလွန်ဆန်ဝံ့ပါဘူး။ ဒါကြောင့် သူ့သဘောထားကို ထုတ်ဖော်ပြောကြားရပါတယ်။ 'ကျွန်တော့်သဘောကတော့ အင်မတန် အေးချမ်းသာယာတဲ့ ဒီနေရာကလေးမှာ နေချင်တဲ့ဆန္ဒ အပြည့်ရှိပါတယ်'ပေါ့။ ဒီတော့မှ အိမ်ခံလူတွေက ဒီလိုဖြင့် တို့မင်းသားကြီးက တော်ရှာသားလို့ မေတ္တာစိတ်တွေ ပြန်ဝင်လာခဲ့ပြီး သူ့ကို ဂုဏ်ထူးဆောင်မြို့သားတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။

            ဂယက်တွေ ငြိမ်သက်သွားတာ ရက်သတ္တပတ် လေးငါးပတ်သာ ရှိသေးတဲ့အချိန်မှာ နောက်ထပ် ကောလာဟလတစ်ပုဒ်က လွင့်ထွက်လာပြန်ပါတယ်။ မြို့ကလေးရဲ့ တစ်ခုတည်းသော အများပိုင် ရေချိုးဆိပ်ကို ဂျော့ချ်ကလူနီက သူတစ်ဦးတည်းပိုင်အဖြစ် အသုံးပြုနိုင်အောင် အစိုးရထံမှ ဝယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းပါပဲ။ အဲဒီရေချိုးဆိပ်က သူ့လက်ရှိနေအိမ်နဲ့ သူသဘောကျခဲ့တဲ့ Villa Oleandra နှစ်ခု ကြားမှာ ရှိပါတယ်။ ဒီသတင်း ထွက်ပေါ်လာတော့ ရပ်ကွက်ထဲမှာလည်း ပြောကြ၊ စပျစ်ခြံတွေမှာလည်း ပြောကြနဲ့ ဖြစ်လာပါတယ်။ ရုပ်ရှင်မင်းသားတွေဟာ ချမ်းသာတိုင်း လုပ်ချင်တာကို လုပ်ကြတယ်။ အများပြည်သူရဲ့ မျက်နှာကို မထောက်ထားကြဘူးလို့ ဝေဖန် သုံးသပ်လာကြပါတယ်။

            တကယ်တော့ ဒီသတင်းက ကောလာဟလသာ ဖြစ်ပါတယ်။ ဂျော့ချ်အနေနဲ့ မမှန်သတင်းမို့ မသက်ဆိုင်သလို နေချင်ပေမယ့် နေလို့မဖြစ်တော့ပါဘူး။ ဒါကြောင့် မြို့ခံလူများ ကျေနပ်စေဖို့အတွက် ဒုတိယအကြိမ်မြောက် စာတစ်စောင် ထုတ်ပြန်ရပြန်ပါတယ်။ 'ကျွန်တော့်အဖြစ်က နိုင်ငံရေး စစ်ပွဲကြားမှာ ပိတ်မိနေသလိုပါပဲ'လို့ ရင်းနှီးသူများကို ပြောပြခဲ့ပါတယ်။

            သူ့ရှင်းပြချက်က တကယ်တော့ သူ ဒီရေချိုးဆိပ်ကို ပြုပြင်ဖို့စိတ်ကူးခဲ့တာ မှန်ပါသတဲ့။ ဗိသုကာတစ်ဦးနဲ့ တိုင်ပင်ပြီး ရေချိုးဆိပ်ကို ခုထက် လှပသွားအောင် ဖန်တီးပေးချင်တဲ့အတွက် မြို့တော်ဝန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါသတဲ့။ ဒါကလည်း အားလုံးအတွက် သူက အကုန်အကျခံကာ ပြုပြင်ပေးဖို့ ရည်ရွယ်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲလို ရှင်းပြလိုက်ပြန်တော့လည်း အိမ်ခံများက အမေရိကန် ရုပ်ရှင်မင်းသားကို ကျေနပ်သွားကြပြန်ပါရော။

            ဂျော့ချ်ကလူနီဟာ အီတလီ အမျိုးသားမဟုတ်တဲ့အတွက် အီတာလျံ စကားကို လည်လည်ပတ်ပတ် မပြောတတ်ပါဘူး။ ရာသီဥတုကို ကြိုက်နှစ်သက်လွန်းတဲ့အတွက်သာ အီတလီမှာ လာရောက်နေထိုင်ခြင်း ဖြစ်ပါတယ်။ Como ကန်ကြီးရဲ့ဘေးမှာ အေးအေးလူလူ အပန်းဖြေနေတတ်တဲ့ အခါတွေရှိသလို သူပိုင် မော်တော်ဘုတ်တစ်စီးနဲ့ လှည့်ပတ်နေချိန်များလည်းရှိပြီး ရေကူးချင်တဲ့အခါ ဆင်းကူးတတ်တဲ့ မင်းသားပါ။

            ဂျော့ချ်ဟာ ဥရောပနိုင်ငံများကို နှစ်သက်ရုံသာမကပါဘူး။ အင်္ဂလန်နိုင်ငံသူ ရုပ်မြင်သံကြား စီစဉ်တင်ဆက် သူ လီဇာစနိုးဒေါင်းကိုလည်း ချစ်ခင်နှစ်သက်သူပါ။ သူ့ချစ်သူကို Como ကန်ကြီး နံဘေးက သူ့အိမ်သို့ ကြိမ်ဖန်များစွာ အလည်အပတ် ခေါ်ဆောင်ခဲ့ဖူးပါတယ်။ လေပွေရူးလို လွင့်ချင်ရာ လွင့်နေပြီး ခုထက်ထိ အတည်တကျ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ဂျော့ချ်ကလူနီနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ရုပ်ရှင် မင်းသမီး နီကိုးလ်ကစ်ဒ်မဲန်းနဲ့ မစ်ရှဲလ် ဖိုင်ဖာတို့က အသက် ၄ဝ ပြည့်ရင် ဒီလူ အိမ်ထောင်ပြုလိမ့်မယ်လို့ လောင်းကြေး ထပ်ခဲ့ကြပေမယ့် မင်းသမီးနှစ်ယောက်စလုံး ရှုံးသွားခဲ့ကြပါသတဲ့။ ဒီတုန်းက ဂျော့ချ်က မင်းသမီးနှစ်ယောက်နဲ့ ဒေါ်လာ နှစ်ထောင်စီ လောင်းကြေးထပ်ခဲ့တာဖြစ်ပြီး သူ အသက် ၅ဝ မပြည့်မချင်း လူပျိုဘဝမှာပဲ နေဖြစ်လိမ့်မယ်လို့ လောင်းခဲ့ခြင်းပါ။ အသက် ၅ဝအထိ လူပျိုကြီးအဖြစ် ရပ်တည်နေမယ့် ဂျော့ချ် ကလူနီကို စောင့်ကြည့်ကြပါဦးစို့။

ဇာနည်ညိမ်း

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။