ရွှေသုတ‌

လျှပ်တစ်ပြက် ‘လီဒို’ လမ်း (သို့) ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း အပိုင်း (၁)

စိန်မျိုးမြင့်

01 April 2025
လျှပ်တစ်ပြက် ‘လီဒို’ လမ်း (သို့) ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း အပိုင်း (၁)
Share to

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် စိတ်ဝင်စားဖွယ်ကောင်းသော နေရာဒေသ အများအပြား ရှိနေသည်။ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြောင်းများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်ကြီး များသည် ထိုဒေသ၌ မြစ်ဖျားခံကြသည်ဖြစ်၏။ မြစ်ချောင်းများသည် ဧရာဝတီဘဝ၊ ချင်းတွင်း ဘဝသို့ မရောက်ကြမီတွင် များပြားသော ချောင်းလက်တက်များဘဝဖြင့် ကြမ်းတမ်းခက်ထန်သော အသွင်ဖြင့် တောတောင်များကို ဖြတ်သန်းစီးဆင်းကြရသည်။ ထူထပ်သော တောတောင်နှင့် လူသူ အရောက် အပေါက် နည်းသော နေရာဒေသ အများအပြားသည် ထိုမြန်မာနိုင်ငံ၏ မြောက်ပိုင်း၌ ရှိနေသေး၏။

            ထိုဒေသတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည့် ပေပေါင်း ၁၉၂၉၆ ပေ မြင့်သည့် ခါခါဘိုရာဇီ၊ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သည့် ပေပေါင်း ၁၂၅၅၃ ပေမြင့်သည့် စာရာမေတိ တောင်များလည်း ရှိကြသည်။

            ထိုသို့ မြင့်မားသောတောင်၊ ကြမ်းရိုင်းသောချောင်းများ ထူထပ်သောတော၊ ရေစီးသန်သော ချောင်းများမြစ်များအကြား မြေပြန့်ဖြစ်နေသော ချိုင့်ဝှမ်းလွင်ပြင်များလည်း တည်ရှိကြသည်။ ပူတာအိုခမ်းတီးလုံ လွင်ပြင်။ ဝိုင်းမော်၊ တာလောကြီး၊ ခေါက်ဆင်၊ သိန်လုံ၊ ဗန်းမော်၊ ကောင်းတုံ လွင်ပြင်တို့ နည်းတူ ပတ်ကွိုင်တောင်တန်း၊ နာဂတောင်တန်း၊ ကူမွန်တောင်တန်း၊ အင်ခိုင်၊ ဂွေမရစ်၊ မလမ်း၊ မဂျီ၊ ဂျမ်ဘူတောင်များကြား တောင်ကုန်းတောင်တန်း ပတ်လည်ဝိုင်းနေသောနေရာတွင် တည်ရှိသည့် ချိုင့်ဝှမ်းလွင်ပြင်ကား မြန်မာနိုင်ငံမြောက်ပိုင်း၌ အကျယ်ဆုံးချိုင့်ဝှမ်းလွင်ပြင် နေရာဟု ဆိုရပါလိမ့်မည်။

            ထိုချိုင့်ဝှမ်းလွင်ပြင်ကား ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင် ဖြစ်တော့သည်။

            ဟူးကောင်းလွင်ပြင်ကို အရောက်သွားရန် ကျွန်တော် စိတ်ကူးအိပ်မက် မက်ခဲ့သည်က ကြာခဲ့ပါပြီ။ အမိမြေအတွင်း ကျွန်တော်ရောက်ဖူးလိုသော သွားရောက်လိုသော ဒေသများတွင် ထိုနေရာဒေသသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ထိုဒေသကို ကြားဖူး သိမှတ်ဖူးသော ဗဟုသုတ များအရ စိတ်ဝင်စားဖွယ်ကောင်းသော အချက်အလက်များက ကျွန်တော့်အား ဆွဲဆောင်နေခဲ့ကြသည်မှာ အတော်ကြာပြီဖြစ်၏။

            ဟူးကောင်းဒေသသည် နေရာအနှံ့ ရွှေများစွာထွက်သည့် ဒေသဖြစ်သည်။

            ဟူးကောင်းဒေသတွင် အလွန်နက်သော တောကြီးများရှိသည်။ သားရဲတိရစ္ဆာန်များ ရှိသည်။ အကြိမ်ကြိမ် ရောက်ခဲ့ဖူးသော ချင်းတွင်းမြစ်သည် ထိုဒေသ၌ မြစ်ဖျားခံကြောင်း မှတ်သားဖူးသည်။

            ဒုတိယ ကမ္ဘာစစ်ကြီးကာလအတွင်းက အိန္ဒိယနှင့် တရုတ်ပြည်ကို ဆက်သွယ်ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီးလည်း ထိုဒေသ၌ရှိ၏။

            မကြာမီကမူ ထိုဒေသ၌ သဘာဝကျား ထိန်းသိမ်း ရေးနယ်မြေအဖြစ် သတ်မှတ်ကာ ကမ္ဘာသိကျော်ကြားလာပြန် သည်။

            ထိုနေ့က ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ဖြစ်ပေသည်။

            မွန်းတည့်ရန် နီးပြီဖြစ်သော်လည်း ရာသီဥတုက အေးမြနေသေး၏။ လမ်းတွင် ရာသီဥတုအေးသည့်အတွက် လည်းကောင်း၊ ရေချိုးရန် အခြေအနေပေးသော နေရာနှင့် ရသည့် အချိန်က မတိုက်ဆိုင်သောကြောင့်လည်းကောင်း ယခုမနက် ၁၁ နာရီတွင်မှ ငါးရက်အတွင်း ပထမဆုံးအကြိမ် ရေချိုး ဖြစ်တော့သည်။

            ခရီးပန်းလာခဲ့သော်လည်း မနေ့ညက များစွာနှစ်နှစ် ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။ သန်းကောင်ကျော်လာပြီးနောက်ပိုင်း အအေးဓာတ်က အတော်ပင် ကဲလာရာ မကြာခဏဆိုသလို အိပ်ပျော်ရာမှ နိုးလာပြီး အပေါ့အပါးထသွား၊ ဆေးလိပ် ထသောက်ဖြင့် ကြက်အိပ်ကြက်နိုးသာ အိပ်ဖြစ်ခဲ့သည်။

            နံနက်တွင်လည်း အိပ်ရာမှစောစောထဖြစ်သည်။ အပေါ့အလေးသွား မျက်နှာသစ်၊ သွားတိုက် မလှမ်းမကမ်းရှိ ဆိုင်လေးတွင် သွားပြီး မုန့်ဟင်းခါးသုပ် နံနက်စာစားပြီး တပ်မတော်ယာယီ တပ်ရင်းရုံးသို့သွား စုံစမ်းစရာစုံစမ်းပြီး တည်းခိုညအိပ်ရာသို့ ပြန်လာခဲ့သည်။ လောလောဆယ်ဆယ် လုပ်စရာကလည်း မရှိ၊ ခရီးဆက်ရန် ခွင့်ပြုချက်အမိန့်ကို စောင့်ရန်မှတစ်ပါး ဘာမျှမရှိ။ နေ့လယ် ၁၂ နာရီကျော်မှ သိရမည့် အဖြေကို စောင့်ရမည်သာရှိရာ ဆောက်လက်စ ဆွမ်းစားဆောင်ကြီး ရှေ့တွင် ထိုင်ရင်း အတွေးနယ်ချဲ့နေမိသည်။

            တည်းခိုညအိပ်သော နေရာကား တောင်တန်း သာသနာပြု ထေရဝါဒဘုန်းတော်ကြီးကျောင်း ဖြစ်ပေသည်။ တည်နေရာကား ရှင်ဘွေယန် မြို့ဖြစ်သည်။ မနေ့က ညနေတွင် ကျွန်တော်တို့အဖွဲ့ ရှင်ဘွေယန်သို့ ရောက်လာခဲ့သည်။ ရှင်ဘွေယန်ဆိုသည်မှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၏ မြို့လေးတစ်မြို့ ဖြစ်ပေသည်။ ရှမ်း၊ ကချင်၊ နာဂနှင့် မြန်မာတိုင်းရင်းသားများ နေထိုင်သည့် မြို့လေးဖြစ်ပြီး မြို့ခံ လူဦးရေက မများလှပါ။ အိမ်ခြေလည်း လေးရာခန့်သာရှိသည့် မြို့လေး ဖြစ်သည်။ သို့သော် ထိုရှင်ဘွေယန်သည် လူစည်ကား လှ၏။ ရှင်ဘွေယန်မြို့တွင် တကယ်တော့ ဧည့်လူဦးရေက ပိုများနေသည်။ ရှင်ဘွေယန်မြို့၏ အနောက်တောင်ဘက် ရှင်ဘွေယန် ချောင်းဝန်းကျင်၌ ရွှေမှော်ရှိနေရာ ရွှေတူး ရွှေကျင်သော စခန်းများ ထိုစခန်း၌ အလုပ်လုပ်ကိုင်နေသူများ ဝင်ထွက် သွားလာနေသူများကို မှီ၍ ဖွင့်လှစ်ထားသော ဈေးတန်းများ အထူးစည်ကားလှရာ ဌာနေမဟုတ်သော မြန်မာနိုင်ငံ အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင် စီးပွားရှာကြသူများဖြင့် စည်ကားနေခြင်းဖြစ်သည်။

            ကျွန်တော် ရောက်နေသော ဘုန်းတော်ကြီးကျောင်းမှာ ရှင်ဘွေယန်မြို့လေး၏ အလယ်ပိုင်းလောက်တွင် ရှိသည်။ တစ်မြို့လုံး၏ တစ်ကျောင်းတည်းသော ကျောင်းဖြစ်သည်။ နန်းယွန်းဘက်အထွက်နှင့် ပို၍နီးသည့် ကုန်းမြင့်လေးပေါ်တွင် တည်ထားပြီး လီဒိုလမ်းမကြီးဘေးတွင် ဖြစ်၏။ ဘုန်းတော်ကြီး ကျောင်းကုန်းနှင့် အနောက်ဘက်တွင် ရှိသည့် လီဒို လမ်းကြား၌ ဘောလုံးကွင်း (အလယ်တန်းကျောင်းကွင်း) လေးရှိသည်။ လမ်း၏ အနောက်ခြမ်းဘက်၌ အထက်တန်းကျောင်း ရှိသည်။ ကျောင်း၏ တောင်ဘက်၌ နာဂရိုးရာ ကွင်းရှိသည်။ မြောက်ဘက်မှ ကပ်လျက်မှာ တပ်မတော် စခန်းဖြစ်ပြီး တပ်မတော်စခန်း၏ မျက်နှာချင်းဆိုင် ဘုန်းတော်ကြီးကျောင်းဘက်အခြမ်း၌ ရဲစခန်းရှိ၏။

            မနေ့ညနေက ကျွန်တော်တို့ ရှင်ဘွေယန် ရောက်ချိန်၌ မြို့၏ တစ်ခုတည်းရှိသော 'လင်းတည်းခိုရိပ်သာ' ၌ နေရာလွတ် အခန်းလွတ်မရှိ။ ဧည့်သည်များ စုပြုံကျနေသည့်အတွက် နေရာမရ။ သို့နှင့် ကျွန်တော်တို့အဖွဲ့ ဘုန်းတော်ကြီးကျောင်း၌ ဆရာတော်အား ခွင့်ပန်လျှောက်ထား၍ တည်းခိုကြရသည်။ ဆောက်လက်စ ဆွမ်းစားဆောင်ကြီးတွင် ဆရာတော်က နေရာချထားပေးသည်။ အမိုးနှင့် အခင်းပြီးပြီဖြစ်သော်လည်း အကာများနှင့် တံခါးများ တပ်ဆင်ဆောက်လုပ်ဆဲဖြစ်သော ဆွမ်းစားကျောင်းဆောင်ကြီးမှာ အကြီးကြီးဖြစ်ရာ ကျွန်တော်တို့အဖွဲ့အတွက် ကျယ်ပင် ကျယ်ဝန်း လွန်းနေသေးသည်။

            ကျွန်တော်တို့အဖွဲ့မှာ ပန်းချီမောင်မောင်လှမြင့်၊ ပန်းချီ မင်းဝေအောင်၊ ပန်းချီဇော်မင်း၊ ပန်းချီကျော်ရှိန်နှင့် ကျွန်တော်တို့ ဖြစ်ကြသည်။ ရှင်ဘွေယန်သို့ ရောက်ရောက်ချင်း ရဲစခန်းနှင့် တပ်မတော်စခန်းသို့ ကျွန်တော် သွားရောက် သတင်းပို့သည်။ အားလုံး အဆင်ပြေသည်။ တစ်ခုပဲရှိသည်။ ရှေ့သို့ ဆက်လိုသည့် ကျွန်တော်တို့ ခရီးစဉ်အတွက် ရှေ့ဆက်သွားရေးမှာ လမ်းအခြေအနေကို တပ်စခန်းမှ တာဝန်ရှိသူများက ဆက်သွယ်မေးမြန်းပေးမည်။ လမ်းအခြေအနေကောင်း၍ အန္တရာယ်ကင်းမှ ဆက်သွားခွင့်ရကြမည်။ ကျွန်တော်တို့ သွားရောက် ရေးမှာ မသေမခြာဖြစ်နေသည်။ ကျွန်တော်တို့ မရောက်မီ ရက်သတ္တပတ် တစ်ခုလုံး အသွားအလာမရှိ လမ်းပိတ်ထားသည် ဖြစ်၏။

            ရှင်ဘွေယန်၌ ရှိသော ထိုတပ်မတော်စခန်းကား ဝိုင်းမော်တွင် အခြေချထားသော ခလရ (၅၈) မှ ရှေ့တန်းစခန်း ဖြစ်၏။ စခန်းတွင် တပ်ရင်းမှူးပါ စခန်းထိုင်လျက်ရှိသည်။ ကျွန်တော်တို့ မရောက်ခင် ရင်သတ္တပတ်က မိုးတော်တော်လေး ရွာထားရာလမ်းများမှာ မြေပျော့ပြီး ကားမောင်းရန် အခက်အခဲ ရှိနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖွင့်ခဲ့သောလမ်းမှာ ဒီဇင်ဘာလကုန်ပိုင်း၌ ကားနှစ်စင်းသာ သွားခဲ့ရသေးသည်။ ထိုနှစ်စင်းမှာ အရပ်ကားများမဟုတ်၊ တာဝန်ဖြင့်သွားသော ဌာနဆိုင်ရာ အစီအစဉ်ဖြင့် သွားသည့် ကားနှစ်စင်း ဖြစ်သည်။ ရှင်ဘွေယန်မှ နန်းယွန်းသို့ ယခုရက်ပိုင်း၌ မိုးမရွာမီက ဆိုင်ကယ်များသာ အသွားအလာ ရှိသည်။ ကျွန်တော်တို့ ရှင်ဘွေယန်ရောက်ချိန်၌ မော်တော်ဆိုင်ကယ်များပင် မသွားနိုင်ကြ။

            မနေ့ညက ရောက်ရောက်ချင်း သတင်းသွားပို့ချိန်၌ တပ်ရင်းမှူးကြီးအား ဝင်ရောက်တွေ့ဆုံပြီး ခရီးသွားခွင့်အတွက် ခွင့်တောင်းခဲ့ရာ ပျူပျူငှာငှာ ရှိလှသော တပ်ရင်းမှူးကြီးက ခက်ခက်ခဲခဲဖြင့် ခရီးထွက်လာခဲ့ကြသော ကျွန်တော်တို့ အဖွဲ့အား အတတ်နိုင်ဆုံး ကူညီပါမည်။ ရှေ့လမ်း တစ်လျှောက် တပ်မတော်မှ တာဝန်ယူထားသော စခန်းများအား စက်ဖြင့် သတင်းမေးပေးပြီး ရလျှင်ရချင်း သွားရောက် ခွင့်ပြုမည့်အကြောင်း ပြောပြခဲ့သည်။ မနက် ၉ နာရီလောက် တစ်ခေါက် လာစုံစမ်းပါ။ နေ့လယ် ၁၂ နာရီလောက်ဆိုလျှင် သွားရမရ သေချာပါမည်။ ရလျှင် ခွင့်ပြုပါမည်ဟု ဆိုပါ သည်။ တခြား လိုအပ်သည်များရှိလျှင် ကူညီပါမည် လိုတာ ပြောပါဟု ဆိုပါသည်။ ကျွန်တော်တို့ ပန်းချီ၊ ဓာတ်ပုံအဖွဲ့ အနေဖြင့် ဘာမျှမလိုပါ။ တည်းစရာ ဘုန်းတော်ကြီးကျောင်း စားစရာလည်း ချက်ပြုတ်စရာများ ပါလာပါသည်။ လိုလျှင်လည်း ဆိုင်များ အဆင်သင့်ရှိရာ အခြားမလိုအပ်ပါကြောင်း ကျေးဇူးတင်ပါကြောင်း ပြော၍ နှုတ်ဆက်ကာ တည်းခိုရမည့် ဘုန်းတော်ကြီးကျောင်း၌ ပြန်၍ အနားယူကြပါသည်။ ညစာကိုမူ မြို့အဝင် ရွှေမှော်သွားရာ လမ်းထိပ်မှ တရုတ်ဆိုင်၌ စားခဲ့ကြပါသည်။

            မနက်က ၉ နာရီခန့် ကျွန်တော် တပ်မတော်စခန်းသို့ သွားရောက်စုံစမ်းရာ နေ့လယ် ၁၂ နာရီခန့်တွင် လမ်းအခြေအနေ သိရပါမည်။ ယခုမနက်ပိုင်း ဆိုင်ကယ်ငါးစီးကို သွားခွင့်ပြုလိုက်ပြီး လမ်းအခြေအနေကို လမ်းစခန်းများက စက်ဖြင့် သတင်းပြန်ပို့ကြပါလိမ့်မည်ဟု သိခဲ့ရ၍ ကျွန်တော် လမ်းသတင်း ထိုင်စောင့်နေခဲ့ရခြင်း ဖြစ်ပေသည်။

            စောင့်နေရသည်ချင်းအတူတူ ကျွန်တော်တို့အဖွဲ့သည် ရွှေမှော်စခန်း ထိုစခန်းအနီးမှ နာမည်ကြီးလှသော ဗန်းမော် ဈေးတန်းဘက်နှင့် ရှင်ဘွေယန်မြို့တွင်း လှည့်လည်ကြည့်ရှု ကြသည်။ ဓာတ်ပုံရိုက်ကြသည်။ သိလိုသည်များကို ဒေသခံ များထံမှ မေးမြန်းကြသည်။

            ကျန်အဖွဲ့သားများအား ရွှေမှော်ဘက်တွင် ထားခဲ့ကာ နံနက် ၁၁ နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့ ကျွန်တော် ပြန်လာ၍ လမ်းသတင်းစောင့်ရင်း ရေချိုးသည်။ ဘုန်းတော် ကြီးကျောင်းမှ ရေတွင်းမှာ ကုန်းမြင့်တွင်ဖြစ်သော်လည်း ရေမ နက်လှပါ။ ရေငင်ပုံးကြိုး ငါးဆွဲခန့်ဖြင့် ရေရသည်။ တွင်းရေ ဖြစ်၍ နွေးနေသည်။ ရေမချိုးရသည်က ငါးရက်ရှိပြီဖြစ်၍ အားရပါးရ ရေချိုးဖြစ်ခဲ့သည်။ ရေချိုးလိုက်သောအခါ လန်းဆန်းသွား၍ အဝတ်အစားလဲအပြီး၌ နွေးထွေးသွားသလို ခံစားရသည်။ ပေါ့ပါးလန်းဆန်း၍လည်း သွားသည်။ ဆွမ်းစားကျောင်း၏ လှေကား၌ထိုင်ရင်း ကျောင်းဆောင် အကာများအတွက် လက်သမားဆရာများ ကာရံ ထုနှက်နေကြသည်အား ထိုင်ကြည့်နေမိသည်။ ကျွန်တော်တို့ တည်းခိုသည့် တောင်တန်းသာသနာပြုကျောင်း၌ ဘုန်းတော်ကြီးငါးပါး အပြင် ကိုရင်ငယ် ရှစ်ပါး တွေ့ရသည်။ ဘုန်းကြီးကျောင်းသား အဖြစ်နေပြီး ကျောင်းဝေယာဝစ္စလုပ်ရင်း စာသင်နေကြသော ရှင်ဘွေယန်၏ အနီးအပါးမှ ကလေးငယ်များကလည်း နှစ်ဆယ်ကျော်ရှိသည်။ နာဂနှင့် ကချင်ကလေးငယ်များ ဖြစ်ကြသည်။

            ရန်ကုန်မှ ယူလာသော သကြားလုံးတစ်ထုပ်ကို ကျောင်းသားလေးများအား ဝေပေးရင်း စကားပြောနေ ဖြစ်သည်။ ဒေသသံဝဲသော သူတို့စကားများကို ကျွန်တော် အတော်ပင် နားစိုက်၍ နားလည်အောင် ကြိုးစားယူရသည်။ မကြာမီ လမ်းတစ်ဘက်ကျောင်းမှ ခေါင်းလောင်းထိုးသံ ပေါ်လာသည်။ ကျောင်းသားလေးများ အလျှိုလျှို ကျောင်းဘက်ဆီသို့ ရောက်သွားကြပြီး မကြာခင်မှာပင် စာအံသံများ ပျံ့လွင့် ၍လာသည်။

            ဆွမ်းစာကျောင်းနံရံများ ဆောက်လုပ်ကာရံနေကြသော လက်သမားဆရာတို့၏ သစ်သားလွှဖြတ်သံ၊ သံရိုက်သံ တို့မှအပ ရှင်ဘွေယန် ဝန်းကျင်သည် တိတ်ဆိတ်သွားပြန်သည်။ အတွေးစများက ရန်ကုန်သို့ ပြန်ရောက်သွားသည်။

            တကယ်တော့ ယခုခရီးစဉ်ကို သွားရောက်ကြရန် တိုင်ပင်စဉ်က ရက်အတိအကျ မရှိပါ။ မနှစ်က 'ပန်ဝါ' ဘက်သို့ ခရီးသွားစဉ်က ရိုက်ကူးရေးဆွဲခဲ့ကြသော ပန်းချီနှင့် ဓာတ်ပုံများကို ဂရင်းမီးရထားတွင် ချိတ်ဆွဲပြသရန်အတွက် ကျွန်တော်တို့ ဝိုင်းဝန်းစီစဉ်ခဲ့ကြသည်။ ဇန်နဝါရီလ (၂) ရက်နေ့တွင် 'မိုင်ပေါင်း ၂ဝဝဝ' ပွဲအတွက် စာနယ်ဇင်း ရှင်းလင်းပွဲလုပ်သည်။ ပြပွဲအတွက် ဖိတ်စာ၊ ပြပွဲစာအုပ်များ စီစဉ်ပြီး၍ ဇန်နဝါရီ (၇) ရက်နေ့တွင် ပြင်ဆင်စရာအားလုံး လက်စသတ်သည်။ ပြပွဲ ရက်လိုသေးသည်။ ဇန်နဝါရီ (၂၇) တွင်မှ ဖွင့်မည်ဖြစ်၏။ ခရီးသွား၍ ရသေးသည်။ သွားကြမည်ဟုဆိုကာ ကျွန်တော်တို့ ခရီးထွက်ဖြစ်ခဲ့ကြခြင်း ဖြစ်၏။

            ခရီးထွက်ဖြစ်သည့်နေ့က ဇန်နဝါရီလ (၉) ရက်နေ့ နံနက်စောစော။ ကျွန်တော်တို့သွားနေကျ အဖွဲ့ထဲမှ စိန်မင်းနိုင်က သူ့ကိုယ်ရေးကိုယ်တာ အလုပ်များဖြင့် မအားလပ်၍ မလိုက်နိုင်။ သိန်းရွှေကြည်ကလည်း သူရန်ကုန်မှာ အလုပ်တွေ လက်စသတ်၍ မပြီး၊ လွင်မိုးက သူ့ 'ဧရာဝတီညများ' ရုံတင်ရက်နှင့် ကပ်နေ၍ အလုပ်များ၍မအား၊ ခရီးတကယ် ထွက်ဖြစ်ကြသောအခါ.....

            ဆရာမောင်မောင်လှမြင့်။

            ဆရာမင်းဝေအောင်။

            ဆရာဇော်မင်း။

            ဆရာကျော်ရှိန်နှင့် ကျွန်တော်တို့ ငါးဦးသာ သွားဖြစ်ခဲ့ကြသည်။ အားလုံး တစ်ညီတစ်ညွတ်တည်း စိတ်ကူးက 'ပန်ဆောင်'အထိ ခရီးနှင်ကြမည်။

            ကျွန်တော်တို့ အဖွဲ့သည် သွားနေကျအတိုင်း ကိုမင်းဝေအောင်၏ စီးတော်ကား ဏ/၄၅၄၇ ဖြင့် မောင်းနေကျ ကိုအောင်နိုင်က မောင်းကာ သွားကြသည်။ လမ်းတွင် လက်ဖက်ရည်သောက်သာ ခေတ္တနားကြပြီး ခရီးနှင်ခဲ့ကြ၏။ ပြီးခဲ့သည့် ခြောက်လလောက် ပုဂံ၊ မြင်းခြံဘက် ခရီးသွားစဉ် မိတ်ဆွေကြီး ဦးမြင့်သိန်းက သာဝတ္ထိ မရောက်မီမြို့ဝင်ကာနီး၌ ကြက်ကာလသားချက် ထမင်းဆိုင်တွင် ထမင်းကြွေးခဲ့ရာ ခံတွင်းတွေ့ခဲ့သဖြင့် ကျွန်တော်ရောက်တိုင်း စားဖြစ်ခဲ့သည်။ အဖွဲ့သားများအား စားဖူးသူ ရှိသလားဟု မေးခဲ့ရာ မည်သူမျှ မစားဖူးဘူးကြသဖြင့် ထိုဆိုင်ရောက်မှ စားမည်ဟုဆိုကာ နေ့လယ်စာကို နောက်ကျခံပြီး သာဝတ္ထိအရောက် မောင်းခဲ့ကြသည်။

            ကျွန်တော့် အဖွဲ့သားများသည် နေ့လယ်စာ နောက်ကျ၍ စားကြရသဖြင့် ဆာနေပေ၍လား၊ ကြက်ကာလသားဟင်းကပဲ ကောင်းလွန်း၍ပဲလားမသိ အတော်ပင် ခံတွင်းတွေ့ကြကာ ကျွန်တော့်အား ဝိုင်းကျေးဇူးတင်ကြပါသည်။ ထိုထမင်းဆိုင်ကား ကုန်ကားကြီးများနှင့် ကိုယ်ပိုင်ကားငယ်များ အများဆုံး စားသောဆိုင်ဖြစ်သည်။ ခရီးသည်တင်ကားများမူ ထိုဆိုင်တွင် ကျွန်တော် မဆုံဖူးပေ။

            ကြက်ကာလသားချက် ထမင်းဆိုင်မှာ မူလက တစ်ဆိုင်တည်းဖြစ်သည်။ ယခုသော် နောက်တစ်ဆိုင် တိုးနေသည်။ မူလဆိုင်ဟောင်း၌ လက်ဆေး၊ ခြေဆေး၊ မျက်နှာသစ်ရန် အုတ်ရေကန်ကြီးနှင့် သစ်ပင်ကြီးများအောက်မှ တဲကြီး တစ်လုံးဖြစ်ပြီး ဆိုင်ခင်းအလွန်ကျယ်သောဆိုင် ဖြစ်သည်။ ခြောက်ယောက်စားပွဲနှင့် မြင်းခုံ (လက်တင်နှင့်ကျောမှီပါ ခုန်တန်းရှည်)များ ခင်းထားသည်။ ထိုဆိုင်တွင် ကြက်ကာလသားချက် အချိုနှင့်အစပ်သာ အဓိကရသည်။ ဟင်းရေသောက် ပုံစံ ချက်ထား၍ ပင်စိမ်းနံ့သင်းသင်း အချိန်မရွေး အငွေ့တထောင်းထောင်း ထနေသော ပင်တိုင်ဟင်းဖြင့် ဖြစ်သည်။ အမျိုးအစားကောင်းသော ဆန်ဖြင့် ထမင်းပူပူကို ကိုယ်ကြိုက်သလောက် ထည့်စားရန် ထမင်းအုပ်ချပေးထားသည်။ ဟင်းရံအဖြစ် တစ်ခါတစ်ရံ ရွှေဖရုံသီး၊ တစ်ခါတစ်ရံ ရုံးပတီသီး၊ ခရမ်းသီးစသည်ဖြင့် ရာသီပေါ်သီးနှံ (အသီးတစ်ခုခုကို) ကြော်၊ ချက်၊ နှပ် တစ်မျိုးမျိုးပါသည်။ ရခိုင်ငရုတ်သီး ငါးပိထောင်းစပ်စပ်တစ်ခွက်၊ နှမ်းဖတ်ချဉ် (ပဲဖတ်ချဉ်) သုပ်တို့စရာ အသီးအနှံစုံ၊ ကြက်သွန် မိတ်ထွားထွားကြီးများ ချပေးသည်။ ထမင်းဟင်းပူပူ၊ အစပ်ကြိုက်သူများအတွက် ငရုတ်သီးစပ်စပ်ဖြင့် ရှူးရှူးရှဲရှဲစားအပြီး ရေနွေးကြမ်းနှင့် အညာထန်းလျက်၊ ကြံသကာ ကောင်းကောင်းဖြင့် အချိုပွဲ ချပေးသည်။ ကျွန်တော်တို့ ခြောက်ယောက်တစ်ဖွဲ့ ဆာဆာဖြင့် ထမင်းလိုက်ပွဲအုပ် နှစ်အုပ်လောက် စားလိုက်ကြသည်။ ထမင်းလိုက်ပွဲ ယူလေ့မရှိသော ကိုမောင်မော်လှမြင့်နှင့် ကိုမင်းဝေအောင်တို့ပင် ထိုဆိုင်၌ နှစ်ခါလောက် ထမင်းလိုက်ကြသည်။

            စားသောက်ပြီး နာရီဝက်လောက် နားကြပြီး ကျွန်တော်တို့ ဆက်ထွက်ကြသည်။ ရန်ကုန်၊ မန္တလေးလမ်းမှာ ပုဂ္ဂလိက ကုမ္ပဏီကြီးများဖြင့် ပြုပြင်ထားရာ လမ်းအခြေအနေ အတော်ကောင်းနေပြီ။

            တစ်ချိန်က ပဲခူးနှင့် ညောင်လေးပင်၊ ညောင်လေးပင်နှင့် တောင်ငူကြား ကြမ်းခဲ့သောလမ်းသည် ယခု မိုင်လေးငါးခြောက်ဆယ်လောက် မောင်းလျှင်ပင် ကားကငြိမ်ဆဲဖြစ်၏။

            ကျွန်တော်တို့ အဖွဲ့သည် မိတ္ထီလာရောက်မှပင် ညစာ ဝင်စားခဲ့ကြတော့၏။ 'ရွှေအုန်းပင်' တွင် ဖြစ်သည်။ မန္တလေးကို အတော်မိုးချုပ်မှ ရောက်သွားရာ မြို့ထဲသို့မဝင်တော့ နီးရာ မိုးလင်းဆိုင်တွင် လက်ဖက်ရည် ဝင်သောက်ကြကာ စစ်ကိုင်းတံတားကို ကူးခဲ့ကြသည်။ သန်းခေါင်ခန့်တွင် စစ်ကိုင်း၌ ဒီဇယ်ဆီဖြည့်ကြသည်။ ရန်ကုန်နှင့် စစ်ကိုင်း ဒီဇယ်ဆီဈေးက အတော်ကွာသည်။ အဖွဲ့သားတစ်ဦးက ရန်ကုန်ဈေးနဲ့ ကွာတယ်နော်ဟုဆိုရာ ကျွန်တော်က ရှေ့လျှောက် ကျွန်တော်တို့ သွားမယ့်နေရာတွေက ဒါ့ထက်ပိုကွာဦးမယ်ဟု ကျွန်တော် စကားဦးသန်းခဲ့မိပါသည်။

            စစ်ကိုင်း၊ ရွှေဘို၊ မြစ်ကြီးနားလမ်းကို ကျွန်တော် အခေါက်ခေါက် ရောက်ခဲ့သွားခဲ့ဖူးသည်။ ကိုမင်းဝေအောင်နှင့် ကျွန်တော်တို့ အတူတွဲ၍ပင် သည်လမ်းကို နှစ်ခေါက် သုံးခေါက် ရောက်ခဲ့ပြီးပြီ။ စစ်ကိုင်းအထွက်၌ ရှိသော ဆိုင်များမှာ ဒီဇယ်ဓာတ်ဆီ အသန့်ဆုံး၊ ဈေးလည်း အမှန်ဆုံး ဖြစ်ပေသည်။ သန်းခေါင်ကျော်အချိန် ဖြစ်သော်လည်း ဒီဇယ်၊ ဓာတ်ဆီ၊ အခြားချောဆီများ အလွယ်တကူရသည်။ ဒီဇယ် တစ်ပုံး ၁၂၅ဝဝ နှုန်းဖြင့် ငါးပုံးထည့်သည်။ ဆိုင်ရှင်က 'မြောင်' သားဖြစ်သည်။ စစ်ကိုင်းတွင် အခြေကျနေသူ ဖြစ်၏။ ကိုမြင့်အုန်းဆိုသူ ဖြစ်သည်။ ဆိုင်အမည်က 'အောင်မေတ္တာ' ကျွန်တော်တို့ အုပ်စုပုံစံ ကားအနေအထား၊ ကားပေါ်တွင် ပါလာသည့် မီးစက်၊ စားအိုးစားခွက်များ၊ ရုပ်သံပြစက်၊ ဒီဗွီဒီစက်၊ ကင်မရာအိတ်များ၊ သုံးချောင်းထောက်များ၊ ပန်းချီပစ္စည်းများကို တွေ့သောအခါ ဘာအဖွဲ့လဲဟု စပ်စုသည်။ ထိုမျှလောက် ဆီများထည့်၍ ဘယ်သွားကြမည်လဲ။ ဘယ်ကလာလဲဟု မေးသည်။

            ပန်းချီ၊ ဓာတ်ပုံအဖွဲ့ဖြစ်ကြောင်း သိသွားပြီး သွားမည့်ခရီးက 'ပန်ဆောင်' သို့ဟု ဆိုသောအခါ လမ်းအနေအထားကို သူသိသမျှ ပြောပြရှာပါသည်။ တနိုင်းလောက်အထိ လမ်းအခြေအနေကို သူပြောနိုင်သော်လည်း ကျွန်တော်တို့ ရည်မှန်းထားသော ခရီးဆုံးအထိ သူအကြံမပေးနိုင်၊ လမ်းမညွှန်နိုင်ပေ။

            အခုည ဘယ်အထိ မောင်းကြမလဲဟု မေးသောအခါ ကျွန်တော်တို့က ပြုံး၍ ရောက်သလောက် မောင်းမည်၊ အိပ်ချင်စိတ်ရှိလျှင် လမ်းဘေးပဲ ထိုးရပ်အိပ်လိုက်ကြမည်ဟု ဆိုသောအခါ သူက ဦးခေါင်း ယမ်းပြသည်။ တကယ်တော့ ကျွန်တော်တို့ ခရီးထွက်တိုင်း သည်လိုချည်းဖြစ်သည်။ တစ်ခါ တစ်ရံ စိတ်ကူးရလျှင် တောထဲမှာပင် လမ်းဘေးကားရပ်ပြီး ထမင်းချက်စားသေး၏။

            ညမှောင်မှောင်တွင် ခရီးဆက်ခဲ့ကြပြီး 'ဝက်လက်' အလွန် 'လှတော' အနီးမှ ရွာလေးတစ်ရွာထိပ်၌ လက်ဖက်ရည်ဆိုင်လေးရှေ့တွင် ကားထိုးရပ်ကာ အိပ်လိုက်ကြသည်။ ကားပေါ်မှာပင် ဖြစ်သလို အိပ်လိုက်ကြခြင်းဖြစ်၏။

            တစ်ရေးအိပ်အပြီး မနက်လင်းအားကြီး ငါးနာရီခွဲလောက်တွင် ခရီးဆက်ခဲ့ကြသည်။ ကားရပ်ထားသော နေရာ၌ လက်ဖက်ရည် မသောက်ဖြစ်တော့ဘဲ မဝေးလှတော့သည့် ရွှေဘိုရောက်ချိန်တွင်မှ ရွှေဘိုမြို့လယ် တစ်နေရာတွင် နံနက်စာအဖြစ် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်လိုက်ကြသည်။ လက်ဖက်ရည်ဆိုင်မှာပင် အပေါ့အလေးသွားကြ၊ စားကြသောက်ကြပြီး ခရီးဆက်ခဲ့ပြန်သည်။ မနှစ်က သည်နေရာကို ကျွန်တော်တို့ ခရီးသွားခဲ့ကြသေးသည်။ ထူးခြားမှုက တစ်ခုသာ ရှိ၏။ မနှစ်က ဖေဖော်ဝါရီလတွင် ရောက်ခဲ့ပြီး ယခု ဇန်နဝါရီလတွင် တစ်ခေါက်လာဖြစ်ပြန်ရာ ခရီးစဉ်နှစ်ခု (၁၁) လသာ ခြားသည်။ မတူသော ခြားနားမှုက ကားလမ်းများ ပိုပျက်နေသည့် အနေအထားဖြစ်သည်။ မနှစ်က မိုးများခဲ့ ရေကြီးခဲ့၍ ထင်သည် ကားလမ်းများမှာ အတော်ပင် ပျက်နေရာ ခရီးမတွင်။ စစ်ကိုင်း၊ ရွှေဘို၊ နမ္မတီးအထိ မည်သည့် အပိုင်းတွင်မှ လမ်းက မကောင်း အသင့်အတင့် အနေအထားပင် အတော်ရှားသည်။

            ရွှေဘိုမှ ခရီးဆက်ခဲ့ရာ ထုံးစံအတိုင်း မြင်ကွင်းလှလှတွေ့လျှင် စိတ်ဝင်စားဖွယ် နေရာတွေ့လျှင် ရပ်၍ ဓာတ်ပုံရိုက်ကြရင်း ကန့်ဘလူမြို့နယ် အတွင်းရှိ 'ဘောရွာ' တွင် နေလယ်စာ ဝင်ရောက်စားကြသည်။ ထမင်းစားပြီး မနားကြတော့ဘဲ ဆက်၍ ခရီးနှင်ခဲ့ရာ မဲဇာမရောက်ခင် ကားရပ်စခန်းတစ်ခု၌ 'နောင်ရိုး' ဆိုသည့် ထမင်းဆိုင် ညအိပ်စခန်းတွင် ရပ်နားကြသည်။ ထိုဆိုင်တွင် ထမင်းစားကြပြီး ကားပေါ်တွင် အိပ်သူအိပ် နောင်ရိုး၌ရှိသော အိပ်ခန်းတွင် အိပ်သူအိပ်ဖြင့် တစ်ညတာ ခိုနားကြသည်။

            ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်စောစောထ၍ နောင် ရိုး၌ နံနက်စာ စားကြပြီး ခရီးဆက်ခဲ့ကြသည်။ မဲဇာတံတားကို စောစောစီးစီးပင် ဖြတ်ကြသည်။ လက်ဝဲသုနြေ္ဒ၏ မဲဇာနှင့် ယခုမဲဇာကား အကွာကြီး ကွာခြားနေပြီဖြစ်၏။ တံတားကြီး ကောင်းသလောက် လမ်းများက မကောင်းလှသေး။ သည်တစ် ခေါက် သည်လမ်းကြောတွင် ကျွန်တော်ဝင်လိုသည့် နေရာ တစ်နေရာရှိနေသည်။ ထိုနေရာသို့ ၁၉၇၇ ခုနှစ်က ကျွန်တော် ရောက်ခဲ့ဖူးသည်။ မန်လည်ဖြစ်၏။ မန်လည်အကြောင်းကို ကျွန်တော်က ပြောပြသောအခါ အားလုံးက စိတ်ဝင်စားကြ သည်။ ကိုမောင်မောင်လှမြင့်နှင့် ကိုမင်းဝေအောင်တို့က အလွန် စိတ်ဝင်စားသည်။ ဝင်ဖြစ်အောင် ဝင်ကြမည်ဟုဆိုကာ ခရီး ဆက်ခဲ့ကြ၏။

            မဲဇာကျော်သောအခါ ရာသီဥတုနှင့် တောတောင် အနေအထားက မသိမသာ ပြောင်းသွားသည်။ စကားပင်၊ ကျောင်းကုန်း (ထိုနေရာတွင် ယမန်နှစ်က ကျွန်တော်တို့ ပန်ဝါ သွားသည့်အဖွဲ့ ညအိပ်ကြဖူးသည်။ 'ဘော့စ်' ဆိုသည့် ထမင်း ဆိုင်နှင့် ညအိပ်စခန်းဖြစ်၏။) တိုက်မ၊ ဗုဓလက်၊ သဲဖြူချောင်း (လမ်းနှင့်တံတားပြင်နေ၍ ထိုနေရာတွင် နာရီဝက်ကျော် စောင့်နေကြရသေးသည်။ လမ်းကြိတ်စက်၊ မြေတူးစက်များ ရပ်နားဖယ်ရှားပြီးမှ ကျွန်တော်တို့ ခရီးသွားကားများ ဖြတ်၍ ရသည်။) မအူကုန်း၊ လယ်ပြင်လေး၊ ပိန်းအင်း၊ စက်တောကုန်း၊ နန့်သဲ၊ နောင်မိုး၊ နတ်မဟုတ်ကြီး ကျော်သောအခါ မန်လည် လမ်းခွဲကို တွေ့ရသည်။

            အင်းတော်နှင့် နီးပေပြီ။

            မန်လည်ရောက်ရန်အတွက် ရွှေဘိုမြစ်ကြီးနားလမ်းမှ ဘယ်ဘက် (အနောက်ဘက်ခြမ်း) သို့ လမ်းခွဲကာ ဆည်ရွာကို သွားရသည်။ ဆည်ရွာသည် မန္တလေး။ မြစ်ကြီးနား ရထားလမ်းပေါ်တွင်ရှိသော ဘူတာရှိသည့်ရွာဖြစ်၏။ အိမ်ခြေ တစ်ရာငါးဆယ်ကျော်ရှိ ရွာကြီးဖြစ်သည်။ မြစ်ကြီးနား ကားလမ်းပေါ်မှ တောလမ်းအတိုင်း ဝင်သွားရသည်။ သစ်ဝါးပေါသော အရပ်ဖြစ်၍ တောလမ်းလေးကား သာယာ လှသည်။ ဆည်ရွာကိုတွေ့သော် ရထားလမ်းကို ဖြတ်ကျော်ရသည်။ ရထားလမ်းကူးပြီး ဆည်ရွာ ရွာလယ်လမ်းအတိုင်း ဆက်သွားသော် ရွာအဆုံး၌ လယ်ကွင်းများရှိသည်။ လယ်ကွင်းများကို ကျော်သောအခါ ချောင်းတွေ့ရသည်။ ချောင်းကူးတံတားကို ဖြတ်ကျော်လိုက်သောအခါ မန်လည်ရွာသို့ ရောက်၏။ ထိုဒေသကား ကဒူး၊ ကဏန်းတို့ ဒေသဖြစ်သည်။ လွန်ခဲ့သော အနှစ်သုံးဆယ်က ရောက်ခဲ့သော ကျွန်တော့်မျက်စိ၌ ရွာအခြေအနေမှာ တိုးတက်ပြောင်းလဲမှုများစွာ မတွေ့ရ။ သစ်ကောင်းဝါးကောင်း ပေါသောဒေသဖြစ်၍ ယခင်ကလိုပင် သစ်သားအိမ် ခန့်ခန့်ကြီးများကိုပင် တွေ့ရ သည်။ အုံ့ဆိုင်းနေသော သစ်ပင်ဝါးပင်များနှင့် ရွာကြီးမှာ အေးချမ်းသာယာလှ၏။ မန်လည်ရွာ အိမ်ခြေမှာမူ လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်ကထက် နှစ်ဆလောက် တိုးနေပြီ။ 

ဆက်လက်ဖော်ပြပါမည်။

စိန်မျိုးမြင့်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။