ကိုသင်း၊ပန်ဆိုင်း၊
ဒီနေ့ အနည်းငယ် အေးသလို ထင်ရသည်။ ခါတိုင်းလို အိမ်ရှေ့တွင် ထိုင်ရသည်နှင့်မတူ။ သူ ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သည်။ အနွေးထည်များ ဝတ်နေကြသည်။ အရှေ့စူးစူး ရှမ်းရိုးမ တောင်တန်းကြီးပေါ်တွင် တောမီးများပင် လောင်လျက် ရှိပြီ။
အရှေ့မြောက်လေ၏
လေဦးသည် အနည်းငယ် ဝှေ့ရမ်းတိုက်ခတ်စပြုလာပြီ။ သူ့ကို ကလူကျီစယ်နေသလား မသိ။
သို့မဟုတ် ဆောင်းဝင်တော့မည်ကို သတိပေးနေသည် ထင်ရသည်။
ထိုင်နေရင်း
သူ့ခေါင်းပေါ်သို့ နှင်းစက်များ ကြွေကျလာသည်ကို ခံစားရ၏။ အအေးဓာတ်က
ဆံပင်နဖူးတစ်ဝိုက် ထိခတ်နေသည်။ မကြာတော့။ သူ ဆက်မထိုင်တော့ဘဲ အိမ်ထဲဝင်လိုက်သည်။
သူ့အခန်းထဲ ဝင်၊ အနွေးထည် ဝတ်၊ အိပ်ရာထဲ လှဲနေလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က
ရေးထားပြီးသည့် ကျောက်ခဲ သီချင်းကို စိတ်ထဲမှ ညည်းနေမိသည်။
သီချင်းညီးနေရင်း
အာရုံတွင် ပေါ်လာပြန်သည်က မဉ္ဇူသကနတ်ပန်း ဘွဲ့။ သူ ငယ်ငယ်ကပင် သီချင်းဝါသနာပါသည်။
နို့စို့အရွယ်က ဇာတ်ဆရာ ဂရိတ် ဦးဖိုးစိန်၏ 'ငါ ပြောမဟဲ့- ကျင်ဥ
မောင်စိန်ရဲ့အချစ်' သီချင်းနှင့် ဆိုသိပ်ရန် သူ့ဖခင်ကို
တောင်းဆိုခဲ့ဖူးသည်တဲ့။ မန္တလေးရောက်တော့ မဟာဂီတနှင့် အကျွမ်းဝင်သည်။ မန္တလေးတွင်
အနုပညာနှင့် ပတ်သက်၍ ဆည်းပူးစရာ မကုန်။ အခြေခံမှတစ်ဆင့် အဆင့်ဆင့် တက်ခဲ့ရသည်။
အခြေခံပိုင်မှ ကြိုးကြီးနိုင်မှ ခိုင်မည်ကိုသိသည်။ ပတ္တလားကိုလည်း တီးခတ်နေပြီ။
စာရေး၊
ကဗျာရေးရာတွင်လည်း အခြေခံကို လက်မလွှတ်။ ပစ်ပယ်ခြင်း မပြု။ 'မချူသာပြန်၊
ယူရန်ကြံရေး၊ ခတ်လှလေး...တမျှော်မျှော်... ညှိုး လျော်ခွေပျောင်း...ညွှတ်မျှလေး...'
အပိုဒ်ကို ထပ်ကာ ထပ်ကာ စဉ်းစားနေသည်။
လူတန်းစားပြဿနာ၊
အဆင့်အတန်း၊ ဂုဏ်ပကာသန စသည်များက မရိုးနိုင်။ လူတွေ ရှိနေသရွေ့၊ အချစ်ရှိနေသရွေ့ဟု
ဆိုနိုင်မည်လားမသိ။ လမ်းပေါ်မှ တစ်ခါတစ်ခါ အော်ဟစ် သီဆိုသွားသည့် သီချင်းသံများက
အာရုံကို လာရောက်ထိမှန်သည်။ သူတို့ ဆိုသွားသော သီချင်းများသည်လည်
အချစ်ရေးမညီသည့်အကြောင်းများသာ။
အိပ်မပျော်သေးသဖြင့်
စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်သည်။ ဦးတိုး၏ ရာမရကန်။ သူ့ညီအလတ်
ဝိဇ္ဇာတန်းတွင် သင်ရသည့် ပြဋ္ဌာန်းစာအုပ်။
□
ကျွန်တော်
မန္တလေးမပြန်သည်မှာ တော်တော်ကြာပြီ။ အထူးသဖြင့် ဆောင်းတွင်း မပြန်။ နွေတော့
ပြန်ဖြစ်အောင် ကြိုးစားသည်။ သို့တိုင် နွေတိုင်းတော့ မပြန်ဖြစ်။ သင်္ကြန်ဆိုလျှင်
ပြန်ချင်စိတ်က နှိုးဆွလာသည်။
'ခင်ဗျားတို့
မန္တလေးသားတွေ သင်္ကြန်ကျရင် မန္တလေးမပြန်ဘဲ မနေနိုင်ဘူးဆို' ဟူသော ကျွန်တော့် သူငယ်ချင်း၏မေးခွန်းက ထိမိသည်။ သို့သော်
သင်္ကြန်တိုင်းတော့ မပြန်ဖြစ်။
'ကိုယ့်မိဘအိမ်ကို
ပြန်တာတောင် ဆောင်းတွင်းမှာ စောင်မပါဘဲ မပြန်ရဘူး၊ ငါ့သားရဲ့'ဟူသော ကျွန်တော့်မိခင်၏ ချစ်စနိုးစကားက မှန်လှသည်။ ရန်ကုန်တွင် အနေများ၍
အညာဆောင်း အအေးမခံနိုင်။
ဒီဇင်ဘာ
ကျောင်းပိတ်ရက်သည် မန္တလေးတွင် အလွန်အေးနေပြီ။ ပြာသိုလဖြစ်နေပြီ။
ကျောင်းပိတ်သော်လည်း အအေးမခံနိုင်သဖြင့် မပြန်။ ယခုတော့ ပြန်ရမည်။ မရောက်တာ
ကြာပြီ။ အအေးအရသာကို မြည်းရဦးမည်။
'ငါ
သီချင်းတွေ ရေးထားတယ်ကွ။ မင်းကို ပြရဦးမယ်' ကျွန်တော့်
အစ်ကိုကြီးက အိပ်ရာဝင်ခါနီးပြောသည်။
စင်စစ် သူ
သီချင်းရေးဆရာ မဟုတ်သေး။ ဂီတစာဆိုအဖြစ် မခံယူနိုင်သေးပေ။ ကဗျာတော့ ရေးသည်။ ၁၉၆၇
ခုနှစ်က ကဗျာအမျိုးသား စာပေဆုလည်းရခဲ့ဖူးသည်။ သို့သော် ကဗျာမှ သီချင်းသို့
ကူးပြောင်းခဲ့သည့် 'ဂျိန်းဖောပွဲတော်'မှစ၍ လူသိလာသည်။ တိတိပပဆိုရသော်
သီချင်းနှင့် ပတ်သက်၍ သိလာသည်ဟု ဆိုနိုင်သည်။ 'ဂျိန်းဖောပွဲတော်' သည် မူလက
ကဗျာစစ်စစ်၊ လူငယ်များ အသံထည့် သီဆိုကြရာမှ လူသိများလာပြီး ရေပန်းစားလာသည်။ ကဗျာက
တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာဘွဲ့၊ သံစဉ်ထည့်ဆိုသည့်အခါ တော်တော်မြူးသည်။
ဆိုလို့ကောင်းသည်။ နားဝင်ချိုသည်။ ရေပန်း စားသည်မှာ မဆန်း။
သူ
ထိုမှတစ်ဆင့်တက်ပြီး သီချင်းများကို ရေးစပ်ခဲ့သည်။ နာမည်မကျော်သေးသော်လည်း
သီချင်းအပုဒ် တော်တော်များ ရေးစပ်ခဲ့ပြီးပြီ။ သူနှင့် ဝါသနာတူသူ၊ သူနှင့်
ဆိုဖော်ဆိုဖက်၊ တီးဖော်တီးဖက်။ သူ့အသိုင်းအဝိုင်းကြားထဲတွင်တော့ လူကြိုက်များသည့်
သီချင်းများ ဖြစ်နေကြပြီ။ စင်စစ် သီချင်းသည် သူ၏ ဝမ်းကျောင်းအလုပ်မဟုတ်။ သူက
ပန်းချီဆွဲသည်။ စာရေးသည်။
ပဟိုရ်စည်သတင်းစာ၊
မန္တလေး သူရိယသတင်းစာနှင့် အခြားမန္တလေး ထုတ်စာစောင်များတွင် ဆောင်းပါးများ၊
ဝတ္ထုတိုများစွာ ရေးခဲ့၏။ မြဝတီ၊ ငွေတာရီ၊ သွေးသောက်မဂ္ဂဇင်းကြီးများတွင်
အဖွင့်ကဗျာကဏ္ဍမှ ပါဝင်နေကျ ဖြစ်ခဲ့သည်။ သို့တိုင် ဂီတစာဆိုအမည် မခံနိုင်သေး။
အပြင်တွင်
နှင်းများကျနေသည်။ နှင်းများက အိမ်ခေါင်မိုးကို တဖြောက်ဖြောက်လာပြီး ထိမှန်နေ၏။
အအေးဓာတ်က လွှမ်းမိုးလွန်းနေသည်လား မပြောတတ်။ သို့မဟုတ် ကျွန်တော်ကပင်
အအေးမခံနိုင်၍ ချမ်းနေသည်လား မပြောနိုင်။ သို့သော် အေးသည်မှာတော့ ထင်ရှား၏။
ကျောထဲတွင် စိမ့်နေသလို ခံစားရသည်။
မန္တလေး၏
ဆောင်းညများသည် အေးသောညများဖြစ်သည့်တိုင် ဘုရားပွဲများရှိသည်။ သီတင်းကျွတ်လမှ
တပေါင်းအထိ ရပ်ကွက်ဘုရားပွဲများ မပြတ်။ ပွဲများသည် တစ်နေရာမဟုတ် တစ်နေရာ။
ဆိုင်းသံသဲ့သဲ့ကလည်း မြောက်လေနှင့်အတူ ပျံ့လွင့်လာတတ်သည်။ ကျွန်တော့် အစ်ကိုကြီးက
ဇာတ်ပွဲများကိုလည်း သွားလေ့ရှိသည်။ ညဘက် ကျွန်တော့်ကို ခေါ်သည်။ သူနှင့် လိုက်ရသည်က
ကျွန်တော့်အတွက် ဗဟုသုတများစွာရသော်လည်း အအေးမခံနိုင်သဖြင့် ကျွန်တော်က သူနှင့်
မလိုက်ချင်။
ဇာတ်ပွဲများကိုလည်း
ပထမညကို ဦးစားပေးကြည့်သည်။ ပွဲထွက်ခါစ အပျိုတော်အကကို အမီ။ အပျိုတော် အကက ကချေသည်
ဆယ့်နှစ်ခန်းကို ကရသည့်အတွက် ပညာခန်းဟု ပြော လေ့ရှိသည်။ ဇာတ်၏ပညာ အတိမ် အနက်၊
အနုအရင့်ကို အပျိုတော်အက ကို ကြည့်မှ ရသည်ဆိုသည့်အသိ သူ ပေးသည်။
ဆိုင်းဝိုင်းများသို့လည်း
မကြာခဏ ခေါ်သည်။ သီချင်းကြီး၊ သီချင်းခံ၊ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား
အမျိုးမျိုးအကြောင်း။ ဆိုင်းဆရာ၏ ဝမ်းစာပြည့်၊ မပြည့်။ ပတ်ဖက်များ။ အပိအရိ။
အစိပ်အကျဲ။ လက်ကျလက်နများ။ စည်းဝါးပြဿနာများ။ တံတျာ၊ သီတာ၊ သာယာ၊ ဝေဘာ၊ ထွေတလာ
စသည့်အခြေခံများကို ကျွန်တော့်အား ပြောပြသည်။
ကွက်ပျောက်ဆိုသည်ကလည်း
ရှိသေးသည်တဲ့။ ဆိုင်းအဆို၏ စာဖောင်ပဲ့၊ မပဲ့။ အသံပီမပီ။ စည်းဝါးကျမကျ။ ဟန်၊ မာန်
စသည်များ။ ကျွန်တော်က အဆိုပိုဒ်တွင် နားယဉ်သော်လည်း အတီးပိုဒ်ကျ ဝမ်းစာပြွတ်သိပ်နေအောင်
ထည့်တီးလျှင် လိုက်မမီတော့။ ဘာတီး နေမှန်းပင် တစ်ခါတစ်ရံ မသိ။ စည်းမလိုက်တတ်သဖြင့်
အစ်ကိုကြီးက မကြာခဏ အပြစ်ပြောလေ့ရှိသည်။ ကျွန်တော်က လက်တွေ့မရှိသည့် သီဝရီသမား။
အိမ်ပြန်ရောက်တော့
အိပ်ရာထဲ ကျွန်တော် အပြေးဝင်သည်။ သူက သည်လို မဟုတ်။ သူ့ပတ္တလားနှင့်
အလုပ်ရှုပ်နေတတ်ပြီ။ အကြားအာရုံနှင့် မှတ်ဉာဏ်ကို အသုံးချပြီး လက်တွေ့
လေ့ကျင့်တော့သည်။ မည်သူ အိပ်နေသည်ဟု ဂရုမထား။ ညဥ့်နက်သော၊ သန်းခေါင်သော အမှတ်မရ။
ဂီတသံစဉ်တွင် နစ်မြောနေတတ်သည်။ အအိပ်အနေ၊ အစားအသောက် ဂရုမစိုက်။ သူများကို
ဂရုမစိုက်သလို သူ့ကိုယ်သူလည်း ဂရုမစိုက်။ ရာသီဥတု အပူအအေးက သူ့အတွက် မည်သို့မျှ
သက်ရောက်မှုမရှိဟုပင် ထင်စရာရှိသည်။
သူ့အာရုံတွင်
ဆိုင်းလက်ကွက်များ၊ ပတ္တလားတီးကွက်များသာ လွှမ်းမိုးနေ၏။
□
'ဖိုးသင်း၊
မနက်က မင်းသူငယ်ချင်း မောင်တင်ဦးတို့လာတယ်။ သူတို့ ဆည်တော်ကြီးမှာ ကားလာရိုက်တဲ့
ဒါရိုက်တာ တင်အောင်မြင်ဦးဆီ သွားတဲ့အကြောင်း လာပြောတယ်။ 'ဂျိန်းဖောပွဲတော်သီချင်းကို
နုနုငယ်ငယ်မှာ သုံးထားတာကို သွားကန့်ကွက်တာတဲ့' အစ်ကိုကြီးက
ကျွန်တော့်ကို ပြောသည်။
'အဲဒီတော့
တင်အောင်မြင်ဦးက ဘာပြောလိုက်သတဲ့လဲ၊ အစ်ကိုသောင်း' ကျွန်တော့်အမေးကို
သူက ပြန်ဖြေသည်။ တင်အောင်မြင်ဦးက ကြားလူနှင့် စကားမပြောလိုကြောင်း
ကိုပါ(မောင်တင်ဦး)တို့ကို ဘယ်သူတွေဟုလည်း မသိကြောင်း၊ သီချင်းကိစ္စကို သီချင်းရေးဆရာ(ကဗျာဆရာ)နှင့်
တိုက်ရိုက် တွေ့ဆုံတင်ပြမည်ဖြစ်ကြောင်း စသည်များ။
'သူတို့ကိုလည်း
ဂရုမစိုက်တဲ့ သဘောမျိုးပြောလိုက်သတဲ့။ သူတို့ တော်တော် မခံချင် ဖြစ်နေကြတယ်။
(ဒါရိုက်တာ)တင်အောင်မြင်ဦးက ဒီသီချင်းကို မရရအောင် ပြောယူမယ်ဆိုတဲ့ သဘောမျိုး၊
သီချင်းရေးဆရာနဲ့တွေ့ရင် ပြီးသွားမှာပါဆိုတာမျိုးလည်း ပြောလိုက်တယ် ဆိုပဲကွ' ကျွန်တော့် အစ်ကိုကြီးက ပြီးမှ...
'ငါ့ကိုလည်း
ကိုပါက သူတို့ရဲ့ စေလိုရာစေမှာ 'ဂျိန်းဖောပွဲတော်'ကို သုံးခွင့်ပေးဖို့ အဦးဆုံး ကြိုတင်ပြောထားလို့ စိတ်ချပါရစေလို့လည်း
ထပ်ပြောတယ်လေ'သည်တော့ အစ်ကိုကြီးက...
'စိတ်ချပါကွာ၊
ငါက တခြားသူတွေလို မဟုတ်ပါဘူး။ ကတိတစ်လုံးတည်ပါတယ်။ မင်းတို့ကို ပေးမယ်
ပြောပြီးသား။ ဒီ'ဂျိန်းဖောပွဲတော်'ကို
ဘယ်လောက်ပေးပေး ဘယ်သူ့ကိုမှ မပေးပါဘူး'ဟု အာမခံလိုက်သည်တဲ့။
အိမ်တွင်
ကျွန်တော်ရှိစဉ် သူတို့ လာကြသေးသည်။ အစ်ကိုကြီး အိမ်တွင် မရှိ။ သူ့ပန်းချီ အပေါင်းအသင်းများနှင့်
အောက်ဒိုးသွားနေသည်။ ကျွန်တော့်ကိုလည်း သူတို့သီချင်းကိစ္စပဲ ပြောပြန်သည်။ 'ဂျိန်းဖောပွဲတော်' အတွက်
သူတို့ တော်တော်စိတ်ပူနေပြီ ဟု ခန့်မှန်းနိုင်မည်လားမသိ။ ကျွန်တော်
တစ်ယောက်လုံးရှိသဖြင့် 'ဂျိန်းဖောပွဲတော်'ကိစ္စ စိတ်ချပါရစေဟု အားမနာရသူများပီပီ ကျွန်တော့်ကို ချည်သည်။
ကျွန်တော်ကလည်း
အစ်ကိုကြီးဘက်မှ အာမအပြည့်ခံလိုက်သည်။ ကိုယ့်အစ်ကိုအကြောင်းကို ကိုယ်အသိဆုံး။ သူက
အလွန်တိကျသည်။ ကဗျာစာမူလာတောင်းလျှင် ဘယ်နေ့၊ ဘယ်နှနာရီ အတိအကျ။ သီချင်းကိုလည်း
ထိုသို့ ရက်ချိန်း၊ နာရီအတိအကျ ပေးသည်။ သူမရှိလျှင်လည်း အိမ်တွင် ရှိသည့်သူများကို
ဘယ်သူလာလျှင် ဘာပေးရန် စသည်ဖြင့် အတိအကျ မှာထားခဲ့တတ်သည်။
ကျွန်တော်တို့
သူ့စာအုပ်စင်မှ စာအုပ်တစ်အုပ် ဖတ်ပြီး ပြန်မထားမိလျှင် သူသိသည်။ ထားသည့်တိုင်
နေရာလွဲလျှင် သူ ကျွန်တော့်ကို ခေါ်ပြီး မေးတတ်သည်။ ပန်းချီကားနှင့် ပတ်သက်လျှင်လည်း
ထိုနည်းနှင်နှင်။ ပုံတူရေးဆွဲရာတွင် ဘယ်နေ့ပြီးမည်ဆို လျှင်လည်း ထိုနေ့ပြီးအောင်
ရေးသည်။ အချိန်မရလျှင် နေ့ရောညပါ ရေးသည်။ အာမခံသည့်အတိုင်း မရရအောင်လုပ်သည်။ သူက
ဤမျှ တိကျသည်။ ထို့ကြောင့် ကျွန်တော်ကလည်း အာမခံရဲ ခြင်းဖြစ်သည်။
မကြာပါ။
လုလင်ဒါရိုက်တာ အောင်မြင်ဦးနှင့် ကိုကျော်ဟိန်း အိမ်ကို ပေါက်လာသည်။
တင်အောင်မြင်ဦးက ဂျိန်းဖောကို သူ့ကားတွင် မသုံးမဖြစ် အရေးကြီး ဇာတ်ဝင်ခန်းက
သုံးထားပြီး ဖြစ်နေကြောင်း။ ဖြုတ်လို့ပြင်လို့ မရနိုင်ကြောင်း တင်ပြသည်။ ဖြုတ်ရမည်
ဆိုပါကလည်း ဇာတ်ကားတစ်ခုလုံးကို ထိခိုက်မည်ဖြစ်ကြောင်း သီချင်းရေးဆရာထံက
ခွင့်ပြုချက် ကြိုတင် တောင်းခံရန်ဖြစ်သော်လည်း ဆရာ့လိပ်စာကို မသိရသဖြင့် ယခုလို
လက်လွန်သွားကြောင်းပြောပြပြီး သူ့အမှားအတွက် တောင်းပန်သည်။ အစ်ကိုကြီးက လက်မခံ။
'ကျွန်တော်က
ကျွန်တော့်ညီရဲ့ သူငယ်ချင်းတွေကို ပေးဖို့ အရင်ကတည်းက သဘောတူပြီးသား။ နောက်ပြီး
မောင်တာ(ဇော်ဝမ်း)က မန္တလေးမှာလည်း တီးဝိုင်းနဲ့ ဒီ 'ဂျိန်းဖောပွဲတော်'ကို ဆိုခွင့်တောင်းလို့ ပေးထားပြီးသား ဖြစ်နေတယ်။ ဒါ့အပြင် ခင်ဗျားတို့က
ကျွန်တော့်ကို အရင်ခွင့်မတောင်းတာက မကောင်းဘူး။ ကျွန်တော်ကတော့ သူတို့ကို
ပေးထားပြီးဆိုတော့ ကတိတစ်လုံးကို မဖျက်နိုင်'ဟု ယတိပြတ်
ပြောလိုက်သည်။
သူတို့က
သီချင်း၏ အနုပညာကြေးနှင့် သွယ်ဝိုက်ပြောပြန်သည်။
'ကျွန်တော်က
ငွေရေးကြေးရေးကြောင့် ပြောတာ မဟုတ်ပါဘူး။ ဒီလို အခြေအနေဖြစ်နေလို့ ကျွန်တော်က
သီချင်းရေးခကိုလည်း မတန်တဆ မတောင်းပါဘူး။ အဓိကကတော့ သူတို့ကို
အရင်ပေးထားပြီးဖြစ်လို့ ကတိတစ်လုံးအတွက် ပြောတာပါ'ဟု
ရှင်းပြသည်။
အချိန်အတော်ကြာအထိ
သူတို့ ငြိမ်နေကြသည်။ သူတို့ ဘယ်လိုပြောပြော အစ်ကိုကြီးက လက်မခံ။ သူတို့ကလည်း
ကားရိုက်ပြီးသားပေ တော်တော်ကျနေပြီ။ ပြီးခါပင်နီးပြီ။ အဓိက ဇာတ်ဝင်ခန်းတွင် စန္ဒာက
ကျော်ဟိန်းကို 'ဆရာမျိုးမြင့်ဆွေရဲ့ ကဗျာကို ဒီလို ဂစ်တာကြီး တဒေါင်ဒေါင်နဲ့ တီးပြီး
သီချင်းလုပ်ဆိုနေတော့ ကဗျာ ပျက်စီးပြီ'ဆိုသည့် နုနုငယ်ငယ်၏
အဓိက ဇာတ်ဝင်ခန်းမို့ ပြင်လို့မရ။ ဘယ်ဘက်ကမှ လျှော့ပေးလို့ မရနိုင်သည့်
အခြေအနေဖြစ်နေသည်။ အစ်ကိုကြီးက ၎င်းအခန်းကိုပင် ဖြုတ်ပေးရန်ပြောသည်။
မောင်တင်ဦးတို့ကလည်း
တိုးတိုးတိတ်တိတ် ရှုမဝဦးကျော်နှင့် ကားရိုက်နေရာ 'စေလိုရာစေ' ပေတော်တော်ကျနေပြီဟု ဆိုသည်။ ရိုက်နေပြီ၊ မရိုက်သေးတော့
မသိ။ သို့သော် သူတို့ ရိုက်မရိုက်က ပြဿနာ မဟုတ်။ 'ဂျိန်းဖော ပွဲတော်'
သီချင်းသုံးထားသည့် ဇာတ်ဝင်ခန်းက ကားနှစ်ကားတွင် ပါဝင်နေ သည်ဆို၏။
ဤသည်ကသာ ပြဿနာ။ သို့သော် 'နုနုငယ်ငယ်'က ပြီးခါနီး ဇာတ်သိမ်းပိုင်း။ ယခု ဇာတ်သိမ်းခန်း ဆည်တော်ကြီးမှာ
လာရိုက်သည်။ သူက အနည်းငယ် စောနေသလို။ တစ်ကားကားကတော့ လျှော့ရမည်ထင်၏။ အစ်ကိုကြီးက
သူ ခွင့်မပြုသဖြင့် သီချင်းကို ဖြုတ်ပေးရန်သာ တင်အောင်မြင်ဦးအား အခိုင်အမာ
ပြောနေ၏။
ဖြုတ်ခြင်းဖြုတ်လျှင်
ရိုက်ခါစ 'စေလိုရာစေ'က လျှော့၍ ရနိုင်မည် လားမသိ။ သို့တိုင်
သူတို့က ဦးဦးဖျားဖျား ပြောဆိုထားသူ။ အစ်ကိုကြီးက အဆုံးအဖြတ်မပေး။
နောက်ဆုံး
လိပ်ခဲတည်းလည်း ဖြစ်နေသည့် ပြဿနာကို ဒါရိုက်တာ တင်အောင်မြင်ဦးအား...
'ခင်ဗျားကလည်း
ဒီအခန်းကို ဖြုတ်လို့မရနိုင်တော့ဘူးဆိုတော့ တော်တော်ခက်တာပဲ။ ဒီတော့ ကျွန်တော်
စဉ်းစားလို့ရတာက ခင်ဗျား ဦးကျော်နှင့် ညှိလျှင် ကောင်းမယ်ထင်တယ်။ ကိုတင်ဦးတို့ကို
ကတိပေးထားပြီးသားဆိုတော့ သူတို့ ပိုင်ပြီးသားလို့ ပြောနိုင်တယ်။ သူတို့ပေးလျှင်
ခင်ဗျား ရနိုင်ပါတယ်။ ဒါကြောင့် ဦးကျော်နှင့် ညှိပါ။ ခင်ဗျားတို့ချင်း
ကျေနပ်လျှင်ပြီး တာပါပဲ'ဟု ရှင်းလိုက်သည်။
ကိစ္စက
ပြီးသွားပြီ။ ပြတ်သွားပြီ။ သို့မဟုတ် မပြီး။ ပြီးမပြီး မသိ။ သူတို့ပေါ်တွင်
တည်နေသည်။ အစ်ကိုကြီး ရှင်းပေးလိုက်သည်က သူ့နည်းနှင့် သူ့ဟန် အဆင်ပြေသွားပြီဟု
ပြောရမည် သို့ရှိသည်။
နောက်တော့
ကိုတင်ဦးတို့ကို အခြားသီချင်းများ ရေးပေးမည်ဟု ကတိပြုလိုက်သည်။ ကတိပြုသည့် အတိုင်း
သီချင်းများ သူ့ထံမှ ဆက်တိုက် ထွက်ပေါ်လာသည်ဟု ဆိုနိုင်မည်လား မသိ။
'ကျောက်ခဲ'၊ 'သဇင်'နှင့် မေတ္တာ
ဘုံသို့ နှစ်ခေါက်လေ၏ 'မောင်သူရ'၊ 'ဖော်ကွဲငှက်'၊ 'ဖား' စသည့်
တေးများပင်တည်း။
□
အိမ်ရှေ့တွင်
ထိုင်ရင်း အရှေ့စူးစူးကို မျှော်ကြည့်မိသည်။
တောင်ပေါ်တွင်
ယာမီးများ ရှို့သည့်အချိန်။ ယခုလိုအခါမျိုး အရှေ့ရပ်က ရှမ်းကုန်းမြင့်တွင်
နှင်းများ ပိတ်ဆီးကာ ကျနေတတ်သည်။ တစ်ခါတစ်ခါ နေမွန်းတည့်ချိန်ခါနီးပင် နေလုံးကို
မမြင်ရ။ နေလုံးပင်မက ရှေ့ကိုက် အနည်းငယ်တွင်ရှိသည့် ဝတ္ထုကိုပင် မမြင်နိုင်။ 'ငွေနှင်းရည်မြူထန်လို့၊
သူရကန်အရောင်မှိတ်'ဆိုသည့် စာနှင့် အညီ။ နှင်းက မိုးရွာသလို။
ဤနှင်း၏ သြဇာကိုရသည့် ပင်ကြီး၊ ပင်မြင့်တို့၏ အထက်မှ သစ်ခွ၊ သဇင်တို့က အခြား
ပန်းများနှင့်မတူ။ မြေပြင်မှာ မပေါက်ကြ။
သဇင်ပန်းကို
ဆင်မြန်းရန်က လွယ်ကူသည် မဟုတ်။ ပင်မြင့်ထက်က သဇင်သည် သာမန်လူများနှင့် မထိုက်တန်။
မင်းစိုးရာဇာ နန်းတွင်းသူများနှင့်သာ ထိုက်တန်သည်။ သာမန်လူများ ပန်ဆင်လျက် ရာဇဒဏ်
ထိုက်သင့်သည်ဟု ဆိုသည်။ 'ဘုန်းနှင့်ကံနှင့် ရွှေသဇင်'ဟု ရွှေတိုက်စိုး
ဦးတိုးက ရာမရကန်တွင် သဇင်ကို ဖွဲ့ဖူးသည်။
ပေါ်ဦးပေါ်ဖျား
သဇင်ကို နန်းတွင်းသို့ ဆက်သွင်းရသည်။ နန်းတွင်းသူများကလည်း အမြတ်တနိုး
ပန်ဆင်ကြသည်။ ဖြူလွှလွှ သဇင်ပန်း၏ ရနံ့က သင်းပျံ့သည်။ သဇင်ရနံ့သည် စူးရှလှသည်ဟု
ထင်စရာ ရှိသော်လည်း မရိုင်း။ ထို့ကြောင့် နန်းတွင်းသူများ နှစ်သက်ကြပုံရသည်။
ပန်ဆင်လိုကြသည်။ ပန်ဆင်ရာတွင်လည်း ပေါ်ဦးပေါ်ဖျားမှ ကြေးကြီးပေး ပန်ဆင်ကြသည်။ နှင်းဆမ်းသဖြင့်
လန်းသည့် သဇင်၏ ဝိသေသများက ပြော၍ပင် မကုန်နိုင်အောင် ရှိသည်။ ဤအကြောင်း အရာများ
သူ့ခေါင်းထဲတွင် စီစီရီရီ ပေါ်လာသည်။
နှင်းရည်စိုလူး၊
ရာသီဦး... ဝယ်... ပွင့်လွှာဖြူဖွေး...မာလာလေးရယ်...၊ မြေမှာမဖွား...ပင်ယံဖျား
မှာ...ကြွားကြားဝင့်ဝင့်ထည်...၊ သဇင်ညှာလေး...ရင်မှာထွေးစရာ...အတွေးကဖြင့်ကြွယ်...၊
ပန်းမင်းသဇင်ညှာနွယ်... နန်းစာရင်းဝင်ကာရယ်...လှမ်းဆွတ်ဖို့ မလွယ်ဘူးကွယ်...
ဝေလွင်လွင်၊
ဟိုသဇင်ပင်မြင့်က၊ လေသင့်ရာမွှေးဟု ဖွဲ့ဆိုခဲ့ရသည့် သဇင်။ အဖြူအဆင်းနှင့် သဇင်။
ပင်မြင့်တွင် အသွင်တင့်သည့် သဇင်သည် တန်ဖိုးလည်း မြင့်လှသည်။ တစ်နှစ်တွင်
သည်တစ်ကြိမ်သာ ပွင့်သည့် သဇင်။ သစ်ခွအမျိုးအစား၊ ဂမုန်းအမျိုးအစား
ဒြပ်ကြီးသည့်သဇင်သည် ပြာသိုလ၏ ရာသီပန်းခွာညိုနှင့်ပင် ယှဉ်စရာရှိအံ့ မထင်နိုင်စရာ။
သဇင်သည်
လှဂုဏ်မောက်လှသည့် မိန်းမပျိုအလား ထင်မှတ်မှားနိုင်၏။ ပစ္စည်း ဂုဏ်မောက်သည်။ ပညာ
ဂုဏ်မောက်သည်။ အမျိုးဂုဏ်မောက်သည်။ တိတိပပဆိုရသော် လူတန်းစား၊ အလွှာ၊ အမြင့်၊
အနိမ့် စသည်ဖြင့်။ ထို့ကြောင့် မရွှေအထက်တန်းစား၊ ဂုဏ်များ၏အမိငယ်၊
လှဂုဏ်ကိုးသူဟူသည့် အမျိုးမျိုးသော ဝိသေသများဖြင့် သုံးနှုန်းလေ့ရှိသည့်
မိန်းမပျိုလေးအလား။
သာမန်လူငယ်တစ်ဦးအနေဖြင့်
ဆွတ်ချူရန်မလွယ်၊ ငေးမော၍သာ ကြည့်နေရသည့်အဖြစ်။ ဂုဏ်အဆင့်အတန်း မတူညီသဖြင့်
သိမ်ငယ်နေသည့် စိတ်က အားငယ်စေသည်။ အားငယ်သူ တစ်ယောက်အဖို့ အမြင့်တွင်ရှိသည့်
ချစ်ရသူကို တွေး၍၊ ငေး၍၊ ဆွေး၍သာ နေရသည့်အဖြစ်ကို သူ့တွင် အတွေးဝင်မိသည်။
ဤအကြောင်းကို ရေးရမည်။ မဉ္ဇူသကပန်းလို ယက္ခ၊ ကုမ္ဘဏ် စောင့်ကြပ်နေသည် မဟုတ်။
ပင်မြင့်က ပန်းတစ်ပွင့်ဖြစ်သဖြင့် မချူနိုင်သည်သာ ဖြစ်သည်။ ထိုထက်ပို၍ ဆိုရသော်
သာမန်လူသားများနှင့် လားလားမျှ မထိုက်တန်၊ မင်းပြစ် မင်းဒဏ် သင့်နိုင်သည့်
ပန်းမြတ်မာလာ။ ယက္ခ၊ ကုမ္ဘဏ် စောင့်ကြပ်နေသည် မဟုတ်သော်လည်း မင်းအမိန့်နှင့် တားမြစ်ထားခြင်းခံရသည့်
တော်ဝင်ပန်း။ တော်ဝင်သဇင် ဖြစ်နေသည်။ စိတ်ပျက် အားငယ်သော်လည်း ကိုယ့်ဘဝနှင့်
ကိုယ်ရှိပါစေတော့။ နှစ်ကိုယ်နီးရန် အခွင့်အရေးက ဝေးကွာလွန်းလှစွာ၏။
လက်လျှော့အားငယ်စွာနှင့်
တစ်ပါးသူသာ ပန်ပါစေတော့ဟု လက်မြှောက်အရှုံးပေးရတော့မည့် အခြေအနေကို သူ ကိုယ်ချင်းစာမိသည်။
ကိုယ်မပန်နိုင်လည်း ပန်ဆင်နိုင်သည့် အခွင့်အရေးရှိသူ ပန်ဆင်နိုင်ပါစေဟု
ဆန္ဒပြုသည့်စိတ်နှင့် ရေးလိုက်သည်။ တစ်ပါးသူသည် အခြားသူမဟုတ်။ သဇင်နှင့် အဆင့်တူ၊
ရည်တူ၊ ကြည်ဖြူ၊ ဂုဏ်တူ၊ ဒြပ်တူ၊ မျိုးတူ၊ နွယ်တူ၊ တော်ဝင်သည့် အမြင့်မှ
မင်းစိုးရာဇာမျိုးပင်တည်း။
အားငယ်သူဘက်က
ကိုယ်ချင်းစာ ခံစားရသည်။ ဤအကြောင်းအရာများကို လှပသည့် စားလုံးများ၊ အတွေးများ၊
ခံစားမှုများဖြင့် ပေါင်းစပ်လိုက်သောအခါ လှပသည့် သီချင်းတစ်ပုဒ် ဖြစ်လာသည်။
သဇင်ပန်းကိုဖြင့်...ဆင်မြန်းဖို့
စိတ်ကူးသူမယ်...၊ အခွင့်အရေး... တကယ်ဝေး... မျှော်ငေးနေတယ်...၊ တစ်ပါးသူသာ...ပန်ပါစေတော့ရယ်လို့...၊
ကိုယ့်အင်အားနဲ့...ရင်းနှီးပေး ရတယ်ကွယ်...၊ ကိုယ့်မှာတော့လေ...
သာမန်လူသားပေမို့...၊ ချို့ချို့ငဲ့ငဲ့နဲ့ရယ်...၊ လူ့ဘဝလမ်း...၊ စမ်းပြီး
လျှောက်နေမယ်...
ဂုဏ်ဒြပ်အဆင့်အတန်း
မြင့်မားသည့်အမြင့်က ချစ်သူကို တစ်ပါးသူ ပန်မှာ စိုးရိမ်သည့်
မနာလိုဝန်တိုစိတ်မရှိ။ ကိုယ်ကိုယ်တိုင်ကမူ ချို့ငဲ့စွာနှင့် လူ့ဘဝလမ်းကို
လျှောက်လှမ်းနေရမည့် ဘဝ၊ ချစ်သူကို အနိမ့်သို့ ဆင်းလာရေး မလိုလား၊ မမျှော်မှန်း။
ရှိရင်းချစ်သူ၏ အခြေအနေကို တတ်နိုင်သည့် အင်အားဖြင့် အရင်းအနှီးပြုလုပ်
မြေတောင်မြှောက်ပေးချင်သည်။ သူ့ဘဝ မြင့်သည်ထက်မြင့်အောင် အင်နှင့်အားနှင့်
မြေတောင်မြှောက် ပေးနေရမည်ဟု တွေးသည်။ စင်စစ် သဇင်ပန်းက မြေတောင် မြှောက်
ပေးစရာမလို။ သူ့သဘာဝ၊ သူ့အနေအထားက အခြေကြီး၊ အနေကြီး၊ မြေကြီးမှာ မမွေး၊
မြေဆွေးကို မမီ။ ဆောင်းရာသီမှာ ပွင့်၊ နှင်းပွင့်ကိုသုံး၊ ဂမုန်းနွယ်ဝင်၊ ပင်ယံမှာစွင့်၊
ဝင့်ထည်သည့် ပန်းပါတည်း။
အလှမာန်တက်သည့်
မိန်းမပျိုလေးသည် မည်သို့ပင် အလှမာန်တက်ပါစေ။ ကြွေကျပျက်သုဉ်း၊ မြေခသက်ဆုံးရမည်ဟု
အဆိုးကို မတွေး။ သူ ထာဝရလှပနေစေရန်၊ ထာဝရ နုပျိုနေစေရန် ရှိသမျှအင်အားကို
အရင်းအနှီး ပြုနေမည်သာ။ တစ်ပါးသူ၊ ပန်ရေးပန် ခွင့်ရှိသူ၊ ပိုင်ဆိုင်နိုင်သည့်သူ၊
ကြည်ဖြူသည့်သူအတွက်၊ သူတို့အတွက် ရှိသမျှ တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနေမည့်
မြင့်မြတ်သည့် အညတရ၊ သာမန်လူသား၏ အတွေးကို ပုံဖော်ရေးသား လိုက်သည့် တေးတစ်ပုဒ်။
သဇင်...။
□
သဇင်သည်
ပုံပေါ်လာခဲ့၏။ ရေပန်းစားခဲ့ပါ၏။ စင်စစ် သဇင်သည် ရိုးရိုးစင်းစင်း
ဇာတ်လမ်းတစ်ပုဒ်၏ ပြယုဂ် သီချင်းမျှဟုဆိုသော် ရနိုင်ပါမည်။ ကမ္ဘာဦးမှ ၂၁ ရာစုတိုင်
မရိုးနိုင်သည့် လူတန်းစားပြဿနာ၊ ချစ်ဝေဒနာမှ ပေါက်ဖွားလာသည့် သီချင်းတစ်ပုဒ်။
ယခင်ကလည်း ရှိခဲ့၊ အခုလည်း ရှိနေဆဲ၊ နောင်တွင်လည်း ရှိနေဦးမည့် အရိုးဆုံးထဲမှ
မရိုးနိုင်သည့် ဇာတ်လမ်းဖြစ်ပါ၏။
ယင်းဇာတ်လမ်း
မတိုမရှည်မျိုးကို အတိုချုံ့၍ တင်ပြထားသည့် ရသ သီချင်းဖြစ်သည်ဟု ထင်စရာရှိပါ၏။
သို့သော် သူ့တွင် စေတနာတစ်ခုရှိသည်။ ယင်းစေတနာကား မစားရသည့်အမဲကို သဲနှင့်ပက်သည့်
စရိုက်မပါ။ စပျစ်သီး ချဉ်သည့်စိတ်မျိုးမထား။ မပိုင်ပန်း၊ မမီ ပန်းအတွက် လက်မလှမ်းနိုင်သောကြောင့်
မည်သူကိုမှ အမုန်းမထား၊ ကရုဏာနှင့် မုဒိတာပွား၊ တစ်ပါးသူသာ ပန်ပါစေတော့ဟု
မွန်မြတ်စွန့်လွှတ် စိတ်ထား၊ ချို့ငဲ့သည့် အခြေအနေထဲမှ ကိုယ့်ဘဝ ကိုယ့်လမ်းကို
ဆက်လက် လျှောက်လှမ်းလိုသည့် လူငယ်တစ်ဦးကို ထားသင့်သည့် စိတ်ထားဖြင့် ထားပါစေတော့ဟု
ရေးဖွဲ့ထားသည့် သီချင်းလည်း ဖြစ်ပါ၏။
တိုးတိုးညည်းပြသည်ကို
နားထောင်ရသည်။ အစ်ကိုကြီးက စိတ်အားထက်သန်စွာ ရှင်းပြရင်း ဆိုပြသည်။
'ငါ
အဲဒီသီချင်းတွေကို ပေးလိုက်တယ်ကွာ၊ 'ဂျိန်းဖောပွဲတော်' သီချင်း သူတို့ မသုံးခဲ့ရတော့
အစားပေးလိုက်တာပဲလို့ ဆိုပါတော့'တဲ့။
‘ဂျိန်းဖောပွဲတော်’
က
တစ်ဘာသာ၊ သီချင်းမဟုတ်၊ ကဗျာ။ ယခု သဇင်က သီချင်းစစ်စစ်။ သီချင်းသည် အသံပါ
စဉ်းစားရသည်။ ကဗျာတွင်လည်း အသံမပါ မဟုတ်။ သို့သော် သီချင်းက သံစဉ်ကို အရေးထားရသည်။
ကဗျာကတော့ ကာရန်၊ နဘေ၊ ရစ်သမ် စသည်များဟု ထင်သည်။
မည်သို့ဆိုသော်ငြား
သဇင်သည် တစ်ခါက လူကြိုက်များ၊ ရေပန်းစားခဲ့သည့် သီချင်းတစ်ပုဒ်။ တစ်ခါကဆိုသော်လည်း
ယခုအထိ မရိုးသေး။ အမှန်က မရိုးခြင်းသည် အရိုးဆုံးဖြစ်သော ကြောင့်ဟုသာ
ဆိုလိုက်ချင်ပါ၏။
ယခု
အစ်ကိုကြီး မရှိတော့ပြီ။ သို့သော် သူ့သီချင်းသံက လွင့်ပျံ့နေဆဲ၊ ရှင်သန်နေဆဲ။
ဆယ့်နှစ်ရာသီစက်ဝန်း လှည့်ပတ်နေသလို နွေပြီးလျှင် မိုး၊ မိုး ပြီးလျှင် ဆောင်း၊
ဆောင်းပြီး နွေ အဖန် တလဲလဲ ဖြစ်နေသလို။
ဆောင်းသဇင်သည်လည်း
နှင်းမှုန် နှင်းပွင့်အတူ တစ်ကျော့ပြန်လာစမြဲ။ နှင်းရည်စိုလူးသည့် ဆောင်းရာသီတွင်
ပေါ်လာစမြဲ။ သဇင်သီချင်းသည်လည်း တစ်ကျော့၊ နှစ်ကျော့လာနေမြဲ။ လာနေဆဲ။ တေးပြုစာဆိုကဖြင့်
မသိနိုင်တော့ပြီ။ သူ့ဖန်တီးမှု၊ သူ့အတွေး၊ သူ့အရေး၊ သူ့ကရုဏာ၊ မုဒိတာနှင့်
သူ့အမြင်က သီချင်းသံနှင့်အတူ ရှင်သန်နေဆဲ့ဖြစ်ပါ၏။ ဆောင်းရောက်လျှင်
ဆောင်းသဇင်ရနံ့ သင်းပျံ့သကဲ့သို့။
'နှင်းရည်စိုလူး...ရာသီဦးဝယ်...
ပွင့်လွှာဖြူဖွေး... မာလာလေးရယ်...၊ မြေမှာမဖွား... ပင်ယံဖျား မှာ... ကြွားကြွားဝင့်ဝင့်ထယ်...၊
သဇင်ညှာလေး... ရင်မှာထွေးစရာ... အတွေးကဖြင့်ကြွယ်...'
နန်းစာရင်းဝင်သည့်
ပန်းမင်း သဇင်ကို ငေးရ၊ ဆွေးရသလို အစ်ကိုကြီး(မျိုးမြင့်ဆွေ)ကို ဆွေးရ၊ တွေးရ၊
တမ်းရ၊ လွမ်းရဆဲပါတည်း။
ကိုသင်း၊ပန်ဆိုင်း၊
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။