မြင့်သန်း
နာမည်ကျော် အင်္ဂလိပ်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန်၏ နာမည်ရင်းမှာ ဂျော့ဂေါ်ဒွန် George Gordon ဖြစ်သည်။ ဖခင်ဖြစ်သူ ကက်ပတိန် ဂျောန်ဘိုင်ရွန်နှင့် နောက်အိမ်ထောင်ဖြစ်သူ ကက်သရင်း ဂေါ်ဒွန်တို့မှ လန်ဒန်မြို့တွင် ၁၇၈၈ ခု ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ကက်သရင်း ဂေါ်ဒွန်မှာ စကော့တလန်နိုင်ငံ အာဘာဒီင်းမြို့နယ် Aberdeenshire သူဖြစ်သည်။ အမေ့ဘက်မှ ဖိုးအေတော်သူ ဆာဝေလျာမ်ဂေါ်ဒွန် Sir William Gordon (of Gight) ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ ဆာဝေလျာမ်မှာ စကော့တလန်နိုင်ငံကို အုပ်ချုပ်သော ပထမမြောက် ဂျိမ်းစ်၏ မြေးဖြစ်သဖြင့် ဂျော့ဂေါ်ဒွန်မှာ စကော့မျိုးရိုး ငါးဆယ် ရာနှုန်းပါသူဟု ဆိုရမည်။ သို့ဖြစ်ရကား စကော့လူမျိုးတို့၏ အစဉ်အလာကိုယူပြီး မိခင်ဘက်မှ မျိုးရိုးအမည်ဖြင့် ကင်ပွန်းတပ်ထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်တို့၏ ထုံးတမ်းစဉ်လာအရ ဂျော့ဂေါ်ဒွန်ဘိုင်ရွန် George Gordon Byronဟူ၍ ခေါ်ကြသည်။ မှတ်တမ်းအချို့တွင် ဂျော့နိုအလ်ဂေါ်ဒွန် George Noel Gordon ဟူ၍လည်း တွင်ခဲ့သေးသည်။
လော့ဒ်ဘိုင်ရွန် ဟူသောဘွဲ့မှာမူ
ဖခင်ဘက်မှ ရခဲ့ခြင်းဖြစ်သည်။ ဘိုင်ရွန်ဆွေမျိုး၏ အဦးအစဖြစ်သူ ဆာဂျောန်ဘိုင်ရွန် Sir John Byron မှာ အင်္ဂလိပ်တို့၏
မျိုးရိုးရင်းဖြစ်သော အင်ဂလို-ဆက်ဆွန် Anglo-Saxon မဟုတ်။
အင်္ဂလန်နိုင်ငံ၏ အရှေ့ဘက်၊ အခြား တစ်ဖက်ကမ်း (ပြင်သစ်နိုင်ငံဘက်) ဆီမှ
အင်္ဂလန်နိုင်ငံသို့ ဝင်ရောက်လာပြီး အင်ဂလို-ဆက်ဆွန်များကို တိုက်ခိုက်ကာ အခြေချနေထိုင်သော
နောမဲင် Norman မျိုးရိုးမှဖြစ်သည်။
သို့ဖြစ်၍ ဘိုင်ရွန်မိသားစု၏ ဆောင်ပုဒ်မှာ Crede Biron ဟူ၍ဖြစ်သည်။
(ဘိုင်ရွန်အမည်ကို ပြင်သစ်စာလုံးပေါင်းအရ Biron ဖြစ်သည်)။ ဂေါ်ဒွန်၏
ဖခင်ဘက်မှ ဘိုးအေမှာ ရေကြောင်းအရာရှိ ဂျောန်ဘိုင်ရွန်ဖြစ်ပြီး၊ ၎င်း၏
သားနှစ်ဦးအနက် သားအကြီး ဂျော်ဘိုင်ရွန်မှာ ဂျော့ဂေါ် ဒွန်၏ ဖခင်ဖြစ်သည်။
ပြင်သစ်စစ် ကျောင်းဆင်းဖြစ်ပြီး၊ ကိုယ်ရံတော်တပ်မှ ကပ္ပတိန် တစ်ဦးဖြစ်ပြီး
အပျော်အပါး လိုက်စားသူအဖြစ် နာမည်ပျက်ရှိခဲ့သည်။ သူ၏ ပထမ အိမ်ထောင်ဘက်မှာ ဝေး(လ) Wales ပြည်နယ် ကမာသာန် Carmathen မှ ဂုဏ်သရေရှိ
အမျိုးသမီးဖြစ်သည်။ လော့(ဒ)ဘိုင်ရွန် အကြောင်း အရေးအသားတစ်ခုတွင် ဘိုင်ရွန်၏ 'အဖေက လင်ရှိမိန်းမတစ်ဦးနဲ့ ထွက်ပြေးဖူးတယ်' ဟု
ရေးသားထားသည်ကို တွေ့ရသည်။ စင်စစ်၊ Marchioness ဟူသော စာလုံးပေါ်တွင်
အနက်ကောက် လွဲခဲ့ခြင်းဖြစ်သည်ဟု မြင်သည်။ ကက်ပတိန် ဂျောန်ဘိုင်ရွန်၏ ဇနီး
အယ်မီလီယား ဒါစီ Amelia D'Arcy ကို အချို့သော
စာရေးဆရာ-ပညာရှင်တို့က Marchioness of Carmarthen ဟု ညွှန်းကြသည်။ Marchioness မှာ The wife
or widow of a marquess ဟု အဓိပ္ပာယ်ရသည်
ကဲ့သို့၊ A Lady holding in her own right the rank equal to that of
Marquess ဟူ၍လည်း အနက်ရသည်။ အယ်မီလီယားမှာ
Baroness Conyers (in her own right) ဖြစ်သည်။
ကပ္ပတိန် ဂျောန်ဘိုင်ရွန်နှင့် အိမ်ထောင်ပြုချိန်တွင် အယ်မီလီယားမှာ အိမ်ထောင်
မရှိတော့ချေ။ သို့ဖြစ်ရကား၊ ဘိုင်ရွန်၏ 'အဖေက လင်ရှိမိန်းမတစ်ဦးနဲ့ ထွက်ပြေးဖူးတယ်' ဟူသော
အဆိုမှာ ဘာသာစကားကို အခြေခံ ထောက်ဆသော်၊ မမှန်နိုင်။ ထို့ပြင်၊ ထိုခေတ် အခါက
အင်္ဂလန်နိုင်ငံ၏ ဘာသာရေး အခြေခံ လူမှုဆက်ဆံရေး စနစ်အရလည်း မဖြစ်နိုင်ချေ။
ပထမအိမ်ထောင်ဖြင့် သားသမီးသုံးဦး ထွန်းကားခဲ့သော် လည်း အော်ဂတ်စတာ ဘိုင်ရွန် Augusta
Byron အမည်ရှိ သမီးတစ်ဦးသာ
အဖတ်တင်သည်။ (နောင်သော် ဂျော့ဂေါ်ဒွန်နှင့် ငြိစွန်းသည်ဟု သတင်းဖြစ်ခဲ့သည်။)
ဂျော့ဂေါ်ဒွန်ကို မွေးဖွားပြီး နောက်သုံးနှစ်ခွဲခန့်အကြာတွင် သူ့ဖခင် ကပ္ပတိန်
ဂျောန်ဘိုင်ရွန် ကွယ်လွန်သွားသည်။ သို့ဖြစ်ရကား ဂျော့ဂေါ်ဒွန်မှာ မိခင်၏
အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းလာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
ဂျော့ဂေါ်ဒွန်မှာ ခြေတစ်ဖက်ဆာနေသည်။
မွေးရာပါဟု ဆိုနိုင်သည်။ စင်စစ်၊ မွေးကင်းစကပင် ခြေနှစ်ဖက်လုံး မသန်ခဲ့သူ ဖြစ်သည်။
အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်တွင် မိခင်ဖြစ် သူက ကြပ်မတ်၍ အပြင်းအထန်
ကုသပေးခဲ့ခြင်းကြောင့် ခြေတစ်ဖက်မှာ အတော်ကောင်းမွန်လာခဲ့သည်ဟု ဆိုသည်။ ငယ်စဉ်က
အာဘာဒီင်းမှ ဂရမ္မာကျောင်းတွင် လေးနှစ်တာ ပညာသင်ယူခဲ့သည်။ (ဂရမ္မာကျောင်း
ဆိုသည်မှာ သဒ္ဒါကျောင်း သက်သက်ကို ဆိုလိုသည် မဟုတ်ပါ။ ကျောင်းသား၏ အရည်အသွေး/
အရည်အချင်းကို ကြည့်ကာ လက်ရွေးစင် လက်ခံသော ကျောင်းဖြစ်ပါသည်။ လူတိုင်း လက်ခံ
သောကျောင်းမှာ Comprehensive
school ဖြစ်သည်)။
သူ့မိခင်မှာ စိတ်ကြီးသူ။ အားကြမ်း လျှာကြမ်းရှိသူဟု ဆိုကြသော်လည်း သားဖြစ်သူ၏
ပညာရေးကို အလွန်ဂရုစိုက်သူဖြစ်သည်။ တစ်နည်းဆိုရသော် စကော့လူမျိုးတို့၏
စရိုက်ရှိသူဟု ဆိုရမည်။ ဂျော့ဂေါ်ဒွန်တွင် ထိုဗီဇရှိခဲ့ရာ ထင်ရာပြော၊ ထင်ရာ
လုပ်သော အလေ့အကျင့်ရှိခဲ့သည်။ စကော့လူမျိုးတို့ လက်ခံသော ဂျောန်ကယ်လဗင်၏
ခရစ်ယာန်ဝါဒအမြင် Calvinism ကို ခရစ်ယာန်ဝါဒထက်
ပို၍လက်ခံခဲ့သည်။ ၁၇၉၈ ခု၊ မေလတွင် ဦးကြီးဖြစ်သူ ပဉ္စမမြောက် လော့(ဒ)ဘိုင်ရွန်
ကွယ်လွန်သွားသောအခါ ဂျော့ဂေါ်ဒွန်မှာ ရို့(ချ)ဒေး(လ)မှ ဆဋ္ဌမမြောက် လော့(ဒ)ဘိုင်ရွန်
Sixth Lord Byron of Rochdale
ဘွဲ့ကို ဆပ်ခံရရှိပြီး ထိုဘွဲ့နှင့် ပတ်သက်သော
ပိုင်ဆိုင်ခွင့်များအားလုံး ရရှိခဲ့သည်။
ထိုအခါ၊ လော့(ဒ)ဘိုင်ရွန်မှာ
မိခင်ဖြစ်သူနှင့်အတူ အမွေဆက်ခံရရှိသော နျူးစတက်အက်ဘီ Newstead Abbey သို့
ပြောင်းရွေ့နေထိုင်ကြသည်။ (နျူးစတက် အက်ဘီမှာ ရှေးက ဘုန်းကြီးကျောင်းကြီး ဖြစ်သည်။
ဘိုင်ရွန်မိသားစုလက်ထက်တွင် ၁၅၄ဝ ခုနှစ်ကပင် ပိုင်ဆိုင်နေထိုင်ခဲ့ကြသည်။
လော့(ဒ)ဘိုင်ရွန်၏ ဦးကြီးမှာ 'ကောက်ကျစ်တဲ့ လော့(ဒ)ဘိုင်ရွန်'
ဟု တွင်ခဲ့သည်။ ထိုကောက်ကျစ်တဲ့ လော့(ဒ)ဘိုင်ရွန်၏ အမွေကို
ဆက်ခံရမည့် မြေးဖြစ်သူမှာ ၁၇၉၄ ခုနှစ်တွင် ကောဆီကာကျွန်းတိုက်ပွဲ တွင်
အမြောက်ဆံမှန်ပြီး ကွယ်လွန်သွားသဖြင့် ဂျော့ဂေါ်ဒွန်က ဆဋ္ဌမမြောက်
လော့(ဒ)ဘိုင်ရွန် ဖြစ်လာခြင်းဖြစ်သည်။ နျူးစတက်အက်ဘီမှာ
နော်တင်ဂမ်ရှိင်းယားအတွင်းရှိသည်)။ လော့(ဒ)ဘိုင်ရွန်အနေဖြင့်
ဝမ်းမြောက်စရာဖြစ်လာသည်မှာ အာဘာဒီင်းတွင်နေသည်ကဲ့သို့ အိမ်ကလေးဖြင့် နေရသည်
မဟုတ်တော့ဘဲ ခြံဝင်းနှင့် အိမ်ကြီးတွင် နေထိုင်လာရသည့်အတွက် ပိုမိုလွတ်လပ်ခွင့်
ရလာသည့်အတွက် သာမဟုတ်။ ဘဝကို ပိုမိုခံစားလာနိုင်သောကြောင့်လည်း ဖြစ်သည်။
အိမ်ကြီးမှာ အိုမင်းယိုယွင်းနေသော အိမ်ကြီးဖြစ်သည်ကား မှန်၏။ သို့ရာတွင်
ကိုယ်ပိုင်အိမ်ဖြစ်နေသဖြင့် အကြောင့်အကြမဲ့ နေနိုင်သော အိမ်မျိုးဖြစ်သည်။ ဝင်းမှာ
ကျယ်ပြီး ရှားဝဒ်သစ်တော Sherwood နှင့် ဆက်လျက်ရှိသည်
ရေကန်ကလေးများ ရှိသည်။ သူ့အိပ်ခန်းဆီမှ ရေကန်များကို လှမ်းကြည့်ကာ
သာယာနေတတ်သည်သာမက ဝင်း၏ အနောက်မြောက်ဘက်မှ အကြီးဆုံး ရေကန်ဆီသို့ မကြာသွားရောက်
နေထိုင်လေ့ရှိတတ်သည်။ ထိုအိမ်ရောက်မှ
ဆိုးရွားသွားခဲ့ရသော အကြောင်းတစ်ခုမှာ ဆရာဝန်အတု လာဗင်ဒါဆိုသူ၏ အကြံပေးချက်အရ
ကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နျူးစတက်သို့ ရောက်ခါမှ ဗာဂျေး၊
ချီစေရိုးတို့၏ ဂန္ထဝင် အရေးအသားများကို စတင်ဖတ်ခဲ့ရသည်။ ဖတ်တတ်ရန်၊ နားလည်ရန်
သူ့မိခင်ကြီးက ဆရာများ ငှားပေးခဲ့သည်။
၁၇၉၉ ခုနှစ်တွင်၊ ဒါးလစ်(ချ) Dulwich ရှိ ကျောင်းဆရာကြီး
ဒေါက်တာ ဂလင်နီ၏ ကျောင်းတွင် ပညာသင်ယူရန် အပ်နှံလိုက်သည်။ ကျောင်းအုပ်ကြီး
ခလော့(ဒ)ဘိုင်ရွန်၏ စရိုက်၊ အလားအလာ စသည်များကို ရိပ်မိသည်။ သူ့ စာကြည့်တိုက်ကို
လော့(ဒ)ဘိုင်ရွန်သဘောရှိ သုံးခွင့်ပြုထားလိုက်သည်။ လော့(ဒ) ဘိုင်ရွန်ကလည်း
ဗြိတိသျှကဗျာဆရာများအကြောင်း ရေးသားထားသော စာအုပ်အတွဲကို တစ်ကြိမ်မက ဖတ်ခဲ့သည်။
ဒါးလစ်ကျောင်းတွင် ၁၈ဝ၁ ခုနှစ်အထိ နေခဲ့ပြီး၊ ထိုနှစ်နောက်ပိုင်းတွင် မိခင်ကြီး၏
ဆန္ဒအရ ဟာရိုး Harrow ကျောင်းသို့ ပြောင်းခဲ့သည်။ ဟာရိုးတွင် လာတင်၊ ဂရိ စသည့်
ဘာသာစာ၊ စကား၊ စာပေ အနုသုခုမပညာတို့အကြောင်း လေ့လာခဲ့သည်။ ထိုကျောင်းမှာပင် အပေါင်းအသင်းကောင်းများ
ရခဲ့သည်။
ကဗျာခရီးအစ
လော့(ဒ) ဘိုင်ရွန်မှာ
ချစ်မှုရေးရာတွင် သူ့ဖခင် ကပ္ပတိန် ဂျောန်ဘိုင်ရွန်ထံမှ အမွေဆက်ခံခဲ့သည်ဟု
ပြောစမတ် ရှိကြသည်။ ကက်ပတိန် ဂျောန်ဘိုင်ရွန်မှာအလွန်စွံသူတစ်ဦး ဖြစ်ခဲ့သည်။
လော့(ဒ)ဘိုင်ရွန် ကိုယ်တိုင်လည်း အသက်ဆယ့် ခြောက်နှစ်အရွယ် (၁၈ဝ၃ ခု၊ နွေ)တွင်
မေရီအန်ချားဝသ် Mary
Ann Chaworth (၁၇၈၅-၁၈၃၂) ဆိုသူကို
ချစ်မိခဲ့သည်။ မေရီအန်မှာ သူထက် နှစ်နှစ်သာသာကြီးပြီး ဆွေမျိုးနီးစပ်တော်သည်။
လူကုံထံ တစ်ဦးနှင့် စေ့စပ်ထားသူလည်း ဖြစ်သည်။ 'Hills of Annesley' အပါအဝင်
ဘိုင်ရွန်၏ကဗျာ လေးငါးပုဒ်ခန့်တွင် မေရီအန်ကို ရည်ညွှန်းကာ ရေးသားခဲ့ဖူးသည်။
၁၈ဝ၅ ခုတွင် ကိန်းဗရစ်
တြီနီတီကောလိပ်သို့ ဝင်သည်။ ကိန်းဗရစ်သည် သူ့အဖို့ သာယာစဖွယ်ကောင်းသော အရပ်မဟုတ်။ 'မကောင်းဆိုးရွားတို့ရပ်
အရပ်ပဲ' ဟု သူကဆိုခဲ့သည်။ သို့ရာတွင် ကိန်းဗရစ်၌
မိတ်ဆွေကောင်းများ ရခဲ့သည်။ အထူးသဖြင့် သူ့ဘဝတစ်လျှောက်လုံးအတွက်
မိတ်ဆွေကောင်းဖြစ်ခဲ့သော ဂျောန်ကဲင်ဟော့ဗဟောက်(စ) John Cam Hobhouse (နောင်တွင် လော့(ဒ) ဗရောက်တန်
ဖြစ်လာသူ)နှင့် တွေ့ဆုံခဲ့သည်။ ၁၈ဝ၆ ခု၊ ၁၈ဝ၇ ခုနှစ်များတွင် ကဗျာများ စတင်ရေးသားခဲ့ရာ ထိုကဗျာများမှ နောက်ပိုင်းတွင်
'အရွယ်မရောက်သေးသော ကဗျာများ'အဖြစ်
ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုကဗျာများအနက်မှ 'မေရီသို့' ဟု အမည်ပေးထားသော ကဗျာတွင် အပိုဒ်တစ်ပိုဒ်မှာ အထိုက်အလျောက်
ကြမ်းတမ်းသည်ဟု မိတ်ဆွေများက ဝေဖန်သဖြင့် မီးရှို့ပစ်ခဲ့သည်။ ထိုအခါက သူ၏
ကဗျာများတွင် စော်ကားမော်ကားသံများ ပါနေတတ်သည်။ ၁၈ဝ၇ ခု ဇန်နဝါရီလတွင် သူ
ရေးထားသော ကဗျာအချို့ကို 'အကြောင်းအမျိုးမျိုးအကြောင်း
ကဗျာများ' ဟု အမည်ပေးကာ မိတ်ဆွေအပေါင်းအသင်းများ ကြားတွင်
ဖြန့်ဝေခဲ့လေသည်။ သူ့ကဗျာများကို ဝေဖန်လေ့ရှိသော မိတ်ဆွေများဖြစ်သည့်
ဟင်နရီမက်ကင်ဇီနှင့်လော့(ဒ) ဝဒ်ဟောက်စလီတို့၏ တိုက်တွန်းချက်အရ အထိုက်အလျောက်
သုတ်သင် ဖြည့်စွက်ကာ လေလွင့်နေသောအချိန်များ Hours of Idless ဟု အမည်တပ်ပြီး၊ ၁၈ဝ၇
ခု၊ ဂျွန်လတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုအခါက ရေးသားသူအမည်ကို ဂျော့ဂေါ်ဒွန် လော့(ဒ)ဘိုင်ရွန်ဟု
ဖော်ပြထားသည်။ ထိုကဗျာစာအုပ်ကို သတင်း စာနှင့် ဂျာနယ်အများက ဘဝင်ကျစရာ
ဝေဖန်ကြသော်လည်း ၁၈ဝ၈ ခု၊ ဇန်နဝါရီလထုတ် အီဒင်ဗာ့ရီဗျူး Edinburgh Review တွင် ပိုးစိုးပက်စက်
ဝေဖန်ခဲ့သည်။ ဘိုင်ရွန်က ထိုဝေဖန်စာကို အယ်ဒီတာဖြစ်သူ ဖရန်းစစ်ဂျက်ဖရီ ရေးသည်ဟု
ထင်သောကြောင့် (မှတ်ချက်။ စင်စစ်ရေးသားသူမှာ နောင်တွင် လော့(ဒ) ဗရောင်ဟဲမ်ဟု
တွင်မည့် ဟင်နရီပီတာဗရောင်ဟဲမ်သာ ဖြစ်သည်။) ဖရန်စစ်ဂျက်ဖရီနှင့် အီဒင်ဗာရီဗျူး၏
နာယကကြီး လော့(ဒ)ဟော်လန်ကို ဦးတည်ကာ 'အင်္ဂလိပ်စာရေးဆရာ'
အမည်ဖြင့် ရှေးဦးစွာ ရေးသားခဲ့ပြီး နောက်ပိုင်းတွင် အင်္ဂလိပ် စာရေးဆရာများနဲ့
ကော့ရီဗျူးရေးသူများ English Bards and Scoth Reviewer
ခေါင်းစဉ် ပြောင်းကာ သရော်စာ ကဗျာရေးခဲ့ပြီး၊ ၁၈ဝ၉ ခု မတ်လတွင်
ပုံနှိပ်ထုတ်ဝေခဲ့သည်။
ထိုသရော်စာနှင့် ဆက်စပ်၍
လော့(ဒ)ဘိုင်ရွန်မှာ စိန်အခေါ်ခံရသေးသည်။ သူ့ ကဗျာထဲတွင် တောမတ်(စ)မိုး Thomas Moore (၁၇၇၉-၁၈၅၂) ကို
ကျည်ဆံ မပါသော ခြောက်လုံးပြူး (မြန်မာဘာသာစကားအရသော် 'သင်္ကြန်အမြှောက်'
သဘောမျိုး) ဟူ၍ ရေးသားခဲ့သောကြောင့် ဖြစ်သည်။ မိုးမှာ
အီဒင်ဘာ့ဗီဗျူးမှ အယ်ဒီတာ ဂျက်ဖရီကိုလည်း ခြောက်လုံးပြူး ယှဉ်ပစ်ရန်
စိန်ခေါ်ခဲ့သူဖြစ်သည်။ မဟုတ်မခံ အိုင်းရစ်လူမျိုး စာရေးဆရာ၊ ကဗျာဆရာ၊
ဂီတဆရာတစ်ဦးဖြစ်သည်။ ဘိုင်ရွန်က အကျိုးအကြောင်း ရှင်းပြသဖြင့် တစ်ဦးနှင့်တစ်ဦး
နားလည်မှုရကာ ပိုမိုခင်မင် သွားခဲ့ကြသည်။ ၎င်းတို့နှစ်ဦးအကြား တူညီသော
အချက်တစ်ချက်မှာ အင်္ဂလိပ်တို့၏ အစဉ်အလာများကို မုန်းတီးကြခြင်းဖြစ်သည်။
လော့(ဒ)ဘိုင်ရွန်၏အကြောင်း တင်ပြသည့်အခါတိုင်း ထည့်သွင်းဆွေးနွေး ရတတ်သည့် အချက်တစ်ခုမှာ
ဘုရင်စနစ်ကို မကျေနပ်သည့် သူ၏အမြင် ဖြစ်သည်။ သူ လိုပင် သူပေါင်းသင်းသူ
အတော်များများမှာ အင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အပေါ် ဘဝင်မကျခဲ့ကြသူများ
ဖြစ်သည်။ ဥပမာ လော့(ဒ)ဘိုင်ရွန်၏ ဘဝတစ်လျှောက်လုံး အရင်းနှီးဆုံး
မိတ်ဆွေဖြစ်ခဲ့သော ဂျောန်ကဲင်ဟော့ ဗဟောက်(စ)မှာ အင်္ဂလန်နိုင်ငံ
အုပ်ချုပ်ရေးစနစ်ကို ဝေဖန်သဖြင့် အကျဉ်းချ ခံရသေးသည်။ (ဘိုင်ရွန်၏ ချိုလ်ဟယ်ရယ် Childe
Harold ခရီးသွား ကဗျာရှည်ကြီး စတုတ္ထအပိုဒ်တွင် ရည်ညွှန်းထားသော
ဟော့ဗဟောက်(စ) ပင် ဖြစ်သည်)။
အသက်နှစ်ဆယ့်တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သော
လော့ဘိုင်ရွန်မှာ ၁၈ဝ၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အထက်လွှတ်တော်အမတ်ကြီး
ဖြစ်လာသည်။ မျိုးရိုးစဉ်ဆက်အရ လော့(ဒ) ဘွဲ့ကို ခံယူရသူဖြစ်သဖြင့် သူ့အနေဖြင့်
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ (သမိုင်းပေး တာဝန်ဟု ဆိုလို သော် ဆိုပါ)။
အထက်လွှတ်တော် အမတ်ရာထူးကို ဝင်ယူရလေသည်။ သို့သော်၊ လော့(ဒ)ဘိုင်ရွန် အနေဖြင့်
စိတ်သန်နေသော အချက်မှာ တစ်ခုသာရှိသည်။ အရှေ့ဘက်သို့ ခရီးသွားလိုခြင်း ဖြစ်သည်။
အရှေ့ဟုဆိုရာတွင် ထိုခေတ် ထိုအခါ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နှင့် အနောက်မြောက်
ဥရောပဒေသမှ အပကို အရှေ့ဟု သဘောထားကြသည်။ တိတိကျကျဆိုသော် နီးသော အရှေ့ Near East နှင့် ဝေးသော အရှေ့ Far
East တို့ဖြစ်သည်။
ဝေးသောအရှေ့မှာ အိန္ဒိယ၊ တရုတ်...စသည့် အရပ်များကို ဆိုလိုသည်။ အထက်လွှတ်တော်အမတ်
ရာထူးကို တရားဝင် လက်ခံပြီး သုံးလသာသာအကြာတွင် လော့ (ဒ) ဘိုင်ရွန်၊
ဟော့ဗဟောက်(စ)နှင့် ဘိုင်ရွန်၏
လက်ရုံးတော်သား ဝေလျာမ်ဖလက်ချာ William Fletcher ၏
နောက်လိုက်အချို့နှင့်အတူ အင်္ဂလန်နိုင်ငံမှ ထွက်ခွာသွားကြတော့သည်။ ၁၈ဝ၉ ခုနှစ်
ဇူလိုင်လ ခုနှစ်ရက်တွင် ပေါ်တူဂီနိုင်ငံ လစ္စဘောသို့ ရောက်လာကြတော့သည်။ သူ၏
ချိုးလ်ဟယ်ရယ် ခရီးသွား ကဗျာရှည်ကြီး ပထမပိုင်းတွင် ဖော်ပြခဲ့သော ပေါ်တူဂီနိုင်ငံ
လစ်ဘောမှ စပိန်နိုင်ငံကို ဖြတ်ကာ ဆယ်ဗေး(လ)နှင့် ကဒစ် Cadiz အထိ ခရီးစဉ်မှာ
ထိုခရီးစဉ်မှ အတွေ့အကြုံများတွင် အခြေခံခဲ့ခြင်း ဖြစ်သည်။ ရှုခင်းများကိုကြည့်ကာ
သာယာခဲ့မိသော်လည်း၊ ထိုဒေသမှ လူအများစု၏ နွမ်းပါးမှုနှင့် လူမျိုးခြားတို့က
အုပ်ချုပ်မှုအပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။
သြဂုတ်လ ၁၆ ရက်နေ့တွင်
ဂျီဘရော်(လ)တာမှ မော်(လ)တာသို့ ရေကြောင်း မှ ခရီးဆက်ပြန်သည်။ (ဂျီဘရော(လ)တာ Gibralter မှာ စပိန်နိုင်ငံ
တောင်ဘက်ဖျား၌ ရှိသည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ထားသော ဒေသဖြစ်သည်။
မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ ဆုံရာဖြစ်ပြီး အာဖရိကတိုက် ကမ်းရိုးတန်း
(မော်ရကို Morocco မှ
တစ်ဆယ့်လေးမိုင်ခွဲခန့်သာ ဝေးသည်။) မော(လ)တာ Malta မှာ
မြေထဲပင်လယ်တွင်ရှိသော ကျွန်းငယ် (စတုရန်းမိုင်
တစ်ရာ့နှစ်ဆယ်သာသာ သာရှိသည်။) ဖြစ်သည်။ အီတလီနိုင်ငံ
တောင်ဖျားရှိ စာစလီကျွန်မှ မိုင်ငါးဆယ် သာသာဝေးသည်။ မော်(လ)တာတွင် စပင်စာစမစ်
အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းမိသေးသည်။ (စပင်စာမှာ သူ၏ ချိုလ်ဟယ်ရယ်၊
ဒုတိယအပုဒ်တွင် Fair Florenceဟု ညွှန်းခဲ့သော
အမျိုးသမီးပင် ဖြစ်သည်။) မော်(လ)တာမှ ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် ခရီးဆက်ကြရာ
ဂရိနိုင်ငံ အက်သစ်မြို့သို့ ဒီဇင်ဘာလ တတိယ အပတ်တွင် ရောက်ရှိသွားတော့သည်။
လော့(ဒ)ဘိုင်ရွန်နှင့် ဟော့ဗဟောက်(စ)တို့ ဂရိနိုင်ငံတွင် အခြေချပြီး
ထိုဒေသတစ်ကျောကို ခြေဆန့်ခဲ့ကြသည်။ ဟော့ဗဟောက်(စ)က ထိုနှစ် (၁၈၁ဝ) ဇူလိုင်လတွင်
အင်္ဂလန်နိုင်ငံသို့ ပြန်သွားရသဖြင့် ဘိုင်ရွန်တစ်ဦးတည်းသာ အက်တင် Athen တွင်
ကျန်ရစ်ခဲ့တော့သည်။ ငှက်ဖျားကဲ့သို့ ဝေဒနာမျိုး ရရှိခဲ့ပြီး မကြာခဏ ဖျားနာလာသဖြင့်
၁၈၁၁ ခုနှစ်တွင် အင်္ဂလန်သို့ ကဗျာ တစ်ပွေ့တစ်ပိုက်ဖြင့် ပြန်လာခဲ့ရာ ၁၈၁၁
ဂျူလိုင်လ ၁၄/၁၇ ရက်နေ့တွင် လန်ဒန်သို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
နိုင်ငံရပ်ခြားတွင် ရေးသားလာခဲ့သော ကဗျာများကို ပုံနှိပ်သူအချို့က ဘဝင်မကျ။
အဓိကမှာ ဘိုင်ရွန် အနေဖြင့် အင်္ဂလန်နိုင်ငံနှင့် အလှမ်းဝေးနေခဲ့ပြီး ဥရောပအနံ့
သင်းနေသည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။ သို့သော် ချိုလ်ဟယ်ရယ် ပထမပိုင်းနှင့်
ဒုတိယပိုင်းတို့ကို ပုံနှိပ်ထုတ်ဝေရာတွင် များစွာအောင်မြင်ခဲ့လေသည်။ လန်ဒန်သို့
ပြန်ရောက်လာပြီးနောက် ဝမ်းနည်းစရာ ပြဿနာများ ကြုံလာရသည်။ သူ၏ ကျောင်းနေဖက်
ရင်းနှီးသော မိတ်ဆွေသုံးဦး ကွယ်လွန်ကြောင်း ကြားသိလိုက်ရပြီး နျူးစတက်တွင်
နေထိုင်သော သူ့မိခင်ကြီး လေဒီဘိုင်ရွန် လေဖြတ်ခံရကြောင်း ဖြစ်သည်။ ဘိုင်ရွန်
လိုက်သွားသော်လည်း မိခင်ကြီး၏အသက်ကို မမီတော့။ 'ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ ခု မရှိတော့ဘူး'
ဟု ဘိုင်ရွန်က ပြောသည်။
ချိုလ်ဟယ်ရယ်မှာ ၁၈၁၂ တွင်
ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သည်။ ထိုနှစ်သည် ဘိုင်ရွန်ကို လူသိရှင်ကြား
ထင်ပေါ်စေခဲ့သောနှစ်ဟု ဆိုရမည်။ ဇန်နဝါရီလ စောစောပိုင်းတွင် နျူးစတက်မှ လန်ဒန်သို့
ပြန်လာခဲ့သည်။ ပါလီမန်တက်ရန်လည်း ဖြစ်သည်။ ပါလီမန်မှာ ဇန်နဝါရီလ ၁၂ ရက်တွင်
စတင်ခဲ့ပြီး၊ လော့ဘိုင်ရွန်က ၁၅ ရက်နေ့မှ စတင်နေရာယူခဲ့သည်။ ဖေဖော်ဝါရီ ၂၇
ရက်နေ့တွင် လော့ဘိုင်ရွန်က ပထမဆုံးအကြိမ်အဖြစ် ပါလီမန်မိန့်ခွန်း ပြောကြားခဲ့သည်။
ပြောကြားသည့် အကြောင်းမှာ အလုပ်သမားများ ဆန္ဒပြသည်ကို နှိပ်ကွပ်ရန်
ဥပဒေပြဋ္ဌာန်းသည့် အကြောင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ ဘိုင်ရွန်နှင့်
မှူးမတ်အချို့က ကန့်ကွက်သော်လည်း ဥပဒေမှာ အောက်လွှတ်တော်တွင် အနိုင်ရသွားခဲ့သည်။
ဘိုင်ရွန်၏ နှုတ်စ လျှာစကို သဘောကျကြသည်။ ပါလီမန်တွင် မိန့်ခွန်းပြောပြီး မကြာမီ
မတ်လ ၁ဝ ရက်နေ့တွင် ချိုလ်ဟယ်ရယ်ကို စတင်ရောင်းချရာ ပထမသုံးရက်အတွင်း အုပ်ရေ ၅ဝဝ
ရောင်းလိုက်ရသည်။ ဤသို့ဖြင့် လန်ဒန်မြို့၏ အသိုင်းအဝိုင်းများ အကြား
လော့(ဒ)ဘိုင်ရွန်၏နာမည်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာခဲ့တော့သည်။ ဤသည်မှာပင်
လော့(ဒ)ဘိုင်ရွန်၏ များပြားလှသော ချစ်မှုချစ်ရေးကိစ္စများ၏ တရားဝင် အဦးအစကာလ
ဖြစ်လာသည်ဟု ဆိုရပေတော့မည်။
တစ်ခါက မည်သူကမျှ အဖက်မလုပ်ခဲ့သည်
ဂျော့ဂေါ်ဒွန်မှာ ယခုအခါ ပါလီမန်အမတ်၊ ကဗျာဆရာ လော့(ဒ)ဘိုင်ရွန် ဖြစ်လာခဲ့သည်သာမက
အပြောကောင်း၊ အဆိုကောင်းနှင့် ဣတ္ထိယတို့ ကျလောက်သောသူမျိုးလည်း ဖြစ်လာခဲ့ပြီ။
ထိုအခါက အင်္ဂလန်တွင် အင်္ဂလိပ်တို့၏ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်တို့
ပြောင်းလဲသင့်ပြီဟု လက်ခံထားကြသော (Whig ဟု ခေါ်သည်) ပညာတတ်၊
လူကုံထံတို့ အသိုင်းအဝိုင်းတွင် ဘိုင်ရွန်မှာ ကျော်ကြားလှသည်။ မတ်လ၏ တစ်ညနေတွင်
လော့(ဒ)ဟော်လန်၏ အိမ်၌ကျင်းပသော ဧည့်ခံပွဲတစ်ခု၌ ဘိုင်ရွန်နှင့် လေဒီကယ်ရလိုင်း
ပေါ်ဆဘီလဲ့မ် Lady Caroline Ponsonby Lamb
တို့ စတင်တွေ့ဆုံခဲ့ကြလေသည်။
ကယ်ရလိုင်းမှာ
ဆွေကြီးမျိုးကြီးထဲမှဖြစ်ပြီး ဘိုင်ရွန်၏မိတ်ဆွေများဖြစ်သော လော့(ဒ)နှင့်
လေဒီမလ်ဘန်း Lord
and Lady Melbourne ၏ သားအငယ်ဖြစ်သူ
ဝေလျာန်မလ်ဘန်း၏ ဇနီး ဖြစ်သည်။ လေဒီမလ်ဘန်း (ငယ်မည်၊ အယ်လစ်စဘက် မေး(လ)ဘဲင့် Elizabeth
Milbanke (၁၇၅၁-၁၈၁၈) မှာ
ဘိုင်ရွန် အလွန်ရိုသေ လေးစားခင်မင်သော အမျိုးသမီးကြီးဖြစ်သည်။ 'ငါ့ အမေပဲ' ...ဟူ၍ပင် (လေဒီဘလက်စင်တန်၊ ကို)
ထုတ်ဖော်၍ ပြောခဲ့ဖူးသည်။ ကယ်ရလိုင်းမှာ လေဒီမလ်ဘန်း အုပ်ထိမ်းရန် မလွယ်သော ချွေးမဖြစ်သည်။ ထိုစဉ်က
အသက်နှစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး ဘိုင်ရွန်ထက် အသက် သုံးနှစ်သာ ကြီးသည်။
သူမကိုယ်တိုင်က ကဗျာရေး၊ စာရေး၊ ပုံတူ အဆွဲကောင်း သည်ဟု ကျော်သည်။ ထိုစဉ်ကသော်
ဘိုင်ရွန်တို့ အသိုင်းအဝိုင်းတွင် မိန်းမများ ကဗျာဘက် လုံးဝ လိုက်စားကြခြင်း
နည်းလှသေးသဖြင့်၊ ကယ်ရိုလိုင်းမှာ မိန်းမများအကြား ထူးခြားနေလေသည်။ အချို့က
ယောက်ျားလျာဆန်ဆန်နေသူဟူ၍ပင် ကင်ပွန်းတပ်ကြသည်။ ဘိုင်ရွန်နှင့် အဆက်အဆံရှိသည်ဟု
မကျော်ကြားမီက ၁၈ဝ၉ ခုနှစ်ခန့်က လော့(ဒ) ဂျက်ဖရီ ဝက်(ဘ)စတား Lord Godfrey
Webster နှင့် သိုးသိုး
သန့်သန့် သတင်းထွက်ခဲ့ဖူးသေးသည်။ ဘိုင်ရွန်နှင့် မသိကျွမ်းမီကပင် ချိုလ်ဟယ်ရယ်ကို
ဖတ်ရင်း ဘိုင်ရွန် အပေါ် သာယာနေခဲ့သူဖြစ်သည်။
လော့(ဒ)ဘိုင်ရွန်နှင့် ချွေးမဖြစ်သူ
ကယ်ရလိုင်းတို့၏ အခြေအနေကို သိသော လေဒီမလ်ဘန်းက တူမဖြစ်သူကို အန်(အန်နဘဲလ်)
အစ်စဘဲလ်မေး(လ)ဘဲင့် Anne
(Annable) Isabella Milbanke နှင့် ဘိုင်ရွန်ကို
နေရာကျသွား စေချင်သည်။ အစပိုင်းတွင် ဘိုင်ရွန်က သဘောမကျ။ ဘိုင်ရွန်သဘောကျ၍
လက်ထပ်ခွင့်တောင်းသည့် အခါတွင်မှု အန်က လက်မခံ။ ထိုကာလအတွင်းမှာပင် ဘိုင်ရွန်၏
သတင်းမှာ ရပ်သိရွာသိ ဖြစ်လာသည်။ နောက်ဆုံး ဘိုင်ရွန်က အဆက်ဖြတ်သော်လည်း
ကယ်ရိုလိုင်း က မပြတ်နိုင်တော့။ ထိုအချိန်မှာပင်ဘိုင်ရွန်က လန်ဒန်ရှိ
မိတ်ဆွေများနှင့် နီးနီးနားနားနေနိုင်ရန်
အတွက်လည်းကောင်း၊ သူတွင်တင်နေသော ကြွေးများကို ဆပ်ရန်အတွက်လည်းကောင်း ရည်၍
နျူးစတက်အိမ်ကြီးကို ရောင်းချလိုက်တော့သည်။ ချိုလ်ဟယ်ရယ်မှာလည်း ငါးကြိမ်မြောက်
ပြန်လည်ထုတ် ဝေနေရချိန်ဖြစ်သည်။ ဘိုင်ရွန်လည် စိတ်ပြေလက်ပျောက်အဖြစ် ခရီးထွက်ရင်း
လေဒီအောက်စဖို့(ဒ) (ငယ်မည်၊ ဂျိမ်း၊ အယ်လစ်စဘက် စကော့ Jane Elizabeth Scott
(၁၇၇၄-၁၈၂၄)
နှင့် ငြိစွန်းမိပြန်သည်။
လေဒီအောက်စဖို့(ဒ)မှာ အောက်စဖို(ဒ)၏ ပဉ္စမမြောက်အား(လ) Fifth Earl of
Oxford ၏ ဇနီးဖြစ်ပြီး
အသက်လေးဆယ်ခန့်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ အုပ်ချုပ်ရေး၊ လူမှုရေးစနစ် ပြောင်းလဲရေး အဖွဲ့အစည်းများတွင်
တက်ကြွသူ၊ ခေတ်ပညာတတ်တစ်ဦးလည်း ဖြစ်သည်။ ဘိုင်ရွန် နှင့် ငြိစွန်းကြရာတွင် စင်စစ်
ဘိုင်ရွန်၏ အပြစ်ချည်းမဟုတ်။ လေဒီအောက်စဖို့ (ဒ) မှာ ကယ်ရလိုင်း ကဲ့သို့ပင်
လင်ယောကျ်ား၏ အရေးတစ်ယူပြုခြင်း မခံရသောအချက်လည်း ပါသည်ဟု ဆိုရမည်။
လေဒီအောက်စဖို့(ဒ)နှင့်
အဆက်အဆံရှိခြင်းအတွက် ဘိုင်ရွန်မှာ လေဒီအောက်စဖို့(ဒ) ၏ အသိုင်းအဝိုင်းများအကြား
ရောက်သွားတော့သည်။ ထိုအချက်မှာ သူ့အတွက် အထိုက်အလျောက် အကျိုးရှိခဲ့သည်ဟု ဆိုရမည်။
အကြောင်းမှာ အင်္ဂလန်နိုင်ငံ အိမ်ရှေ့ စံမင်းသား၏ ဇနီးဖြစ်သူ (ဝေးလ်ပြည်နယ်၏ မင်းသမီး
Princess
of Wales) နှင့်
သိကျွမ်းရင်းနှီးလာရခြင်း ဖြစ်သည်။ (စပ်လျဉ်း၍ ရှင်းပါရစေ။ Wales ဝေးလ်(စ)နှင့် Whales ခေါ် ဝေလငါးကို
မရောထွေးကြစေချင်ပါ)။ တစ်နည်းဆိုသော်၊ လော့(ဒ) ဘိုင်ရွန်၏ အမည်မှာ ရွှေနန်းတော်အထိ
ပေါက်ရောက်သွားခြင်းပင် ဖြစ်သည်။ ၁၈၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် လော့(ဒ)နှင့် လေဒီ
အောက်စဖို့(ဒ)တို့ ဥရောပသို့ ထွက်ခွာသွားကြသောအခါ ဘိုင်ရွန်နှင့်
လေဒီအောက်စဖို့(ဒ)တို့၏ ဇာတ်လမ်းမှာ ပြီးဆုံးသွားတော့သည်။ ဘိုင်ရွန်မှာ
သူငယ်ချင်းဖြစ်သူ ဟော့ဗဟောက်(စ) နှင့်အတူ ဥရောပသို့ ခရီးထွက်ရန် စီစဉ်ထားသော်လည်း
မထွက်နိုင်သေး။ ဟော့ဗဟောက်(စ)မှာ ဘိုင်ရွန်ကို မစောင့်တော့ဘဲ ခရီးထွက်သွားတော့သည်။
ခရီးမထွက်မီ ဟော့ဗဟောက်၏ ‘ဥရောပနှင့် အာရှတိုက်မှ အလ်ဘေးနီးယားနှင့် တူရကီနိုင်ငံ၏
ဒေသများသို့ ခရီးသွားခြင်း’ အမည်ရှိ စာအုပ် ထွက်လာသည်။ များမကြာမီ ဘိုင်ရွန်၏ ‘The Giaour’ စာအုပ်ကို
ဂျောန်မာရေး John
Muray က
ပုံနှိပ်ထုတ်ဝေလိုက်သည်။ (မာရေးမှာ ထိုအခါက နာမည်ရှိသော ပုံနှိပ်ထုတ်ဝေသူဖြစ်သည်)။
ထိုကာလအတွင်းမှာပင် လော့(ဒ)ဘိုင်ရွန်မှာ မဒမ် ဒက်စတား(လ) Madame de Stael နှင့် တွေ့ဆုံ
အသိအကျွမ်း ဖြစ်ရသည်။ (မဒမ်ဒက် စတား(လ)မှာ ပြင်သစ်ပြည် စာပေလောကမှ ရိုမဲင်
တစ်စစ်ဇင်တွင် အရေးပါသူဖြစ်သည်)။ ထိုနှစ်မကုန်မီ ဂျောန်မာရေးကပင် Bride of
Abydos ကို ပုံနှိပ်ထုတ်ဝေရာ
တစ်လအတွင်း အုပ်ရေခြောက်ထောင် ၆ဝဝဝ ရောင်းချလိုက်ရသည်။
လော့(ဒ)ဘိုင်ရွန်မှာ လန်ဒန်မြို့၏
စာပေအသိုင်းအဝိုင်းတွင် နာမည်ကြီးပြီးရင်း ကြီးရင်း ဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင် သူ့သူငယ်ချင်း၏ ဇနီးဖြစ်သူ လေဒီဖရန်းစစ် ဝက်ဒါဗန်း ဝက်(ဘ)စတား Lady Frances
Wedderburn Webster (ငယ်မည်၊ ဖရန်းစစ်
ကယ်ရိုလိုင်းအန်စလီ Frances Caro line Annesley) နှင့်
သတင်းထွက်လာ ပြန်သည်။ စင်စစ် ဘိုင်ရွန်နှင့် ဖရန်းစစ်တို့မှာ တိုးတိုးဖော်များ
ဖြစ်ကြသည်။ သူငယ်ချင်းထက်မကသော ချစ်ခြင်းမျိုး ရှိကြသော်လည်း ကိုယ်ကာယခြင်း
နှီးနှောသော အနေအထားမျိုးဖြင့် ငြိစွန်းခဲ့ကြသည်မဟုတ်။ ဘယ်ဂျမ် Belguim နိုင်ငံတွင်
ဖရန်းစစ်နှင့် ဝယ်လင်တန် ကိုယ်တော်ကြီး Duke of Wellington တို့၏
သတင်းထွက်လာပြီးနောက် ဘိုင်ရွန်က 'တို့နှစ်ယောက်
ခွဲခွာကြတော့’ 'When We Two Parted’ ကို
ရေးသားခဲ့သည်။ သို့ရာတွင် ဖရန်းစစ်ကို ထိခိုက်မည် စိုးသဖြင့်
ကဗျာရေးသားသောရက်စွဲကို ၁၈ဝ၈ ခုဟူ၍ ရေးသားထားခဲ့သည်။ ထိုသို့၊ ကဗျာရေးသားသည့်
ရက်စွဲကို အမှန် မဖော်ပြခြင်း၏ အခြားအကြောင်းတစ်ခုမှာ ထိုကဗျာကို သူနှင့်
သူ့ဇနီးတို့ ကွဲသည့်အခါတွင် ရေးသည်ဟု မှန်းဆပြောဆိုကြမည်ကို ပူပန်၍ ဖြစ်သည်။
(မှတ်ချက်--'ဘိုင်ရွန် သူ့ပထမဇနီးနဲ့ ကွဲစဉ်က ရေးတဲ့ကဗျာ' ဟူသော
အဆို မှာ အလွန်သံသယ ဖြစ်ဖွယ်ကောင်းသည်။ ဘိုင်ရွန်တွင် ဒုတိယဇနီးရှိသည်ဟူ၍လည်း
မည်သည့် မှတ်တမ်းတွင်မှ မတွေ့ရ။ ထိုကာလ၏ ဘာသာရေးအရလည်း လက်ခံရန် ခက်သည်။) ကဗျာမှာ
ဤသို့ ဖြစ်သည်...
တို့နှစ်ယောက်
ခွဲခွာကြတော့
တိတ်တိတ်ဆိတ်ဆိတ်၊
မျက်ရည်တွေနဲ့
တို့နှစ်ယောက်လက်တွဲဖြုတ်ကြတဲ့အခါ
ကွဲတစ်ဝက်နှလုံးသားက
နှစ်ကာလများစွာကို
အဆုံးသတ်ခဲ့တယ်။
မင်းရဲ့ပါးပြင်
အရောင်ဖျော့ပြီး
အေးလာခဲ့ပြီ။
အနမ်းတွေဟာလည်း
ပိုလို့
အေးစက်ခဲ့ပြီ။
အဲဒီအခါကတည်းက
ခုလို ကြေကွဲကြရမယ်လို့
ကြိုပြီး
အသိပေးခဲ့တာပဲ။
မနက်ခင်းရဲ့
နှင်းစက်တွေဟာ
နှဖူးပေါ်တင်
အအေးပျောက်သွားလေတော့
ခုလို
ငါခံစားရတော့မယ်ဆိုတာ
သတိပေးလိုက်သလိုပါပဲ။
မင်းရဲ့
ကတိစကားတွေ ပျက်ခဲ့ပြီ
မင်းရဲ့
ကျော်ကြားမှုတွေ လျော့ပါးခဲ့ပြီ။
မင်းအကြောင်း
ပြောသံကြားရတော့
မင်းရဲ့
မကောင်းသတင်းကိုငါဝေမျှခံခဲ့တယ်။
ငါ့ရှေ့မှာ
မင်းနာမည်ပြောကြတော့ ငါ့နားထဲမှာ ဝမ်းနည်းစရာ အသံပဲပေါ့။
ငါ
တုန်လှုပ်သွားခဲ့တယ်။
ဘာလို့များ
အလွန်အမင်း ချစ်ခဲ့မိရတာလဲ။
မင်းအကြောင်းဆို
ငါကောင်းကောင်း သိတာ သူတို့တွေ မသိကြဘူး။
ခုလို
မဖြစ်သင့်လို့ ငါ့ဝမ်းနည်းမှုတွေ ရှည်ကြာမယ်။
ရင်မှာနင့်လို့
ပြောပြလို့ ခက်မယ်။
တိတ်တခိုးတို့တွေ့ကြတဲ့အခါ
မင်းဝိညာဉ်မရှိတော့ဘူး။
မင်းကိုလည်း
မေ့ပစ်ရမယ်ဆိုတော့ တိတ်တဆိတ် ငါဝမ်းနည်းရတယ်။
နှစ်ကာလများစွာ
ကြာသွားပြီးတဲ့နောက် ဘယ်လို အပြန်အလှန် နှုတ်ဆက်ကြမှာလဲ။
တိတ်တိတ်ဆိတ်ဆိတ်၊
မျက်ရည်တွေနဲ့လား။
လော့(ဒ)ဘိုင်ရွန်၏
ဘဝတွင် ထည့်သွင်းမပြောဘဲ မထားနိုင်သည့် အမျိုးသမီးတစ်ဦးမှာ အဖေတူ အမေကွဲ
အစ်မဖြစ်သူ အော်ဂတ်စတာဘိုင်ရွန်ပင် ဖြစ်သည်။ အော်ဂတ်စတာမှာ မောင်နှမဝမ်းကွဲတော်သူ
ဗိုလ်မှူးကြီး ဂျော့လေး George
Leigh နှင့် ၁၈ဝ၇ ခုတွင်
အိမ်ထောင်ကျခဲ့သည်။ ထိုစဉ်ကတည်းက ဘိုင်ရွန်နှင့် မတွေ့ကြသော်လည်း၊ ၁၈၁၃ ခုနှစ်
ဇူလိုင်လထဲတွင် လန်ဒန်သို့ အော်ဂတ်စတာ လာစဉ် ဆုံတွေ့ခဲ့ကြပြီး ဘိုင်ရွန်နှင့်
အော်ဂတ်စတာတို့အကြားတွင် အသွားအလာ ရှိနေခဲ့သည်။ အော်ဂတ်စတာမှာလည်း
ဘိုင်ရွန်ဆုံခဲ့ဖူးသော အခြားမိန်းမများကဲ့သို့ပင် ခင်ပွန်းသည်၏ အလေးပေးမှုကို
မခံရသူတစ်ဦးဖြစ်သည်။ သူ့ခင်ပွန်းသည် ဗိုလ်မှူးကြီး ဂျော့လေးမှာ တစ်နှစ်တွင်
တစ်ကြိမ်နှစ်ကြိမ်ခန့်သာ အိမ်သို့ပြန်လာသူဖြစ်သည်။ ဘိုင်ရွန်မှာ အော်ဂတ်စတာကို
တကယ်ပင် ချစ်ရှာသည်။ နောက်ဆုံး၌ ကိုယ်ကာယချင်း နှီးနှောသည့်အထိ ဖြစ်ခဲ့ကြသည်ဟူ၍ပင်
သတင်းထွက်လာခဲ့သည်။ စင်စစ် ထိုသတင်းကို ဖြန့်သူများအနက် အဓိကမှာ ဘိုင်ရွန်၏
တစ်ဦးတည်းသော တရားဝင်ဇနီး အန်မေး (လ)ဘဲ့င့်ပင်။ ၁၈၁၆ ခုနှစ်တွင် အော်ဂတ်စတာအတွက်
ကဗျာတစ်ပုဒ် Epistle for Augusta ဟု ရေးသားခဲ့သည်။ ထိုကဗျာကို
ဘိုင်ရွန်ကွယ်လွန်ပြီး ၁၈၃ဝ ခုနှစ်တွင်မှ တောမတ်(စ)မိုးက သူ၏ လော့(ဒ)ဘိုင်ရွန်၏
ပေးစာနှင့် မှတ်တမ်းများ စာအုပ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ အဆုံးပိုဒ်ကို၊
မူရင်းအတိုင်းဖော်ပြပါရစေ။
For thee, my own sweet sister, in thy heart.
I Know myself
secure, as thou in mine;
We wear and
are...I am, even as thou art..
Beings who ne'er
each other can resign; It is the same, together or apart,
From life's
commencement to its slow decline.
We are entwin'd ...let death come slow or fast,
The tie which
bound the first endures the last!
နောက်ဆုံးစာကြောင်းကိုကြည့်သော်
ဘိုင်ရွန်၏ ဘဝတစ်ခုလုံးအတွက် တကယ့်အချစ်မှာ အော်ဂတ်စတာသာ ဖြစ်သည်ဆိုခြင်းမှာ
ပေါ်လွင်နေသည်။ သို့ရာတွင် အော်ဂတ်စတာအပေါ် ချစ်သောအချစ်မှာ ဘိုင်ရွန်၏ဇနီး
ယိုးစွပ်သကဲ့သို့ တပ်မက်မှု အခြေခံ အချစ်မျိုး မဟုတ်ကြောင်းကို ၁၉ဝ၅ ခုနှစ်တွင်
လော့(ဒ)ဘိုင်ရွန်၏ မြေးတော်သူ လော့(ဒ)လဗ်လေ့(စ) Lord Lovelace က Astarte အမည်ရှိ
စာအုပ်တွင် အထောက်အထားများဖြင့် ရေးသားဖော်ထုတ်ခဲ့သည်။ ဘိုင်ရွန်၏ဇနီး
ယိုးစွပ်ချက် တို့မှာလည်း အထောက်အထား မရှိကြောင်း ပေါ်လွင်သွားတော့သည်။ အလားတူပင်
ရောဗတ်အဲ့ဒကုမ်း၏ ၁၉ဝ၉ ခုနှစ်ထုတ် Byron: the Last Phase တွင်လည်း တစ်သဘောတည်း
ဆောင်သော အချက်အလက်များ တင်ပြခဲ့သည်။
▀
ဆက်လက်ဖော်ပြပါမည်။
မြင့်သန်း
(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။