ရွှေသုတ‌

မိုးကောင်းမြို့သူ ဒေါ်ခင်သိန်း ရှာပုံတော်

မောင်ထွေးဦး ၊ရန်ကုန်တက္ကသိုလ်၊

01 April 2025
မိုးကောင်းမြို့သူ ဒေါ်ခင်သိန်း ရှာပုံတော်
Share to

            ဒေါ်ခင်သိန်းအမည်ရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကျွန်တော် ရှာနေခဲ့တာ အတော်ကြာပါပြီ။

            ပြောရရင် သုံးလေးနှစ်လောက် ရှိပြီထင်ပါတယ်။

            ရန်ကုန်တက္ကသိုလ်ရဲ့ မှတ်တမ်း မှတ်ရာအဟောင်းများကို ပြန်လည်ရှာဖွေ ဖတ်ရှုနေခဲ့မိရင်းက ၁၉၂၁ ခုနှစ် နိုဝင်ဘာလ (၂ဝ) ရက်နေ့က ကျင်းပတဲ့ ဘွဲ့နှင်း သဘင်အခမ်းအနားမှာ လယ်တီဆရာတော်ဘုရားကြီး (အဂ္ဂမဟာ ပဏ္ဍိတဦးဉာဏ) ကို ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ အပ်နှင်းပူဇော်တာကို တွေ့လိုက်ရတယ်။

            ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရတဲ့အကြောင်းအရင်းကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်တဲ့ ၁၉၂ဝ ခုနှစ်က စလို့ ယနေ့တိုင် တည်ရှိနေဆဲ ပညာရေး နည်းဥပဒေတစ်ရပ် ရှိနေခဲ့တာပါကလား။

            အဲဒါကတော့ တက္ကသိုလ် ပညာရေးအဖွဲ့သည် တိုင်းရင်းသား ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ် တစ်ခုခုကိုသော်လည်းကောင်း၊ တိုင်းရင်းသားစာပေ တစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဘိဓမ္မာဘာသာရပ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ သင့်လျော်သော ဘာသာရပ်တစ်ခုခုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ နောင်လာနောင်သားများအတွက် မီးရှူးတန်ဆောင်သဖွယ် ဖြစ်စေသော ကျမ်းများ သို့မဟုတ် သုတေသနများ ပြုစုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံသား မည်သူကိုမဆို ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းရန် ထောက်ခံနိုင်သည်လို့ ဖော်ပြထားပါတယ်။ ဒါနဲ့ တစ်ဆက်တည်း နှစ်အလိုက် ဘွဲ့နှင်းသဘင် မှတ်တမ်းများကို လေ့လာကြည့်လိုက်တဲ့အခါမှာ ၁၉၂၁ ခုနှစ်မှာ သာမကပဲ ၁၉၆၂ ခုနှစ်အထိ နှစ်စဉ်၊ ဒါမှမဟုတ် နှစ်ခြားပြီး ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့နှင့် ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ စတာတွေ ချီးမြှင့် အပ်နှင်းထားခဲ့ဖူးတာတွေကို သွားတွေ့တော့တာပေါ့။

            အဲဒီမှာ ထူးထူးခြားခြား ရန်ကုန် တက္ကသိုလ် ပညာရေးအသိုင်းအဝိုင်းက မဟုတ်တဲ့ မြန်မာအမျိုးသမီးကြီး နှစ်ဦးကိုလည်း ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ချီး မြှင့်အပ်နှင်းခဲ့တာကို တွေ့ရပြန်ပါတယ်။

            တစ်ဦးက ဒေါ်ခင်သိန်းတဲ့၊ ၁၉၅၁  ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ချီးမြှင့်ခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ ၁၉၅၄ ခုနှစ် ဘွဲ့နှင်းသဘင်  အခမ်းအနားမှာ ချီးမြှင့်ခြင်းခံရတဲ့ ဂီတ မိခင်ကြီး ဒေါ်စောမြအေးကြည်ပဲ ဖြစ်ပါတယ်။

            ဒေါ်စောမြအေးကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းချီးမြှင့်တာနဲ့ ပတ်သက်တဲ့ ဂုဏ်ထူး ဝိသေသတွေကတော့ တိုင်းသိပြည်သိ ဖြစ်ပြီးသားပါ။ ဒေါ်ခင်သိန်းနဲ့ ပတ်သက်လို့ကတော့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါမောက္ခ ချုပ်က မြွက်ဟဖော်ပြတာလောက်ပဲ အောက်ပါအတိုင်း သိခဲ့ကြရပါတယ်။

            'မိုးကောင်းမြို့က ဆရာမကြီး ဒေါ်ခင်သိန်းမှာ ဗုဒ္ဓဘာသာ မြန်မာတို့၏ ဓမ္မသတ်ဖြတ်ထုံးစသော ဥပဒေ ကျမ်းပေါင်းများစွာတို့တွင် သုတေသန လုပ်ငန်းကို ပြောစမှတ်ရလောက်အောင် ပေါက်မြောက်စွာ စွမ်းဆောင်သူဖြစ်ပါ၍ ဒေါ်ခင်သိန်းအား ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ကို အပ်နှင်းသည်'...တဲ့။

            ပွဲကြီးလမ်းကြီး အခမ်းအနားမှာ ဆိုတော့လည်း ခုလို အမြွက်မျှလောက်သာ ဖော်ပြနိုင်မှာပေါ့၊ ဒါပေမယ့် ဂီတ မိခင်ကြီး ဒေါ်စောမြအေးကြည်ဟာ မဟာဂီတအရာမှာ နေလိုလလို ထင်ရှားခဲ့တာကို သာမန်လူပြိန်းတစ်ယောက် အဖို့ မိုးဒေဝါပတ်ပျိုး တစ်ပုဒ်တည်းနဲ့ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ ဒီမိုးကောင်းမြို့က ဆရာမကြီး ဒေါ်ခင်သိန်းဟာ မြန်မာတို့ရဲ့ ဓမ္မသတ်ဖြတ်ထုံး စတဲ့ ဥပဒေ ကျမ်းပေါင်းများစွာကို ပြောစမှတ်ရလောက်အောင် ပေါက်မြောက်စွာ စွမ်းဆောင်ခဲ့သူဖြစ်တယ် ဆိုတာကို ကျွန်တော်အပါအဝင် နှောင်းလူတွေ လေ့လာဖော်ထုတ်သင့်တယ်လို့ ကျွန်တော် အတွေးပေါက်လာခဲ့တော့တယ်။ ခက်တာက ၁၉၅ဝ ခုနှစ်က ချီးမြှင့်ခဲ့တာဆိုတော့ အနှစ်ငါးဆယ် ကျော်လာခဲ့ပြီ။ အသက်ထင်ရှားမှ ရှိပါလေဦးမလား၊ ပြီးတော့ နေရပ်ကလည်း 'မိုးကောင်း' တဲ့၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆရာကျော်သန်းမြင့် (ဗန်းမော်) နဲ့ ဆက်သွယ်ပြီး လေ့လာဖော်ထုတ်မယ်လို့ စိတ်ထဲမှာ တေးထားပြီး ဒေါ်ခင်သိန်းအမည်နဲ့ စာပေကျမ်းဂန်တွေ ရေးသားထုတ်ဝေခဲ့လိုခဲ့ငြား တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွေမှာ ကက်တလောက် ရှာပုံတော် ဖွင့်ရတော့တာပေါ့။ ဘယ်လောက်ပဲ ရှာရှာ၊ မှော်ရုံတော အလယ် မောတယ်၊ မောတယ်လို့ပဲ ဆိုရပါတော့မယ်။ ဘယ်လိုမှ ခြေရာမကောက်နိုင်ခဲ့ပါဘူး။

            ဟော (၁၄-၅-၂ဝဝ၄) နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ အမှတ်မထင် နာရေးကြော်ငြာ တစ်ခုကို သွားတွေ့တော့ ကျွန်တော့်နတ်မျက်စိ ပုလင်းကွဲကို အတင်းဖြဲပြီး ကြည့်ရတော့တာပေါ့။

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယိကာမကြီး

ဆရာမကြီး ဒေါ်ခင်သိန်း(မိုးကောင်း) အသက် (၈၉)နှစ်...တဲ့

            နေရပ်ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး (၈၈) လမ်း၊ အမှတ်-၄၃ လို့ ဖော်ပြထားပါတယ်။ ဒီလိပ်စာအရဆိုရင် ကျွန်တော် နီးလျက်နဲ့ ဝေးခဲ့ရတာပါကလားဆိုပြီး စိတ်ထဲမှာ မချင့်မရဲ ဖြစ်သွားတော့တယ်၊ ခု အသက်နဲ့ဆိုရင် ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းခံရတဲ့အချိန်က ဆရာမကြီးရဲ့ အသက် (၃၆) နှစ်လောက်ပဲ ရှိသေးတာပါကလားဆိုပြီး ဆရာမကြီးရဲ့ ပညာအရည်အချင်း စွမ်းဆောင်ချက်တွေကို လေ့လာချင်စိတ်တွေ ပိုပြီး ပြင်းပြလာပါတော့တယ်။

            ဒါနဲ့ပဲ နာရေးကိစ္စတွေ ပြီးပြတ်လောက်မယ့်အချိန်ကိုမှန်းပြီး ဇွန်လထဲမှာ လိပ်စာပါအတိုင်း ကျွန်တော်ရှာဖွေ ရောက်သွားခဲ့တော့တယ်။ အိမ်က တစ်ထပ်တိုက်ကလေးပါ။ အိမ်ထဲ ဝင်ဝင်ချင်း ဧည့်ခန်းနံရံကပ် မှန်ဘီဒိုကြီးရဲ့အထက်မှာ ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ကုလားဆင် အမျိုးသမီးကြီး တစ်ယောက်ရဲ့ ဓာတ်ပုံအကြီးကြီးက ဆီးကြိုနေသယောင် မြင်လိုက်ရပါတယ်။ အိမ်ခံလူလို့ ထင်ရတဲ့ အသက် (၆ဝ)အရွယ် အမျိုးသားကြီးတစ်ယောက်ကိုတွေ့လို့ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်လိုက် ရတယ်။ သူ့နာမည်ကတော့ ဦးသိန်းဆွေတဲ့။ ဆရာမကြီး ဒေါ်ခင်သိန်းရဲ့တူလို့ ဆိုပါတယ်။

            ကျွန်တော်လာရင်းကိစ္စကို ပြောပြတော့ ဦးသိန်းဆွေခမျာ ငေးတိငေးငိုင်နဲ့ ဖြစ်သွားတော့တယ်။

            'ဆရာ အခုပြောမှ ကြီးကြီးကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ချီးမြှင့်တာ ဖြစ်ကြောင်း သိရတာပါ။ ကျွန်တော်ကတော့ အဲဒီဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံကြီးကို ကြည့်ပြီး ကြီးကြီး ကောလိပ်ကျောင်းတက်လို့ ရခဲ့တာပဲလို့ ထင်ခဲ့တာ။ ပြီးတော့ ကျွန်တော်ကလည်း အသက်ကြီးမှ ဒီမှာလာနေပေးတာဆိုတော့ ကြီးကြီးရဲ့ငယ်ဘဝကို ဂဃနဏ သိပ်မသိပါဘူး'

            ရိုးရိုးအအနဲ့ အမှန်ကို ပြောပြနေတဲ့ ဦးသိန်းဆွေကိုကြည့်ပြီး ကျွန်တော် မချင့်မရဲ ဖြစ်နေမိတယ်။

            'ဦးသိန်းဆွေ မသိဘူးဆိုရင်လည်း ဆရာမကြီးရဲ့ ခင်ပွန်း၊ သားသမီးတွေကတော့ အနည်းအကျဉ်း သိကြမှာပေါ့။ နိုင်ငံတော်က ဂုဏ်ထူးဘွဲ့ထူးချီးမြှင့်ခဲ့တဲ့ ကျမ်းတတ်ပေတတ် အမျိုးသမီးကြီး တစ်ယောက်ကို ကျွန်တော်က ပြန်လည်ဖော်ထုတ် ပြုစုချင်လို့ တကူးတကန့် လာခဲ့ရတာပါ ဦးသိန်းဆွေ။ ဒါကြောင့် ဆရာမကြီးနဲ့ ပတ်သက်တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြနိုင်မယ်လူရှိရင် တဆိတ်လောက် ကျွန်တော့်ကို ညွှန်ပြပေးစေချင်ပါတယ်'

            ဒီတော့မှ ဦးသိန်းဆွေ လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။

            'သြော်... ကြီးကြီးက အပျိုကြီးပါ၊ ကြီးကြီးမှာ မွေးချင်းညီအစ်မ နှစ်ယောက်ပဲ ရှိတာပါ။ ကြီးကြီး ညီမကလည်း ဆုံးတာကြာပါပြီ။ သူ့သားသမီးတွေကလည်း ကြီးကြီးနဲ့ နေကြတာမဟုတ်တော့ ဘာမှသိရှာကြမယ် မထင်ပါဘူး။ တစ်ခါတလေ ကြီးကြီး စိတ်လိုလက်ရရှိတဲ့အခါ ပြောပြဖူးတာတွေ ကလည်း ကျွန်တော်မှတ်မိသရွေ့ ပြောရရင် ကြီးကြီးတို့ ဘိုးဘေးဘီဘင်တွေက ကုန်းဘောင်ခေတ် နန်းတွင်းအမှုထမ်းတွေတဲ့၊ အရေးအခင်းတစ်ခုကြောင့် မိုးကောင်းကို ထွက်ပြေးတိမ်းရှောင်ပြီး အခြေစိုက်ခဲ့ကြတာလို့ ဆိုတယ်။ ကြီးကြီးအမေက ဘာသာခြား ဝတ်လုံတော်ရ ရှေ့နေကြီး ဦးဝါဂျစ် ဆိုသူနဲ့ မိုးကောင်းမှာ အိမ်ထောင်ကျတယ်တဲ့။ ကြီးကြီးတို့ညီအစ်မကို မွေးပြီး မကြာခင်မှာပဲ အိမ်ထောင်ကွဲသွားတော့ ဦးဝါဂျစ်က မန္တလေးကိုဆင်းသွားပြီး ဘာသာတူအမျိုးသမီးတစ်ယောက်နဲ့ နောက်အိမ်ထောင် ပြုလိုက်တယ်တဲ့'

            ဦးသန်းဆွေက ပြောလက်စ စကားကိုရပ်ပြီး တွေတွေငေးငေးကြီး ဖြစ်သွား ပြန်တယ်၊ သူ့ကြီးကြီးအကြောင်း ခုလို တခုတ်တရလာပြီး စုံစမ်းတာကို ဒိုးဒိုး ဒေါက်ဒေါက် ပြောမပြနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေဟန် တူပါရဲ့။

            'အဲ...နောက်တော့ ကျွန်တော် မှတ်မိတာ ရှိသေးတယ်။ ကြီးကြီးက မိုးကောင်းမှာ ကျောင်းဆရာမလေး လုပ်နေကတည်းက သတင်းစာ ဆောင်းပါးတွေ ရေးတယ်တဲ့။ မိုးကောင်းမြို့က နယ်ပယ်ကျဉ်းကျဉ်းလေးဆိုတော့ 'မောင်မြင့်ဆွေ' 'မြင့်မြင့်ဆွေ' 'ဘွားဘွားကြီး'စတဲ့ ကလောင် နာမည်တွေနဲ့ ရေးလာတဲ့သူ၊ ခုလိုစာရေးတာကို လူတွေသိမှာစိုးလို့တဲ့လေ။ အများအားဖြင့်တော့ ရာဇဝင်၊ မဟာဝင်၊ ဗုဒ္ဓဝင်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေလို့ ကြီးကြီးက ပြောပါတယ်။ ဟော... ပြောရင်းနဲ့ မှတ်မိတာလေးတစ်ခု ပေါ်လာပြန်ပြီ။ လွတ်လပ်ရေး ရပြီးစ အချိန်လောက်ကတဲ့။ နိုင်ငံတော် ဝန်ကြီးချုပ်က စစ်ကိုင်းကောင်းမှုတော် ပုထိုးကြီးထဲက ဌာပနာတွေကို အပြင်ထုတ်ပြီး ပူဇော်ဖို့ စီစဉ်သတဲ့'

            'သြော်...ဒီနေရာမှာ ကျွန်တော် နည်းနည်းလေး ဝင်ဖြည့်ပါရစေ ဦးသိန်းဆွေ၊ စစ်ကိုင်း ကောင်းမှုတော်ကြီးထဲက ဌာပနာတွေက တခြားစေတီပုထိုးတွေထဲက ဌာပနာတွေလို ကျောက်သံ ပတ္တမြားတွေ၊ ဓာတ်တော်နဲ့ ရွှေဆင်းတု ငွေဆင်းတုတွေ မကဘူး။ သီဟိုဠ်က ဗုဒ္ဓမြတ်စွယ်တော်အစစ်ကို ဌာပနာထားတာလို့ ဆရာဦးညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်ထဲမှာ ကျွန်တော် ဖတ်ဖူးတယ်။ အဲဒီစွယ်တော်ကလည်း ဟံသာဝတီ ဘုရင့်နောင်လက်ထက်မှာ သီဟိုဠ်မင်းက ဆက်သထားတာလို့ ဆိုတယ်။ သာလွန် မင်းတရားကြီးလက်ထက်မှာ ဟံသာဝတီကို အောင်နိုင်တော့ စွယ်တော်ကိုပင့်လာပြီး ကောင်းမှုတော် စေတီကြီးထဲမှာ ဌာပနာလိုက်တာတဲ့'

            'ဟုတ်...ဟုတ်ကဲ့၊ အဲဒီ စွယ်တော်မြတ်ကို ထုတ်ယူပူဇော်ဖို့ ဝန်ကြီးချုပ်က စီစဉ်တယ်တဲ့၊ စေတီတော်ကြီးကို အထိအခိုက်မရှိ မပျက်မစီးရအောင် ဆောင်ရွက်ပေးမယ့် ရုရှားဗိသုကာတွေတောင် စစ်ကိုင်းကိုရောက်နေတဲ့အချိန်မှာ ကြီးကြီးက သတင်းစာဆောင်းပါးလား၊ ဝန်ကြီးချုပ်ကို တိုက်ရိုက်လားတော့ မပြောတတ်ဘူး။ စာရေးတယ်လေ။ ဗုဒ္ဓဝင်၊ မဟာဝင် အထောက်အထားတွေနဲ့ ဒါဟာဘုရားကို သွေးစိမ်းရှင်ရှင်ထွက်အောင် လုပ်တာနဲ့ ဘာမျှမခြားဘူးလို့ ထောက်ပြတယ်တဲ့။ ဆရာတော် သံဃာတော်တွေကလည်း ကြီးကြီးနဲ့ တစ်သဘောတည်း ကန့်ကွက်ကြလို့ ဒီကိစ္စ မအောင်မြင်ခဲ့ဘူးတဲ့။ အဲဒီကိစ္စနောက်ပိုင်းမှာ ကြီးကြီးရဲ့ စာပေကျမ်းဂန်တတ်ကျွမ်းမှုကို အထင်ကြီးလေးစားပြီး ဝန်ကြီးချုပ်နဲ့ သတိုးသီရိ သုဓမ္မ ဦးဧမောင်တို့က ကြီးကြီးကို ရန်ကုန်ကို ခေါ်လိုက်တာလို့ သိရတယ်'

            'အဲဒီအချိန်က ဆရာမကြီးရဲ့အသက် ဘယ်အရွယ်လောက်ရှိပြီလို့ ဦးသိန်းဆွေ ထင်ပါသလဲ။ ပြီးတော့ ဆရာမကြီးရဲ့ စာပေကျမ်းဂန် တတ်ကျွမ်းမှုဆိုတာနဲ့ ပတ်သက်လို့ကော ခေတ်စကားနဲ့ ပြောရရင် ပထမကြီး၊ ပထမလတ် စသည်ဖြင့်ပေါ့လေ... ဘယ်အတိုင်းအတာထိ ဆရာမကြီး တတ်ကျွမ်းတယ်လို့ ဦးသိန်းဆွေ သိထားပါသလဲ'

            ကျွန်တော့်အမေးကြောင့် ဦးသိန်းဆွေ အသက်ရှု ကျပ်သွားပုံရပါတယ်။ မျက်လုံးကိုစင်း၊ ခေါင်းကိုမော့ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်ပါတယ်။

            'အဟင်း...ဆရာက တော်တော်နှိုက်နှိုက်ချွတ်ချွတ် မေးတတ်တာပဲ။ ကြီးကြီးရဲ့ အသက်ကိုတောင်မှ သူဆုံးလို့ မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်ကို ကြည့်ပြီး အသက်ကိုထည့်ရတာ။ ကြီးကြီး မွေးသက္ကရာဇ်က ၁၂-၁၂-၁၉၁၅ တဲ့၊ စွယ်တော်ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်တို့နဲ့ အချေအတင်ဖြစ်တော့ အသက်သုံးဆယ်ကျော်ကျော်လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ သြော်... နောက် တစ်ခု မှတ်မိတာ ရှိသေးတယ်။ အဲဒီ ကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ကြီးကြီးကို နိုင်ငံတော်က 'ရိုးသားတည်ကြည် ယဉ်ကျေးမှု စံပြမယ်' ဘွဲ့တံဆိပ်ချီးမြှင့်တယ်တဲ့။ ကတ္တီပါစလွယ်ကြီးနဲ့ ငွေဒိုင်းရယ်၊ ရွှေသားလက်ကိုင်ရိုးနဲ့ ပုသိမ်ထီးကြီး တစ်လက်လည်း ပါတယ်တဲ့။ ပြီးတော့ ကြီးကြီးစာပေကျမ်းဂန်တွေ တတ်တယ်ဆိုတာမှာလည်း ဆရာပြောသလို စာမေးပွဲတွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြေဆိုအောင်မြင်ပြီး တတ်ကျွမ်းခဲ့ဟန် မတူပါဘူး။ ကြီးကြီးအမေရဲ့ မောင်ကိုယ်တိုင်က မိုးကောင်းမှာ နာမည်ကျော် ကျမ်းတတ်ပေတတ် ဆရာတော်ဦးပညာဓဇတဲ့။ ဒီတော့ ကြီးကြီးဟာ ဟိုငယ်စဉ်ကလေးဘဝကတည်းက စာပေကျမ်းဂန်တွေကို သင်ကြားတတ် မြောက်ထားခဲ့တယ်လို့ ပြောရမယ် ထင်ပါတယ်။ ဒီထက်တော့ ကျွန်တော်လည်း ပြောမပြတတ်တော့ပါဘူး'

            ဦးသိန်းဆွေစကားကို ခုပုံအတိုင်း ဖြတ်ချလိုက်တော့ ကျွန်တော်လည်း 'ဟင်း' ခနဲ သက်ပြင်းရှည်ကြီး ချလိုက်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။ ဒီလောက်နဲ့တင် နှုတ်ဆက် ပြန်လာလိုက်ရတော့တယ်။ မိုးကောင်းမြို့သူ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ရ ဆရာမကြီး ဒေါ်ခင်သိန်းရဲ့ ဘဝဇာတ်ကြောင်း ရှာပုံတော်ကိစ္စကို ရှေ့ဆက်မတိုးတော့တဲ့အတွက် စိတ်မကောင်းတော့ ဖြစ်လာခဲ့မိတော့တာပေါ့။

            ၂ဝဝ၄ ခုနှစ် အောက်တိုဘာလထဲမှာ ကျွန်တော့်အဆောင်ကို ဧည့်သည်တစ်ယောက် လာတယ်လို့ သတင်းပို့တာကြောင့် ဆင်းတွေ့လိုက်တော့ ဦးသိန်းဆွေ ဖြစ်နေတယ်လေ။

            'ကြီးကြီးရဲ့ ကျန်ခဲ့တဲ့ တိုက်နဲ့ကားကိုရောင်းပြီး ကျွန်တော်တို့ တူ၊ တူမတွေ အမွေခွဲကြဖို့ အိမ်ဂရန် ရှာရင်း ဒီစာအိတ်ညိုကြီး တစ်အိတ်သွားတွေ့ပါတယ်။ အထဲမှာ စာတိုစာစတွေလည်း ပါတယ်။ ကျွန်တော် နည်းနည်း မြည်းစမ်းဖတ်ကြည့်လိုက်တော့ ဆရာ့အတွက် အသုံးဝင်မယ့်ပုံ ပေါ်လို့ လာပို့တာပါ'

            ဦးသိန်းဆွေက ပြောရင်းမတ်တတ် ကျွန်တော့်လက်ထဲကို တစ်တောင်လောက် ရှိတဲ့ စာအိတ်အညိုကြီးတစ်ခုကို လှမ်းပေးပါတယ်။ စာအိတ်က အတော်ကို ဟောင်းနွမ်းနေပါပြီ။ ကျွန်တော်လည်း အလိုက်သင့်အလျားသင့် လက်ခံယူထားလိုက်ပြီး ရောက်တတ်ရာရာ ဧည့်ခံ စကားပြောရတော့တာပေါ့။

            'ဒီခေတ်ဈေးနဲ့ဆိုရင် တိုက်နဲ့ကားက တော်တော်ရမယ်ထင်တယ်နော်'

            'တိုက်က သိန်းရှစ်ရာ၊ ကားက သိန်းတစ်ရာ့ငါးဆယ်နဲ့ တန်ဖိုးဖြတ်ပြီး ကြီးကြီးညီမက မွေးခဲ့တဲ့ တူ၊ တူမ သုံးယောက်နဲ့ ကျွန်တော်တို့ မွေးစား တူနှစ်ယောက် အညီအမျှ ခွဲဝေယူကြမှာပါ။ ဒီကိစ္စစီစဉ်ရင်းနဲ့ပေါ့။ သြော်... ငါတို့ကတော့ ကြီးကြီးထားခဲ့တဲ့ အမွေကို ထုခွဲဝေယူကြတော့မယ်။ ကြီးကြီး အသက်ရှင်စဉ်က တတ်တဲ့ပညာနဲ့ နိုင်ငံအကျိုး သည်ပိုးခဲ့တဲ့အကြောင်းကိုတော့ ဘာမှအပ်ချမတ်ချ ပြောမပြနိုင်ကြဘူး ဆိုပြီး စိတ်မကောင်းဖြစ်မိ ကြသေးတယ်'

            'ကဲပါလေ...စိတ်မကောင်းဖြစ်မနေပါနဲ့တော့၊ တိုက်နဲ့ကား ရောင်းပြီးတဲ့အခါကျရင် ဆရာမကြီးအတွက် ကောင်းမှုကုသိုလ်လုပ်ပေးပြီး အမျှအတန်း ဝေလိုက်ပေါ့။ ကျွန်တော်ကတော့ အခု ဦးသိန်းဆွေပေးခဲ့တဲ့ စာတွေကိုဖတ်ကြည့်ပြီး ကျွန်တော်နဲ့တကွ အများပြည်သူတွေ ဗဟုသုတဖြစ်ရာ လေးတွေ ပါတယ်ဆိုရင် ဆောင်းပါးတစ်စောင်ဖြစ်အောင် ပြုစုပြီး ကျွန်တော် မမြင်ဖူးလိုက်တဲ့ ဆရာမကြီး ဒေါ်ခင်သိန်းကို ဂုဏ်ပြုလိုက်ပါ့မယ်'

            စကားပြောရင်း မျက်ရည်ဝေ့လာတဲ့ ဦးသိန်းဆွေကို တတ်နိုင်သမျှနဲ့ နှစ်သိမ့်စကားဆိုရင်း ဖေးကူထူမလို့ ပြန်ပို့လိုက်ရပါတော့တယ်။

            ဦးသိန်းဆွေပြန်သွားမှ သူပေးခဲ့တဲ့ စာအိတ်ညိုကြီးကို စားပွဲပေါ် သွန်ချကြည့်လိုက်တယ်။ ဒေါ်ခင်သိန်းကို လိပ်မူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း တံဆိပ်ခေါင်းကပ် စာအိတ်သုံးလေးအိတ်၊ ပေးပို့သူအမည်ကတော့ တရားရေးနှင့် ပညာရေးဝန်ကြီး သတိုးသီရိသုဓမ္မ ဒေါက်တာဧမောင်လို့ ပါရှိပါတယ်။ ပြီးတော့ စာအိတ်မပါတဲ့ ဝါကြန့်ကြန့် စာရွက်လေးငါးရွက်နဲ့ ဒေါ်ခင်သိန်း ငယ်ရွယ်စဉ်က ဓာတ်ပုံနှစ်ပုံတို့ပဲ ဖြစ်ပါတယ်။ ဒီစာတိုစာစလေး၊ငါးခြောက်ရွက်နဲ့ မိုးကောင်းသူ ဒေါ်ခင်သိန်းရဲ့ စာပေကျမ်းဂန် တတ်ကျွမ်းမှုကို ဘယ်လိုပုံဖော် အကဲဖြတ်ရပါ့မလဲလို့ စိတ်ပျက်ပျက်နဲ့ပဲ ဝါကြန့်ကြန့် စာရွက်ဟောင်းလေးတွေကို တစ်ခုချင်း ဖတ်လိုက်မိတော့မှ 'ဟောဗျာ...ဟောဗျာ' လို့ လွှတ်ခနဲ တအံတသြ ရေရွတ်လိုက်မိပါတော့တယ်။

            အံ့သြမိတာနဲ့အမျှ နောက်တစ်ပတ်လုံးလုံး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနတို့ကို သွားပြီး ရှာပုံတော် ဖွင့်ရတော့တာပေါ့။

            ရှာဖွေလေ တွေ့ရှိလေဆိုသလိုပဲ တစ်စတွေ့ ဆွဲနုတ်၊ တစ်စတွေ့ ဆွဲနုတ်နဲ့ ရသမျှတွေ စုပေါင်းပြီး ဆရာမကြီး ဒေါ်ခင်သိန်းရဲ့ စာဟောင်းလေးတွေနဲ့ ဆက်စပ်လိုက်တဲ့အခါ 'သုတေသန ညွှန်ကြားရေးဝန် ဒေါ်ခင်သိန်း(ဘီအေ)ဆိုတဲ့ ရုပ်လုံးကမှုန်ဝါးဝါး ပေါ်လာခဲ့တော့တယ်။ တစ်နည်းအားဖြင့် မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ချစ်စရာ့အရွယ် ကစားကြမယ်ကဏ္ဍက ကလေးငယ်များလိုပေါ့။ ရောင်စုံစက္ကူ ဖြတ်စညှပ်စလေးတွေနဲ့ လူရုပ်ပုံတွေ၊ ငှက်ပုံ၊ ပန်းပုံလေးတွေ ရုပ်လုံး ဖော်ကြသလိုပါပဲ။

            ပထမဦးဆုံး စာအဟောင်းလေးတစ်စောင်ကို ကျွန်တော်စပြီး ပုံဖော်ကြည့်ပါတယ်။ လက်တစ်ဝါးသာသာ လောက်ရှိတဲ့ မှတ်စုစာရွက်ပိုင်းလေး နှစ်ပိုင်းပါ။ ဟောင်းသမှ စာရွက်နှစ်ပိုင်းကို တွယ်ထားတဲ့ တွယ်အပ်ကလေးဟာ သံချေးတွေ အထပ်ထပ် တက်နေပါပြီ။ အဲဒီစာရွက်တွေပေါ်မှာ ဘာရေးထားသလဲဆိုတော့-

            'မိုးကောင်းမြို့၊ ကျောက်စိမ်းအုပ်ကြီး သမန္တရွှေတောင်ကျော်ထင်ဘွဲ့ရ ကျောင်းဒါယကာကြီး ဦးကောင်း၊ ဇနီး ဒေါ်ဆိုင်၊ ဝံသဓမ္မာဘိဓဇ၊ ရဟန်းတော်၊ အဖဦးဆန်း၊ အမိဒေါ်အို၊ ဗားကရာဆရာတော်ကြီးထံ လုံ့လကြိုးကုတ် အားထုတ်၍ သင်ဆဲရှိစဉ် သက္ကရာဇ် ၁၂၁၃ ခုနှစ် (၁၁) နှစ်သားအရွယ်ရှိ မိုးကောင်းသို့ ပြောင်းရွှေ့၊ ဆွေမျိုးတွေပါ အုပ်စုလိုက် တိမ်းရှောင်၊ ကုန်းဘောင်ဆက်ဖြစ်သော မဟာလောကရံသီ စေတီဒါယကာ ပုဂံမင်းလက်ထက်' တဲ့။

            ဒီမှတ်စုလေးအရဆိုရင် ဆရာမကြီး ဒေါ်ခင်သိန်းရဲ့ ဖခင်ဘက်က ဘိုးဘေး ဘီဘင်တွေဟာ ပုဂံမင်းလက်ထက် နန်းတွင်းအမှုထမ်းတွေလို့ ဆိုရပါမယ်။ ပြီးတော့ ပုဂံမင်းလက်ထက်က မြို့ဝန် ဘိုင်ဆပ်ဆိုတာကလည်း အင်မတန်မှ တွင်ကျယ်ခဲ့တာကလား၊ ဆရာဦးညိုမြရဲ့ ကုန်းဘောင်ဆက် ရှာပုံတော်ထဲမှာ 'မြို့ဝန်ဘိုင်ဆပ် အဖွဲ့က မြန်မာအမျိုးသမီးများကို မှန်မှန်ဖျက်ဆီးနေကြသဖြင့် အမရပူရသူတို့မှာ သတိနှင့်နေရ၏။ အချို့ မြို့တော်မှ ရှောင်တိမ်းကြရ၏'လို့ ပါရှိထားလေတော့ ဒေါ်ခင်သိန်းရဲ့ ဘိုးဘေးဘီဘင်တွေဟာလည်း ဘိုင်ဆပ်ရန်ကြောင့် မိုးကောင်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရဟန် တူပါတယ်။

            အဲဒီလို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ အစုအဖွဲ့ထဲမှာ စာတတ်ပေတတ် ရဟန်းပုဂ္ဂိုလ်တွေ ပါလာမှာ မလွဲပါဘူး။

            ဒုတိယ စာတစ်စောင်ကတော့ ထူးခြားရှားပါးတဲ့ စာလို့ ဆိုပါ့မယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုက်နယ် မိန်းမပညာအုပ်မင်းဆိုသူက လက်မှတ်ရေးထိုးထားတဲ့ ၁၉၃၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့ ရက်စွဲပါ မူရင်းရုံး အမိန့်စာလေး ဖြစ်နေလို့ပါပဲ၊ စာပါ အကြောင်းအရာကတော့ 'မိုးကောင်းမြို့နေ ဦးဝါဂျစ်၏သမီး မခင်သိန်းအား ရွှေဘိုမြို့ မိန်းကလေး ဆရာဖြစ်သင်ကျောင်း၌ တစ်လလျှင် စတိုင်ပင် အထောက်အပံငွေ ၁၅ိ/-နှင့် ၁၉၃၁-၃၂ ခုနှစ်တွင် ကျောင်းအိပ်ကျောင်းစား အဖြစ်ဖြင့် ဝင်ရောက် ပညာသင်ခွင့် ပြုလိုက်သည်' လို့ ဖော်ပြထားပါတယ်။

            'မိန်းမပညာအုပ်မင်း' တဲ့၊ သူ့ ခေတ်သူ့အခါက အခေါ်အဝေါ်ဖြစ်ပါလိမ့်မယ်၊ အင်္ဂလိပ်လို လက်မှတ်ရေးထိုးထားတဲ့အတွက် အမည်ဖော်လို့ မရပါဘူး။ မှန်းဆကြည့်ရတာကတော့ Mi Mi လို့ ဖြစ်နိုင်ခြေရှိတာမို့ ဒေါ်မီမီလို့ အမည်ရလေမလားတော့ မပြောတတ်ပါဘူး။ မန္တလေးက အမေဒေါ်အမာဆိုရင်တော့ ဒေါ်ခင်သိန်းနဲ့ သက်တူရွယ်တူဖြစ်တာမို့ သိနိုင်ကောင်းရဲ့လို့ ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်ခင်သိန်းရဲ့ မွေးသက္ကရာဇ်က ၁၂-၁၂-၁၉၁၅ ဖြစ်နေလို့ပါပဲ။ ပြောရရင်တော့ မီးဝင်မီးထွက်ပေါ့။

            တတိယစာကလည်း ရှေးကျတဲ့ အမိန့်စာတစ်ခုပါပဲ။

            ၂၄-၉-၃၂ နေ့စွဲနဲ့ မိုးကောင်းမြို့၊ ဒေသန္တရအဖွဲ့ ကျောင်းအုပ်ကြီးလက်မှတ် ရေးထိုးထားတဲ့ ရုံးအမိန့်စာပါ။ 'မြစ်ကြီးနားမြို့ ပညာအုပ်မင်း၏ အမိန့်အရ ယခုအဖွဲ့ကျောင်းတွင် အကူဆရာ  လုပ်နေသူ မခင်သိန်းအား ၂၅-၉-၃၂  နေ့ကစ၍ ဆရာမ 'မချောင်' ၏ နေရာတွင် ဆရာမအဖြစ် ခေတ္တခန့်ထားလိုက်သည်'လို့ ပါရှိပါတယ်။

            စတုတ္ထစာကို ဆက်ပြီးဖတ်ကြည့်မိတဲ့အခါမှာတော့ ဒီဆောင်းပါးအစမှာ ရေးခဲ့သလိုပဲ ကျွန်တော်သိချင်နေတဲ့ အကြောင်းရင်း အဖြစ်မှန်ကို သိခွင့်ရလိုက်တော့တယ်။ ဒီစာက ရန်ကုန် တက္ကသိုလ် ပညာရေးအဖွဲ့အနေနဲ့ ဒေါ်ခင်သိန်းကို ဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားတဲ့ စာဖြစ်နေလို့ပါ။ စာပါအကြောင်းအရာကို အကျဉ်းချုံးဖော်ပြမှ စာဖတ်သူများ သဘောပေါက်လွယ်မှာ ဖြစ်ပါတယ်။

            '၁၉၅၁ ခုနှစ် အောက်တိုဘာလ (၁၃) ရက် စနေနေ့တွင် ကျင်းပသော ကောင်စီတွင် မြန်မာလူမျိုးတို့၏ ရှေးစာပေထုံးတမ်းစဉ်လာကို သိနားလည်ပါသော ပညာရှင်တစ်ဦးဖြစ်သူ မိုးကောင်းမြို့ ဆရာမဒေါ်ခင်သိန်းသည် အမျိုးသမီးထဲမှ မြန်မာစာပေတွင်သော်လည်းကောင်း၊ တရားနှင့် ရာဇဝင် ဘက်တွင်လည်းကောင်း၊ ပထမရရှိခဲ့ပါသည်။ ဒေါ်ခင်သိန်း၏ အကူအညီ အကြံပေးခြင်းတို့ကြောင့် များမကြာမီက တရားလွှတ်တော်ချုပ်၏ စီရင်ချက်တစ်ရပ်မှာ အင်္ဂလန်ပြည်နှင့် အခြား တိုင်းပြည်များရှိ ဥပဒေပါရဂူတို့ပင်လျှင် ရာဇဝင်တွင်မည့် စီရင်ချက်တစ်ခုဟု အသိအမှတ်ပြုခြင်း ခံရသော ဗုဒ္ဓဘာသာ ဓမ္မသတ်ဖြတ်ထုံးတစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လွန်စွာမှ နှစ်ထောင်းအားရ ချီးကျူးကြလျက် အောက်ပါ ပုဂ္ဂိုလ်ကြီးများက တညီတညွတ်တည်း ဒေါ်ခင်သိန်းအား ဝိဇ္ဇာဘွဲ့ကို ပေးအပ်ရန် ဆုံးဖြတ်ကြပါကြောင်း၊ သို့ပါ၍ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကျင်းပမည့် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ မပျက် မကွက် တက်ရောက်ပါမည့်အကြောင်း ဘိတ်ကြားပါသည်။

            အောက်ပါပုဂ္ဂိုလ်ကြီးများလို့ဆိုရာမှာ အဲဒီခေတ်ပါမောက္ခချုပ်နဲ့ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများအပြင်(ရှမ်းပြည်နယ်ဝန်ကြီး) မိုးမိတ်စော်ဘွား စောခွန်ချို၊ ကျောက်စာဝန် ဦးလူဖေဝင်း၊ ရာထူးခန့်ထားရေးမင်းကြီး ဦးကျော်ညွန့်၊ အစိုးရဝတ်လုံတော်ရ ဦးဘစိန်နှင့် ရန်ကုန်မြို့တော် မြူနီစပယ်အဖွဲ့ ဦးထွန်းဝင်း စသူတို့၏ အမည်နှင့် ရာထူးများလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

            ခုလို အထင်ကရပုဂ္ဂိုလ်ကြီးများက တညီတညွတ်တည်း ဝိုင်းဝန်းထောက်ခံကြတာကိုကြည့်ရင် ဒေါ်ခင်သိန်းရဲ့ စွမ်းဆောင်ချက်ဟာ နှယ်နှယ်ရရ မဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်လောက်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနရဲ့ အကူအညီကိုတောင်းခံပြီး ၁၉၅၁ ခုနှစ်ပတ် ဝန်းကျင်က Burma Law Report ကို ခေတ္တငှားရမ်း ရှာဖွေဖတ်ကြည့်တဲ့အခါ Dr Tha Mya Vs Daw Khin Pu, 1951 B.L.R 108 (S.C) ဆိုတဲ့ စီရင်ချက်ကို သွားတွေ့တယ်လေ။ တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်ဆိုတော့ အချိန်အခါ အခြေအနေအရ အင်္ဂလိပ်လိုပေါ့၊ ဒါပေမယ့် ကိုးကားတင်ပြထားတဲ့ ရာဇသတ် ဓမ္မသတ် (မနုဓမ္မသတ်) တွေကိုတော့ မြန်မာလိုပဲ ဖော်ပြထားတာပါ။ အမှု အသွားအလာက ဒေါ်ခင်ပုဆိုတဲ့ အမျိုးသမီးကြီးက ဒေါက်တာသာမြဆိုတဲ့ ပုဂ္ဂိုလ်ကြီးထံက မယားစရိတ် တောင်းခံတဲ့အမှု၊ တစ်နည်းအားဖြင့် လင်ခန်း၊ မယားခန်းနဲ့ ပတ်သက်တဲ့အမှုဖြစ်ပါတယ်။ ဒီအမှုဟာ သုံးလေးနှစ်ကြာတဲ့အထိ မပြီးမပြတ် ရှိနေခဲ့ရာက လင်သားစွန့်ပစ်ခြင်းခံရတဲ့ အမျိုးသမီးတို့ရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ဒေါ်ခင်သိန်း ရှာဖွေပေးတဲ့ ရှေးဟောင်းဓမ္မသတ်ဖြတ်ထုံးများအရ တရားပြိုင် ဒေါ်ခင်ပု အနိုင်ရရှိ သွားခဲ့ပါတယ်။

            နောက်တစ်စောင် ပဉ္စမမြောက်စာကို ကျွန်တော်ဆက်ပြီး လေ့လာရပြန်တယ်၊ တရားလွှတ်တော်ချုပ် တရားရေးဝန်ကြီး သတိုးသီရီသုဓမ္မ ဒေါက်တာ ဧမောင်က မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဝန်မင်းထံ လိပ်မူပြီး ၁၄-၈-၁၉၅၂ နေ့စွဲနဲ့ ရေးတဲ့စာဖြစ်ပါတယ်။ ဒီစာရဲ့ အဓိကအချက်ကို ကောက်နုတ် တင်ပြပါဦးမယ်။

            '...............ဒေါ်ခင်သိန်း၏ သုတေသနဗဟုသုတတို့ကို ရန်ကုန် တက္ကသိုလ်ကောင်စီနှင့် ဆီးနိတ်အဖွဲ့တို့၏ သဘောတူညီချက်အရ အသိအမှတ်ပြုသောအားဖြင့် လွန်ခဲ့သော ဒီဇင်ဘာလက ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ကို အပ်နှင်းပြီးနောက် ဒေါ်ခင်သိန်း၏ လေ့လာထားသော သုသေတန ဗဟုသုတတို့သည် မိုးကောင်းတွင် ဆက်လက်၍ အောက်တန်းဆရာမတစ်ဦးအဖြစ်နှင့် ဆောင်ရွက်နေခြင်းဖြင့် ရှေးဟောင်းဥပဒေရာဇဝင်ပညာ ပြန့်ပွားရေးအတွက်  အထောက်အပံ့ မဖြစ်နိုင်သဖြင့် တက္ကသိုလ်အာဏာပိုင်တို့၏ သဘောတူချက်အရ ကချင်ပြည်နယ်ဥက္ကဌကြီးအား အသိပေးပြီး ဒေါ်ခင်သိန်းကို ရန်ကုန်မြို့သို့ သုတေသနဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။...'

            '.....ယခုအခါ ဒေါ်ခင်သိန်းသည် ရန်ကုန်သို့လာရောက်၍ ညောင်ရမ်း သုံးဆက်၏ အမိန့်တော်ပြန်တမ်းများနှင့် အမရပူရ ဘိုးတော်ဘုရား၏ အမိန့်တော် ပြန်တမ်းများကို တည်းဖြတ် သုတ်သင်လျက်ရှိသဖြင့် ၎င်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါက ဗြိတိသျှပြတိုက်ကြီးနှင့် အင်္ဂလန်ပြည် အောက်စဖို့နှင့် ကိန်းဘရစ် တက္ကသိုလ် ပိဋကတ်တိုက်များရှိ မြန်မာစာဟောင်းများကိုပါ ဆက်လက်သုတ်သင်ရန် နိုင်ငံတော်က စီစဉ်လျက်ရှိနေပါကြောင်း...'

            ဒီစာရဲ့သဘောကတော့ မိုးကောင်းမြို့ အလယ်တန်းကျောင်းမှာ အောက်တန်း ဆရာမ (မူလတန်း သို့မဟုတ် အလယ်တန်းဟု ယူဆပါတယ်) အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်သိန်းဟာ ပညာရေးဌာန အကြီးအကဲများ၏ ဖိတ်ခေါ်ချက်အရ ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်းအတွက် ကချင်ပြည်နယ်ပညာအုပ်က ထုချေလွှာ တောင်းခံခြင်းအပေါ် ထိုအချိန်က တရားရေးဝန်ကြီးလည်းဟုတ်၊ ပညာရေးဝန်ကြီးလည်းဟုတ်တဲ့ ဒေါက်တာ ဧမောင်က ဝင်ရောက် ဖြေရှင်းကာကွယ်ပေးခြင်း ဖြစ်ပါတယ်။

            နောက်ဆုံးစာရွက်တစ်ရွက်ကတော့ ဗလာစာရွက်ချောတစ်ရွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းမှာ ဒေါ်ခင်သိန်းရဲ့ အမည်၊ ရာထူးနဲ့ ဘွဲ့ကို ဖော်ပြထားတဲ့ ခေါင်းစီးစာတန်း ပါရှိပါတယ်။ နိုင်ငံတော်က ချီးမြှောက်ထားလို့ ရာထူးလက်ကိုင် ရှိစဉ်က အသုံးပြုတဲ့ ခေါင်းစီးစာရွက်ပဲ ဖြစ်မှာပါ။

ဒေါ်ခင်သိန်း (ဘီအေ)

သုတေသန ညွှန်ကြားရေးဝန်....တဲ့။

            ဒါပေမယ့် နာရေးကြော်ငြာမှာတော့ အဲဒီရာထူးတို့၊ ဘွဲ့တို့ ဖော်ပြမထားပါဘူး။ ကျန်ရစ်သူ တူ၊ တူမ များက မသိလို့လေလား၊ ဒါမှမဟုတ် ဒေါ်ခင်သိန်းကိုယ်တိုင်က လောကီနဲ့ပတ်သက်တာတွေ မဖော်ပြစေချင်လို့ လောကုတ္တရာအကျိုး ရှေးရှုတဲ့ ဘုရား၊ ရဟန်း၊ ကျောင်းအစ်မဆိုတာကိုပဲ ဖော်ပြတာလေလားဆိုတာတော့ ကွယ်လွန်သူ ဆရာမကြီးကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

            ကဲ...ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ အပ်နှင်းခြင်းခံရတဲ့ မိုးကောင်းသူ ဆရာမကြီး ဒေါ်ခင်သိန်း၊ ပြီးတော့ နိုင်ငံတော်က 'ရိုးသားတည်ကြည် ယဉ်ကျေးမှု စံပြမယ်' ဘွဲ့ချီး မြှင့်ခြင်းခံခဲ့ရတဲ့ မိုးကောင်းမြို့သူ ဒေါ်ခင်သိန်းရဲ့ နောက်ကြောင်းသမိုင်းကို ချန်ရစ်ခဲ့တဲ့ စာရွက်စာတမ်းလေး အနည်းအကျဉ်းနဲ့ ကျွန်တော် ဒါလောက်ပဲ ပုံဖော်နိုင်ပါတယ်။ ဆရာ ကျော်မြင့်သန်း(ဗန်းမော်)နဲ့၊ ဆရာစိန်မောင်ဦး (သုတေသန) တို့သာဆိုရင်တော့ အခု ကျွန်တော်တင်ပြထားတဲ့ အထောက်အထားတွေနဲ့ ပိုပြီးရုပ်လုံးဖော်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

မောင်ထွေးဦး ၊ရန်ကုန်တက္ကသိုလ်၊

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။