ဆွေဦးမြင့်
စာရေးဆရာမကြီး ဒေါ်ပတ္တမြားခင်၏ (၈၁) နှစ်ပြည့်မွေးနေ့သို့
ပြောလိုတဲ့
အကြောင်းအရင်း မရောက်ခင် နိဒါန်းအတိုချုပ်လေး စရေးမှ ဖြစ်ပါမယ်။ ၂၀၀၄ မတ်လမှာ
ကျွန်တော့်ရဲ့အမေဆိုလည်း ဟုတ်တဲ့ ဒေါ်ကြီးနဲ့ ဒေါ်လေးက သင်္ကြန်တွင်းမှာ
ရဟန်းဘောင် ဝင်မလား။ ညီအစ်ကို အရင်းတွေရော ဝမ်းကွဲတွေကိုရော ရဟန်းဒါယိကာမ
ခံပေးမယ်တဲ့။ ကျွန်တော်က ငယ်ငယ်ကတည်းက သင်္ကြန်ဆိုရင် (သူများ ပျော်ရွင်တာတွေကို
ပီတိဖြစ်ပေမယ့်) ကိုယ်တိုင်ငြီးငွေ့တယ်။ အပြင်မထွက်ချင်ဘူး။
အခုအသက်လေးဆယ်ကျော်လာပြီ။
တစ်ယောက်တည်း နေထိုင်ရတော့ ပိုဆိုးတယ်။ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ပိတ်နဲ့
စားရေးသောက်ရေး အလွန်ခက်ခဲလှပါတယ်။ တစ်ယောက်တည်းဆိုတော့ အလှူလုပ်တဲ့
မုန့်လုံးရေပေါ်လေး စားလိုက်၊ ငှက်ပျောသီးဖီးကြမ်းလေး ဝယ်စားလိုက်နဲ့ပဲ
တင်းတိမ်ရတယ်။ ဒီကြားထဲ မျက်စိနောက်၊ နားငြီးစရာတွေ၊ ရန်ဖြစ်သံတွေ ကြားရတာ
ပိုစိတ်ညစ်စရာပါပဲ။ သင်္ကြန်တွင်းဆို ခပ်ဝေးဝေး ချောင်တစ်နေရာက မိတ်ဆွေတစ်ဦးဦးအိမ်မှာ
သွားနေဖြစ်တာ များပါတယ်။ အဲဒီ ၂ဝဝ၄ နှစ်ကတော့ မိတ်ဆွေတွေ လည်း မရှိတော့
နေစရာရှာနေတုန်း ကိုယ်တိုင်လည်း ကြည်မွေ့တဲ့ ရဟန်းဘောင်ဝင်ရမယ် ဆိုတော့
စဉ်းစားမနေတော့ဘဲ ဝတ်မယ်လို့ ချက်ချင်း အဖြေပေးလိုက်တယ်။ ဒီတစ်ကြိမ်နဲ့ဆို (၄)
ကြိမ်မြောက် ရဟန်းဝတ်ခြင်းပါပဲ။
ကျင့်သားရသွားအောင်
တစ်ပတ်နီးပါးအလိုမှာ ယမကာကို ဖြတ်လိုက်ပါတယ်။ အဆင် ပြေတယ်။ ဒါပေမယ့် ကျွန်တော့်မှာ
သွေးတိုးရောဂါအခံရှိနေတာကို မသိခဲ့ဘူး။ အဒေါ်တွေက အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ည
ချင်းသုပ် လိုလေသေးမရှိအောင် ကျွေးမွေးကပ်လှူကြတယ်။
ယမကာဖြတ်ကာစ
ကျွန်တော့် အဆီတွေ၊ အသားတွေ၊ အငံတွေ၊ အစပ်တွေ အားရှိအောင် ဆိုပြီး မရှောင်ဘဲ
ဘုဉ်းပေးမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရက်ပြတ်နေပြီဆိုပြီး အများကြီး မဟုတ်တောင်
ဘာမှမရှောင်ဘဲ နည်းနည်းစီ စားရင်း သွေးတိုးစာတွေ ဖြစ်နေတယ်။ ညဘက်
ဘုရားဝတ်ပြုတော့လည်း ဝါစဉ်ကြီးငယ်လိုက် ဝတ်ပြုပြီး တရားထိုင်ရတဲ့အခါ ကျွန်တော့်ရဲ့
ခေါင်းပေါ်တည့်တည့်မှာ ပန်ကာကြီး။ ဝါစဉ်ကြီးငယ်မို့ ရှောင်လွှဲလို့လည်း မရဘူး။
ခေါင်းပေါ်က ပန်ကာလေက အလွန်အေးပါတယ်။ အဲဒီမှာကတည်းက ဘယ်ဘက်ကိုယ်တစ်ခြမ်း
ထုံကျဉ်နေတတ်ပါတယ်။ ကြိုးစားရှုမှတ်ပြီး အချိန်စေ့လို့ စင်္ကြံလျှောက်တော့လည်း
ပုံမှန်ပြန်ဖြစ်သွားတာပါပဲ။
သင်္ကြန်ပြီးလို့
အိမ်ပြန်ရောက်တော့ ကောင်းတဲ့အရှိန်လေး ယူပြီး ယမကာ မမှီဝဲတော့ပါဘူး။ ဒါပေမယ့် ငါ
နေကောင်းနေပြီဆိုပြီး ထမင်းဆိုင်မှာ ကြုံသလို အစုံစားမိတယ်။
တစ်ရက်မှာ
မိတ်ဆွေတစ်ဦးက အပြင်သွားစရာရှိလို့ ဆိုပြီး သူ့ အဝတ်အထည်ဆိုင်ကို
ခေတ္တစောင့်ခိုင်းတယ်။ ကျွန်တော်ကလည်း နားလည်ရောင်းတတ်လို့ စောင့်ပေးလိုက်ပါတယ်။
အချိန်နေ့လယ်
(၁၁) နာရီကျော်က စောင့်လိုက်တာ (၁၂) နာရီ ကျော်တဲ့အထိ ပြန်မလာလို့ ထမင်းဆိုင်ကို
မှာပြီး ဝယ်စားလိုက်တယ်။ ဆိုင်က လာပို့ပါတယ်။ ငါးပိရည်၊ တို့စရာနဲ့ ဟင်းကတော့
မမှတ်မိတော့ဘူး။ ဟင်းရည်ဆီကတော့ များတယ်။ ဗိုက်ဆာဆာနဲ့ နှစ်ပန်းကန် နီးပါးလောက်
ဟင်းရည်ကုန်၊ ငါးပိရည်တို့စရာ နည်းနည်းပဲ ကျန်တယ်။ ထမင်းစားပြီးတော့ ဝယ်သူလာရင်
ဈေးရောင်းလိုက်၊ လူရှင်းရင် ဆိုင်ကိုပတ်ပြီး အစာကြေအောင် လမ်းလျှောက်လိုက်နဲ့
မထိုင်ဖြစ်ဘူး။ သူ့ဆိုင်က အမိုး တာလပတ်၊ အကာကလည်း တာလပတ်နဲ့ ပူလောင်
အိုက်စပ်နေတာပါပဲ။ မွန်းတည့်နေကလည်း တည့်တည့်ကြီး ဆိုင်ထဲကို ကျရောက်နေတယ်။
ဒီလိုနဲ့ ဆိုင်လေးထဲ ကွေ့ပတ်လမ်းလျှောက်နေရင်း မွန်းလွဲ (၂) နာရီလောက်မှာ
ဘယ်ဘက်ကိုယ်တစ်ခြမ်းဟာ သွေးဆုတ်ပြီး အေးစက်သွားတယ်။ ဘယ်လက်ဟာ လှုပ်လို့
မရတော့ဘူး။ ဘယ်ခြေထောက်လည်း နည်းနည်း ထုံကျဉ်သွားတယ်။
ကျွန်တော် ချော်မလဲအောင် ချက်ချင်း ထိုင်ချလိုက်တယ်။ ဘယ်လက်ကို ခပ်နာနာ လှုပ်တယ်။
ညာဘက်လက်နဲ့ ဆုပ်နယ်တယ်။ ချော်လဲရင် လေဖြတ်သွားတတ်တယ်။
ကံကောင်းချင်တော့
ဆိုင်နီးချင်းတစ်ယောက်က လာလည်ရင်း ထိတ်လန့်တကြား မေးတယ်။ ကျွန်တော် ရှင်းပြတော့
လျှာလိပ်ပြီး စကားသိပ်မပီသချင်ပေမယ့် သူသဘောပေါက် နားလည်ပြီး
သံပုရာရည်ချဉ်ချဉ်တစ်ခွက် ဝယ်လာတိုက်ကျွေးတယ်။ သံပုရာရည်ဆိုင်က ကောင်လေးကလည်း
ညီလို ရင်းနှီးနေတော့ လူပါလိုက်ခဲ့ပြီး အိမ်ကိုတွဲခေါ်ပြန်ပို့ကြတယ်။ ကျွန်တော့်
အိမ်ခေါင်းရင်းလေးက အရိပ်အေးမြတယ်။ သူတို့က ပက်လက်ကုလားထိုင် ခင်းပေးပြီး ရှိတဲ့
မြန်မာလိမ်းဆေးတွေ လိမ်းပေးကြတယ်။ ညနေဆေးခန်းသွားပြတော့ ယို့ယို့ကျိုးကျိုး
နေတတ်လွန်းတဲ့ ကျွန်တော့်ကို ကြည့်ပြီး ဆရာဝန်ကြီးက...
'သွားပြီ...လေဖြတ်သွားပြီ၊
ခုတင်ပေါ်ထိုင်ပြီး လှဲရကောင်းမှန်းတောင် မသိတော့ဘူး။ ဦးနှောက်လည်း မမှန်တော့ဘူး'
တဲ့...။ အဖော်ခေါ်လာသူ သူငယ်ချင်းကို ပြောနေတယ်။ ကျွန်တော်က
ပိုင်စိုးပိုင်နင်း လက်ရဲဇက်ရဲ နိုင်သူတွေကို မကြိုက်တတ်သလို ကိုယ်တိုင်ကလည်း
ယို့ယို့ကျိုးကျိုး နုံနုံအအလေးလို နေတတ်သူပါ။ ဒါကိုသူက သူ့ဘက်က အမြင်နဲ့
သွေးတိုးလေဖြတ်ပြီး ဦးနှောက်ပိုင်းဆိုင်ရာပါ ထိခိုက်နေပြီလို့ ထင်မှာပေါ့။
ဒါပေမယ့် ဆရာဝန်ဆိုတာ ကြင်နာရပါမယ်။
'ခင်ဗျား...နောက်တစ်နေ့
အရက်တစ်စက် သောက်တာနဲ့ သေမှာပဲ' တဲ့။ ကျွန်တော်
အရက်မသောက်တာလနဲ့ ချီနေပါပြီ။
□
ကျွန်တော်က
နူးညံ့အေးဆေးစွာ နေတတ်ပေမယ့် တစ်ခါတစ်ခါ ခေါင်းမာတယ်။ သိသိကြီးနဲ့
တမင်အရွဲ့တိုက်တတ်တယ်။ နောက်တစ်နေ့ နေ့လယ်မှာ ဆေးလိပ်ဖွာတော့ ဘယ်ဘက်လက်ကြားက
ဆေးလိပ်လွတ်ကျတယ်။ လက်မမြဲတဲ့ လက္ခဏာပါ။ ဂစ်တာယူပြီး တီးခတ်သီဆိုတော့ ဘယ်လက်ဟာ
ကော့ဒ်တွေကို ပိပိရိရိ အသံထွက်အောင် မဖိနှိပ်နိုင်တော့သလို ရွေ့လျားလို့လည်း
မသွက်လက် တော့ဘူး။ နာရီဝက်လောက် ကြိုးစားကြည့်တယ်။ မရဘူး။ အခုမှ ဂစ်တာစပြီး
အတီးသင်တဲ့ ကလေးငယ်တစ်ယောက်ထက် အခြေအနေ ဆိုးရွားနေတယ်။ အခန်းကျဉ်းကလေးထဲမှာ
တစ်ယောက် တည်း မျက်ရည်ကျမိတယ်။
ကျွန်တော်က
ကဗျာပြီးရင် ဂီတကို ဒုတိယ အချစ်ဆုံးပါ။ စကားပြောက တတိယပါ။ အခု ဂစ်တာတီးလို့
မရတော့ဘူး။ သီချင်းသစ်တွေ မရေးနိုင်တော့ဘူး။ ကျွန်တော် ကျလာတဲ့ မျက်ရည်တွေကို
သုတ်ပစ်လိုက်ရင်း ဂစ်တာလေးကို တိုင်မှာ ယုယုယယ ပြန်ချိတ်ထားလိုက်တယ်။ ညနေစောင်းမှာ
မိတ်ဆွေတွေက ဆေးခန်းသွားဖို့ လာခေါ်တယ်။ ကျွန်တော် ခေါင်းခါလိုက်တယ်။
'ပိုက်ဆံမရှိလို့လား၊
ကျွန်တော်တို့ ပေးမယ်လေ'တဲ့။
ပိုက်ဆံကြောင့်
မဟုတ်ရပါကြောင်း ကျွန်တော် ရှင်းပြတယ်။ သူတို့ကလည်း ထိုဆရာဝန်ရဲ့
အနိဋ္ဌာရုံဆန်သော၊ တင်းမာသော လေသံများကို ခံစားရသူ ကျွန်တော့်လောက် နီးပါး
မနှစ်မြို့ကြပါ။ ပြီးတော့ ကျွန်တော်က မလုပ်ချင်တဲ့ အလုပ်ကို အတင်းတိုက်တွန်းလို့
မရမှန်း သူတို့ သိနေကြတော့ အပြင်ခဏထွက်သွားကြပြီး မြန်မာလိမ်းဆေးတချို့နဲ့
သံပုရာသီးတွေ ဝယ်လာပေးကြ လိမ်းပေးကြတယ်။ သံပုရာသီးကတော့ ဘယ်လက်ထဲမှာ
ဆုပ်ကိုင်လက်ကစားဖို့ပေါ့။ အကြောအာရုံ သည့်ထက် ပိုမဆိုင်းသွားဖို့ပေါ့။
သူတို့ပြောတဲ့အတိုင်း
နှစ်ရက် သုံးရက် လုပ်ပါတယ်။ ပါးစပ်ကိုလည်း လှုပ်ရှားရွဲ့စောင်း လုပ်ပေးရတယ်။
စကားကတော့ အတော်လေးမြန် ပီသလာတယ်။ ဘယ်လက်က မတိုးတက်သေး။ အရာဝတ္ထုတွေကို ကိုင်လို့
မမြဲချင်သေး။ ဒီလိုနဲ့ မိုးဦးပေါက်လာပြီ။
□
'ခင်ဗျား
အရက်တစ်စက်သောက်တာနဲ့ သေမှာပဲ'
စိတ်ညစ်စိတ်လေပြီး
မသန်မစွမ်းဖြစ်ကာ ကဗျာ မရေးနိုင်၊ ဂစ်တာမတီးနိုင်ဖြစ်နေမယ့်အစား
သေချင်သေပစေကွာဆိုပြီး မိုးရေထဲထွက်၊ အရက်ဖြူတစ်လုံးနဲ့ အမြည်းတချို့ဝယ်
ပြန်လာတယ်။ တစ်ညတည်း ကုန်အောင် သောက်ပစ်လိုက်တယ်။ ဒီလိုနဲ့ အရက်ကို
ပြန်လည်စွဲမက်ကာ မိုးလင်းမိုးချုပ် သောက်တော့တာပါပဲ။
ကျွန်တော်က
အိမ်မှာပဲ သောက်တတ်တော့ စာရေး စာရွက်လေး စားပွဲပေါ်တင်၊ စာတစ်မျက်နှာလောက်
ရေးလိုက်၊ အရက်တစ်ခွက်လောက် မော့လိုက်၊ ပြီးရင် စာပြန်ရေးလိုက်၊ မော့လိုက်
နည်းနည်းပါးပါး လှုပ်ရှားလိုက်နဲ့မို့ ခံသာနေတာပါ။
နေ့တိုင်း
စာတစ်ပုဒ်၊ အရမ်းတက်ကြွနေရင် နှစ်ပုဒ် ရေးဖြစ်တယ်။ ဂီတဆောင်းပါးတွေနဲ့
ဂျာနယ်ဝတ္ထုတို ဆောင်းပါးတွေ များပါတယ်။ ညာဘက်လက်နဲ့ ဦးနှောက်ကောင်း နေသရွေ့
စာရေးဖြစ်အောင် ရေးမယ်ဆိုပြီး အားတင်းကာ တစ်နေ့တစ်ပုဒ်တော့ မှန်မှန်ရေးတယ်။
သွေးတိုးကြောင့်
မျက်လုံးဝေမှုန်ပြီး မမြင်ရရင်တောင် အတူလာအိပ်တဲ့ စာပေမိတ်ဆွေတစ်ဦးကို
ကျွန်တော့်နှုတ်က ရွတ်ခေါ်ပေးပြီး ရေးခိုင်းတယ်။ စာမူတွေ ရေးနေပေမယ့် မြို့ထဲက
စာပေတိုက်တွေကို မသွားနိုင်တော့ လူကြုံနဲ့ စာမူ လေးငါးပုဒ် ကြုံရာ ပေးခိုင်းရတယ်။
ဂီတဂျာနယ်တွေကတော့ အပတ်စဉ် သုံးပေးပါတယ်။ စာစောင်နဲ့ စာမူခကိုလည်း သူတို့ပဲ
ယူလာပေးပါတယ်။
ဂျာနယ်တိုက်တွေကျတော့
နေရာလိပ်စာလည်းမသိ၊ အယ်ဒီတာဆိုသူတွေလည်း မသိနဲ့ သူတို့ကိုယ်တိုင်ကလည်း ဘယ်ကို
ဘယ်စာမူပေးပို့မိမှန်း မမှတ်မိနဲ့မို့ ဆယ်ပုဒ်ပို့ရင် ငါးပုဒ်၊ ခြောက်ပုဒ်လောက်ပဲ
ကျွန်တော့်ဆီရောက်တယ်။ တချို့စာမူခက တစ်ဝက်၊ သုံးပုံနှစ်ပုံ၊ နောက်ဆုံး ဂျာနယ်ရော စာမူခပါ
အပြတ်ရှင်းလိုက်ကြတာ ရှိတယ်။ ဖော်ပြခံရတဲ့ ဂျာနယ်မဂ္ဂဇင်းတော့ လိုချင်တာပေါ့။
ကျွန်တော် ဒီမှာ နောင်တ နည်းနည်းရလာပြီ။
မြို့ထဲကို
ငါကိုယ်တိုင်ထွက်ပြီး လှုပ်ရှားမှ လုပ်သမျှ အရာထင်တော့မယ်။ အရက်က တစ်ခါတလေ
နှစ်လုံး နှစ်လုံးကျော်မျှ သောက်ပေမယ့်လည်း အသက်မသေဆုံးဘဲ ရုပ်ခန္ဓာသာ
ယိုယွင်းပျက်စီးလာတယ်။ အသားအရေမွဲခြောက်၊ မျက်နှာဖောသွပ်၊ အဝတ်အစားကိုလည်း
ကောင်းကောင်းတွေရှိရက်နဲ့ အိမ်ထဲမှာပဲ အမြဲနေတော့ အဟောင်းအစုတ်တွေပဲ ဝတ်ချင်လာတယ်။
အိမ်လာလည်ကြတဲ့
စာပေဂီတမိတ်ဆွေတွေက တစ်နေကုန် မသောက်ဖို့၊ ညနေစောင်းမှ နည်းနည်းပါးပါး သောက်ဖို့
ဖျောင်းဖျဆုံးမကြတယ်။
ကျွန်တော်
ဂစ်တာမတီးနိုင်လို့ ဂီတဆောင်းပါးတွေ နေ့စဉ်တစ်ပုဒ် နှစ်ပုဒ်လောက် ရေးပြီး
ဖြေသိမ့်နေရတာပဲ။ ကဗျာနဲ့ ဂျာနယ်ဝတ္ထုတိုလေးတွေ ရေးနေတာပဲ။ အရက်သောက်ပေမယ့်
အလုပ်မပျက်တဲ့အပြင် အိမ်တွင်းအောင်းနေတော့ ပိုအလုပ်ဖြစ်နေတာပဲလို့ ကိုယ့်ကိုယ်ကိုယ်ရော
သူတို့ ကိုပါ ဆင်ခြေပေးတယ်။ ကြာတော့ လူကမွဲခြောက်ပိန်လှီးပြီး အပြင်မထွက်ရဲ၊ လူတော
မတိုးရဲ၊ အလုပ်လည်း မရှိတော့ စိတ်ကျရောဂါဝင်ပြီး စာကဗျာကို တန်းဝင်ရုံလောက်သာ
ရေးနေနိုင်တာ၊ လူမှုရေးပိုင်း တော်တော်ချွတ်ယွင်းနေပြီ။ သာရေး၊ နာရေး မသွားဖြစ်၊
မိဘဆွေမျိုးတွေအိမ် မလည်ဖြစ်နဲ့ တစ်နှစ်နီးပါးခန့် အိမ်ထဲမှာပဲ အရက်နဲ့
စာရေးစာဖတ်လုပ်နေတာ ငြီးငွေ့လာပါပြီ။ သွေးတိုးရောဂါကလည်း ပိုဆိုးလာတော့ အိမ်နီးနား
ဝန်းကျင်လောက်တောင် မနည်းလျှောက်လှမ်း နေရတော့ ဝေးလံတဲ့ ချစ်ခင်သူတွေဆီ
မသွားဖြစ်တာပါ။ စိတ်ကတော့ တစ်ယောက်တည်း အရက်ထိုင်သောက်ရင်း၊ စာရေးရင်း
အရမ်းသတိရနေတာပါပဲ။ အရက်သောက်ရတာလည်း မမူးတော့ဘူး။ မပျော်ရွှင် မလန်းဆန်းတော့ဘူး။
ပုလင်းထဲမှာ အရက်တွေ အများကြီး ကျန်နေရက်သားနဲ့ အိပ်ရာဝင်ပစ်လိုက်တယ်။ အရက်ဆိုတာ
တစ်ယောက်တည်း အကြာကြီး နေ့စဉ်သောက်ရမယ့်အရာ မဟုတ်ဘူး။
ကျွန်တော်ကိုယ့်ကိုယ်ကိုယ်
သေအောင်သတ်နေပေမယ့် သေချင်လို့လည်း မသေရ၊ နေချင်လို့လည်း မနေရဆိုတဲ့ တရားကို
ညစဉ်အိပ်မရတိုင်း လေးနက်စွာ သဘောပေါက်လာတယ်။ အရက်တွေ လက်ကျန်ရှိနေပေမယ့်
အိပ်ပျော်အောင်ဆိုပြီး မသောက်ဘူး၊ လူးလိုက်လှိမ့်လိုက်၊ ထထိုင်လိုက်။
□
ဒီလို
အရက်ကို စိတ်ငြီးငွေ့နေတဲ့အချိန်မှာ (စိတ်ကုန်တာတော့ မဟုတ်သေးဘူးနော်) လူသတင်း
လူချင်းဆောင်ပြီး အစ်ကိုကြီးတွေလိုချစ်ရတဲ့ စိုးမြင့်လတ်နဲ့ ညွှန့်သစ် (ကလောင်
အမည်အတိုင်း ရေးလိုက်တာပါ) နံနက် (၉) နာရီလောက် ရောက်လာကြတယ်။ မတ်လကုန်ခါနီးလောက်
အတိုချုပ်ပြောရရင် အစ်ကိုကြီးမောင်စိမ်းနီ ဦးစီးပြီး နာမကျန်းဖြစ်နေတဲ့
အလုပ်လက်မဲ့ နွမ်းပါးနေတဲ့ ကဗျာဆရာတွေကို ဆေးဝါးကုသ ကူညီပေးချင်တယ်။ ဆွေဦးက
တစ်ယောက်တည်းနေတဲ့ သူ။ သေသွားတာထက် လေဖြတ်ပြီး အိပ်ရာထဲလဲနေရင် ဘယ်သူပြုစုမလဲ
စသဖြင့် ကျောင်းဆရာတစ်ပိုင်း၊ စာရေးဆရာ ရာနှုန်းပြည့်ပီသစွာ တရားချပါတော့တယ်။
တိုက်ဆိုင်မှုပေါ့နော်။
ကျွန်တော်ကလည်း ခုနှစ်လ၊ ရှစ်လ နေ့ည သောက်သုံးနေတော့ ဒါကြီးကို ငြီးငွေ့နေပြီ။
စာရေးရင်း အရက်သောက်တယ်ဆိုတာကလည်း အတွေးရဲ၊ အရေးရဲတယ်ဆိုပေမယ့် သန့်ရှင်းလတ်ဆတ်သော
ခံစားမှုလောက် မကောင်းပါဘူး။
'ကျွန်တော်
ဆေးကုမယ်၊ အရက်ဖြတ်မယ် အစ်ကို'
အလိုလို
ချက်ချင်းပဲ ကတိပေးလိုက်မိပါတယ်။ ဒါဆိုရင် သူတို့အဖွဲ့ စုဝေးတိုင်ပင်ပြီး
တစ်ပတ်အတွင်း လာခေါ်မယ်... တဲ့။
ဒါပေမယ့်
သင်္ကြန်ပြီး မေလမှပဲ ရောက်လာကြပါတယ်။
အစ်ကိုစိမ်းနီဆီက
ရန်ပုံငွေလေးနဲ့ ကျောက်မြောင်းက ဆရာလေး ဒေါက်တာ တင်စံဦးထံမှာ ကုသရပါတယ်။
ကဗျာဆရာတွေအတွက် ရန်ပုံငွေဆိုတော့လည်း သိပ်အကုန်အကျ မခံနိုင်ဘူးပေါ့။
မိမိကိုယ်ပိုင်ငွေ အနည်းအကျဉ်းတချို့လည်း အလိုက်သိစွာ စိုက်ထည့်ရပါတယ်။
□
ကံတရားရဲ့
အကျိုးကျေးဇူး တိုက်ဆိုင်မှုတွေကြောင့်ပဲလား မသိဘူး။ ဆရာလေးကိုယ်တိုင်
ဆေးဖိုးတချို့ သူ့ရန်ပုံငွေထဲက စိုက်၊ ဂရုတစိုက် ကုသပေးနေရင်း နှစ်ပတ်အကြာမှာ
ကျွန်တော် ဘယ်လိုမှ မမျှော်လင့်ထားတဲ့ သတင်းကောင်းတစ်ခု ကြားလာရတယ်။ ၂ဝဝ၅ ခုနှစ်
မေလ ၁၄ ရက် နေ့မှာ စာရေး ဆရာမကြီး ဒေါ်ပတ္တမြားခင်ရဲ့ (၈၁) နှစ်မြောက်မွေးနေ့
ရှိတယ်။ ဆရာမကြီးက မွေးနေ့တိုင်း အမှတ်တရ လှူဒါန်းပွဲ လုပ်လေ့ရှိတယ်။
မဂ္ဂဇင်းတွေမှာ နှစ်စဉ်ဖတ်ခဲ့ရပေမယ့် ဝမ်းသာပီတိဖြစ်၊ မုဒိတာ ဖြစ်ခဲ့ရပေမယ့်
ကိုယ်နဲ့ အဝေးကြီးပဲလို့ ယူဆထားတယ်။ ကျွန်တော်က စာပေနယ်ကို တစ်နှစ်လောက်နေမှ
သုံးခါလောက် ရောက်တဲ့သူပါ။ မိတ်သစ်ဆွေသစ် မတိုးတဲ့အပြင် မိတ်ဟောင်းတွေနဲ့တောင်
တစ်နှစ်နေလို့ တစ်ခါ နှစ်ခါ တွေ့ရတာပါ။ ဒီတော့ ကျွန်တော့်ကျန်းမာရေးကို ဘယ်လိုလုပ်
သိနိုင်ကြမှာလဲ။ ရန်ကုန်မှာ နေပေမယ့် အဆက်အသွယ် လုံးဝ ပြတ်တောက်နေတော့ မသိနိုင်ကြဘူး။
မေ့လျော့နေကြပြီလို့ ထင်မှတ်ထားတဲ့အချိန်မှာ ရက်နီးကပ်မှ အစ်ကို ညွန့်သစ်က ၁၄ ရက် နေ့ကျရင်
ဆွေဦးကို လာခေါ်မယ်။ ၉ နာရီလောက် အသင့်ပြင်ထား...တဲ့။ စကားနည်းတဲ့သူက ဒီလောက်ပဲ
ပြောတော့ ကျွန်တော့်မှာ ဇဝေဇဝါ။
ဒီအချိန်မှာ ဆရာလေးနဲ့ ကုသဖို့ လိုက်ပို့ ပေးနေသူတွေကလည်း သူတို့ပဲဆိုတော့
ဆရာလေးနဲ့ အလှူပွဲမှာကြုံရင်း ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း
ဆွေးနွေးပြောဆိုရင်းနှီး ပေးစေဖို့ပဲလားပေါ့။
ဒါနဲ့ပဲ
၂ဝဝ၅ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ မှာ အစ်ကိုစိုးမြင့်လတ်နဲ့
အစ်ကိုညွန့်သစ်တို့ အိမ်ကို ရောက်လာကြပါတယ်။ အဝတ်အစားလဲခိုင်းပြီး
လမ်းသိပ်မလျှောက်နိုင်သေးတဲ့ ကျွန်တော့်ကို ကားငှားခိုင်းပါတယ်။
ပဲခူးကလပ်မှတ်တိုင်အနီး
နိုင်ငံခြားရေး ဝန်ကြီးရုံးအနားက တိပိဋကနိကာယကျောင်းတော် ကိုပါ။ ကျွန်တော်
လက်ရှိနေထိုင်တဲ့ ကြည့်မြင်တိုင် ရွှေလိပ်ပြာအိမ်ရာနဲ့ အနီးကလေးပါ။ ၁၅ မိနစ်
သာသာလောက်ပဲ မောင်းရပါတယ်။ ကျောင်းတော်ထဲ ကားဝင်ရောက်တော့ အနှစ် (၂ဝ) နီးပါးမျှ
မတွေ့ကြရတာ ကြာပြီဖြစ်တဲ့ ကဗျာဆရာ သူရဇော်က လှိုက်လှဲနွေးထွေးစွာ ဆီးကြိုပါတယ်။
သူက အရင် နှစ် ၂ဝ ကအတိုင်း ဘာဆို ဘာမှ မပြောင်းလဲဘူး။ အပြုံးချိုမြမြနဲ့
သူတစ်ဖက်သားကို ကူညီဖို့ အမြဲ အဆင်သင့် ရှိနေတဲ့ပုံစံ ဟန်ပန်မျိုးပါပဲ။ အရင် အနှစ်
၂ဝ ကလိုပဲ ဇရာကို သူတွန်းလှန်နေတယ်။ ကျောင်းတော်ခန်းမကြီးရဲ့ အဝင်ဝမှာ
ဆရာသူရဇော်ရဲ့ဇနီး ကဗျာဆရာမ (တိုင်းရင်းမေ အယ်ဒီတာဟောင်း) ဒေါ်ခင်သန်းဌေးက
ကျွန်တော့်ကို ဆွေမျိုးရင်းချာတစ်ဦးကို တွေ့လိုက်တဲ့ပမာ ဖတ်လှဲတကင်း ပြုံးချိုနှုတ်ဆက်ရင်း
ဆရာမကြီး ဒေါ်ပတ္တမြားခင်ပုံပါတဲ့ အစီအစဉ် စာရွက်လေးတွေကို တစ်ဦးစီ
ကမ်းလှမ်းပါတယ်။ ကျွန်တော့်ကို အစ်ကို သူရဇော်က ရှေ့ဆုံးခုံတန်းကို
တွဲခေါ်သွားပြီး ထိုင်ခိုင်းတယ်။ ကျွန်တော်က အများသူငါနဲ့ပဲ နောက်နားမှာ
နေပါရစေဆိုတာ မရဘူး။ ရှေ့ဆုံးက လူကြီးလူကောင်းတွေထိုင်တဲ့ ထိုင်ခုံကောင်းကြီးမှာပဲ
နူးညံ့စွာ တိုက်တွန်းရင်း ထိုင်ခိုင်းရှာတယ်။ ငြင်းဆိုမရတဲ့အဆုံး
ကျွန်တော်ထိုင်ပြီး အစီအစဉ်စာရွက်လေးကို လှန်လှောကြည့်လိုက်တယ်။
ဒေါ်ပတ္တမြားခင်ရဲ့
အလှူရန်ပုံငွေထဲကို ကူညီထည့်ဝင်သူများ စာရင်းကို ပထမဆုံး ဖတ်ရပါတယ်။ နောက်တစ်မျက်နှာမှာတော့
မွေးနေ့အလှူခံရသူများ စာရင်းပါ။
တည်ဆောက်ဆဲ
တိပိဋကနိကာယကျောင်းတော်သို့ ၁ သိန်း အမရပူရမြို့မှ ဆရာတော် ဦးပညာဇောတ (သို့)
စာရေးဆရာကိုပညာ (အမရပူရ)သို့ ၅ သောင်း။
အသက် (၉၆)
နှစ်ရှိ စာရေးဆရာကြီး မောင်ထင်သို့ ကန်တော့ငွေ ၁ သိန်း ၇ သောင်း၊ သတင်းစာဆရာကြီး
ဟံသာဝတီ ဦးသန်းညွန့်သို့ ၁ သိန်း ၇ သောင်း၊ ကဗျာ ဆရာ မောင်ယဉ်နွယ်သို့ ၁ သိန်း ၇
သောင်း။ အစီအစဉ်အတိုင်း ဆက်ဖတ်ကြည့်လိုက်တော့ ကဗျာဆရာ ဆွေဦးမြင့်သို့ ၁ သိန်း ၇
သောင်း...တဲ့။ ကျွန်တော် အံ့သြမှင်သက်မိသွားတယ်။ ကျွန်တော် (၇) လ (၈) လကျော်
မြို့ထဲ မထွက် ဖြစ်ပါဘူး။ သွေးတိုးဖြစ်ပြီး လမ်းဝေးဝေး မလျှောက်နိုင်ပေမယ့်
စာပေနယ်က သိကြလိမ့်မယ်။ ဂရုစိုက်အလေးထားကြမယ်လို့ မထင်မိပါဘူး။ ကိုယ်တိုင်ကလည်း
မတုန်မလှုပ် မရင်းနှီးသလို နေတတ်တာကိုး။ ကျွန်တော့်ကို ကလောင်နာမည် အနည်းငယ်
ကြားဖူးကြပေမယ့် လူချင်းမသိကြတာ များပါတယ်။ ကျွန်တော်က စာရေးနေတဲ့ စာပေနယ်
အပြင်ဘက်ကလူ ဖြစ်နေတယ်။ ဆရာမကြီးရဲ့ ယုံကြည်လွှဲအပ်ခံထားရသူများမှာ ဒေါ်ကလျာ၊
ဦးဝင်းငြိမ်းဆိုတာလောက်တော့ သိတယ်။ ဒါပေမယ့် ဒေါ်ကလျာနဲ့ဆို လုံးဝမသိဖူးခဲ့သလို၊
ဦးဝင်းငြိမ်းကို ရင်းနှီးသော်လည်း နှစ်ချီပြီး မတွေ့ရတာ ကြာပါပြီ။ ဒီတော့
ကျွန်တော် နေမကောင်းဖြစ်နေတာ သူတို့ ကိုယ်တိုင်မသိနိုင်ကြပါဘူး။
ဥပမာ-ကိုစိုးမြင့်လတ်၊ ကိုညွန့်သစ်နဲ့ အခြားသူတွေက ပြောပြလို့ ခိုင်လုံစိတ်ချရတဲ့
သူတွေ စာရင်းပေးလို့ ဖြစ်ပါလိမ့်မယ်။
ရှေ့ဆုံးထိုင်ခုံကြီးမှာ
ကျွန်တော်ထိုင်ရင်း ဝမ်းနည်းဝမ်းသာ ဖြစ်နေမိတယ်။ ကျွန်တော် ဒီကိုရောက်မှ သိတာပါ။
ငွေသားတန်ဖိုးကိုလည်း ဒီလောက် မခန့်မှန်းပါ။ ကြားထဲက ဆရာမကြီးရဲ့
ယုံကြည်လွှဲအပ်ခံထားရသူများကို နားဝင်အောင် ပြောပြပေးသူတွေကိုရော၊ ယုံကြည်စိတ်ချ
ချစ်ခင်ပြီး လူစာရင်းရွေးချယ် ပေးသူတွေရော၊ ဆရာမကြီး ကိုယ်တိုင်ကိုပါ
မပြောပြတတ်အောင် ကျေးဇူးတင်နေမိ၊ ဂါဝရပြုနေ မိပါတယ်။ ဆက်ဖတ်ကြည့်မိတော့ ဆရာမကြီး
ဒေါ်ြကွယ် ကြွယ်၊ စာရေးဆရာမ မကို၊ ပုသိမ်မောင်ထွေးညိုတို့ကိုလည်း
လှူဒါန်းထားပါတယ်။
အခမ်းအနားမှူး
ဦးဝင်းငြိမ်းက လိုရင်းကို ထိမိစွာ စကားပြောဆိုပြီး စာရေးဆရာ ကြီးစဉ်ငယ်လိုက်
တစ်ဦးချင်းစီ လှူဒါန်းပါတယ်။ အစ်ကိုမြတ်ခိုင်နဲ့ ဇေယျာမြတ်ခိုင်တို့က ကျွန်တော့်ကို
သီးသန့်ဓာတ်ပုံရိုက်ပေးကြပါတယ်။ အလှူငွေကို တစ်ဦးချင်းစီပေးတော့လည်း ဓာတ်ပုံတွေ၊
ဗီဒီယိုတွေ တဖျပ်ဖျပ်၊ မီးရောင်တွေ တဝင်းဝင်းနဲ့ပါပဲ။ ကျွန်တော်က အလှူငွေလည်း
ရမယ်မထင်မိထား၊ နောက် နည်းနည်းရိပ်မိ သိရှိလာပေမယ့် ကျွန်တော့်ကို ကျေးဇူးတင်စကား
ပြောခိုင်းမယ်လို့လည်း မယူဆထားတော့ ကိုယ့်အလှည့်မှ စိတ်ထဲက ဖြစ်ပေါ်လာတဲ့အတိုင်းပဲ
ပြောမိလိုက်ပါတယ်။
'ဆရာမကြီးရဲ့
စာတွေကို စန္ဒာမဂ္ဂဇင်းမှာ စတင်ဖတ်ရကြောင်း၊ “သန္တာစမ်းမှ အလွမ်းစာ” ဆောင်းပါးရှည်ကြီးကို
နှစ်သက်မိကြောင်း၊ ယခုလည်း ကလျာမဂ္ဂဇင်းမှာ ပင်တိုင် ရေးနေကြောင်း၊ အဓိက
ကျွန်တော်ပြောချင်တဲ့ အချက်က ဆရာမကြီးဟာ ဘာအတွက်မှ စာရေးနေတာမဟုတ်ကြောင်း' ပြောဆိုပြီး ဂါရဝပြုလိုက်ပါတယ်။
အခမ်းအနား
တစ်ခါမှ မတက်ဖူး၊ မိုက်ကရိုဖုန်းနဲ့ စကားမပြောဖူးတဲ့ ကျွန်တော်
နည်းနည်းလောသွားတယ်။
ဆရာမကြီးဟာ
ဘာအတွက်မှ စာရေးနေတာ မဟုတ်ဘူးဆိုတာ ငွေကြေး၊ ဂုဏ်ပကာသန စတဲ့ ဝိသေသတွေကြောင့်
မဟုတ်ဘဲ စာရေးချင်လို့ ရေးနေတဲ့ ဆရာမကြီး စစ်စစ်လို့ ပြောလိုတာပါ။ ရတဲ့စာမူခနဲ့
တန်ဆာခနဲ့ မမျှပါဘူး။ ပြီးတော့ သူက ကျွန်တော်တို့ ငယ်ငယ်ကတည်းက နာမည်ကြီး
ပြီးသားပါ။ ဒါကြောင့် ဘာအတွက်မှ စာရေးနေတာ မဟုတ်ဘူးလို့ မိုက်နဲ့ ကြာကြာ စကားမပြောတတ်တာကြောင့်
အမြန်ပြောလိုက်မိပါတယ်။ တစ်မျိုး ထင်ကုန်ကြမှာ စိုးရိမ်လို့ပါ။
ကျွန်တော်
စာရေးဆရာ၊ ကဗျာဆရာဖြစ်ရတာ ပိုဂုဏ်ယူမိသွားတယ်။ လုံးဝမမြင်ဖူးသော်ငြား၊ သွေးသား
မတော်စပ်သော်ငြား ကဗျာရေးတယ်၊ စာရေးတယ် ဆိုရုံလေးနဲ့ အနုပညာသမားဖြစ်တယ် ဆိုရုံလေးနဲ့
အနုပညာကို ချစ်ခင်တဲ့ စိတ်ထားချင်းတူသူ၊ တတ်နိုင်လှူဒါန်းနိုင်သူက ရက်ရော သဒ္ဓါပြည့်ဝစွာ
ကူညီတယ်ဆိုတာ အနုပညာ သံယောဇဉ်ကြိုး တစ်ချောင်းတည်းကြောင့်ပါ။
အခြားနယ်ပယ်တွေမှာ
ဒီလို သူစိမ်းတစ်ရံပေါ် ရက်ရော လှူဒါန်းမှုမျိုး ရှိချင်ရှိပေမယ့်
အလွန်ရှားပါးပါတယ်။
သြော်...ချစ်သော
အနုပညာနဲ့အတူ ဆရာမကြီးလည်း အသက်ရှည်ရှည် နေထိုင်နိုင်ပါစေ။
လွန်ခဲ့တဲ့
တစ်နှစ်လောက်က မိမိကို သေအောင် သတ်နေတဲ့သဘောနဲ့ ခွေးဖြစ်နွားဖြစ် သောက်နေတဲ့
ကျွန်တော်ဟာ နောင်ဆိုရင် ဆေးဖြစ်ဝါးဖြစ်တောင် မသောက်တော့ဘဲ အနုပညာနဲ့အတူ
အသက်ရှည်အောင် ကြိုးစားနေထိုင်သွားမယ်လို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။ အခု
စာရေးနေတဲ့အချိန်ဟာ ဆရာလေး ဒေါက်တာ တင်စံဦးထံမှာ ဆေးကုသနေတဲ့အချိန်ပါ။
ဆရာလေးက
ဆေးကုသနေချိန်မှာ တတ်နိုင်ရင် စာမဖတ်၊ စာမရေးပါနဲ့လို့ တားမြစ်ထားတဲ့ကြားက
စိတ်လှုပ်ရှားခံစားရလွန်းလို့ အိမ်ပြန်ရောက်ရောက်ချင်းပဲ ရေးသား လိုက်ရပါတယ်။
ဆွေဦးမြင့်
၂ဝဝ၅
ခုနှစ်၊ မေလ ၁၄ ရက်
ဒေါ်ပတ္တမြားခင်မွေးနေ့
□
ဆရာဆွေဦးမြင့်က
ရွှေအမြုတေ ခပ်စောစောပိုင်းမှာ ဝတ္ထုတွေ ဝင်ရောက် ရေးသားခဲ့ဖူးပေမယ့်
နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားပါတယ်။ ၂ဝဝ၅ ခုနှစ် ဧပြီလ တတိယပတ်အတွင်းက ဆရာ
စိုးမြင့်လတ်နဲ့ ဆရာ ညွန့်သစ်တို့ ကျွန်တော့်ဆီရောက်လာကြပြီး ကျန်းမာရေး
ချို့တဲ့နေတဲ့ ဆရာ ဆွေဦးမြင့်အတွက် ပတ္တမြားခင်ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ငွေ
ရရှိရေး လျှောက်လွှာလာတင်ကြပါတယ်။ နာမကျန်း ဖြစ်နေတာမှန်တဲ့အတွက်
ထောက်ပံ့ငွေရနိုင်တာ သေချာပေမယ့် အဲဒီထောက်ပံ့ငွေကို မေလ ၁၄ ရက်နေ့မှ ပေးမှာ
ဖြစ်တာကြောင့် ဆရာ ဆွေဦးမြင့် ဆေးကုသရေးကို ဝိုင်းဝန်း ကူညီပေးနေတဲ့ ဆရာ စိုးမြင့်လတ်တို့
အခက်အခဲ ဖြစ်သွားကြပါတယ်။ ဆေးခန်းကို သွားဖို့ ကားငှားရမယ့် စရိတ်က အစ
အခက်အခဲရှိတယ်လို့ ဆိုတာကြောင့် ကျွန်တော် စဉ်းစားရပါတယ်။
ဆရာတော်
အရှင်ဆန္ဒာဓိကက သူ့မွေးနေ့မှာ နာမကျန်း စာရေးဆရာများအတွက် ဒကာကြီး သင့်တော်သလို
လှူဒါန်းပေးပါဆိုပြီး ကျွန်တော့်လက်ထဲကို လှူထားတဲ့ ကျပ်ငွေ သုံးသိန်း ရှိပါတယ်။
ကျွန်တော် လှူချင်ရာကို လှူလို့ ဖြစ်ပေမယ့် ဆရာတော်ရဲ့ မေတ္တာစေတနာကို
လေးစားသောအားဖြင့် အမှန်တကယ် လိုအပ်သူများအတွက်သာ အဲဒီ ရန်ပုံငွေကနေ
ထောက်ပံ့ပေးပါတယ်။ အခု ဆွေဦးမြင့်အတွက် လိုအပ်နေပြီဆိုတာကြောင့် ဆရာတော် လှူထားတဲ့အထဲက
ကျပ်သုံးသောင်းကို ဆရာဆွေဦးမြင့်အတွက် ဆရာစိုးမြင့်လတ်ကတစ်ဆင့်
လှူဒါန်းပေးလိုက်ပါတယ်။
၂ဝဝ၅
ခုနှစ် မေလ ၁၄ ရက်နေ့က ကျင်းပတဲ့ ဒေါ်ပတ္တမြားခင်ရဲ့ မွေးနေ့ပွဲသို့
ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး
ထောက်ပံ့ငွေ ကျပ်တစ်သိန်း ခုနစ်သောင်းကို လက်ခံနိုင်ခြင်းဟာ ဆရာတော်ရဲ့
အလှူငွေရရှိခဲ့ခြင်းရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါလိမ့်မယ်။ မေလ ၂၅ ရက်နေ့မှာ
မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေမှ ထောက်ပံ့တဲ့ ကျပ်နှစ်သိန်းကိုလည်း ဆရာ
ဆွေဦးမြင့်အတွက် ထောက်ပံ့ပေးနိုင် ခဲ့ပါတယ်။
▀
ဝင်းငြိမ်း
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။