မောင်သန်းဆွေ ၊ထားဝယ်၊
တစ်ခါက (တော်ဘုရားကလေး)နှင့် စာရေးသူတို့ တော်တော်၏ဖခင် ကိုကိုနိုင် အကြောင်း စကားစပ်မိကြသည်။
'တော်တော်တို့ကို အင်္ဂလိပ်က
မိသားစုတွင်းမှာတောင် သွေးခွဲထားတယ်။ တော်တော်တို့ရဲ့ ခမည်းတော်ကို
သားသမီးတွေအမြင်မှာ လူဆိုးကြီးတစ်ယောက် ဖြစ်အောင် ဖန်တီးတယ်။ အရှင်ဘုရား
(မယ်တော်ကို ဆိုလိုသည်) အပေါ်မှာလည်း သိပ်အနိုင်ကျင့်တဲ့ပုံ သတင်းလွှင့်တယ်။
အမှန်တော့ ဒါတွေဟာ တစ်ခုမှမဟုတ်ဘူး။ မိသားစုထဲမှာ သွေးခွဲတာသာ ဖြစ်တယ်။
တော်တော်တို့ကလည်း အင်္ဂလိပ် သွေးခွဲထားတဲ့အတိုင်း ခမည်းတော်ကို
တစ်မျိုးမြင်ခဲ့ကြတယ်။ ဂျပန်ခေတ်ရောက်မှ ဗုံးဒဏ် မရှောင်၊ နေပူမိုးရွာ မရှောင်၊
ဆိုက်ကား တစ်စီးနဲ့ သွားလာ အရောင်းအဝယ်လုပ်ပြီး သားသမီးတွေကို ရှာကျွေးခဲ့တာ
မြင်ရတော့ ခမည်းတော်ရဲ့ကျေးဇူးကို သိလာခဲ့ကြတယ်။ သားသမီးတွေနဲ့ ခမည်းတော်အကြား
ဘယ်လို သွေးခွဲသလဲဆိုရင် ဥပမာတစ်ခု ကိုသန်းဆွေကို ပြောပြမယ်'
'ပြောပါ တော်တော်'
'တော်တော်တို့ မော်လမြိုင်မှာနေတုန်းက
လှိုင်းတက်မင်းသား တင်မြတ်ဆွေဆိုတာ အလည်ရောက်လာတယ်။ အရှင်ဘုရားကို လာခစားတာတဲ့။
လှိုင်းတက် တင်မြတ်ဆွေဟာ တော်တော့် အစ်မတော် ထိပ်စုဘုရားကြီးကို
ရွှေဆွဲကြိုးလေးတစ်ကုံး လက်ဆောင်ပေးတယ်။ သူတို့ပြောတော့ ဆက်သတယ်ပေါ့။
ထိပ်စုဘုရားကြီးဟာ လက်ဆောင်ရတဲ့ ရွှေဆွဲကြိုးကလေးကို အမြတ်တနိုး ဝတ်ဆင်တယ်။
ကျောင်းပြန်သွားရတော့မယ်ဆိုတော့ ခမည်းတော်က ရွှေငွေဝတ်တဲ့ အန္တရာယ်ကို သိလို့
မဝတ်စေဘဲ ဖြုတ်ယူသိမ်းဆည်း ထားလိုက်တယ်။ ထိပ်စုဘုရားကြီးက ငယ်သေးတော့
မိန်းကလေးပီပီ ရွှေဆွဲကြိုးကို စုံမက်တာပေါ့။ ဆွဲချင်ရှာတယ်။ ဒီတော့ သိမ်းလိုက်တဲ့
ခမည်းတော်အပေါ် မကျေနပ်ဘူး။ နဂိုကလည်း ခမည်းတော်နဲ့ သားတော် သမီးတော်များကြားမှာ
သတ်လျှို သွေးခွဲမှုတွေက ရှိနေတယ်လေ။ ကျောင်းပြန်ရောက်တော့ ရွှေဆွဲကြိုး ကိစ္စကို
ကလေးပီပီ စစ္စတာတွေကို ပြန်ပြောပြတာပေါ့။ ဒါကို ပုံကြီးချဲ့ပြီး ကိုကိုနိုင်ဟာ
သမီးဆီက ရွေဆွဲကြိုးကအစ ဖြုတ်ယူတယ်လို့ အပုပ်ချတယ်။ စစ္စတာတွေက တစ်ဆင့် မာသာတွေ
သိကြ။ မာသာတွေကတစ်ဆင့် မာသာစူပီရီယာဆီကို ဒီသတင်းရောက်ပြီး အဆင့်ဆင့် ဒီကိစ္စကို
ပြောသွားလိုက်ကြတာ အရေးပိုင်ဆီအထိ သတင်းရောက်သွားပါရော။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
အရေးပိုင်က လူလွှတ်ပြီး ခမည်းတော်ကို စစ်လားဆေးလား လုပ်ခဲ့သေးတယ်။ မနည်း
ဖြေရှင်းလိုက်ရတယ်။ အဲဒါသာစဉ်းစားကြည့်ပေတော့'
'ဟုတ်တယ်နော်၊ အတော့်ကို
ခံပြင်းဖို့ကောင်းတာပဲ။ ဒါနဲ့ တော်တော်ရယ် လှိုင်းတက်မင်းသား တင်မြတ်ဆွေဆိုတာ
ဘယ်သူလဲဟင်'
'လှိုင်းတက် အပျိုတော်ဆိုတာ
ကိုသန်းဆွေ ကြားဖူးလား'
'ဟုတ်ကဲ့၊ ကြားဖူးပါတယ်'
'အိုး ကောင်းမကောင်း
သိချင်ရင် လှိုင်းတက်ခေါင်းကို ခေါက်ကြည့်ဆိုတာလေ။ ဘွားတော် စုဘုရားလတ်က
လှိုင်းတက်အပျိုတော် ခေါင်းမာလွန်းလို့ အိုးဝယ်ရင် ကောင်းမကောင်း သိရအောင်
လှိုင်းတက်အပျိုတော်ရဲ့ ခေါင်းကို ခေါက်ကြည့်လို့ ပြောတယ်တဲ့။ အဲဒီ
အပျိုတော်အဆက်လို့ ထင်တာပဲ'
'ဒါက တင်စားပြီး
ပြောတဲ့စကားပါ။ မိဖုရားခေါင်ကြီးကလည်း ကိုယ်တိုင် အိုးဝယ်မှာ မဟုတ်ဘူး။ လှိုင်းတက်
အပျိုတော်က ယခုခေတ်စကားနဲ့ ပြောရရင် ဂျစ်ကန်ကန် မာကျောကျောနဲ့ ခေါင်းမာပုံလို့
တင်စားပြီး ပြောတဲ့စကား ဖြစ်ပါလိမ့်မယ်။ ကျွန်တော် လှိုင်းတက် အပျိုတော်အကြောင်း
ကြားဖူးတယ်' 'ကိုသန်းဆွေ
ကြားဖူးတာပြောပါဦး'
'လှိုင်းတက်မြို့ကို စားရလို့
လှိုင်းတက်အပျိုတော်လို့ ခေါ်တာ။ လှိုင်းတက် ခင်လေးငယ်ဟာ မိဖုရားခေါင်ကြီး
အပျိုတော်ပေါ့။ သူ့အမည်ရင်းက ခင်ဖြူတဲ့။ သီပေါမင်းလက်ထက် အသုံးစာရေး ဦးကူးရဲ့သမီး။
သိမီလိုက်သူတွေပြောတာတော့ အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ မျက်ဝန်းမျက်ဖန်
ကောင်းတယ်လို့ ဆိုတယ်။ သူ့အဆက်အနွယ်တွေ ခုထိ ရန်ကုန်က စူနီယမ်ပါခ် (သုခဝတီလမ်း)
မှာ ရှိသေးတယ်'
'လှိုင်းတက်ဆိုတဲ့ နေရာက
ဘယ်မှာရှိတုံး'
'သာစည်မြို့ အရှေ့ဘက်၊
တောင်ကြီးကို သွားတဲ့ကားလမ်းမှာ လှိုင်းတက်ဆိုတဲ့နေရာ ရှိတယ်။ (ရွှေစစ်သင်)
မြင်းဖြူရှင် နတ်ဖြစ်စဉ်မှာ ပုဂံဘုရင် စောမွန်နစ်ဟာ ကျိုင်းငသင် ဆိုသူ
သောင်းကျန်းတာကြောင့် သားတော် ရွှေစစ်သင်ကို ချီတက်နှိမ်နင်းစေသတဲ့။ လှိုင်းတက်ကို
ရောက်တဲ့အခါမှာ စစ်မချီဘဲ ကြက်တိုက်ကစားနေလို့ ခမည်းတော် အမျက်ထွက်ပြီး သားတော်ကို
မြေထဲမှာ ခန္ဓာတစ်ပိုင်း မြှုပ်ကာ မြေထိပ်ခတ် အကျဉ်းချ ဒဏ်ပေးထားတော့
ဝမ်းနည်းကြေကွဲပြီး သေလို့ နတ် ဖြစ်သတဲ့။ အဲဒီဖြစ်စဉ်ကို ကြည့်ရင်
လှိုင်းတက်ဆိုတဲ့ နေရာဟာ ပုဂံခေတ် ကတည်းက ရှိတယ်လို့ သိရတာပေါ့ တော်တော်'
'ဟုတ်လား'
'ကျွန်တော့်တော့
လှိုင်းတက်မင်းသား တင်မြတ်ဆွေဆိုတာ လှိုင်းတက် အပျိုတော် အဆက်မဖြစ်နိုင်ဘူးလို့
ထင်တယ်။ သူက မင်းသားလေ။ မင်းမျိုး ဖြစ်ရမှာပေါ့။ ကျွန်တော် စုံစမ်းကြည့် ပါဦးမယ်'
လှိုင်းတက် အကြောင်းကို
သုတေသနပြုရာတွင် လှိုင်းတက်စားခဲ့ရသည့် မိဖုရား၊ မင်းသား၊ ဝန်ထောက်၊ အပျိုတော်
စသည့် အလွှာအသီးသီးကို တွေ့ရပါတယ်။
ဗဒုံမင်း (ဘိုးတော်ဘုရား)၏
မြောက်ရှေ့ရေးဆောင် မိဖုရား သီရိမဟာ သုဓမ္မာဒေဝီသည် မူလက
စစ်ကိုင်းမင်း(ဘကြီးတော်)၏ နို့ထိန်း ဖြစ်ခဲ့သည်။ ငယ်မည် ရှင်ဝက်ဟု ခေါ် ၏။
ဗဒုံမင်း တရားကြီး၏ မင်္ဂလာအိမ်တော်ပါ မိဖုရားဖြစ်သည်။ ပထမ ယင်းတိုက်ရွာစား
ဖြစ်သည်။ ထို့နောက် လှိုင်းတက်မြို့စား မိဖုရားဖြစ်လာသည်။ အမြင့်မြို့၊
ကာမမြို့ကို စားရပြီး မြောက်ရှေ့ရေးဆောင် မိဖုရား ဖြစ်လာသည်။
လှိုင်းတက်မြို့စားအမည်နှင့် ထိုမိဖုရား ကို အစောဆုံး ရှာဖွေတွေ့ရှိရခြင်း
ဖြစ်သည်။ သူသည် သက္ကရာဇ် (၁၁၇၁)၊ ဝါခေါင်လဆန်း ၁၁ ရက်တွင် မင်းကွန်း၌ ကံကုန်သွားသည်။
ဗဒုံမင်း(ဘိုးတော်ဘုရား)တွင် နောက်ထပ်
လှိုင်းတက်မြို့စား မိဖုရားဟု ရှိသေးသည်။ လှိုင်းတက်မြို့ကို ဒုတိယစားခဲ့ရသော
မိဖုရားဖြစ်၏။ ငွေကျောင်း ဒါယကာသမီး(ငယ်မည်-ရှင်ဥ) ဖြစ်သည်။ မူလကိုယ်လုပ်တော်
ဖြစ်၏။ သက္ကရာဇ် (၁၁၆၄)ခုတွင် သီရိ သူမြတ်စွာမဟေဘွဲ့မည်ဖြင့် လှိုင်းတက်မြို့စား
မိဖုရားဖြစ်လာသည်။ သက္ကရာဇ်(၁၂၂၃)ခု တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်နေ့တွင် ကံကုန်သည်။
ထိုမိဖုရားတွင် မင်းရဲလှစည်သူ ဟူသော သားတော်တစ်ပါး ထွန်းကား၏။ ထိုမင်းသားသည် ပထမ
ယင်းခဲမြို့၊ နောက်ရွှေဂုံတိုင်မြို့တို့ကို စားရပြီး သက္ကရာဇ် (၁၁၉၁)တွင် မဟာ
သုဓမ္မရာဇာဘွဲ့မည်ဖြင့် မြင်ကွန်းမြို့ကို စားရ၍ မြင်ကွန်းမင်းသားဟု အမည်တွင်သည်။
ထိုမင်းသားသည် သာယာဝတီ မင်းလက်ထက်တော်တွင်လည်း မြင်ကွန်းမြို့ကိုဆက်၍ စားရသည်။
အမရပူရမြို့ အရှေ့မြောက်ထောင့် ရွှေကွန်အုပ်ဘုရားတွင် လှိုင်းတက် မိဖုရားနှင့်
သားတော် မြင်ကွန်းမင်းသားတို့က ခေါင်းလောင်းလှူထားရာ ၎င်း ခေါင်းလောင်းစာကို
ဝက်မစွတ်မြို့စား နဝဒေးက ရေးခဲ့သဖြင့် သူတို့သားအမိ အကြောင်းကို အသေးစိတ်
သိခဲ့ရခြင်း ဖြစ်သည်။ (၁၂၁၆)ခုနှစ်၊ မင်းတုန်းမင်းတရား ဥကင်တော်ဖွင့်
အခမ်းအနားတွင် အထက်ပါ မြင်ကွန်းမင်းသားအား လှိုင်းတက် မိဖုရား၏ သားတော်ဖြစ်၍
မဟာသီရိဓမ္မရာဇာ ဘွဲ့မည်ဖြင့် လှိုင်းတက် မြို့စားအရာပေးခဲ့သည်။ ထိုလှိုင်းတက်
မင်းသားကြီးသည် (၁၂၂၅)ခု၊ တပို့တွဲလ၊ သက်တော်(၆၃)နှစ် အရတွင် ကံကုန်တော်မူသည်။
သူ့တွင် သားတော်သုံးပါး ထွန်းကား၏။ မောင်ခင်၊ မောင်ဘိုးလှ၊ မောင်ဆဲတို့ ဖြစ်သည်။
လှိုင်းတက်မင်းသားကြီး၏ သားတော်သုံးပါးကို မင်းတုန်းမင်း တရားကြီးက (၁၂၂၄)ခုနှစ်၊
ကဆုန် လဆန်း ၁၄ ရက်နေ့တွင် မြင်းမှူး မင်းသားများအဖြစ်နှင့် ဘွဲ့မည်များ
ပေးခဲ့သည်။ သားတော်ကြီးမောင်ခင်ကို မင်းရဲမင်းလှစည်သူ၊ သားတော် လတ်မောင်ဘိုးလှကို
မင်းရဲမင်းလှ သီဟသူ၊ သားတော် အငယ်မောင်ဆဲကို မင်းရဲမင်း ထင်သီဟသူ စသည့်ဘွဲ့မည်
များနှင့် မြင်းမှူးမင်းသားများ အဖြစ် ခန့်အပ်သည်။
ဦးစိန်မောင်ဦး၏ မှတ်တမ်း တွင်...
'(၁၂၇ဝ) ပြည့်နှစ်၊ နတ်တော်
လဆန်း ၉ ရက်၊ အင်္ဂါနေ့ လှိုင်းတက် မင်းသား၏သား အသက် ၈ဝ အရွယ် ထိပ်တင်ကြီး၏
ရုပ်အလောင်းကို သင်္ချိုင်းတော်သို့ ပို့ဆောင်တော်မူသည်' ဟု
ပါရှိသည်။ ထိုလှိုင်းတက်မင်းသား၏သား ထိပ်တင်ကြီး ဆိုသူမှာ မင်းရဲမင်းလှစည်သူ
ဘွဲခံမြင်းမှူး မင်းသား မောင်ခင်ပင်ဖြစ်၏။ တော်တော် (တော်ဘုရားကလေး)ပြောသည့်
လှိုင်းတက်မင်းသား တင်မြတ်ဆွေ ဆိုသူမှာ ၎င်း ထိပ်တင်ကြီး၏သားတော် ဖြစ်ပါသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး
တတိယတွဲ၊ (၁၃၃ဝ)ပြည့်၊ လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်ထုတ် စာအုပ်၏ စာမျက်နှာ (၄၆၆)
မင်းတုန်း မင်းတရားကြီး နတ်ရွာစံခန်းတွင်...
'မြေနန်းပြာသာဒ်တော်
သီဟာသနရာဇ ပလ္လင်တော်ရှေ့၊ ဝဲယာထီးဖြူတော်(၈)စင်းကိုလည်း မိုးမြိတ်မင်းသား သား
လှိုင်းတက်မြို့စားမင်းသား မင်းရဲကျော်ထင်၊ စိန်တုန်းလှေအုပ် မင်းသား မင်းရဲနရာ၊
ပွဲတိုင်းကျော် လှေအုပ်မင်းသား မင်းရဲမင်းလှတို့ ညီတော်နောင်တော် သုံးဦး ကြပ်မဖွင့်လှစ်ရသည်'
ဟုပါ၏။ သို့ဖြစ်၍ မိုးမြိတ်မင်းသား သား၊ လှိုင်းတက်မင်းသားဆိုသည်ကို
စုံစမ်းရပြန်သည်။ မိုးမိတ်မင်းသား ဆိုသူက ဗဒုံမင်း(ဘိုးတော်ဘုရား)နှင့်
မိုးမိတ်စော်ဘွား သမီး သီရိတိလောက ဒေဝီဟန်လင်း မိဖုရားတို့က ဖွားတော်မူသည့်
သားတော် သမီးတော် ၇ ပါး အနက် အကြီးဆုံးသားတော်ကြီးဖြစ်သည်။ ထိုမိုးမိတ်မင်းသား
မဟာဓမ္မရာဇာသည် မင်းခင်း မင်းသမီး သီရိ မလ္လာနန္ဒာဒေဝီနှင့် စုံဖက်ရာ၊ သားတော်
တကောင်းမင်းသား (ငယ်မည် မောင်ခမ်းမော်)၊ ကြံညှပ်မင်းသား (ငယ်မည်-မောင်လတ်)၊
ဟင်္ဂမော်မင်းသား (ငယ်မည်- မောင်ဘိုး)ဟူ၍ သုံးပါး ထွန်းကားသည်။ ထိုမင်းသား
သုံးပါးသည် မင်းတုန်းမင်း တရားကြီး၏ ခမည်းတော် သာယာဝတီမင်းနှင့် တစ်ဝမ်းကွဲ
ညီအစ်ကိုတော်များဖြစ်ရာ မင်းတုန်းမင်း တရားကြီး၏ ဘထွေးတော်များ တော်စပ်ကြသည်။
သီပေါမင်းတရား လက်ထက်တော်အထိ သက်ရှိထင်ရှားရှိကြသည်။ တကောင်းမင်းသားကြီးကို
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မင်းရဲကျော်ထင်ဘွဲ့နှင့်
လှိုင်းတက်မြို့စားပေးခဲ့သည်။ ထို့ကြောင့် လှိုင်းတက်မင်းသားဟုတွင်သည်။ သက္ကရာဇ်
(၁၂၃၇) ခု၊ သီပေါမင်းသား ပထမ ပြန်ဆိုတော်မူသောအခါ သုဓမ္မာဇရပ်အတွင်း
မြတ်စွာဘုရားတော် ကိန်းဝပ်ရာ ရှေ့တော်သို့ ဝင်တော်မူရာတွင် လှိုင်းတက်မင်းသား
မင်းရဲကျော်ထင်သည် စိန်တုန်းလှေအုပ်မင်းသား၊ ပွဲတိုင်းကျော် လှေအုပ်မင်းသား၊
ဆွေတော်အုပ် မင်းသားတို့နှင့်အတူ အလှည့်ကျ အတွဲ အမလိုက်ခဲ့ရသည်။ မင်းတုန်းမင်းတရား
နတ်ရွာစံခန်းတွင် ပါဝင်ရသည့် လှိုင်းတက်မင်းသား မင်းရဲကျော်ထင်ဆိုသူမှာ
ထိုလှိုင်းတက် မင်းသားကိုပင် ဆိုလိုသည်။ သို့သော် သူသည် လှိုင်းတက်မြို့ကို
မင်းတုန်းမင်းတရား လက်ထက်တွင်သာ စားလိုက်ရ၏။ သီပေါမင်းတရား နန်းတက်သည့် (၁၂၄ဝ)ခုနှစ်၊
ပြာသို လဆန်း ၁ဝ ရက်နေ့တွင် သုသီရိမဟာ ဓမ္မာရာဇာဘွဲ့ မည်ပေးပြီး တကောင်းမြို့ကိုပါ
အသုံးကံကျွေးပေး သနားတော် မူခဲ့သဖြင့် တကောင်းမင်းသားကြီးဟုပင် ပြန်၍ ခေါ်ကြပါသည်။
သီပေါမင်းတရားက တံခါးပိတ် မင်းသားကြီး အရာလည်း ပေးခဲ့သည်။ သက္ကရာဇ် (၁၂၄၇) ခုနှစ်၊
ကဆုန်လတွင် ကံကုန်တော်မူသွား၍ ပထမ မက္ခရာမင်းသားကြီး သားတော်
ထီးလင်းမင်းသားကြီးကို သင်္ဂြိုလ်နည်းအတိုင်း လွှတ်တော်က သင်္ဂြိုဟ်ခဲ့ရသည်ဟု
လွှတ်တော်မှတ်တမ်းများတွင် ဆိုထားရာ ပါတော်မမူမီ ၆ လခန့်က ကံကုန်သွားခြင်း
ဖြစ်ပါသည်။
လှိုင်းတက်မင်းသား သာထွန်းအောင် ဆိုသူ
ရှိသေးသည်။ သူသည် မိုးညှင်းမင်းသား၏ သားတော်ဆို၏။ မိုးညှင်းမင်းသားဆိုသူက
ဗဒုံမင်း၏ သားတော်ကြီး၊ ရခိုင်နိုင်အိမ်ရှေ့မင်းနှင့် ညောင်စားသမီး သီရိဂဇာ
(စောညွတ်မှိုင်း)တို့၏ သားတော် (ငယ်မည်-မင်းမြဘူး) ဖြစ်သည်။ မင်းမြဘူးသည်
စစ်ကိုင်းမင်းလက်ထက်တွင် ဒွါရာဝတီ သံတွဲမြို့စား သီရိမဟာဓမ္မရာဇာ ဖြစ်လာသည်။ ပထမ
အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးတွင် ဒွါရာဝတီမြို့နှင့် လဲပြီး ပင်းတလဲမြို့ကို
ကံကျွေးခံရသည်။ သာယာဝတီမင်းလက်ထက်တွင် အချီး အမြှင့် မခံရပါ။ ပုဂံမင်းလက်ထက်တွင်၊
မိုးညှင်းမြို့ကို ကံကျွေးခံရ၍ သီရိမဟာ ဓမ္မရာဇာဘွဲ့နှင့်ပင် မိုးညှင်း
မင်းသားကြီးဟု ဖြစ်လာသည်။ သက္ကရာဇ်(၁၂ဝ၈)ခု၊ တပေါင်းလဆန်း ၁၃ ရက် စနေနေ့တွင်
ပုဂံမင်း ထီးဆောင်း မင်္ဂလာ မဟာဥကင်တော်ဖွင့် အခမ်းအနားတွင် သီရိမဟာ ဓမ္မရာဇာ
မိုးညှင်းမင်းသားကြီး၏ သမီးတော် မြတောင်မြို့စား မင်းသမီးကို သီရိ
သုရတနာမင်္ဂလာဒေဝီဘွဲ့ မည်ပေး၍ အနောက်ခန်း တင်တော်မူသည်။ မြတောင် မင်းသမီး၏
မောင်တော် (ငယ်မည်-သာထွန်းအောင်)ကိုလည်း သတိုးမင်းရဲကျော် ထင်ဘွဲ့နှင့် မင်းသားလတ်
ခန့်၍ လှိုင်းတက်မြို့ကို စားစေသည်။
သက္ကရာဇ်(၁၂၁၄) ခုနှစ်၊
မင်းတုန်းမင်းနှင့် ကနောင်မင်းတို့ နောင်တော် ပုဂံမင်းကို ခြားနားသည့် အရေးတွင်
ပုဂံမင်း၏ ယောက္ခမတော် မိုးညှင်းမင်း သားကြီးနှင့် ယောက်ဖတော် လှိုင်းတက်မင်းသား တို့သည်
ပုဂံမင်းဘက်မှ အလုံကြောင်း ချီ၍ တိုက်ခိုက်ကြရသည်။ ကနောင်မင်း ဘက်မှ တပ်များ၏
တိုက်ခိုက်မှုကို မခံမရပ်နိုင်၍ ဆုတ်ခွာပုန်းအောင်းနေရာ တွေ့ရှိဖမ်းဆီးခြင်းခံရသည်။
မင်းတုန်းမင်း လက်ထက်တွင် မိုးညှင်း မင်းသားကြီးတို့ မိသားစုအရာကျကြသည်။
အချီးအမြှောက် မခံကြရ။ လှိုင်းတက်မင်းသား သာထွန်းအောင် သည်လည်း လှိုင်းတက်မြို့ကို
မစားရတော့ချေ။ သို့သော် လှိုင်းတက်စားဟောင်း၏ညီမ မယ်မိတ်သည် နန်းတွင်း
အပျိုတော်ဖြစ်လည်သည်။ သက္ကရာဇ် (၁၂၂၈)ခု၊ နတ်တော်လတွင် လှိုင်းတက်စားဟောင်း
သာထွန်းအောင်သည် နန်းတွင်းနေ ညီမ အပျိုတော် မယ်မိတ်နှင့် စိန်နားဋောင်း
အထည်အလိပ်များကို ရောင်းချ၍ လူသူစည်း ကြပ်ပြီးလျှင် မသင့်မတင့်သော အကြံအစည်ကို
တိုင်ပင်ကြံစည်ကြောင်း၊ အပျိုတော် မယ်မိတ်ဝင်းအတွင်းနေ လှည်းသမား ငရိပ်၊ ကုန်သည်
ငပေါ တို့က ပုခန်းကြီး မြို့စားဝန်ကြီးထံ လျှောက်ထားသောကြောင့် ဖမ်းဆီး
စစ်ဆေးခြင်းခံကြရသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင်...
'စစ်မေးရာ
ဖြောင့်မှန်သည်ဖြစ်၍ လှိုင်းတက်စားဟောင်း ငသာထွန်းအောင်၊ ညီငခို၊ ငစို၊ ငချို၊
ငပို၊ နှမ မိမြင့်၊ မိမိတ်နှင့် ရွေးလက်ဝဲအမှုထမ်း ငချမ်းအေး၊ ငအောင်ပေါ်၊ ငပိုက်၊
မိမိတ် ဆွေမျိုး ငရဲလှ၊ ငဘအို၊ ငကျောက်လုံး၊ ငချိတ်ငယ်တို့ကို အမိန့်တော်မခံ
သုံးတန်းပေး၍ ထုံးစံနှင့်အညီ စီရင်သည်'ဟု ရေးသားထားသည်ကို
တွေ့ရသည်။
သီပေါမင်းတရား လက်ထက်တော်
ပင်းမြို့စား အတွင်းဝန် ဦးစံငြိမ်း ဆိုသူသည် အတွင်းဝန်မဖြစ်ခင်က ကင်းစဉ်ဝန်ထောက်
ဖြစ်ခဲ့သည်။ ကင်း အမျိုးမျိုးကို အစဉ်အတိုင်း အုပ်ချုပ်ရ၍ အလုပ်ဝတ္တရားအရ
ကင်းစဉ်ဝန်ထောက်ဟု ခေါ်ခြင်းဖြစ်သည်။ ထိုစဉ်က ဦးစံငြိမ်းသည် လှိုင်းတက်
မြို့စားရသဖြင့် သူ့ကို လှိုင်းတက် ဝန်ထောက်ဟူ၍လည်း ခေါ်ခဲ့ကြသည်။ နောင်အခါ
အတွင်းဝန် ဖြစ်လာပြီး ပင်းမြို့ကိုစားရသဖြင့် ပင်းအတွင်းဝန်ဟု ခေါ်ခြင်းဖြစ်သည်။
သူ၏သမီး ပင်းခင်ခင်ကြီး ဆိုသူက ဒိုင်းခင်ခင်ကြီး တို့အပြိုင်
ထင်ပေါ်ကျော်ကြားခဲ့သူဖြစ်၏။
ပင်းအတွင်းဝန် ဦးစံငြိမ်းစားခဲ့ရသည့်
လှိုင်းတက်မြို့ကို ဆက်ခံရသူမှာ လှိုင်းတက်အပျိုတော် ဖြစ်သည်။ အပျိုတော်
လှိုင်းတက် ခင်လေးငယ်သည် လှိုင်းတက်မြို့ကို နောက်ဆုံး စားခဲ့ရသူ ဖြစ်ပါသည်။
▀
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။