ရွှေသုတ‌

ကျွန်တော်နှင့် ဇာတ်ကောင်များ (၁)

ကံချွန်

01 April 2025
ကျွန်တော်နှင့် ဇာတ်ကောင်များ (၁)
Share to

          အလွန်ရှုပ်ထွေးလှသော လောကကြီးသည် သူ့ကိုယ်သူ လှပရန် လက်ရာမြောက်လှသော ဇာပဝါတစ်ထည်ကဲ့သို့ အကွက်ဖော်ထားသည်။ ပြဿနာ အကျော်အနင်း အရက်အဖောက်များကိုပင် ကျွန်တော်တို့ နှစ်သက်စွဲလမ်းနေမိကြပါသည်။ ထို့ကြောင့် ထူးခြားဆန်းကြယ်မှုများစွာ ကျွန်တော်တို့၏ ဝန်းကျင်မှာ အခါမလပ် ဖြစ်နေတော့သည်။ ကျွန်တော်သည် ကျွန်တော့်ဝန်းကျင်ကို ကြည့်၍ အံ့သြနေချိန်မှာ ကျွန်တော့်ဝန်းကျင်သည် ကျွန်တော့်ကို ကြည့်၍ အံ့သြနေလိမ့်မည် ထင်ပါသည်။

            စာရေးဆရာ ဖန်တီးလိုက်သော ဇာတ်ကောင်သည် စာရေးဆရာထက် သစ္စာရှိနေသည်။ အနုပညာဝိညာဉ် ပူးကပ်၍ အောင်မြင်လေ ထိုဇာတ်ကောင်သည် သစ္စာရှိလေ။ သူ ရှင်သန်လာခဲ့ရသော ဘဝကို သူ ဘယ်တော့မှ မမေ့။ သူ့အမူအကျင့်ကို သူ့စရိုက်ကို သူ တန်ဖိုးထားသည်။ ထို့ကြောင့် သူ့ကို ဖန်တီးခဲ့သော သူ့ဆရာ၏ အလိုဆန္ဒသည်ပင် သူ၏ အမူအကျင့်စရိုက်နှင့် သွေဖည်နေပါက လက်ခံရန်

ငြင်းဆန်တော့သည်။ အတင်းစေခိုင်းပါကလည်း ထိုတာဝန်ကို ပြောင်မြောက်စွာ မထမ်းဆောင်နိုင်ပါ။ ထိုဇာတ်ကောင်သည် သူ့ဝါသနာ၊ သူ့အမူအကျင့်၊ သူ့စရိုက်ကို မပြောင်းနိုင်၍ ဖြစ်ပါသည်။ သည်အခါ စာရေးဆရာသည် သူ့ဇာတ်ကောင်ကို မနိုင်တော့။ သူ့စိတ်ကြိုက် ခိုင်းစေမရတော့။ ဇာတ်ကောင်သည်

သူ့အား လေ့ကျင့်ပေးခဲ့သော အမူအကျင့်စရိုက်ဆီသို့သာ စာရေးဆရာကို ပြန်၍ဆွဲခေါ်နေတော့သည်။ စာရေးဆရာသည် သူ့ဇာတ်ကောင်နောက်သို့သာ ပြန်လိုက်ရတော့သည်။

            တစ်ခါတစ်ရံမူ ဇာတ်ကောင်ကျွမ်းကျင်သော အမူအကျင့်စရိုက်ကို ခိုင်းလိုက်ပြီ ဆိုသည်နှင့် ထိုဇာတ်ကောင်သည် စာရေးဆရာကိုပင် ပြန်လည်ဦးဆောင်ကာ အလွန်တော်သော သရုပ်ဆောင် ပညာရှင်လို ဒါရိုက်တာက တစ်ထွာပြရုံနှင့် တစ်လံမက စွမ်းဆောင်လုပ်ပြသွားနည်းမျိုးနှင့် ရှေ့မှပြေးတော့သည်။ ဇာတ်ကောင်တွင် အနုပညာဝိညာဉ် ပူးကပ်သွားပြီဆိုပါက ထိုဇာတ်ကောင်က စာဖတ်သူထံမှ (စာရေးဆရာ ထက်ပင်) လက်ခံအားပေးမှု ရသွားတော့သည်။ ပရိသတ်သည် စာရေးဆရာထက် ဇာတ်ကောင်ကို ပိုမိုရင်းနှီးနေကြသည်။ သိနေကြသည်။ အသိအမှတ်ပြုမှု ပိုရနေည်။ ထိုသို့အောင်မြင်သွားသော ဇာတ်ကောင်ကိုမူ စာရေးဆရာသည် မပိုင်တော့ပါ။ စာဖတ်ပရိသတ်က ပိုင်သွားသည်။ စာဖတ်ပရိသတ်သည် သူတို့ချစ်နေသော ဇာတ်ကောင်၏ အမူအကျင့်စရိုက်ကို အကြောင်းမခံတော့။ ထိုအခါ စာရေးဆရာသည် ဇာတ်ကောင်ကို အသုံးချရန် ဖန်တီးခဲ့ရာမှ ဇာတ်ကောင်က စာရေးဆရာကို ပြန်လည်အသုံးချခြင်းကို ခံရတော့သည်။ စာရေးဆရာ မွေးလိုက်သော ဇာတ်ကောင်က အောင်မြင်သွားသောအခါ ထိုဇာတ်ကောင်ကို ဖန်တီးလိုက်သော စာရေးဆရာသည် ဇာတ်ကောင်၏ လက်ခုပ်ထဲသို့ ပြန်ရောက်သွားရလေတော့သည်။ အနုပညာ အရှိန်သြဇာ ကြီးမားသည့် ဇာတ်ကောင်ဖြစ်သွားသည်နှင့် ထိုဇာတ်ကောင်ကို ဖန်တီးမိသော စာရေးသူမှာ ထိုဇာတ်ကောင်နှင့် ခွဲမရတော့ပါ။ ထိုဇာတ်ကောင်သည် စာရေးဆရာ၏ အတွေးကိုပါ ချုပ်ကိုင် လိုက်တော့သည်။ စာရေးဆရာကိုယ်တိုင် ဇာတ်ကောင်၏ လောင်းရိပ်ကို မိသွားတော့သည်။ ရုန်းမထွက်နိုင်။ ထိုအခါ စာရေးဆရာ၏ ကံကြမ္မာသည်ပင် ဇာတ်ကောင်၏ လက်ထဲသို့ ရောက်သွားရတော့သည်။

            အနုပညာအားကောင်းလွန်းသော စာရေးဆရာကြီးများကမူ သူ ဖန်တီးခဲ့သော ဇာတ်ကောင်၏ အောင်မြင်မှုကို ချိန်ခွင်လျှာညှိရန် နောက်ထပ်သီးခြား အမူအကျင့်စရိုက်ရှိသော ဇာတ်ကောင်ကို ထပ်မွေးတော့သည်။ အမူအကျင့် ကွဲပြားသော ဇာတ်ကားပေါင်းများစွာကို ဖန်တီးတော့သည်။ ဇာတ်ကောင် တစ်ကောင်တည်းကို အားကိုးနေရခြင်းမှ ကင်းကွာရန် ဖြစ်ပါသည်။ အနုပညာ အားမကောင်းပါမူ အောင်မြင်သွားသော ဇာတ်ကောင်ကိုသာ အားကိုးရတော့သည်။ ထိုဇာတ်ကောင် အပေါ် ပရိသတ်၏ သဘောထားသည် စာရေးဆရာအပေါ် အကျိုးသက်ရောက်နေတော့သည်။ ဇာတ်ကောင်၏ သြဇာအတက်အကျသည် စာရေးဆရာ၏ ကံကြမ္မာ ဖြစ်လာရတော့သည်။

            စာရေးဆရာသည် အဘယ်ကြောင့် ဇာတ်ကောင်ကို ဖန်တီးသနည်း။ အဖြေက အမျိုးမျိုးထွက်နိုင် ပါသည်။ အမျိုးမျိုးထွက်နိုင်သော အဖြေများမှ တစ်စုံတစ်ယောက်အား ထိခိုက်နစ်နာ၊ ဂုဏ်သိက္ခာ ကျစေနိုင်သော အဖြေများကိုမူ ချန်လှပ်ထားခဲ့ပါမည်။ ဇာတ်ကောင်မွေးခြင်းကို ဝတ္ထုရေးဆရာများ၊ ဆောင်းပါးရေးဆရာများ၊ စာနယ်ဇင်း ပင်တိုင်ဆောင်းပါးရှင်များ စသည့် စသည့် ပုံစံအသီးသီး ရေးဟန်အမျိုးမျိုးမှာ တွေ့နိုင်ပါသည်။ ဆောင်းပါးကို ပင်တိုင်ဇာတ်ကောင်နှင့် ရေးသည်လည်း ရှိသည်။ ဆရာဇဝန၏ ဦးလေးပြောမယ် ဆောင်းပါးများတွင် တူမောင်သည် ပင်တိုင်ဇာတ်ကောင်ဖြစ်သည်။ တူမောင် မွေးထားပြီး အကြောင်းအရာစုံ ပြောပြတော့သည်။ ဆရာကြီးရွှေဥဒေါင်း၏ မောင်စံရှားမှာ ဝတ္ထုထဲမှ ဇာတ်ကောင်ဖြစ်သည်။

            ဇာတ်ကောင်နှင့် တင်ပြပုံ ဖွဲ့နွဲ့ပုံကလည်း ဆက်စပ်နေသည်။ ပင်တိုင် ဇာတ်ကောင် ထားလိုက်သည်နှင့် စရိုက် သေသွားပြီ။ တင်ပြပုံ အဖွဲ့အနွဲ့မှာ ပုံစံတူများ ဖြစ်သွားပြီ။ အကြောင်းအရာ တွေသာ ကွဲလွဲတော့မည်။ ဤသည်က ဆောင်းပါးမှာ။ ဝတ္ထုမှာမူ အကြောင်းအရာပင် မကွဲလွဲတော့။ ဇာတ်ကွက် အချိတ်အဆက်တွေသာ လှည့်၍ရတော့သည်။ ပင်တိုင်ဇာတ်ကောင်မွေး၍ ရေးပြီဆိုသည်နှင့် ဇာတ်ကောင်၏ အင်အားကို ချိန်ဆနိုင်ရပါမည်။ ဆရာကြီး မောင်ထင်၏ ကိုဒေါင်း ဝတ္ထု စတုတ္ထအကြိမ် ပုံနှိပ်ရာ (၁၉၇၄) စာအုပ် အမှာစာတွင် ဆရာကြီးမောင်ထင်က အမှာစာရေးရာတွင်...

            စာရေးသူက ကိုဒေါင်းကို ဖန်တီးသည်ဟု ဆိုကြ၏။ သို့သော် ကိုဒေါင်းက စာရေးသူအား စာရေးဆရာဖြစ်အောင် ဖန်တီးပေးသည်ကိုလည်း စာရေးသူက မမေ့နိုင်။

            ဟူ၍ ရေးခဲ့ဖူးသည်။ ဆရာဇော်ဂျီကမူ ကိုဒေါင်းဝတ္ထု၏ အမှာစာတွင်...

            ကျွန်တော်သည် ကိုဒေါင်းဝတ္ထုကို ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဝတ္ထု၌ပါရှိသော တောရွာ၊ ဝတ္ထု၌ပါရှိသော ရွာသူရွာသား ဝတ္ထု၌ ပါရှိသော ကိုဒေါင်းတို့သည် မြန်မာနိုင်ငံဝယ် တကယ်ရှိသည်ဟု မှတ်ချက်ချလိုက် သတည်း။

            ဟု ရေးသားသည်။ ကိုဒေါင်းသည် ကျွန်တော် အကြိမ်ကြိမ်အခါခါ ဖတ်သော ဝတ္ထုဖြစ်ပါသည်။ အပြင်မှာ တကယ်ရှိသော တစ်စုံတစ်ယောက်၏ အပြုအမူ အပြောအဆိုစရိုက်ကို နှစ်သက်လျှင် ထိုသူကို ဇာတ်ကောင်ထားကာ သူ့စရိုက်နှင့် လိုက်ဖက်မည့် ဇာတ်ကို ရေးသားခြင်း၌ ပျော်မွေ့ခဲ့ဖူးပါသည်။ ယခုထိလည်း ပျော်မွေ့နေဆဲ ဖြစ်ပါသည်။ ထိုဇာတ်ကောင်၏ ဝန်းကျင်ကိုလည်း အပြင်မှာ ကျွန်တော်နှစ်သက်သော သူ၏ဝန်းကျင်မှ လူများကို ထင်ဟပ်ဖန်တီးခဲ့သည်သာ ဖြစ်ပါသည်။ လူပျိုကြီး ကိုတင်ညွန့်ဝတ္ထုမှာ ထိုနည်းဖြင့် ရေးခဲ့ခြင်းပါ။ ဆရာကြီး မောင်ထင်၏ စာပေကျေးဇူးကို ဝန်ခံ မှတ်တမ်းတင် ကန်တော့ပါသည်။

            ကျွန်တော်သည် ဇာတ်ကောင်၏ သြဇာလွှမ်းမိုးမှု ခံရမည်ကိုမူ ကြောက်ပါသည်။ ထိုဇာတ်ကောင်မှ လွဲ၍ မရေးနိုင်ဖြစ်ရမည်မျိုး ရေးနိုင်သော်လည်း ပရိသတ်လက်မခံဖြစ်ရမည်မျိုးကို မလိုလားပါ။ သို့သော် ကျွန်တော် ထင်ဟပ်ဖန်တီးမွေးယူထားသော ဇာတ်ကောင်များကိုမူ သူတို့စရိုက်နှင့် အံဝင်သော အကြောင်းအရာရှိလာလျှင် အသုံးပြု ဖြစ်ပါသည်။ သူတို့၏စရိုက်သည်ကပင် ကျွန်တော် ပြောမည့်အကြောင်းအရာနှင့် အံဝင်နေသောအခါ ကျွန်တော် မထင်မှတ်သော အတွေးများ၊ စကားလုံးများကို ထိုဇာတ်ကောင်များက ရှာပေး၍ ဖြစ်ပါသည်။ ထိုဇာတ်ကောင်ကိုသာ မသုံးမိလျှင် ထိုစကားမျိုး ထွက်လာမည် မဟုတ်ပါ။

            ၁၉၉ဝ ဝန်းကျင်က ကလေး ဇာတ်ကောင် မာတောက်ကို ဖန်တီးဖူးသည်။ မာတောက်နှင့်တွဲရန် ချက်စူ၊ မျက်ပြဲ၊ နှပ်တွဲတို့ကို ရံပေးခဲ့သည်။ နာမည်များကိုက ထိုကလေးတို့၏ စရိုက်ကို ထင်ဟပ်ပြီး ဖြစ်နေပါပြီ။ အဖြူရောင်စစ်စစ် ဖြစ်ပါသည်ဟု ဘုရားစူး ကြိမ်ပြောရမည့် သူ့အဖေ၏ ချိုင်းပြတ်စွပ်ကျယ် အင်္ကျီမှာ အင်္ကျီပင် ဖြစ်သော်ငြားလည်း ရင်ဘတ်ကို လုံခြုံမှု မပေး။ ခါးအောက်မှ ခြေသလုံးလယ်ထိ ဘောင်းဘီတို၏ တာဝန်ကို ပူးတွဲယူထားသည်။ အသက် ၁၃ နှစ် ခန့် ရှိသော်လည်း မော်ဒယ်လ်များ ခေတ်မစားခင်ကပင် ပိန်သွယ်သွယ် ခန္ဓာကိုယ်ကို မဝရန် ထိန်းထားရသောကြောင့် ၁ဝ နှစ်သားထက် မကြီး။ မာတောက်မှာလည်း ထူးထူးခြားခြား ဖြတ်ထိုးဉာဏ်ကတော့ ရှိသည်။ သူ့အိမ်အတွက် ရေဆွဲပြီဆိုလျှင် ဆယ်ဝင်ပုံး နှစ်ပုံးနှင့် ရေဆွဲသည်။ ရေတွင်းနှင့် အိမ်က ပေသုံးရာခန့်ဝေးသည်။ ရေတစ်ပုံးကိုသာ လက်နှစ်ဖက်နှင့် နံရိုးထဲမှ အားကိုပါ ထုတ်မရသည့် မာတောက်သည် ရေနှစ်ပုံးကို ရေတွင်းမှ အိမ်သို့ တစ်ပြိုင်တည်းရောက်ရန် သယ်နိုင်စွမ်း ရှိပါသည်။ ရေတွင်းမှာ ရေနှစ်ပုံး ရေဖြည့်ပြီးသည်နှင့် ပထမပုံးကို ဆယ်ပေခန့် မရွှေ့ပြီး ချထားသည်။ ဒုတိယပုံးကို လာယူပြီး ဆယ်ငါးပေခန့်ထိ ညွှတ်ပဲ့ညွှတ်ပဲ့နှင့် မရွှေ့သွားသည်။ နောက် ဒုတိယပုံးကို ချထားခဲ့ပြီး ပထမပုံးကို ဒုတိယပုံးအလွန် ဆယ်ပေခန့်ထိ မရွှေ့သည်။ ပြီးတော့ ပထမပုံးကို ချထားပြီးသည်နှင့် ဒုတိယပုံးကို ပထမပုံး လွန်သည်ထိ ရွှေ့သွားပြန်သည်။ ဤနည်းဖြင့် လွန်းထိုးသယ်ယူရာ ရေနှစ်ပုံးလုံး သူ့အိမ်ပေါက်ဝ ရောက်ရတော့သည်။

            မာတောက် အရွယ်နှင့်မမျှ ကျွမ်းကျင်သည်မှာ စားကောင်းသည့်ဖား၊ မစားကောင်းသည့်ဖား ခွဲခြားနိုင်ခြင်းနှင့် ပုစွန်ဖမ်း၊ ငါးဖမ်း ကျွမ်းကျင်ခြင်းပင်။ ယနေ့ ခေတ်စားနေသော အကင်ဆိုင် ဆိုသည်မှာ မာတောက်၏ စားသောက်မှုပုံစံကို မြင်တွေ့သွား၍များ အတုယူခဲ့ကြလေသလားဟု သံသယ ဝင်စရာ ရှိပါသည်။ မာတောက် ဖားကင်၊ ငါးကင်ပြီဆိုလျှင် တဖျစ်ဖျစ် မြည်သံနှင့်အတူ အစာစားချင်စိတ်ကို ဖြစ်စေသော လိုင်စင်းအနံ့သင်းပျံ့ လာတတ်ပါသည်။ ထိုအခါ ချက်စူ၊ မျက်ပြဲ နှင့် နှပ်တွဲတို့သည် သူတို့မှာရှိသော သရေစာ လက်ကျန် ထန်းလျက်၊ ပဲလှော်၊ ချိုချဉ် စသည်ဖြင့် သူတို့အိမ် မှာ ရှိသမျှကို ယူခဲ့ကာ မာတောက်ရှိရာ သို့ ရောက်လာကြသည်။ မုန့်ယူလာရန် မရှိသူက ရေနွေးကြမ်း ပန်းကန်သာသာ ထမင်းကြမ်းခဲ ယူလာတတ်သည်။ သို့နှယ် ကျွန်တော်သည် ကျွန်တော်နေခဲ့သည့် ဝန်းကျင်မှ ကလေးများကို ရေးဖွဲ့ခဲ့ဖူးပါသည်။ ကိုဒေါင်း၏ ကျေးဇူးပင်။

            အကြောင်းကြောင်းကြောင့် မာတောက်ဝတ္ထုများမှာ တစ်အုပ်စာမရှိ၍ စာတစ်အုပ် ဖြစ်ကာ ထွက်မလာပါ။ ပါခဲ့ဖူးသော စာမူ သုံးလေးပုဒ်တော့ ရှိမည်ထင်ပါသည်။ ကြွက်နှင့်ပိုးဟပ်တို့၏ ဝါးမျိုခြင်းခံရသောကြောင့် အမှုန့် မဖြစ်ရုံတမယ် အပိုင်းပိုင်းပြတ်ခဲ့ရပါ သည်။ အပြင်လောကတွင် မရှိနိုင်သော ကျွန်တော် မတွေ့မကြုံဖူးသော စရိုက်မျိုး၊ လှုပ်ရှားပုံမျိုး၊ အမူအကျင့်မျိုးနှင့် ဇာတ်ကောင်ကိုမူ ကျွန်တော်ဖန်တီးနိုင်စွမ်း ရှိလောက်အောင် မစွမ်းဆောင်နိုင်ပါ။ ကျွန်တော် အာရုံစိုက်မိခဲ့သော မာတောက်သည် သူ့သဘာဝကိုက ဖြည့်စွက် စဉ်းစားရန် မလိုလောက်အောင် ဝတ္ထုဆန်နေသည်။ မိုးရာသီလွန်၍ ဆောင်းရောက်ပြီ ဆိုသည်နှင့် မာတောက်ကို ရပ်ကွက်ထဲ မတွေ့ရ တော့။ ပွဲရုံများဆီသို့ ရောက်နေတတ်သည်။ ညနေမှ မာတောက်အရပ်ထဲ ပြန်ရောက်သည်။ မာတောက် ပြန်လာသည်နှင့် ပိန်းဥ၊ ကန်စွန်းဥ၊ ထန်းမြေမြစ် စသည့် ဆောင်းသီးနှံများ ပါလာတတ်သည်။ ထိုပါလာသမျှသည် နောက်တစ်နေ့တွင် ပြုတ်ပြီး စားသုံးရန် အသင့်။ ရောင်းကုန်အဖြစ် မာတောက်၏ အိမ်ရှေ့တွင် တွေ့ရတော့သည်။

            မာတောက်သည် မိဘ၏ ကြုံရာကျပန်း လုပ်နိုင်စွမ်းရည်နှင့် ကိုယ့် ပြဿနာ ကိုယ်ရှင်းရန် သတ္တိကို ဝမ်းတွင်းပါ အမွေအဖြစ် ရခဲ့ဟန်တူပါသည်။ ဆောင်းအကုန် နွေအကူး ရွက်သစ်ဝေနုချိန်မှာ လမ်းဘေး မန်ကျည်းပင် မှန်သမျှ မာတောက်အတွက်များ စိုက်ပေးခဲ့လေသလား ထင်ရသည်။ မန်ကျည်းရွက်နု၊ မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းသီးမှည့်ကို စားလိုသော် မာတောက်ကို မှာကြရသည်။ မန်ကျည်းပင် ဘယ်လောက်မြင့်မြင့် ကိုင်းဖျားကိုင်းနားထိ တက်ရဲသည်။ ဘောဂဗေဒ ပညာရှင်တို့အနေဖြင့် အရင်းအနှီးမဲ့ စီးပွားရှာနည်းများကို လေ့လာလိုသော် မာတောက်နှင့် ဆက်သွယ်သင့်ပါသည်။ လောကကြီးတွင် အလုပ်ရှိခြင်း မရှိခြင်းထက် အလုပ်လုပ်လိုစိတ် ရှိခြင်းက ပို၍ အရေးကြီးကြောင်း အယူအဆကို မာတောက်က သက်သေပြုလျက် ရှိပါသည်။

            နွေဆိုလျှင် ပူသည်။

            မိုးမှာ စွေသည်။

            ဆောင်းမှာ အေးသည်။

            ဟူသော ရာသီနှင့် လိုက်ဖက်သည့် ဥတုရှိသောမြို့ကို ပြပါဆိုလျှင် ကျွန်တော်တို့မန္တလေးကို ပြရပါမည်။ ထို့ကြောင့်လားမသိ။ ဟိုးယခင် မန္တလေးမှ ထုတ်လုပ်သော မီးခြစ်များတွင် ဥတုသုံးပါးခံသည် ဟူသော အရည်အသွေးကြော်ငြာစာတန်းကို မီးခြစ်ဘူးပေါ် ဖော်ပြခဲ့ဖူးသည်။ ထို စာတန်းကို မာတောက်၏ နဖူးမှာ ကပ်ပေးထားဖို့ပင် သင့်ပါသည်။

            ယနေ့ မာတောက်သည် ကာလသား ဖြစ်နေပြီ။ ကာရာအိုကေမှာ နဂါးနီ သီချင်းကို ဆိုတတ်ပြီ။ ဂုဏ်သီချင်းကို ဟစ်တတ်ပြီ။ ဂျင်းဘောင်းဘီနှင့် တီရှပ်နှင့် ဖြစ်နေပြီ။ ယနေ့မာတောက်မှာ ကျွန်တော့်ရင်ကို မငြိတော့ပါ။ ကျွန်တော့် ဇာတ်ကောင် မဖြစ်တော့ပါ။ ၁၃ နှစ် သား မာတောက်မှာ ခွန်အားတွေ ရှိနေသည်ဟု ကျွန်တော် မြင်ပါသည်။ မပြည့်စုံမှုများကို ဖြေရှင်းကျော်လွှားနေသော မာတောက်၊ အားငယ်စိုးရွံ့နေသည့် မာတောက် မဟုတ်။ ဤမျှ ဆိုလျှင် ကျွန်တော် မာတောက်ကို နှစ်သက်ခဲ့သည်မှာ ဆင်းရဲခြင်းကို ဂုဏ်တင်ဖွဲ့ဆိုလို၍ မဟုတ်ကြောင်း ရှင်း လောက်ပါပြီ။

            ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်သည့် စရိုက်မျိုးကို ကျွန်တော် ကြိုက်ပါသည်။ ဖျတ်လတ်သွက်လက်နေသော အမူအကျင့်မျိုးကို ကျွန်တော် သဘောကျသည်။ တွေဝေငေးငိုင်ခြင်း၊ အားငယ်စိတ်လွှမ်း၍ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်း စရိုက်များကိုမူ မကြိုက်ပါ။ မာတောက်သည် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို လက်မှိုင်ချငေးငိုင်ကာ အားငယ်နေသည့် စရိုက်မဟုတ်။ နည်း မျိုးစုံနှင့် ကျော်လွှာရင်ဆိုင်ဖြေရှင်းနေသူ။

            ကျွန်တော် မာတောက်ကို ရေးစဉ်က မာတောက်ထက် အဆပေါင်းများစွာ ပြည့်စုံနေပါလျက်နှင့် မာတောက်လောက်မှ သတ္တိမရှိသော၊ ကိုယ့်ကိုယ် ကိုယ် မယုံကြည်သော၊ သူများကို အား ကိုးသောသူများ ဖတ်မိစေလို၍ ရေးခဲ့ခြင်းပါ။ မာတောက်သည် စာရေးသူ အတွက်လည်း အကောင်းဆုံး အားဆေးပင်။

ကံချွန်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။