အနုပညာသမားပြောစကား

မိသားစုအတွက် ယုဇန

ခင်လေးမြင့်

01 April 2025
မိသားစုအတွက် ယုဇန
Share to

သူ့ရဲ့သီချင်းဆိုသံ၊ အသံအနေအထားနဲ့ ဟန်ပန်အမူအရာတွေကို ပရိသတ်တွေ အားပေးနှစ်ခြိုက်တာ တွေ့ရပါတယ်။ အချစ်ဆူး ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ပြီး အတွဲခွေတွေ များစွာမှာ ပါဝင်သီဆိုကာ ပရိသတ်ရဲ့ အားပေးမှုများစွာ ရရှိနေတဲ့ ယုဇနကို ၂ဝဝ၅ ခုနှစ် ဇူလိုင်လ ရွှေအမြုတေ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြပေးတဲ့အတွက် သူနဲ့တွေ့ဆုံမေးမြန်းဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ နာမည်ရနေတဲ့ အနုပညာရှင်တွေ ဖြစ်တဲ့အတွက် အချိန်တိုင်းမှာ အလုပ်ရှုပ်နေတတ်တာကြောင့် သူတို့ရဲ့ အားလပ်ရက်အချိန်ကို ယူပြီး မျက်နှာဖုံးရိုက်ဖို့ အယ်ဒီတာအဖွဲ့က စီစဉ်ပါတယ်။ ဒါရိုက်တာအလုပ်ကိုလည်း လုပ်တဲ့ ဓာတ်ပုံပညာရှင် ကိုပီတာ ဓာတ်ပုံရိုက်ပေးနိုင်မယ့်ရက်၊ ယုဇနလည်း ဓာတ်ပုံရိုက်ဖို့ အချိန်ပေးနိုင်မယ့်ရက် တစ်ရက်မှာ မျက်နှာဖုံး ရိုက်ဖြစ်ပါတော့တယ်။

မျက်နှာဖုံး ရိုက်ဖြစ်တဲ့နေ့က မွန်းတည့် ၁၂ နာရီက စပြီး ဓာတ်ပုံရိုက်တာ ညနေ ၄ နာရီမှ ဓာတ်ပုံရိုက်တဲ့ အစီအစဉ် ပြီးဆုံးပါတယ်။ အချိန်တွေ ကြန့်ကြာရတဲ့ တခြားအကြောင်းတွေကြောင့်ပါ။ ဓာတ်ပုံပီတာကလည်း အချိန်ယူပြီး သေသေချာချာ ရိုက်ပေးသလို ယုဇနကလည်း မညည်းမညူနဲ့ အချိန်ပေး ရိုက်ပေးတဲ့အတွက် အဆင်ပြေချောမွေ့စွာနဲ့ မျက်နှာဖုံး ရိုက်တဲ့ကိစ္စ ပြီးဆုံးခဲ့ပါတယ်။ ဓာတ်ပုံရိုက်လို့ နားတဲ့အချိန်၊ အားတဲ့အချိန်လေးမှာ ကျွန်မလည်း ယုဇနကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဧပြီလထုတ် ရွှေအမြုတေမှာ ယုဇနနဲ့ တွေ့ဆုံမေး မြန်းမှုကလည်း ပါထားသေးတဲ့အတွက် အနုပညာ အကြောင်းများ အပြင်၊ ယုဇနရဲ့ မိသားစုအကြောင်းလေးတွေကို မေးမြန်းဖြစ်ပါတယ်။ တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ အချစ်ဆူး ဗီစီဒီအတွက် သီချင်း ၃ ပုဒ်မှာ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ ယုဇနက အခုလောလောဆယ် Live Show တွေ ရိုက်ဖို့ ရှိသလို Live Show တစ်ခု ဆိုဖို့လည်း ရှိတယ်။ နောက် ပြီး “ငယ်ချစ်ဦး” ဗီစီဒီအတွက် Live Show ရိုက်ဖို့လည်း ရှိတယ်။ ဖြိုးကြီးနဲ့ နှစ်ယောက် တွဲခွေကို PTL မှာ ဆိုနေတယ်လို့ ဆိုပါတယ်။ ပဋိပက္ခအချစ်ဆူးမြစ် ဆိုတဲ့ သီချင်း သုံးပုဒ်ကို လောလောဆယ် အရမ်းကြိုက်နေတယ်လို့ ဆိုတဲ့ ယုဇနရဲ့ မိသားစု အပေါ် ထားရှိတဲ့ စိတ်အနေ အထားကို စူးစမ်းကြည့်မိတဲ့ အခါ...

            ဆယ်ကျော်သက်ကစပြီး အခုအချိန်ထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ဘာတွေ ပြောင်းလဲလာတယ်လို့ ထင်လဲ။

            ဆယ်ကျော်သက် အရွယ်နဲ့ အခု သမီးဖြတ်သန်းနေတဲ့ ဘဝဆိုလို့ရှိရင် သီချင်း စဆိုတုန်းက ကိုယ့်ကိုယ်ကိုယ် ကလေးလိုပဲ။ ဘာပူပင် သောကမှ မရှိဘူး။ အခု တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ လူကြီးတစ်ပိုင်း ဖြစ်နေတယ်လို့ ကိုယ်ကိုယ်ကိုယ် ခံစားရတယ်။ အရင်တုန်းက ဆိုရင် မိသားစုကိစ္စ ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်ဘက်က ဘာမှ ထည့်မတွေးဘူး။ အခုကျတော့ ဘယ်လိုပြောမလဲ၊ အသက်ကလည်း ကြီးလာတော့ တွေးတတ်လာတယ်။ အရင်တုန်းကဆို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သွားပေမယ့် ဘယ်ဟာကို အဓိက ထားသင့်တယ်။ အလုပ်ကို သေသေချာချာ လုပ်သင့် တယ်။ နေရာတိုင်းမှာ စဉ်းစားစရာလေးတွေ ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိတော့ထားမိ တယ်။

            အဆိုတော် ဖြစ်ခါစက ဆိုရင် စိတ်ညစ်စရာ တွေ့ကြုံရသလို ဝမ်းသာစရာတွေလည်း ကြုံရတယ်။ အစတုန်းက သည်းခံစိတ် လုံးဝ မရှိဘူး။ ကိုယ်မှန်တယ်ထင်ရင် လုံးဝ ဂရုမစိုက်ဘူး ဆိုတာမျိုးတွေ ရှိခဲ့တယ်။ ဥပမာ- ကောလာဟလ သတင်းတွေ ထွက်တယ်။ ကိုယ်မလုပ်ဘဲနဲ့ ထွက်တဲ့ သတင်း ဖြစ်တဲ့အတွက် ထိုင်ပြီး ဒေါသဖြစ်နေရော။ အဲဒီလိုဆို စိတ်ဆင်းရဲတယ်။ ပရိသတ်ဘက် ကလည်း တစ်မျိုး ထင်မှာစိုးတယ်။ အခု...ကြာလာတော့ သည်းညည်းခံတတ်လာတယ်။ မဟုတ်တဲ့သတင်းတွေက ကြာရင် ပျောက်သွားမှာပဲ။ ကိုယ်ကောင်းရင် ပြီးရော ဆိုတဲ့ ခံယူချက်နဲ့ပဲ ဆက်ပြီး ရပ်တည်နေတယ်။ သည်းခံ တတ်လာတာတော့ တစ်နှစ်လောက် ရှိပြီ။

            သည်းခံတတ်လာတာက ကိုယ်က အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာလို့လား။

            သည်းခံတတ်လာတာက အဓိကက ကိုယ့်စိတ်ကို ပြောင်းလဲလိုက်တာ။ ကိုယ်စိတ်ညစ်လို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ စိတ်ထဲမှာ ထင်ထားတာက ငါမှန်ရင် ပြီးရော။ ပရိသတ်က သူတို့ ကြားတဲ့သတင်းကို ဖုန်းဆက် မေးတယ်။ သမီးကတော့ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးလို့ ဒိုင်ခံဖြေတာပဲ။

            မိသားစုအရေးအတွက် ယုဇန တွေးလာတယ်ဆိုတော့ အခုလောလောဆယ် မိသားစုအတွက် ဘာတွေ လုပ်ပေးမယ်လို့ စဉ်းစားနေလဲ။

            ဘယ်လို စဉ်းစားလဲဆိုတော့ အစက ကလေးလို နေတယ်။ အခုက ဖြိုးကြီး ပြီးရင် အကြီးဆုံးက သမီးဖြစ်နေတယ်။ ဟိုတုန်းက အဖေနဲ့ အမေ ရှာကျွေးခဲ့တာက တစ်ကဏ္ဍပေါ့။ အခုက အဖေနဲ့ အမေက အသက်ကြီးပြီ ဖြစ်တဲ့အတွက် မိသားစု တာဝန်က ကိုယ့်မှာပုံနေသလိုပဲ။ ငယ်ငယ်ကဆို တစ်ခုခုဆိုရင် ဘာပဲဖြစ်ဖြစ် အဖေနဲ့ အမေ ရှိတာပဲ ဆိုတဲ့အသိပဲ ရှိတယ်။ အခုဆိုရင် ကိုယ်က ဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာနိုင်နေတယ်ဆိုတော့ အဖေနဲ့အမေကို ဘယ်လို ပြုစုမလဲ၊ ဘယ်လိုကျွေးမွေး စောင့်ရှောက်မလဲ၊ ကိုယ် အခုရောက်နေတဲ့ နေရာထက် ဒီ့ထက်မြင့်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ ဝင်တယ်။ ကလေးဘဝတုန်းက လုံးဝ မတွေးခဲ့ဘူး။ ကလေးဘဝ တုန်းက မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတောင် မတွေးဘူး။ အခု တစ်နှစ်၊ နှစ်နှစ်မှာ အဲဒီလို မျိုးတွေ တွေးတတ်လာတာ။ အခု လောလောဆယ်တော့ မိသားစုကို အနုပညာနဲ့ ရှာကျွေးနိုင် သေးတယ်ပေါ့။ အောင်မြင်မှုဆိုတာက အစိုးမရဘူးလေ။ အဲဒီတော့ တစ်ချိန်ချိန်ကျရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲရင် ပြောင်းသွားမှာပေါ့။ လောလောဆယ်တော့ အနုပညာက ရတဲ့ငွေကြေးနဲ့ ပြုစုစောင့်ရှောက်တယ်။ စောင့်ရှောက်လို့ ရတယ်ပေါ့။

            မိသားစုအတွက် ယုဇနက စဉ်းစားတဲ့အချိန်မှာ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေကော ကြုံရလား။

            မိသားစုနဲ့ နေရတဲ့အချိန် မိသားစုနဲ့က ဘာပြဿနာမှ မရှိဘူး။ စိတ်ညစ်တာ တစ်ခုက မိသားစုကို ဒီထက်ပိုပြီး ရှာဖွေကျွေးချင်တယ်။ ဒါပေမယ့် ကိုယ်က အဲဒီလောက် မဖြစ်သေးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမရတာ ဖြစ်ခဲ့တယ်။ မိသားစုကတော့ သမီးနဲ့ မတည့်တာ ဘာညာတော့ မရှိခဲ့ဘူး။ မိသားစုက ကိုယ့်အတွက် အနွေးထွေးဆုံးပဲ။

            မိသားစုနဲ့ ဆုံတဲ့အခါတိုင်း ယုဇန ဘယ်လိုအကြောင်းအရာတွေ ပြောဖြစ်လဲ။

            အဖေကော အမေကော နှစ်ယောက်စလုံးကို သမီးမှာရှိတဲ့ အခက်အခဲ၊ သမီး ဖြတ်သန်းနေရတဲ့ အခြေအနေတွေကို ပြောပြတယ်။ အဓိကက အနုပညာအလုပ်နဲ့ ပတ်သက်ရင် အဖေ့ဆီက အကြံဉာဏ်တွေ ရတယ်။ ဒါဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတဲ့ အကြံဉာဏ်တွေ အဖေ့ဆီက ယူတယ်။ အနုပညာနဲ့ မသက်ဆိုင်တဲ့ လူမှုရေးကိစ္စတွေကိုတော့ အမေနဲ့တိုင်ပင် ဖြစ်တယ်။ အဖေ့ကိုကျတော့ အစစအရာရာ မပြောဘူး။ အဖေက အလုပ်များတဲ့သူလည်း ဖြစ်တယ်။ စိတ်ညစ်စရာဆိုရင်လည်း အဖေ့ကို သိပ်မပြောပြဘူး။ အဖေ့ကို အပူတွေ ထပ်ပြီး မပေးချင်ဘူး။ တချို့စိတ်ညစ်စရာတွေဆို ကိုယ့်ဘာသာပဲ ကျိတ်ခံလိုက်တယ်။

            ညီမတွေဖြစ်တဲ့ ခတ္တာ နဲ့ ဝတ်ရည်ကိုကော...။

            သူတို့တွေက အရမ်းငယ်သေးတယ်။ ကလေးစိတ်တွေ။ ဝတ်ရည်ဆိုရင် ကလေးသာသာပဲ ရှိသေးတာဆိုတော့ သူတို့နဲ့က စလိုက်နောက်လိုက်ပဲ။ Heavy ကြီးတွေ လုံးဝမတိုင်ပင်ဖြစ်ဘူး။

            မိန်းကလေးထဲမှာ ယုဇနက အကြီးဆုံးဆိုတော့ ညီမတွေကို ဘာတွေလုပ်ပေးမယ်၊ ဘာတွေ လုပ်ပေးရမယ်ဆိုပြီး တွေးလား။

            သူတို့ လုပ်ချင်တာ အကုန်လုံးတော့ လုပ်ခွင့်ပေးထားတာပါ။ ပညာရေးဘက်ကိုကော။ ဝတ်ရည်ဆိုရင် ဆယ်တန်းပြီးသွားပြီ။ ကွန်ပျူတာ တက်ချင်တယ်။ ပေးတက်ထားတယ်။ သူတို့ ဘာဖြစ်ချင်လဲ ကိုယ့်ဘက်က ပံ့ပိုးပေးဖို့ အဆင်သင့်ပဲ။ ခတ္တာဆိုရင်လည်း သီချင်းဆို ချင်တယ်။ ပေးဆိုတယ်။ သီချင်းဆိုတာအပြင် ကျောင်းလည်း တက်ချင်သေးတယ်။ သမီးကတော့ ဒီအနုပညာ အလုပ်ကို ထဲထဲဝင်ဝင် လုပ်နေတာ ဖြစ်တဲ့အတွက် ဒါတွေ မလုပ်ဖြစ်ဘူး။ သူတို့ကိုတော့ ဒီလိုမဖြစ်စေရဘူးပေါ့။

            ဒါဆို ယုဇနဘက်က ဘာတွေစွန့်လွှတ်လိုက်ရသေးလဲ။

            ဘာမှတော့ မစွန့်လွှတ် လိုက်ရဘူး။ အစကတည်းက တစ်ယောက်တည်း။ မိသားစု နဲ့ နေလာတာပဲ။

            မိသားစုအတွက် ယုဇန ဘက်က လုပ်ပေးတယ်။ ကိုယ့်အတွက်ဆိုပြီးတော့ ကော...။

            ကိုယ့်အတွက်ဆိုတာ တစ်ခါမှ မစဉ်းစားဘူး။ မိသားစုအတွက်ပဲ စဉ်းစားပေးခဲ့တယ်။ မိသားစုအတွက် ရှေ့ဆက်ဘာတွေလုပ်မလဲ ဆိုတာကိုပဲ တစ်နေ့တစ်နေ့ အဲဒါပဲ စဉ်းစားနေတာ။ မိသားစုနဲ့ ကိုယ့်ဘဝက တစ်ထပ်တည်းပဲလို့ သမီးဘက်က ခံယူထားတယ်။ ဒါက မိသားစုအတွက်၊ ဒါက ကိုယ့်အတွက်ဆိုပြီး တစ်ခါမှ ခွဲခြားပြီး မရှိခဲ့ဘူး။ အရင်တုန်းကလို ကလေးဆန်ဆန်နေခဲ့မယ် ဆိုရင်တော့ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားခဲ့ဖြစ်မှာပေါ့နော်။ ဒါပေမယ့် အခုကျတော့ ကိုယ်နေထိုင်တဲ့အပိုင်းကို ဘယ်သူမှ မကပ်ရဲဘူး။ မကပ်ရဲဘူးဆိုတာက ဘယ်လိုပြောမလဲ။ အခုခေတ် ကလေးတွေနဲ့တော့ မတူဘူးပေါ့။ တည်တည်ငြိမ်ငြိမ်လေးလည်း ဖြစ်လာပြီး ကိုယ်နေတာ ထိုင်တာကြည့်ပြီး ဘယ်သူမှ မကပ်ရဲဘူး။ မပြောရဲဘူး။

            ယုဇနရဲ့ လက်တွဲဖော်က ဘယ်လိုပုံစံမျိုးလဲ။

            ဒါက မိန်းကလေးတိုင်း စိတ်ကူးယဉ်ကြမှာပါပဲ။ သမီးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တစ်ချိန်မှာ တွေ့မှာပဲ။ ကိုယ်က အခုငြင်းတယ်ဆိုတာကလည်း ကိုယ်မှ မချစ်တာဘဲ။ ကိုယ် တကယ်ချစ်တဲ့သူတွေ့ရင်တော့ လက်ခံမယ်။ ကိုယ်က ချစ်ရက်သားနဲ့ သူက မချစ်တာလည်း မဖြစ်ဘဲ သူချစ် ကိုယ်ချစ်ပေါ့။ နောက်ပြီး မိသားစုကလည်း သူ့ရဲ့ အရည်အချင်းတွေကို လက်ခံနိုင်တဲ့သူ ဖြစ်မှာပါ။ သမီးကတော့ နှလုံးသားနဲ့ ဦးနှောက်ကော နှစ်ခုစလုံးနဲ့ စဉ်းစားမယ်။ နှလုံးသားချည်းပဲ စဉ်းစားဆုံးဖြတ်လို့ ဒီခေတ်မှာ မိန်းကလေးတွေအတွက် မကောင်းဘူး။ ဦးနှောက်ကော၊ နှလုံးသားကော စဉ်းစားရင် ကိုယ့်မိသားစုအတွက်ကော၊ နောက်လာမယ့် Generation အတွက်ကော ကောင်းတာပေါ့။

            ယုဇနက မိသားစုအတွက် အလုပ်တွေ လုပ်နေတာလား။

            ဟုတ်ပါတယ်။

            အလုပ်တစ်ခုခု လုပ်ပြီး အနုပညာအလုပ်၊ ပရိသတ်အတွက်နဲ့ မိသားစုအတွက် တစ်ခုခုကို ရွေးပါဆိုရင် ယုဇန ဘာကို ဦးစားပေး ရွေးမလဲ။

            အဲဒါဆိုရင် ကိုယ်အရမ်းဝါသနာပါတဲ့ ဂီတကိုပဲ စွန့်လွှတ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိကက မိသားစုပဲ။ မိသားစုက ပိုပြီး အဓိကကျပါတယ်။

            အဆိုတော်ဆိုတဲ့ အရိပ် တစ်ခုက ကိုယ့်ကို လွှမ်းမိုး ချုပ်နှောင်ထားတယ်လို့ ယုဇန ထင်မိလား။

            ဟုတ်တယ်... ထင်မိတယ်။ အခုစဉ်းစားတယ်။ အဆိုတော်သာ မဖြစ်ခဲ့ရင် ကိုယ်ဘာပဲ လုပ်လုပ်ပေါ့။ ဥပမာ-နိုင်ငံခြားသွားတယ်ထား။ နိုင်ငံခြားမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာမယ် ဆိုလည်း ဘာလုပ်လုပ် ကိစ္စမရှိဘူး။ ကိုယ်သွားချင်တယ် ဆိုရင်တောင် အဆိုတော် ဖြစ်ခဲ့ပါလား ဆိုတဲ့ဟာက ရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရှိန်တာပေါ့နော်။ တော်ရုံတန်ရုံ အလုပ်ဆိုရင် ကိုယ်နဲ့ အဆင်မပြေတော့ဘူး။ ဒီအဆိုတော်ဆိုတဲ့ အရိပ်ကြီးက နေရာတကာ လိုက်လွှမ်းမိုးနေတာ။ ဘယ်နေရာသွားသွားပေါ့။ အဲဒီတစ်ချက်ကတော့ မကောင်းဘူး။ အမှန်အတိုင်း ပြောရရင် အဲဒီလိုမျိုး တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ဒါပေမယ့် ကိုယ့်ဘာသာတွေးနေတာပေါ့။ သူငယ်ချင်းတွေ နိုင်ငံခြား သွားကြတယ်၊ အလုပ်လုပ်ကြတယ်ဆိုရင် ကိုယ်အရမ်းလိုက်ချင်တာပဲ။ ဒါပေမယ့် ဒီဘက်မှာ ဒီအလုပ်ကို လုပ်နေတယ်၊ ဝါသနာလည်း ပါတယ်။ ဒီ အလုပ်ကို မစွန့်လွှတ်နိုင်ဘူး။ အကယ်၍ တစ်ချိန်ချိန် အသက်အရွယ် ရလာတဲ့အချိန် သွားမယ်ဆိုရင်တောင် အဆိုတော်တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတဲ့ အရိပ်ကြီး ကိုယ့်ကိုလိုက်ကြည့်နေမယ်။ ယုဇန ဘာလုပ်လဲဆိုပြီး အဆိုတော် မဟုတ်တဲ့ သူငယ်ချင်းတွေဆို အကြောင်းမဟုတ်ဘူးနော်။ အဆိုတော် ဆိုတာက လွှမ်းမိုးနေတာ။

            အားပေးတဲ့ ပရိသတ်ကို ကျေးဇူးအရမ်းတင်တယ်။ ဒီထက်မကလည်း ကြိုးစားပါဦးမယ်လို့ ယုဇနက ပရိသတ်ကို စကားလက်ဆောင်ပါးရင်း မေးမြန်းမှုကို အဆုံးသတ်လိုက်ပါတယ်။

            မီးအလင်းအမှောင်နဲ့ သရုပ်ဆောင်ရဲ့ အိုက်တင် အမူအရာတွေကို အကောင်းဆုံး သင်ပြပေးပြီး ဂရုတစိုက် ရိုက်ပေးတဲ့ ဓာတ်ပုံပီတာနဲ့ အချိန်ပေးပြီး ကြိုးစားသရုပ်ဆောင် ရိုက်ကူးပေးတဲ့ ယုဇနကို ကျေးဇူးတင်ပြီး အချိန်ပေး ဖတ်ရှုပေးတဲ့ ရွှေအမြုတေ ပရိသတ်ကိုလည်း ကျေးဇူးတင်လျက်...။

ခင်လေးမြင့်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...