အနုပညာသမားပြောစကား

တစ်ကိုယ်တော် တတိယမြောက်စီးရီးနဲ့ မို့မို့

ခင်လေးမြင့်

01 April 2025
တစ်ကိုယ်တော် တတိယမြောက်စီးရီးနဲ့ မို့မို့
Share to

ချစ်စရာကောင်းပြီး နားစွဲစရာကောင်းတဲ့အသံနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ ပရိသတ် အားပေးလက်မံမှု ရရှိနေကာ တစ်ကိုယ်တော်စီးရီးနှစ်ခွေ ထွက်ရှိထားတဲ့ မို့မို့ကို တစ်ကိုယ်တော် တတိယစီးရီးနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာ...

            မို့မို့ရဲ့ တတိယစီးရီး ဘယ်လောက်ထိ ပြီးနေပြီလဲ။

            တတိယစီးရီးအတွက် အတီးတွေပြီးပြီ ဆိုတာလည်း နည်းနည်းပဲ ကျန်တော့တယ်။ Mixdown ဆွဲဖို့ပဲ ကျန်တော့တယ်။

            တေးရေး ဘယ်သူတွေ ပါသေးလဲ။

            တေးရေးတွေက အများကြီးပဲ၊ မို့က သီချင်းကို ၁၈ ပုဒ်လောက် လုပ်ထားတာ ရှိတယ်လေ။ အဲဒါကြောင့် ဘယ်သူ့ သီချင်းတွေ ပါမယ်ဆိုတာတော့ မသိဘူး။ တေးရေး ရွှေဂျော်ဂျော်၊ ဟဲလေးတို့ သီချင်းတွေလည်းပါမယ်။  သေသေချာချာတော့ မရွေးရသေးဘူး။

            တတိယစီးရီးကို ပရိသတ်လက်ထဲ ဘယ်တော့လောက် အရောက်ပို့ပေးမှာလဲ။

            နောက်ထပ် လေးငါးလလောက်ဆို ထွက်ဖြစ်မယ်ထင်တယ်။

            ဘယ်တီးဝိုင်းနဲ့ တီးလဲ၊ Oasis စတူဒီယိုမှာပဲ အသံသွင်းတာလား။

            ဟုတ်တယ်။ Oasis မှာပဲ သွင်းတယ်။ တီးတာက Oasis Band နဲ့လည်း တီးတယ်။ Section Player တွေခေါ်ပြီးလည်း တီးတယ်။ တယောဆိုရင်ကို ချန်းဟိန်းကြွယ်၊ ကိုဥက္ကာဦးသာ၊ ကိုနိုင်ဇော်တို့လည်း Section Player အနေနဲ့ တီးထားတယ်။

            ဘယ်လိုသီချင်းပုံစံလေးတွေလဲ။

            သီချင်းပုံစံက Pop တွေပဲ များပါတယ်။

            အဲဒီ တတိယစီးရီးအတွက် ဗီစီဒီကော ရိုက်နေပြီလား။

            ရိုက်ဖြစ်တယ်။ ကိုနိုင် (N.V.G) နဲ့ ရိုက်နေတယ်။ လေးငါး ပုဒ်လောက်တော့ ပြီးပြီ။

            မို့မို့ ကိုယ်တိုင်ကော သရုပ်ဆောင်ထားသေးလား၊ ဘယ်နှပုဒ် သရုပ်ဆောင်ပြီးပြီလဲ။

            မို့သရုပ်ဆောင်ထားတာရှိတယ်။  မို့တစ်ယောက်တည်း သရုပ်ဆောင်ထားတာ နှစ်ပုဒ်လောက် ရှိမယ်ထင်တယ်။ ကျန်တဲ့ အပုဒ်တွေက အဆိုပုံစံနဲ့ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်တွေလည်း ပါသေးတယ်။

            တစ်ကိုယ်တော်စီးရီး လုပ်နေတဲ့ ကြားထဲက အတွဲခွေတွေမှာ ဆိုဖြစ်သေးလား။ မထွက်သေးတဲ့ အတွဲခွေ ဘယ်နှခွေလောက် ရှိသေးလဲ။

            အတွဲခွေအနေနဲ့ အခုလောလောဆယ်ဆိုရင် City FM အခွေရှိတယ်။ အဲဒီအရင်ကဆို ကိုဇော်ဝင်းထွဋ်တို့နဲ့ 'အချိန်တိုင်း နေရာတိုင်း' အဲဒါတွေက ထွက်နေပြီ။ ဒီကြားထဲ ဆိုထားတဲ့ အတွဲခွေ ခြောက်ခွေ၊ ခုနစ်ခွေလောက် ရှိမယ် ထင်တယ်။

            အတွဲခွေထဲက သီချင်းတွေက အသစ်တွေလား၊ အဟောင်းတွေလား။

            အဲဒီအတွဲခွေထဲမှာ သီချင်းက အဟောင်းတွေ များတယ်။ 'အချိန်တိုင်း နေရာတိုင်း' အခွေက သီချင်းတွေကတော့ အသစ်တွေချည်းပဲ။

            တစ်ကိုယ်တော် ဒုတိယစီးရီးနဲ့ အခု တတိယစီးရီး ထွက်ချိန်က နည်းနည်းခြားနေတယ်နော်။

            တတိယအခွေက ဒုတိယအခွေနဲ့ တော်တော်လေး ကွာနေတော့ တတိယအခွေကို အကောင်းဆုံးဖြစ်စေချင်တယ်။ အဲဒါကြောင့် မို့ဘက်က စိတ်ရှည်ရှည်နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်နေလို့ ကြာနေတာပါ။ အဲဒါကိုလည်း မို့ပရိသတ်တွေ သိစေချင်တယ်။ မို့သေသေချာချာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။

            Oasis တေးထုတ်လုပ်ရေးကနေ မို့မို့ရဲ့ တစ်ကိုယ်တော် တတိယစီးရီးကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အချိန်ပေး ဖြေကြားပေးတဲ့ မို့မို့ကို ကျေးဇူးတင်ပါတယ်။

ခင်လေးမြင့်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...