အနုပညာသမားပြောစကား

အရာရာကို ပြောင်းလဲပစ်သူ

ခင်လေးမြင့်

01 April 2025
အရာရာကို ပြောင်းလဲပစ်သူ
Share to

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကလေးလေးတစ်ယောက်လို မြင်မိတဲ့ မေကဗျာက အခုဆိုရင် အပြောင်းလဲကြီး ပြောင်းလဲသွားပါပြီ။ အိမ်ထောင်ပြုပြီး ဂင်္ဂါမေဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားပြီးတဲ့အချိန်မှာ အနုပညာလှုပ်ရှားမှုတွေ ဆက်မလုပ်တော့ဘူးလို့ ထင်ထားပေမယ့် မေကဗျာကတော့ ဝါသနာပါတဲ့ အနုပညာကို ဆက်လက်လုပ်ကိုင်လာတာ တွေ့ရပါတယ်။ ဂင်္ဂါမေရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့အချိန်မှာ ကျော်ဟိန်းနဲ့ “ဗိုက်ပူမ” ဇာတ်ကားကို ရိုက်ဖြစ်ပြီး ကလေးမွေးပြိးတဲ့ အချိန်မှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ကာ ဇာတ်ကား ထုတ်လုပ်ရေးပိုင်းကိုလည်း လုပ်ကိုင်လာတဲ့ မေကဗျာကို တွေ့ဆုံခိုက် မေးမြန်းဖြစ်ပါသေးတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ကျော်ရဲအောင် ခေါင်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ “အိပ်မက်စကား” ဗီဒီယိုဇာတ်ကားမှာ ဆယ်ကျော်သက်မလေးတစ်ယောက် ပုံစံ ပါဝင် သရုပ်ဆောင်ထားသလို အဲဒီဇာတ်ကားမှာ ထုတ်လုပ်သူအဖြစ် တာဝန်ယူထားတဲ့ မေကဗျာကို...

ထုတ်လုပ်ရေး နာမည်ကို ဘယ်လိုပေးထားလဲ။

နာမည်တော့ မ‌ပေးရသေးဘူး။ ပေးရင်တော့ သမီးရဲ့နာမည်ပဲ ပေးဖြစ်မလား မသိဘူး။

ထုတ်လုပ်ရေးပိုင်းကို လုပ်ဖြစ်ပြီဆိုတော့ စီးပွားရေး သီးသန့်အနေနဲ့ လုပ်မှာလား။

စီးပွား‌ရေးကော၊ ကိုယ့်ရဲ့အနုပညာကော နှစ်ခုစလုံးပေါ့။ သမီးအနေနဲ့ အနုပညာတစ်ခုပေါ့။ ထုတ်လုပ်ရေးပိုင်း လုပ်ဖြစ်တာကလည်း သမီးကို မွေးပြီးတဲ့အချိန်မှာ အနုပညာအလုပ်တွေ ဆက်မလုပ်တော့ဘူးလို့ သတင်း‌တွေကထွက်လာတယ်။ အဲဒီတော့ ကိုယ် ဒီအလုပ်တွေ ဆက်လုပ်ပါတယ်ဆိုတာကို ဘယ်လိုပြောပြော မယုံကြဘူး။ အဲဒါနဲ့ အဲဒီကားကို စပြီးရိုက်ဖြစ်တာ။ အမျိုးသားကလည်း သူ့အလုပ်နဲ့သူ။ ကိုယ်ကလည်း ကားရိုက်မရှိတဲ့အခါကျရင် ဒီအတိုင်းနေရမယ့် အတူတူ လုပ်ငန်းလေးတစ်ခု လုပ်မယ်ဆိုတဲ့ စိတ်ကူးရယ်၊ ကလေးမွေးပြီးတဲ့အချိန်မှာ ကိုယ့်ကိုခေါ်ရိုက်ပါ့မလား ဆိုတဲ့ အတွေးကလည်း ရှိနေတော့ ကိုယ်တိုင်ထုတ်လုပ်ပြီး ရိုက်ဖြစ်တာလည်း ပါတယ်။

သမီးမွေးပြီးမှ ဒီ့ပြင်ကားတွေရိုက်ဖြစ်သေးလား။

ရိုက်ဖြစ်တယ်။ ရိုက်ဖြစ်တယ်ဆိုတာက နယ်ကား တစ်ကား၊ နှစ်ကားတော့ ရိုက်ဖြစ်တယ်။ မြို့ကားတွေ မရိုက်ဖြစ်ဘူး။

အခု တခြားထုတ်လုပ်ရေးအတွက် ကားတွေ ဆက်တိုက် ရိုက်ဖြစ်နေတာတော့ ကိုယ့်ထုတ်လုပ်ရေးက ထုတ်မယ့် ဇာတ်ကားတွေအတွက် ဘယ်လိုများ စီစဉ်မလဲ။

မေမေကလည်း သူ့ စက်ရုံအလုပ်နဲ့သူ သမီးကလည်း ကားရိုက်တွေ ဆက်နေတော့ အဲဒီဘက်ကို မလှည့်နိုင်သေးဘူး။ ထုတ်လုပ်ရေးက ကြီးကြီးကျယ်ကျယ်လည်း မလုပ်သေးပါဘူး။ ကိုယ့်ကားလေးတွေရယ်၊ နောက်ပြီး ကောင်းမယ့်ကားလေးတွေရယ် ထုတ်ဖို့ ရှိတာပါ။ ကိုယ့်အတွက် မိသားစု လုပ်ငန်းလေးတစ်ခုရယ်၊ ကိုယ့်ရဲ့အနုပညာအတွက် ထုတ်လုပ်ရေးဆိုတာ လုပ်ထားတာပါ။

ထုတ်လုပ်ရေးလုပ်တဲ့ ပထမကြုံတွေ့ရတဲ့ အခက်အခဲတွေကကော...။

အမျိုးသားကလည်း ပိုက်ဆံထုတ်ပေးတယ်။ ဒီကားကို ရိုက်တယ်။ သူတို့ကျတော့ အနုပညာနဲ့ သိပ်မရင်းနှီးတော့ ကြာရင်နားလည်မှု သိပ်မရှိဘူးပေါ့။ ပြောပြထားတယ်။ သူက သူ့ စီးပွားရေးပဲ လုပ်ချင်တာ။ ဒါမျိုးလည်း သိပ်ဝါသနာ မပါဘူး။ စီးပွားရေး လုပ်ချင်တဲ့အခါ ကိုယ်ကလည်း အလုပ်လုပ်နေတော့ ဒါနဲ့ ပတ်သက်တဲ့ စီးပွားရေးပဲ လုပ်ချင်တယ်။ သူ့လို အပြင်စီးပွားရေး မလုပ်တတ်ဘူး။ ထုတ်လုပ်ရေးလုပ်မယ်ဆိုတော့ သူကလည်း လုပ်ချင်လုပ်ဆိုပြီး လုပ်ဖြစ်တာ။ မင်းသား၊ မင်းသမီး ရက်ချိတ်တာ ဘာညာကတော့ သမီးမေမေပဲ လုပ်ပေးတယ်။ သမီးက အားတဲ့အချိန် မေမေ့ကို ကူပေးတယ်။ ဒီလောက်ပါပဲ။

မေကဗျာ့ အမျိုးသား လုပ်တဲ့လုပ်ငန်းအတွက် မေကဗျာ့ဘက်က ဘာတွေ လုပ်ပေးဖြစ်လဲ။

သူ့လုပ်ငန်းက ကားလုပ်ငန်းဆိုတော့ ကိုယ်က အကြံဉာဏ်လောက်ပဲ ပေးလို့ရတယ်။ ကိုယ်ကိုယ်တိုင် ဝင်လုပ်ပေးလို့ မရဘူး။ ညဘက်တွေမှာတော့ သူ့ အလုပ်အကြောင်း၊ ကိုယ့်အလုပ်အကြောင်း၊ သမီးလေးရဲ့ကိစ္စတွေ ပြောဖြစ်တယ်။ သူလည်း ကိုယ့်အတွက် လုပ်ပေးနိုင်တာ အကုန်လုပ်ပေးတယ်။ သမီးနယ်သွားတဲ့အခါ အဝတ်အစားတွေ ဘာတွေလိုရင် သူ့ပဲ မှာတယ်။ သူက အကုန် စီစဉ်ပေးတယ်။ ဘာဝယ်ပြီး ထည့်ပေးလိုက်ဆိုရင် အကုန် လုပ်ပေးပါတယ်။

အိမ်ထောင်ရှင် တစ်ယောက် ဖြစ်ပြီဆိုတော့ စီးပွားရေးဘက်ကို အာရုံ ပိုစူးစိုက် ဖြစ်မလား၊ အနုပညာကို အာရုံ ပိုစူးစိုက်ဖြစ်မလား။

အခုတော့ နှစ်ခုစလုံး အတွက်ပေါ့။ ကိုယ်က ကလေးရှိထားပြီဆိုတော့ အရင်တုန်းက အနုပညာက ဝါသနာ။ ကိုယ်ရတဲ့ပိုက်ဆံ ကိုယ်ဘာပဲသုံးသုံး ကိုယ့်အနုပညာပဲ အာရုံထားလို့ ရတယ်။ ကိုယ်က ကလေးတစ်ယောက်ရပြီဆိုတော့ အနုပညာအတွက်လည်း ကြည့်ရတယ်။ စီးပွားရေး အတွက်လည်း ကြည့်ရတယ်။ အရင်တုန်းက အလုပ်တစ်ခုဆိုရင် လေးလေးပင်ပင် မရှိဘူး။ ကလေး တစ်ယောက် ရထားပြီဆိုတော့ အလုပ်တစ်ခုကို လေးစားတတ်သွားတာပေါ့။ သမီးလေး မွေးပြီးမှ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လောက်အောင် အကုန်လုံးပြောင်းလဲသွားတယ်။

ပြောင်းလဲသွားတယ်ဆိုတဲ့ အချက်တွေက ဘယ်လိုဟာတွေလဲ။

အဓိကကတော့ အမေပေါ့။ ဒီကလေးမွေးပြီးမှ အမေဆိုတာကို သိလာတယ်။ ဒီကလေးနဲ့ ပတ်သက်ပြီး ရှေ့ရေးဆိုတာ ရှိလာတဲ့အတွက် အလုပ်ဆိုတာ ခေါင်းထဲမှာ ရှိလာတယ်။ အဲဒါတွေက သိသိသာသာ ပြောင်းလဲလာတယ်။ အခုဆိုရင် ကလေးလို နေလို့မရဘဲ နေတာထိုင်တာကအစ လူကြီးဆန်ဆန်နေရပြီ။ ကိုယ်က သမီးလေး မွေးထားတဲ့အတွက် အကုန်ဆင်ခြင်ရပြီ။ အစကဆိုရင် ဟိုဆိုလည်း သွားချင်၊ ဒီဆိုလည်း သွားချင်၊ စတေ့ချ်ရှိုးဆိုလည်း သွားချင်တယ်။ အခု ကိုယ်က သမီးလေးမွေးထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပစ်လိုက်တယ်။ အဲဒီ ပွဲတွေ တော်ရုံတန်ရုံဆို လုံးဝ မသွားတော့ဘူး။ အဝတ်အစားဝတ်တာ သွားတာလာတာ အရမ်းကွာသွားပြီ။ ဘောင်းဘီတွေ ဘာတွေဝတ်နဲ့ ကိုယ့်စိတ်ကကို မနေချင်တော့တာ။ ကလေးလည်း ကြီးလာပြီ။ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်အမေ ဖြစ်လာပြီဆိုတဲ့ စိတ်ဝင်လာလို့လားတော့ မသိဘူး။ ကိုယ့်ဘာသာနေတာ လူကြီးလို ဖြစ်သွားပြီ။ အရင်နဲ့ အရမ်းကို ကွာသွားပြီ။ တစ်ခါတလေကျရင် အရင်ကလို ဘဝလေး ပြန်နေချင်တယ်။ တစ်ခါတလေကျရင်လည်း အခုဘဝလေးကို ပျော်တယ်။

အိမ်ထောင့်တာဝန်တွေအနေနဲ့ မေကဗျာ့ဘက်က ကားရိုက်နားတဲ့အခါ ဘာတွေများ လုပ်ပေးဖြစ်လဲ။

သမီး အိမ်မှာနေရင် သူ့အတွက် ဟင်းချက်ပေးတာ၊ ထမင်းခူးကျွေးတာတို့ အမြဲ လုပ်ပေးတယ်။ သမီးက အိမ်ထောင်ရှင်မ အလုပ်ကို အရမ်းဝါသနာပါတယ်။ မေမေကလည်း ငယ်ငယ်ကတည်းက သင်ပေးထားတယ်။ ဟင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်တာကအစ သမီး အကုန်လုပ်တတ်တယ်။ သူ့အဝတ်အစားတွေဆို သမီး အားတဲ့ရက်မှာ မီးပူတိုက်ပေးတာတို့ လုပ်ပေးတယ်။ သူ ဘာစားချင်လဲ၊ အားတဲ့ရက်တွေမှာ ချက်ပေးတယ်။ ကလေးအတွက်လည်း ကိုယ့်ဟာကိုယ် ချက်တယ်။

အိမ်ထောင့်တာဝန်တွေ လုပ်တဲ့အချိန် သရုပ်ဆောင် ဆိုတာကို မေ့သွားလား။

တစ်ခါတလေကျရင် အဲဒီဘဝလေးက အရမ်းပျော်ဖို့ ကောင်းတယ်။ ကိုယ်က အလုပ်တွေ တောက်လျှောက် ရှုပ်နေပြီး တစ်ရက်လောက် နားရရင် မိသားစုလေးနဲ့ အဲဒီလို ချက်ပြုတ် စားသောက်နေရရင် အရမ်းပျော်တယ်။ အရမ်းကြိုက်တာ။ ကိုယ့်ယောကျ်ားကိုလည်း ချက်ကျွေး၊ ကိုယ်ချက်တဲ့ဟင်းကို အဘွားတို့၊ အမေတို့ကလည်းစား၊ ကလေးအတွက် သီးသန့်တစ်ခွက်ချက်ပေး၊ ကလေးကလည်း ဟင်းတွေ အများကြီးစားတယ်ဆိုရင် အရမ်းစိတ်ချမ်းသာတယ်။ အရမ်းသဘောကျတယ်။ အဲဒီလိုမျိုး။

အဲဒီလိုရက် ကုန်ဆုံးသွားပြီး နောက်တစ်ရက် အလုပ်ပြန်လုပ်ရပြီဆိုရင် နောက်ဆံငင်တာတို့ ဘာတို့ ဖြစ်မိသေးလား။

အဲဒီလိုမျိုးတော့ မရှိပါဘူး။ အလုပ်လုပ်ပြီဆိုရင် ငါ အလုပ်လုပ်နေတာပဲ။ ဒါလည်း ငါ့ဝါသနာဆိုပြီး စိတ်ကို အလုပ်ထဲမှာပဲ ထားတယ်။ အိမ်ရောက်ရင်လည်း အလုပ်တွေကို အကုန်လုံး မေ့ပစ်လိုက်တယ်။ အိမ်အတွက်ပဲ စိတ်ထားတယ်။

မေကဗျာ့ သမီးလေးရဲ့ မွေးနေ့လုပ်ဖို့ အစီအစဉ်ရှိလား။

အခု သမီးလေးက တစ်နှစ်နဲ့သုံးလ ပြည့်တော့မယ်။ မွေးနေ့လုပ်ဖို့ ရှိတယ်။ သူက လမ်းကောင်းကောင်း မလျှောက်တတ်သေးတော့ အဝတ်အစား လှလှလေး ဝတ်လို့မရသေးလို့ မလုပ် သေးတာ။

သမီးလေး နာမည်က ဂင်္ဂါမေလို့ပဲ ပေးတော့မှာလား။

အိမ်နာမည်ကတော့ ဂိုဂိုးတဲ့။ ဂင်္ဂါမေက ပြန်ပြောင်းရဦးမယ်။ နာမည် မရွေးရသေးဘူး။ ဂင်္ဂါမေ ဆိုတဲ့နာမည်ကို တချို့ကလည်း ကောင်းတယ်တဲ့။ တချို့ကလည်း မကောင်းဘူးတဲ့။ အကုန်လုံးက ဂင်္ဂါ၊ ဂင်္ဂါနဲ့ပဲ။ အိမ်နာမည် ဂိုဂိုးက အစ်ကိုပေးတာ။ သူ့ကို မွေးတဲ့နေ့မှာ ဘောလုံးပွဲတွေနိုင်လို့ဆိုပြီး ဂိုဂိုးလို့ ပေးထားတာ။ ဂင်္ဂါမေက မမီမီဝင်းဖေရဲ့ အစ်ကို ကိုအောင်ကျော်ဆန်းက ပေးတာ။ သူက ဂင်္ဂါလို့ ပေးတာ။ သမီးအမေက မေ ထည့်ထားတာ။

မေကဗျာ့ကို ရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံမေးမြန်းဖြစ်ခြင်းပါ။ ကျွန်မ မေးတဲ့အချိန်မှာ ဒါရိုက်တာကလည်း ရိုက်ဖို့ခေါ် နေတဲ့အတွက် အလိုက်သိစွာနဲ့ မေးမြန်းမှုကို နားလိုက်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖြစ်နေပြီး ဒီဗီဒီကားတွေ မှာလည်း ပါဝင်သရုပ်ဆောင် ဖြစ်တဲ့ မေကဗျာနဲ့ တွေ့ဆုံမှု ကို ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေ။ ဖြေကြားပေးတဲ့ မေကဗျာကိုလည်း ကျေးဇူး တင်လျက်...

ခင်လေးမြင့်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...