ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

အပ်ဖျားမုံညင်း မြက်ဖျားနှင်း

စမ်းစမ်းနွဲ့ ၊သာယာဝတီ၊

01 April 2025
အပ်ဖျားမုံညင်း မြက်ဖျားနှင်း
Share to

            ၁။

            လက်ဝှေ့ရုံထဲ ဝင်ဝင်ချင်း ဆိုင်းဝိုင်းဆီမှ ဂျိန်းတုတ်တုတ် ဒစ္စကိုတီးလုံးသွားကို သတိထားမိသည်။ အဆိုတော်၏အသံကိုမူ ကြည်ကြည်လင်လင် မကြားရ။ အဆူတီး အမြိုင်တီး တီးနေသော ဆိုင်းသံကို အဆိုက လွှမ်းနိုင်ပုံ မရချေ။

            စုစုထားသည် ထိုင်ခုံတန်းတွေကို ကွေ့ဝိုက်တိုးဖြတ်ရင်း ဆိုင်းချောင်ကို လှည့်ကြည့်လှည့်ကြည့် အကဲခတ်လာ၏။ နယားနှစ်ကောင် ထမ်းထားသော မှန်စီရွှေချ နာမည်စာတန်းကို ကြိုးစားဖတ်သည်။ ရောင်ပြန်တွေ ဖိတ်ဖိတ်လက်အောင် ပြိုးပြက်နေလေရာ စိန်မြမောင်လား၊ စိန်မြအောင်လား ဘယ်လိုမှ မသဲကွဲတော့ချေ။

            'ဟေး... ဒီကိုလာ'

            ဆောင့်၍ အော်လိုက်သောအသံဟု ရုတ်ခြည်းနားလည်လိုက်သည်။ ကြိုးဝိုင်း၏ အရှေ့ဘက်ခြမ်း ရှေ့ဆုံးခုံတန်းမှာ အရင်ရောက်နှင့်နေသော ခင်ပွန်းသည်ကို တွေ့ပေပြီ။ ငေးတိ ငေးမော လျှောက်လာနေသော စုစုထားကို စိတ်တိုပါးလျားစွာ စောင့်စားနေရသည့် အသွင်လက္ခဏာအပြည့်။

            'ဟော... အန်တီ့နေရာတွေ့ပြီ။ ကျေးဇူးပါပဲကွယ်'

            ရုံပေါက်ဝမှသည် ထိုင်ခုံနေရာသို့တိုင် ဒုတ်ဒုတ်ထိ လိုက်ပို့ကူညီသော ကြက်ခြေနီ ရဲဘော်ကလေးက ရပါတယ် အန်တီဟု ပြုံးရွှင်စွာ တုံ့ပြန်ရင်း လှည့်ပြန်သွားသည်။

            နေရာမှာ ထိုင်မိသည်နှင့် ကို့ကို ပခုံးချင်း ပစ်တိုက်လိုက်လေသည်။

            'ဘာကြီးမှန်းလဲ မသိဘူး။ လူတွေကြားထဲ စွတ်စက် အော်တာပဲ'

            'ဟ... အော်ရမှာပေါ့။ မင်းကမှ မမြင်တာ။ ငေးတိငေးမောနဲ့ လာနေလိုက်တာ။ ဟိုလူ့ဝင်တိုက်၊ ဒီလူ့ဝင်တိုက်၊ ဟိုခုံဝင်တိုး၊ ဒီခုံဝင်တိုးနဲ့'

            'ဒါတော့ မတတ်နိုင်ဘူး။ ဆောရီးပါ၊ မတော်လို့ပါနဲ့ တစ်လမ်းလုံး တောင်းပန်လာသားပဲ၊ ဘာဖြစ်လဲ'

            စကားကတ်ဖဲ့ ပြောမိပြီးမှ 'ဆိုင်းနားထောင်ရင်း လျှောက်လာတာ'ဟု ဝန်ခံရသည်။ ကိုက နေကြာစေ့လှော်တစ်ထုပ်ကို စုစုထား လက်ထဲထည့်ကာ...

            'မင့်ဝါသနာတွေကလည်း ရှုပ်ကုန်ပြီ။ ဆိုင်းရော၊ အငြိမ့်ရော၊ နတ်ပွဲရော၊ စတေ့ချ်ရှိုးရော၊ သင်္ကြန်သီချင်းရော၊ ဟောသလို အသတ်အပုတ်ရော။ ဘာကျန်သေးလဲ'

            'အမယ် ကျန်တာပေါ့။ ဘယ်လိုမှ ဝါသနာပါလို့ မရတဲ့ ဘောလုံးပွဲတို့၊ ဘိုင်စကုတ်တို့'

            တော်သေးတာပေါ့ဟု ကိုက ငေါ့သည်ကို မကြားဟန် ပြုကာ နေကြာစေ့တွေချည်း မဲဝါးနေလိုက်သည်။

            ထိုအခိုက် ကြိုးဝိုင်းပေါ်သို့ ဒိုင်လူကြီးနှစ်ဦး တက်လာသည်။ စုစုထားနှင့် မျက်မှန်းတန်းမိနေပြီ ဖြစ်သော မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်ကြီးတွေ၊ ဦးဂျပန်စိန်နှင့်ပီကင်းပြန် ဆရာဒေါင်းကြီး။

            'ကြားပွဲတွေ တော်တော်ထိုးပြီးသွားပြီလား ကို'

            တစ်ပွဲမှ မစရသေးဘူးဟု ကိုက နေကြာစေ့ဝါးရင်း ဗလုံးဗထွေးဖြေသည်။ တော်ပါသေးရဲ့ဟု ရင်ထဲမှ ဘဝင်ကျ သွားလေသည်။ တစ်မုဟုတ်ချင်းပင် ကြားပွဲတွေ လွတ်ကုန်ပြီဟု တွက်ဆကာ ကစဥ့်ကလျား လွင့်ပါးလာခဲ့သော စိတ်အာရုံတို့ စုစည်းမိပြီး ဖြစ်သွားတော့သည်။

            ကြားပွဲအတွက် စိန်ခေါ်သူ လက်ဝှေ့ကျော်များ ကြိုးဝိုင်းပေါ် တဖြုတ်ဖြုတ်တက်လာ၏။ အချို့ကို စုစုထား သိသည်။ အချို့ကား မျက်နှာသစ်၊ မျက်နှာစိမ်းတွေ။ ဗညားနွဲ့နှင့် ကျားဘီလူးတို့ကိုတော့ ရန်ကုန်သားတွေမို့ သံယောဇဉ်ဖြစ် လျက်ရှိပြီ။

            စောအဲလေးနှင့် စောကဲလေးတို့ ညီနောင်ကတော့ သွယ်လျပါးလျားသော ကိုယ်နေကိုယ်ဟန်နှင့်မို့ မြင်ရသည်မှာ စတီရီယိုမင်းသားပုံစံ ပေါက်နေသည်။ သူတို့ကိုတော့ ငယ်ဂုဏ် ကလေးတွေကလည်း ရှိသည်မို့ ထင်၏။ ပရိသတ်က ချစ်လည်း ချစ်သည်။ ဘက်တူလျှင် လူမရွေးတတ်သော သတ္တိကို သဘောလည်းကျသည်။

            'အသည်းမသေးတဲ့ အဲလေးတဲ့ဟေ့။ ရဲသွေးအပြည့်နဲ့ ချလိုက်စမ်းကွ'

            သူတို့ညီနောင်အနားမှာ ကြိုးတန်းကို မှီ၍ ခပ်နွဲ့နွဲ့ ရပ်နေကြသော နှီးပဒေါမန်းစိန်နှင့် ဘားအံမုန်တိုင်း။

            ကြည့်လိုက်လျှင် လက်ဝှေ့သမားဟူ၍ပင် ယုံဝံ့ဖွယ်မရှိ ချေ။ အစကတော့ စုစုထားပင်လျှင် လက်ဝှေ့သမားမှန်လျှင် ဆရာကြီး ကျားဘညိမ်းတို့လို ကြံ့ခိုင်ထွားကျိုင်းသော ခန္ဓာကိုယ် အချိုးအဆက်မျိုးတွေချည်း ထင်ခဲ့၏။

            တကယ့်တကယ်ကျတော့မှ သွယ်လျကျစ်လျစ်သည့် လူ့ဖလံကလေးများ၏ အံ့မခန်းနိုင်ဖွယ်သော အခုန်အပျံ အထိုးအခတ်တွေကို မြင်ရသည်။ ရဲခနဲ ကွဲအောင် ခွဲပစ်လိုက်သော လက်သီးချက်တွေ။ ဖြောင်းခနဲ ကျိုးအောင် ချိုးပစ်လိုက်သော ခြေအခတ်တွေ။

            ဟော... အောင်သိန်းလေး လာပြီကိုရေ့ဟု အားပါးတရ အော်ပြောလိုက်မိသည်။

            ရွှန်းပြက်ပြက်ချော်သော အမူအရာနှင့် ပြိုင်ဘက် စိတ်လှုပ်ရှားအောင် စတတ်ဆွတတ်သော အောင်သိန်းလေးသည် ခုပွဲမှာ ခေါင်းတုံးပြောင်လက်၊ အသစ်စက်စက်နှင့် အောင်ပွဲခံတော့မည့် ဟန်အပြည့်၊ မာန်အပြည့် ဆောင်ကာ ကြိုးဝိုင်းထဲ ဝင်လာ၏။

            'ဟ... ခေါင်းတုံး၊ ခေါင်းတုံး ဘယ်လိုဖြစ်တာလဲဟ၊ ခေါင်းတုံး'ဟု သူ့ပရိသတ်က ဝိုင်း၍အော်သည်။ ပရိသတ်သည် ပို၍ ဆူညံလာ၏။

            'ရှစ်နာရီထိုးတော့မယ်။ ပွဲစဖို့ ကောင်းနေပြီ။ စုစုဖြင့် အပြေးအလွှား လာလိုက်ရတာ။ ကြားပွဲမမီလိုက်မှာ စိုးလို့'

            တကယ်ပဲ စုစုထားကတော့ ကြားပွဲကို ပို၍ စိတ်ဝင်စားလေသည်။ လူငယ် လူသစ်တွေ လက်ရည်စမ်းသည့်ပွဲ။ တကယ်တမ်း စိန်ခေါ်ထိုးသတ်သည့်ပွဲ။

            ပွဲကြီးတွေကတော့ များသောအားဖြင့် တော်ရုံတန်ရုံ နေရာမျိုးမှာ ကြည့်မကောင်းလှပေ။ ပွဲဖြစ်ရုံလောက် ညာထိုးတာတွေ၊ လျှော့ထိုးတာတွေနှင့် ဟန်ဆောင်မှုတွေ များသည်။

            မနေ့က သမိန်ဗရမ်းနှင့် သမန်းကျားတို့ ပွဲကိုပဲကြည့်။ ထင်သလောက် မလဲမကွဲသည်မို့ ပရိသတ် မကျေမနပ်သံ ထွက်လာသည်။ မနေ့က ဆိုလျှင် ပရိသတ်ကလည်း ဝက်ဝက်ကွဲမတတ်။ အနောက် ရန်ကင်းထဲကို လှိမ့်ဆင်းလာသည့်လူတွေ၊ ကားတွေမှာ ရန်ကုန်တစ်မြို့လုံး ကျန်မှကျန်ပါတော့မလား ထင်ရသည်။ အနောက် ရန်ကင်းစကတည်းက ဒီတစ်ခါလောက် ရပ်ကွက်ထဲမှာ လူတွေ၊ ကားတွေ မည်းမည်း လှုပ်အောင် အုတ်အုတ်ကျက်ကျက် ဖြစ်တာမျိုး မရှိဖူးခဲ့။ အဲ...ပွဲပြီးတော့မှ ခါကုန်သည်။ အလကားပဲ။ လုပ်ပွဲ။

            မနေ့က အရှိန်နှင့် ကနေ့ပွဲမှာ ပရိသတ်တစ်ဝက်ကျော်ကျော် လျော့ပါးကုန်သည်။ ထိုင်ခုံတန်းတွေမှာ ကွက်လပ်နေရာက ပိုများနေသည်။

            ကိုကတော့ ကနေ့ပွဲ ကြည့်ကောင်းမှာပါဟု ထင်မြင်ချက် ပေးလေသည်။

            ဝင်းနိုင်စိန်နှင့် ထားဝယ်ဝင်းနိုင်။

            'သူ့ကိုယ်သူ သိပ်ယုံတာကွ။ မိုဟာမက်အလီလိုပဲ'

            အဆက်အပေါက်၊ ကိုယ်လုံးကိုယ်ဖန်ချင်းလည်း မတိမ်းမယိမ်း ရှိမှာပါပဲဟု စုစုထားကပါ ထောက်ခံချင်သည်။ ပြီးတော့ အလီလိုပင် ပြိုင်ဘက်ကို မထီတရီ စတတ်၊ ဆွတတ်ပုံတွေမှာ ပရိသတ် လက်ခုပ်လက်ဝါး တီးချင်စဖွယ်တည်း။

            ဝင်းနိုင်စိန်ကိုတော့ ဒီပွဲမှာ ပထမဆုံး တွေ့ဖူးခြင်းဖြစ်မည်။

            စုစုထားကတော့ အရှုံးအနိုင်ကို သိပ်ပြီး စိတ်မဝင်စားလှ။ လူတစ်ယောက်၏ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ရည်ကိုယ်သွေးကို မှတ်ကျောက်တင်သည့်ပွဲ။ လူ့စရိုက်ကို အကွယ်အဝှက်မဲ့စွာ အကဲဖြတ်ခွင့် ရသည့်ပွဲမို့ လက်ဝှေ့ပွဲတွေကို လိုက်ကြည့်ဖြစ်နေခြင်း ဖြစ်သည်။

            လက်ဝှေ့သမားကောင်းတို့သည် ပြိုင်ဘက်ကိုချည်း စိန်ခေါ်သည် မဟုတ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိန်ခေါ်လျက်ရှိသည်။ စုစုထား နားလည်ရသည်။ ထားဝယ် ဝင်းနိုင်ကို ကြည့်။

            'ဟေ့... ငါ့ရာဇဝင်မှာ အရှုံးပေးတယ်ဆိုတာ မရှိဘူးကွ' ဟု ကြိုးဝိုင်းအောက်မှ အားပေးသော သူ့လူတွေကို လှမ်းအော် ပြောတတ်လေ့ရှိသည်။

            ဟုတ်မည်။ သူရှုံးလျှင်သာ ရှုံးမည်။ သူ အရှုံးပေးခြင်းမဟုတ်။ လက်ဝှေ့ပွဲမှာ တစ်က တစ်ဆယ်အထိ ရေတွက်မဆုံးခင် ပြန်ထလာနိုင်ပါမှ။ သို့မဟုတ်က အရှုံးဟု ဆိုသည်။ ဒီတစ်ပွဲမှာ ပြန်မထနိုင်အောင် လဲပြီဆိုရုံနှင့် ရှုံးသတဲ့လား။ ဟုတ်စ။

            ဟာဟ... မယုံ၊ မယုံ။

            စုစုထားတို့ကတော့ မယုံ။ တစ်ချီတစ်ပွဲ လဲရုံနှင့်လည်း မဖြုံ။

            သတ္တိတွေ၊ အားမာန်တွေ လျော့ပါးသွားလိမ့်မည် မထင်နှင့်။ နောက်တစ်ချီ နောက်တစ်ချီ စိန်ခေါ်ဖို့အသင့်။

            လူ့ဘဝဆိုတာလည်း လက်ဝှေ့ကြိုးဝိုင်းလိုပါပဲဟု သဘောရသည်။ ခုတော့ စုစုထားသည် လက်ဝှေ့ပွဲ ဝါသနာရှင်အဖြစ် ရင့်လျက်ရှိပြီ။ စိန်ခေါ်ပွဲတွေ အကြည့်များလာတော့ လူငယ်လူသစ်တွေကို နာမည်ကြီးတွေထက် ပိုပြီး စိတ်ဝင်စားမိသည်။ လက်ရည်စမ်းပွဲ၊ ကြားပွဲတွေကို ပွဲကြီးတွေထက် ပိုပြီး မျှော်လင့်ချက် ထက်သန်မိသည်။

            သို့ကြောင့်လည်း ကြားပွဲအမီ ဟိုတစ်ဖက်က ကိစ္စဝိစ္စတွေကို ရှစ်နာရီ မထိုးခင် အပြတ်ဖြတ်၍ အပြေးတစ်ဝက် လာခဲ့ခြင်း ဖြစ်သည်။

            ဟိုမှာကော အဆင်ပြေခဲ့ရဲ့လားဟု ကိုက သတိတရ မေးလေသည်။

            အဆင်ပြေတယ်ပဲ ပြောပါတော့ ကိုရယ်ဟု ဖြေရ၏။ ဆိုင်းဆိုင်းတွဲ့တွဲ့ ရှိလှသော ကိုယ့်အသံကို ကိုယ်ပြန်သတိ ထားမိကာ သက်ပြင်းဖွဖွ ချမိသည်။

            အမှန်ကတော့ ကနေ့မှပဲ စိတ်များလိုက်ရသည့် ဖြစ်ခြင်း။

            ဒီတစ်ပွဲတော့ ခွင့်လွှတ်ပါဟု အတန်တန် တောင်းပန် ကြည့်သည်၊ မရ။

            စာရေးဆရာ၏ အဓိက ပင်မလုပ်ငန်းမှာ စာပေရေးသားခြင်း သက်သက်ဖြစ်သော်လည်း စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲ စသော ကိစ္စရပ်များကို အကြောင်းအားလျော်စွာ ရံဖန်ရံခါ လက်ခံရတတ်လေသည်။

            ထို့ပြင် စာပေကိစ္စနှင့် ဆက်နွယ်၍ လူမှုရေးအသင်းအဖွဲ့တို့မှာ ပတ်သက်ရာ ပတ်သက်ကြောင်း စေတနာ့ဝန်ထမ်း တာဝန်ယူရတတ်ပြန်ပါသည်။

            စုစုထား ဆိုသည်က အချိန်အားအချိန်ပို မရှိအောင် တစ်နေ့တစ်နေ့ ပြေးလွှားဒေါင်းတောက် နေရသည့် မိန်းမ တစ်ယောက်ပါပဲ။

            သားသမီး ခုနစ်ယောက်ကို အုပ်ထိန်းစောင့်ရှောက်ရသည့် ကိစ္စ။ ခင်ပွန်းသည်၏ ဝေယျာဝစ္စ၊ ပြီးတော့ စာရေး ခြင်း၊ စာဖတ်ခြင်း၊ အတွေ့အကြုံ ဆည်းပူးခြင်း စသော ကိုယ်ပိုင်ကိစ္စ။

            မိမိလူ့ဘဝမှာ စုစုထား ဖြစ်ရသောဘဝမှာ သည်ဘဝ ဝန်ကြီးသုံးရပ်ကို နိုင်နိုင်နင်းနင်း လုပ်သွားနိုင်လျှင် နေပျော် သေပျော်ပြီဟု ခံယူထားသူ ဖြစ်လေသည်။

            ခုတော့ မေအေးနှင့် ပတ်သက်၍ ရှေ့ဆောင်အဖွဲ့မှာ တွဲဖက်အတွင်းရေးမှူး ဖြစ်လာရသည်။ အတွင်းရေးမှူးက မေအေး။

            ရင်ခွင်ပိုက်တန်းမှသည် ဆယ်တန်းအထိ ကျောင်းနေဖက် သူငယ်ချင်း မေအေး။

            ခုတော့ ကော်ပိုရေးရှင်းတစ်ခု၏ ဦးဆောင်ညွှန်ကြားရေးမှူး ကတော် ဒေါ်မေမေအေး ဖြစ်နေပေပြီ။ ဒေါ်မေမေအေး ဆိုတာက ကျွန်မတို့နဲ့ ကျောင်းနေဘက်လေဟု မှန်ကန်သော သစ္စာစကားနှင့် အသားယူ ပြောချင်၊ ဆိုချင်သူ ငယ်သူငယ်ချင်းတွေ၊ သိဟောင်းကျွမ်းဟောင်း ငယ်ပေါင်း ရောင်းရင်းတွေ လက်ညှိုးထိုး မလွဲအောင် ပေါများလျက် ရှိပြီ။

            စုစုထားကတော့ 'အဲဒီ ညွှန်မှူးကတော်နဲ့ စုစုထားနဲ့ ရင်းနှီးတယ်ဆို'ဟု စုံစမ်းလာသမျှ ပုထုဇဉ်တွေကို တစ်ပုံစံတည်း အဖြေပေးခဲ့သည်။

            'ကျောင်းနေဖက် သူငယ်ချင်းတော့ သူငယ်ချင်းပါပဲ။ ဒါပေမယ့် ကျောင်းတုန်းက မရင်းနှီးကြဘူး။ မေအေးက စုစုလို စာပေဝါသနာလည်း မပါဘူး။ စာကြည့်တိုက်ကိုလည်း မလာဘူး။ စုစုတို့က စာကြည့်တိုက်မှာ အချိန်ကုန်ခဲ့တာ။ အဲဒီတုန်းကဆိုရင် မေအေးက အလှမှန်မှန်ပြင်၊ ကျောင်းမှန်မှန် တက်ပြီး အစမ်းစာမေးပွဲ မှန်မှန်ကျတတ်တဲ့ အုပ်စုထဲမှာ စတားပေါ့။ ကျောင်းကနေ ကွဲသွားကြတော့လည်း တစ်လိုင်းစီလေ။ ခုလို ရန်ကုန်မှာလာပြီး အခြေချတာချင်း တူလို့သာ လာတွဲမိသွားတာ။ ဝင်ဒါမီယာနဲ့ အနောက်ရန်ကင်းဆိုတော့ အိမ်ချင်းကလည်း နီးတယ်မဟုတ်လား'

            ဒီလို အကျယ်တဝင့် ရှင်းလင်းပြောပြလိုက်မှပင် ရှုပ်ကုန်သည်လား မသိ။ တစ်စုံတစ်ခုသော အကြောင်းကြောင်းဖြင့် ညွှန်မှူးကတော်ကို ချဉ်းကပ်ရန် စုံစမ်းလာသူများသည် ဘာမှ ဆက်ပြီး မမေးတတ်၊ မပြောတတ်တော့ဘဲ နှုတ်ပိတ်ကုန်လေသည်။ ခင်ပွန်းသည်က 'မင်းဟာကလည်းကွာ၊ ဘာတွေ လျှောက်ပြောနေတာလဲ။ မရင်းနှီးဘူး ဖြေလိုက်လည်း ပြီးတာပဲ'ဟု မျက်ခုံးတွန့်ရင်း ဆိုသည်။           'မရင်းနှီးဘူး ပြောလို့ ယုံမှာလား။ သူ့အဘိုးကြီးကားနဲ့ တိုက်ရှေ့ လျှောခနဲ လျှောခနဲ ဝင်ဝင်လာတာ လူသိ ခွေးသိပဲ။ မရင်းနှီးတာကလည်း တကယ်မရင်းနှီးတာဘဲ။ လူတွေကလည်း ခက်တယ် ကိုရဲ့။ တစ်ခါတစ်ခါ အဲဒီလိုပဲ မရှင်းမရှင်း အူကြောင်ကြောင်စကားတွေ ပြောပစ်ရတယ်။ ဟော... ခု ဘယ်လောက်အဆင်ပြေလဲ။ စုစုက အူတိအူကြောင်တွေ လျှောက်ပြောတော့ သူတို့လည်း နားဝေတိမ်တောင် ဖြစ်ကုန်ရော။ ဘာမှဆက်မစုံစမ်းတတ်တော့ဘူး။ ဟား...ဟား... မကောင်းဘူးလား'

            မိန်းမလုပ်သမျှ ဘယ်တော့မှ ကောင်းသည်ဟု ထင်လေ့မရှိသော ကိုပင် ဒီတစ်ခါတော့ တစ်ဖက်လှည့်ပြီး ပြုံးနေ၏။ မေအေး ရောက်လာလျှင် ကိုသည် ဘာအကြောင်းနှင့်မှ စကားဝင်စပ်လေ့၊ ပြောဆိုနှုတ်ဆက်လေ့ မရှိ။ ဧည့်ခန်းနားပင် မသီ။

            မေအေးကလည်း ဧည့်ခန်းမှာထိုင်၍ ဧည့်ခန်းမှပင် ထပြန်သွားတတ်သော ဧည့်သည်မျိုး ဖြစ်သည်။

            သူ့အစ်ကိုကြီးနှင့်အတူ ဂေါက်ကွင်းလိုက်လေ့ရှိသော တနင်္ဂနွေနေ့များမှတစ်ပါး ကျန်ရက်များ အချိန်ပြည့်အားလပ် နေလေရာ စုစုထားအိမ်ကို မကြာခဏ ရောက်တတ်သည်။ ခုတလောတော့ ရေမှော်စိမ်းရောင် ဝီလီဂျစ်ကလေးကို ကိုယ်တိုင် မောင်းလာတတ်နေပြန်၏။

            'ဝလွန်းလို့ဟယ်၊ တင်းနစ်ရိုက်တာလည်း ရိုက်တာပဲ။ အဆီကျမသွားဘူး။ ဒါနဲ့ ဂျစ်ကားလျှောက်မောင်းနေရတယ်။ ဂျစ်ကားက ဆောင့်တယ် မဟုတ်လား'

            'ဘတ်စ်ကား စီးပါလားဟ။ မြို့ပြင်လိုင်းတွေဆို ဆောင့်လိုက်သမှ မတရားဘဲ'

            'ငါမှ ဘတ်စ်ကား မစီးတတ်ဘဲဟယ်။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိ'

            ရင့်လိုက်တာဟု နှုတ်က ထွက်မိတော့မည်ကို အချိန်မီ ထိန်းချုပ်လိုက်ရသည်။ ဦးဆောင်ညွှန်မှူး ဇနီးတစ်ယောက်ပဲ။ ဟုတ်ပေမှာပေါ့။

            'နင့်လို ပိန်ချင်လိုက်တာဟယ်။ နင်ကတော့ ကလေး ခုနစ်ယောက် မွေးလည်း တိုးပြီးဝမလာဘူး။ ဒီတိုင်း ဒီတိုင်း ပဲ'

            'အရွယ်တင်တာပေါ့ဟ။ ကလေးမွေးတာကိုး။ တစ်သားမွေး တစ်သွေးလှသတဲ့။ မကြားဖူးဘူးလား'

            အရယ်အသော မပါဘဲ တမင်တကာ အတည်ကြီး ပြောနေခြင်း ဖြစ်လေသည်။ ပြီးတော့...

            'နင်က ဝမှာပေါ့။ ကလေးမှမမွေးဘဲ။ အဆီပိတ်နေတာ ကိုး'

            မေအေးက သီးမတတ်ရယ်ကာ...

            'အေးဟယ်... ဟုတ်မှာပဲ။ ဒါပေမယ့် ကလေးတော့ မမွေးချင်တော့ဘူးဟယ်'

            ထို့နောက် သူ့အစ်ကိုကြီးမှ ပါလာသော သမီးသုံးယောက် ရှိသည့်အကြောင်းတွေ ပြောပြသည်။ မေအေးနှင့် မတိမ်း မယိမ်းတွေ။

            စုစုထားသည် မေအေး၏ဘဝ အကျပ်အတည်းကို ရိပ်စားမိစ ပြုလာ၏။ မေအေးမှာ ခံစားချက်တွေ ရှိနေသည်ကို စာနာဖို့ သတိရလာသည်။ ထိုစဉ်ကစ၍ မေအေးကို တကယ်တမ်း ခင်မင်ရင်းနှီးလာခဲ့လေသည်။

            လူ့ဘဝမှာ ဘာတစ်ခုမျှ မည်မည်ရရ ဝါသနာမပါတတ်သော မေအေး စရိုက်သဘာဝကို သဘောမကျနိုင်တာ တစ်ခုက လွဲရင် ကိုယ့်မိတ်သင်္ဂဟစာရင်းထဲမှာ မေအေးတစ်ယောက် ပါဝင်လာသည်ကို စိတ်ကျဉ်းကျပ်ဖွယ် မရှိ။

            အိမ်ထဲမှာ ငြီးငွေ့၍ အိမ့်ပြင်မှာ မွေ့လျော်ရာ ရှာချင်သော မေအေးသည် လူမှုရေး အသင်းအဖွဲ့တိုင်းမှာလိုလို ပါဝင် လှုပ်ရှားလျက် ရှိ၏။ တလောကပင် ပြိုင်ပွဲတစ်ခုမှာ အကဲဖြတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လိုက်သေးသည်။

            သူ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ရှိသော ရှေ့ဆောင်အဖွဲ့မှာ စုစုထားကို အတင်းအဓမ္မ စည်းရုံးကာ တွဲဖက်အတွင်းရေးမှူး ဖြစ်စေခဲ့လေသည်။ စုစုထား အဖို့တော့ ရှိစုမဲ့စုအချိန်ကို အပိုဖြုန်းရခြင်း မှန်ပါ၏။ သို့သော် အရှုံးမရှိလှဟု ယူဆသည်။ စာရေးဆရာ တစ်ယောက်အဖို့ အလွှာတစ်ခုမှာ အတွေ့အကြုံသစ်တွေ ရနိုင်သည်။ ဆန်းပြားသော စရိုက်တွေ၊ ထူးခြားသော မိန်းမတွေ။

            သည်နေ့ကျပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် ရှေ့ဆောင်အသင်းတိုက်မှာ ကျင်းပသည့် သက်ငယ်တန်း ကဗျာရွတ်ပြိုင်ပွဲက ရှိနေသည်။ အဖွဲ့ဝင် အမျိုးသမီးတွေထဲက ရေဒီယိုတေးသံရှင် သုံးဦး၊ အထက်တန်း ကျောင်းအုပ်ဆရာမ ကြီးနှစ်ဦး၊ လူငယ့်ရေးရာမှ ရေးရာမှူးတစ်ဦး နှင့်အတူ စာရေးဆရာ စုစုထားပါ ကဗျာရွတ်ပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရမည် ဖြစ်လေသည်။

            တကယ်တော့ စုစုထားမပါလျှင်လည်း ပြီးနိုင်သည့် ကိစ္စ။ ဘယ်သူပဲဖြစ်ဖြစ် အစားဝင်၍ ရနိုင်သည့်ကိစ္စ။

            သည်မှာက မကြည့်လိုက်ရလျှင် ကိုယ့်အခွင့်အရေး ဆုံးရှုံးမည့်ပွဲ။

            ဝင်းနိုင်စိန်နှင့် ထားဝယ်ဝင်းနိုင်တို့၏ လက်ဝှေ့ပွဲ။

            ကြိုတင်လက်မှတ်တွေလည်း ဝယ်ထားပြီးပြီ။ ကိုယ့်ဘက်က ပျက်ကွက်လျှင် အလကားသက်သက် ငွေနှစ်ဆယ့် ငါးကျပ် ဆုံးရှုံးမည်။ စုစုထားတို့ လင်မယားသည် စတေ့ချ် ရှိုးခေါ် ဂီတပွဲနှင့် လက်ဝှေ့ပွဲများတွင် ထိုင်ခုံလက်မှတ် အစိတ်သုံးဆယ်ပေးရသည်ကို နှမြောနှမဲ မဖြစ်ကြ။ ဘယ့်လောက် ပေးရပေးရ နေရာကောင်းရဖို့ရန် စောစောကြွတတ်ကြသည်သာ။ တစ်ခါတစ်ရံ ရုပ်ရှင်ရုံက အထွက်တွင် ကုန်ခဲ့သော ပိုက်ဆံငါးကျပ်အတွက် နှမြောတသတဖွဖွ ပြောမဆုံးချင် တတ်သော်လည်း လက်ဝှေ့ပွဲတွေ၊ ဂီတပွဲတွေကျတော့ ဘယ်လောက်ကုန်ကုန်၊ ရှေ့သွားနောက်လိုက်ညီစမြဲ။ သည်ပွဲနှင့်မှ လာတိုက်ဆိုင်နေတော့ မတတ်သာပြီ။

            'ကိုသွားနှင့်၊ စုစု ဟိုမှာ စောစောဖြတ်ခဲ့မယ်။ ဖြစ်နိုင်ရင် အမှတ်ပေးပြီးတာနဲ့ ထွက်လာခဲ့မယ်။ ဆုကြေညာတာတွေ၊ ဆုချီးမြှင့်တာတွေ စောင့်မကြည့်တော့ဘူး။ တစ်ခုတော့ ရှိတယ်။ တစ်ယောက်ယောက် ရုံဝက စောင့်ကြိုရင် ကောင်းမယ်။ ကိုပဲဖြစ်ဖြစ်၊ သားတွေပဲ ဖြစ်ဖြစ်'

            'ဟာ... မေမေက ဘယ်အချိန်ရောက်မှန်းမှ မသိနိုင်တာ။ သားတို့ မစောင့်ချင်ဘူး။ ဘော်ဒါတွေနဲ့ ကွဲကုန်မှာပေါ့။ သားတို့နေရာက ခုံနံပါတ်တွေ၊ ဘာတွေရှိတာ မဟုတ်ဘူးဗျ။ တော်ကြာ ဘုံပျောက်သွားမယ်'

            ဟုတ်သားပဲဟု တွေးမိကာ နေကြပါလေ။ ကိုယ့်ဘာသာ ကိုယ်ပဲ ကြံဖန်ရောက်အောင် ဝင်ခဲ့ရမှာပေါ့ဟု ငေါ်တော်တော် ပြောခဲ့မိ၏။ မိန်းကလေးပရိသတ်ဟူ၍ လက်ငါးချောင်းပြည့်အောင် ရှာဖွေရေတွက် မရတတ်သော လက်ဝှေ့ပွဲတို့၏ သဘောသဘာဝကို စဉ်းစားရင်း နည်းနည်းပါးပါး စိတ်ရှုပ်သွားလေသည်။

            'ကိုယ့်ကိစ္စနဲ့ကိုယ် ဖြစ်ရတာပဲကွာ။ ရောက်အောင် လာပေါ့။ ဘာဖြစ်လဲ။ သတ္တိကောင်းတယ်ဆို၊ သာယာဝတီသားဆို၊ စုစုထားဆို'

            'ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ လင့်ဝတ္တရား ငါးပါးထဲမှာ မိန်းမကို လက်ဝှေ့ရုံပေါက်က စောင့်ကြိုမယ်လို့မှ မပါတာပဲ။ နေကြ၊ နေကြ'

            'အေး... ငါလည်း မိန်းမတို့၏ ကောင်းခြင်း ငါးဖြာ လက္ခဏာထဲမှာ လက်ဝှေ့ပွဲ ဝါသနာကြီးခြင်းလို့ မတွေ့မိဘူး ထင်တာပဲ'

            ကတောက်ကဆ ကလေးတွေနှင့် အသင်းတိုက်ကို အရင်ပြေးဖို့ ပြင်ရသည်။ သတ်မှတ်ထားသော အချိန်ထက် တစ်မိနစ် နောက်မကျဘဲ အခမ်းအနား စနိုင်ဖို့ အတော်ကြီး လှုံ့ဆော်ရ သေး၏။ ကလေးတွေ ပြိုင်ပွဲဝင် ကဗျာရွတ်ကြတော့မှ စိတ်မောနေသည့် အာရုံတွေ ခဏခေတ္တ တည်ငြိမ်မှု ရလိုက်သည်။

            ပြိုင်ပွဲဝင်ချိန် ကုန်ဆုံး၍ အမှတ်ပေးဇယားကလေးတွေ လိုက်စုနေတုန်းကျမှ မရွှေမေအေးက ပြဿနာပေါ်လာသည်။ 'မူးတယ်၊ မူးတယ်'ဟု တိုးတိုးဖွဖွ ပြောရင်း စကားပြော စင်နားမှာ ခွေကျသွားသည်။

            ဖြစ်လိုက်သည့် ဗရုတ်သုတ်ခတွေ။ ဒေါက်တာ ဒေါ်ရီရီလည်း အတော်အလုပ်များသွားရသည်။ ကတော်ပေါင်းစုံ၏ လက်ကိုင်အိတ်ထဲက အဖိုးတန်ရေမွှေးပုလင်း ကြီးငယ်တို့ မေအေးအနားမှာ အစုလိုက် အပုံလိုက် ရောက်လာ၏။ စိန်ဂျွန်းထက်တောင် စုံနေပြီဟု အံ့သြရင်း အခမ်းအနားမှူး မေအေး၏ တာဝန်ဝတ္တရားကို တွဲဖက်အတွင်းရေးမှူး စုစုထား ပခုံးပေါ် အလိုအလျောက် ကျလာသည်။

            ဒေါက်တာ ဒေါ်ရီရီက အားနည်းလို့ပါ။ အိပ်ရေးပျက်တယ် ထင်တယ်။ အိပ်လိုက်ရင် ကောင်းမယ်ဟု အကြံပေးသည်ကို မသိတစ်ချက် သိတစ်ဝက် ရှိနေသော မေအေးက လက်ကိုင်အိတ်ထဲမှာ ဆေးရှိတယ်ဟု လေးလေးလံလံကြီး ပြောပြနိုင်သေး၏။

            'ဟဲ့ ဗေလီယံဖိုက်ပါလား။ ကြည့်စမ်း... သူ ဒါတွေ ဆောင်နေတယ်'ဟု မေအေး လက်ကိုင်အိတ်ထဲ စမ်းရှာကြည့်သော ဒေါက်တာဒေါ်ရီရီက ထအော်သည်။

            ဝတ္ထုရေးသမား စုစုထားကတော့ ရင်ထဲမှာ ဝေဒနာတစ်ခုကို စူးစူးရှရှခံစားလိုက်ရလေသည်။ အလှည့်ကျပြီမို့ မနွဲ့လျနိုင်တော့ဘဲ အခမ်းအနားကို ပြီးစီးသည်အထိ ဆက်လက် တာဝန်ယူလိုက်ရတော့ သည်။

            ကြိုတင်တွက်ဆထားသည်ထက် တစ်နာရီခွဲခန့် နောက်ကျပြီးမှ လက်ဝှေ့ပွဲကို ကူးလာခဲ့ရသည်။

            သတ္တိမနည်းပါဘူး။ သာယာဝတီသူပဲဟု အားတင်းကာ ရုံပေါက်ဝမှာ တာဝန်ယူစောင့် ရှောက်နေကြသော ကြက်ခြေနီတပ်ဖွဲ့ကို အကူအညီ တောင်းလိုက်လေ၏။

            'အန်တီ့ကို ဟောဒီနေရာလေး လိုက်ပြပေးပါကွယ်။ အရှေ့ဘက်ခြမ်း အေ-သာတီဝမ်း'

            ၂။

            'အသံတိတ်မင်းသားလေး အုတ်ကျင်းဝင်းကြည် သိဒ္ဓိစွမ်း ပြနေပါတယ်ခင်ဗျာ။ ကြောက်တဲ့လူ နောက်ကိုဆုတ်၊ ကျောက်ရုပ်တောင် ထက်ခြမ်းခွဲမည့် မောင်ပါပဲခင်ဗျ။ အုတ်ကျင်းဝင်းကြည် အသံတိတ် မင်းသားလေး ခင်ဗျ'

            ဆိုင်းက ဗိန်းဗောင်း နှက်နေသည်။ တုံ့နှေးလေးကန်စွာ လက်ဝှေ့ရေးပြနေသူကို လှမ်းကြည့်ရင်း စိတ်ထဲက ချီးကျူး နေမိလေသည်။

            လူ့ဘဝမှာ ဘာတစ်စုံတစ်ရာမှ ဝါသနာမပါတတ်သူတွေ ရှိသလို ဝါသနာနောက် သဲကြီးမဲကြီး သက်စွန့်ဆံဖျား လိုက်နေသူတွေလည်း အမြောက်အမြားပင်။

            အုတ်ကျင်းဝင်းကြည် ဆိုလျှင် ဆံပင်တွေက အဖွေးသားနှင့်။ စကားလုံးဝ မပြောတတ်။ နားလည်းကောင်းစွာ မကြားဟု သိရသည်။ ဒီအားနည်းချက်တွေ ရှိနေပါလျက်နှင့်ပင် ကြားပွဲမှန်သမျှ သူ့ကို မတွေ့ရသော နေရာမရှိ။ လက်ဝှေ့ပွဲ ထီခနဲဟေ့ဆိုလျှင် ကြိုးဝိုင်းပေါ် သူရောက်နေပြီ။ ခြေဟန် လက်ဟန်နှင့် စိန်ခေါ်လျက် ရှိပြီ။

            ထိုးကြပြီဟေ့ ဆိုလျှင်လည်း သွေးနည်းသူ မဟုတ်။ အဖမ်းအချုပ်သန်သော ဝင်းကြည်ကို စုစုထားတို့ တအံ့တသြ အားပေးရသည်။ ကွဲပြီဟေ့ ဆိုလျှင်လည်း ဝင်းကြည်တို့ကို စင်ပေါ်က လူမှန်းမသိ၊ သူမှန်းမသိ ထမ်းချသွားရသည်။ သို့သော် တစ်ခဏပါပဲ။ မြန်မာ့ရိုးရာ လက်ဝှေ့ပညာ အံ့မခန်းသလို ကုထုံးတွေကလည်း စွမ်းပါဘိ။ အရိုးသွင်သွင်ကျိုးသည့် ကိစ္စမျိုးမှတစ်ပါး တော်ရုံလျော်ရုံ အကွဲအပြဲဆိုလျှင် တစ်ခဏအတွင်း သွေးတိတ်ရမည်။ အဆစ်အမြစ် အလွဲအချော် ရှိလျှင်လည်း ဖိနှိပ်ဆုပ်နယ်ပေးရုံနှင့် ပုံမှန်ပြန်ဖြစ်ရမည်။

            ဝင်းကြည် လူမှန်းမသိအောင်လဲပြီ၊ ကွဲပြီ ဆိုသော်လည်း သိပ်ကြာကြာ မခံရပါ။ မိနစ်ပိုင်းအတွင်းမှာပင် သူ့လို စင်ပေါ်က လဲကွဲဆင်းသူ ဘဝတူတွေကို ဆီးကြိုပြုစုဖေးမ ပေးနေသည့် အာဂဝင်းကြည်ကို တွေ့မြင်နေကျ။

            ခုလည်း ပြိုင်ဘက်ကို စိန်ခေါ်နေပြီ။

            ခုံဒိုင်မှ ကြေညာသံများ ဆက်လက်ထွက်ပေါ်နေသည်။

            'လုပ်သားပြည်သူအပေါင်း တောင်းဆိုတဲ့ ဒေါင်းညို ပါတဲ့ခင်ဗျာ'

            'ဂဠုန်နဂါးတောင် အရှုံးပေးရမည့် သထုံသားလေး ဝေလင်းခင်ဗျ'

            'စာမရီနှယ်အလား ဘာမထီ တကယ်မကြွားပါဘု လာပြီ၊ လာပြီ ဖယ်ရှားကြပေရော့ သာယာဝတီ နယ်သားလေး အောင်မိုက်တဲ့နော်။ အောင်မိုက်လာပြီ ခင်ဗျ။

            'ဟေ့... သာယာဝတီ အောင်မိုက်ဆိုပါလား'ဟု ခင်ပွန်းသည်က လက်တို့သည်။

            ကြိုးဝိုင်းပေါ် စူးစိုက်ကြည့်မိ၏။ တိုက်စကတ်ဘောင်းဘီပွ အနီရောင်နှင့် လက်ဝှေ့ရေး ပြနေသူကို ဘယ်တုန်းက သိကျွမ်းခဲ့ဖူးပါလိမ့်။

            'ယိုးဒယား လက်ဝှေ့ကျော် မောင်ယိမ်းကို အနိုင်သတ်ခဲ့တဲ့ သာယာဝတီအောင်မိုက်ပါပဲ ခင်ဗျာ။ အခုန်အပျံ၊ အသတ်တွေနဲ့ နားအုံခံရင် ပြတ်ထွက်သွားမည့် မောင်ပါပဲ ခင်ဗျ'

            'ဟာ... အောင်ကို၊ အောင်ကို၊ အောင်ကိုရယ်တော့်။ ကြည့်စမ်း... အောင်မိုက်တဲ့။ သာယာဝတီ အောင်မိုက်တဲ့'

            ဖန်ဖဲမှာ အောင်ကို အကော်ဒီယံတီးသည်ကို တအံ့တသြ တွေ့ရသည်။

            သာယာဝတီ ကွက်သစ်ကျောင်းသားဟောင်း ဖြစ်သော ကိုအုန်းကျော်၏ အကော်ဒီယံကို ပိုင်ပိုင်နိုင်နိုင်ကြီးယူ၍ တီးမှုတ်နေလို့ပါကလား။

            'ဟေ့... ဘာကြည့်နေကြတာလဲ။ သီချင်းဆိုမလား၊ လာလေ။ ဘာဆိုမလဲ'

            'အိုး... မဆိုချင်ပါဘူး။ တို့က ကိုအုန်းကျော်နဲ့မှ ဆိုတတ်တာ'

            သီချင်းဆိုချင်၍ တီးဝိုင်းနား ကပ်လာသူကို ပေါ်တင်ကြီး လှမ်းခေါ်သည်မို့ ရှက်ရမ်းရမ်း ဖြေမိခြင်း ဖြစ်၏။ အောင်ကိုက သည်းဖိုရွှေလီ မြနဒီကို တီးသောအခါ ဝင်ဆိုချင်လိုက်သည်မှာ နှုတ်ခမ်းကို မနည်းသပ်နေရသည်။

            'ဟဲ့... စုစုထား အားနေသလား။ ရော့...ဟောဒီ လှည်းဘီးကလေးတွေ တပ်လိုက်စမ်း။ မြန်မြန်လုပ် သမီး။ လှည်းတွေ သိပ်ရောင်းကောင်းနေတယ်။ ဟောဒီမှာ ပင်အပ်။ သပ်သပ်ရပ်ရပ် ပြန်ကောက်ပေးနော်'

            ဆရာဦးကြည်မြင့်က သုံးထပ်သားနှင့် ပုံဖော်ထွင်းထားသော နွားလှည်း ကိုယ်ထည်ကလေးတွေ၊ ဘီးဝိုင်းကလေးတွေကို ကြိမ်ခြင်းနှင့်တစ်လုံး လာချပေးရင်း ခိုင်းသည်။

            'လှည်းတွေက အများကြီးပဲ။ မြန်မြန်ပြီးသွားအောင် သူ့လည်းခိုင်း ဆရာ။ အလကား အကော်ဒီယံ တီးနေတယ်။ သူ့အလုပ်လည်း မဟုတ်ဘဲနဲ့။ ရာရာသသ'

            အကြောင်းမဲ့သက်သက် ကတ်ဖဲ့ပြောလိုက်ခြင်း ဖြစ်ပါသည်။ စိတ်ထဲမှာ မကြည်တာတော့ အမှန်ပဲ။

            သည်ဖျော်ဖြေရေး ဆပ်ကော်မတီတွင် စုစုထားတို့ ကျောင်းသားဟောင်းတွေချည်း တာဝန်ယူထားသည်။ အဆိုတော် လှလှရီ၊ ကိုအုန်းကျော် စသည်စသည်၊ ပြီးတော့ သီချင်းဆိုချင်သော စုစုထား၊ မမယဉ်ယဉ်မေ။

            ခုတော့ ဘယ်လိုက ဘယ်လို ကိုအုန်းကျော် ဘယ်ကိုပျောက်၍ အောင်ကိုရောက်လာသည် မသိ။ စုစုထား သိသည်က အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီမှာ အောင်ကိုပါသည်။ ဒီနေရာနှင့် သူဘာမှ မဆီဆိုင်။

            'နေပါစေ သမီးရယ်။ ကိုအုန်းကျော် ဧည့်သည်တွေနဲ့ စကားကောင်းနေတုန်း အောင်ကို တီးပါစေ။ နို့မို့ရင် တို့နေရာက သွေ့သွေ့ခြောက်ခြောက်ကြီး ဖြစ်နေပါ့မယ်'

            ဆရာ့စကား ဆုံးသောအခါ အောင်ကိုက ပြုံးကျဲကျဲဖြင့် သီချင်းတစ်ပုဒ်ကို ပြောင်းတီးလေသည်။ သက်တန့်ပေါ်မှာ ကစားမယ်။

            'သီချင်းဆိုချင်တဲ့ ကောင်မလေးတွေရှိရင် လွှတ်ပေးပါ ဆရာ။ အဆိုမရှိတော့ ခြောက်ကပ်ကပ်ကြီး။ အနားမှာရှိတာကလည်း ဘဝင်ချည်းပဲ'

            စွေ့ခနဲ မျက်စောင်းတစ်ချက် ထိုးမိသည်။ ဝင်ရိုးအပေါက်ထဲသို့ ဆောင့်ထိုးထည့်လိုက်သော ပင်အပ်သည် အရှိန်လွန်ကာ လက်ခလယ်ထိပ်ဖျားကို ဖောက်ခနဲ နေအောင် စိုက်မိသွားသည်။ စိတ်ထဲမှာ မျက်ခနဲ ရှသွားသည်။ ဒါကို အောင်ကို အကောင်စုတ် မြင်လိုက်ပေမည်။

            'ဟေ့... ကောင်းတယ်၊ ကောင်းတယ်။ သက်တန့်ပေါ်မှာ ကစားမယ်... ကစားမယ်... ကစားမယ်'            'ကဲဟာ... အဲဒါ ကစားဦး'

            အောင်ကို့မျက်နှာတွင် သွေးတွေ ဖျာခနဲရဲလာသည်ကို မြင်၏။ လွင့်စဉ်ကျသွားသော လှည်းကလေးကို ကောက်သည်။ အပဲ့အရွဲ့မရှိ။ ပဲ့ရွဲ့သွားလည်း အကြောင်းမဟုတ်။ လေးကျပ်ပဲ။

            'နင်ကလည်း လက်သိပ်ယဉ်တာပဲ'

            တစ်ခွန်းတည်း ပြောလိုက်သော အောင်ကို့အပြစ်တင်စကား။

            'အေး... ယဉ်ယဉ်ပဲ။ အဲဒါမှတ်ထား'

            အောင်ကို့စိတ်ထဲ ဘယ့်နှယ်မှတ်မည်တော့ မသိ။ မျက်နှာပေါ်မှာတော့ အနာရွတ် ထင်ရစ်သည်။

            ကြာတော့မှ အောင်ကို သည်းခံစိတ်ရှိတာတွေ၊ စိတ်ရှည်တာတွေ၊ သိမ်မွေ့တာတွေကို တစ်စစ နားလည်ရသည်။ အောင်ကို့နေရာမှာ တခြားယောကျ်ားလေးဆိုလျှင် ပြဿနာတွေ တစ်နည်းတစ်ဖုံ တက်ကုန်နိုင်သည်။ ခုတော့ တော်သေးရဲ့။ သိမ်မွေ့သည်းခံနိုင်စွမ်းသော အောင်ကို။ ရွက်ပုန်းသီး ဂီတဝါသနာရှင် အောင်ကို။

            ခုတော့ ဆက်စပ်တွေးယူနိုင်ဖွယ် မရှိသော ဘဝအလှည့် အပြောင်းအားဖြင့် အောင်ကိုသည် လက်ဝှေ့ကျော်ကြီး ဖြစ်နေ၏။

            သာယာဝတီ အောင်မိုက်။

            လက်ဝှေ့ကြိုးဝိုင်းနားမှာ သူ ရပ်လိုက်သည်။ အပေါ်ဆုံး ကြိုးတန်းအောက်မှ ငုံ့လျှိုးကာ ဒုတိယအလယ် ကြိုးတန်းကို ကျော်လွှား၍ ခုန်ချလိုက်၏။

            'ဟေး... အောင်ကို၊ အောင်ကို၊ ဒီမှာ သာယာဝတီ အောင်မိုက်'

            အရှိန်နှင့် လှမ်းနေရာက တုံ့ခနဲ ရပ်သွားသည်။ စုစုထားတို့ အနားက ထားဝယ်ဝင်းနိုင်၏ အဖွဲ့သားတွေပင် ကျိုးတိုး ကြောင်တောင် လှမ်းကြည့်နေကြ၏။ ဝင်းခနဲလက်သွားသော အပြုံးဖြင့် ထိုင်ခုံတွေကို တိုးလျှိုးလျှောက်လာသည်။

            'ဟေ့... နင် နင်လာတယ်။ စုစုထား နင်...'

            'အေး... ငါ့ယောကျ်ား အဖော်ပါတယ်'

            အောင်ကိုက ကို့ကို လက်ဆွဲနှုတ်ဆက်ရင်း...

            'ဟေ့... နင် စာတွေ တကယ်ရေးနေတာကိုး။ နင့်ဝတ္ထုတွေ ငါ ဖတ်ရတယ်။ ငါကြိုက်တယ်'

            'ငါ့ယောကျ်ားကတော့ မကြိုက်ဘူးတဲ့။ မေးသာကြည့်'

            အရယ်အသောတွေ စိုပြည်သွားလေသည်။

            'သည်လိုနေရာမှာ နင့်ကို လာတွေ့ရတာ သိပ်အံ့သြတာပဲ အောင်ကိုရယ်။ သတ်တာ ပုတ်တာတွေနဲ့ နင်နဲ့တခြားစီ'

            အဲဒီစကားကို ငါက ပြောရမှာဟု ဆိုသည်။

            'နာမည်တွေ ဘာတွေပြောင်းလို့ကိုး။ သာယာဝတီ အောင်မိုက်တဲ့။ နာမည်က မိုက်လှချည့်လား'

            'မိန်းကလေးကလည်း လက်ဝှေ့ပွဲတွေ ဘာတွေလာလို့ ကိုး။ လူက မိုက်လှချည့်လား'ဟု သူက သံယောင်ဖြင့် နောက်နေ၏။

            မိုက်ကြမှာပေါ့လေ။ သာယာဝတီသားတွေပဲဟု ပြောတော့ အောင်ကို့မျက်နှာ ဝင်းခနဲ တစ်ချက်လက်သွားကာ...

            'ဟောဒီနားမှာ တို့လိုမိုက်တဲ့ သာယာဝတီသား တစ်ယောက် ရှိသေးတယ်'

            'ဟုတ်လား ဘယ်သူလဲ'

            'ဟောဟို ဆိုင်းထဲမှာ စိန်မြအောင်ဆိုင်းထဲမှာ'

            ယောင်တိယောင်ကန်းနှင့် ဆိုင်းဘက်ကို လှည့်ကြည့်မိ သည်။ လက်ဝှေ့ပွဲနှင့် မဆီလျော်စွာ အလှူ့ရှင် သီချင်းကို တီးနေ၏။ မိန်းကလေးအဆိုတော်၏ အသံသည် စည်စည်ဝေဝေ လွင့်ပျံနေ၏။

            'ဟော... နင်သိမယ်။ သိလိမ့်မယ်။ နားထောင်ကြည့်၊ အီဂျစ်နဲ့အင်္ဂလန် ရောက်ပြီ၊ နားထောင်'

            မိန်းကလေးသံကို မမှတ်မိ။ မသိနိုင်တော့ပါဘူးဟု ဝန်ခံရတော့မည်သို့ ရှိသည်။

            အလှူ့ရှင်မှန်း အားလုံးသိကြပါတယ်ရှင်ဟု ဆိုသော အပိုဒ်တွင် ထူးခြားလာသော တီးလုံးကို ကြားလိုက်ရသည်။ ဗြောသံ၊ အလှူဗြောသံ။

            'ဟာ... ကိုညိုမြင့်၊ ကိုညိုမြင့်။ ပတ်မတီးလား။ ဟင် အောင်ကို၊ ကိုညိုမြင့် မဟုတ်လား'

            အောင်ကိုက အေးဆေးစွာ ခေါင်းညိတ်ပြလေသည်။

            'သံစဉ်ထဲမှာ စာသားနဲ့ညီအောင် ဗြောသံကလေး ထည့်ပြီး တီးပေးတတ်တဲ့ ပတ်မတီးဟာ ညိုမြင့်ကလွဲလို့ ဘယ်သူ ဖြစ်နိုင်မှာလဲဟယ်'

            ဟုတ်ပါသည်။ အထက်တန်းကျောင်းတုန်းက ကိစ္စတွေ၊ မနေ့တစ်နေ့ကလို အာရုံမှာ တင်းတင်းပြက်ပြက် ပေါ်လာသည်။

            စုစုထားတို့ ဆိုင်းသံကြားလျှင် တခြိမ်းခြိမ်း ကချင်သည့် အရွယ်။ ဆိုရ၊ ကရမည်ဆိုလျှင် စာမေးပွဲတောင် အကျခံနိုင်သည်ဟု လွန်လွန်ကျွံကျွံ ကြွေးကြော်တတ်သော အရွယ်။ ဆယ့်လေးငါးနှစ်အရွယ်။ ဒီတုန်းက အသက်နှစ်ဆယ်ခန့် ရှိပြီဖြစ်သော ကိုညိုမြင့်သည် အတန်းမော်နီတာ ဖြစ်သလို တီးဝိုင်းခေါင်းဆောင်လည်း လုပ်တတ်လေ့ ရှိလေ၏။ ကျောင်းအတွက် ကပွဲအတွက်ဆိုလျှင် တီးလုံးတီးကွက်ကို သူပဲ ဦးဆောင်တိုက်သည်။ သူပဲ ဂီတကို အကျွမ်းဆုံး ဖြစ်သည်။

            တစ်ခုသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂီတပြိုင်ပွဲမှာ ကျောင်းက စုစုထားကို အကပြိုင်ပွဲ ဝင်စေခဲ့လေသည်။ အလှူ့ရှင် သီချင်းနှင့်။ အငြိမ့်သမအကနှင့်။

            စုစုထားတို့ ကျောင်းလို ဆိုင်းနှင့်ဝိုင်းနှင့် တခမ်းတနား ပြိုင်ပွဲဝင်နိုင်သည့် ကျောင်းများ မရှိလှသော နယ်မြို့ကလေးမှာ နည်းနည်းပါးပါး ကတတ်ခုန်တတ်သော စုစုထား ပထမ ချိတ်ခဲ့သည်မှာလည်း မဆန်းပေ။ တကယ်ဆန်းသည်က ပတ်မတီး ကိုညိုမြင့်ကို ဆုငွေတစ်ရာ ချီးမြှင့်ခံရခြင်း ဖြစ်လေ၏။ အကဲဖြတ်အဖွဲ့မှ သီးခြား ချီးမြှင့်ခြင်း ဖြစ်သည်။ အကြောင်းက တီးလုံးထဲမှာ တေးစာသားနှင့် ကိုက်ညီစွာ ဗြောသံကလေး ထည့်ပေးလိုက်ခြင်းကို ချီးကျူးလို၍ဟု ဆို၏။

            အစက ဘာမှန်းညာမှန်း မသိတတ်သော စုစုထားတို့လည်း ဒီတော့မှပင် သတိတရ နားစိုက်မိကြသည်။ တစ်ချိန်တည်းမှာပင် ကိုညိုမြင့်၏ လက်သံကို နားစွဲသွားကြသည်။

            ခုတော့...

            'သူ့မှာ ဒီ့ပြင်နေရာ မရနိုင်တော့ဘူးလားဟယ်။ ဒီ့ထက်ကြီးကျယ်တဲ့ ဆိုင်းတွေနဲ့ပဲ တန်ပါတယ်။ ကျောင်းဆက်တက်သေးတယ်ဆို။ သူ ဘွဲ့မရလိုက်ဘူးလား။ သူ့မိဘတွေကလည်း ချမ်းသာသားပဲ'

            'အေး... ခု ပိုချမ်းသာသေးတယ်။ ညိုမြင့်လည်း ဘီအေ အောင်လိုက်သေးတယ်။ ဒါပေမည့် အဲဒီလို ပတ်မတီးပဲ လုပ်နေတာပဲ။ ဆိုင်းထဲပဲ လိုက်နေတာပဲ။ ဒါကြောင့် မိဘတွေနဲ့လည်း အဆင်ပြေပုံ မရဘူး။ သူ့ဘာသာ လုပ်ကိုင်စားသောက် နေတာလေ'

            လောကဓံမှာ အဆန်းတကြယ်တွေ လာတွေ့နေရတာ ပါကလားဟု သြချမိသည်။

            'နင် ခပ်ငယ်ငယ်၊ မျက်စိနောက်ဖို့ ကောင်းတဲ့အရွယ်တုန်းက ပြောခဲ့ဖူးတာလေ။ ငါ မှတ်မိသေးတယ်'

            ဘာလဲဟု အထိတ်တလန့်မေးသော်...

            'သြော်... ဟိုဟာ။ ဘဝဆိုတာ ရုန်းကန်ခြင်းပဲ ဆိုတာလေ။ ဘယ်စာအုပ်ထဲကလဲ။ နင် သဘောကျလို့ မှတ်ထားပြီး လျှောက်လျှောက်ပြောနေတာ'

            သြော်... ဟု သတိရလာပြီး တဟားဟားရယ်ရသည်။ စာရူး၊ ပေရူး၊ ကဗျာရူးဘဝ။ ကိုယ်မှ နိုင်ငံရေးမလုပ်လျှင် လောကကြီးတစ်ခုလုံး အဖတ်ဆယ်မရပြီဟု ယူဆချင်သော အရွယ်။ လက်ဝဲစာအုပ်တွေကို နိုင်ငံရေး၏ အနှစ်သာရ မှတ်ထင်နေသော ကာလ။ မိန်းမဖြစ်ရသည်ကို ဆုံးရှုံးခြင်း တစ်ရပ်သဖွယ် အားငယ်ချင်သော အချိန်။

            'အဲဒီလိုပေါ့ဟာ။ ဘဝဆိုတာ တိုက်ပွဲပါပဲ။ ကြိုးဝိုင်းထဲက တိုက်ပွဲပါပဲ'

            ထိုညက အောင်ကိုသည် သူပြောသလိုပင် တိုက်ရင်းခိုက်ရင်း လဲရင်း ထရင်းက ပြိုင်ဘက်တွေကို စိန်ခေါ်လျက်ရှိ၏။

            စာမရီနှယ်အလား။

            ဘာမထီတကယ်မကြွားပါဟု

            သာယာဝတီနယ်သား အောင်မိုက်တဲ့နော်။

            လာပြီ၊ လာပြီ၊ ဖယ်... ရှားကြဟိတ်။

            ၃။

            'ကန်ထရိုက်ရေ၊ မနက်ဖြန်တော့ မင်းဆန်ပုံးထဲ ကြွက်တွေ ဒစ္စကို ကနေပြီမှတ်'

            ပရိသတ်၏ မကျေမချမ်း အော်ဟစ်သံတွေ။ ဟုတ်ပါရဲ့။ မနက်ဖြန်ပွဲ လူမှဝင်ပါ့မလားဟု တွေးမိသည်။

            မဲနှိုက်၍ အနိုင်အရှုံး ဆုံးဖြတ်ရသောပွဲ။ ပရိသတ် မျှော်လင့်ချက် မထားသူက အောင်ဘာလေဖြင့် အနိုင်ရသွားသောအခါ ထုံးစံအတိုင်း ပွဲဆူလေပြီ။

            မနေ့က အနိုင်ရခဲ့သော သမန်းကျားနှင့် ယနေ့အောင်ပန်း ဆင်သွားသူမှာ ဘယ်လိုမှ လက်ရည်ချင်းမတူဟု နားလည်ထားကြသည်။ မနက်ဖြန်ပွဲ ဘယ်နည်းနှင့်မှ ကြည့်မကောင်းနိုင်တော့။

            'ဧည့်သည်ရောက်နေတယ် မေမေ'

            သမီးကြီးက အိမ်ဝမှ ဆီးကြိုသတင်းပို့သည်။

            'ဟဲ့... ဘယ်သူများပါလိမ့်။ ဘာကိစ္စတဲ့တုံး'

            'အန်တီကတော့ မြင်ဖူးတယ် ပြောတာပဲ။ ဘုန်းကြီး မေမေ၊ ဘုန်းကြီး'

            'ဘယ့်နှယ်'

            တအံ့တသြနှင့် အိမ်ထဲ ဒရောသောပါး ရောက်သွားရသည်။ ဟော... ပို၍ ပို၍ အံ့သြစရာကို တွေ့လိုက်ရပါချေပြီ။

            'ဟင်... ဘယ့်နှယ်'

            'ဟုတ်တယ်။ သိပ်အံ့သြနေကြသလား'

            ဘယ်တုန်းက သင်္ကန်းဝတ်လိုက်တာလဲဟု သံပြတ်နှင့် မေးမိသည်။

            အထူးအဆန်းပါပဲလား ကိုယ်တော်ဟု ကိုက ပြောရင်း ကုလားထိုင်ကို နောက်ဘက် အတော်ဝေးဝေးအထိ ဆွဲပြီးမှ ဝင်ထိုင်လေသည်။

            'ရဟန်းဘောင်မှာ တစ်ဝါဆိုတော့မယ်။ ခုကျုပ်ဘွဲ့က ဦးဓမ္မသာမိတဲ့။ မှတ်လည်း ထားကြဦး'

            ဦးဓမ္မသာမိဟု စိတ်ထဲက လိုက်၍ မှတ်ရင်း ရိတ်သစ်စ ဦးပြည်းစိမ်းစိမ်းကို စိုက်ကြည့်နေမိ၏။

            ဆံရှည်တွေ ခေတ်မစားမီ တစ်ထောင့်ကိုးရာငါးဆယ့်ရှစ်ခုနစ် တစ်ဝိုက်ခန့်ကစ၍ ပွရောင်းဘုတ်သိုက်ကြီး ထားလာခဲ့သော ဆံပင်တွေ မရှိတော့ပြီ။

            ဟိုတုန်းကတော့ ကောက်ကွေ့ပွရောင်းသော ဆံရှည်မှာ သူ၏ ထူးခြားသော လက္ခဏာ။ ကိုနေနီ၏ ထူးခြားသော လက္ခဏာပါတည်း။

            ဘယ်တော့မှ အဖြီးအသင် မရှိသော အဆိုပါ ဆံရှည် ဘုတ်သိုက်နှင့် ဘယ်တော့မှ ခါးပေါ်က မချသော တိုက်ပုံ နွမ်းနွမ်း၊ ကချင်လွယ်အိတ်ပါးပါးနှင့် ပုဆိုးခြေသလုံး တစ်ပတ်ရစ်ဆီးကာ စကား ဟောင်ဖွာဟောင်ဖွာ ပြောလေ့ရှိသော ကိုနေနီကို မျက်စိထဲမှာ ပြန်၍မြင်ယောင်မိသည်။ ဦးဓမ္မသာမိ ဖြစ်လာလိမ့်မည်ဟု ဘယ်လိုမှ တွေးထင်ဝံ့ရဲဖွယ်မရှိသော ကိုနေနီ။

            ဟိုတုန်းက နိုင်ငံရေး သတ္တဝါကလေး ကိုနေနီ။

            သမားရိုးကျ မဟုတ်သော အတွေးအခေါ်သစ်၊ အဘိဓမ္မာသစ်များကို ကိုနေနီကျေးဇူးဖြင့် စုစုထား ထိတွေ့ဖူးခြင်း ဖြစ်လေသည်။

            ဘယ်အစဉ်အဆက်က စုခဲ့ဆောင်းခဲ့သည် မသိနိုင်သော စာအုပ်ပေါင်းများစွာ ကိုနေနီအိမ်မှာ ရှိသည်။

            အစကတော့ စုစုထားသည် စစ်ကိုင်း ဦးဘိုးသင်းနှင့် ဓူဝံတို့၏ ဝတ္ထုများမှတစ်ပါး ကိုးကွယ်ရာမရှိဟု ထင်သည်။ ဝတ္ထုကို ဖတ်ရုံမက ကိုးကွယ်ရာမရှိဟု ထင်သည်။ ဝတ္ထုကို ဖတ်ရုံမက ကိုးကွယ်ရာသဖွယ် တမြတ်တနိုး၊ တရိုတသေ ယုံမှတ်တတ်သော စုစုထား ဖြစ်ခဲ့ဖူးလေ၏။

            စစ်ကိုင်းဦးဘိုးသင်းနှင့် ဓူဝံတို့ဝတ္ထုတွေထဲက အမျိုးသမီး ဇာတ်ဆောင်တွေကို အင်မတန် သဘောကျသည်။ သူတို့၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးကို အထင်တကြီး အားလည်းကျကာ တတ်နိုင်သမျှ အတုခိုးချင်စိတ်လည်း ပေါ်၏။

            ဒါကို ကိုနေနီက အဖေအမေထက် ဦးစွာ ရိပ်စားမိသည်။

            'ဟေ့... မိစုထား၊ နင် ဝတ္ထုတွေချည်း သိပ်မဖတ်နဲ့။ ဟောဒါမျိုး ဖတ်ကြည့်စမ်း၊ ရော့...'

            ဘာလဲဟု ယူကြည့်သော် ဘုံဝါဒနှင့် ဗမာပြည် နဂါးနီ စာအုပ်တိုက်ထုတ်။

            မဖတ်ချင်ပါဘူးဟု ငြင်းသော်လည်း မရ။ နားမလည်ပါဘူးဟု အကြောင်းပြ၍လည်း မခံပေ။ ရအောင်ဖတ်၊ နား မရှင်းတာ၊ မသိတာ ငါ့ပြန်မေးဟု သူ့ဘက်က လိုလေသေး မရှိ တာဝန်ကျေနေတော့ရာ မဖတ်ချင်သော စာအုပ်တွေကို သူနှင့်ပြန်ဆွေးနွေးနိုင်ဖို့ အလွတ်ကျက်ရတော့လေ၏။

            သို့ဖြင့် ကွန်မြွန်း၊ ဒိုင်ယာလက်တစ် ကယ်လ်မတီရီယယ် လစ်ဇင်၊ ဘူဇွာ စသော အများသုံး စကားလုံးတွေ၏ အနက်အဓိပ္ပာယ်ကို နားလည်ခွင့် ရခဲ့သည်။ စုစုထား အငှားများသည့် စာအုပ်တွေကို လေ့လာပြီး ဖတ်ရတာ ပိုလွယ်အောင်ဟု ဆိုကာ နိုင်ငံရေး အဘိဓာန်ကို အပြီးအပိုင် ပေးထားတော့ သည်။

            အေဘီစီတတ်စ အင်္ဂလိပ်သံ ရွှတ်ရွှတ်ယှက်ယှက် ပြောချင်သလိုပင် ထိုစာအုပ်များကို ကောင်းစွာ သဘောမပေါက်ဘဲ အလွတ်ရခဲ့သော စုစုထားသည် ကိုယ့်ကိုယ်ကိုယ် တိုးတက်သော အယူအဆရှိသူဟု ကိုယ့်ဘာသာ ခံယူစပြုသည်။

            နောက်တော့ ဝတ္ထုတွေ၊ ကဗျာတွေ ဖတ်ရာ၊ ရွေးချယ်ရာမှာပင် တိုးတက်သော အရေးအသား ဟုတ်မဟုတ်၊ တိုးတက်သော အတွေးအခေါ် ပါမပါ စစ်တမ်းထုတ်တတ်လာသည်။

            ဆယ်ကျော်သက်၏ လှုပ်ခတ်သော၊ မြူးကြွသော၊ ဖျတ်လတ်သော သဘာဝတွေနှင့် လေးလံသော စာပေအယူအဆတို့ ယှက်နွှယ်ထားအပ်သော မိန်းကလေးငယ်တစ်ယောက် သဘာဝကို လွန်ဆန်၍ ကြီးပြင်းလာခဲ့ပုံတွေ။

            သာမန်မိတ်ဆွေ သူငယ်ချင်းတွေကလည်း စုစုထားကို ကြည့်မရ။

            'မိန်းကလေးနဲ့လည်း မတူဘူး'

            'စကားပြော သိပ်ကြီးကျယ်တာပဲ'

            'ကမ္ဘာကြီးတစ်ခုလုံး သူပြုပြင်မှ အကောင်းဖြစ်တော့မည့် မျက်နှာထားနဲ့'

            အဲ... ကိုနေနီလို ရဲဘော်ရဲဘက်၊ စာအုပ်လည်းဖတ် ငှားဖတ်၊ ဆွေးနွေးဖော် ဆွေးနွေးဖက် ကတော့ကောတဲ့။

            'ဖောက်ပြန်တဲ့ အယူအဆတွေ မဝင်သေးဘူး'

            ဘာဖြစ်လို့လဲဟု မကျေမချမ်းမေးတော့ နှုတ်ခမ်းဆိုးတာ၊ ကရင်ပတ်ဖ်လိမ်းတာကို ထောက်ပြသည်။ စုစုထားကလည်း ဒါကိုတော့ စစ်စစ်ထိမခံနိုင်ပေ။ ပြောချင်သလိုပြော ဒါကတော့ ကြိုက်ကိုကြိုက်တာဟု ရွဲ့သည်။ စုစုထားထက် ဆယ်နှစ်ခန့်စော၍ လူဖြစ်လာသူ ကိုနေနီက သူ့မှာ ဖျောင်းဖျဖို့ တာဝန်ရှိသည်ဟု သဘောပိုက်ဟန် တူလေသည်။

            'ငါ့ညီမက လိမ္မာပါတယ်။ လှပြီးသားပဲ။ နှုတ်ခမ်းနီ အမြဲဆိုးဖို့ မလိုပါဘူး။ ကရင်ပတ်ဖ် လိမ်းမည့်အစား သနပ်ခါး ထူထူလိမ်းပါလား'

            'အမလေး... သနပ်ခါးများတော့ ပါးပါးတောင် မလိမ်းချင်ပါဘူး။ ချေးတင်လွန်းလို့'

            သွားပြီ၊ သွားပြီ။ ပြင်လို့ရမှာ မဟုတ်တော့ဘူးဟု လက်လျှော့သွားလေသည်။

            တကယ်ပဲ သနပ်ခါးကို စုစုထား မကြိုက်။ စုစုထားလို ခုန်လိုက်ပေါက်လိုက် ပြေးလွှားလိုက်နှင့် အငြိမ်မနေ ကြီးပြင်းလာသူ မိန်းကလေးတစ်ယောက် သနပ်ခါးကြောက်သည်မှာ သဘာဝတော့ ကျသည်။

            သည့်နောက် အမျိုးသမီး သတင်းထောက် ဖြစ်လာပြန်တော့ ဝန်ကျယ်သော သနပ်ခါးကို လုံးဝစွန့်ပယ်ခဲ့သည်မှာ အိမ်ထောင်ကျသည်အထိ။

            လက်ကိုင်အိတ်ထဲမှာ နှုတ်ခမ်းဆိုးဆေးတစ်တောင့်၊ ကရင်ပတ်ဖ်တစ်ဘူး ရှိနေလျှင် စုစုထား၏ အလှပြင်ခြင်း ကိစ္စအတွက် လုံလောက်ပြီ။

            ဒါကိုပဲ ရေးကြီးခွင်ကျယ် ဖောက်ပြန်သည်ဟု ယူဆလျှင်တော့ မတတ်နိုင်။ စုစုထားမှာက ကျီးမက၊ ဒေါင်းမကျ။ ခွတီးခွကျ အနေအထိုင်ခက်ရသော ကာလများ ဖြစ်လေသည်။

            ကျီးတောလည်း မနေနိုင်။ ဒေါင်းအုပ်ထဲလည်း မဝင်ဆံ့။

            မှတ်မှတ်ရရ တစ်ခါကလည်း အကြီးအကျယ် ပဋိပက္ခ ဖြစ်ဖူးပြီ။

            ပဲခူးတိုင်း ကောက်ရိတ်ကောက်သိမ်းပြိုင်ပွဲဟု အမည်တပ်သော လယ်သမားပွဲတော်တစ်ခုမှာ စုစုထား လယ်သမားအဖွဲ့နှင့် ခရီးထွက်ဖို့ ကြုံလာသည်။ ခရီးသွားရန် အိပ်ရာလိပ် ပြင်နေခိုက် ကိုနေနီ ရောက်လာလေသည်။

            'ဟ... အိပ်ရာလိပ်က မွေ့ရာတွေ၊ ဘာတွေထည့်လို့။ မိစုထား နင်တော်တော် ဟုတ်နေပါလား။ အလကား ကောင်မလေး။ လပ်စ်စ်ဇူးရီတိုက်ပ်ပဲ'

            ဒီတုန်းက ဇိမ်ခံလူတန်းစားဟု အပြောခံရသည်ကို သူခိုးဟု စွပ်စွဲခံရသလို ဆတ်ဆတ်ထိ မခံနိုင် ဖြစ်သည်။

            'နင် ဘယ်သူတွေနဲ့ သွားမှာလဲ'ဟု စပ်စုသည်ကို ဆောင့်ကြီး၊ အောင့်ကြီး ဖြေလေသည်။

            'ခ.လ.က အတွင်းရေးမှူး ဗိုလ်ကြီးခင်ဆွေ၊ တီအို ဦးကြည်ရွှေ၊ စိုက်ပျိုးရေးအရာရှိ ဦးစောစိန်ထွန်း၊ ပြီးတော့ ပြိုင်ပွဲဝင် လယ်သမားတွေ၊ ကျား ဆယ်ယောက်၊ မ လေးယောက်၊ ကဲ... ဘာသိချင်သေးလဲ'

            'နင်နဲ့ဘာဆိုင်လဲ၊ နင့်အလုပ်က သတင်းထောက်ပဲ'

            'ဆိုင်တာပေါ့။ စုစုအလုပ်က သတင်းထောက်ပဲ။ ပြိုင်ပွဲ သတင်းယူဖို့၊ မှတ်တမ်းဓာတ်ပုံရိုက်ဖို့၊ ပြီးတော့ ကြီးကြပ်ရေး အဖွဲ့ဝင်အနေနဲ့ လိုက်တာ။ အထူးသဖြင့် လယ်သူမကြီးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့'

            'အေး... နင်နဲ့ ဘာဆိုင်လဲ။ နင်က လခစား ဝန်ထမ်းလား၊ လွတ်လပ်တဲ့သတင်းစာသမားလား'

            'ဆိုင်တာပေါ့။ သတင်းထောက်နဲ့ အုပ်ချုပ်ရေးပိုင်း လက်တွဲရမည့်နေရာတွေ ရှိတာပဲ။ သတင်းထောက်ဆိုတာ အုပ်ချုပ်ရေးကို ကန့်လန့်တိုက်ဖို့မှ မဟုတ်ဘဲ'

            'ဒါဆိုရင် နင်မှားပြီ'

            ဖြုန်းခနဲ ကြက်သီးထသည်။ ဆတ်ခနဲ ရင်ထဲမှာ ကျင်သည်။

            'အဲလို ရမ်းမပြောနဲ့။ သတင်းစာ ကျင့်ဝတ်ကို ဖောက်ဖျက်တယ်လို့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့တစ်နေ့မှာ စုစု ခေါင်းကို တွေ့ရာအရပ်မှာ ရိုက်ခွဲပစ်လိုက်။ ခုတော့ စုစုကို အကြောင်းမဲ့ ရမ်းစွပ်စွဲတယ်။ အယုံအကြည်မဲ့ စကားပြောတယ်။ မခေါ်မပြောနေကြရင် ကောင်းလိမ့်မယ်။ တော်ပြီ၊ နားငြီးလှပြီ'

            သို့နှင့် တစ်လမ်းစီကွဲစ ပြုခဲ့သည်။

            ကျောင်းဆရာမ၊ သတင်းထောက်၊ ကဗျာရေးသူ စသည်ဖြင့် ဆယ်နှစ်ကျော်ကာလများကို စုစုထား ကျော်ဖြတ်နေစဉ် ကိုနေနီကား ပြတ်သားသော ရုပ်ဝါဒသမားအဖြစ် ကချင်လွယ်အိတ်ကြီး တဖားဖား၊ တိုက်ပုံကြီး တကားကားနှင့် ဟိုသွားသည်လာ ရေးကြီးသုတ်ပျာ အလုပ်ရှုပ်လျက် ရှိလေ၏။

            ဘာသာမဲ့သူအဖြစ်ပင် ကြေညာသလို ကြားလိုက်ရသည်။

            စုစုထား လက်ထပ်တော့ ဖိတ်စာမပို့ဘဲ သူ ရောက်လာလေသည်။ ကိုနေနီက ကို့လက်ကို ဆွဲကိုင်လှုပ်ယမ်းကာ...

            'အချိန်ရသေးတယ်နော် ကိုဦး။ နည်းနည်းပါးပါး ပြန်စဉ်းစားဦး။ ဒီကောင်မလေး အနွံအတာ ခံနိုင်ရည်ရှိဖို့ မလွယ်ဘူးဗျ'

            သို့နှင့် ကိုကပါ သူ့ကို ခင်မင်ရင်းနှီးသွားလေသည်။

            'ခင်ဗျားတို့ ဧည့်ခံပွဲကိုတော့ အတော်သဘောကျသဗျာ။ မင်္ဂလာဆောင်လည်း မဟုတ်၊ စာချုပ်စာတမ်းနဲ့ တရားရုံးမှာလည်း လက်မှတ်မထိုး၊ သတင်းစာထဲက ကြော်ငြာပြီး အပေါင်းအသင်းတွေ ဖိတ်ဧည့်ခံတာ ဒီလို ဖြစ်ရမယ်ဗျ'

            စုစုထားတို့၏ အနောက် ရန်ကင်းတိုက်ခန်းကျဉ်းကလေးကို တစ်ခါတစ်ခါ ပေါက်လာတတ်သည်။ လာပြီဆိုလျှင်လည်း တစ်နေကုန် တစ်နေခန်း စကားပြောဖြစ်ကြသည်။

            ကိုက ဒီလူနဲ့ အယူအဆ တူတာ မတူတာတွေထား။ စကားပြောလို့တော့ ကောင်းတယ်ဟု ဆိုသည်။ အတိုက်အခံ ပြောရပြန်တော့ ပြောရင်းက အတွေးသစ်၊ စကားလုံးသစ်၊ ဥပမာသစ်တွေ ရလာတယ်ဟု ကိုက သဘောကျသည်။

            မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသော ဘုရားဟော နှုတ်ကပါဌ်။ ကိုယ်ထူကိုယ်ထဆိုသော ဝေါဟာရအခြေအမြစ်။ ပဋိပက္ခသဘောနှင့် လောကဓံအယူအဆ။

            နောက်ဆုံးတွေ့သည့်အချိန်အထိ ကိုနေနီကို ပြတ်သားသော ရုပ်ဝါဒသမားအဖြစ် နားလည်ခဲ့ရလေသည်။ ထို့နောက် ဆယ်စုနှစ် တစ်ခေတ်နီးပါးမျှ သူနှင့်အဆက်ပြတ်သွားကြသည်။

            သြော်... ကိုနေနီ။

            ခုတော့...

            ဦးဓမ္မသာမိက ဗောဓိတစ်ထောင်မှာ အဓိဋ္ဌာန်ဝင်တော့မည်ဟု မိန့်သည်။ မနက်နှစ်နာရီခွဲ ထွက်မည့် ဘုရားဖူးကား ကို သည်မှာ ဝင်ကြိုဖို့ မှာထားခဲ့သည်ဟု သိရလေသည်။

            သည်တော့မှ စုစုထားက သံဃာကို ဝတ်ဖြည့်ဖို့ သတိရသည်။ ပူအိုက်သော ရန်ကုန် ညဥ့်သန်းခေါင်ယံမို့ အိမ်မှာ ရှိနေသော နာနတ်ဖျော်ရည် အေးအေးကလေး ကပ်ဖို့ပြင်သည်။

            ထိုအခိုက် အိမ်ရှေ့မှ ဒုန်းဒုန်းဒိုင်းဒိုင်း ပြေးဝင်လာသော ခြေသံများ ကြားရလေသည်။

            'မေမေ... မေမေ၊ အောက်မှာ ဧည့်သည်တွေ ပါလာတယ်။ မေမေ့နာမည်ကို မေးနေလို့ ခု ကိုကိုကြီး စောင့်ခေါ် လာနေတယ်။ ဟို... သာယာဝတီ အောင်မိုက်ဆိုတဲ့ ဖိုက်တာကြီးဗျ'

            'ဟုတ်လား၊ သူ့အဖွဲ့တွေ ပါလာတယ် ထင်တယ်'

            ဖွင့်လက်စ ဖျော်ရည်ပုလင်းကို ဒီအတိုင်း ထားပစ်ခဲ့ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။

            အိမ်ပေါက်ဝမှ အရင်ဆုံး ပေါ်လာသော အောင်ကို့မျက်နှာသည် လက်ဝှေ့ပွဲထဲမှ တွေ့တုန်းကနှင့် မတူတော့။ ဖူးဖူးရောင်ကာ ညိုမည်းကွဲပြဲလျက် ရှိလေသည်။ သို့သော် ဒဏ်ရာတွေထဲက လက်ပနေမြဲသော အပြုံးဖြင့်...

            'ညိုမြင့်ပါလာတယ်ဟ။ နင့်ကို နှုတ်ဆက်ချင်တယ်ဆိုလို့ ငါလိုက်ပို့တာ။ အောက်မှာသားတွေနဲ့ တွေ့လို့ အခန့်သင့်သွားတယ်။ ဒီကောင်တွေလည်း လက်ဝှေ့ပွဲက ပြန်လာတာကိုး။ တကယ့် ဂျိုးလေးတွေပဲ'

            မိစုထား သားငါးယောက်တောင် ရနေပြီဆိုဟူသော ကိုညိုမြင့်၏ အသံသြသြကြီးကို ဟိုတုန်းကလိုပင် ကြားရလေသည်။

            ဝမ်းသာလိုက်တာဟယ်ဟု ပြောမိသော အသံသည် လှိုက်လှဲခြင်းဖြင့် တုန်ခိုက်နေ၏။ 'အတော်ပဲ၊ လာလာ၊ ဟော ဒီမှာ ဦးပဉ္ဇင်းလည်း ရောက်နေတယ်။ ကြုံတောင့်ကြုံခဲ လာဆုံကြတာ ကြည့်ပါဦး'ဟု အားပါးတရ ဖိတ်ခေါ်နေမိလေသည်။

            အံ့အားသင့်ခြင်း၊ အားရရွှင်လန်းခြင်းတို့ဖြင့် မေးကြ၊ ပြောကြ၊ နှုတ်ဆက်ကြသော အသံတွေ အခန်းထဲမှာ ဆူညံ ပျံ့လွင့်နေတော့သည်။

            စုစုထားတို့ လင်မယားသည် ဖျော်ရည်သာမက ကြောင်အိမ်ထဲ ရှိရှိသမျှ မုန့်ပဲသရေစာတို့ကို အကုန်ချနေတော့၏။

            'ကဲ... ကဲ တော်လောက်ပြီ။ ဘာတွေမှ ထပ်လုပ်မနေကြ နဲ့တော့။ ကိုဦးရော၊ စုစုထားပါ ပြောစရာကလေးတွေ ရှိလို့ ဝင်ခဲ့တာ။ ခုတော့ ကိုအောင်ကိုရော၊ ကိုညိုမြင့်ပါ ပြောခွင့် ကြုံပြန်တာပေါ့လေ'ဟု ဦးဓမ္မသာမိက လည်ချောင်းရှင်းစ ပြုလေသည်။

            'တခြားတော့ မဟုတ်ပါဘူး။ ကျုပ်တို့အားလုံးပဲ အသက်အရွယ်ကလေးတွေ ရလာကြတော့ အချိန်ရှိတုန်း လုပ်ရမည့် အလုပ်ကလေးတွေ လုပ်ဖြစ်အောင် တိုက်တွန်းချင်တာပါပဲ'

            'တစ်ချိန်ကတော့ ကျုပ်လည်း မာခဲ့ပြတ်ခဲ့တာပဲဗျ။ ဒါပေမည့် အလုပ်ဆိုတာ တကယ်လုပ်ကြည့်မှ တကယ်သိတာ။ နက်နဲသိမ်မွေ့တဲ့ ဘာသာရေးအလုပ်ကို အချိန်ရှိတုန်း ဦးစားပေးကြဦး။ ကိုအောင်ကို ဆိုရင် အချိန်ရှိသရွေ့ လောဘ၊ ဒေါသနဲ့ ယှဉ်နေပြီး ထိုးဟယ်၊ သတ်ဟယ်၊ လေ့ကျင့်ဟယ်နဲ့ ဟုတ်လား။ အနိုင်ရဖို့၊ ဆုကြေးသတ်ကြေးပိုင်ဖို့၊ ကိုညိုမြင့် ဆိုရင်လည်း နိစ္စဂီတတွေကို အသက်ရှူတာနဲ့အမျှ ထိတွေ့နေရတာ မဟုတ်လား။ စုစုထားကတော့ ဘာပြောကောင်း လိမ့်မတုံး။ အသတ်အပုတ်လည်း အားပေးတယ်။ နိစ္စဂီတကိုလည်း ဟိုးငယ်ငယ်ကတည်းက ဝါသနာ ခုထိ မပျောက်နိုင်ဘူး။ သားတွေနဲ့အပြိုင် စတေ့ချ်ရှိုးတွေ ဘာတွေ အကုန်လိုက်ကြည့်တယ်ဆိုမှ ကမ်းကုန်နေပြီ။ အဲ... လုပ်တဲ့ အလုပ်ကလည်း ဝတ္ထုရေးသတဲ့ဗျား။ လောကီကိစ္စ၊ ချစ်ခြင်းမုန်းခြင်း အလျှော့အတင်းတွေကို ကလောင်ဖျားက ဖန်ဆင်းနေတာ'

            တို့တစ်တွေ ငရဲသာကျမယ်ဆိုရင် ငါအခံရဆုံး ဖြစ်မှာပဲဟု စုစုထားက တွေးလေသည်။

            'မင်းတို့လည်း သိပြီးသားပါ။ လူ့ဘဝဆိုတာ အပ်ဖျားမုန်ညင်း၊ မြက်ဖျားနှင်းလိုပဲ။ ရတောင့်ရခဲ ရတဲ့အခိုက်အတန့်ကလေးမှာ ကိလေသာနွံအညစ်က လွတ်အောင်ရုန်း၊ ပြတ်အောင်ဖြတ်၊ ဒုက္ခသစ္စာကို မြင်အောင်ရှု၊ သံသရာကို အရှည်အကြာ ဝဲမလှည့်ချင်ကြနဲ့ဗျ။ ကိုဦးရ၊ သံသာရဝဋ်ဒုက္ခတောတဲ့၊ ဟုတ်ရဲ့လား'

            တင်ပါ့ဟု လိုက်လျောထောက်ခံသော ကို့အသံ နားထဲဝင်လာသည်။ စုစုထားသည် ခေါင်းကို ငုံ့စိုက်ချထားမိ၏။

            အနတ္တ လက္ခဏာကို ရှင်းလင်းဖွင့်ဆိုပြနေသော ဦးဓမ္မသာမိအသံမှာ စုစုထားနားထဲသို့ ဖိတ်တစ်ဝင်စဉ်တစ်ဝက် ဝင်လျက်ရှိသည်။ မိမိကိုယ်ကို စစ်ဆေးကြည့်သည့်အခါ လောကုတ္တရာအတွက် ဘာတစ်ခုမှ အဆင်သင့် မရှိပါ သေးကလား။

            မကွယ်မဝှက် ဝန်ခံရလျှင် လင်သားကို တွယ်တာ၍ သားသမီးကို မြတ်နိုးချစ်ကြင် မဆုံးနိုင်သော ပုထုဇဉ်။ တကယ့်ကို နုသည့် ပုထုဇဉ် စုစုထား။ လင့်အတွက်၊ သား သမီးအတွက်၊ ဘဝတူမိန်းမသားတွေ၊ ဘဝတူ လူသားတွေ အတွက်၊ လောကပဋိပက္ခကြားမှာ လူးလာတုံ့တင် ရုန်းကန် မွေ့လျော်ချင်သော ပုထုဇဉ်။ အဘယ်မှာလျှင် သံသာရ ဝဋ်ဒုက္ခတောကို သဘောပေါက်နိုင်ပါအံ့နည်း။ သံသရာတည်း ဟူသော ဝဋ်ဆင်းရဲအပေါင်းမှ ထွက်မြောက်နိုင်ဖို့ ခဲယဉ်းပါဘိ။ လောကကို အလှဆင်လိုသော စေတနာတစ်ခုသာ လိပ်ပြာ ရဲဝံ့စွာ ပြစရာရှိမည် ထင်ပါသည်။

            လူ့ဘဝမှာတော့ ဒီစေတနာတစ်ခုနှင့်ပင် အရပ်ရှစ်မျက်နှာကို လိပ်ပြာသန့်စင်စွာ ရင်ဆိုင်ဝံ့သည်။ စုစုထားသည် တစ်ခဏမှာ မိမိကိုယ်ကို ယုံကြည်အားတက်လာ၏။

            အနားမှာရှိသော အောင်ကိုနှင့် ကိုညိုမြင့်တို့ကို လှည့်စောင်းကြည့်မိသည်။

            နိစ္စဂီတတို့ဖြင့် သိမ်မွေ့ငြိမ်းချမ်းနေသော ကိုညိုမြင့်။ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲဟု အမှတ်မထင် ပြောဖူးသော အောင်ကို့စကားကို သတိရကာ ဘဝကို စိန်ခေါ်ဝံ့စားသည့် သတ္တိအားမာန်ကိုလည်း သဘောကျချင်၏။

            ပြီးတော့ တာဝန်တွေ ထွေပြားသော စုစုထားမှာ ပျင်းရိငြီးငွေ့နေဖို့ အချိန်မရှိ။ တစ်ချောက်ချက်ချက် အိပ်ရေးပျက်သော ညမျိုးလည်း မကြုံဖူးလေရာ မေအေးလို လက်ကိုင်အိတ်ထဲ စိတ်ငြိမ်ဆေး၊ အိပ်ဆေးတစ်မျိုးမျိုး ဆောင်ထားဖို့လည်း မလိုအပ်ပါချေ။

            ဒါတွေကပင် လူ့ဘဝသည် အပ်ဖျားမုန်ညင်း မြက်ဖျားနှင်း ဖြစ်လင့်ကစား လောလောဆယ် စုစုထား၏ စိတ်အစဉ်တွင် နေပျော် ကျေနပ်လို့ မဆုံးနိုင်အောင် ဖြစ်စေသည် ထင်၏။

စမ်းစမ်းနွဲ့ ၊သာယာဝတီ၊

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။