ရွှေဝတ္ထု

ဇင်းမယ်အင်းဝ အင်းဝဇင်းမယ်

နုနုရည် ၊အင်းဝ၊

01 April 2025
ဇင်းမယ်အင်းဝ အင်းဝဇင်းမယ်
Share to

ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ ဇင်းမယ်အပြန်ခရီးဟာ ကျွန်မကို စိတ်လှုပ်ရှားစေတုန်းပါပဲ။ တောင်ညိုညိုတွေ ပတ်လည်ဝိုင်းရံတဲ့ ဇင်းမယ်လေဆိပ် ပြားပြားလေးကို လှမ်းမြင်ရုံမျှနဲ့ ပျော်ရွှင်စိတ်နဲ့ ထိတ်ခနဲ ရင်ခုန်စေတုန်းပါပဲ။ ထုံးစံအတိုင်းပဲ မြင်မြင်သမျှ လူတွေကလည်း လှ၊ ဆိုင်တွေကလည်း လှ၊ ပန်းတွေကလည်း လှ၊ ဇင်းမယ်လေဆိပ်ဟာ ကျွန်မအတွက်တော့ ကမ္ဘာမှာ အလှဆုံးလေဆိပ်ပေါ့။

လေယာဉ်ပေါ်တက်ဖို့ ထိုင်စောင့်ရတဲ့နေရာဟာ ကျွန်မ အချစ်ဆုံးနေရာ။ မှိုင်းပြာပြာ မှန်ပတ်လည်တွေကို ဖြတ်သန်းမြင်နေရတဲ့ တောင်ပြာပြာနဲ့ လေယာဉ်ကလေးတွေဟာလည်း ချစ်စရာကောင်းတဲ့ ငှက်ဖြူဖြူလေးတွေလိုပဲ။

အကောက်ခွန်မဲ့ ဈေးဆိုင်လေးတွေမှာ ချစ်တဲ့သူတွေအတွက် စီးကရက်တို့၊ ဝီစကီတို့၊ မုန့်တို့၊ အလှကုန်ပစ္စည်းတို့... စတာ စတာတွေကို ဝယ်ရတာလည်း မမောနိုင်ပါဘူး။ နှမြောလည်း မနှမြောမိပါဘူး။

ကျွန်မ ခင်ပွန်းက အမြဲကျွန်မကို ကျီစယ်တာရှိတယ်။ ကျွန်မ ဝေးမြေရပ်ခြားကို ရောက်နေချိန်နဲ့ ပြန်လာခါစ အချိန်ဟာ စိတ်ကောင်းအဝင်ဆုံးအချိန်နဲ့ ပေါင်းလို့သင်းလို့ အကောင်းဆုံးအချိန်တဲ့။

' 6T012 ရန်ကုန်း၊ ရန်ကုန်း' ဆိုတဲ့ ထိုင်းမချောချောလေးရဲ့ အသံဝဲဝဲလေး ပေါ်လာတာနဲ့ ဖျတ်ခနဲ ထရပ်ပြီး ဂိတ်ဖိုက် (Gate Five) ရှေ့မှာ အရင်ဆုံးရောက်သူဟာ ကျွန်မကလွဲလို ဘယ်သူဖြစ်ဦးမလဲ။

လေယာဉ်ခေါင်းခန်းထဲကနေ စပ်ဖြဲစပ်ဖြဲနဲ့ ထွက်လာတဲ့ ကျွန်မချစ်သူငယ်ချင်း ကိုသွားကျိုး (လေယာဉ်မှူးကြီး မောင်ပေသီး)ကို ကြည့်ရတာတောင် နည်းနည်း ခန့်ညားချောမောနေသလိုပဲ။

ခုလိုအချိန်မျိုးမှာ ကျွန်မ သွားလေရာ ယူတတ်တဲ့ 'မြန်မာတို့ ဧရာဝတီ' အခွေထဲက ဆရာမြို့မငြိမ်း၊

ဆရာ စန္ဒရား မောင်ရည်နွယ်နဲ့ ဒေါ်ရီသန့်တို့ရဲ့ 'စာဆိုခံလလုံး' ကို နားထောင်မယ်ဆိုရင်တော့ ဘာလို့လဲမသိ။ ချစ်တဲ့သူကို ပိုချစ်လာပြီး တစိမ့်စိမ့် ခံစားကြည်နူးနေလိမ့်မယ်။

ကျွန်မ ဇင်းမယ်မှာ နားထောင်မိရင်တော့လေ... ဝမ်းအနည်းကြီးနည်း၊ အလွမ်းကြီး လွမ်းပြီး တစ်ခါတလေဆို ရှိုက်ကြီးတငင်တောင် ငိုချလိုက်သေးတာ။ ဘာလို့များရယ်လဲ မပြောတတ်ပါဘူး။

ခုချိန်မှာတော့... ကြည့်ပါဦး...၊ တသုန်သုန်မြူးနေတဲ့ ဖေဖော်ဝါရီလရဲ့ လေနွေးနွေးလေးကတောင် ချိုမွှေးပြီး အရသာ ရှိနေလိုက်တာ။

            တပေါင်းလ အညာတောတောင်ရေမြေဟာ ပူစ ပြုပြီ…။ ဒါပေမယ့် ခွဲနေရတာ ကြာပြီဖြစ်တဲ့ ကျွန်မကတော့ မြင်လေရာရာကို ကြည့်လို့ မဝနိုင်ခဲ့ပါဘူး။ ဇင်းမယ်မှသည် အင်းဝဆီကို ရန်ကုန်မှာ သုံးရက်ပဲနေပြီး ကျွန်မ ပြေးလာခဲ့တာ။ ကားလမ်းမဘေးဝဲယာက ကျွန်မ သိပ်ချစ်တဲ့ ထနောင်းနဲ့ တမာပင်တွေကို အရူးအမူး ကြည့်မိတယ်။ သိပ်ချစ်တာပဲ၊ သိပ်လွမ်းတာပဲကွယ်လို့ ရင်ထဲကနေ အရူးတစ်ယောက်လို အော်မိတယ်။ ကျွန်မ ခင်ပွန်းရဲ့ လက်သုံးစကားနဲ့ ဆိုရင်တော့ 'ခင်ဗျားတို့ စာရေးဆရာတွေဟာလေ ပိုနိုင်ရန်ကောဗျာ' လို့ ပြောခံရဦးမယ်။ ပိုတယ်လို့ပဲ ပြောချင်ပြောကြပါစေတော့။ ကျွန်မကလည်း ကျွန်မပါပဲလေ...။ ဝေးမြေရပ်ခြားက ပြန်လာခါစ ညနေခင်းလေးတစ်ခုမှာ ပါရမီလမ်းဆုံဆီကို မီးပွိုင့်နီလို့ ကားလေး တဖြည်းဖြည်း ရွေ့နေတုန်း အနောက်ဘက် နေဝင်ဆည်းဆာရယ်၊ ဖြည်းဖြည်းလေး ပျံသန်းလာတဲ့ ငှက်တစ်အုပ်ရယ်၊ လူတွေရယ်ကို မြင်ပြီး ဖျတ်ခနဲ ဖြစ်ပေါ်လာတဲ့ နှစ်သိမ့်ကြည်နူးစိတ်နဲ့အတူ 'ချစ်လိုက်တာ၊ သိပ်ချစ်တာပဲ' လို့ ကျွန်မ အော်ပြောလိုက်မိတာ...။

            'ကျွန်မ တိုင်းပြည်လေးကို ဘယ်တော့မှ မခွဲနိုင်ပါဘူး' လို့လည်း ပါသေးတယ်။ ကျွန်မခင်ပွန်းက ရုတ်တရက် လန့်သွားပြီး…

            'ဟာ...ဘယ်လိုဖြစ်တာလဲ' တဲ့။

            'ဘယ်လိုမှ မဖြစ်ပါဘူး၊ ရူးတာပေါ့' လို့ ပြောတော့ သူက…

            'ရူးတယ်ဆိုတာ အကောင်း အောက်မေ့လို့လား' တဲ့လေ။ ကျွန်မကတော့ အကောင်းလို့ပဲ အောက်မေ့တယ်။ ကျွန်မ တစိမ့်စိမ့်လွမ်းခဲ့ရတဲ့ ကျွန်မတိုင်းပြည်လေးရဲ့ ရေမြေတောတောင် အနံ့အသက်တွေကို တစိမ့်စိမ့်ကြည့်ရင်း ချစ်ရတဲ့ အရသာကို အကောင်းလို့ပဲ အောက်မေ့တယ်။

            နှစ်တိုင်းရောက်နေကျ မွေးရပ်မြေ အင်းဝရဲ့ရေမြေ၊ အနံ့အသက်တွေကိုတောင်မှ အကြာကြီး ခွဲနေရသလို တစိမ့်စိမ့် ရှုရှိုက်နေမိတယ်။ ဧရာဝတီနဲ့ ဒုဠဝတီတို့ ပေါင်းဆုံရစ်လည်ကွေ့ဝိုက် စီးဆင်းပြီး သစ်ပင်စိမ်းညို့ညို့တွေအောက်က အင်းဝကတော့ မပြောင်းမလဲ၊ အေးချမ်းငြိမ်သက် တိတ်ဆိတ်နေ ဆဲ...။ ကျွန်မချစ်လှတဲ့ ကျွန်မ အဘိုးရဲ့ အင်းဝကူးတို့ ဆိပ်လေးကတော့ ပြောင်းလဲခဲ့ပြီ...။ လှည်းသံ၊ ကားသံ၊ လူသံ၊ မြင်းသံ၊ ဆိတ်သံ၊ နွားသံတွေ မရှိတော့ဘဲ (ရထားဂိတ်) မြင်းလှည်းဂိတ်လေးနဲ့ပဲ ငြိမ်သက်လို့...။ အင်းဝတစ်ခွင်ကို အထူးအဆန်းအနေနဲ့ မြင်းလှည်းနဲ့ လှည့်လည်ကြည့်မယ့် နိုင်ငံခြားသား ဧည့်သည်တွေအတွက် သီးသန့်မြင်းလှည်းဂိတ်လေးပေါ့။ ကျွန်မ ငယ်စဉ်ဘဝက ကျွန်မတို့အိမ်ရှေ့က ဖြတ်သန်းမြဲမြင်းလှည်းတန်းဟာ လူပေါင်းစုံ၊ ကုန်ပေါင်းစုံကို တင်ဆောင်ဆူညံလို့။ အခုလည်း ဖြတ်သန်းမြဲ မြင်းလှည်းတန်းကတော့ နိုင်ငံခြားဧည့်သည်တွေရဲ့ သီးသန့်မြင်းလှည်းတန်း။ အင်းဝသူ အင်းဝသားတွေဟာ အဲဒီရထားမြင်းလှည်းတန်းလာပြီဆိုရင် အထူးအဆန်းလို ငေးမောကြည့်ကြမြဲ။ အံ့သြတကြီး စကားတွေ ဆိုကြမြဲ။

            'ဟယ်... ဟိုမှာ၊ ထွားကျိုင်းလိုက်တဲ့ကောင်ကြီး၊ ရထားခေါင်မိုးနဲ့ သူ့ခေါင်းနဲ့တောင် မလွတ်ဘူး။ နည်းတဲ့ကောင်ကြီးမှုတ်ဖူး' တို့...။

            'မွှေးတာအေ၊ ဘာတွေများ သူတို့လိမ်းထားပါလိမ့်၊ လမ်းဘေးထိကို လွင့်လာတော့တာ' တို့။

            'သနားပါတယ်အေ၊ အသားတွေကို နီရဲလို့...၊ ပူနေရှာတာ' တို့...။ သူတို့ကတောင် သနားနေလိုက်ကြသေးတာ။

            'နေစမ်းပါဦး၊ သူတို့ နိုင်ငံခြားဆိုတဲ့ နေရာကြီးမှာ ညည်းက ဘာဖြစ်လို့ မပျော်ရတာလဲ၊ ငါ့တူမရယ် 'အံ့ပါရဲ့' တဲ့...။ ရထားသမားတွေဆီက ဗဟုသုတနဲ့ ကျွန်မကို တအံ့တသြဖြစ်နေတဲ့ ကျွန်မအဒေါ်ကို ကျွန်မက မဖြေဘဲ ဆွေမျိုးတွေလာပေးထားတဲ့ စားပွဲပေါ်က အညာစားစရာမျိုးစုံကိုပဲ တစ်ခုပြီးတစ်ခု မက်မက်စက်စက် စားနေတော့လည်း…

            'ဟောတော့်... ဟိုကောင်ကြီးတွေဆီမှာ ဒီလောက်ကောင်းတဲ့ အစားအသောက်တွေ မရှိဘူးနဲ့ တူပါရဲ့' တဲ့။

            'မရှိဘူး အဒေါ်ရဲ့' လို့ ဆိုတော့လည်း 'ယုံပေါင်' တဲ့။ ကျွန်မ ဘယ်လိုရှင်းပြရမလဲ။ ကျွန်မရဲ့ 'အရူးစိတ်' ကို ကျွန်မအဒေါ်ကရော နားလည်လက်ခံနိုင်ပါ့မလား။

            အင်းဝမှာ နေရသမျှ အချိန်လေးတွေ၊ မန္တလေးနဲ့ ဦးဇင်းရဲ့ တောင်သမန်မှာ နေရသမျှ အချိန်လေးတွေ ကုန်ဆုံးသွားတာဟာ သိပ်ကိုမြန်ဆန်လွန်းလှပါတယ်။ တောင်သမန်တံတားထိပ်က ကျွန်မတို့ရဲ့ တောင်လေးလုံးကို ဝင်ဝင်ချင်း...

            'ဦးဇင်းရေ' လို့ ကျွန်မက အော်ခေါ်တာနဲ့ ကျောင်းရှေ့ စက္ကူပန်းစင်အောက်မှာ ထိုင်နေတဲ့ ဦးဇင်းဆီက ချက်ချင်းထွက်ပေါ်လာတဲ့ 'ဟော... ငါ့နှမလာပြီ၊ ငါ့နှမလေး လာပြီ' ဆိုတဲ့ အသံဟာ ကျွန်မကို မျက်ရည်ဝဲစေပါတယ်။

            ကျောင်းအဝင်ဝက နီမောင် (အင်းဝ) ကုသိုလ် အထိမ်းအမှတ် ရေအိုးစင်လေးပေါ်ကနေ ကျွန်မကို လှမ်းနှုတ်ဆတ်တဲ့ ကိုဖိုးနီရဲ့ ရုပ်ပုံလွှာအပြုံးကလည်း ကျွန်မကို ဆို့နင့်စေပါတယ်။ ကိုဖိုးနီတစ်ယောက် လူ့လောကမှာ မရှိတော့တာ တကယ်ဆယ်နှစ်ကျော်ခဲ့ပြီလား။ တောင်သမန်ကိုချစ်တဲ့ ကိုဖိုးနီရေ၊ အခုဆို အဖော်မဲ့နေတဲ့ ကိုဖိုးနီနားမှာ အချစ်ဆုံး ငယ်သူငယ်ချင်း ရောက်လာပြီပေါ့နော်။

            ကျွန်မတို့ရဲ့ ချစ်မိတ်ဆွေ သူငယ်ချင်း၊ ကိုဖိုးနီရဲ့ ငယ်သူငယ်ချင်း၊ ကိုစန်းတင် (လမင်းတရာမောင်မြတ်မှိုင်း)ဟာ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ဆုံးပါးခဲ့ရှာတာ။ ကျွန်မတို့ ဇနီးမောင်နှံနဲ့ မောင်နှမ၊ ညီမရင်းလိုချစ်တဲ့ မဋ္ဌေးမြင့် (ပန်တျာ‌ဋ္ဌေး‌ဋ္ဌေးမြင့်)ရဲ့ မျက်ရည်တွေကို ဘယ်လို ရင်ဆိုင်နိုင်ပါ့မလဲ။ 

            လွမ်းပါတယ် မဋ္ဌေးမြင့်ရယ်...၊ မှတ်မိသေးလား၊ မှတ်မှတ်ရရ ၁၉၈၅ ခုနှစ် ၊ မန္တလေးဆောင်းရာသီ၊ ကျွန်မရဲ့ ပထမဆုံး စာပေဟောပြောပွဲ၊ ၈၄ လမ်းမပေါ်က ဓမ္မသာလာ ခန်းမမှာ ဥက္ကဋ္ဌကိုစိုးနိုင်တို့၊ ကိုမြင့်နိုင်တို့ စီစဉ်တဲ့ မန္တလေး အရှေ့တောင်မြို့နယ် စာပေဟောပြောပွဲ ညပေါ့။ ကျွန်မနဲ့အတူ ဟောရတဲ့ လေးလေးဦးမိုးသူ (မောင်မိုးသူ)နဲ့ ဆရာခက်ကြီးတို့ ဟောပြောနေကျ သမ္ဘာကြီးနှစ်ယောက်ကြားမှာ...။ စာသမားတွေက အပြည့်၊ ရဟန်းသံဃာတွေကလည်း အပြည့်၊ စာဖတ်ပရိသတ်တွေကလည်း အပြည့်နဲ့ ခန်းမကြီးထဲမှာ...။ ကြောက်ဒူးတွေတုန်၊ လက်ဖျားခြေဖျားတွေ အေးစက်၊ ဇွတ်မဲတင်းပြီး ဟောခဲ့ရတာ...။

            ဟောပြောပွဲပြီးလို့ တည်းခိုခန်းပြန်အရောက်၊ ပေါက်ချလာတာက ဆရာချင်းတွင်း ချစ်သွေးနဲ့ ကိုမြတ်မှိုင်းလေ။ (ဆရာ ချင်းတွင်း ချစ်သွေးလည်း မရှိရှာတော့ဘူး)၊ ကျွန်မတို့ကို မအိပ်ရသေးဘူးလား။ လမင်းတရာ ကျုံးထောင့်မှာ ရှိတယ်တဲ့။ အားလုံး ပျော်သွားကြပြီး ရှေ့ဆုံးက ထွက်သူဟာ ကျွန်မ ခင်ပွန်း အငြိမ့်ဝါသနာအိုးပေါ့။ တကယ်ဆို သူနဲ့ ကိုမြတ်မှိုင်းနဲ့ စခင်ကြတာလည်း အငြိမ့်စင်နောက်မှာပေါ့၊ ကျွန်မခင်ပွန်း မန္တလေး တက္ကသိုလ်ကျောင်းသားဘဝ၊ အငြိမ့်တကာနောက်လိုက် ကြည့်နေတုန်းက အော်ပရာ ဆရာ၊ သီချင်းရေး ဆရာလေးဘဝနဲ့ အငြိမ့်နောက်မှာ အမြဲရှိနေတတ်တဲ့ ကိုမြတ်မှိုင်းနဲ့ ဆုံခဲ့တာပေါ့။ နောက်တော့ ဝါသနာတူ၊ ယုံကြည်ချက်တူတွေအနေနဲ့ သိပ်ကိုချစ်ခင်ခဲ့ကြတာပေါ့။ ၁၉၈၁ ခုနှစ်၊ အင်းဝမှာ ကျွန်မတို့လက်ထပ်တော့ ငယ်ငယ်လေးကတည်းက ကျွန်မ အင်မတန် နှစ်သက်စွဲလမ်းခဲ့တဲ့ မန္တလေးမြို့မတီးဝိုင်းကို မရရအောင် ထည့်ပေးရမယ်ဆိုပြီး ကျွန်မက ဂျီကျတာလေ။ အဲဒီတုန်းက အခြေအနေတစ်မျိုးနဲ့ စုစည်းဖို့ခက်နေတဲ့ မြို့မကို မရရအောင်လုပ်ပြီး ကူညီခဲ့ရှာတာ။

            ကျွန်မတို့က ချစ်စနိုးခေါ်တဲ့ 'အုပ်ကြီး' ရေ...။ ကျုံးထောင့်က လမင်းတရာ ညမှာလေ...။ ကျွန်မတို့က မဋ္ဌေးမြင့်ကတာကို ကြည့်ချင်လှပါတယ်ဆိုတော့ အုပ်ကြီးက ကြည်နူးပျော်ရွှင်စွာနဲ့ ပျာပျာသလဲ စီစဉ်ခဲ့တာ...။ အဲဒီ ညမှာကဖို့ အစီအစဉ်မရှိပေမယ့် မဋ္ဌေးမြင့်ခမျာ ကပျာကရာ ဖီးလိမ်းပြင်ဆင်လို့ ကျွန်မတို့ကို ကပြခဲ့ရှာတာ။

            ကျွန်မ အဲဒီညကို မမေ့နိုင်အောင် ဖြစ်ရတာကိုလည်း ကြည့်ဦးလေ...။ အဲဒီညမှာ မဋ္ဌေးမြင့် ဆိုကခဲ့တဲ့ သီချင်းက 'ဘဝတစ်ရာ အကတစ်ရာ'လေ...။ ဆရာချင်းတွင်း ချစ်သွေးရဲ့ နာမည်ကျော် သီချင်းလေ။ ကျွန်မ အလွန်တရာ ကြိုက်တဲ့သီချင်း။ အင်မတန် ချစ်စရာကောင်းလှတဲ့ ပန်တျာ ဋ္ဌေး‌ဋ္ဌေးမြင့်ရဲ့ အကနဲ့လည်း သိပ်ကို လိုက်ဖက်တဲ့ သီချင်း။ ကြည့်ပါဦး...။

            'ခြေဖျားလေးက စကားပြောတော့ထထ လက်ဖျားလေးကထထ ကဗျာစပ်ထထ ပြုံးတတ်တဲ့ မျက်နှာ' တဲ့။ လှလိုက်တဲ့ စာသားလေးတွေ။

            'ထထထမျက်လုံးတစ်ထောင် အချစ်မူးမူးထထထ မီးရောင်က စူးစူးထထထ အနုပညာ ပန်းတစ်ဖူး ထထထ ချစ်သူတွေကခူး ထထထ' တဲ့...။

            'ထထထ တစ်ဖူးထထထ နှစ်ဖူး၊ တစ်ငုံ၊ နှစ်ငုံ၊ ကျေးငှက်တွေက အုံ ထထထထ တစ်ဖူးထထထ နှစ်ဖူး တစ်ငုံထထထ နှစ်ငုံထထထ ကျေးငှက်တွေက အုံထထထ'

            'မအုံပါနဲ့ ကိုရွှေကျေးရယ် ထထထ မလေးမောင်ရယ် ထထထ ရှင် ဝါသနာမထုံတော့ ထထထ ကခုန်ရာထထထ ကျွန်မ အသွားတားအုန်းမှာလား လေ'...တဲ့။

            ဘယ်လောက်များ လှလိုက်ပါသလဲ။ နှင်းငွေလရောင် ဖျန်းပက်ထားတဲ့ ကျုံးရေပြင်နဲ့ ကျုံးမြို့ရိုးကို နောက်ခံထားတဲ့ အငြိမ့်စင်ပေါ်က အကနဲ့ အလှကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ အငြိမ့်သဘင် တစ်ခေတ်ကို ဆန်းသစ်ချင်လှတဲ့၊ မင်းသမီးခေတ်ကို ထူထောင်ချင်လှတဲ့၊ အော်ပရာပေါင်း များစွာနဲ့ ခေတ်ကို ထင်ဟပ်တာဝန်ကျေခဲ့တဲ့၊ လမင်းတစ်ရာရဲ့ ဥယျာဉ်မှူးရေ...။  ဘဝတစ်ရာ အကတစ်ရာ မင်းသမီးလေးကို ဘဝဇာတ်ခုံစင်မြင့်မှာ တစ်ယောက်တည်း ထားရစ်ခဲ့ပြီလား။

            အင်းဝရဲ့ နေရသမျှ အချိန်လေးတွေထဲက ကျွန်မ ငယ်သူငယ်ချင်း ပေါက်ကြီး၊ ပန်းနုရောင် စားသောက်ဆိုင်မှာ ကျွန်မရဲ့ ဦးလေး ကဗျာ ဆရာကြီးနှစ်ယောက်၊ ဆိတ်ငါးကောင် ဘကြီးခင်မောင်၊ ဝင်းမြင့်၊ ကိုကျော်မြင့်တင့် (အင်းဝ)၊ ကိုစောလှမင်း (ဇော်ပိုင်-အင်းဝ) တို့တွေနဲ့ ဝိုင်းဖွဲ့ရတဲ့ အချိန်လေးမှာတော့ဖြင့် ဘဝအမောတွေ၊ စိတ်မကောင်းစရာတွေကို ခဏမေ့လို့ တင်းကျပ်မှုတွေ ပြေလျော့ရပြန်ရော။

            'ဟဲ့... ငါတူမရဲ့၊ ခု ငါတို့ သာသနာကြီး သုံးရပ်ထဲက ဘယ်သာသနာမှာ နေတယ်မှတ်လဲ။ ပရိယတ္တိသာသနာ၊ ပရိပတ္တိသာသနာ၊ ပရီးမီးယားလိဂ် သာသနာထဲမှာ နေတာဟဲ့'

            ဒါက ပျော်ပျော်နေတတ်တဲ့ ကျွန်မဦးလေး ကဗျာဆရာ။ နောက် ဦးလေး ကဗျာဆရာကတော့ သူ့ထုံးစံအတိုင်း' နို့...နေပါဦး ကလေးမရဲ့၊ ညည်းတို့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးလေး ပြောပါဦး' ဆိုပြီး ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တတ်တာ။ ခဏကြာတော့ ထုံးစံအတိုင်း ဝိုင်းက ဆူလာပြီး ငြင်းကြ၊ ခုန်ကြရင်တော့ အသက် (၈ဝ) ဆိတ်ငါးကောင် ဘကြီးခင်မောင်ရဲ့ အခန်းကဏ္ဍက ရောက်လာရော။

            'ဟေး... တော်ကြ... တော်ကြ၊ မြင်းခြံက ကိုငြိမ်းမောင် တရားရှိတယ်သိလား။ ပုထုဇဉ်ဖြစ်တော့ ဘာဖြစ်တုံး၊ ရဟန္တာဖြစ်တော့ ဘာဖြစ်တုံး၊ သူဌေးဖြစ်တော့ ဘာဖြစ်တုံး၊ ဆင်းရဲသားဖြစ်တော့ ဘာဖြစ်တုံး၊ ဘာဖြစ်တော့ ဘာဖြစ်တုံးတဲ့၊ အဲဒါ ကိုငြိမ်းမောင်ရဲ့ ဘာဖြစ်တော့ ဘာဖြစ်တုံး တရား'

            အဲဒါ ဆိတ်ငါးကောင်ပဲလေ။ ကျွန်မတို့မှာ အငြင်းအခုံတွေရပ်ပြီး ရယ်မောကြရတော့တယ်။ ဘကြီးခင်မောင်က အသက် (၈ဝ) ပေမယ့် အသံကြီးကလည်း အောင်တုန်း၊ စကားပြောကလည်း ကောင်းတုန်း၊ အသက် ၈ဝ ဘကြီးခင်မောင်နဲ့ ၆ဝ ကျော် ကျွန်မဦးလေး နှစ်ယောက် ကျန်းမာတာကို တော့ ဝမ်းသာရသေးတယ်။

            'ကလေးမ နောက်နှစ် ဒီအချိန် တို့အားလုံး မျှော်နေမယ်နော်' ဆိုတဲ့ ဦးလေး ကဗျာဆရာရဲ့ နှုတ်ဆက်သံကို ဘာလို့လည်းမသိ၊ ကျွန်မက ဝမ်းပမ်းတနည်းဖြစ်ပြီး လွမ်းနေမိတယ်။

            တံတားဦးကအပြန် ကျွန်မတို့က 'နန်းတော်ရေ့' လို့ ခေါ်တဲ့ အင်းဝနန်းတွင်းလမ်းလေးထဲကနေ ကားကလေးကို ဖြည်းဖြည်းမောင်းရင်း နက်ဖြန်အင်းဝက ပြန်ရတော့မယ်ဆိုတဲ့ အသိနဲ့ ညို့တို့တို့ ဖြစ်လာတဲ့ ကျွန်မကို ကျွန်မခင်ပွန်းက 'ဟေး... ကိုယ့်ကို ဘုရင်မ ရှင်စောပုရဲ့ ဇာတာရ ဘုရားလိုက် ပို့မယ်ဆို၊ ခုသွားမလား' တဲ့။ ကျွန်မအတွေးနဲ့ ကျွန်မက သူပြောတာနဲ့ ဘာမှမဆိုင်ဘဲ။

'ဟောဒီနေရာဟာ ဟိုတုန်းက ယိုးဒယားဈေးတဲ့ ကိုကြီးရဲ့။ ငယ်ငယ်တုန်းက အမေကြီး ခဏခဏ ပြောပြတာ၊ ယိုးဒယားတွေ ဈေးရောင်းကြတာတဲ့။ ကူတို့ဆိပ် ဟိုဘက်ကမ်းကဘဘနဲ့ ငယ်ငယ်တုန်းက သွားသွားစားတဲ့ မုန့်တီဆိုင်က ဘွားဘွားရှင်ဟာလည်း ယိုးဒယားမကြီးတဲ့။ ဘွားဘွားရှင်အဖေက ဦးလန်းဆိုတဲ့ ယိုးဒယားကြီးပဲတဲ့။ မုန့်တီ အထမ်းကြီးနဲ့ ရောင်းခဲ့တာတဲ့။ သူတို့က အင်းဝနဲ့ ယိုးဒယား စစ်ပွဲမှာ စစ်ရှုံးလို့ လိုက်လာရတဲ့ သုံ့ပန်းအဆက်အနွယ်တွေပေါ့နော်' လို့ ပြောမိ တယ်။ ပြီးတော့ တွေးမိပြန်တယ်။ အဲဒီလူတွေထဲမှာ ဇင်းမယ်က လူတွေလည်း ပါချင်ပါလာမှာပေါ့နော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကျော်ကတည်းက စစ်ပွဲပေါင်းများစွာနဲ့အတူ ယိုးဒယားနဲ့ ဇင်းမယ်နဲ့ ပတ်သက်ခဲ့ကြတာ။ အဲဒီတုန်းက ကျွန်မ တစ်ယောက်ကော ဘယ်လိုများ ပတ်သက်ခဲ့ဖူးပါလိမ့်။ ဒါကြောင့်များလား....။

            တောင်ညိုညိုတွေ ပတ်လည်ဝိုင်းရံတဲ့ ဇင်းမယ်လေဆိပ် ပြားပြားလေးကို လေယာဉ်ပေါ်ကနေ လှမ်းမြင်လိုက်တာနဲ့ ကျွန်မစိတ်တွေဟာ ဘာကြောင့် အုံဆိုင်း မှုန်မှိုင်းသွားရပြန်ပါလိမ့်။ မြင်မြင်သမျှ လူတွေ၊ ဆိုင်တွေ၊ ပန်းတွေကလည်း ဘာမှ မလှတော့ဘူး။ ဇင်းမယ် လေဆိပ်ဟာ အခု ကျွန်မအတွက် တော့ ကမ္ဘာမှာ အရုပ်ဆိုး အကျည်းတန်ဆုံး လေဆိပ်ပေါ့။ မှိုင်းညို့ညို့ စိတ်တွေနဲ့ ပစ္စည်းလှည်းကလေး တွန်းပြီး (Arrival Lounge) ဆိုက်ရောက်ခန်းမက ထွက်လာရင် လေဆိပ်သေးလေးမို့ (Departure Lounge) ထွက်ခွာနေရာကို အမြဲဖြတ်ရတယ်။ Air Mandalay Departure ကောင်တာရှေ့မှာ Check in လုပ်နေကြတဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ မျက်နှာတွေကို အမြဲမြင်ရတာပေါ့။ အလွန် စိတ်လှုပ်ရှားတတ်သော၊ စိတ်အလို လိုက်တတ်သော၊ စာရေးဆရာစိတ်နဲ့ (အပြန်လက်မှတ်လည်း အဆင်သင့်ရှိတဲ့) ကျွန်မတစ်ယောက် ဘယ်အခေါက်မှာများ Arrival က ထွက်ပြီး Departure မှာ တန်းဝင်စီမိမယ် မသိဘူး။ ဟောဒီ ဇင်းမယ်ဆိုတဲ့ အရပ်ကို ခဏခဏလာပြီး ခဏခဏ နေရလိမ့်မယ်လို့ ဘယ်သောအခါကမှ စိတ်ကူး မထည့်ခဲ့ဘဲနဲ့ ကျွန်မဘာလို့ ရောက်ခဲ့ရပါလိမ့်၊ နေခဲ့ရပါလိမ့်။

            ဟောဒီမြို့ရိုးတွေ၊ သစ်ပင်တွေ၊ တောင်ညိုညိုတွေကို မြင်မြင်ချင်း လွမ်းသလို ဆွေးသလို ရင်းနှီးသလို ဖြစ်ရတာကကော ဘာဖြစ်လို့လဲ။

            အင်းဝနဲ့ ဇင်းမယ်မှာ ရာဇဝင် ရှိခဲ့ဖူးတယ်လေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကျော် အင်းဝဘုရင် သတိုးမင်းစောရဲ့ နောက်ဆုံးတိုက်ပွဲမှာ အင်းဝက တပ်မဟာကြီး ဇင်းမယ်ကို ချီတော့ ကျွန်မဟာ အိုးစားလား၊ အကြပ်လား၊ သွေးသောက်လား၊ တပ်မှူးလား၊ ပန်တျာသည်လား၊ တစ်ခုခုတော့ ဖြစ်ခဲ့မှာ အသေအချာပါ။

            လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်က အငြိုးအတေးတွေကြောင့် လက်စားချေဖို့များ တမင်တကာ အင်းဝသူ ကျွန်မကို ရွေးချယ်ခဲ့ရော့သလား။

            ရုပ်ဆင်းသဏ္ဌာန်ချင်း ခွဲမရအောင်တူတဲ့ သူတို့ ကြားမှာ ညဘက်၊ ညဘက် ကျွန်မထိုင်နေကျ နွားနို့ဆိုင်ကလေးကိုရောက်ရင် စံပယ်ပန်းကုံးလေးတွေ လာရောင်းတဲ့ သုံးလေးငါးနှစ်အရွယ် လူမမယ်လေးတွေဆီက မြန်မာစကားလေးတွေများ ထွက်လာလေမလားဆိုတဲ့ စိုးရွံ့တုန်လှုပ်မှုတွေနဲ့ ပန်းကလေးတွေကို ဝယ်ရလိမ့်ဦးမယ်။

            တစ်ခါက ပန်းလာရောင်းတဲ့ အသက်ခြောက်ဆယ်ကျော် အဘွားကြီးတစ်ယောက်နဲ့ မြန်မာကလေး လေးတစ်ယောက်ကို နွားနို့ဆိုင်မှာတွေ့ပြီး ကျွန်မစိတ်မကောင်းခြင်းကြီးစွာ နာကျင် ခဲ့ဖူးတယ်။

            ဆောက်လာစတိုက် တွေနားကဖြတ်လို့ ပင်ပင်ပန်းပန်းလုပ်နေတဲ့ အလုပ်သမားတွေကိုမြင်ရင် တစ်လမ်းဝင် တစ်လမ်းထွက် အော်ရောင်းနေတဲ့ တံမြက်စည်းသည် ထဘီဝတ် အဘွားကြီးတွေကို တွေ့ရင်... ငါတို့လူမျိုးတွေများလားဆိုတဲ့ နာကျင်တုန်လှုပ်မှုတွေနဲ့ အိပ်မပျော်တဲ့ညတွေကို ဘယ်လောက်များ ဇင်းမယ်မှာ ဖြတ်သန်းရဦးမှာပါလိမ့်။ ဇင်းမယ် ရာသီဥတုက ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းနေတယ်။

            ပူရတဲ့ကြားထဲ ကျွန်မတို့ Apartment ခေါင်မိုးပေါ်က လေယာဉ်ပျံသံတွေဟာ နားမခံနိုင်အောင် ဆူညံလွန်းတော့         

            'ဘယ်လိုဖြစ်တာလဲ၊ ခေါင်းတွေနောက်လိုက်တာ' လို့ ကျွန်မက ညည်းပေမယ့် ကျွန်မ ဘေးနားမှာ ဝိုင်းပြီး မြန်မာအစာတွေကို အလုအယက် ရှာဖွေနေကြတဲ့ ကျွန်မမွေးစားသား၊ မွေးစား သမီးတွေ၊ မောင်ကြွက်ရယ်၊ ဦးရယ်၊ သဇင်ရယ်၊ သက် ကလေးရယ်ကတော့ ဘာမှတောင် ပြန်ပြောဖော်မရဘူး။

            ဘေးမှာထိုင်နေတဲ့ အန်တီမြင့်ကသာ 'လေယာဉ်ပျံတွေ ဒါလောက်များရင် 'ဖွမ်လွမ်' လုပ်မလို့ ထင်တယ် ဆရာမ တဲ့'

            ကျွန်မက နားမလည်ဘဲ..

            'ဘာရယ် အန်တီမြင့်' လို့ မေးလိုက်တဲ့ခဏမှာပဲ ရုတ်တရက် မိုးတွေက အုံ့ဆိုင်း ညို့မှိုင်းလို့...၊ မိုးသက်လေတွေတိုက်လာပြီး မိုးပေါက်ကလေးတွေ ကျလာခဲ့ပါတယ်။

            'ဟယ်...မိုးကျလာပြီ'

            'ဟုတ်တယ်လေ... ဆရာမ၊ ဒါ...'ဘုရင်မိုး...' 'ဖွန်လွမ်' လို့ခေါ်တယ်၊ 'ဖွန်' ဆိုတာ မိုး၊ 'လွမ်' ဆိုတာ ထိုင်းလို ဘုရင်လေ...'

            'ဘယ်လို... ဘယ်လို... 'ဘုရင်မိုး' ဟုတ်လား၊ လှလိုက်တဲ့ နာမည်လေး၊ ဘာဖြစ်လို့...'

            'အော်... ဒါက တိုင်း သူပြည်သားတွေ အပူဒဏ်ကို ခံစားနေကြရလို့ ဘုရင်က ရွာပေးတဲ့ မိုးမို့လို့လေ။ ဒီ မိုးက မိုးအစစ်မဟုတ်ဘူး ဆရာမရဲ့၊ မိုးအတု...'

            'အိုး... ဟုတ်နိုင်ပါ့မလား...၊ ပြောရင်းဆိုရင်း မိုးအတုဟာ သဲသဲမဲမဲ ရွာချလာခဲ့ပါပြီ။ မိုးရေအောက်မှာ လူတွေဟာ ပျော်ရွှင်စွာနဲ့ လက်အုပ်ကလေးတွေချီပြီး 'ဖွန်လွမ်း' 'ဖွန်လွမ်း' နဲ့ အော်နေကြတယ်...။

            'သူတို့က လေယာဉ်ပျံတွေနဲ့ တိမ်တွေဆီကိုတက်သွားပြီး... နည်းပညာနဲ့ မိုးရွာအောင်လုပ်တာ၊ ရေခဲလေးတွေ တန်ပေါင်းများစွာနဲ့ ဓာတုဗေဒ ဆေးမှုန့်တွေကို တိမ်တွေပေါ်မှာ ဖြူးတယ်လို့လည်း ပြောတယ်။ တိမ်ပေါ်မှာ ဓာတုဗေဒ ဗုံးခွဲတယ်လို့လည်း ပြောတယ်၊ အခု သူတို့ ရွာပေးနေတာ (၃၇) မြို့နယ်တောင် ရှိနေပြီ။ တစ်နိုင်ငံလုံး ရွာပေးမှာ...'

            ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်၊ ခဏချင်းအတွင်းမှာပဲ မခံမရပ်နိုင်အောင် ပူနေတဲ့ ဇင်းမယ်မြို့ကလေးဟာ အေးစိမ့်လို့ သွားခဲ့ပြီ။ ဒါဟာ မိုးအတုတဲ့လား...။ မိုးဖွဲဖွဲကို ကျွန်မတစ်ယောက်တည်း မယုံသလို ငေးကြည့်ရင်းက ကျွန်မရင်မှာ မအေးမြနိုင်ဘဲ မစ္ဆိရိယစိတ်တွေ ပြည့်လျှံလာတယ်။ ပြီးတော့ စိတ်တွေက မှိုင်းညို့လာပြန်ပြီ။

            ထုံးစံအတိုင်း ဖုန်းခလုတ်လေးတွေဆီကို လက်ကရောက်မိပြီ။

            'ဟဲလို... ကိုကြီး... ဒီမှာ မိုးတွေ တအားရွာနေတယ်... သိလား'

            'ဟာ...ဟုတ်လား၊ ကောင်းတာပေါ့၊ ဒီမှာ ကိုယ်ကတော့ ဒုတိယအကြိမ် ရေချိုးမလို့'

            'အိမ်ပြန်ချင်တယ်'

            'ဟာ...မရူးနဲ့နော်၊ လူကြီးဖြစ်နေပြီ...ဒါပဲ၊ ဒါပဲ'

ကျွန်မက ရူးသတဲ့လား..။ တိုင်းပြည်နဲ့ ချစ်တဲ့သူတွေကို မခွဲနိုင်တဲ့ ကျွန်မတစ်ယောက် ချစ်သူတွေနဲ့ တိုင်းပြည်ကို ခဏခဏခွဲခွာရခြင်းဟာ ဘယ်ဘဝက ဝဋ်ကြွေးပါလိမ့်။ တိုင်းပြည်နဲ့ ချစ်သူတွေ အတွက်ဆိုတဲ့ စိတ်နဲ့ပဲ အားတင်းရပြန်ဦးမယ်။

            မိုးတွေက သဲသဲမဲမဲ ရွာလာပြန်ပြီ။

            သိပ်လွမ်းတယ်၊ အိမ်ပြန်ချင်တယ်။ နောက်ထပ် ဘယ်နှနေ့ ဘယ်နှည စောင့်ရဦးမှာလဲ...။ 

နုနုရည် ၊အင်းဝ၊

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်