ရွှေဝတ္ထု

ကြေးပြားစေ့ကလေးများရဲ့ မြည်သံစွဲ အလင်္ကာ

လှမိုးသစ်၊ကျောက်ဆည်၊

01 April 2025
ကြေးပြားစေ့ကလေးများရဲ့ မြည်သံစွဲ အလင်္ကာ
Share to

            ဦးလှဖေ သေပြီး အနှစ် နှစ်ဆယ်ကြာမှ နာမည်ကြီးလာတဲ့ သတင်းတစ်ပုဒ်က ဒေါ်ဖြူဆုပ် အထုပ်နဲ့အထည်နဲ့ အမွေတွေရလာတယ်ဆိုတဲ့ သတင်းပါပဲ။ ဒေါ်ဖြူဆုပ် ရွာကိုပြန်ရောက်ရောက်ချင်း ပြောပြတာကတော့ သူ့ယောကျ်ား ကိုလှဖေရဲ့ အရင်မယားကြီးက မွေးတဲ့သားကြီး သမီးကြီးတွေ သဘောထားကြီးကြီးနဲ့ ထုခွဲရောင်းချဖို့ လွယ်ကူတဲ့ လက်ဝတ်ရတနာတချို့ကို အမွေသဘော ခွဲပေးလိုက်တယ်လို့ ပြောပါတယ်။ ဒေါ်ဖြူဆုပ် အပြောက ဒီလို။

            'ကိုလှဖေ သားသမီးတွေ ပီသချက်အေ။ သဘောကောင်းချက်တော့ ငါ့ကိုများ မိထွေးလို့တောင် မထင်ဘူး။ သူတို့အမေရင်းလားကျလို့။ အဟုတ်၊ အဟုတ်။ ညည်းတို့ ယုံတောင်မှယုံပါ့'

      အဲဒီလိုပါ။ ပြောသေးတယ်။ သူ့မို့လို့ ရွှေထည်ပစ္စည်း နည်းနည်းပါးပါးနဲ့ ရှေးခေတ်ငွေဒင်္ဂါး တချို့ပေးလိုက်တာ။ သူတို့ သားကြီး သမီးတွေများကျတော့တိုက်တွေ၊ ခြံတွေ၊ ကားတွေဆိုတာ ရီတောင် မရီနိုင်ဘူးတဲ့။ ရေတောင်မရေနိုင်ဘူးလို့ ပြောတာပါ။ ကြားရတဲ့ လူအပေါင်းကတော့ ရင်သပ်ရှုမော သြသြသုတ်သုတ်ပေါ့။

'အဲဒီပစ္စည်းတွေ ဘယ်မှာတုံး ဒေါ်ကြီးဖြူဆုပ်ရဲ့။ ကျုပ်တို့လည်း ကြည့်စမ်းပါရစီ' ဆိုရင် ဒေါ်ဖြူဆုပ်က ညာဘက်ရင်အုံအောက်နားကို ဂျွပ် ဂျွပ် ဂျွပ် ဂျွပ် မြည်အောင် ပုတ်ပြရင်း' ပြတော့ မပြနိုင်ပါတော်။ မြင်ခါမှ မတော်လောဘတက်ပြီး လိုချင်မျက်စိရှိသူက ကျုပ်ကို လာသတ်နေမှအခက်' လို့ ပြောတော့တာပဲ။ သဘောကတော့ ထဘီဖုံးဝတ်ထားတဲ့ အတွင်းချွေးခံအင်္ကျီအိတ်ထဲမှာ ထည့်ထားတယ်ပေါ့။ ဘယ်သူ့ကိုမှ ယုံပြီး မပြရဲဘူးပေါ့။ လူဆိုတာ ရတနာပစ္စည်းမြင်ရင် စိတ်ပြောင်းပြီး မတော်လောဘ ဖြစ်တတ်တယ်ပေါ့။ လူတွေက ရယ်ရယ်မောမောပါပဲ။ ရယ်ရင်းနဲ့ 'ကျုပ်တို့ကိုတောင် မယုံတော့ဘူးလား ဒေါ်ကြီးရဲ့' ဆိုရင်...

'အိုး... သူခိုး ချိုတပ်ထားတာမှ မဟုတ်ဘဲ။ သစ်ပင်ကောက်သာ မြင်ရတာ။ လူကောက်မြင်ရတာ မဟုတ်ဘူး'တဲ့။

ဒေါ်ဖြူဆုပ် ယောကျ်ား ကိုလှဖေဆိုတာ ဟိုခေတ်က ကျေးဂျာဆိုလား၊ စိုက်ပျိုးရေး အရာရှိလို့ ပြောပါတယ်။ သူတို့နယ်ကို တာဝန်နဲ့ ခဏရောက်လာတဲ့ ရန်ကုန်သားတဲ့။ ကွင်းဆင်းစစ်ဆေးဖို့ ဆိုပြီး ရွာကို လာတဲ့အခါတိုင်း ဒေါ်ဖြူဆုပ်တို့အိမ်မှာ တည်းသတဲ့။ ဒေါ်ဖြူဆုပ် အဖေကလည်း ကွင်းစာရေးဆိုလား၊ မင်းပေါက်စိုးပေါက်၊ ရုံးပေါက်ကနားပေါက်ရှိတယ်လို့ ပြောပါတယ်။ အဲဒီလို ဦးလှဖေနဲ့ ဒေါ်ဖြူဆုပ်အဖေတို့ဟာ တာဝန်နဲ့ပတ်သက်ကြရာက သမီးသမက်အဖြစ် ဆွေမျိုးရင်းချာအထိ ပတ်သက်သွားရတယ်လို့ ပြောပါတယ်။ ဖြစ်ပုံက ဦးလှဖေနဲ့ ဒေါ်ဖြူဆုပ်ဟာ အသက်ချင်းက ဆယ်နှစ်လောက်ပဲ ကွာတာရယ်၊ မကြာခဏဆုံတွေ့နေရတာရယ်၊ တစ်ယောက်ကလည်း မုဆိုးဖို တစ်ကိုယ်တည်းသမား၊ တစ်ယောက်က အပျိုကြီးဆိုတော့ မြင်ဖန်များတော့ ကျွမ်း၊ ကျွမ်းရတော့လွမ်း ဖြစ်ပုံရပါတယ်။ အချိန်တိုတိုနဲ့ပဲ ရပ်မိရပ်ဖ အစုံအလင်နဲ့ တောင်းရမ်းလက်ထပ် မင်္ဂလာဆောင်မယ် ဖြစ်တော့တာပဲ။ မကြာဘူး၊ မင်္ဂလာဆောင်ပြီး ဦးလှဖေ ရန်ကုန်ပြန်ပြောင်းဖို့ အမိန့်ကျတော့တာပဲ။ မင်းခစား ကမ်းနားသစ်ပင်ဆိုတော့ သျှောင်နောက် ဆံထုံးပါရတာပေါ့။ ဒေါ်ဖြူဆုပ် ဦးလှဖေနဲ့ရန်ကုန်လိုက်သွားရရှာတယ်။ ငါးနှစ်လား၊ ခြောက်နှစ်လားပဲ ကြာတယ်။ ဒေါ်ဖြူဆုပ် ဦးလှဖေနဲ့ ပေါင်းလိုက်ရတာ။

ရွာပြန်ရောက်လာတယ်၊ ဦးလှဖေ ဆုံးလို့တဲ့။ သွေးတိုးလို့ ဆိုလား၊ ဦးနှောက်ကြောပြတ်လို့ ဆိုလား။ အဲဒီလိုဆိုတော့လည်း ဒေါ်ဖြူဆုပ် ရွာပြန်လာရတာပေါ့။ ဟိုမှာ ဦးလှဖေ သားကြီးသမီးကြီးတွေ သဘောကောင်းတယ်သာ မှန်တာ။ လင့်မျက်နှာ တစ်ကမ္ဘာမှတ်ပြီး နေရတာ။ လင်မရှိတော့ လင့်သားသမီး ဆိုပေမယ့် ကိုယ်နဲ့ကျ သူစိမ်းကြီး ဥစ္စာ။ ရွာမှာဆိုတော့ အဖေအမေအရင်းတွေ ရှိသေးတဲ့ဟာ။ ပြီးတော့ ကလေးတွေ ဘာတွေလည်း ရလိုက်တာ မဟုတ်တော့ ရွာကိုပဲ ပြန်လာရတာပေါ့။ အပျိုကြီးဖြစ်မှ လင်ရတာဆိုတော့ လင်သေတော့လည်း နောက်အိမ်ထောင် မပြုဖြစ်တော့ပါဘူး။ ကြိုက်သူမရှိတာလည်း ပါချင်ပါမှာပေါ့လေ။

            နောက်အိမ်ထောင် မပြုဖြစ်တော့ဘူးဆိုတော့ အဖေ၊ အမေတို့နဲ့နေပြီး ဒိုးတူပေါင်းဖက် လုပ်ကိုင်စားသောက် နေထိုင်တယ်ပေါ့။ အရွယ်တွေလွန်လို့ အဖေ၊ အမေတို့ တိမ်းပါးသွားတော့လည်း ဒေါ်ဖြူဆုပ် တစ်ယောက်တည်း အဖေတို့အမေတို့ ထားခဲ့တဲ့ အိမ်နဲ့ဝိုင်းမှာနေတယ်။ အဖေ အမေတို့ လက်ငုတ်လက်ရင်း လယ်ကလေး၊ ယာကလေး လုပ်စားတယ်။ အဖေအမေတို့ ချန်ခဲ့တဲ့ လှည်းကလေး၊ နွားကလေးနဲ့ အတွင်းပစ္စည်း နည်းနည်းပါးပါးကို ထိန်းသိမ်းစောင့်ရှောက်တယ်ပေါ့။

            ဒါကို အဖေ့ဘက်က တော်တဲ့တူတွေ၊ တူမတွေက သိတယ်။ အမေ့ဘက်က တော်တဲ့တူတွေ၊ တူမတွေက သိတယ်။ ဒါတွေတင်မကဘူး။ ဒေါ်ဖြူဆုပ်မှာ မွေးချင်းပေါက်ဖော် မရှိတာကိုလည်း သိတယ်။ တစ်ယောက်တည်းနေတဲ့ မိန်းမသား။ အဘွားကြီး စဝင်ပြီ ဆိုတာလည်း သိတယ်။ လယ်ယာမြေက ထွက်မယ့်အခွန်အထုပ်ကို စားသုံးပေမယ့် သားသမီးမြေးမြစ် တစ်ယောက်တလေတောင်မှ ရှိမနေတာကိုလည်း သိလိုက်ကြသေးတယ်။

            သူတို့ မသိသေးတာဆိုလို့ ဒေါ်ဖြူဆုပ်သေရင် ဒါတွေ ဘယ်သူ့ပေးခဲ့မလဲ။ ဒါပဲ သူတို့မသိကြသေးတာ။ အဲတော့ တွေးတယ်။ ဘယ်သူ့ပေးခဲ့မလဲ။ တွေးတော့ ဖြစ်နိုင်ခြေတွေက အများကြီး။ ဟိုတစ်ယောက်က တူတော်ရင်၊ ဒီတစ်ယောက်က တူမ တော်တယ်။ ဒီတစ်ယောက်က အဖေ့ဘက်ကဆိုရင် ဟိုတစ်ယောက်က အမေ့ဘက်ကပဲ။ ငါလည်း တူ တူမ တော်တာပဲလို့ တွေးမိကြတဲ့ သူတိုင်းက 'ဒေါ်လေးဖို့ ဦးဦးဖျားဖျား လာပို့တာ။ ငါးခြောက်ဖုတ် ဆီဆမ်းလေး' ဆိုတာက တစ်မျိုး။ ဒေါ်လေးတစ်ယောက်တည်းပဲ ချက်စားမနေပါနဲ့။ ကျုပ် ပိုချက်ထားလိုက်ပါ့မယ်တော့်' ဆိုတာက တစ်ဖုံ။ 'ဒေါ်လေးရေ၊ နွားတွေနဲ့ လယ်ထဲ မတော်ခိုက်မိပြုမိ ဖြစ်နေပါဦးမယ်။ အိမ်က ဒေါ်လေးတူ ခိုင်းလိုက်' ဆိုတာက တစ်နည်း။

            အဲဒီလိုနဲ့ ဒေါ်ဖြူဆုပ်အိမ်မှာ တူတွေ၊ တူမတွေက မွေးတဲ့ တူမြေး တူမြစ်၊ တူတီ တူတွတ်တွေနဲ့ တဝမ်းပူတွေ တရုန်းရုန်းပေါ့။ တကယ်တော့ ဝမ်းပူလို့ တတဲ့တဝမ်း ပူတွေပါ။

            အဲဒီ တစ်ဝမ်းပူတွေရဲ့ အထုပ်တွေဟာ နောက်တော့ ဒေါ်ဖြူဆုပ်ခေါင်းပေါ် ရောက်လာတယ်။ ဖိုးကွန်းဆိုတဲ့ တူ ဆေးရုံတက်ရတဲ့ အပူဟာ ဒေါ်ဖြူဆုပ် ငွေထုတ်မှ ပြေလည်သွားတယ်။ မကြာပါဘူး။ အေးဆောင် လူရိုက်မှု ဖြစ်တော့လည်း ဒေါ်ဖြူဆုပ် ထုတ်လျော်မှ အချုပ်တံခါးက ပွင့်လာတယ်။ အင်းလေ... တူကလည်း တော်နေပြန်၊ လုပ်ကိုင်ပေးထားတဲ့ အခံကလည်း ရှိဆိုတော့ ဒေါ်ဖြူဆုပ် မနေသာဘူးပေါ့။ အဲဒီလိုနဲ့ ဟိုတစ်ယောက်က မ၊ ငွေတွေ အရေးကြီးနေလို့။ ဒီတစ်ယောက်က ပေါင်ထားတဲ့ လယ်ကလေး ရွေးချင်လို့နဲ့ ပူစရာတွေများ ကန်ထရိုက် ဆွဲထားသလိုပဲ။

            ဆိတ်ပါများတော့ အနာဖြစ်ဆိုသလို ဖဲ့ပါများတဲ့ တောင်ဟာ ပြိုရတာပဲ။ ဒေါ်ဖြူဆုပ်ရဲ့ မဖြစ်စလောက် ပိုင်ဆိုင်မှုကလေးဟာ ထန်းလျက်ခဲ ပုရွက်ဆိတ် ဝိုင်းဆွဲလိုက်သလိုပဲ။ အချိန်တိုတို အတွင်းမှာ ပြိုလဲသွားတော့တယ်။ အတွင်းပစ္စည်းကလေးတွေ ကုန်တော့ လှည်းနဲ့နွား။ 'ဒါ့ထက် ကောင်းတာ ပြန်လုပ်ပေးပါ့မယ်။ အသက်က အရေးကြီးနေလို့' ဆိုတော့လည်း လုပ်စေပေါ့။ ချပေးလိုက်ရတာပဲ။ ဒီလိုပဲ သံတူကြောင်းကွဲ အပူတွဲ ဇာတ်လမ်းတွေကြောင့် တောထဲက ယာကလေး၊ လယ်ကလေးလည်း ပါသွားရတာပဲ။ နောက်ဆုံး လက်ရှိနေနေတဲ့ အိမ်နဲ့ဝိုင်းပဲ ကျန်တယ်။ ရေထည့်တဲ့ ရာဝင်အိုးတောင် ငှားပြီးရောင်းစားကြလို့ မရှိတော့ဘူးရယ်။ အဲဒီအထိ ဒေါ်ဖြူဆုပ် မပူတတ်သေးပါဘူး။ သူတို့ပြေလည်တဲ့အခါ ပြန်ပေးမှာပေါ့လို့ ရှိတာလေးအတူ စားသောက်နေလိုက်တာပါပဲ။

            ဒီလိုနဲ့ ခါးကိုင်း နားထိုင်းအရွယ်သာ ရောက်လာရော ဘယ်တူ၊ ဘယ်တူမမှ နာလန်မထူ၊ လူမဖြစ်တာ မျက်စိရှေ့တင် မြင်နေတော့ တောင်းလည်း မတောင်းမိဘူးပေါ့။ ထမင်းကလေး၊ ဟင်းကလေး ပို့ပေးနေသေးတာကိုပဲ ကျေးဇူးသိတတ်တဲ့ ကလေးတွေလို့ သူ့မှာ ကျေးဇူးပြန်တင်နေသေးတယ်။

            ဒါပေမယ့် ဒေါ်ဖြူဆုပ် စဉ်းစားတယ်။ စဉ်းစားတော့ ဆန္ဒလေးတစ်ခု ရှိလာတယ်။ အခုချိန်ထိ အဖေနဲ့အမေကို ရည်စူးတဲ့ ကောင်းမှု မရှိသေးဘူး။ အဖေအမေအတွက် ရည်စူးပြီး ကောင်းမှုတစ်ခုခု လုပ်ချင်တယ်။ ပိုက်ဆံက မရှိသေးဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ လျှောက်တွေးရင်း စိတ်ကူးလေး တစ်ခုရတယ်။ စိတ်ကူးကတော့ ကောင်းပါရဲ့။ ခက်တာက ဘယ်သူ့ကို တိုင်ပင်ရမလဲ။ နည်းနည်းတော့ လန့်နေတယ်။ ဘယ်သူ့မှယုံယုံ ကြည်ကြည် မပြောဝံ့ဘူး။ ကုသိုလ်ကောင်းမှုအတွက်မို့ မဖြစ်မြောက်မှာ စိုးရိမ်နေတယ်။ ယုံကြည်စိတ်ချရမယ့် လူကို သူ့တူတွေထဲ လိုက်ရှာကြည့်တယ်။ ဟိုကောင်ကတော့ ဖဲသမားမို့လို့၊ ဒီတစ်ယောက်ကျပြန်တော့လည်း အကြွေးထူလပျစ်နဲ့ နွားရောင်း သုံးတဲ့ကောင်ကလည်း ပြန်မပေးနိုင်။ လယ်ရောင်းသုံးတဲ့ ကောင်ကလည်း ပြန်မဆပ်နဲ့။ ဒါလေးကို ယုံယုံကြည်ကြည် ခိုင်းရမယ့်လူ ရှားနေတယ်။

            အဲဒီတုန်း အရှေ့တဲကုန်းရွာမှာ အိမ်ထောင်ကျနေတဲ့ ဖိုးသာအောင်ဆိုတဲ့ တူတစ်ယောက် ရွာကို အလည်ရောက်လာတယ်။ အဲဒီတော့မှ ဒေါ်ဖြူဆုပ်လည်း ဒီတူ ဖိုးသာအောင်ကို သတိရတယ်။ သူ့တူထဲမှာ ဖိုးသာအောင်လို တော်တဲ့လူ ရှိသေးတာ ဘာလို့မေ့နေရတာလဲ။သူ လုပ်ချင်တာ ဖိုးသာအောင်ကို တိုင်ပင်ရမှာပေါ့။ ဒီကောင်က အခုဆို စီးပွားရေးတောင် အတော်ပြေလည်နေဆိုပဲ။ အသောက်အစားကလည်း ကင်းတယ်။ အငယ်ကတည်းက သဘောရိုးဖြောင့်ပြီး ဉာဉ်ဆိုးလည်း မရှိ တဲ့ကောင်ဆိုတော့ သူ့ကို အားကိုးဖို့ ဒေါ်ဖြူဆုပ် ဆုံးဖြတ်လိုက်တယ်။

            'မင်းလာတာနဲ့ အတော်ပဲ။ တိုင်ပင်စရာရှိလို့'

            အဲလို ဒေါ်ဖြူဆုပ်စကား ပလ္လင်ခံလိုက်တော့ ဖိုးသာအောင်ကလည်း ဘာတုံး ဒေါ်လေးရဲ့ပေါ့။ ဘာတုံးဆိုတော့ သူတို့အရပ်ဓလေ့အရ အရိုသေဆုံးနဲ့ အရိုးရှင်းဆုံး 'ပြောစရာရှိတာ ပြောပါ၊ ခိုင်းစရာရှိတာ ခိုင်းပါ'လို့ ပြောလိုက်တာပါ။ အဲဒီမှာ သူ့ရင်ထဲက ဆန္ဒကို ဒေါ်ဖြူဆုပ် ပြောပြလိုက်တယ်။ ကောင်းမှုလေးတစ်ခု လုပ်ချင်တယ်ပေါ့။ ဇရပ်ကလေး တစ်ဆောင်ဆိုရင် ကောင်းမလားလို့ ဆိုတော့ ဖိုးသာအောင်က ပြုံးဖြီးဖြီးကြီးနဲ့...

            'ဇရပ်ဆောက်တာတော့ ဟုတ်ပါပြီ ဒေါ်လေးရဲ့။ ပိုက်ဆံက ဘယ်မှာတုံး' လို့ ဘွင်းဘွင်းကြီး မေးချလိုက်တယ်။

            'အဲတာကြောင့် မင်းကို ရွေးပြီး တိုင်ပင်ရတာပဲ'

            ဒေါ်ဖြူဆုပ် ပြောလိုက်တော့ ဖိုးသာအောင်မျက်နှာ နည်းနည်းညိုသွားသလိုပဲ။

            'ကျုပ်... ကျုပ်မှာ ပိုက်ဆံအပို မရှိသေးပါဗျာ။ ရှိတာလေးကလည်း အကြီးကောင်က တီဗီလိုချင်လှချည့်ရဲ့လို့ ပူဆာနေတာနဲ့ တလောလေးကတင် ဝယ်ပေးထားတာကို အခုတစ်ခါ အောက်စက်နဲ့ လုပ်နေပြန်လို့ မနည်းတားထားရတယ်'

            အဲဒီမှာ ဒေါ်ဖြူဆုပ်က 'မင်းဆီ ပိုက်ဆံချေးမလို့ မဟုတ်ပါဘူးကွဲ့။ စကားလည်း ဆုံးအောင်နားထောင်ပါဦး' ဆိုတော့ ဖိုးသာအောင် မျက်နှာကြောတွေ လျော့သွားတယ်။

            'ငါ အခုနေတဲ့ အိမ်နဲ့ ဝိုင်းကို ရောင်းပြီး ဇရပ်တစ်ဆောင်လောက် လှူချင်တယ်ကွယ်။ ငါနေဖို့ကတော့ ဇရပ်ဆောက်လို့ ပိုတာကျမှ နှစ်ပင်သုံးခန်းကလေး တစ်ထောင့်တစ်ကွေး ဆောက်လို့ ရရင် တော်ပါပြီ'

            'ဟာ... ကောင်းတာပေါ့၊ ဒေါ်လေးရဲ့ လုပ်ပါ။ ကျုပ်တို့ ဝိုင်းကူမှာပေါ့။ ဒေါ်လေးနေဖို့ နှစ်ပင်သုံးခန်းလောက်ကတော့ တဲကုန်းက ကျုပ်ဝိုင်းထဲ ဆောက်စမ်းပါလေ့'

            'အဲတာ မင်းကို အပ်ချင်တယ်ကွယ်။ တခြားလည်း ဘယ်သူ့မှ မခိုင်းချင်ဘူး'

            'ဟုတ်ပြီလေ။ ဒေါ်လေးက အိမ်နဲ့ဝိုင်းကို ဘယ်လောက်နဲ့ ရောင်းမှာတုန်း'

            'ကာလတန်ကြေးပေါ့ကွယ်။ ဘယ်လောက်ရမယ် ခန့်မှန်းတုန်း'

            ကာလတန်ကြေးကိုက မနည်းပါ။ ဝိုင်းအနေအထားကလည်း ကောင်း၊ အိမ်ကလည်း ရှေးပျဉ်ထောင် ပျဉ်ခင်း နှစ်ထပ်အိမ်ကြီးမို့ ထင်တာထက်တောင် ပိုရသတဲ့။ ၁ဝ သိန်းဆိုလား၊ ၁၂ သိန်း ဆိုလားရဆိုပဲ။ အဲဒီ ကိန်းဂဏန်းသာ မှန်လို့ရှိရင် ဒေါ်ဖြူဆုပ် ဆောက်ချင်တဲ့ နှစ်ပင်သုံးခန်း အိမ်ကလေးနဲ့ ခံ့ခံ့ညားညား ဇရပ်တစ်ဆောင်တင်မက ဇရပ်နှစ်ဆောင် ဆောက်ဦးတော့ ကုန်မယ် မထင်သေးဘူး။ ဒါက ရွာကလူတွေ အထင်ပြောတာ။ တကယ်တမ်းက လကို နှစ်စား၊ နှစ်တွေသာ အချိန်က စားစားသွားတယ်။ ဘယ်လမ်းဘေး၊ ဘယ်ဘုန်းကြီးကျောင်းထဲမှာမှ ဒေါ်ဖြူဆုပ် ကောင်းမှုလို့ ကမ္ပည်းထိုးထားတဲ့ ဇရပ်တစ်ဆောင် ပေါ်ထွက်မလာပါဘူး။ ရွာက လူတွေကတော့ သာအောင် ရှေ့တစ်မျိုး၊ ဒေါ်ဖြူဆုပ်ကို တိုးတိုးမေးစမ်းကြည့်တော့ ဇရပ်ဆောက်မယ့် တိုင်တွေပဲ ဝယ်ထားသလိုလို၊ လေလံ စောင့်နေသလိုလို၊ အစိုးရသစ်ပဲ လျှောက်ထားသလိုလိုနဲ့ သလိုလို နှစ်တွေသာ ကြာသွားတယ်။ ဒေါ်ဖြူဆုပ်မှာ အိပ်ရာနဲ့ မီးဖို အတည်တကျ ဖြစ်မလာတော့ဘူး။ ဟိုရွာ သွားလည်လိုက်၊ ဒီရွာသွား လည်လိုက်နဲ့ ကြုံတဲ့အိမ်စား၊ ရောက်တဲ့နေရာအိပ်နဲ့ ဒေါ် ဖြူဆုပ်မှာသာ အိပ်ရာနဲ့ မီးဖို အတည်တကျ ပြန်ဖြစ်မလာတာရယ်၊ ဖိုးသာအောင့်အိမ်မှာတော့ အပေါ်စက်၊ အောက်စက်နဲ့တဲ့။ ဂျင်မဆိုလား၊ ချာဂျင်ဆိုလား တစ်ညလုံး မီးတွေ တထိန်ထိန်နဲ့တဲ့။ ပန်းဘီးလို့ခေါ်တဲ့ ငှက်ရုပ်နဲ့ ဘီးကချည့် သုံးစီးတဲ့။ ရုံးပင် ကူးရိုးက ထန်းတောတွေ အပေါင်ခံထားလိုက်တာများ ညို့လို့ဆိုပဲ။ အပင်တစ်ထောင် နီးပါးတောင် ရှိသတဲ့။ ဒီထန်းတောတွေ ဘယ်က ပိုက်ဆံနဲ့ အပေါင်ခံတယ် ဆိုတာတော့ ဖိုးသာအောင်ကလွဲပြီး သူ့မိန်းမတော့ သိမှာပေါ့။ ဒါပေမယ့် ဘယ်သူက မေးရဲမှာလဲ။ သူတို့က နဂိုက တည်းက ပိုက်ဆံရှိတဲ့သူတွေပဲဟာ။

            နောက်တော့လည်း လူတွေက အဲဒီကိစ္စကြီးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတာပါပဲ။ ဒေါ်ဖြူဆုပ်ကိုလည်း မှတ်မှတ်ရရရယ်လို့ ရှိမနေတော့ပါဘူး။ ဒေါ်ဖြူဆုပ်ကလည်း ဟိုရွာ၊ သည်ရွာ ထွက်ထွက်သွားတာ တစ်လနေမှ တစ်ခေါက်ဆိုသလို၊ နှစ်လနေမှ တစ်ခေါက်ဆိုသလို ရွာကို ပြန်လာတတ်တာကိုး။ တစ်ခါတလေ လတွေအကြာကြီး ရွာက ပျောက်ပျောက်နေတတ်တာကိုး။ အခု ဦးလှဖေ သေလို့ အနှစ်နှစ်ဆယ်ကြာမှ ဒေါ်ဖြူဆုပ်ဆီက စိတ်ဝင်စားစရာသတင်း တစ်ကျော့ပြန် ပေါ်လာတာ။ အမွေတွေ ရလာသတဲ့။ ရွှေထည်တွေရော၊ ငွေဒင်္ဂါးတွေရောပဲလို့ ပြောတယ်။

            လူတွေ ယုံတာ မယုံတာကတော့ တစ်ပိုင်းပေါ့။ သူ့တူတွေ၊ သူ့ တူမတွေကတော့ ဟိုသူက အိမ်ပေါ်လာနေပါ။ ဒီသူက အိမ်ပေါ်လာနေပါနဲ့ ခေါ်ကြတာတော့ အမှန်ပဲ။ ဘယ်လိုစေတနာနဲ့ ခေါ်တယ် ဆိုတာတော့ သူတို့ ဝမ်းထဲဝင်ကြည့်မှ သိမှာပေါ့။ ဒေါ်ဖြူဆုပ်ကတော့ ထဘီဖုံးပြီး ဝတ်ထားတဲ့ ညာဘက် ရင်အုံအောက်နားကို တဂျွပ်ဂျွပ်နဲ့ ပုတ်ပုတ်နေတာပဲ။ အဲဒါကို လူတိုင်းက မြင်သလို တဂျွပ်ဂျွပ်အသံ ကိုလည်း လူတိုင်းလိုလို ကြားတာပဲ။

            အဲ... အဲဒါတင်မက သေးဘူး။ ရွာကို ပြန်ရောက်စက အရင်ဆုံးဝင်တဲ့ အိမ်တစ်အိမ်ရှိတယ်။ ခင်မိတဲ့။ သူ့တူမပါပဲ။ အဲဒီ ခင်မိအိမ်မှာ ဒေါ်ဖြူဆုပ် သောင်တင်သွားတယ်။ ဒါကို တခြားတူမတွေက ဘဝင်မကျဘူး။ ခင်မိကို မျက်စောင်းတခဲခဲ လုပ်နေကြတယ်။ ခင်မိကလည်း ခင်မိပဲ။ ဒေါ်ဖြူဆုပ် အိမ်ပေါ်ရောက်စက လောလောဆယ် ထုခွဲစားသောက်ဖို့ ဆိုပြီး ထုတ်ပေးတဲ့ ကျောက်နီ လက်စွပ်ကလေးကို သိုသိုသိပ်သိပ် မထုခွဲဘဲ လာသမျှလူကို 'ဒေါ်လေးက ပေးတာ၊ ဒေါ်လေးက ပေးတာ' နဲ့ ထုတ်ထုတ်ပြနေတော့ တခြားတူ၊ တူမတွေ မီးခဲပေါ် ထိုင်မိတဲ့ မျောက်တွေ ဖြစ်ကုန်တာပေါ့။ ဒီကြားထဲ ဒေါ်ဖြူဆုပ်ကပါ အိတ်ကပ်ကလေး တဂျွပ်ဂျွပ်နဲ့ ပုတ်နေသေးတာ ဆိုတော့။

            ဘာပဲပြောပြောလေ ဒေါ်ဖြူဆုပ်ဟာ နောက်ဆုံးခရီးအထိ လှလှပပသွားခဲ့ရပြီး ချောချောမွေ့မွေ့ ကိစ္စပြီးသွားရတာနဲ့ မသေခင် နောက်ဆုံးအချိန်တွေမှာ အဆင်ပြေပြေ နေထိုင်စားသောက် သွားနိုင်တာကတော့ သူ့ရဲ့တူတွေ၊ တူမတွေ ကောင်းလို့သာပေါ့လို့ ပြောရမှာပဲ။ ဝိုင်းပြီး ကျွေးလိုက်၊ မွေးလိုက်၊ ပြုစုလိုက်တာ ရွာလူကြီးကတောင် သြချယူရတယ်။

            'မဖြူဆုပ် အိုကံကောင်းချက်၊ တစ်စက်လေး ငြိုငြင်မယ့်သူ မရှိဘူး'တဲ့။

            အခုဆိုရင် ဖွားဖြူဆုပ် ကွယ်လွန်သွားခဲ့တာ နှစ်တစ်ပတ်တောင် လည်သွားပြီ။ ဘယ်သူ့ဆီကမှတော့ ဖွားဖြူဆုပ် ဘဝကူးကောင်းအောင်ရယ်လို့ ဆွမ်းတစ်ချိုင့် ပို့သံ၊ အမျှတစ်ခွန်း ဝေသံ မကြားရသေးဘူး။ အဲဒီလိုပဲ ဖွားဖြူဆုပ် မသေခင်က လူတွေ စိတ်ဝင်စားခဲ့တဲ့ ဖွားဖြူဆုပ်သေရင် ဖွားဖြူဆုပ် အထုပ် ဘယ်သူရမလဲ ဆိုတာလည်း ဘယ်သူမှ ရသံ မကြားမိသေးဘူး။ များပြားလှတဲ့ တူတွေ၊ တူမတွေနဲ့ ဆွေရိပ်မျိုး မကင်းသူတို့ကတော့ (ဘယ်သူ့ကိုမှလည်း ပေးခဲ့တယ်လို့ မကြားမိတော့) ဒေါ်ဖြူဆုပ် ဘယ်များ သိမ်းထားခဲ့သလဲနဲ့ အခုချိန်ထိ ရှာကြတုန်း ဖွေကြတုန်းပါပဲ။ ရှာတာကတော့ ချောင်ကြိုချောင်ကြား၊ အိမ်ကြိုအိမ်ကြား၊ စည်းကြိုစည်းကြားမကျန် မြေတောင်လှန်ရှာပြီးပြီ။ သူတို့ဘယ်လောက်ပဲ ရှာရှာ ရွှေနဲ့တူတာ၊ ငွေဒင်္ဂါးနဲ့တူတာဆိုလို့ အခုခေတ် ကလေးတွေ ဆော့ဖို့လောက်ပဲ အသုံးဝင်တဲ့ ကြေးပြားစေ့တွေပဲ တွေ့တယ်။ ကြေးပြားစေ့တွေကတော့ နေရာအနှံ့ပဲ။ ဒီနှစ်ထဲ ပိုပေါလာသလိုပဲ။ ရှာနေကြသူတွေကတော့ ကြေးပြားစေ့ကလေးတွေ ဖယ်ဖယ်ပြီး ဖွားဖြူဆုပ်ရဲ့ ဒင်္ဂါးအထုပ်ကြီးကို ရှာလို့ ကောင်းနေကြတုန်းပါပဲ။

လှမိုးသစ်၊ကျောက်ဆည်၊

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်