ရွှေဝတ္ထု

ဃနှင့်ဘကို သောက်ခြင်း

မျိုးငြိမ်းဆွေ

01 April 2025
ဃနှင့်ဘကို သောက်ခြင်း
Share to

           'နန်းတော်ကျွန်းရွာလေးတွေ တည်နေပုံက လှပသည်' ဘုရားဖူးသွားမလို့ ဟုတ်ဖူး။ နန်းတော်ကျွန်းကို ကိုဃ အရက်သောက်ဖို့ ထွက်လာတာ။ လေမျောသီးလို့ ခေါ်တဲ့ မောင်မောင်ဦးရယ်။ တရုတ်ငမျိုးရယ်နဲ့ သဲသောင်ပြင်ပေါ် သွက်သွက်လျှောက်နေတဲ့သူက ဃ ပေါ့။ မျက်မှန်က နေရောင်မှာ တလက်လက်နဲ့။

            အဲဒါ ဃ ရဲ့ အမှတ်ရဆုံး အရက်တဲ့။ နန်းတော်ကျွန်းက အရက်ဖိုဆီကို သွားနေတာ။ 'မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြသိန်းတန်စေတီ' ရေးခဲ့တဲ့ တေးရေးဆရာကတော့ ဘယ်နားကနေ ရပ်ကြည့်ပြီး သီချင်းရေးခဲ့တယ် မသိဘူး။ ဒီဘက်ကမ်းကတော့ ဃ ပိုင်တဲ့ ကမ်းပဲ။ သမင်ခြံသော၊ ဆင်ဖိုသော၊ နန်းတော်ကျွန်းသော၊ တရုတ်ငမျိုးအိမ်က ယိုလုပ်ငန်းကို လာလုပ်တဲ့ အလုပ်သမားတွေက အဲဒီရွာတွေက များတယ်။

            ဒါပေမယ့် ထပ်နေတဲ့ ခြေရာတွေက အခုလောက်ဆို ပျောက်နေလောက်ပြီ။ မရောက်တာကြာတဲ့ ဒီရွာကို အခုမှ ပြန်လာတာ။ အကြွေးဆပ်ဖို့ ပြန်လာတာ။

            'ဟေ့ကောင် မောင်မောင်ဦး၊ ဟောဒီလက်ပံပင်ကြီးဆီကို ပြန်လာမယ်'

             တရုတ်ငမျိုးကလည်း ထောက်ခံတယ်။ နေရာထိုင်ခင်းကလည်း လှတယ်။ ရွာနဲ့လည်း လှမ်းတယ်။ လက်ပံပင် အမြစ်ပျဉ်းကြီးတွေက ဧရာဝတီမြစ်ထဲကို တစ်ဝက် ဆင်းနေ တယ်။ 'ပေါက်' 'ပေါက်' နဲ့ လက်ပံပင်ခြေ အမြစ်ကြားကို ဧရာဝတီက တိုးတိုးဝင်နေတယ်။ ဧရာဝတီ လှိုင်းကြပ်ခွပ် လေးတွေ ငြိမ့်ခနဲ ဦးခိုက်နေတဲ့ နေရာထိုင်ခင်းလည်း တွေ့ရရော ခြေလှမ်းတွေက ပိုသွက်လာတယ်။ ဟောဟိုမှာ အရက်ဖိုးအကြွေးဆပ်ရမှာ အဲဒီမှာ၊ အရက်ဖိုး အကြွေးမဟုတ်ဘူး။ ဟိုးအရင်ထဲက ငြှိုးထားတာကို လာဆပ်တာ၊ အဲဒီဖိုက ကျတဲ့အရက်ကို သိပ်ကြိုက်တာ၊ ပိုက်ဆံရှိလာရင် ဒီအရက်ကို ဖိုပြတ်သောက်မယ်လို့ ငြှိုးထားတဲ့အကြွေး။ ခင်ဗျားငယ်ငယ်က ငြှိုးသလိုပေါ့။ ကြီးလို့ ပိုက်ဆံရှိလာရင် ထန်းလျက်တစ်ပိသာလုံးဝယ်ပြီး ငါတစ်ယောက်တည်း စားပစ်လိုက်မယ်။ နို့ဆီ တစ်ဘူးဝယ် အပေါက်ဖောက်ပြီး အဝစုပ်ပစ်လိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲ။ လူလွှတ်ပြီးမှာပြီးသား၊ ရောက်တော့ အသင့်ပဲ အရက်ပုလင်းတွေကို လျှော်ပင်တွေနဲ့ ပူးချည်ထားပြီးသား။ ဟေး... ကို '' ကြီး အဆိုတော်ဖြစ်နေပြီဆို... ကျုပ်ပြောသားပဲ၊ အရင်ထဲက ခင်ဗျား အသံပြဲကြီးနဲ့ အော်အော်နေတာ'

            'ကိုင်း ရော့ဗျာ၊ စပါယ်ရှယ်လုပ်ထားတာ။ အရက်ဖိုပိုင်ရှင် ပြောနေတာ သိပ်မကြားဖူး။ လက်ပံပင်ခြေကို ရေတိုးနေတဲ့ အသံ 'ပေါက်' 'ပေါက်' ပဲ ကြားနေတာ။

            တရုတ်ငမျိုးက ပုလင်းတွေ ဆွဲပြီးသွားပြီ။ လက်ပံပင်ခြေ ရောက်တော့ ရေထဲဆင်းပြီး ဖင်ထိုင်ချလိုက်တော့ ခါးလောက်တော့ ရောက်တယ်။ ဟိုဘက်ကမ်းမှာ ပုထိုးတော်ကြီးကို မြင်သားပဲ၊ ဘိုးတော်မင်းအတွက်လို့တော့ ရည်စူးပြီး ပုလင်းချင်းမတိုက်ပါဘူး။ ဟေး... လို့ သံပြိုင်အော်ပြီး တစ်ယောက်တစ်ပုလင်းကိုင်ပြီး တန်းမော့ကြတာပဲ။ ကောင်းလိုက်တဲ့ အရက်၊ မင်းဝံတောင်တန်းကြီးလည်း အလျားလိုက် ဟိုဘက်စောင်းလိုက်၊ ဒီဘက်စောင်းလိုက်၊ နေကလည်း တောင်ရိုးဟိုဘက် ကျော်ဆင်းသွားပြီ၊ မြစ်ထဲက လှေတွေကလည်း ယိမ်းထိုးလို့၊ ခင်ဗျားပြောသလို မြင်ကွင်းကတော့ ဘလား (BLUR) ပဲ၊ အဲဒီအရက်ဗျာ.... ဘယ်တော့မှ မမေ့ဘူး။ ဘဝမှာ အမှတ်ရဆုံးပဲ။ ရန်ကုန်ကနေ ပြန်ပြီးကို လာသောက်တာ။

            ဟေ့လူ၊ ပထမဆုံး ရှိုးပွဲကရတဲ့ ပိုက်ဆံတော့ မဟုတ်ဘူးနော်။ ပထမဆုံးရတဲ့ ပိုက်ဆံက အမေအဖေကို အကုန်ကန်တော့ပြီးပြီ။ အဆိုတော် ဖြစ်ခါစဗျာ၊ ဒုတိယပွဲပိုက်ဆံလား၊ တတိယပွဲက ရတာလားတော့ မမှတ်မိတော့ဘူး။ အဲဒီအရက်သည်သာ 'ဃဃ' ဘဝမှာ အမှတ်ရဆုံးပါဗျာ။

            မျက်မှန်ကို ပင့်တင်ရင်း စကားကို လက်စသတ်လိုက်တယ်။ ပြီးတော့ အရက်တစ်ခွက် သောက်လိုက်တယ်။ ဂျနဂျိုတစ်ဖတ်ကို ပါးစပ်ထဲထည့်ပြီး ပြုံးလိုက်တယ်။

            ကို ဃ ရယ်၊ ကိုဘရယ် ကျောင်းဆရာအိမ်ပေါ် ခဏရောက်နေရင်းက ပြင်းတာ 'ကိုဘရာ' သောက်မလားဆိုတော့ လုပ်လေဆိုပြီး ကိုဘ အရက်သွားဝယ်တယ်။ ကျောင်းဆရာကတော့ အောက်စီဂျင်ရယ် ကိုယ်တိုင်လည်း မီးလောင်တယ်၊ မီးလောင်ခြင်းကိုလည်း အားပေးတယ်။ တစ်ခွက်လောက် ဝင်သောက်ပြီး မြောက်ထိုးပင့်ကော်လုပ်တာပဲ။ အဲဒါကြောင့်လည်း ဃ ကြီး နန်းတော်ကျွန်း ပြန်ရောက်သွားရတာ။ ကိုင်း...ကို ဃ အရင်ပြောဗျာ၊ ခင်ဗျားဘဝမှာ အမှတ်မိဆုံး အရက်က ဘယ်အရက်လည်းဆိုလို့ ကို ဃရဲ့ နန်းတော်ကျွန်းရွာထိပ်က လက်ပံပင်ကြီး ဇာတ်လမ်းထဲ ပါလာရတာ။

            ကို ဃ ကို ခင်ဗျားနဲ့ မိတ်ဆက်ပေးရဦးမယ်။ ငယ်နာမည်က 'အာဂ' သူပြောတာပါ။ ဆိုးလွန်းလို့ မင်းကတော့ အာဂကောင်ပဲကွာလို့ လူကြီးတွေ ပြောရာကနေ 'အာဂ' 'အာဂ' ကနေ '' '' ကနေ '' အသံတော့ ဒီလိုထွက်ရမယ် ထင်တယ်။ 'ဂကြီး' လို့ ရော့ခ်ခေတ်ဦးတုန်းက စင်ပေါ်မှာ ဒေါက်တာမာတင် ဖိနပ်စီးထားတဲ့ ဘယ်ဘက်ခြေကို မော်နီတာ ဆောင်းဘောက်စ်ပေါ်တင်၊ ညာဘက်လက်က မိုက်ကိုင်ပြီး ဘယ်ဘက်လက်က ရွှေမန်းတင်မောင်ဖြန့်သလိုဖြန့်၊ ဆံပင်ကြီး ဖားလျားချပြီး 'ကိုယ်တကယ် ရောက်လာမယ် အချစ်ရဲ့ ရှေ့အိမ်ဦး' လို့ ဆိုလိုက်တာနဲ့ အောက်ကလူတွေ ထွန့်ထွန့်လူးနေတော့တာ၊ အဲဒီ ကိုဃ ပဲ သူငယ်ချင်းတွေအပေါ် ဘယ်သူ့မဆို  ဖြူဖြူစင်စင် စိတ်ထားတစ်သဘောတည်း ထားနိုင်တာ တစ်ယောက်တည်းရှိတာ၊ အဲဒါ ကိုဃပဲ။ ဂျာနယ်တွေက 'နန်းမြို့ရိုးထဲက ရော့ခ်သူရဲ ကောင်း' လို့ ပလီပလာတွေ ညွှန်းညွှန်းနေလည်း သူ့ဘာသာ သူရိုးရိုးနေတာလည်း အဲဒီ ကို ဃ ပဲ။ ဂကြီးရဲ့ ဂကြီးတို့ ဂြိုဟ်သားတစ်ယောက်ရဲ့ မျက်ရည်တို့၊ မနက်မနက် ထီသည်တွေ ကက်ဆက် ဆောင်းဘောက်ထဲက ထွက်ထွက်လာတဲ့ သူ ခေါ်ရင်လာပါလာပါတို့ အဲဒါတွေ ကို ဃ ပဲ။ အဲဒါတွေ ကိုဃပဲ၊ အများကြီး ရှိသေးတယ်။

            ကိုဘကတော့ ကိုဘပဲ၊ ဂီတဂျာနယ်တစ်အုပ်မှာ အယ်ဒီတာလုပ်တယ်။ တစ်ယောက်တည်း နာမည်ခုနှစ်မျိုးနဲ့ ပလီပလာ မေးခွန်းတွေနဲ့ ကိုဘတို့ ကိုဘနဲ့ အမှတ်တရများတို့ ထွင်ထွင်နေတာ သူပေါ့။ သူ့ကြောင့် အဆိုတော်တွေလည်း မိုင်းတွေ နင်းရပေါင်းများပြီ။ ကိုယ့်အထုတ်တွေ ဖြေရပေါင်း လည်းများပြီ။ အကြောက်ဆုံး မီးပွိုင့်က ဘယ်မီးပွိုင့်ဆိုတာလည်း လူတွေ သိကုန်ပြီ။ ဘကြီးထားရစ်ခဲ့တဲ့ လေဒီယိုနဲ့လည်း ဓာတ်ပုံတွေ မြင်ကြရပြီ။ ဆရာ့သီချင်း လက်ရေးစာမူလည်း ထုတ်ပြပြီးပြီ။ မတီးတတ်တဲ့ တယောကြီးနဲ့လည်း ဓာတ်ပုံရိုက်ပြီးပြီ။ ဦးထုပ်နောက် ပြန်ဆောင်းပြီး ဘတ်စကက် ဘောလုံးနဲ့လည်း ဖော်ပြပြီးပြီ။ အိမ်က ခွေးလေးတွေလည်း ဂျာနယ်စာမျက်နှာပေါ် ရောက်သွားပြီ။ နိုင်ငံခြားက အစ်မ ပို့လိုက်တဲ့ အင်္ကျီနဲ့ ဘောင်းဘီလည်း ထုတ်ကြွားပြီးပြီ။ စကားလုံးများနဲ့ ကိုဘဆို တော့လည်း မိန်းမ၊ ငွေကြေး၊ ဒုက္ခ၊ အချစ်၊ ကောင်းကင်၊ လက်ဆောင်၊ တိမ်တောင်၊ ဒေါသ၊ အားလုံးနောက်ကနေ ကွက်လပ်တွေ ဖြည့်ကြရပြီပေါ့။ အဲဒါတွေ ကိုဘပဲ ဆိုတာတွေ အများကြီးရှိသေး တယ်။ အဲဒီ ကိုဘက မတ်တတ်ရပ်ပြီး အရက်ခွက်ကို မော့မယ်ကြံတုန်းမှာ ကျောင်းဆရာက စတယ်။ ကဲ... ကိုဘ ခင်ဗျားအလှည့် ပြောဗျာ။ ဘယ်အရက်ကို အကြိုက်ဆုံးလဲ။ ကိုဃ ကလည်း သွားကြီးဖြဲရင်းနဲ့ ဟုတ်တယ် ကိုဘ ပြောပြော၊ ခင်ဗျား ဘယ်အရက်ကို အကြိုက်ဆုံးလဲ။ ကိုဘက အရက်သမားတွေ အကြောင်း ရေးတဲ့ဝတ္ထုတွေထဲက အရေးအသားကို သရုပ်ဖော်လိုက်တယ်။ လျှာဖျားလေးနဲ့ သူ့ နှုတ်ခမ်းကို သတ်တယ်။ ပြီးတော့ လက်ဖမိုးနဲ့ သုတ်တယ်။ ကိုဃနဲ့ ကျောင်းဆရာကို ကြည့်လိုက်တယ်။

            ကျွန်တော် မနှစ်က မိတ္ထီလာ ပြန်သွားတာ မှတ်မိတယ်။ မဟုတ်လား။ ကျောင်းဆရာက တရား ထောက်...           

            'အေးလေ၊ ဦးလေး နေမကောင်းလို့ဆိုပြီး ကြာနေတာ'

            အေး...အဲဒီဦးလေးပဲ နေမကောင်းတာ မဟုတ်ဘူး၊ စိတ်နောက်သွားတာဗျ။ အစကတော့ ယဉ်ယဉ်လေးရယ်။ နောက်ကျတော့ ဖောက်ဖောက်လာတာ ပြင်းလာတယ်။ အဲ ကျုပ်ပြန်ရောက် သွားတုန်း ဆွေမျိုးတစ်စုက မြန်မာဆရာနဲ့ ကုမယ်လုပ်ကြတယ်။ နွားထိုးကြီးနား ရွာတစ်ရွာက ဘုန်းကြီးက ဒါမျိုးတွေ စွမ်းတယ်ကြားထားတာကိုး။ အဖော်လိုက်မယ့်သူ မရှိဘူး။ လိုက်ရရင်လည်း ကျုပ်တို့ ညီအစ်ကိုတွေထဲက တစ်ယောက်ယောက်ပေါ့။ ဦးလေးက လူပျိုကြီး၊ ပင်စင်စား။ ငယ်က တည်းက ကျုပ်တို့နဲ့နေတာ။ ကျေးဇူးရှင်ပါပဲ၊ အဖေဆိုလည်း ဟုတ်ပါတယ်။ သူ့ လက်ပေါ်ပဲ ကျုပ်တို့ကြီးလာတာ။ ရသမျှ သူ့အစ်မ ကျုပ်အမေ အကုန်အပ်တာပဲ။ ဘာမှမလုပ်ဘူး။ ပင်စင်စားတော့ အိမ်မှာ ပက်လက်ကုလားထိုင်ပေါ် တစ်နေ့တစ်နေ့ ထိုင်နေရင်း ရူးသွားတာပဲ။

            ကျုပ်က ဖြစ်စေချင်တာ မိန်းမလိုက်စားမယ်ဆိုလည်းလုပ်၊ အရက်သောက်မယ်ဆိုလည်း လုပ်၊ ဒါမှမဟုတ် ဘိလိယက်ထိုးဗျာ၊ လက်ဖက်ရည်ဆိုင်ဗျာ၊ နောက်ဆုံး စာအုပ်လေးဘာလေး ဖတ်ဆိုလည်း တော်သေး။ အဲဒီလို ဘာမှမလုပ်လို့ကို ရူးသွားတာပဲ။ ခုကတော့ စုံနေပါပြီ။ အဲဒီဘုန်းကြီးကျောင်း ပို့ချင်ကြတာပဲ။ နောက်ဆုံးတော့ ကျုပ်ပဲ အဖော်လိုက်တယ်။ အားလည်းအားနေပါတယ်။ စိတ်ကလည်း ပါတယ်။ ဒီဦးလေးက ကျုပ်ကိုလည်း အချစ်ဆုံးဆိုတော့ ကိုဘနဲ့ အရူးပေါ့ဗျာ။

            အဲဒီမှာ ကိုဃ ဖြတ်အော်တယ်။ ဟေ့လူ၊ ခင်ဗျားဂျာနယ်မှာတော့ အရူးကွက်များနဲ့ ကိုဃဆိုပြီး ကျုပ်တို့တော့ မေးခွန်းတွေ မဖြည့်ခိုင်းနဲ့ဦးနော်။ ဟုတ်တယ်လေ။ ကိုဃက အဆိုတော်ဆိုတော့ ကိုယ့်ဒုက္ခရောက်ရမှာကို ကာကွယ်တာပေါ့။ ကိုဘ ကလည်း စိတ်မချရဘူး။ ဇော်ဝင်းထွဋ်၊ လေးဖြူက အစ အနဂ္ဂ၊ စိုင်းစိုင်းခမ်းလှိုင်အဆုံး ကျွန်တော်ခဏရူးခဲ့စဉ်ကဆို ကိုဃ ပါ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ပြောမိကြတာ။ ကိုဘ အရက်ကို ထပ်ငှဲ့နေရင်း ကျောင်းဆရာကို မေးဆတ်ပြတယ်။ ကဲ... ခင်ဗျား အမှတ်ရဆုံးအရက် ပြောတော့ဗျာ။ ခင်ဗျား စတာ။ ကိုဃက စကားနဲ့ မပြောဘူး၊ ဘယ်ဘက်လက်ကြီး ဖြန့်ပြီး ရွှေမန်းတင်မောင်လို ကျောင်းဆရာဘက် ဝေ့ပြလိုက်တယ်။

            အဲ... ခင်ဗျားကို ကျောင်းဆရာနဲ့ မိတ်ဆက် မပေးရသေးဘူး၊ နောက်ကြုံတော့မှ မိတ်ဆက်ပေးတော့မယ်၊ ကိုယ်တိုင်လည်းလောင်၊ သူများလောင်တာတည်း အားပေးတဲ့ အောက်စီဂျင်လို့သာ ခဏမှတ်ထား လိုက်ပေတော့။ ဘဝမှာ ဘယ်အရက်ကို အမှတ်ရဆုံးလဲလို့ စခေါင်းစဉ်တပ်တဲ့ ကျောင်းဆရာ ဘာပြောတယ်မှတ်လဲ။

            စပ်ဖြီးစပ်ဖြီးနဲ့ သွားလေး ဖြဲပြီး ပြောတာပါ။ ကျွန်တော့်ဘဝမှာ အမှတ်အရဆုံး အရက်က ဟော.... အခု ခင်ဗျားတို့နှစ်ယောက်နဲ့ သောက်နေတဲ့ အရက်လောက် အမှတ်ရစရာကောင်းတာ မရှိတဲ့။ ကိုဃ နဲ့ ကိုဘ ဘာသံမှ ထွက်မလာတော့ဘူး။ ကဲ...ခင်ဗျားရော ဘဝမှာ ဘယ်အရက်ကို အမှတ်ရဆုံးလဲ။ သောက်ရမယ်ဆိုရင် ကိုဃကို သောက်မှာလား။ ကိုဘကို သောက်မှာလား။ ကျောင်းဆရာကို သောက်မှာလား။

မျိုးငြိမ်းဆွေ

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်