မိချမ်းဝေ
မွေဖွားခြင်းနဲ့ သေဆုံးခြင်းကြားက အရာကို ဘဝခရီးရှည်ကြီးလို့ သတ်မှတ်မယ်ဆိုရင် ကျူပ်ဟာ ဘဝမိုင်တိုင်များစွာကို ဖြတ်သန်းပြီးသူတစ်ယောက် ဖြစ်ပါတယ်။
အလုပ်က ပင်စင်ယူပြီး ပထမဦးဆုံး
ဖြစ်ပေါ်လာတဲ့ ချင်ခြင်းအာလျကတော့ ကျုပ်ရဲ့ဇာတိမြေကို တစ်ခေါက် တကျင်း
ပြန်ရောက်ချင်တဲ့ကိစ္စပါပဲ။
လူတွေမှာ ဇာတိစွဲ၊ ဒေသစွဲတွေ
ရှိကြတယ်။ အညာစွဲ၊ မန္တလေးစွဲ စသည်ဖြင့်ပေါ့။ ကဗျာဆရာကြီး တစ်ယောက်ကတော့
ဒေသစွဲဆိုတာ စွဲနိုင်လောက်တဲ့ ဂုဏ်အင်တွေရှိလို့ စွဲတာတဲ့။ ဟုတ်ပါ့။ ဒီစကားကို ကျုပ်လည်း ထောက်ခံတယ်ဗျို့။
ကျုပ်လည်း ကိုယ့်ဒေသကို စွဲသူကိုးဗျာ။
ကမ်းရိုးတန်းမြို့ကလေးရဲ့ သမိုင်းဖြတ်သန်းမှု၊
မြို့တည်နေပုံ အနေအထား၊ ရိုးရာ ဓလေ့ထုံးတမ်း၊ နေ့စဉ်စားသောက်နေထိုင်မှု၊
စကားအသုံးအနှုန်း ဒါတွေအားလုံး ကျုပ်ရဲ့ အသွေးအသားထဲမှာ စူးနစ်စွာ ဖွဲ့တည်နေတာဟာ
ကျုပ်ရဲ့နောက်ဆုံးထွက်သက်တိုင်အောင်ပါပဲ။
တကယ်တော့ အနှစ်သုံးဆယ်ဆိုတဲ့ ကာလဟာ
ဖျိုးခနဲဖျတ်ခနဲ လေပွေသရမ်း ပွေ့ငင်သွားတဲ့ ရော်ရွက်ဝါကလေးတစ်ရွက်လိုပါပဲ။
နိုင်ငံ့ဝန်ထမ်းဘဝနဲ့ ဇာတိမြေကို စွန့်ခွာပြီး မြန်မာပြည်အရပ်ရပ်က တိုင်းတွေ၊
ပြည်နယ်တွေအနှံ့ ရွှေ့ပြောင်းနေထိုင်ခဲ့ပေမယ့် ဘယ်ဒေသမှာမှ နေစိမ့်ပျော်ဝင်ခြင်း
မရှိခဲ့ပါဘူး။
ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ၊
နောက်ဆုံး အခြေချတာကတော့ ရန်ကုန်ပါပဲ။ မိန်းမရဲ့ ဆန္ဒ၊ သားသမီးတွေရဲ့
ရှေ့ရေးတိုးတက်ရေးအတွက်က ရန်ကုန်ဟာ အသင့်တော်ဆုံး မဟုတ်လား။ တချို့က အသက်ကြီးလာရင်
ဇာတိမြေမှာ ပြန်လည်ခေါင်းချချင်တဲ့ ဆန္ဒတွေရှိကြပေမယ့် ကျုပ်ကတော့ အဲဒီလောက်
စိတ်အလိုလိုက်မယ့်သူတော့ မဟုတ်ပေဘူး။ ခုနေများ ကျုပ်ရဲ့ဇာတိ ကမ်းရိုးတန်း မြို့ကလေးမှာ
ပြန်ပြီး အခြေချမယ်လို့ အိမ်မှာပြောကြည့်ပါလား။ အဲဒီဆန္ဒမဲက ကျုပ် တစ်မဲတည်း
ဖြစ်နေမှာ သေချာပါတယ်။
ဒါကလည်း သဘာဝကျပါတယ်လေ။ ကျုပ်မိန်းမက
ရန်ကုန်နဲ့ မနီးမဝေးမြို့ကလေးကဆိုတော့ သူ့ဇာတိမြေနဲ့နီးတဲ့ ရန်ကုန်မှာ
နေချင်တယ်ဆိုတာ အပြစ်ပြောစရာတော့ မဟုတ်ဘူးပေါ့။ ကျုပ်သာ
ကမ်းရိုးတန်းမြို့ကလေးသူနဲ့ အိမ်ထောင်ကျမယ်ဆိုရင် အခြေအနေက တစ်မျိုးတစ်ဖုံ
ဖြစ်လာနိုင်တာပေါ့။ နောက်တစ်ချက် ကျုပ်စိတ်လျှော့လိုက်တာက ဇာတိမြေမှာ ကျုပ်ရဲ့
ဆွေမျိုးသားချင်းတွေ ပြောပလောက်အောင် မကျန်တော့ဘူးဆိုတဲ့ ကိစ္စပါပဲ။
ဆွေမျိုးမပြောနဲ့၊
ပေါင်းကောင်းသင်းကောင်းတောင် ဘယ်မှာကျန်တော့လို့လဲ။ ပင်လယ်ကြမ်းပြင်အောက်က ငါးသေး
ငါးမွှားတွေရော၊ ငါးလတ်ငါးကြီးတွေရော၊ တရွတ်ဆွဲပိုက်နဲ့ အဆွဲခံရသလို
ကြမ္မာလက်မည်းကြီးရဲ့ ကြမ်းတမ်းရက်စက်အဓမ္မဆွဲငင်မှုအောက်မှာ ပြိုလဲကွဲကြေ
ပျောက်ဆုံးကုန်သူတွေ မရေမတွက်နိုင်အောင်ပါပဲ။
ဒါပေမယ့် မြို့ကလေးပေါ်မှာတော့
အလွမ်းခြေရာတွေ တင်းကြမ်းပြည့် ကျန်ရစ်ခဲ့မှာတော့ သေချာပါတယ်။ ကျုပ်
အဲဒီအလွမ်းခြေရာတွေကို အမှတ်တရ ပြန်ကြည့်ချင်တယ်။ ပြန်မရတော့တဲ့ အတိတ်ကို
တူးဖော်တယ်လို့ပြောပြော၊ မကြီးမငယ်နဲ့ သူငယ်ပြန်တယ်လို့ ဆိုဆို ဇာတိမြေ
အပြန်ခရီးကိုတော့ အမြန်ဆုံး အကောင်အထည်ဖော်ဖြစ်တော့တယ်။
□
ဒီအချိန်ဆို ပုန်းညက်တောင်ပေါ်မှာ
ကံ့ကော်ပွင့်တွေ မြိုင်မြိုင်ဝေပါပေါ့။ မကြာခင် သင်္ကြန်ကျတော့မှာလေ။ အတာကျူးလို့
နှစ်သစ်ကူးခါနီးမှာ ကျုပ်ရဲ့စိတ်တွေဟာ ဆုပ်ကိုင်ဖက်တွယ်ခြင်း မပြုနိုင်တဲ့
အာရုံတစ်ခုကို ရှာဖွေနေမိတယ်။ ကျုပ်တို့ ငယ်စဉ်က မကြာခဏ ကျောင်းပြေးပြီး
အရောက်လာလေ့ရှိတဲ့ ဟောဒီတောကျောင်းတော်ခေါ် ပုန်းညက်တောင်ဟာ အနှစ်သုံးဆယ်
ဖြတ်သန်းမှုအောက်မှာ အပြောင်းအလဲတွေ မြိုင်ဆိုင် လင်းပွင့်လှပါလား။ မှိုင်းညို့ အုပ်ဆိုင်းနေတဲ့
အပင်ကြီး အပင်ကောင်းတွေနေရာမှာ အဆောက်အအုံသစ်၊ ဘုရားရုပ်ပွားတော် အသစ်တွေနဲ့ သာသနာ
စည်ပင်လာမှုကိုတော့ နှစ်ထောင်းအားရမိတာ အမှန်ပါ။
မြို့ကွက်တွေ ကျယ်လာတယ်။ စီးပွားရေး
ကုန်သွယ်မှု လမ်းကြောင်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာလို့ အလုပ်ရုံ၊ စက်ရုံသစ်တွေ
ပေါ်လာတယ်။ လူတွေကရော လူဟောင်းတွေနေရာမှာ လူသစ်တွေ အစားထိုးလာမှု အပေါ်မှာတော့
တရားမရှိဘူးပဲ ပြောပြာ၊ အဲဒီ သင်္ခါရဆိုတဲ့ အရာကြီးကို နည်းနည်းတော့
ငြိုငြင်ချင်လာတယ်။
တစ်ချိန်က ထွန်းတောက်ခဲ့တဲ့
ကျုပ်တို့မြို့မှာ စာပေကြယ်ပွင့်တွေ တဖြုတ်ဖြုတ် ကြွေကုန်ကြပုံများ...
ရွှေမြိတ်မောင်ဆိုတဲ့ ဦးထွန်းကြိုင်၊ 'သူ' ဆိုတဲ့
ခင်မောင်ဦး၊ မြိတ်ရင်သွေးဆိုတဲ့ ဦးအောင်ကြွယ်၊ ဦးစိုးမြင့် (ပုလဲ) ဆိုတဲ့
ကျောက်ဆည် စိုးမြင့်၊ သုတေသီဆိုတဲ့ ဦးသန်းမောင်စိန်၊ ရဲခေါင်ဦးဆိုတဲ့ ဦးသိန်းရွှေ၊
ရွှေကလောင် ဆိုတဲ့ ရှေ့နေကြီး ဦးသောင်းစိန်၊ တစ်ချိန်က ကျုပ်တို့ရဲ့ အစ်ကိုကြီး အနောင်ကြီးတို့ရဲ့ စာပေလှုပ်ရှားမှု
ပုံရိပ်တွေ။ ဒီတုန်းက ကျုပ်ဟာ မြို့ကလေးမှာ တိုးတက်တဲ့ အစ်ကိုတွေ၊ အနောင်တွေ
ကြားမှာ တက်ကြွတဲ့ လူငယ်လေးတစ်ယောက်ပေါ့။
သူတို့တစ်တွေဟာ မြို့ကလေးမှာ
စာပေမျိုးစေ့ကို ချခဲ့ကြတယ်။ သူတို့ ပျိုးထောင်ခဲ့တဲ့ စာပေပျိုးခင်းကနေ
ပွင့်လင်းရှင်သန်ခဲ့တဲ့ အဖူးအပွင့်တွေဟာ ရေတွက်မနိုင်အောင်ပါဘဲ။ အထင်ကရ မှတ်တိုင်
မြိတ်မဂ္ဂဇင်းကပင် ငွေရတုတိုင်ခဲ့ပြီ ဆိုပါလား။ စာပေယဉ်ကျေးမှုအမွေကို
ဆင့်ကမ်းသယ်ဆောင်နေတဲ့ မျိုးဆက်သစ်တွေကို ငဲ့စောင်းကြည့်လိုက်တဲ့အခါ ရေစကြို မိုးလွင်၊
မောင်သန့်ဇင် (ရွှေလွင်မြေ)၊ မောင်ပြေချမ်း (မြိတ်) မောင်ကန့်လန့်၊ သင်းစည် (ဥပဒေ)
ဒေါင်းနီ၊ နရီ မြိတ်၊ ပိုင်၊ ဝေးအိမ်၊ အမျိုးသမီးထဲက ခင်လေးရီ၊ ခင်ထွေးရီ၊
ခင်မင်းရည်၊ ရိန္ဓ၊ အို... အများကြီး အများကြီး... ကျုပ်အာရုံထဲ မပေါ်တာတွေ
ရေတွက်မနိုင်အောင် ရှိသေးတယ်။
တစ်ခါတုန်းက ဆရာကြီး တက္ကသိုလ်
ဘုန်းနိုင်က ကျုပ်တို့ မြို့ကလေးကို 'သူ တစ်ပါးနိုင်ငံက
မဖွယ်ရာတဲ့ အစဉ်အလာဓလေ့ဆိုးတွေ ကူးစက်မလာအောင် မိမိမှာရှိတဲ့ ယဉ်ကျေးမှု ဓလေ့ထုံး
တမ်းတွေနဲ့ ကျားကန်ထားတဲ့မြို့' လို့ တင်စားပြောဆိုတာ
ကြားရတော့ ကျုပ်မှာ ဂုဏ်ယူဝင့်ကြွားမှုတွေ တံ့ဆည် မထားနိုင်ခဲ့ဘူး။ ဒီအထဲမှာ
စာပေလှုပ်ရှားမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာပေါ့။
ပြီးတော့ ဟိုတုန်းက သင်္ကြန်ကိုလည်း
မျက်စိထဲ မြင်ယောင်ပေသေးရဲ့။ ဒီကနေ့ လူလတ်ပိုင်းကို ရောက်နေပြီဖြစ်တဲ့ လူတွေဟာ
ဟိုတုန်းက အစွမ်းကုန်ပွင့်ဖို့ အားယူနေတဲ့ လူငယ်လေးတွေပေါ့။ ကိုမြင့်အောင်ရဲ့ 'ဧဝံမေသုတံ'
အဖွဲ့။ ကိုခင်မောင်လတ်ရဲ့ 'အားလုံးကို
ကျော်ဖြတ်ရမည်'၊ ကိုစိုးဝင်းရဲ့ 'အညာသားလေး'။ အကအလှ၊ သံချပ်သံတွေ မြိုင်နေတဲ့ မြိတ်သင်္ကြန်ဟာ လွမ်းမောဖွယ်
တောင်ပံတွေ တဖျတ်ဖျတ် ယမ်းခါလို့ ဆယ်စုနှစ်များစွာကို ဖြတ်သန်းခဲ့တာ အသေအချာပါပဲ။
ကျုပ်မှာ စာပေပိုးရှိပေမယ့်
သင်္ကြန်ပိုး မရှိလေတော့ ကျုပ်ညီတော်တွေရဲ့ ဘယ်သင်္ကြန်အဖွဲ့နဲ့မှ
ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျုပ်ပါဝင်ပတ် သက်ခဲ့တဲ့ ညွတ်နူးမှု
အာရုံတစ်ခုကိုတော့ ကျုပ်ရဲ့ နှလုံးအိမ်မှာ သေတစ်ပန်သက်တဆုံး ကမ္ပည်းတင်ထားတယ်ဆိုတာ
ကလေးကိုတော့ လက်တို့ပြီး ပြောခဲ့ပါရစေ။
ကျုပ် အခု အဲဒီညွတ်နူးမှု
အာရုံကလေးကို ဟောဒီ ပုန်းညက်တောင်ပေါ်ကနေ ဖွေရှာနေလေရဲ့။ အရှေ့ဆီမှာလား၊
အနောက်ဆီမှာလား၊ တောင်မြောက် ဝဲယာဆီမှာလား။ မြို့ကလေးရဲ့ ဘယ်နားဆီ လောက်မှာ
ကျုပ်ရဲ့ ညွတ်နူးမှု အာရုံကလေး ရောက်ရှိနေမယ်ဆိုတာ သူ၊ ငါ၊ သင်၊ ခင်ဗျားတို့
အားလုံး ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါလားဗျာ။
အဲဒါကတော့ 'ဒေါင်
ဒေါင်းနီချိန်း နောင်း' ဆိုတဲ့ အသံပါ။
□
နွားသားရေဖြင့် ကြက်ထားတဲ့
တေလဂူဗုံဝိုင်းပေါ်ကို ကြိမ်နဲ့ရိုက်လို့ ထွက်ပေါ်လာတဲ့ ဒေါင်း-ဒေါင်း ဆိုတဲ့ အသံ
(နီ) ဆိုတာက ဗုံရိုက်ပြီး ကြိမ်ကျသံ၊ တစ်နည်းအားဖြင့် ကြိမ်လုံးဟာ ဗုံသား
ရေပြားနှင့် ထိတွေ့ကာ ခေတ္တငြိမ်သွားတဲ့ အသံ၊ ချိန်ခနဲ မြည်သွားတာကတော့ ကြေးလင်းကွင်းကို
ရိုက်ရာမှာ ထွက်ပေါ်လာတဲ့ အသံဖြစ်ပြီး နောင်ဆိုတာကတော့ ကြေးမောင်းဘုကို ထုပြီး
အဆုံးသတ် ထွက်ပေါ်လာတဲ့ အသံပဲ ဖြစ်တယ်။
ဒီအသံဟာ ကျုပ်တို့ မြို့ကလေးမှာ
သင်္ကြန်ချိန်ခါ နီးတိုင်း မဆုတ်မဆိုင်း ရောက်ရှိလာတဲ့ ကျားကပွဲ ဗုံသံတွေပါပဲ။
အသွေးအသားထဲက ဆူပွက်ရုန်းကြွလာတဲ့ သိမှုအာရုံတစ်ခုဟာ ဒေါင်းဒေါင်း
နီချိန်းနောင်းအသံနှင့်အတူ ရိုးရာအစဉ်အလာတစ်ရပ်ကို ဆင့်ကမ်းသယ်ဆောင်ဖို့
နိုးထလာကြတယ်။
မျိုးရိုးအလိုက်ကရ ခြင်းဖြစ်စေ၊
အကိုးကြောင့်က ရခြင်းဖြစ်စေ၊ ဝမ်းနည်းကြေကွဲ၍ ကရခြင်းဖြစ်စေ၊ ပျော်ရွှင်၍
ကရခြင်းဖြစ်စေ၊ ဝမ်းနည်းကြေကွဲ၍ ကရခြင်း ဖြစ်စေ၊ ပျော်ရွှင်၍ ကရခြင်း ဖြစ်စေ၊
ကျားကပွဲ ဗုံသံတွေဟာ မြို့ကလေးရဲ့ ရစ်သမ်တွေပါပဲ။ ဒီအချိန် ရောက်တိုင်း ကျားဆက်ပါ
သူတွေဟာ တစ်နှစ်တစ်ကြိမ် ကျားက ပေးကြရတယ်။ တစ်နှစ်တစ်ကြိမ်မက ပေးပါက
ကျားစိတ်ပေါက်ပြီး တောထဲဝင်ပြေး သေဆုံးကြရတယ်ဆိုတဲ့ အယူအဆကလည်း မြို့သူမြို့သားတွေရဲ့
နှလုံးဘဝင်မှာ ပန္နက်တင်ပြီးသား စွဲလမ်းမှုတစ်ခုပဲ ဆိုပါတော့။
ကျုပ်ဟာ ဒီမြို့သားတစ်ယောက်ပဲပေမို့
ကျားဆက်ပါသူမဟုတ်ဘဲ ဒီအချိန်ရောက်လာရင် ထူးခြားစွာပဲ မရိုးမရွစိတ်တွေ
ဖြစ်ပေါ်လာတော့တယ်။ ဒါဟာလည်း ကျုပ်ရဲ့ ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့တဲ့ ပန်းချီရေးဆွဲခြင်း
အတတ်ပညာနဲ့ ဆိုင်မယ်ထင်တယ်။ အခြားသူတွေနဲ့ အတန်ငယ် ကွဲလွဲတာကတော့ ကျုပ်ဆွဲတဲ့
ပန်းချီဆေးရေးတွေဟာ စက္ကူပေါ်မှာ၊ ကင်းဘတ်စပေါ်မှာ မဟုတ်ဘဲ လူရဲ့ အရေပြားပေါ်မှာ
ရေးဆွဲရခြင်းပါပဲ။
သုံးတဲ့ဆေးတွေက ဆေးဒန်းနဲ့
တရုတ်မင်တောင့်တွေကို အသုံးများပါတယ်။ ကျား ကတော့မယ့်လူဟာ ရေချိုးသန့်စင်ပြီးရင်
အပေါ်ပိုင်း အဝတ်ဗလာနဲ့ ခါးတောင်း မြိုင်အောင်ကျိုက်ပြီး ကျုပ်ရှေ့ကို
ရောက်လာရတာပေါ့။ ဦးခေါင်းမှာတော့ ပိတ်ဖြူပဝါကို တင်းတင်းချည်လို့။ ပထမဦးဆုံး
ဆေးဒန်းတွေ တစ်ကိုယ်လုံး မျက်နှာမှ ခြေဖျားအထိ နှံ့စပ်အောင် လိမ်းရတယ်။ ပြီးရင် တရုတ်မင်ဆေးတွေ
သွေးဖျော်ထားတဲ့ ဆေးတွေနဲ့ ဦးခေါင်းမှစပြီး ခြယ်ပါတော့တယ်။ ဆေးဝါတင်ပြီး
ခေါင်းဆောင်းအစွပ်ပေါ်မှာ ထိပ်တည့်တည့် ဦးခေါင်းထိပ်ပြည့် ပန်းပွင့်အမည်း
တစ်ပွင့်ဆွဲပါမယ်။ ဒီပန်းပွင့်ဟာ စကြာပန်းနဲ့ ဆင်ဆင်တူမယ် ထင်တယ်။ အလယ်မှာ
ဝတ်ဆံပါပြီး ပွင့်ဖတ်တွေ ဘေးကို ကားထွက်သွားတဲ့ ပန်းပွင့်မျိုးပါ။ အဝါခံမှာ
အနက်ပွင့်ကြီး ပေါ်လာတဲ့အခါ ပန်းပွင့်အနားတွေကို အဖြူကြောင်းကလေးတွေ ကွပ်ပါ့မယ်။
လူရဲ့ မျက်နှာနဖူးစည်းမှာတော့ အမည်းတစ်လိုင်း၊ အဖြူတစ်လိုင်း ဆွဲပါ့မယ်။ ပြီးရင်
အဖြူလိုင်းပေါ် အနီစက်ကလေးတွေ ကြဲကြဲတင် သွားမယ်။
ဦးခေါင်းပြီးရင် လက်မောင်းလက်ဖျံ
အလှည့်ပေါ့။ လူရဲ့ပခုံးနှစ်ဖက်ထိပ်မှာ
အမည်းရောင် ပန်းတစ်ပွင့်စီ ဆွဲပြီး အဖြူလိုင်း ကွပ်မယ်။ ကျားကမယ့်သူဟာ ဗလကြီး
ရင်ကြီးသလောက် ပခုံးနှစ် ဖက်ထိပ်မှာ ပန်းပွင့်မည်း ကြီးနှစ်ပွင့် ထင်းထင်းကြီး ပေါ်နေမယ်။
အဲဒီကနေ သရက်ရွက် ပုံသဏ္ဌာန် အရွက်နှစ်ရွက်ကိုတော့ ဆေးမည်းနဲ့ လက်မောင်းရဲ့
အရှေ့အနောက် တစ်စုံစီ တံတောင်ဆစ်အထိ ဆွဲချသွားမယ်။ အရှေ့အနောက် သရက်ရွက်
နှစ်ရွက်ဆုံချက် တံတောင်ဆစ်နေရာမှာ ပန်းတစ်ပွင့်။ ဒီလိုပဲ လက်ဖျံနှစ်ချောင်းမှာ
အပေါ်အောက် သရက်ရွက် နှစ်ရွက်၊ လက်ခုံပေါ်မှာ ပန်းတစ်ပွင့်၊ အပွင့်တွေအရွက်တွေက
ထုံးစံအတိုင်း အနက်မှာ အဖြူကွပ်ကြောင်း ကလေးတွေ ပါမယ်။
ဦးခေါင်းရယ်၊
လက်မောင်းလက်ဖျံရယ်ပြီးတဲ့အခါ ရင်ဘတ်ကို ဆက်ဆွဲမယ်။ လည်ပင်းနေရာမှာ ပထမဆုံးဆွဲမှာက
ဘယက်ရင်ခံပြား ကလေးပါပဲ။ ရင်ဘတ်မှာတော့ ဆေးနီပဲ သုံးတာများပြီး ထုံးစံအတိုင်း
အဖြူလိုင်း ကွပ်မယ်ပေါ့။ အဲဒီ ဘယက်ကြီးအောက်မှာမှ ခါးအထိ ဆင်းသွားတဲ့ သရက်ရွက်ကြီး
နှစ်ရွက်စီထည့်မယ်။ ကျားကမယ့်သူဟာ ရင်အုပ်ကျယ်ရင် ကျယ်သလို အရွက်လေးရွက် ကားကားကြီး
ပေါ်နေတာပေါ့။
ကျောမှာလည်း ရင်ဘတ်မှာလို ဆေးနီနဲ့
ဘယက်ကြီး တစ်ခု၊ ပိုတာက ကျောရဲ့ဘယက် အလယ်မှာ ပန်းပွင့်မည်းကြီးတစ်ပွင့် ပါမယ်။
ပြီးရင် ခါးအထိ သရက်ရွက်လေးရွက် ကားပြီး ဆင်းသွားမယ်။
ဟော... ခါးအောက်ပိုင်းရောက်တော့
ပေါင်ရှေ့ခြမ်းနဲ့ နောက်ခြမ်းမှာ နှစ်ရွက်ဆိုင်၊ ဒူးခေါင်းမှာ ပန်းတစ်ပွင့်စီ၊
ခြေသလုံးမှာ သရက်ရွက်နှစ်စုံ ရှေ့နောက်ဆုံပြီး ခြေခုံပေါ်မှာ ပန်းတစ်ပွင့်စီ
ရေးပြီးတဲ့အခါ ကျုပ်ရဲ့ ခြယ်သမှုက အတော်အတန် ပြီးစီးပြီလို့ ဆိုရမယ်။
ကျားတစ်ပွဲမှာ ကျားလေးကောင်မှ
ခြောက်ကောင်အထိ ပါဝင်လေ့ရှိတာမို့ ကျုပ်ရဲ့ ကျားဆေးခြယ်ခြင်း အလုပ်ဟာ
ထင်သလောက်တော့ မလွယ်ကူလှဘူး။ ကျားကမယ့်လူ ဗလကြီးရင် ကြီးသလို လက်ဝင်လှတယ်။ ကျန်တဲ့
ကျားမြီးဆွဲတွေကိုတော့ ဆေးခြယ်စရာ မလိုလှဘူး။ သူတို့က စွပ်ကျယ် ချိုင်းပြတ်
ပုဆိုးတိုတိုဝတ်လိုက်ရင် ပြီးတာပါပဲ။
ကပ္ပလီမောင်ရိုးဆိုတဲ့
လူပြက်မုဆိုးတွေကိုတော့ ဂုန်နီအိတ် အင်္ကျီရှည်ပေး ဝတ်၊ သစ်သားသေနတ်၊ သို့မဟုတ်
သစ်သားဓား ပေးကိုင်လိုက်ရင် ပြီးတာပါပဲ။ သူတို့ရဲ့ မျက်နှာကိုတော့ ဆေးနီတစ်ခြမ်း၊
ဆေးမည်းတစ်ခြမ်း လူရယ်စရာဖြစ်အောင် ခြယ်သပေးရုံ။ အရပ်ထဲကို မလှည့်မီ ဆေးနီကို
နှုတ်ခမ်းတစ်ဝိုက် နောက်ဆုံး တင်ခြင်းကို အဆိပ်တင်ခြင်းလို့ ခေါ်တယ်။ ဒီလို အဆိပ်
တင်ချိန်မှာ 'မိုးနီ' စီးလေ့ရှိတယ်။ မိုးနီမှာ မုရိမှ
ဆင်းသက်လာခြင်းဖြစ်ပြီး လူစိတ်ပျောက်၍ ကျားနတ်စွဲဝင်တဲ့ အဓိပ္ပါယ်ပါ။
ဒီအချိန်မှာ ဗုံကို ဖြည်းညင်းစွာ
တီးပေးရတယ်။ လောပန်ငွေ့ပေးပေးရတယ်။ ဒါမှ ကျားမာန်ပြန်ကျပြီး မြို့တွင်း
လှည့်လည်မယ့် အစီအစဉ်ကို စတင်ကြရမယ်ပေါ့။ ကျုပ်တို့မြို့မှ ကျားက လေ့ရှိတဲ့လူတွေ ကျုပ်မှတ်မိသလောက်
ဦးကျော်လှိုင်၊ ဦးဘတိုး၊ ဦးမောင်လေး၊ ဦးပြည်စိုး၊ ဦးညွန့်မောင်၊ အင်း...
မမှတ်မိတော့တဲ့ သူတွေလည်း ရှိသေးတယ်။ နှစ်တွေလည်း ကြာလှပြီ မဟုတ်လား။
ကျား
လေးကောင်၊ ကျားထိန်း လေးယောက်၊ ကပ္ပလီမောင်ရိုးက နှစ်ယောက်။
ရပ်ကွက်ထဲ လှည့်တော့မယ်ဆို ကန်ခေါင်း၊
ဈေးခေါင်း၊ နောက်လည် တလိုင်း စုရပ်ဆိုပြီး ရပ်ကွက်စဉ် အတိုင်းပေါ့။ အဲ... ဈေးခေါင်းရောက်ရင်တော့
ပိုသတိထားရတယ်။ အဲဒီ အရပ်မှာ
ကျားဆက်ပါသူတွေ များတာကိုး။
ဒေါင်းဒေါင်း... နီချိန်းနောင်း....
ဗုံသံဟာ ကျားဆက်ပါသူတွေရဲ့ အသွေးအသား
လှိုက်ခုန်မှုကို ဆူပွက်ရုန်းထစေအောင် ညှို့မြူဆွဲဆောင်လှတယ်။ ကျားပွဲဦးဆောင်သူဟာ
ဗုံသံကြားရင် ဝိုင်းထဲ ခုန်ဝင်လာမယ့် ကျားဆက်ပါ သူတွေကို တုတ်နှောင်ချုပ်ကိုင်ဖို့
လူအင်အားကို တစ်ပါတည်း စုဆောင်းသွားရတယ်။
ကျုပ်က ဆေးခြယ်တဲ့တာဝန်ကုန်ရင်
အိမ်ပြန်တဲ့ကောင်မဟုတ်ဘူး။ ကျုပ် ခြယ်ပေးလိုက်တဲ့ ကျားတွေရဲ့ ကြွားရွားတဲ့
ကဟန်တွေကို တမေ့တမော လိုက်ကြည့်ဖြစ်သေးတာ။ ဒီတော့ ဖြစ်ရိုးဖြစ်စဉ်တွေကို အစဉ်အမြဲ
မြင်တွေ့ကျွမ်းဝင်နေတော့တာပေါ့။
နောက်တစ်ချက်က ကျုပ်ကိုယ်တိုင်
ကျားဆေးမထိုးထားပေမယ့် ဒေါင်း ဒေါင်းနီ အသံကိုကြားရင် မရိုးမရွဖြစ်လာတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအသံဟာ လူမှန်းသိတတ်စအရွယ် ကတည်းက ကျုပ်တို့နဲ့
ရင်းနှီးပွန်းတီးလာခဲ့လေတော့ ဒီ အသံနောက် တကောက်ကောက် လိုက်ချင်စိတ်ကို
ထိန်းမနိုင်ခဲ့ဘူး။
မြို့ကလေးမှာရှိတဲ့ ကလေးတွေဟာ ပထမတော့
ဒီအသံရဲ့ ခြိမ်းခြောက်မှုကို ခံကြရတယ်။ လူကြီးတွေက ငိုနေတဲ့ ကလေးတွေကို 'ကျားလာပြီ'
လို့ ခြိမ်းခြောက်ရတာ အတော်အာတွေ့ပုံရတယ်။ ဒါပေမယ့် ဒီကလေးတွေဟာ
တစ်သက်လုံး ကျားပွဲကို ကြောက်နေတာတော့ မဟုတ်ပေဘူး။ မူလတန်း ကျောင်းသားအရွယ်
ရောက်တဲ့အခါ သူတို့ဟာ ကျားပွဲကို မကြောက်တဲ့အပြင် ကျားပွဲလှည့်တဲ့ နောက်လိုက်ပြီး 'ကျားချေးလူး၊ ကျားရေပူ၊ ကျားဖင်နီ' ဆိုပြီး
ကျားတွေကို ရန်စ နောက်ပြောင်တဲ့ အလုပ်ကို လုပ်ပါတော့တယ်။ ကျား နတ်ဝင်လိုက်
ထွက်လိုက် ဖြစ်နေတဲ့ ကျားတွေကလည်း
အဲဒီကလေးတွေ နောက်လိုက်တဲ့အခါ ပွဲဟာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပါရော။
ကျုပ်တို့ဒေသက သားငယ်ထိန်လို့ခေါ်တဲ့ ကလေးအုပ်ကြီးနဲ့ ကျားတွေဟာ ယောယိမ်းလိုက်၊
ဘသားယိမ်းလိုက် ပလဲနံသင့်နေတာ နှစ် ပရိစ္ဆေဒကြာညောင်းခဲ့ပါပြီ။
ကျားပွဲကို ကြောက်သူတွေက
ရင်ခွင်ပိုက်ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ကျားပွဲနောက်ကို
အမျိုးသမီးငယ် ကလေးတွေ လိုက်ပါကြည့်ရှုလေ့မရှိပါဘူး။ အချို့ဆို ငယ်စဉ်က
ခြိမ်းခြောက်ခံထားရပြီးမှ စိတ်မှာအစွဲဖြစ်ကာ ကြီးတဲ့အထိ ကျားပွဲ ကြောက်ရောဂါ
ရသွားသူတွေ ရှိပါတယ်။
လမ်းဆုံလမ်းခွ လူနေ ထူထပ်တဲ့နေရာ ရောက်ပြီဆိုရင်
တေလဂူ ဗုံသံကြမ်းကြမ်းနဲ့အတူ ကျားအက၊ ကျားအလှ၊ ကျားမာန်တွေကြွပြီး ပွဲဟာ
ပိုမိုအသက်ဝင်လာလေ့ရှိတယ်။ ကျားထိန်း
ခံပေးထားတဲ့ ဒူးပေါ်မှာ ကျားဟာ ခေါင်းတဆတ်ဆတ်ညိမ့်ပြီး အရပ်လေးမျက်နှာ
လှည့်ပြလိုက်ပုံများ ဒီခေတ်မျက်စိနဲ့ကြည့်ရင် ဝူရှူးအက ဟန်ရေးပြနေတာနဲ့
ဆင်ဆင်တူနေတော့တယ်။ တစ်ခါတစ်ရံ ငါးရာတန် မြေမှာ စိုက်ထောင်ထားတာကို ကျားနှစ်ကောင်
ကုန်းဟပ်ကြပုံကတော့ တကယ့်ကျားတွေ သားတစ်ကို လုယူမာန်ဖီတဲ့ အတိုင်းပါပဲ။
အဲဒီလို ပွဲကောင်းနေတုန်း
ကျားဆက်ပါသူတွေ ဝိုင်းထဲခုန်ဝင်လာလို့ကတော့
ပြီးပါလေရော။ ဒီအခြေအနေဆို ကပ္ပလီမောင်ရိုးလည်း ကိုးရိုးကားရား၊
ကျားထိန်းလည်း ကူပါကယ်ပါ၊ ကျားပွဲ ကျင်းပသူတွေနဲ့ အကူ ခေါ်လာသူတွေဟာ
ဝိုင်းထဲဝင်လာသူတွေကို ဝိုင်းဝန်းတုပ်နှောင်လို့ လော်ပန်ငွေ့ ပေးသူပေး၊ သံပရာသီး
ရှာသူရှာ၊ ကျားအစစ်နဲ့ မျက်နှာချင်းကပ်ပြီး ကျားစိတ်ဖြေပေးသူ ပေးနဲ့
အလုပ်ရှုပ်ရပါတော့တယ်။ ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ်ပဲမို့ အနာရှိတော့လည်း
ဆေးသိရစမြဲပါ။
ရပ်ကွက်စုံလို့
ကျားတွေရေချိုးသန့်စင်တော့မယ်ဆိုရင် ကလွင်ရပ်ကွက်မှာရှိတဲ့ ကျားတွင်းဆီ
ထွက်ခွာသွားတဲ့အခါ ကျုပ်လည်း အိမ်ပြန်ဖြစ်ပါတော့တယ်။ တန်ခူးလ သင်္ကြန်နီးတိုင်း
ကျားဆေးကို လှလှပပရေး ခြယ်ခဲ့ရတဲ့ ကျုပ်ရဲ့ လက်တွေဟာ အဲဒီရာသီရောက်ရင် မရိုးမရွနဲ့
ယင်းထနေပါတော့ တယ်။ နောက်တော့လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ ဇာတိမြေကို ခွဲခွာရတော့
နွေဦးပေါက်ရောက်တိုင်း အဝေးလွမ်းအိပ်မက်တွေ တစ်ရာသီပြီး တစ်ရာသီ မက်လို့ပေါ့။
□
မြို့ကလေးကိုရောက်တော့
ကိုယ့်မြို့ကိုကိုယ် မမှတ်မိလောက်အောင် ပြောင်းလဲသွားတာ တွေ့ရတယ်။ မြို့ကို ရံတားစောင့်ရှောက်နေတဲ့
အထင်ကရ ပထော်၊ ပထက်တောင်ညီနောင်သာ မရှိဘူးဆိုရင် ပြောင်းလဲမှု ဖြစ်စဉ်တွေကြားမှာ
ကိုယ့်မြို့ကို ကိုယ်ပြန်လည်ရွေးချယ်ဖို့ ခက်နေလိမ့်မယ်။ နိုင်ငံခြား
ငါးဝယ်လှေတွေ၊ ငါး၊ ပုစွန် အအေးခန်းတွေ၊ တစ်ချိုးကွေ့ ရှင်သန်လာတဲ့ ကုန်စည်စီး
ဆင်းမှုတွေအောက်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ ခမ်းနားတိုးတက်လာပုံက အံ့မခန်းစရာပါ။
လူတွေရဲ့ နေ့စဉ် လှုပ်ရှားရှင်သန်မှုကလည်း အတန်ငယ် ပြောင်းလဲသွားခဲ့ပြီ။ ဟိုတုန်းက
ကိုယ့်ခြေထောက် ကိုယ်အားကိုးခဲ့တဲ့ ကျုပ်တို့မြို့သားတွေ ခုများတော့ ဆိုင်ကယ်၊
တက္ကစီ တဝီဝီနဲ့။ ဟိုနား...ဒီနား ဘုရားသွား... ဆိုင်ကယ် တက္ကစီနဲ့၊ ဈေးကြီး သွားမလား၊
ကမ်းနားဆင်းမလား၊ ဆိုင်ကယ် တက္ကစီနဲ့။ စွမ်း အားရှင်တဲ့... အားသစ်ဝေတဲ့...
စမ်းသီတာတဲ့။ အမျိုးအမည်များပြားလှတဲ့ ဆိုင်ကယ် တက္ကစီအသင်းတွေဟာ ဆရာမြသန်းတင့်ရဲ့
ဟွန်ဒါယဉ်ကျေးမှုဆိုတဲ့စကားကို အမှတ်ရသွားစေတယ်။
ဆရာမြသန်းတင့် တင်စားသလို
အီကွေတာညများက မပြောင်းမလဲ တည်ရှိနေပေမယ့် ပင်လယ်ဓားပြ ယိုးဒယားဝှိုက်ရဲ့ ဇနီး
မေရီဗိုဗေးရဲ့ သင်္ချိုင်းဂူကျောက်ပြားကတော့ အဝတ်လျှော် ကျောက်ပြားမှသည်
ရေအိုးစင်ကျောက်ပြား။ အဲဒီကမှ တစ်ဆင့် လောကမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီဆိုတဲ့
အကြောင်းတော့ ဆရာ သိသွားဟန်မတူပါ။
အဟောင်းထဲက ရုန်းမထွက်နိုင်တဲ့
ကျုပ်ဟာ အသစ်အသစ်သော ရုပ်ဝတ္ထုတွေကြားမှာ ကြာရှည်မပျော်မွေ့နိုင်ပါဘူး။
မိတ်ဆွေဟောင်းတွေနဲ့ အပြေးအလွှား လိုက်တွေ့တဲ့အခါ ကျုပ်တို့ အရွယ်
ခြောက်ဆယ်ကျော်တန်းတွေ အတော်များများ မရှိတော့တာ တွေ့ရတယ်။ စာပေ ပေါင်းဟောင်း သင်းဟောင်းတွေ
နည်းပါးသွားသလို ကျားကပွဲဇာတ်တွေလည်း အတော်များများ မရှိကြတော့ပါဘူး။
အချိန်ကာလ ကြာညောင်းလာတဲ့အခါ
အစဉ်အလာဟောင်းတွေ မှေးမှိန် ပျက်ပြယ်လာမှုအပေါ်မှာတော့ ကျုပ်ဘယ်လိုမှ ဘဝင်
မကျနိုင်ခဲ့ဘူး။ အသစ်အသစ်သော မျိုးဆက်တွေဆီ ဆင့်ကမ်းဝေငှခြင်း မပြုနိုင်မှုအပေါ် ဘယ်သူ့ကို
ယိုးစွဲပြစ်တင်ရမှန်း မသိနိုင်ခဲ့ဘူး။
တစ်ပင်ရှင်သန်ဖို့ တစ်စေ့ပျိုးသူမှာ တာဝန်ရှိတယ်ဆိုရင်တော့ အဲဒီအထဲမှာ
ကျုပ်လည်း တာဝန်မကင်းသူအဖြစ် ပါဝင်နေပေလိမ့်မယ်။
'ဘယ်မှာလဲ... ကျုပ်ရဲ့
ညွတ်နူးမှု အာရုံကလေး ဘယ်မှာလဲ'
ဟောဒီ ပုန်းညက်တောင်ပေါ်ကနေ
ပြောင်းလဲမှုဖြစ်စဉ် တရားတွေနဲ့ ခမ်းနားသစ်လွင်နေတဲ့ မြို့ကလေးကို အပေါ်စီးကနေ
ကြည့်ပြီး ကျုပ်ရဲ့ ညွတ်နူးမှု အာရုံကလေးကို ရှာဖွေနေမိတယ်။ အသံ... ဒေါင်း
ဒေါင်းနီချိန်းနောင်းဆိုတဲ့ အသံ၊ မြို့ကလေးရဲ့ အရှေ့ဘက်ဆီမှာလား၊
အနောက်ဘက်ဆီမှာလား၊ တောင်မြောက်ဝဲယာ ဘယ်ဆီကများ ထွက်ပေါ်လာလေမလဲ။
မမာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေတဲ့
ကျုပ် တစ်ချိန်က လေးစားခဲ့ရတဲ့ အစ်ကိုကြီး ပုလဲမြေ မောင်ယဉ်စမ်းရဲ့ 'ကျားပွဲ'
ကဗျာလေးကိုသာ ကျုပ်တစ်ယောက်တည်း အာသာဖြေ ရွတ်ဆို နေမိတော့တယ်။
ခုနေများ ကျားတစ်ကောင်လောက် ရေးခြယ်ချင်စမ်းပါရဲ့... အို ဘာတဲ့။
- အတာကြို
ရာသီပြောင်းလျှင်ဖြင့်
ဒေါင်းဒေါင်းတဲ့ နီချိန်
- ကိုယ်ပေါ်မှာ
ဝါနီနက်တွေက
အကွက်ရောင်စုံဖော်၍
ဒေါ်လာခေါ်
ဗုံသံနှက်ပါလို့
ကျားဗျဂ္ဃါ
နောင်ညီမြူးတယ်
ထူးတဲ့ နွေဂိန်။
- ကပ္ပလီ
မောင်ရွှေရိုးငယ်နှင့်
ခါးကြိုးကို
နိုင်နိုင်ထိန်းသူက
ပွဲအကူ
ဇာတ်ရံထူးတွေပေါ့
'ကျားချေးလူး
ကျားရေပူ'တဲ့
ပြိုင်ညီတူ
အတိုင်အဖောက်ရယ်နှင့်
ပြောင်နောက်ကြ
သားငယ်ထိန်
ငြိမ်ငြိမ်ဖြင့် နေဘူး။
- များမကြာခင်
ကျားလာလျှင်
ပြန်လှန်ပြေးပါရော့
အဝေးမှာ
တစ်ခါရှောင်၍
ပြောင်ချော်ချော်
ပျော်မငြီးပြီကွယ့်
ကျားမိုးနီ
တစ်ဖုံစီးကာမှ
ဝေးနီးမနေသာဘု
မေကညာ
ရင်တုန်ထိတ်ရမယ်
ကြောက်စိတ်နှင့်မူး။
▀
(မြိတ်မြို့မှ
ကျားကပွဲများ ပြန်လည်ရှင်သန်ရေးကို ရည်ရွယ်ပါသည်။)
မိချမ်းဝေ
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်