ရွှေဝတ္ထု

အလွမ်းဝေးဝေး

မေမောင်

01 April 2025
အလွမ်းဝေးဝေး
Share to

အဲဒီကာလတုန်းက 'ကိုတာ' ဆိုတာ တကယ်ကို မရှိသေးပါ။ ကိုတာဆိုရင် ခွဲတမ်း၊ ဝေစု၊ ဝေပုံကျ အဲဒီလိုပဲ သိတယ်...။ ကိုတာဆိုတာ ဆရာဝန် စာရေးဆရာကြီးတစ်ယောက်လို့ သိရအောင်က အဲဒီတုန်းက ကိုတာကမှ စာမရေးသေးတာပဲလေ။ အဲဒါကြောင့်လည်း ကိုယ်က အပိုင်ပြောခဲ့တာပေါ့...။

'နင်ကလည်း မတာဆိုတာလေး လှရဲ့သားနဲ့၊ အဲဒီနာမည်လေးနဲ့ ပြောင်းရေးပါလား'

ဟုတ်တယ်...ကလောင်နာမည်ဆိုတာ တစ်ခါဖတ်မိရုံနဲ့ တစ်ခါတည်း မှတ်မိလွယ်တဲ့ နာမည်လေးဆိုရင် ပိုကောင်းတာပေါ့။ သူ့နာမည်အရင်းက ခင်ချိုအေးလား၊ ချိုချိုအေးလားဆိုတာကို ကောင်းကောင်းမသိပါ။ စပြီး အဆက်အသွယ်ဖြစ်ပါပြီ ဆိုကတည်းက 'မတာ' နဲ့ပဲ သိခဲ့ရတာလေ။ 'အေးစုသီ' ဆိုတဲ့ ကလောင်နာမည်နဲ့ ဝတ္ထုတိုလေးတွေ လေးငါးပုဒ် ပါပြီးမှန်း တော်တော်လေး ရင်းနှီးမှ သိရတာ။ သိသိချင်း ကိုယ်က နာမည်ပြောင်းခိုင်းတာပေါ့။ သူ့အိမ်နာမည် 'မတာ' တဲ့။ ဘယ်လောက်လှပြီး မှတ်မိလွယ်တဲ့ နာမည်လေးလဲ။

'ကျွန်တော် စဉ်းစားပါသေးတယ်...၊ ဒါပေမယ့် 'တာတာဝင်း'နဲ့ ရှုပ်ကုန်မှာ စိုးလို့'

'နင်ကလည်း ဘာဆိုင်လို့လဲ'

ပြောလို့သာ ပြောရတယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ အဲဒီတုန်းက မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ဆရာမ နုနုရည် (အင်းဝ) ရဲ့ 'နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့်' ဝတ္ထုထဲက ဇာတ်ကောင်မိန်းကလေး 'တာတာဝင်းဟာ တအားကို ဟော့နေတဲ့အချိန်ပေါ့။ ဝေဖန်ပြစ်တင် ရှုတ်ချမှုတွေ အများကြီးခံရတဲ့ တာတာဝင်းနဲ့ မပတ်သက်ချင်တာ သဘာဝတော့ ကျပါတယ်။ နာမည်ဆင်တူ အဖြစ်မခံချင်တာထက် တာတာဝင်းကို မှီပြီး နာမည်ကြီးအောင်လုပ်တယ်လို့ အထင်ခံရမှာ စိုးရိမ်တယ်နဲ့ တူပါတယ်။ အဲဒီလို မပြောပေမယ့်လည်း အဲဒီလိုပဲ ကိုယ်ကတော့ စဉ်းစားမိတယ်။ ဒါကြောင့် ဇွတ်တော့ မပြောခဲ့ဘူး။ လေးငါးပုဒ်လောက် ပုံနှိပ်ခံရပြီးဖြစ်တဲ့ 'အေးစုသီ' ကို သူ သံယောဇဉ်ဖြစ်မယ်ဆိုလည်း ဖြစ်လောက်ပါတယ်။ တော်တော်ကြီး ကြာပြီးတဲ့နောက်ပိုင်း 'ကိုတာ' ပေါ်လာတော့ ကာယကံရှင် မတာတော့ မသိ။ ကိုယ်ကတော့ မတာဆိုတဲ့ နာမည်လေးကို တော်တော်ပဲ နှမြောသွားတယ်။ အခုချိန်မှာမှ မတာလို့ ထလုပ်လို့ကလည်း မဖြစ်တော့ဘူးမို့လား။ ကိုယ်က အစောကြီး ဦးခဲ့ရဲ့သားနဲ့..။ ဒီလိုမှန်းသိရင် ဇွတ်ပြောင်းခိုင်းခဲ့ပါတယ်။ ပြောရရင်တော့ ရေစက်ပါပဲ။ လူချင်း မတွေ့ဖူးခင်ကိုယ့်ဆီရေးတဲ့ သူ့စာတွေ ဖတ်ရကတည်းက မတာဆိုတဲ့ ကောင်မလေးဟာ စိတ်ရင်းဖြူစင်မှန်း၊ ရိုးသားမှန်း ခန့်မှန်းလို့ရခဲ့တယ်။ ဘယ်သူ့ဆီမှ စာပြန်ရေးလေ့ မရှိတဲ့ ကိုယ်ဟာ မတာဆီက စာနှစ်စောင်၊ သုံးစောင်လောက်ရခဲ့ရင် အနည်းဆုံး တစ်စောင်တော့ စာပြန်ရေးဖြစ်ခဲ့ပါတယ်။ သိပ်တော့ မထူးဆန်းပါဘူး။ စာရေးတာ နာမည်လေးရခါစ စာရေးဆရာမ လေးတစ်ယောက်ဆီကို စာစရေးနေပြီဖြစ်တဲ့ စာရေး ဆရာမလေးတစ်ယောက်က မိတ်ဆွေဖွဲ့တာပါပဲ။ ကိုယ်ဟာ တကယ်တော့ သူငယ်ချင်းတွေဆီကိုတောင် ပျင်းလို့ စာရေးလေ့ရေးထ မရှိသူပါ။ ဒါပေမယ့် မတာဆီက ရောက်လာတဲ့ စာရှည်ကြီးတွေဟာ ဖတ်ပြီးစာ ပြန်မရေးဘဲ မနေနိုင်အောင်ကိုပဲ ဖြစ်ခဲ့ရပါတယ်။ လူချင်း မတွေ့ဖူးခင်ကတည်းက ညီမတစ်ယောက်လိုပဲ ရင်းနှီးခင်မင်ခဲ့ရတယ်လို့ ပြောရင် ပိုတယ်ထင်မှာပါပဲ။ သူ့စာတွေဖတ်ပြီး တကယ်ရယ်ရတယ်။ သူက ကိုယ့်ကို တော်တော်အထင်ကြီးနေတာကိုး...။ ကိုယ်ဘာစာတွေ ဖတ်သလဲ၊ ကိုယ့်စာအုပ်စင်ကို ကြည့်ချင်တယ်ဆိုတော့ စာအုပ်ပြစရာ သိပ်မရှိတဲ့ ကိုယ့်အတွက် ခွတွေကျကုန်တာပေါ့...။ ဒါပေမယ့် သိတယ်မဟုတ်လား...။

            မတာရေ... စာအုပ်စင်ကို ပြမယ်။ စာအုပ်တွေ ငှားမယ်၊ တို့ဆီ အလည်လာဖြစ်အောင် လာခဲ့'

            တကယ်တမ်းက ကိုယ့်မှာ စာအုပ်စင်ဝေးလို့ ဘာစာအုပ်မှတောင် မယ်မယ်ရရ ပြစရာ ရှိတာမဟုတ်ပါ။ စာသိပ်မဖတ်ဘူးလို့ပြောရင် အကြောင်းမသိတဲ့သူတွေကတော့ သက်သက် ဂိုက်ပေးတယ် ထင်ကြမှာပဲ...။ တကယ့်ကို ကိုယ်နဲ့တရင်း တနှီးရှိလွန်းတဲ့ တစ်ယောက်စ နှစ်ယောက်စလောက်ကပဲ ကိုယ့်ကို ယုံမှာ....။ ဘာလို့လဲဆိုတော့ သူတို့ဘာမေးမေး ကိုယ်က ဘာမှ မသိလို့လေ။ ဒါပေမယ့် ကံအကြောင်းတရားက ဆန်းကြယ်တယ်။ လက်ချိုးရေလို့ရတဲ့ ကိုယ့်မြို့က စာရေး ဆရာမလေးတွေထဲမှာ ကိုယ်ပါနေတာဟာ တကယ့်ကို အတိတ်ဘဝက အကျိုးပေးကြောင့်ပါပဲ။ အဲဒီတော့ ကိုယ့်မှာ ဆရာ၊ ဆရာမတွေ လက်ဆောင်ပေးထားတဲ့ စာအုပ်အနည်းငယ်ကလွဲရင် စာအုပ်ဆိုတာ မရှိသလောက်ပါပဲ။ ရှိတဲ့စာအုပ်လေးတွေကို ဂျပ်ဖာတွေနဲ့ ထည့်ထားတာမျိုး။ မတာက အထင်တကြီးနဲ့ စာအုပ်စင်ကြည့်ချင်တယ်ဆိုတော့ ရယ်စရာ မကောင်းဘူးလား။ ဒါဟာ လူချင်း တွေ့ကြတဲ့အချိန်မှာ ပထမဆုံး ပြောရယ်ဖြစ်ကြတဲ့ အကြောင်းတစ်ခု ဖြစ်ခဲ့တာပါ။ 

            ရေဦးမြို့နဲ့ တန့်ဆည် မြို့ကြားက 'လမ်းဆုံ' ဆိုတဲ့ နေရာလေးဟာ မန္တလေးမြို့နဲ့ ဘာမှ သိပ်ဝေးတာ မဟုတ်ပါဘူး။ လမ်းဆုံဆိုတာ မြို့မှာလားဆိုတော့ လမ်းဆုံဟာ လမ်းဆုံပါပဲတဲ့။ တောမက မြို့မကျ နေရာလေးပေါ့။ အဲဒီနေရာလေးက စီးပွားရေး အခြေခိုင်တဲ့ မိသားစုတစ်စုရဲ့ အငယ်ဆုံးသမီး တစ်ယောက်ဟာ မြို့ကြီးပြကြီး ပေါ်တက်လာပြီး အခြေချခဲ့ တာဟာ ဘာကြောင့်လဲ... ချမ်းသာချင်လို့လားလို့ မေးရအောင်ကလည်း ပြည့်စုံ ကြွယ်ဝပြီးသား လူတစ်ယောက်...။ ဒါဖြင့်ရင် အမြင်ကျယ်ချင်လို့လား။ ဒုတိယမြို့တော်ကြီးဟာ လမ်းဆုံဆိုတဲ့ နေရာလေးထက်တော့ အစစအရာရာ ကွာမှာပဲ။ ပြီးတော့ စာရေး ဆရာတစ်ယောက်အတွက် ရေခံမြေခံ ကောင်းဖို့လည်း လိုအပ်တာပဲ မဟုတ်လား။

            သူ တကယ်တမ်း ရောက်လာတော့လည်း မြို့ကြီးက သူနဲ့ မစိမ်းပါဘူး။ ဒီမြို့ကြီးရဲ့ တက္ကသိုလ်ဘွဲ့ရ တစ်ဦးဟာ မြို့ကြီးနဲ့ အကျွမ်းတဝင် ရှိပြီးသားမို့ သူ့အတွက် ဘာမှအခက်အခဲ မရှိပါဘူး။ သူနဲ့အတူ သူ့လိုပဲ အစ်မ အပျိုကြီး တစ်ယောက်က လိုက်နေပေးတယ်။ ပထမ ရောက်ရောက်ချင်းတော့ သီရိမန္တလာ ကားကြီးဝင်းအရှေ့မှာ ရှိနေတဲ့ ကံ့ကော်၊ ခရေ၊ ချယ်ရီ စတဲ့ ပန်းနာမည်လေးတွေနဲ့ တိုက်ခန်းတွေမှာ အငှား...။ ပြီးတော့ သိပ်မကြာခင်မှာဘဲ အပိုင်။ အပြီး အခြေချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဖြစ်မှာပေါ့။ မိဘနှစ်ပါးနဲ့ အစ်ကိုတွေ အစ်မတွေကတော့ မန္တလေးနဲ့ လမ်းဆုံ သွားချည်လာလှည့်။

            ဆိုင်ကယ်လေးတစ်စီးနဲ့ ကိုယ့်ဆီ ရောက်ရောက်လာတတ်တဲ့ မတာဟာ ရောက်တာနဲ့ သူ့ရဲ့အိတ်ကို ဘုန်းခနဲ ပစ်ချ၊ တင်ပျဉ်ခွေထိုင်ပြီး သူမဖတ်ရသေးတဲ့ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလိုက်တာ မပြန်မချင်း ...။ အခုတော့ ကိုယ့်ဆီမှာ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေလည်း တော်တော်များများ ရှိနေပြီဆိုတော့။

            အမှန်တကယ်က မတာက ကိုယ့်ထက်တောင် စာဖတ်တယ်။ စာအုပ်တွေလည်း ဝယ်တယ်။ ကိုယ်ဖတ်ဖို့ ဆိုပြီး သူဝယ်သမျှစာအုပ်တွေကိုလည်း ယူလာပေးတတ်ရဲ့။

            ပထမတော့ သူ့အိတ်ထဲမှာ တန်ဖိုးရှိတဲ့ သံဘူးလေးတွေ တစ်ဘူးမကပါမှန်း ကိုယ်မှမသိတာ။ သူပစ်ချထားတဲ့ အတိုင်းတိုင်းပဲပေါ့။ အဲဒီ သံဘူးတွေထဲက လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးကို  ကိုယ်သိရချိန်မှာတော့ သူ့ အိမ်ကို ရောက်ပြီဆိုတာနဲ့ သိမ်းပေးရပါတယ်။ ရှားရှား ပါးပါး ရတနာကုန်သည် စာရေးဆရာမ တစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့ ရတနာ အကြောင်း တစ်လုံးမှ စာမရေးခဲ့ပါ။ သူ့ ဝတ္ထုတိုလေးတွေကို ဖတ်လိုက်ရရင် လေးနက်တဲ့ ဘဝအကြောင်းတွေပဲမို့ လူက သွက်ပေမယ့် ကလောင်က မသွက်။ သူ့ နောက်မှ ရေးပြီး ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေနဲ့ စာမျက်နှာတွေပေါ် ဖြတ်သန်းနေကြသူတွေကြားထဲမှာ ဘဝအမောတွေနဲ့ 'အေးစုသီ' ကတော့ ခပ်ကျဲကျဲ...။ လူ သွက်တယ်ဆိုတာတောင် ကိုယ်နဲ့ပဲ သွက်တာပါ။ အခြား ဘယ်သူတွေနဲ့ မိတ်ဆက်ပေးပေး လိုအပ်တာထက် ပိုအရောမဝင်တတ်တဲ့ အေးစုသီပေါ့။ ဒါပေမယ့် သူ့ကိုကြည့်ရတာ ရတနာ ကုန်သည်ဘဝနဲ့ စာရေးဆရာ မဘဝဆိုတဲ့ ဘဝနှစ်ခုမှာ စာရေးဆရာမ ဘဝကို ပိုမြတ်နိုးပုံတော့ ပေါ်ပါတယ်။ ကိုယ့်အထင်ပေါ့လေ။ ခက်တာက စာရေးကျဲရတဲ့အထဲ ရေးတဲ့အကြောင်းအရာတွေက Heavy တွေဆိုတော့ တွေ့တိုင်းတော့ စာတွေအများကြီးရေးဖို့၊ မဂ္ဂဇင်းတိုက်တွေကို ဖြန့်ပို့ဖို့ တိုက်တွန်းဖြစ်ပါတယ်။ ကိုယ်လည်း အဲဒါပဲ တတ်နိုင်တာ မဟုတ်လား။ ကိုယ်က မတာအပေါ်မှာမှ မဟုတ်။ ဘယ်သူအပေါ်မှာမှ ဆရာ မလုပ်တတ်ဘူးလေ။ ဖြစ်စေချင်တဲ့ စေတနာကလွဲလို့ ဘာမှ လုပ်မပေးတတ်ဘူး။

            လောကကြီးဟာ တစ်သမတ်တည်းသွားတဲ့သဘော မရှိသလိုဘဲ လောကကြီးထဲက လူတွေဟာလည်း ဘယ်သူမှ ပုံသေသွားတယ်ဆိုတာ မရှိပါ။ မတာဆိုတာကရော လောကကြီးထဲက လူသားတစ်ယောက်ပဲ။ ပြောင်းလဲမှာပေါ့။ သူ ကိုယ့်ဆီ မရောက်တာ ကြာလာတဲ့အခါ ကိုယ်က သူ့ဆီကို လိုက်သွားရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မာကြောင်း၊ သာကြောင်း ခဏတစ်ဖြုတ် စကားစမြည် ပြောရရင်ကိုပဲ ကျေနပ်စရာပဲ မဟုတ်လား။ စိန်ထည်တွေ လက်လွန်သွားလို့ လိုက်နေရတဲ့အကြောင်း ပြောပြနေတဲ့ မတာဟာ ရယ်နိုင်မောနိုင်ပါပဲ။ သိန်းဆယ်ချီ ဆုံးရှုံးထားသူတစ်ဦး မဟုတ်သလိုဘဲလေ။ လောကကြီးမှာ အလိမ်ခံရသူဟာ သူတစ်ဦးတည်းဆိုရင်တော့လည်း သူ ဝမ်းနည်းကောင်း ဝမ်းနည်း မယ်။ ခုတော့ လူတိုင်းလိုလိုဟာ တစ်နည်းနည်းနဲ့ အလိမ်ခံနေရသူတွေချည်းပဲ ဆိုတော့လည်း ဝမ်းနည်းနေလည်း အပိုပဲဆိုတာ သူသဘော ပေါက်မှာပေါ့။ လိမ်တဲ့ လူတန်းစားဟာ ကမ္ဘာတည်  ကတည်းက ရှိလာတာဆိုတော့ အလိမ်ခံရတဲ့သူတွေ အဖို့တော့ ရိုးနေပြီ။ ပြီးတော့ မတာတို့ အဲဒီလောကက ပိုပြီးတော့တောင် လိမ်ရတာ လွယ်သေးရဲ့...။ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးယုံကြည်မှုနဲ့ လုပ်ကြရတာမို့လား။ ရော့ ပတ္တမြား၊ ရော့ နဂါး လုပ်လို့ ရတာမဟုတ်။ ခံရပြီဆိုရင်လည်း အချီကြီးသာ မှတ်လိုက်တော့။ ကိုယ့်သူငယ်ချင်းတစ်ဦးဆို မတာလို ရယ်တောင်မရယ်နိုင်။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေအတွက် စိတ်နှလုံး ဗုန်းဗုန်းကျကာ နဂိုရုပ်ရည်တောင် မရှိချင်တော့။ နောက်တော့ တရားစခန်းတွေပဲ ခဏ ခဏဝင် သံကြားရတယ်။ လောဘ၊ ဒေါသ၊ မောဟကို သတ်နိုင်တာကလည်း တရားဓမ္မပဲ ရှိတာမို့လား။ အသိတရားလေးတစ်ခုနဲ့ နေတတ်မယ်ဆိုရင်ကို လောကကြီးက နေပျော်ပါတယ်။

            ကိစ္စများမြောင် လူတို့ ဘောင်တဲ့...။ သာရေး၊ နာရေး၊ လူမှုရေးတွေနဲ့ လုံးထွေးရစ်ပတ်ရင်း တစ်ဖက်ကလည်း စီးပွားရေးက ရှိသေးတာမို့ မတာဆီကို မရောက်ဖြစ်တဲ့ သုံးလေးလအတွင်း အံသြစရာ မဟုတ်ပေမယ့် အံ့သြစရာကောင်းတဲ့ မတာရဲ့ အပြောင်းအလဲကို သူ့အစ်မငယ်ဆီက ကြားရတဲ့အခါ...။

            တစ်ခေါက်ရောက်ဖူးရုံနဲ့ အခါခါ သွားချင်စရာ နေရာလေးတစ်ခုပဲဆိုတာ သေချာပါတယ်။ တောင်ခြေတစ်နေရာက တောရစခန်းလေးတစ်ခုဟာ မတာကြောင့်ပဲ ကိုယ်နှင့် ရင်းနှီးကျွမ်းဝင် ခဲ့ရပါတယ်။ တကယ်ကိုပဲ အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခု။ တော်သင့်ရုံ ပါရမီစိတ်ခံနဲ့တော့ ဒီနေရာလေးမှာ ဘဝကို စုန်းစုန်းမြှုပ်နှံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါပဲ။

            မတာဟာ ဒီနေရာလေးကို လာလာပြီး အလှူအတန်း ခဏခဏလုပ်တယ်။ သူလုပ်တိုင်းလည်း ကိုယ်ကလာပြီး အားပေးနေကျ။ နောက်တော့ မတာဟာ ဒီနေရာလေးရဲ့ ဝေယျာဝစ္စအဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီတဲ့။ ဥပုသ်နေ့တိုင်း မနက်အစောကြီး ထသွားရပြီး ညမှ ပြန်ရတယ်တဲ့။ ဒါဟာ အခြေခံ အုတ်မြစ်တစ်ခု ချနေတာမှန်း ကိုယ်ဘယ်စဉ်းစားမိခဲ့မှာလဲ။  

            တောမက မြို့မကျနေရာလေးတစ်ခုက ရောက်လာသူ တစ်ဦးရဲ့ လက်ရှိအခြေချနေတဲ့ နေရာဟာ တကယ့်ကို လောကနိဗ္ဗာန်ပါပဲ။

            သူ မြို့ကြီးပြကြီးကို တကူးတကတက်လာပြီးခါမှ မြို့ပြကြီးမှာ ဘာတွေကို ငြီးငွေ့ပြီး ဘာတွေကို စက်ဆုပ်သွားတာလဲ။ ဘာတွေကို မုန်းတီးပြီး ဘာတွေကို ကြောက်ရွံ့သွားတာလဲ။ သူ မြို့ကြီးဆီကို လာခဲ့စဉ်က ဘယ်လိုရည်ရွယ်ချက်တွေနဲ့များ ထွက်လာခဲ့ပါလိမ့်။ မူရင်း ရည်ရွယ်ချက်ကတော့ ဒါမဟုတ်လောက်ဘူး။ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းသွားရတာလဲ။ အကောင်းဆုံး ရည်မှန်းချက် ဖြစ်ပေမယ့်လည်း။

            'အိမ်ကတော့ သီတင်းကျွတ်ရင် ပြန်ခေါ်နေတယ်။ မမကြီးကလည်း မပြောမဆို လုပ်လို့တဲ့ အခုထိ စိတ်ဆိုးနေတုန်းပဲ'

            သက်ကြီးရွယ်အို အဖေနဲ့ အမေကို ပစ်ပြီး ကိုယ်လွတ်ရုန်းတယ်။ တစ်ကိုယ်ကောင်း ဆန်တယ်လို့များ မမကြီး တွေးမိလို့လား။ သူ နေချင်လို့လည်း မြို့ကို လိုက်နေပေးရသေး...။ သူကကျ ထားသွားရက်တယ်လို့ မမကြီး စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်ပါတယ်။

            'ရည်ရွယ်တာကတော့ သုံးလလောက်ပါပဲ၊ ဒါပေမယ့် ဆရာတော်ကလည်း သီတင်းကျွတ်မှ ပြန်ချင်ပြန် ဆိုပြီး တားနေတာနဲ့ပဲ'

            ကိုယ့်ကိုတွေ့တော့ ဘယ်သူပြောလိုက်လဲဆိုပြီး မတာ အံ့သြနေတယ်။ ပြီးတော့ သိပ် အသားမကျသေးသလို စကားပြောရင်း သူ့ ခေါင်းလေးကို ပွတ်ပွတ်ပြီး ပြောလို့...။

            မတာဆီကိုရောက်တဲ့ ဒုတိယအကြိမ်မှာတော့ တော်တော်ကြီးကို အသားကျနေတဲ့ မတာကို တွေ့ရတဲ့အခါ ကိုယ်ကတော့ အေးစုသီကို လွမ်းတယ်။ အရင်တုန်းက မတာကို လွမ်းတယ်။ ဝင်းဝင်းနဲ့ သုံးယောက်သား နှစ်စဉ်နှစ်တိုင်း လူထု အမေကို သွားကန်တော့ကြတာတွေ၊ စာပေနဲ့ ပတ်သက်တဲ့ ပွဲတွေမှာ သုံးယောက်အတူတူ သွားခဲ့ကြတာတွေ၊ ကိုယ့်ဆိုင်မှာ သုံးယောက်သား စားလိုက်ကြ၊ သောက်လိုက်ကြ၊ စာကြောင်းပေကြောင်း ပြောလိုက်ကြ၊ နေခဲ့ကြတာတွေ။ ဒါတွေဟာ ဘာမှ မဟုတ်ပါလားလို့ မတာ သဘောပေါက်သွားပြီပေါ့။

            တရားအားထုတ်ချင်တယ်ဆိုတဲ့ အဒေါ်နဲ့ ညီမလေးကို မတာဆီ ပို့လိုက်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုဟာ သူ ကိုယ့်အပေါ်မှာ အရင်ကလို ခင်မင်ဆဲပါလားလို့ သိရတဲ့အတွက်တော့ ကိုယ်တကယ်ပဲ ဝမ်းသာပါတယ်။ ကိုယ်ရော ဘယ်တော့လာမှာလဲ၊ လာသင့်ပြီတဲ့လား။ ကိုယ်ကတော့ သူ့ လို မပြတ်သားနိုင်ပါ။ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ထားခဲ့ပြီး ဘယ်ကိုမှ မသွားနိုင်ပါ။ သူကတော့ မိဘနှစ်ပါးကိုခွဲပြီး မြို့ကြီးကိုတောင် တက်လာခဲ့ပြီးပြီပဲ။ အပန်း မကြီးတော့ဘူးပေါ့။ သူက ရွှေဆိုင်တန်းက သူ့ဆိုင်ကို ဒီအတိုင်း ပစ်ထားခဲ့နိုင်ပေမယ့် ကိုယ်ကတော့ ဘုရားကြီးထဲက ဆိုင်ကို ပစ်မထားနိုင်သေးဘူး။

            နားထဲမှာ ကိုစိုးအောင် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်ကြားမိသည်။ မတာ ကိုယ့်ဆီမလာတော့ဘဲ အဲဒီတောရ စခန်းလေးမှာ ဝေယျာဝစ္စအဖွဲ့ဝင် ဖြစ်နေပြီလို့ ပြောတုန်းကလေ။

             'အေးစုသီက စာရေး ဆရာမလည်း ပီပီပြင်ပြင်ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး၊ ကုန်သည်လည်း ဖြစ်မှာ မဟုတ်ဘူး။ မယုံရင် ညည်းစောင့်ကြည့်' တဲ့။

            ဟုတ်ပါတယ်၊ ခုတော့ မတာနဲ့ စကားပြောရင် ကိုယ့်ကိုယ်ကိုယ် 'တပည့်တော်က' လို့ သတိထား ပြောနေရတဲ့ ဘဝကို ရောက်နေပြီ။ ဒီမှာ အပြီးနေဖြစ်ဖို့ များတယ်တဲ့လား။ ကိုယ်တစ်သက်လုံး စိတ်ကူးမရှိတဲ့ ဘဝကို ရအောင်ယူနိုင်တာ တကယ်ပဲ ချီးကျူးအားကျပါတယ်။ မတာ အငြိမ် ဣန္ဒြေရရနဲ့ သီလရှင်ဝါ တစ်နှစ်ကျော်ကျော် ရှိလာခဲ့တာဟာ တကယ်ကို လေးစားကြည်ညိုစရာပါပဲ။

            ကိုယ့်နယ်ပယ်ထဲကို ဝတ္ထုတိုလေးတွေ ဆယ့်လေးငါးပုဒ်လောက်နဲ့ ဝင်လာပြီးဖြစ်တဲ့ 'အေးစုသီ' ကို ပြန်ထွက်မသွားနိုင်အောင် ဘယ်လိုမှ ကူညီပံ့ပိုးမှုတွေ မလုပ်ပေးနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိပါတယ်။ တရားဓမ္မလုပ်တာနဲ့  အနုပညာလုပ်တာဟာ ကိုယ်လုပ်မှ ကိုယ်ရတာတဲ့။ ဆရာမ မတာ ဘယ်လောက်လုပ်လို့ ဘယ်လောက်ရပြီလဲ။ တစ်နှစ်ကျော်ဆိုတဲ့ အချိန်ကာလဟာ နည်းတော့ မနည်းဘူး။ ဒါဖြင့်ရင် စာရေးသက် အနှစ်နှစ်ဆယ်လောက်တောင် နီးနေပြီဖြစ်တဲ့ ကိုယ်ရော ဘက်လောက် လုပ်လို့ ဘယ်လောက်ရပြီး ပြီလဲ။ မတာနဲ့ ကိုယ်အလုပ်အကိုင်ချင်းကတော့ တော်တော်ကြီးကို ခြားနားသွားခဲ့ပြီ။ လောကီနဲ့ လောကုတ္တရာ ဘာမှကို မဆိုင်ဘူး။ ဘယ်ဟာက ပိုကောင်းတယ် ဆိုတာလည်း သိသိကြီးနဲ့ ကိုယ့်နေရာမှာပဲ ကိုယ့်ဘဝနဲ့ ကိုယ်ပျော်နေတာလေ။

             ဆရာလေး မတာက ကိုယ့်ကို ခေါ်သလို ကိုယ်ကလည်း စိတ်မလျော့သေးဘူး။

            'ဆရာလေး ဝတ္ထုတိုလေးတွေ မရေးချင်တော့ရင်တောင် ဓမ္မရသတွေ ရေးပါ ဦး။ ရဟန်းဝတ် စာရေးဆရာတွေက များတယ်။ သီလရှင်ဝတ်နဲ့ကတော့ တို့သိ... အဲ့ တပည့်တော် သိသလောက်ဆိုရင် မလေးငြိမ်းပဲ ရှိသေးတယ်။ ဟုတ်တယ်မို့လား...ဆရာလေး ရေးနော်'

            ဆရာလေး မတာကတော့ ညိုမည်းမည်း ဝတ်စုံနဲ့ ဦးပြည်းစိမ်းစိမ်းလေးကို ပွတ်ရင်း ပြုံးနေလေရဲ့။ လောကကြီးကို အနိုင်ရလိုက် ပြီးပြီဆိုတဲ့ အပြုံးများလား။

            ပြောလို့တော့ မရသေးဘူး။ ဆရာမောင်ရန်ပိုင်တောင် 'အပြီး' လို့ပြောပြီး ရဟန်းဝတ်သွားတာ သုံးနှစ်ပြည့်တော့ ပြန်ထွက်လာသေးတာပဲ။ ဒါပေမယ့် မတာကတော့ 'မအဂ္ဂဓမ္မာ' ဘဝကို တစ်သက်လုံး အမက်မောဆုံး တွယ်တာသွားရင်တော့လည်း သာဓုခေါ်ပြီး 'အေးစုသီ' ကို လွမ်းနေရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူးလေ။

(တစ်ခါက စာရေးဖော် ညီမလေး 'အေးစုသီ' သို့)

မေမောင်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်