တင်မြင့်ဦး ၊သံတွဲ၊
သူဟာ သူ့ရဲ့ဝါသနာ သံလမ်းပေါ်မှာ ပြေးလွှားခွင့်ရနေတဲ့ လော်ကယ်ရထားတစ်စီး။
ရထားတို့ရဲ့
ထုံးစံအတိုင်းပေါ့။ တစ်ခါတစ်ရံမှာ သံလမ်းနဲ့ဘီးတို့ရဲ့ကြားက ထွက်ကျပေါက်ဖွားလာတဲ့
မီးကြယ်ပွင့်လေးတွေ။ ချောင်းတဟွတ်ဟွတ် ဆိုးသွားရတဲ့ ရှည်လျားထွေပြား ဆံရှည်မျှင် လမ်းကြောတွေ။
ဒါပေမယ့် ပျော်မွေ့မွန်းကျပ်စွာ သူ ကျေနပ်ခဲ့။
မြေပုံတစ်ခုမှာ
ရှာဖွေရင် သူတို့မြို့ကလေးဟာ အစက်အပြောက်လေး တစ်စက်ပေါ့။ အနုပညာအနေနဲ့
ပြောမယ်ဆိုရင် အနုပညာ ဖုန်ဆိုးမြေ။ ဒီမြို့ကလေးရဲ့ သမိုင်းကြောတစ်ခုလုံးကို
ပြန်လည်တူးဖော်ရင် အနုပညာသမားတွေရဲ့ အက်ကွဲတုန်ရီကြေမွဆွံအခဲ့တဲ့ မျက်ရည်တွေ၊
ပင့်သက်တွေ၊ နာကျည်း တောက်ခေါက်သံတွေ၊ အိမ်ထောင်ပျက် ငှက်ဆိုးထိုးသံတွေ။
အဲဒီလို ရဟတ်တွေ
အကြိမ်ကြိမ် လည်ပြီးတဲ့နောက်မှာ မြို့ကလေးရဲ့ မနီးမဝေးမှာရှိတဲ့ ပင်လယ်ကမ်းခြေ ရိုက်ချက်တွေဟာ
ကမ္ဘာကြီးကို တုန်ခါတုန်လှုပ်စေတယ်။ လှိုင်းခေါင်းဖြူတို့ရဲ့ အနမ်း၊
သဲဖြူလွတို့ရဲ့ အထိအတွေ့၊ အုန်းစိမ်းရည် ချိုရှရှ၊ ခရုပုတီးနဲ့ ပန်းခက်နှောင်
ရှုမငြီးတဲ့ ကမ်းလက်ဆောင်။
မြို့ကြီးပြကြီးရဲ့
အနာတရ ထိုးနှက်ချက်တွေ အောက်မှာ အလဲလဲအပြိုပြို ကျရှုံးမှုတွေနဲ့ ဇာတိမြို့
ကလေးရဲ့ ရင်ခွင်ကို မှေးစက်ခဲ့တဲ့သူ။ ကမ်းခြေဟာ သူ့ကို လောင်စာ ဖြည့်ပေးခဲ့တယ်။
ဘယ်လိုမှ မထင်မှတ်ဘဲ နွေကန္တာမှာ ပျားရည်တစ်စက်ကို တရှိုက်မက်မက် နမ်းခွင့်မရခဲ့။
'ကိုအေကေ၊
ကျွန်တော်တို့ မြို့ကလေးရဲ့ ရင်ခွင်က ပေါက်ဖွားလာတဲ့ အနုပညာသမားတွေထဲမှာ ခင်ဗျားဟာ
ကံတရားရဲ့ ပထမဦးဆုံး သားတော်ပဲ'
ကိုဗမြင့်ရဲ့ အက်ရှရှ
စကားသံဟာ သူ့နှလုံးမြေကို နွေးထွေးစွာ ဖြတ်သန်းခဲ့တယ်။
သူနဲ့ ကိုဗမြင့်ဟာ
လားရာတူတဲ့ ခရီးသွား နှစ်ယောက်။ သူက စိတ်ကူးကို အရောင်တွေနဲ့ ဖွဲ့နွဲ့သလို
ကိုဗမြင့်က စကားလုံးနဲ့ ပန်းပုထုတတ်ရဲ့။ ကိုဗမြင့်ရဲ့ ကိုယ်ခန္ဓာဟာ
ပိန်လှီဖျော့တော့သလောက် စကားလုံးတွေဟာ ကျစ်လျစ်မာကျောတတ်တယ်။ မြို့လေးရဲ့
မှော်တွင်းမှာ ကိုဗမြင့်ဟာ သူ့ထက် သက်တမ်းရှည်ရှည် အောင်းခဲ့သူ။ မြို့ကလေးကို
ဆိုက်ရောက်လာချိန်မှာ အတောက်ပ အလင်းလက်ဆုံးနဲ့ ယုံကြည်မှု အပေးနိုင်ဆုံးဟာ
ကိုဗမြင့်ရဲ့ မျက်ဝန်းတစ်စုံဆိုတာ သူ ဘယ်လိုမှ မမေ့ရက်နိုင်ခဲ့ဘူး။
□
သူ့ဝပ်ကျင်းလေးဟာ
မျိုချထားရတဲ့ ပန်းချီကားတွေပျို့အန်လုလုမတတ်။ ဒါပေမယ့် သူ့အတွက်တော့
တစ်ကိုယ်ရေတစ်ကာယ စိတ်အဆာကို ဖြည့်ဆည်းပေးတာပါပဲ။ လမ်းလျှောက် အပန်းဖြေ၊
နေရာစုံစုံ၊ ထောင့်အမျိုးမျိုး ကြည့်ရှုလေ့လာနိုင်တဲ့ လွတ်လပ်ကောင်းကင်တစ်ခုကို
ပိုင်ဆိုင်ခွင့် တပ်မက်တာပေါ့။ သူ့မြို့ကလေးက ကျဉ်းတယ်။ သူ့ဘဝလေးက ကျဉ်းတယ်။
ဒီတော့ သူ့ဝပ် ကျင်းလေး ကျဉ်းတာဟာ အမှန်တရားပဲ။
သူ မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်မီးခိုးတွေဟာ ကျေနပ်ကြည်နူးမှုတွေကြောင့် သံစဉ်မှန်မှန် လွင့်ပျံသွားတယ်။
ဆောင်းရဲ့ပထမ စာမျက်နှာမှာတင် နိုင်ငံခြား ဧည့်သည်တော်တော်များများ
ကမ်းခြေလေးဆီကို ဆိုက်ကပ်လာတယ်။ သူ့ရဲ့ ဝပ်ကျင်းလေးဟာလည်း ရောင်စုံပန်းတွေ
ဖူးပွင့်လာပြီပေါ့။ အနုပညာ ၅ဝ ရာခိုင်နှုန်း၊ ဈေးကွက်စီးပွားရေး ၅ဝ ရာခိုင်နှုန်း
ပေါင်းစပ်ထားတဲ့ သူ့ပန်းချီကားတချို့ တာဝန်ကျေလာကြပြီ။ သူ့မိန်းမရဲ့ မျက်နှာမှာ
တစ်မိုးတွင်းလုံး မြေအောင်းသတ္တဝါ ဖြစ်နေတဲ့ အပြုံးတွေဆိုတာ ဟိုခုန်
ဒီပေါက်ဆော့လို့။ ကလေးတွေရဲ့ 'ဖေဖေ မုန့်ဖိုး' ဆိုတဲ့
အသံဟာလည်း ယုံကြည်မှု ဒိုရေမီဖာ အပြည့်နဲ့။ သူနဲ့ ကိုဗမြင့်ရဲ့ ညနေခင်း
မြင်းဟာလည်း အရောင်တွေ ဘာတွေ ဆိုးလို့ပြောပါတော့။
သူ့အတွေးစိတ်ကူးကို ထိုးကျလာတဲ့အရိပ်က
ဆွဲစုတ်တယ်။ ပက်လက် ကုလားထိုင်ပေါ်မှာ ခွေခေါက်နေရာက ဖျတ်ခနဲမော့ကြည့်လိုက်တော့
လင်းယုန်ငှက် တစ်ကောင်ရဲ့ မျက်လုံးကို ရှေ့တည့်တည့်က မြင်လိုက်ရပေါ့။
ပိရိသေသပ်လှတဲ့ အပြုံးတစ်စင်း အဲဒီလူဆီက လွင့်ကျလာတယ်။
'ပန်းချီကားနည်းနည်း
ကြည့်ချင်လို့ပါ'
အမြင်အကြား အာရုံတွေ၊ မှတ်သားနိုင်မှု
စွမ်းရည်တွေကို ပြန်လည်နှိုးဆွကြည့်တယ်။ အဲဒီလူသဏ္ဌာန် မပေါ်ပေမယ့် ဟန်တော့ပေါ်
တယ်။ ဒါဟာ ဟိုတယ်တွေ တည်းခိုခန်းတွေရဲ့ အခက် အကိုင်းတစ်ခု။
'ကြည့်ပါ၊ အဆင်ပြေအောင်သာ
ကြည့်ပါ'
သူ ဝပ်ကျင်းလေးထဲက ထွက်လိုက်တယ်။
နားလည်မှု အပြုံးချင်းဖလှယ်လို့။ သူ့ အဖို့တော့ ဒီလိုပါပဲ။ အင်္ကျီဆိုင်တစ်ဆိုင်မှာလို
တစ်ယောက်ဝင်ကြည့်တိုင်း တစ်ခါမျှော်လင့်ချက် မထားဝံ့ရဲ့။ တချို့က
ပန်းချီကားဆိုတာကို မမြင်ဖူးလို့ကို ဝင်ကြည့်တာ။ နောက် အဓိက သူကြုံတွေ့ခဲ့တဲ့
ပြဿနာတွေက ငွေကြေးတန်ဖိုးနဲ့ ပန်းချီကား တန်ဖိုးကို မချိန်ဆတတ်ကြတာ။ အနုပညာဆိုတဲ့
စကားစုရဲ့ အဓိပ္ပာယ်ကို သင်ပုန်းကြီးတစ်အုပ်လို အဓိပ္ပာယ် သင်ကြားပေးသင့်တာက
အရင်ဦးဆုံး ဖြစ်သင့်တဲ့ အလုပ်ပေါ့။
'အေးဗျာ၊ ပန်းချီကားတွေက
မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာနဲ့ နည်းနည်း အံမဝင်ဘူး
ဖြစ်နေတယ်'
စကားစတွေက အားနာတွန့်ဆုတ်ဟန်နဲ့ တစ်ပိုင်းတစ်စမှာ
ရပ်သွားတယ်။ သူ ကတော့ အဖြေထွက်အောင် မတွက်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်နဲ့
ရင်ဆိုင်နေရသလိုပဲ။
'ကိစ္စမရှိပါဘူး။ ခုလို
ဝင်အားပေးတာပဲ ကျေးဇူးတင်ရမှာ။ ပန်းချီခန်းဆိုတာ တော်ရုံလူ အချိန်ကုန်ခံတာမှ
မဟုတ်ဘဲ'
နှုတ်ဖျားက ပြေရာပြေကြောင်း စကားစတွေ
အလုပ်သဘောတစ်ခုလို ထွက်ကျသွားတယ်။
'အဲလိုလည်း မဟုတ်ဘူးဗျ။
ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားအနေနဲ့ ကျွန်တော်တို့ ဟိုတယ်တာဝန်ခံနဲ့ တွေ့ပြီး သူ
လိုချင်တဲ့အတိုင်းအတာ၊ သင့်တော်မယ့် ပန်းချီကား နှစ်ချပ်လောက် ဆွဲပေးစေချင်တယ်'
'သွားလာရေး စီစဉ်ပေးမယ်။
ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင်တော့ ဖြစ်ပါတယ်'
ဒီအလုပ်သဘောဟာ သူ့အတွက်
ကွင်းစိမ်းမဟုတ်ဘူး။ ကမ်းခြေရဲ့ဟိုတယ်၊ မိုတယ်တွေ ဖွဲ့စည်းရုပ်လုံးဖော်မှုမှာ
တစ်ကဏ္ဍအနေနဲ့ ပေါင်းကူးပေးခဲ့ဖူးတာပဲ။
□
ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိခဲ့။
အုတ်တံတိုင်း မြင့်မြင့်တွေ၊ တိုင်ထိပ်ပေါ်က မီးသီးကြီးတွေ၊ စိမ်းစိုခမ်းနား
လှပဝင့်ကြွားနေတဲ့ တစ္ဆေ လက်တန်အုန်းလက်တွေ၊ မြစိမ်းရောင် ငှက်ပျောရွက်တွေ၊
သူ့အာရုံမှာ မရပ်မနား တိမ်မျှင်တစ်စ စီးမျောသွားတယ်။ ဒါပေမယ့် ဟိုတယ် အတွင်းခန်းထဲ
ရောက်တာနဲ့ အဲဒီအရာတွေ ဆပ်ပြာပူဖောင်းလို ဖျတ်ခနဲပေါက် ကွဲလွင့်ထွက်ပေါ့။ ဆောက်လုပ်မွမ်းမံဆဲ
ကာလရဲ့ ခြေရာလက်ရာလေးတွေတောင် မကျန်အောင် ပြောင်းလဲသွားခဲ့ပြီ။ သူ ဒုတိယအကြိမ်
ဒီဟိုတယ်ထဲကို ရောက်တာဟာ ဒုတိယကမ္ဘာသစ်တစ်ခုထဲကို ရောက်ရသလိုပဲ။
'ခင်ဗျား ဆွဲရမယ့် ပန်းချီကား
နှစ်ကားက ဗ-၁ ခန်းထဲမှာ ချိတ်မယ်။ အဲဒီ အခန်းထဲရောက်မှ လိုအပ်မယ့် အတိုင်းအတာကို
ပြောကြတာပေါ့'
အိပ်ခန်းတစ်ခန်းထဲကို ရောက်လိုက်ရင်ပဲ
ဆိုလိုရင်း အဓိပ္ပာယ်ကို သူ တတ်သိနားလည်စွာ သဘောပေါက်သွားတယ်။ သိသာထင်ရှား
လောက်အောင် ပျက်စီးနေတဲ့ နံရံနှစ်ဖက်။ သူ့စိတ်မှာ 'ပန်းစံပယ်၊
နန်းလည်မပေါ်ခိုက်ဟာမို့ ခံပွင့်ကို သုံးရတယ်' ဆိုတဲ့ ကဗျာက
ကန့်လန့်ကြီး ပြူလို့။ ဒါပေမယ့် တချို့ကိစ္စတွေမှာ သူ့နှလုံးသွေး ခံစားချက်တွေကို
အခန်းပိတ် ထားတတ်ပြီ။ အလုပ် သဘောဆန်မှုတွေနဲ့အတူ သူ လက်တွေက ကကြိုးစင်လိုက်တယ်။
'ပန်းချီကားတစ်ချပ်ရဲ့
ဖွဲ့စည်းပုံအတိုင်းဆိုရင်တော့ အချိုးအစားမညီတဲ့ ပန်းချီကားတစ်ချပ် ဖြစ်နေမှာပဲ'
'ရပါတယ်ဗျာ။ ခင်ဗျားတို့
အနုပညာသမားတွေ ပြောနေတဲ့ မော်ဒန်ပေါ့။ အတိုင်းအတာ ပြီးရင်တော့ခင်ဗျားနဲ့
ကျွန်တော်နဲ့ ဆွဲမယ့် ပန်းချီကားပုံနဲ့ ဈေးကို ပြောကြတာပေါ့'
ကမောက်ကမ ဆန်မှု၊
အချိုးအစားမညီမျှမှုတို့ဟာ မော်ဒန်နဲ့ ညီမျှခြင်းတူတယ်လို့ စိတ်ထဲမှာ ရေးထားလေသလား
မသိ။ သူက နှုတ်ခမ်းကိုသာ တင်းတင်းစေ့လျက်။ ကျောက်တွင်း အက္ခရာကို
ပုံမဖော်ချင်တော့။ သူ့ တွက်ချက်မှုတွေအောက်က ထွက်လာတဲ့ ကိန်းဂဏန်းတွေကို ကြားတော့
တာဝန်ခံ ပုဂ္ဂိုလ်ရဲ့မျက်လုံးတွေ တဖျတ်ဖျတ်ပျံပြေးပေါ့။
'ပန်းချီဆရာရယ်၊ အရင်နှစ်က
ဒီအတိုင်းအတာရဲ့ တစ်ခြမ်းလောက်ရှိတဲ့ ပန်းချီကားကို တစ်သောင်း ပေးခဲ့ရတယ်လေ။ ဒါဆို
အခု ပန်းချီကားက နှစ်သောင်းပေါ့။ လေးသောင်းဆိုတော့ အရင်နှစ်ထက် သုံးဆလောက်
တက်သွားတာပဲ။ ဘာလဲ တစ်ဆယ်တန်မုန့်က လေးဆယ်ဈေး ဖြစ်သွားလို့လား။ ဟဲ...ဟဲ...ဟဲ
ကိုယ့် အချင်းချင်းတွေပဲဗျာ။ လျှော့စမ်းပါဦး။ အရင်းတော့ မရှုံး လောက်ပါဘူး'
ရယ်ရယ်မောမော ပြောတဲ့စကားတွေက
သူ့ဘေးရဲ့ နံရိုးနုနုလေးဆီ တိကျပြတ်သားစွာ ဝင်သွားတယ်။ အသက်တစ်ချက်အရှူမှာ ဆစ်ခနဲ
တက်သွားတဲ့ဝေဒနာကို ချော့လို့ မော့လို့။ အနုပညာသည် ပြည်သူအတွက်၊ အနုပညာသည် အနုပညာ
အတွက်။ အဲဒီလို ဆိုင်းဘုတ်တွေ အသီးသီးတင်နေကြတဲ့ အချိန်မှာ သူတော့ အနုပညာသည်
သည်းခံခြင်းတရား အတွက်လို့ တတွတ်တွတ် မှတ်တယ်။
'အဲဒီလို အတိုင်းအတာနဲ့
အချိန်အခါနဲ့ တောင်းတာ မဟုတ်ပါဘူး။ ဆွဲရမယ့် အနေအထား၊ တင်ပြချက်ကို ဖော်ရမယ့်
အိုင်ဒီယာ။ အင်း... ဒါမျိုးက ပုဆိုးတစ်ထည် ဝယ်သလိုတော့ ပင်ရင်းမှာ ဘယ်လောက်၊
လက်လီမှာ ဘယ်လောက်တွက်လို့မရဘူး'
'ကြမ်းခင်းဈေး မရှိဘူး
ဆိုတဲ့သဘော ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ရောင်းသူတစ်ဆယ်၊ ဝယ်သူ ငါးကျပ်
မဟုတ်လား။ ကျွန်တော်တို့ လူမျိုးတွေကလည်း ကောက်ညှင်းပေါင်း ဝယ်စားတောင် အဆစ်ရမှ
ကျေနပ်တဲ့လူမျိုး။ ညှိကြည့်ဦးမယ် နော်ဗျာ'
တစ်ဦးချင်း ဂိုးကျင်း ၃ ပွဲလောက်
ကန်ပြီးမှ ပန်းချီကား နှစ်ကားပေါင်း ၆ သောင်းနဲ့ ဈေးပြတ်သွားတယ်။ သူ့မိတ်ဆွေ
ကိုဗမြင့်သာ ဒီမြင်ကွင်း ဒီစကားတွေကို သောက်သုံးလိုက်ရမယ် ဆိုရင် အနုပညာသားကောင်
ဖျက်ပွဲလို့ တင်စားမလား။ ပန်းပင်တစ်ပင် ရှင်သန်ဖို့ ဆိုတာ မစင်မြေဆွေးလည်း
လိုကောင်းလိုမှာပေါ့။ သူ့ရဲ့ အမြင်မှာ တာဝန်ခံမျက်နှာဟာ အိမ်သာခွက်တစ်ခွက်။
□
ပြည့်ဝတောက်ပနေတဲ့
လျှပ်စစ်အလင်းရောင်အောက်မှာ သူ့ခံစားမှု အာရုံတွေ မြွေတစ်ကောင်လို ပါးပျဉ်း
ထောင်လာတယ်။ အမြင် အာရုံ၊ အနုပညာသွေး တစ်စက်၊ စုတ်တံ၊ ဆေးခွက်၊
ကော်ဖီခါးခါးတစ်ခွက်၊ ဆေးလိပ်တစ်ဖွာနဲ့ ရှင်သန်မှုတွေ စိုက်ပျိုးရင်း ရှုခင်း၊
စမ်းချောင်း၊ စေတီ၊ ပုံသဏ္ဌာန်တွေကို မွေးဖွားလို့။ ပြန်လည် သုံးသပ်မှုတွေကို
ခါးခါးသီးသီး မျိုချနေရတယ်။ အနုပညာကို အချိန်နဲ့ ဘောင်ကွပ်နေရတဲ့ပွဲ။
ရောင်နီမထွက်ခင် ၄ နာရီလောက်မှာပဲ ကျောက်လမ်းမှာ မောင်းပြီး စုတ်တံ ဆေးလိုက်ရပေါ့။
တာဝန်ခံရဲ့ အရက်နဲ့လည်ပတ်ထားတဲ့ မျက်လုံးမို့အက်အက်ကို တွေ့လိုက်ရတယ်။
'ကျွန်တော် အိပ်ရာထဲ ဝင်ပြီး
အိပ်မပျော်ခင်လေးမှာ စဉ်းစားမိတယ်'
'အင်း'
သူက လေးလေးပင်ပင် အင်းလိုက်တယ်။ သူ
တာဝန်ကျေပြီ မဟုတ်လား။ အခုချိန်မှာ သူ အတောင့်တဆုံးက ကျောတစ်ဆန့်စာ သူ့
အသိုက်မြုံလေးကိုပဲ။
'အလုပ်လုပ်တဲ့ နေရာမှာ
အိုင်ဒီယာက အရေးကြီးတယ် ပန်းချီဆရာရဲ့'
'အလုပ်'
အာမေဋိတ်သံနဲ့အတူ သူ့မျက်လုံးတွေ
နည်းနည်း ခရီးဆန့်မိသွားပြီ။ တာဝန်ခံ လိုချင်တဲ့ ပစ်မှတ်ကို သူ မထိခဲ့ဖူးလား။
'ဟုတ်တယ်လေဗျာ။
အိုင်ဒီယာကောင်းမယ်ဆိုရင် လုပ်မယ့်အလုပ်ဟာ မြန်လည်း မြန်မယ်၊
ရင်းနှီးမြှုပ်နှံမှုလည်း နည်းမှာပေါ့။ လူတစ်ယောက်ဟာ သူ့
အိုင်ဒီယာပေါ်မှာမူတည်ပြီး အလုပ်ကို အကောင်အထည် ဖော်ကြတာပဲ'
သူ ဘာမှမပြောဖြစ်ဘူး။ သူ့စိတ်ကို
တာဝန်ခံစကားမှာ ကျောက်ချထားတယ်။ တကယ်လည်း စဉ်းစားမှုတွေက မီးကို မပြနိုင်တာ။
'ကျွန်တော့်ကိုပဲကြည့်၊
အိုင်ဒီယာမှားသွားတာ။ ဒီ ပန်းချီကား နှစ်ကားဆွဲလိုက်တော့ ငွေ ၆ သောင်း
ကုန်သွားပြီ။ ဒီ ပန်းချီကား နှစ်ကားနေရာမှာ နိုင်ငံခြားကလာတဲ့ ရှုခင်းပုံကောင်းကောင်းလေး
နှစ်ပုံကပ်ထား၊ ဖြစ်တာပဲ။ ဒါဆိုလည်း အဆင်ပြေပြီပေါ့။ ကုန်ကျစရိတ်လည်း
ဘာမှပြောပလောက်မှာ မဟုတ်ဘူး။ ဒါကြောင့် စီးပွားရေးပညာရှင်ကြီးတွေက ဆိုထားတာ။
အလုပ်လုပ်တဲ့နေရာမှာ အိုင်ဒီယာ၊ စိတ်ကူးတစ်ချက် မှားသွားတာနဲ့ ဒိုင်းခနဲ
အောင်မြင်သွားတာပဲတဲ့'
အိုင်ဒီယာ၊ အလုပ်။ သူ့ စိတ်တို့
လေဟုန်ခိုစီးနေတယ်။ အလုပ်ရဲ့ ရေသောက်မြစ်ဟာ ငွေကြေးလား။ အလုပ်တစ်ခုရဲ့
အောင်မြင်မှု အတိုင်းအတာဟာ ငွေကြေးလား၊ အိုင်ဒီယာ ညီမျှခြင်း လက်တွေ့လုပ်ဆောင်ချက်
အလုပ်ဆိုရင် အလုပ်ညီမျှခြင်း ဘာလဲ။ အလုပ်နဲ့ အနုပညာကကော စီးပွားရေး
ဂရပ်ဖ်ဆွဲခံရမယ့် စက္ကူတစ်စလား။ အလုပ်ညီမျှခြင်း ငွေကြေးတိုးတက်မှု ဆိုတာကိုတော့
သူ့နှလုံးသွေးက တဆတ်ဆတ်ထိမခံ ငြင်းဆန်နေမိဆဲ။
▀
တင်မြင့်ဦး
၊သံတွဲ၊
(အမှတ် ၁၈၈၊
ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်