ဝင်းငြိမ်း
ကိုယ်ပိုင်စာဖတ်ချိန်ရှားပါးတဲ့
ကျွန်တော့်အတွက် သင်္ကြန်ပိတ်ရက်များဟာ အတိုးချစာဖတ်တဲ့ ရက်များပါပဲ။
ဗိုလ်မှူးဂျိမ်း(စ) ဟေးဝစ်ရေးခဲ့တဲ့ Love and War ကို
ဖတ်ခဲ့ရေးခဲ့တာလည်း သင်္ကြန်ကာလပါ။ ၂ဝဝ၃ ခုနှစ်မှာ ဒိုင်ယာနာရဲ့ ဘဏ္ဏာစိုး
ပေါ(လ)ဘာရယ်(လ) ရေးသားလိုက်တဲ့ A Royal Duty ဆိုတဲ့စာအုပ်
ထွက်လာခဲ့ပါတယ်။ သြစတြေးလျားမှာနေတဲ့ ဆရာကိုမြင့်သန်းနဲ့ ဇနီး သန်းသန်းရည်တို့က စာအုပ်
ထွက်ထွက်ချင်း ၂ဝဝ၃ ခုနှစ်၊ ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ယူပေးပို့ခဲ့တာကြောင့် ၂ဝဝ၄
ခုနှစ် သင်္ကြန်ရက်မှာ ရေးမယ်လို့ တေးထားခဲ့ပါတယ်။
ဒါပေမယ့်....မမျှော်လင့်ဘဲ
မန္တလေးမှာ သွားနေတဲ့ ကျွန်တော့်ညီ ကိုရဲ အက်ဆီးဒင့်ဖြစ်လို့ တင်ပါးဆုံရိုး
အက်သွားတယ်။ အော်ပရေးရှင်း လုပ်ရမယ်။
အစ်ကိုအမြန်လိုက်လာပါဆိုတာကြောင့် ၂ဝဝ၄ ခုနှစ် သင်္ကြန်အကြိုညမှာ ကားနဲ့
လိုက်သွားရပါတယ်။ တည်းခိုတဲ့ Universe Hotel နဲ့ နန်းတော် အထူးကု
ဆေးရုံတို့ ကူးချည်သန်းချည်လုပ်ရင်း သင်္ကြန်ရက်ကုန်ဆုံးခဲ့ရပါတော့တယ်။ သင်္ကြန်ဆိုတာ ဘာမှန်းမသိခဲ့သလို
ဘာသာပြန်မယ့်ကိစ္စလည်း ရေစုန်မျောသွားခဲ့ရပါတယ်။
တစ်နှစ်လုံးလုံး
ဒီစာအုပ်ကို မကိုင်ဖြစ်တော့ဘူး။ ၂ဝဝ၅ ခုနှစ် ဧပြီလဆန်းပိုင်းမှာ
ချားလ်စ်မင်းသားနဲ့ ၃ဝ နှစ်လုံးလုံး တိတ်တခိုးချစ်သူအဖြစ် ရပ်တည်ခဲ့တဲ့
ငယ်ချစ်ဟောင်း ကယ်မီလာပါကာဘိုးလ်စ်တို့ လက်ထပ်ပွဲဆင်နွှဲတဲ့ သတင်းက နေ့စဉ်နဲ့အမျှ
အင်တာနက်မှာ ဖတ်လာရပါတယ်။ ဒီသတင်းများကြောင့် ကျွန်တော်ဆန္ဒရှိခဲ့တဲ့ A Royal Duty ကလည်း ရင်ထဲကို တစ်ကျော့ပြန်ဝင်လာခဲ့ပါတော့တယ်။ ဒါကြောင့်
ဒီနှစ်သင်္ကြန်ရက်မှာ စတင်ရေးသားဖြစ်ခဲ့ပါပြီ။
ဘာသာပြန်
အခန်းဆက် ဖတ်ချင်တယ်လို့ တောင်းဆိုကြတဲ့ ကျွန်တော့် စာဖတ်ပရိသတ်များ
(မြှောက်ပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့) ကိုရော၊ မူရင်းစာအုပ်
လက်ဆောင်ပေးပို့ခဲ့တဲ့ ဆရာကိုမြင့်သန်း၊ မသန်းသန်းရည် တို့ကိုပါ
အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါရစေ။
ဝင်းငြိမ်း
နိဒါန်း
မင်းသမီးက ၁၉၉၇ခုနှစ်၊ သြဂုတ်လ (၃၁)
ရက်နေ့ မနက်လေးနာရီအချိန် ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆေးရုံမှာ
ကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်တော်သူ့ကို နောက်ဆုံးတွေ့ခဲ့တာက သြဂုတ်လ (၁၅) ရက်နေ့၊
သောကြာနေ့ကပေါ့။ ကင်စတန်နန်းတော်ရဲ့ ရှေ့တံခါးကနေ သူ့ BMW ကားထွက်သွားတော့
ကားနောက်ခန်းကနေ ကျွန်တော့်ကို လက်ပြနှုတ်ဆက်သွားခဲ့တာပါ။
အဲဒီနေ့မတိုင်ခင်တစ်ရက်က
ကျွန်တော်တို့နှစ်ယောက် ကင်စတန်လမ်းမကြီးပေါ်မှာရှိတဲ့ Waterstone စာအုပ်ဆိုင်ကို ရောက်ဖြစ်ခဲ့ကြသေးတယ်။ အချိန်က တော်တော်နည်းနေပြီဖြစ်လို့
လမ်းလျှောက် မနေကြတော့ဘဲ ကားနဲ့ပဲ သွားခဲ့ကြပါတယ်။ စာဖတ်တာ အင်မတန်မြန်တဲ့
မင်းသမီးအတွက် လမ်းခရီးမှာ ဖတ်ဖို့ စိတ်ပညာစာအုပ်တွေ၊ ဝိညာဉ်နဲ့ပတ်သက်တဲ့ စာအုပ်၊
စိတ်နဲ့ကုစားခြင်းစာအုပ် ဒါဇင်ဝက်လောက် ဝယ်ဖြစ်ခဲ့ပါတယ်။ စာအုပ်ဆိုင်ကနေ
ဘယ်မှဆက်မသွားကြတော့ဘဲ နန်းတော်ဆီကို ပြန်ခဲ့ကြပါတယ်။ ခရီးထွက်ဖို့
ပစ္စည်းတွေထည့်နေတာ လက်စသတ် ရခါနီးမှာမို့ပါ။ မင်းသမီးကို သူ့အဝတ်အစားတွေ
ထိမ်းသိန်းပေးတဲ့ 'အင်ဂျလာဘင်ဂျမင်'က ကူညီပေးခဲ့ပါတယ်။
နန်းတော်ဝင်းထဲ မောင်းဝင်လိုက်တော့
မင်းသမီးက တော်တော်လေး စိတ်လက်ပေါ့ပါးသွားပုံရပါတယ်။ 'ဒီတစ်ခေါက်
ခရီးထွက်ရမှာ အေးအေးချမ်းချမ်း ရှိလိမ့်မယ် ထင်တယ်။ အဖော်ကလည်းကောင်း၊
စာအုပ်တွေလည်း အေးအေးဆေးဆေး ဖတ်ဖြစ်မယ်ထင်တယ်' လို့
ဆိုခဲ့တယ်။
မင်းသမီးရဲ့ အမျိုးသမီးမိတ်ဆွေ 'ရိုဆာ'
က သင်္ဘောသားလေးယောက်သာ မောင်းရတဲ့ ရွက်သင်္ဘောတစ်စီးငှားပြီး
သူတို့သူငယ်ချင်းနှစ်ယောက် ဂရိကျွန်းစုကို လည်ပတ်ကြမယ့် ခြောက်ရက်ခရီး
စီစဉ်ခဲ့ပါတယ်။ အဲဒီခရီးက ပြန်လာရင် အခြားအမျိုးသမီး မိတ်ဆွေတစ်ဦးဖြစ်တဲ့ 'လာနာ' ကလည်း မင်းသမီးနဲ့ အတူ အီတလီနိုင်ငံကို
ငါးရက်ကြာ ခရီးသွားကြဖို့ စီစဉ်ထားပါသေးတယ်။ မီလန်မြို့က လေးရာသီဟိုတယ်မှာ
တည်းကြမယ်ပေါ့။ အဲဒီအချိန်ထိ သြဂုတ်လ နောက်ဆုံးပတ်မှာ 'ဒိုဒီ'
နဲ့အတူ အချိန်ဖြုန်းဖို့ အစီအစဉ် မရှိခဲ့သေးပါဘူး။ လာနာနဲ့
သွားမယ့်ခရီးစဉ်အတွက် ဟိုတယ်မှာ အခန်းကြိုတင် ငှားရမ်းထားပြီးဖြစ်သလို
လေယာဉ်လက်မှတ်လည်း ကြိုတင်ယူထားပြီးသားပါ။ ဒါပေမယ့် လာနာရဲ့ ဖခင် ရုတ်တရက် ကွယ်လွန်သွားတာကြောင့်
ဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတဲ့အခါ မင်းသမီးက ရုတ်တရက် အားသွားတယ်။
သားတော်တွေကလည်း သြဂုတ်လ (၃၁) ရက်နေ့မှ ကင်စတန်နန်းတော်ကို ရောက်လာကြမှာပါ။
တစ်ယောက်တည်း ရှိနေမယ့်ရက်တွေမှာ သူနဲ့အတူ ဂျိုနီကာလ် ရွက်သင်္ဘောစီးရင်း
ပြင်သစ်ရေပိုင်နက်မှာ အပန်းဖြေကြရအောင်လို့ ဒိုဒီက စကားကမ်းလှမ်းလာတော့ မင်းသမီးက
လက်ခံလိုက်ပါတယ်။
စာရာနဲ့ ခရီးထွက်ပြီး ဒိုဒီဆီ
မသွားခင် မင်းသမီးက သြဂုတ်လ (၂၁) ရက်နေ့မှာ ကင်စတန်နန်းတော်ကို တစ်ရက်တည်း
ပြန်လာဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီနေ့ဆိုရင် အင်္ဂလန်မှာ
ရှိတော့မှာမဟုတ်ပါဘူး။ မူလအစီအစဉ်အတိုင်း မင်းသမီးခရီးထွက်တဲ့ရက်မှာ
ကျွန်တော်ကလည်း မိသားစုနဲ့အတူ အိုင်ယာလန်နိုင်ငံ 'နားစ်' မြို့မှာ မိသားစုနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားပြီး ဖြစ်လို့ပါပဲ။
ဒါကြောင့် မင်းသမီးနဲ့ ကျွန်တော် သြဂုတ်လ (၁၅) ရက်နေ့မှာနောက်ဆုံးတွေ့ဆုံကြတာပါ။
ခရီးထွက်ဖို့ ပျော်နေတဲ့ မင်းသမီးရဲ့အပျော်တွေက ကျွန်တော့်ကိုပါ ကူးစက်ခဲ့ပါတယ်။
ခန်းမဆောင်ထဲမှာ ရိုဆာနဲ့ ကျွန်တော် မင်းသမီးကို ထိုင်စောင့်ရင်း 'ရိုဆာ...ဒီတစ်ယောက်က မင်းသမီးနဲ့ မသင့်တော်တာ အမှန်ပဲ၊ ဒီတော့ မင်းဘက်က
တတ်နိုင်သလောက် လုပ်ဦး' လို့ ကျွန်တော်က ပြောလိုက်တယ်။
ဒီတစ်ယောက်ဆိုတာ ဒိုဒီကို ရည်ညွှန်းမှန်း ရိုဆာကလည်း သိပါတယ်။ ရိုဆာ အနေနဲ့
မင်းသမီးကို အတိုက်အခံ ဘယ်ပြောလို့ရပါ့မလဲ။ ဒါပေမယ့် တတ်နိုင် သလောက်ပေါ့။
ကျွန်တော့်စကား ကြားတော့ ရိုဆာက ပြုံးပြီး ခေါင်းညိတ်တယ်။
အပေါ်ထပ်မှာ မင်းသမီးက
အလုပ်များနေတယ်။ စာကြည့်စားပွဲပေါ် က ရှင်းစရာရှိတာတွေကို ရှင်း၊ အမှိုက်တောင်းကို
အပြင်ထုတ်၊ ပခုံးမှာ လွယ်မယ့် အိတ်ထဲ ပါသင့်တာတွေပါအောင် စစ်ဆေး၊
သူငယ်ချင်းနှစ်ယောက် လှေကားက ဆင်းလာရင်း တစ်ဝက်တစ်ပျက်မှာ မင်းသမီးက ထုံးစံအတိုင်း
နောက်တစ်ခေါက် စစ်ဆေးမှု ထပ်လုပ်ပါတယ်။ စိတ်ထဲက စစ်တာ မဟုတ်ပါဘူး။ ပါးစပ်က
ရေရွတ်ပြီးတော့ စစ်တာပါ။ 'ပါ့(စ)ပို့(တ)၊ တယ်လီဖုန်း၊ ဝေါ့(က)မဲန်.....'
ကျွန်တော်က လှေကားခြေရင်းကနေ
လက်ရန်းကိုကိုင်ရင်း မင်းသမီးကို မော့ကြည့်နေမိတယ်။ ဗားစေ့(စ) ဝတ်စုံကို
ရိုးရိုးကလေး ဝတ်ဆင်ထားပါတယ်။
'မင်းသမီး...ဒီနေ့လောက်
ကြည့်ကောင်းတာ ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး...၊ အခုလည်း အသား အရေက တော်တော်လေး
ညိုနေပါပြီ၊ တကယ်တော့ ပင်လယ်ထွက်ပြီး နေစာလှုံဖို့တောင် မလိုတော့ပါဘူး...' လို့ ဆိုလိုက်တော့ မင်းသမီးက ပြုံးပြီး ဆက်ဆင်းလာခဲ့တယ်။
အပြင်ထွက်ခါနီးမှ မင်းသမီးက 'ဒါလေးခဏ...'
လို့ ဆိုကာ သူ့အိတ်ကို ကျွန်တော့်လက်ပေးခဲ့ပြီး
ကိုယ်လက်သန့်စင်ခန်းဘက်ကို သွားခဲ့သေးတယ်။ မိနစ်ပိုင်းအတွင်းမှာ ခရီးထွက်ဖို့
အဆင်သင့် ဖြစ်သွားပါပြီ။ နန်းတော်တံခါးဝက ထွက်လိုက်ပြီး ကားထဲ
ဝင်ထိုင်လိုက်ချိန်မှာ ယာဉ်မောင်းက စက်နှိုးလိုက်ပါပြီ။ ကျွန်တော်က တံခါး
မပိတ်သေးတဲ့ ကားတွင်း ကိုယ်တိုင် ဝင်လိုက်ပြီး မင်းသမီးကို ကားထိုင်ခုံ ခါးပတ် ပတ်ပေးလိုက်ပါ
သေးတယ်။ 'ဖုန်းဆက်ဖို့များ အခွင့်အရေးရမယ်ဆိုရင်
ဆက်မယ်မဟုတ်လား ပေါလ်' လို့ မင်းသမီးက ဆိုတယ်။
'ဆက်မှာပေါ့...' လို့ ကတိပေးလိုက်ပါတယ်။ အပန်းဖြေခရီးစဉ်အတွင်း မင်းသမီးသုံးဖို့
လက်ကိုင်ဖုန်း နံပါတ်သစ်ကို ကျွန်တော်ပဲ စီစဉ်ပေးခဲ့တာပါ။ ဒီနံပါတ်ကိုလည်း
အရေးကြီးတဲ့ လူနည်းစုလောက်သာ သိခွင့် ပြုခဲ့ပါတယ်။
'ပျော်စရာခရီးစဉ်ဖြစ်ပါစေ
ပေါလ်...' မင်းသမီးက ကျွန်တော့်အတွက်
ဆုတောင်းစကားဆိုလိုက်ပြီး ထွက်ခွာသွားတဲ့ BMW ကားပေါ်ကနေ
လက်ပြနှုတ်ဆက်သွားပါတယ်။ နန်းတော်တံခါးဝမှာရပ်ပြီး မျက်စိတစ်ဆုံး ကြည့်နေမိတယ်။
ဝင်းတံခါးမှထွက်၊ ဘယ်ဘက်ကိုကွေ့၊ မြင်ကွင်းက ပျောက်ကွယ်သွားတဲ့ အထိပါပဲ။ BMW
ကားက မင်းသမီးကို ဟီးသရိုးလေဆိပ်သို့ ပို့ဆောင်မှာပါ။ လေဆိပ်ကျရင်
အေသင်ကိုသွားမယ့် လေယာဉ်နဲ့ ခရီးထွက်ခွာသွားပါလိမ့်မယ်။
□
ကျွန်တော်တို့ 'ဘာရယ်(လ)'
မိသားစုက ဇနီးဖြစ်သူ မာရီယာဘက်မှ တော်စပ်တဲ့ ကော့(စ)ဂရု(ဖ) မိသား
စုများနဲ့ အိုင်ယာလန်နိုင်ငံ နား(စ) မြို့ မှာ လေးရက်ကြာ လည်ပတ်ကြပါတယ်။
ကီ(လ)ကင်နီရဲတိုက်ကြီးသို့ သွားရောက်လည်ပတ်ကြသလို BBC
ရုပ်မြင်သံကြား အစီအစဉ်မှ နာမည်ကြီး ဇာတ်လမ်းတွဲ Bally Kiss Angel ရိုက်ကူးတဲ့
ရွာကလေးကိုလည်း သွားလည်ခဲ့ကြပါသေးတယ်။ နာမည်ကြီး Fitzgerland Pub ကိုလည်း
ရောက်ခဲ့ကြတာပေါ့။ ဒီခရီးစဉ်အတွင်းမှာ ကျွန်တော့်ဇနီးသည် မာရီယာက
တင်းကြပ်တဲ့အမိန့် ထုတ်ထားပါတယ်။ ကျွန်တော့်အလုပ်တွေ အားလုံးနဲ့ မင်းသမီးကို
မေ့ထားရမတဲ့...'' 'ဒါမိသားစု
အားလပ်ရက်၊ မိသားစုပိုင်တဲ့အချိန်' လို့ သူက ဆိုပါတယ်။
ပြဿနာက မင်းသမီးကို ဖုန်းဆက်ပါမယ်လို့
ကတိပေးထားခဲ့တယ်။ ကျွန်တော် ဆက်ရမယ်။ လေးရက်လုံးလုံး အဆက်အသွယ်ပြတ်နေတာကို
ကျွန်တော့် 'ဘော့(စ)' က သတိထားမိမှာပဲ။ ဒါကြောင့်... လမ်းလျှောက်ထွက်ဦးမယ်လို့
အကြောင်းပြပြီး ထွက်လာခဲ့ပါတော့တယ်။
ကျွန်တော်ဖုန်းဆက်တဲ့အချိန် မင်းသမီးက
ရိုဆာနဲ့အတူ ကုန်းပတ်ပေါ်ရောက်နေတယ်။ မင်းသမီးက သူ ရောက်နေတဲ့ နေရာမှာ နေသာပြီး
ပူနွေးကြောင်း ပြောတော့ ကျွန်တော်က အိုင်ယာလန်မှာတော့ စွတ်စို ထိုင်းမှိုင်းနေတဲ့အကြောင်း
ပြောဖြစ်ခဲ့ပါတယ်။ သူက ဝိညာဉ်နဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားလို့
နောက်တစ်အုပ် စကိုင်နေကြောင်းပြောပြီး စကားဖြတ်လိုက်ကြပါတယ်။ ဖုန်းမချခင်မှာ
ကျွန်တော်က အိမ်ပြန်ရောက်ရင် ဖုန်းထပ်ဆက်ပါဦးမယ်လို့ ကတိပေးခဲ့ရပါသေးတယ်။
အဲဒီအချိန်ဆိုရင် မင်းသမီးက ဒိုဒီနဲ့အတူ 'ဂျိုနီကာ(လ)'
ရွက်င်္ဘောပေါ် ရောက်နေပါပြီ။ မိသားစုရှိရာ ပြန်ရောက်တော့
ကျွန်တော်က တော်တော် ဝေးဝေးလမ်းလျှောက်လိုက်ရတဲ့အတွက် နေသာထိုင်သာရှိသွားကြောင်း
ပြောဖြစ်ခဲ့ပါသေးတယ်။
သြဂုတ်လ (၂၁) ရက်နေ့မှာ မင်းသမီးက
ကင်စတန်ကို လေယာဉ်နဲ့ ပြန်ခဲ့ပြီး အဲဒီနေ့မှာပဲ ဒိုဒီနဲ့ တွေ့ဖို့အတွက် နိုက်(စ)သို့ လေယာဉ်နဲ့ ပြန်လည်
ထွက်ခွာခဲ့ပါတယ်။ နှစ်ယောက် ဆုံမိတော့မှ 'ဂျိုနီကာ(လ)' ရှိရာကို သွားကြတာပါ။ မင်းသမီးခရီးထွက်သွားတဲ့ ကာလအတွင်း
ကင်စတန်နန်းတော်ရဲ့ ဧည့်ဆောင်ကို ပြင်ဆင်ခဲ့ကြတာကြောင့် အပြာရောင် ခန်းဆီးများ
တပ်ဆင်ထားတာကို တွေ့ခဲ့ရတဲ့အပြင် ဆိုဖာအသစ်များလည်း လဲထားတာကို တွေ့သွားပါသေးတယ်။
အိမ်ထောင်ပရိဘောဂများ
အသစ်လဲလှယ်တဲ့ကိစ္စက မင်းသမီးရဲ့ ပြင်းပြလှတဲ့ ဆန္ဒတစ်ရပ်ကြောင့်ပါ။ တစ်ခါ တုန်းက
အမေရိကန်ပြည်ထောင်စုမှ အိမ်များရဲ့ ပုံစံတွေကို ဖော်ပြထားတဲ့ လက်ကမ်းစာရွက်များကို
ကြည့်ဖြစ် ခဲ့ရာက တောင်ကုန်းကလေးတစ်ခုပေါ် မှာ တည်ဆောက်ထားတဲ့ အိမ်တစ်လုံးရဲ့
ပုံစံကိုတွေ့ပြီး မင်းသမီးက ဝယ်လို စိတ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအိမ်က အမေရိကန်ရောက်
ဗြိတိသျှရုပ်ရှင်မင်းသမီး ဂျူလီအင်ဒရူးရဲ့ အိမ်ပါ။ သူ့စိတ် ကူးက အားလပ်ရက်များမှာ
သွားနေမယ်ပေါ့။ ကင်စတန်နန်းတော်က လန်ဒန်မှာ အခြေစိုက်နေအိမ်ဖြစ်ပြီး အမေရိကားက
နေအိမ်ကတော့ အပန်းဖြေနေအိမ်ပေါ့။
အမေရိကားမှာ သွားနေမယ်ဆိုတဲ့စိတ်ကူးက
ဆောင်းရာသီကတည်းက ပေါ်ပေါက်နေခဲ့တာပါ။ 'အမေရိကား က ကျွန်မရဲ့
ရည်မှန်းချက်ပဲ။ တကယ်လို့ သွားနေတော့မယ်လို့ ဆုံးဖြတ်ခဲ့ရင် ပေါလ်တို့ မိသားစုပါ
ကျွန်မနဲ့ လိုက်နေစေချင်တယ်' လို့ ဆိုခဲ့ဖူးပါတယ်။
ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ဆေးရောင်စုံ
စာမျက်နှာများစွာနဲ့ ပုံနှိပ်ဖော်ပြထားတဲ့ ဂျူလီရဲ့ အိမ်ပုံစံကို ချကြပြီး
နှစ်ယောက်သား စီမံခန့်ခွဲခဲ့ကြဖူးတယ်။ 'ဒါကတော့ အဓိက
ဧည့်ခန်းဆောင်ပေါ့။ ဒီအခန်းက ဝီလျံအတွက်၊ ဒါက ဟယ်ရီအတွက်အခန်း၊ ဟောဒီစွယ်ကတော့
ပေါလ်တို့မိသားစုအတွက်။ အဲဒီမှာဆိုရင် ကျွန်မတို့အတွက် ဘဝအသစ် ပြနိုင်မှာပဲ။
ရင်ခုန်စရာ မကောင်းဘူးလား ပေါလ်...။ အဲဒီမှာက ဘာမဆို ရနိုင်တယ်လေ...' တဲ့။
ကျွန်တော်ကိုယ်တိုင်ကလည်း အမေရိကားမှာ
နေဖို့ ရည်မှန်းခဲ့သူပါ။ ဒါပေမယ့်
မင်းသမီးပြောသလောက် တော့ မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်သေးဘူး။ 'ကျွန်တော့်အထင်ပြောရရင်
ချက်ချင်းကြီးတော့ မဆောင်ရွက်သင့် သေးဘူးထင်တယ်။ ဖြည်းဖြည်းချင်းမှ
ဆောင်ရွက်သင့်တယ် ထင်ပါတယ်' လို့ သူ့စိတ်ကူးယဉ်
ဆပ်ပြာဘူဘောင်း ကလေး ကွဲမသွားရအောင် နှစ်သိမ့်ခဲ့ရတယ်။
အဲဒီညနေမှာ မင်းသမီးက ကျွန်တော့်ကို
နောက်ထပ်မေးခွန်းတစ်ခု မေးလာပြန်ပါတယ်။ တကယ်လို့ အမေရိ ကားကို လောလောဆယ်
မသွားသင့်သေးဘူးထင်ရင် Cape
Cod ကို ဘယ်လို သဘောရလဲ။ သူက လန်ဒန်နဲ့ ပိုနီး တယ်။ အဲဒီကနေ
ကျွန်မတို့ ကမ္ဘာအနှံ့ ခရီးထွက်နိုင်မယ်။ အကူအညီလိုတဲ့ သူတွေကို
ရှာဖွေပေးနိုင်မယ်လေ' တဲ့။
ကျွန်တော်တို့နှစ်ယောက်သား ထိုင်ပြီး
အမေရိကန်လူနေမှုဘဝကို စိတ်ကူးယဉ်ခဲ့ကြတယ်။ ပင်လယ်ကမ်းခြေ မှာ နားနေနိုင်မယ်။
အမြဲတမ်း ပူနွေးတဲ့ နေခြည်ရနေခြင်းကိုက လွတ်လပ်မှုအရသာ ရစေတယ်။ နောက်တစ်ခု
ရှိသေးတယ်။ အဲဒါက သူ့စိတ်ထဲမှာ အမြဲရှိပေမယ့် ကင်စတန်နန်းတော်မှာ ဘယ်တော့မှ
မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ 'အဲဒီမှာဆိုရင် ကျွန်မတို့
ခွေးတစ်ကောင်လည်း မွေးနိုင်မယ်' တဲ့။ မင်းသမီးက
ခွေးအနက်တစ်ကောင်လောက် မွေးချင်တဲ့ ဆန္ဒအမြဲရှိခဲ့ပါတယ်။ အမေရိကားမှာ
သွားနေမယ်ဆိုတဲ့ စိတ်ကူးနဲ့တင် သူ့ခမျာ တော်တော် ပျော်နေခဲ့ပါပြီ။
'ကျွန်မအရင်တုန်းကတည်းက
ပြောခဲ့ဖူးတယ်မဟုတ်လား။ အမေရိကားမှာ သွားနေကြမယ်လို့...' လို့
ဆိုပါတယ်။
မင်းသမီးကတော့ ပြတ်ပြတ်သားသားကို
ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ အကြောင်းအရာပေါင်းများစွာကို ဆွေးနွေးခဲ့ကြတယ်။ ဒါတွေက
လျှို့ဝှက်ချက်တွေဖြစ်လို့ ကျွန်တော် မပြောလိုပါ။ ဒီလျှို့ဝှက်ချက်တွေက ကျွန်တော်
နဲ့အတူ မြေကြီးထဲအထိ သယ်ဆောင်သွားမယ့် ကိစ္စတွေပါ။ မကြာခင်မှာပဲ
အားလုံးအံ့သြသွားစေမယ့် ကိစ္စတွေက ပေါ်လာတော့မယ်။ အဲဒီအတွေးနဲ့ပဲ သူ
ရင်ခုန်နေခဲ့ပါပြီ။
နား(စ) က ပြန်လာပြီးတဲ့
နောက်နေ့စဉ်လိုလို ကျွန်တော် မင်းသမီးထံ ဖုန်းဆက်ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ကနေ
ဆက်တာတော့ မဟုတ်ပါဘူး။
ကျွန်တော်ဖုန်းဆက်တိုင်း မင်းသမီးက
ကုန်းပတ်ပေါ်မှာ နေစာလှုံနေတာဖြစ်စေ၊ သူမရဲ့ အခန်းထဲမှာ တစ်ယောက်တည်း
နားနေချိန်ဖြစ်စေ ကြုံတတ်ပါတယ်။ ပထမတစ်ကြိမ်ဖုန်းဆက်ကတည်းက
အဲဒီအသိုင်းအဝိုင်းကြားမှာ သူမနေတတ်၊ မထိုင်တတ် ဖြစ်နေတယ်ဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။
ဒိုဒီက သူ့အတွက် ငွေနဲ့လုပ်ထားတဲ့
ဓါတ်ပုံဘောင်တစ်ခုပေးပြီး အဲဒီဘောင်မှာ ကဗျာတစ်ပုဒ် ထွင်းထား တယ်လို့ မင်းသမီးက
ဆိုတယ်။
'ဒါဆို တော်တော်ကလေးကို
လေးလေးနက်နက် သဘောထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့' လို့
ကျွန်တော်က မှတ်ချက်ပေးတော့ မင်းသမီးက…
'ဟုတ်ဖူး... အရမ်းကို
ချစ်တတ်တဲ့ သဘောပေါ့...' လို့ ပြောပြီး
ရယ်နေတယ်။ ဒိုဒီက မင်းသမီးအတွက် လည်ဆွဲတစ်ကုံးနဲ့ နားဆွဲတစ်ရံလည်း
လက်ဆောင်ပေးသေးသတဲ့။
'တော်တော်ဆိုးတဲ့သူ' လို့ ပြောပြီး တခစ်ခစ်ရယ်နေလေရဲ့။
အခြေအနေကို ကျွန်တော် နားလည်လိုက်ပါတယ်။
ဒိုဒီက မင်းသမီးကို
အရူးအမူးချစ်နေပြီဖြစ်လို့ သဲသဲမဲမဲ ချစ်ခွင့်ပန်နေပါပြီ။ အချစ်ငတ်နေတဲ့
ကျွန်တော့်သခင်မအတွက် အချစ်ခံရခြင်းဟာ ပီတိဖြစ်စရာပေါ့။ တကယ်တော့ ဒိုဒီက
ညစာစားပွဲမှာကတည်းက ချစ်ခွင့်ပန်ခဲ့ပြီးသားပါ။ ဒါပေမယ့် မင်းသမီးက အဖြေပေးရမှာ
စောလွန်းသေးတဲ့အတွက် အဖြူအမည်း သည်းသည်းကွဲကွဲ အဖြေမပေးခဲ့သေးတာပါ။
'အဲဒီတော့... မင်းသမီးက
ဘာပြောလိုက်သလဲ' လို့ ကျွန်တော် စပ်စုကြည့်ခဲ့ပါတယ်။
'လက်ဆောင်ပဏ္ဏာတွေပေးတဲ့အတွက်
ရှင့်ကိုကျေးဇူးတင်ပါတယ်လို့ပဲ ပြောခဲ့တာပေါ့' တဲ့။
မင်းသမီးကွယ်လွန်သွားချိန်မှာ ကောလာဟလ
နှစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ တစ်ခုက ဒိုဒီနဲ့ မင်းသမီးတို့ လက်ထပ်ကြဖို့
အစီအစဉ်ရှိတယ်ဆိုတာနဲ့ နောက်တစ်ခုက မင်းသမီးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလာဟလ
များပါပဲ။ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကိစ္စက လုံးဝမဟုတ်ပါဘူး။
လက်ထပ်ဖို့ အစီအစဉ်ရှိတယ် ဆိုတာကတော့
ဒိုဒီရဲ့ မိတ်ဆွေများဘက်က ထွက်လာတဲ့ စကားဖြစ်ပါ လိမ့်မယ်။ ဒီစကားကို
ဒိုဒီကိုယ်တိုင်က သူ့မိတ်ဆွေတွေကို ပြောခဲ့တာ ဖြစ်ပါလိမ့်မယ်။ မိတ်ဆွေတွေက ခဏ ခဏ မေးကြလွန်းတော့
ဖြေခဲ့တာနေမှာပါ။ မင်းသမီးဘက်ကတော့ လက်ခံတဲ့အဆင့်ကို မရောက်သေးပါဘူး။ မင်း သမီးအနေနဲ့
အဲဒီအချိန်က ပျော်နေတာ မှန်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုဖို့အထိတော့
စိတ်ကူးမရှိခဲ့ပါဘူး။
နောက်တစ်ကြိမ် ကျွန်တော်ဖုန်းဆက်တော့
မင်းသမီးက ဒိုဒီနောက်တစ်နေ့ လက်ဆောင်ထပ်ပေးရင် 'လက်စွပ်'ဖြစ်တော့မယ်လို့ ခန့်မှန်းထားပါသတဲ့။
'လက်စွပ်ပေးလာရင် ကျွန်မ
ဘယ်လိုလုပ်ရမလဲ ပေါလ်။ လက်ခံလိုက်ရင် သူ့ကို လက်ထပ်မယ်ဆိုတဲ့ အဓိပ္ပာယ်
သက်ရောက်သွားလိမ့်မယ်။ ကျွန်မ နောက်ထပ် အိမ်ထောင်ပြုချင်ပါတယ်။
ဒါပေမယ့်...နောက်တစ်ကြိမ် ဒုက္ခမကြုံချင်တော့ဘူး ပေါလ်...'
တဲ့။
'လွယ်ပါတယ်။
သူလက်စွပ်ပေးလာရင် လက်ခံလိုက်ပါ။ ညာဘက်လက်၊ လက်သူကြွယ်မှာ ဝတ်လိုက်။ ဒါဆိုရင်
လက်ထပ်ပါမယ်လို့ အဓိပ္ပါယ် မသက်ရောက်တော့ဘူး။ မိတ်ဆွေအဖြစ် အသိအမှတ်ပြုပါတယ်ဆိုတဲ့
အဓိပ္ပါယ် ရောက်သွားပြီ။ လက်တော့ မမှားစေနဲ့နော်။ ညာဘက်လက် လက်သူကြွယ်မှာဝတ်' လို့
ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ အကြံပေးလိုက်ပါတယ်။
'ကောင်းလိုက်တဲ့ အကြံ၊ အဲဒီ
အတိုင်းပဲ ကျွန်မ ဝတ်မယ်...' တဲ့။
အဲဒီနောက်မှာတော့
ကျွန်တော်တို့နှစ်ယောက် လက်စွပ်အကြောင်း ထပ်မပြောဖြစ်ကြတော့ပါဘူး။ ဒိုဒီက
လက်စွပ်တကယ်ပေးခဲ့သလား၊ မပေးဘူးလား ဆိုတာလည်း ကျွန်တော် မမေးဖြစ်တော့ဘူး။
မင်းသမီးရင်ထဲမှာ ဒိုဒီနဲ့ ပတ်သက်တဲ့
သံသယတစ်ခု ဝင်နေတာ ရှိပါသေးတယ်။
'သူ ရေအိမ်ထဲကို မကြာခဏ
ဝင်တတ်တယ်၊ ဝင်သွားရင်လည်း တံခါးဂျက် အမြဲချထားတယ်။ ပြီးတော့ သူ မကြာခဏ 'ချေ' တတ်တယ်။ ပြောတာတော့ အခန်းလေအေးစက်က
မကောင်းလို့တဲ့။ အဲဒါနဲ့ ပတ်သက်ပြီး
ကျွန်မစိတ်ထဲမှာ နည်းနည်းတော့ အနှောင့်အယှက်ဖြစ်မိတယ်။ ဒါလည်း သူ့အတွက်
ကျွန်မ ကူညီနိုင်မယ့် ကိစ္စ တစ်ခုပဲ ဖြစ်မယ်ထင်ပါရဲ့ ပေါလ်ရယ်' တဲ့။ ကျွန်တော်တို့ စကားလမ်းကြောင်းက ကလေးနှစ်ယောက်ဘက် ပြောင်းသွားခဲ့တယ်။
သူ့ ကလေးတွေကို လွမ်းလှပြီ။ ကလေးတွေနဲ့ အမြန်ဆုံး ပြန်တွေ့ရအောင် ဒိုဒီနဲ့
ခရီးစဉ်ကို နှစ်ရက်လျှော့စေပြီး လန်ဒန်ကို နှစ်ရက်လောက် စောရောက်အောင်
ပြန်နိုင်ဖို့ လေယာဉ်လက်မှတ်စီစဉ်တော့ ဒိုဒီက အဲဒီလိုမဖြစ်အောင် မင်းသမီးကို
သိမ်းသွင်းနိုင်ခဲ့ပါတယ်။
'ကျွန်မ
အိမ်ပြန်ချင်ပြီပေါလ်... အားကစားခန်းကို သွားဖို့လည်း လိုအပ်နေပြီ...' တဲ့။
'အဲဒီသင်္ဘောက ဇိမ်ခံသင်္ဘောဆို။
အားကစားလုပ်ဖို့ အခန်းမပါဘူးလား...'လို့ မေးလိုက်တော့
သက်ပြင်းချသံ ကြားရတယ်။ လက်ပွန်းတတီး နေခဲ့ကြတာ ကြာပြီဆိုတော့ သူ့
သက်ပြင်းသံကြားတာနဲ့ ဘာဆိုတာ ကျွန်တော် မှန်းလို့ရပါတယ်။
'မပြောနဲ့တော့ မင်းသမီး။
အခြေအနေကို ကျွန်တော် သဘောပေါက်တယ်။ ဟိုလူက မင်းသမီးရဲ့ လှုပ်ရှား မှုအားလုံးကို
ထိန်းချုပ်ထားလို့ ထောင်ချောက်ထဲမှာ မိနေသလို ခံစားနေရတယ် မဟုတ်လား' လို့ မေးလိုက်ပါ တော့တယ်။
'ဟုတ်တယ်ပေါလ်...ကျွန်မ
အိမ်ပြန်သင့်ပြီ' တဲ့။
□
သြဂုတ်လ (၂၉) ရက်နေ့
ဖုန်းဆက်ရာမှာတော့ ခရီးစဉ်ပြောင်းသွားပြီတဲ့။ ပဲရစ်ကို သွားမယ်လို့ ဆိုတယ်။ ကျွန်တော်နဲ့ စကားပြောတာ သင်္ဘောကုန်းပတ်ပေါ်ကပါ။
သူ့ဘဝရဲ့ နောက်ဆုံး (၂၄) နာရီအတွင်း လက်ကိုင်ဖုန်းနဲ့ စကားပြောတာ ဖုန်းမှတ်တမ်းအရ
(၆) ကြိမ်သာရှိခဲ့ပြီး တစ်ကြိမ်က ကျွန်တော်နဲ့ ပြောခဲ့တာပါ။ အဲဒီနောက်ဆုံး
အကြိမ်ပြောတုန်းက ကျွန်တော်က ယောက်ဖတော်သူ ပီတာကော့(စ)ဂရု (စ)ရဲ့ အိမ်က
ပြောခဲ့တာပါ။ သူ့အိမ်က ဒီနှစ်နွေရာသီကမှ ဝယ်ခဲ့တဲ့ ကျွန်တော့် အပန်းဖြေစခန်း
နေအိမ်နဲ့ နှစ်အိမ်ပဲ ဝေးပါတယ်။ ကျွန်တော် ဖုန်းပြောနေစဉ်မှာ ကျွန်တော့်ဇနီး
မာရီယာနဲ့ သားများ၊ ယောက်ဖပီတာ၊ သူ့ဇနီး 'စူ' နဲ့
သမီးနှစ်ယောက်တို့ကပါ ကျွန်တော့်ကို အနှောင့်အယှက် မပေးကြပါဘူး။ ဒါပေမယ့်
မိနစ်လေးဆယ် ကြာအောင် မင်းသမီးနဲ့ ဘာတွေများ ပြောနေပါလိမ့်လို့တော့ သိချင်စိတ်တွေ
များနေကြတာပေါ့။
အဲဒီနေ့က ဖုန်းဆက်တော့ မင်းသမီးရဲ့
ခရီးစဉ် လမ်းကြောင်းပြောင်း သွားပါပြီ။ မူလတုန်းက မြေထဲပင် လယ်ဒေသကနေ လန်ဒန်ကို
တိုက်ရိုက်ပြန်ဖို့ဖြစ်ပြီး သြဂုတ်လ (၃ဝ) ရက်နေ့မှာ ပြန်ရောက်ဖို့ပါ။ အဲဒီနေ့က
စနေနေ့ဆိုတော့ တနင်္ဂနွေနေ့မှာ ရောက်လာမယ့် သားတွေထက် တစ်ရက်ကြိုရောက်မယ်ပေါ့။
ဒါပေမယ့် ဒိုဒီက ပဲရစ်ကို အလုပ်ကိစ္စအတွက် ဝင်ဖို့ ပေါ်လာသတဲ့။ ထုံးစံအတိုင်း
ဒိုဒီက မင်းသမီးကို သူနဲ့ လိုက်ခဲ့ဖို့ သိမ်းသွင်း လိုက်နိုင်ပုံရပါတယ်။
'ကျွန်မတို့ ပဲရစ်ကို
သွားရဦးမယ် ပေါလ်ရေ။ ဒါပေမယ့် တနင်္ဂနွေနေ့တော့ လန်ဒန်ကိုရောက်အောင်
ပြန်ခဲ့မယ်လို့ ကျွန်မ ကတိပေးပါတယ်။ အခု ဘယ်ကပြောနေသလဲ ရှင်မှန်းနိုင်ပါ့မလား...'
ဆာဒီနီးယားလို့ ကျွန်တော်က
မှန်းပြောလိုက်တယ်။
'မဟုတ်ဘူး ပေါလ်ရဲ့၊ မိုနာကို
ကိုရောက်နေတယ်။ ဒီညရော ဘယ်ကို သွားမယ် ထင်သလဲ...'
မင်းသမီးက ကျွန်တော့်ကို ပဟေဠိ
လုပ်ပြန်ပါတယ်။ စားသောက်ဆိုင် ကောင်းကောင်းတစ်ခုလို့ ကျွန်တော်က
မှန်းဆလိုက်ပြန်ပေမယ့် လွဲပြန်ပါတယ်။
'မဟုတ်ဘူး၊ ဒီည
ကျွန်မသွားမယ့်နေရာက ဂရေ့စ်ကယ်လီရဲ့ သင်္ချိုင်းဂူနေရာပဲ။ ကျွန်မ အရမ်းစိတ်ဝင်စား
တယ်'တဲ့။
ဂရေ့စ်ကယ်လီရဲ့ 'အသုဘကို
၁၉၈၂ ခုနှစ်က မင်းသမီးလိုက်ပါပို့ ဆောင်ပေးခဲ့ပြီးတဲ့နောက် ဒီတစ်ကြိမ်ဟာ
ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိခြင်းပါပဲ။
'သူ့အတွက်
ကျွန်မပန်းပွင့်ကလေးတွေ ချထားပေးမယ်။ ပြီးတော့ စကားတွေလည်း ပြောဦးမယ်...' လို့ ဆိုခဲ့တယ်။
အဲဒီနောက်မှာတော့ သူ့စိတ်တွေက
အိမ်ကိုပြန်ရောက်သွားခဲ့တယ်။ သားနှစ်ယောက်အတွက် အဝတ်အစား ချုပ်ပေးဖို့
စက်ချုပ်သမားကို တနင်္လာနေ့မှာ ခေါ်ထားဖို့။ ဘယ်နေ့မှာ ဘာပွဲတွေ တက်ဖို့ရှိသလဲ
စတဲ့သူ့တာဝန်တွေ မေးပါတယ်။ ကလေးတွေ ရောက်နေမယ့် အချိန်မို့လက်ခံတဲ့ Appointment တွေလည်း တတ်နိုင်သမျှ နည်းအောင် စီစဉ်ထားပြီးသားပါ။ ဒါမှလည်း
မင်းသမီးအနေနဲ့ သားတော်များနဲ့ အချိန်များများ အတူတူနေခွင့် ရမှာကိုး။
စကားတွေ တဝကြီးပြောနေရတာကိုပဲ
မင်းသမီးက မကျေနပ်သေးပါဘူး။
'ပေါလ်...ကျွန်မရောက်မယ့်
နေ့ကျရင် နောက်မကျစေနဲ့နော်၊ စောစောလာခဲ့။ ကျွန်မ ပြောစရာတွေ အများကြီး ရှိသေးတယ်။
လူချင်းတွေ့ မှ ပြောတော့မယ်' တဲ့။
စောင့်နေရတာ စိတ်မရှည်တော့တဲ့ ကျွန်တော့်ဇနီးသည်ကလည်း မီးဖိုခန်းထဲကနေ
အော်ခေါ်နေပြီ။
'ပေါလ်…ကျွန်မကို ကတိပေးဦး'
မင်းသမီးက ဆိုပြန်ပါတယ်။
'ကျွန်မရောက်မယ့်နေ့ကျရင်
နောက်မကျပါဘူးလို့...'
ကျွန်တော်က နန်းတော်တံခါးဝကနေ
ဆီးကြိုနေမှာပါလို့ ကတိပေးလိုက်ရပါတယ်။
'ကတိနော်...ပေါလ်…' တဲ့။ ကျွန်တော် ရယ်မိပါတယ်။
'ကျွန်တော် ကတိပေးမှ မင်းသမီး
ပျော်မယ်ဆိုရင် ထပ်ပြီးကတိပေးပါတယ်…' လို့ ဆိုတော့ မင်းသမီးက
ရယ်တယ်။ အဲဒီတုန်းက ပေါ့ပေါ့ပါးပါး ပြောခဲ့တာပါ။ ခုတော့ဖြင့် ဒီစကားတွေက
ကျွန်တော့်ရင်ထဲမှာ တစ်သက်တာ စွဲထင်ကျန်ရစ်ခဲ့ပါပြီ။
'ကောင်းတယ်ပေါလ်... ကျွန်မ
တို့နှစ်ယောက်တွေ့တော့မှပဲ ပြောစရာစကားတွေ အများကြီး ပြောပြမယ် ...' တဲ့။
ဒီစကားသံဟာ ကျွန်တော်နောက်
ဆုံးကြားခဲ့ရတဲ့ မင်းသမီးရဲ့ စကားသံများပါပဲ။
▀
ရှေ့လဆက်ဖတ်ပါ။
ဝင်းငြိမ်း
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'
'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...
နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။