ရွှေသီရိခေတ်
၂၀၁၄ ခုနှစ် ဧပြီလတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သော “ဒရယ်ငယ်” “Baby Reindeer” အမည်ရှိ Netflix ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြီး တစ်ပတ်အတွင်း ကြည့်ရှုသူဦးရေ ၂၂ သိန်းထိရှိခဲ့တာကြောင့် နံပါတ်တစ် လူကြည့်အများဆုံး ဇာတ်လမ်းတွဲတစ်ခုအဖြစ် စာရင်းဝင်ခဲ့ပါသည်။ ဒီဇာတ်လမ်းသည် လူရွှင်တော် ရစ်ချက်ဂပ် (Richard Gabb) က သူ၏ဘဝတွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်များကို အခြေခံ၍ လူအများစိတ်ဝင်စားအောင် ပြုပြင်မွမ်းမံရေးသား၊ ရိုက်ကူး သရုပ်ဆောင်ထားသော ဇာတ်လမ်းတွဲဖြစ်သည်။
ဒီဇာတ်လမ်းတွဲသည် လမ်းပျောက်နေသော လူနှစ်ဦးက ဘားမှာ
မထင်မှတ်ပဲ ကြုံဆုံလာသော ရစ်ချက်ဂပ် (Richard
Gabb) သရုပ်ဆောင်ထားသည့် ဘားတွင်အရက်ဖျော်စပ်သူ ဒွန်နီဒန် (Donny
Dunn) နှင့် ဂျက်စီကာ ဂန်းနင်း (Jessica Gunning) သရုပ်ဆောင်ထားသော မာသာစကော့ (Martha Scott) တို့နှစ်ဦးရဲ့
ဆက်ဆံရေးကို Donny Dunn ရဲ့ အမြင်ဘက်မှ စိတ်ဝင်စားဖွယ် ရိုက်ကူးထားသော
ဇာတ်လမ်းတွဲဖြစ်သည်။ ဒီဇာတ်လမ်းတွဲထဲတွင် လူရွှင်တော်အဖြစ် နာမည်ကြီးချင်သော်လည်း မအောင်မြင်နိုင်၍
စိတ်ဓာတ်ကျလမ်းပျောက်နေသော ဒွန်နီဒန်က ဘားမှာ အမြဲတစ်ယောက်ထဲ လာထိုင်ကာ
“ပိုက်ဆံမရှိဘူး” ဆိုပြီးဘာမမှာတတ်သူ မာသာစကော့အား အအေးအလကားတိုက်၍ ဖော်ရွေစွာ စကားပြောမိခြင်းကြောင့်
မထိန်းနိုင်မကွပ်နိုင် အမှောင်ဘက်ခြမ်း လမ်းလွဲသွားခဲ့သော မာသာစကော့ရဲ့ စွဲလမ်းမှု၊
သူ၏ ဟာသများကို အရေးတစ်ယူရယ်ပေးသည့် တစ်ဦးတည်းသော သူဖြစ်တဲ့ မာသာစကော့ အပေါ် ဒွန်နီဒန်ရဲ့ ခင်မင်မှုနှင့် အတ္တကြောင့် စိတ်ပိုင်းဆိုင်ရာ အတက်အကျ
တို့ကို စိတ်ဝင်စားဖွယ်နဲ့ ခြောက်ခြားဖွယ် တွေ့ရမှာဖြစ်သည်။ ဒီဇာတ်ကားထဲတွင်
တက်သစ်စ အနုပညာရှင် တစ်ယောက်အနေနဲ့ ဒွန်နီဒန်သည် အနုပညာလောကထဲမှာ ဘယ်လို
အခက်အခဲတွေ ကြုံတွေ့ရပုံ၊ ဘယ်လို အခွင့်အရေးယူခံရပုံ၊
ဘယ်လိုအနှိပ်စက်ခံရပုံတို့ကို နက်နက်နဲနဲ ရိုက်ကူးထားပြီး လူတစ်ယောက်အနေနဲ့၊
ယောက်ျားတစ်ယောက် အနေနဲ့ ထိုအတွေ့အကြုံတွေက ဒွန်နီဒန် အပေါ်
ဘယ်လိုသက်ရောက်မှုရှိခဲ့ပုံနှင့် ထိုသက်ရောက်မှုများကြောင့် ကြောက်လန့်လာသော ဒွန်နီဒန်က
သူ့ကိုယ်သူ အကြိမ်ကြိမ် လိမ်ရန်နှင့် သူ့ပတ်ဝန်းကျင်က လူများကို လှည့်ဖျားနိုင်ရန်
ဘယ်လိုကြိုးစားခဲ့ပုံ တို့အပြင် ထိုကြိုးစားမှုက မာသာစကော့ရဲ့
စွဲလမ်းမှုအားမထင်မှတ်ဘဲ ဘယ်လိုအားပေးအားမြှောက် ဖြစ်စေခဲ့ပုံ တို့ကိုလည်း
စနစ်တစ်ကျရိုက်ကူးထားသည်ကို တွေ့ရမှာဖြစ်ပါသည်။ ဒါ့အပြင် အခက်အခဲတွေ အရမ်းများလာတဲအချိန်မှာ
ရေငတ်နေတဲ့သူက ဆားရေကိုလည်း အငမ်းမရသောက်ဖို့ ကြိုးစားတတ်သော လူ့သဘာဝကို ဒွန်နီဒန်က
သူ့ရဲ့ ဟာသများကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျစွာ ရယ်တတ်သော မာသာစကော့အား မကောင်းမှန်း
အန္တရာယ်များမှန်း သိနေသော်လည်း တာဝန်ရှိသူများဆီ အလျင်အမြန်အကြောင်းကြား၍
အကူအညီတောင်းခံရန် မကြိုးစားပဲ ငြိမ်၍ ဒုက္ခခံနေပုံတို့ကနေတစ်ဆင့်
ရိုက်ကူးဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။
ဒီဇာတ်ကားသည် ခက်ခဲလာသောအချိန်တွင် ကောက်ရိုးကိုလည်း အသက်ရှင်ရန်အတွက် ဆွဲတတ်သောရေနစ်သူ ကဲ့သို့ လူ့သဘာဝ၏ ဝမ်းနည်းဖွယ်အခြမ်းကိုပေါ်လွင်အောင်ရိုက်ကူးထားပြီး ရစ်ချက်ဂပ်၏ အတွေ့အကြုံများမှတစ်ဆင့် ကြည့်ရှုသူလူအများအား ထိတ်လှန့်ခြောက်ခြား စေခဲ့ပါသည်။ ဒါ့အပြင် အားကိုးရာမဲ့ တက်သစ်စအနုပညာရှင်များအပေါ် သက်ညှာမှုမရှိသော အနုပညာလောကရဲ့ အညှာအတာကင်းမှု ကိုလည်း ကွင်းကွင်းကွက်ကွက်ဖော်ပြထားပါသည်။ ဒီရှုပ်ထွေးနက်နဲသော ဇာတ်ကားသည် လူအများစု၏အကြိုက်နှင့် ညီမည်မဟုတ်သော်လည်း ၎င်း၏ လူ့စိတ်စွဲလမ်းမှုနှင့် လှည့်ဖြားမှုတို့ကို စိတ်ခြောက်ခြားဖွယ်နှင့် အမြင်ပွင့်ဖွယ် ရိုက်ကူးထားသည့် ဇာတ်ကားကောင်းတစ်ခု ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။
▀
ရွှေသီရိခေတ်
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။