နိုင်ငံတကာ ရုပ်ရှင်

ပန်းသီးရှာလကာရည် “Apple Cider Vinegar” (ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွဲ)

ရွှေသီရိခေတ်

01 March 2025
ပန်းသီးရှာလကာရည် “Apple Cider Vinegar” (ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတွဲ)
Share to

လူ့သဘာဝ ဖြစ်ရပ်များသည် ရံဖန်ရံခါတွင် စိတ်ကူးယဥ်ထက်ပင် ဆန်းကြယ်သေးကြောင်း ဖြစ်ရပ်မှန် ဇာတ်လမ်းပေါ် အခြေခံရိုက်ကူးထားသည့် ပန်းသီးရှာလကာရည် Apple Cider Vinegar ဇာတ်လမ်းတွဲက သက်သေပြနေသည်။ အဆိုပါ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတွဲသည် သြစတေးလျနိုင်ငံတွင် ယနေ့တိုင် အမှုရင်ဆိုင်နေဆဲဖြစ်သော မှုခင်းကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် See-Saw Films မှ ရိုက်ကူးခဲ့ပြီး Netflix တွင် ပြသခဲ့သည်။

အဆိုပါရုပ်ရှင်သည် သတင်းထောက် Beau Donelly နှင့် Nick Toscano တို့ရေးသားခဲ့သည့် ကမ္ဘာကို အရူးလုပ်ခဲ့သည့်အမျိုးသမီး ( The Woman Who Fooled the World) ကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။ အဓိက ဇာတ်ကောင်ဖြစ်သည့် ဘီလီဂစ်ဗ်ဆင်ကို စုံစမ်းထောက်လှမ်း ဖော်ထုတ်ခဲ့သည့် သတင်းထောက် နှစ်ယောက်က ဆိုရှယ်မီဒီယာ ဆယ်လီ မိန်းမငယ်တစ်ယောက် လိမ်ညာနေမှန်း သိသော်လည်း ဖော်ထုတ်ရန် မည်မျှခက်ခဲခဲ့ပုံတို့ကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာ၏ အင်အားနှင့် ဖိအားမည်မျှ ကြီးမားပုံကို မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ဥပဒေကို လက်တလုံးခြား လုပ်ပုံများကို ဖော်ထုတ်ရန် မည်မျှခက်ခဲကြောင်း သက်သေပြခဲ့သည်။

ယင်းဇာတ်ကားတွင် ကိတ်တလင်ဒတ်ဗာ (Kaitlyn Dever) နှင့် အလီစီယာ ဒတ်ဗ်နမ်-ကယ်ရီ (Alycia Debnam-Carey) တို့က အဓိကဇာတ်ကောင်များ ဖြစ်ကြသော ကျန်းမာရေးနှင့် အလှအပရေးရာ ကဏ္ဍတွင် နာမည်ကြီး ဆရာမတစ်ဦးဖြစ်ခဲ့သည့် ဘယ်လီဂစ်ဗ်ဆင် (Belle Gibson) နှင့် မေ(လ်)လာဘလိတ်(ခ်) (Milla Blake) တို့အဖြစ် ပါဝင်သရုပ်ဆောင်ထားကြသည်။

အဓိကဇာတ်ဆောင် ဘယ်လီဂစ်ဗ်ဆင်၏ နာမည်အပြည့်အစုံမှာ အန်နဘယ်(လ်) နတာလီ ဂစ်ဗ်ဆင် (Annabelle Natalie Gibson) ဖြစ်ပြီး သြစတေးလျနိုင်ငံသူဖြစ်သည်။ လူမှုကွန်ယက်တွင် ကြိုက်နှစ်သက်သူ (follower) ပရိသတ် သန်းချီရှိသူဖြစ်သည်။ သိပ္ပံနည်းပညာအရ သက်သေ မပြနိုင်သော အကြောင်းအရာများကို လူအများယုံကြည်လာအောင် စည်းရုံး ပြောဆိုနိုင်သူလည်း ဖြစ်ခဲ့သည်။

ငယ်ရွယ် နုပျိုချောမောသော single Mum လေး ဘီလီသည် ၂၀၀၉ ခုနှစ်တွင် ဦးနှောက်ကင်ဆာ အဆင့် (၄) ခံစားနေရသူဖြစ်ကြောင်း ၊ လေးလခန့်သာ အသက်ရှင်နိုင်မည်ဟု ဆရာဝန်များက ပြောကြောင်း Instagram တွင် တင်ခဲ့သည်။ လူအများက သူမကို ဝိုင်းဝန်း သနားချစ်ခင်ကြသည်။ နေ့စဥ် မက်ဆေ့များ ၊ love react များ တသဲသဲရရှိခဲ့သည်။ သူမက သဘာဝကုထုံးများ၊ ကျန်းမာရေးနှင့် ညီသော အစားအစာများကို နည်းစနစ်တကျ စားသောက်ခြင်းဖြင့် သူမကိုယ်သူမ ကုသခဲ့ကြောင်း ၊ သူမ၏ ကင်ဆာရောဂါမှာ ပျောက်ကင်းသက်သာလာကြောင်း နေ့စဥ် အင်စတာဂရမ်တွင် ရေးသားခဲ့သူ ၊ ဓါတ်ပုံများ ၊ ဗွီဒီယိုများ တင်သူဖြစ်သည်။ သူမသည် ကမ္ဘာတဝှမ်းမှ ကင်ဆာဝေဒနာရှင်များအကြား ဂုရုတစ်ပါးသဖွယ် ၊ မျှော်လင့်ချက် ပေးနိုင်သူဖြစ်လာခဲ့သည်။ သူမက ဟင်းချက်နည်းများ နေ့စဥ်တင်ပေးခြင်းဖြင့် ပို၍ပို၍ နာမည်ကြီးလာခဲ့ရာမှ တဆင့်တက်၍ “The Whole Pantry” အမည်ဖြင့် ကျန်းမာရေးနှင့်အညီ အစားအစာ ပြင်ဆင်ချက်ပြုတ်နည်း စာအုပ်ထုတ်ဝေခဲ့ရာ ရောင်းမလောက်အောင် ဖြစ်ခဲ့သည်။ တဆင့်တက်၍ ကျန်းမာရေးဆိုင်ရာ လမ်းညွှန် မိုဘိုင်းဖုန်းသုံး app ထုတ်လွှင့်ခဲ့ပြန်ရာ Apple company က သူမ၏ app ကို Apple device များတွင် လက်ခံထည့်သွင်းပေးခြင်းဖြင့် နေ့ခြင်းညချင်းဆိုသလို သန်းကြွယ်သူဌေးမလေး ဖြစ်လာခဲ့သည်။

ဤဇာတ်ကားသည် ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်သည့်အတိုင်း ရှုထောင့်အစုံစုံ ၊ ပါဝင်သူများစွာ၏ အသံများစွာကို ထည့်သွင်းထားခဲ့သည်။ ဘီလီသည် ကင်ဆာရောဂါသည် အယောင်ဆောင်၍ လူများ၏ သနားကြင်နာ ကရုဏာကို လိမ်ညာ ရယူခဲ့ပုံ၊ ထိုမေတ္တာတရားများကို သူမဘဝ အနိမ့်ဆုံးအခြေအနေမှ သန်းကြွယ်သူဌေးမလေး ဖြစ်လာသည်အထိ အသုံးချခဲ့ပုံမှာ ရင်သပ်ရှုမောဖွယ်ရာဖြစ်သည်။ တဖက်တွင်လည်း ကင်ဆာရောဂါ ဝေဒနာခံစားနေရသူများ၏ ကြံ့ကြံ့ခံ ရင်ဆိုင်ကြပုံ ၊ မျှော်လင့်ချက်ဖြင့် ကုထုံးအသွယ်သွယ်ကို မမောမပန်း ရှာဖွေကြပုံကို ရိုက်ကူးပြခဲ့သည်။ မည်မျှ အခက်အခဲကြုံနေပါစေ အတတ်နိုင်ဆုံး ရှင်သန်ရန် ကြိုးစားကြပုံများ၊ မိသားစုဝင်များ၏ ချစ်ခင်ဖေးမကြပုံ၊ ဝမ်းနည်းကြေကွဲကြရပုံများကို ထောင့်စေ့အောင် ရိုက်ကူးပြနိုင်သည်။ ကင်ဆာဝေဒနာရှင်များ၏ မိခင် ၊ ဖခင်၊ သူငယ်ချင်း ၊​မိတ်ဆွေ ၊ ချစ်သူ ၊ ခင်ပွန်းများ၏ ရှုထောင့်များကိုလဲ မကျန်စေရအောင် ထည့်သွင်းထားသည်။

ဝေဒနာရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ နေ့တဓူဝ ဖြတ်သန်း ကြရပုံများ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကိုလည်း အသက်ဝင်အောင် ရိုက်ကူးထားသည်။ ဘီလီဂစ်ဗ်ဆင် သည် Narcissist personality disorder (ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဝေဒနာ) ရှိသူအဖြစ် အဆိုပါ ကိုယ်ရည်ကိုယ်သွေး ရှိသူများ၏ စရိုက် ၊ အတွေးအခေါ် ၊ အပြုအမူတို့ကို စိတ်ပညာ ရှုထောင့်ကလည်း ထည့်သွင်းဖော်ပြထားခဲ့သည်။ မိမိ ဘဝတိုးတက်ရေးအတွက် စိတ်သဘောထား ကောင်းသူ ၊ ကြင်နာတတ်သူ၊ ညှာတာတတ်သူများကို သားကောင်များအဖြစ် မြင်တတ် ၊ အသုံးချတတ်သည့် ပါရမီထူးကဲသူများအကြောင်း အများသူငှာ နားလည်လွယ်စေရန် တင်ပြထားသည်။

ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင်များ၏ သဘောသဘာဝအတိုင်း သရုပ်မှန်ကို အရှိအတိုင်း တင်ပြနိုင်အောင် အားထုတ်ထားခြင်းကြောင့် လူသားတစ်ယောက်၊ ထူးကဲသည့် စိတ်နေစိတ်ထားရှိသူ တစ်ယောက်၏ ဘဝရှင်သန်ရန် ဘာပဲလုပ်ရလုပ်ရ ဆိုသည့် သဘောထားကို ပေါ်လွင်အောင် ရိုက်ပြနိုင်သည်။ ဘီလီသည် မိခင်တစ်ဦးတည်း၏ ပြုစုမှုဖြင့် လူလားမြောက်လာခဲ့သူ ဖြစ်သည်။ မိခင်ဖြစ်သူက သမီးဖြစ်သူထက် ကြောင်များကိုသာ ဂရုစိုက်သူ ၊ ၁၂ နှစ်အရွယ် သမီးငယ် အိမ်က ထွက်ပြေးသွားသည်ကိုပင် သတိမထားမိသူ၊ သူမပျော်ရွှင်မှုကိုသာ တစိုက်မတ်မတ် ရှာဖွေနေသူဖြစ်သည်။ လျစ်လျူရှုခြင်းခံရသည့် ငယ်ဘဝဖြင့် ကြီးပြင်းလာခဲ့သူ ဘီလီသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးတစ်ယောက်အမေ ဖြစ်လာခဲ့သည်။ ဘယ်သူမှ အလေးဂရုပြုခြင်း မခံရသည့် မိန်းမငယ်လေးတစ်ဦးက ဂရုစိုက်မှု ၊ ကြင်နာမှုကို လူမှုကွန်ယက်တွင် ရနိုင်ကြောင်း သိသွားသည့်အခါ လူအများ၏ သနားကရုဏာရစေရန် ကင်ဆာဝေဒနာရှင်ပါ ၊ လပိုင်းသာ အသက်ရှင်ရမည့်သူပါဟု လိမ်ညာမိရာက လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့ရသူဖြစ်သည်။

သူမ၏ အလိမ်အညာများသည် တဆင့်ထက်တဆင့် မြင့်တက်လာခဲ့ခြင်းမှာ လူမှုကွန်ယက်၏ ဆက်သွယ်ရေး ပုံစံကလဲ အားပေးကူညီခဲ့သည်ဟု ဆိုရပေမည်။ like, love, comment တို့ကို အရူးအမူး သာယာသွားခဲ့ပုံ ၊ နေ့စဥ်နှင့်အမျှ ရရန်ကြံစည်ခဲ့ပုံတို့မှာ ယနေ့သတင်းအချက်အလက် နည်းပညာခေတ်တွင် နေထိုင်နေရသူတိုင်း ကိုယ်ချင်းစာ နားလည်နိုင်မည်ဟု ယူဆပါသည်။ ဘီလီသည် ကင်ဆာဝေဒနာရှင်အဖြစ် ၊ ထိုမှတဆင့် Alternative medicine ဖြင့် ကင်ဆာပျောက်ကင်းလာသူဟု လိမ်ညာသည်။ သူမကို မေးခွန်းထုတ်လာတိုင်း အကြောင်းအရာတစ်ခုခုဖြင့် လမ်းကြောင်းလှလှပပလေး လွှဲခဲ့သူလဲ ဖြစ်သည်။ ကင်ဆာရှိတာ တကယ်ဟုတ်ရဲ့လားဟု မေးသည့်အခါ တခြား ကင်ဆာဝေဒနာရှင်များအတွက် ရန်ပုံငွေရှာပေးမည်ဟု ကြေညာ၍ အာရုံပြောင်းပစ်သည်။ နောက်ထပ် သံသယဝင်လာသည့်အခါတွင်လည်း ချက်ပြုတ်နည်းစာအုပ်နှင့် app မှရရှိသည့် ဝင်ငွေများကို ကင်ဆာဖောင်ဒေးရှင်းများ၊ ဆေးရုံများ ၊ လူမှုအဖွဲ့အစည်းများကို လှူဒါန်းပါမည်ဟု ကြေညာခြင်းဖြင့် သံသယဝင်မိသူများကပင် အားနာ ချစ်ခင်လာအောင် လုပ်နိုင်ခဲ့သည်။ အမှန်တကယ်တွင်တော့ မည်သည့် ကင်ဆာဝေဒနာရှင်၊ အဖွဲ့အစည်းကိုမျှ လှူဒါန်းခဲ့ခြင်းမရှိပေ။

ဤတွင် တရားဥပဒေ၏ ခေတ်နှင့်လျော်ညီထိရောက်မှုကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။  သတင်းထောက် နှစ်ယောက်က ဘီလီတွင် အမှန်တကယ် ကင်ဆာဝေဒနာခံစားရခြင်း ရှိမရှိကို စုံစမ်းဖော်ထုတ်ရာတွင် Doctor-patient confidentiality အရ အကာအကွယ်ပေးထားသည့်အတွက် ဆေးမှတ်တမ်းများ တကယ် ရှိ/မရှိကိုပင် မသိနိုင်အောင် ဖြစ်ရပုံမှာ အသဲယားစရာဖြစ်လှသည်။ နောက်ဆုံး ဘီလီကို အထူးတွေ့ဆုံမေးမြန်းခွင့် တောင်း၍ အဖြေမှန် မရ/ရအောင် မေးမြန်းခဲ့ကြရာ ဘီလီကလဲ အမျိုးမျိုး လှည့်ပတ်၍ ဖြေနေခဲ့သည်။ သူမ၏ လှည့်ပတ်ဖြေသမျှကို သတင်းထောက်က ချောင်ပိတ်မေးခွန်းများ ကျွမ်းကျင်စွာ မေး၍ ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ဘီလီ၏ မိခင်ကို  တွေ့ဆုံမေးမြန်းခဲ့ရာမှ ဘီလီသည် လုံးဝဖုန်းကွယ်၍မရအောင် ဖြစ်ခဲ့ရသည်။ သို့သော် ဥပဒေအရ သူမကို အလှူငွေများ အမှန်တကယ် မလှူဒါန်းခြင်း ၊ အခွန်ရှောင်ခြင်းတို့ဖြင့်သာ တရားစွဲနိုင်ခဲ့သည်။ လူသန်းပေါင်းများစွာကို မျှော်လင့်ချက် အတုအယောင်များပေး၍ စီးပွားရှာခဲ့သည့်အဖြစ်အပေါ် တရားဥပဒေအရ အရေးယူရန် ကြန့်ကြာနေဆဲဖြစ်သည်။

အချို့ကလဲ Netflix သည်  “ဒရယ်ငယ်” “Baby Reindeer” ဇာတ်ကားကြောင့် အမှုအခင်း ရင်ဆိုင်နေရသည့်အဖြစ်ကို အာရုံစိုက်မှု လျှော့နည်းစေရန် Apple Cider Vinegar ကို ရိုက်ကူး ထုတ်လွှင့်ခြင်းဖြစ်သည် ဟုဆိုကြသည်။ သို့သော် Netflix သည်  ၂၀၂၂ ခုနှစ်ကလဲ Inventing Anna ကဲ့သို့သော ကတုံးပေါ်ထိပ်ကွက်သည့် ဉာဏ်ကြီးရှင် လူလိမ်မလေး ဖြစ်ရပ်မှန်ဇာတ်ကားကို ထုတ်လုပ်ခဲ့ဖူးလေသည်။ အဆိုပါ ဇာတ်ကားထုတ်လွှင့်ခဲ့စဥ်က ၄ ရက်အတွင်း ကြည့်ရှုသူ ၁.၆ သန်းရှိခဲ့သည့်အပြင် ၂၀၂၃ ခုနှစ် ရုပ်ရှင်ဆုများအတွက် ဒါရိုက်တာ ၊ သရုပ်ဆောင်နှင့် သီချင်းများပါ မကျန် ဇကာတင်စာရင်းဝင်ခဲ့သေးသည်။

ယခု Apple Cider Vinegar သည်လည်း Inventing Anna ၏ စံချိန်ကို ချိုးနိုင်မည်လောဟု စောင့်ကြည့်ရပေဦးမည်။

ရွှေသီရိခေတ်


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။