နိုင်ငံတကာ ရုပ်ရှင်

ဂျိန်းဖွန်ဒါ ရင်ဖွင့်တဲ့စာအုပ်

မီ

01 March 2025
ဂျိန်းဖွန်ဒါ ရင်ဖွင့်တဲ့စာအုပ်
Share to

            မင်းသမီးကြီး ဂျိန်းဖွန်ဒါတစ်ယောက် သူချစ်တဲ့ ပရိသတ်နဲ့ ဝေးခဲ့တာ ကြာခဲ့ပါပြီ။ ၂ဝဝ၅ ဧပြီလမှာတော့ သူမ ပရိသတ်တွေဆီကို အလံလွှင့်ပြီး ပြန်လာတယ်လို့ ပြောရမှာပါ။ သူမ ရဲ့ဘဝကောက်ကြောင်း၊ ဘဝလမ်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ချထားတဲ့ My Life So Far စာအုပ်လည်း ထုတ်ဝေခဲ့ရုံမက သူမ ပါဝင်တဲ့ Monster In Law ရုပ်ရှင်မှာ ယောက္ခမဆိုးနေရာက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကလည်း ရုံတင်ခဲ့တာလေ။

            ဂျိန်းဖွန်ဒါကတော့ အသက် ၆၇ နှစ် (မယုံကြည်နိုင်အောင်ကို နုပျိုနေသူ) အရွယ်ရှိနေပြီး ထရွိုင်း (၃၂ နှစ်)၊ ဗက်နီဆာ (၃၆ နှစ်)၊ လူလူ (၃၇ နှစ်) တို့ရဲ့အမေ၊ မယ်လ်ကွန် (၅ နှစ်)ရဲ့ အဘွား ဖြစ်နေပါပြီ။ အကယ်ဒမီဆုရ မင်းသမီးကြီး၊ ကု‌ဋေကြွယ်သူဌေးကြီး (တတိယခင်ပွန်း)ကို ၂ဝဝ၁ ခုနှစ်က ကွာရှင်းခဲ့သူ၊ ပွင့်လင်းသူ၊ စာပန်းချီ ခြယ်မှုန်းတတ်သူပီပီ သူမရဲ့စာအုပ်မှာ သူမရဲ့ အချစ်တွေ၊ ဆုံးရှုံးမှုတွေ၊ သူမဘဝမှာ အောင်မြင်မှုတွေ၊ သူမရဲ့သီးသန့်ဘဝတွေကို ရင်ဖွင့်ထားတဲ့စာအုပ်လည်း ရေးနိုင်ခဲ့ရုံမက ဆယ်ကျော်သက်များ ကျန်းမာရေးဆိုင်ရာ စီမံကိန်းတွေမှာ ဆောင်ရွက်နေပါတယ်။ ယခုအခါ သူမ အက်တ်လန်တာမြို့ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်နေပြီး 'ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင် ကာကွယ်ရေး' အဖွဲ့ကို တည်ထောင်ခဲ့သူပါ။

            ဂျိန်းကတော့ L.A မြို့မှာ မင်းသားကြီး ဟန်နရီဖွန်နဲ့ စိတ်မူမမှန်တဲ့ ဒုတိယဇနီး ဖရန်းစန်ဘရိုတာတို့ရဲ့ သမီးအကြီးဆုံးပေါ့။ အလွန်ဒေါသကြီးပြီး ပေါက်ကွဲလွယ်တဲ့ ဖခင်ကို ဂျိန်းရဲ့စာအုပ်မှာ ခုလိုရေးခဲ့တာလေ။ 'အဖေက ကျွန်မကို ချစ်ပါတယ်။ အထူးသဖြင့် ကျွန်မ အရွယ်ငယ်ငယ်တုန်းကပေါ့။ ကျွန်မက အဖေနဲ့တူတယ်လေ။ ကျွန်မက ယောကျ်ားလေးလို နေခဲ့တာပါ။ နွေရာသီကာလများမှာ အဖေက ကျွန်မကို ချီပြီး ရေကူးကန်ထဲ ခေါ်သွားခဲ့တာလေ။ အဖေနဲ့ ကျွန်မတို့ ရေကစားကြတာလေ။ အဖေက အောင်မြင်တဲ့သူတွေနဲ့သာ ပေါင်းသင်းလေ့ရှိတာကို ကျွန်မ ငယ်ငယ်ကတည်းက သိခဲ့ပါတယ်'တဲ့။

            သူမရဲ့ မိဘနှစ်ဦးကြား မကွဲခင် ကတည်းက တင်းမာမှုတွေ ဖြစ်နေခဲ့တာ ဂျိန်း သတိပြုမိခဲ့ပါရဲ့။ သူမရဲ့ မိခင်က စိတ်ရောကိုယ်ပါ နေမကောင်း ဖြစ်နေခဲ့ပြီး လင်မယားကွဲကြမယ့်ကိစ္စကို ဂျိန်းကို ဖွင့်ပြောခဲ့တာပါ။

            'ကျွန်မနဲ့ မေမေတို့ အိပ်ရာမှာ လှဲပြီး စကားပြောနေတုန်း အမေက သူ့ရဲ့ ကျောက်ကပ်ခွဲတုန်းက အနာရွတ်ကို ကြည့်ချင်လားလို့ မေးခဲ့ပါတယ်။ ကျွန်မ တကယ်တော့ မကြည့်ချင်ပါဘူး။ အမေက မေးတော့လည်း အမေ ကျွန်မကို ပြချင်နေမှာပဲဆိုပြီး ကျွန်မ ငြင်းမနေခဲ့ပါဘူး။ အမေက သူ့ရဲ့အင်္ကျီကို လှန်ပြတော့ အို... အမေ့ရဲ့ ခါးပတ်လည်မှာ ပန်းရောင်အနာရွတ်အထူကြီး ဖြစ်နေတာကိုး။ ကြောက်စရာ ကောင်းတဲ့ အနာရွတ်ကြီးကြောင့် အဖေနဲ့ အမေတို့ ကွဲကြတာဖြစ်မယ်လို့ ကလေးတွေးမျိုးပဲ တွေးခဲ့မိတာလေ။

            'အမေက ဆက်ပြီး သူမရဲ့ရင်သားတစ်ဖက်ကို ကြည့်ပါဦးလို့ ပြောတော့ ကျွန်မ ပိုလန့်သွားခဲ့တော့တာပါပဲ။ အမေ့ရဲ့ရင်သားက ပုံမှန်မဟုတ်ဘဲ ရှုံ့တွနေတာကိုး။ အမေ့အတွက် ကျွန်မ စိတ်မကောင်းလိုက်တာ။ အဲဒါတွေ ဖြစ်နေတော့ အမေ နာမှာပဲလို့လည်း တွေးမိရုံမက ကိုယ် ပုံပန်းပျက်နေတဲ့ အမေမျိုးရဲ့ သမီးမျိုးလည်း မဖြစ်ချင်တော့ပါဘူး။ အမေဆိုတာ ကျန်းမာပြီး လှရမယ် မဟုတ်လားလို့ ကလေးတွေ တွေးခဲ့တာလေ။

            'ကျွန်မရဲ့အစ်မ Pam (ဖရန်စစ် အရင်ခင်ပွန်းသည်နှင့်ရရှိ) က နောင်နှစ်ပေါင်း အနည်းငယ်ကြာတော့ ပြောပြခဲ့ပါတယ်။ အမေက ရင်သားအစားထိုးပြီး ကုသလိုက်သတဲ့။ အမေလည်း လှချင်ရှာမှာပါလေ'

            'ဂျိန်း ၁၂ နှစ်အရွယ်မှာတော့ သူမရဲ့မိခင် ဖရန်စစ်ရဲ့စိတ်ဝေဒနာက ပိုဆိုးလာခဲ့ပါတော့တယ်။ သေလုနီးပါး စိတ်ဓာတ်ကျနေတာကိုး။ သူမရဲ့မိခင်ကတော့ နယူးယောက်ပြည်နယ်က ဘီကွန်မြို့ရဲ့ Graig House စိတ်အထူးကုဆေးရုံကို ပို့ခဲ့ရတာပါ။ ဖရန်စစ်က သူ့ကိုယ်သူ သတ်သေဖို့ အဆင့်ရောက်နေတာမို့ အခါမလပ် စောင့်ကြည့်ဖို့ လိုနေခဲ့တာလေ။ 'အမေက တစ်နေ့တော့ နပ်စ်ဝတ်စုံဝတ်တဲ့ သူနာပြုနဲ့ အိမ်ပြန်ရောက်ခဲ့ပါတယ်။ ကျွန်မနဲ့ မောင်လေးပီတာတို့ အိမ်အပေါ်ထပ်မှာ ကစားနေတုန်း အဘွားက အမေကားကြီးနဲ့ အိမ်ပြန်ရောက်လာတာကို ကျွန်မတို့ကို ဝမ်းသာအားရ အော်ခေါ်ခဲ့ပါရဲ့။ ကျွန်မက မောင်လေးပီတာကို 'ပီတာ၊ မသွားနဲ့နော်။ မမလည်း မသွားဘူး။ အခုကစားနေတဲ့ပွဲကိုလည်း မမ အနိုင်ပေးမယ်နော်။ အပေါ်ထပ်မှာပဲ ကစားနေကြရအောင်နော်'လို့ ချော့ခဲ့ပါတယ်။ မောင်လေးကတော့ 'သွားမှာပဲ' ဆိုပြီး အောက်ထပ်ကို ပြေးဆင်းသွားခဲ့ပါရော။ ကျွန်မ ဘာလို့ အောက်ထပ် မဆင်းခဲ့တာလဲ။ အမေကို စိတ်ဆိုးခဲ့လို့လား။ အမေကို ကျွန်မ လိုအပ်တဲ့အချိန်မှာ မရှိခဲ့လို့ စိတ်မကျေမနပ် ဖြစ်ခဲ့တာလား။ အမေမရှိလည်း နေလို့ ဖြစ်ပါတယ်လို့ စိတ်ထဲမှာ ထင်ခဲ့လို့လား မသိပါဘူး။ ကျွန်မ အမေနဲ့ လုံးဝ မတွေ့ခဲ့တော့ပါဘူး။

            'အမေကလည်း အိမ်ပြန်လာတာ သူ့ရဲ့ နောက်ဆုံးအကြိမ် အိမ်ပြန်လာခြင်းလို့ သိနေသလားပါပဲ။ အမေပြန်လာပြီး နောက်ဆုံး လာနှုတ်ဆက်ခဲ့တယ် ထင်ပါရဲ့။ အမေက သူ့ရဲ့ သူငယ်ချင်း ယူလာလီယာချက်ပလင် လက်ဆောင်ပေးထားခဲ့တဲ့ ကြွေအမည်းဘူးလေးထဲမှာ သင်တုန်းဓားလေး ခိုးဝှက်ယူခဲ့ပါတယ်။ သူနာပြုဆရာမ မမြင်နိုင်အောင် သူ့ရဲ့သင်တုန်းဓားကို သူ့ရဲ့ ပိုက်ဆံအိတ်ထဲ ခိုးဝှက်ယူပြီး အိမ်သာထဲ ဝင်ခဲ့တာကို သူနာပြုက မိသွားလို့ ချက်ချင်းပဲ ဆေးရုံပြန်ခေါ် သွားခဲ့တာလေ။

            'အဲဒီလိုဖြစ်ပြီး တစ်လအကြာ အမေ့ရဲ့ ၄၂ နှစ်မွေးနေ့ဖြစ်တဲ့ ဧပြီလမှာ အမေ စာ ၆ စောင် ရေးခဲ့ပါတယ်။ ကျွန်မရဲ့အစ်မ Pam အတွက်၊ မောင်လေး ပီတာအတွက်၊ ကျွန်မအတွက်၊ အဘွားအတွက်၊ သူနာပြုဆရာမ အတွက်နဲ့ စိတ်အထူးကုဆရာဝန် အတွက် စာတစ်စောင်စီ ရေးခဲ့တာလေ။ 'ဒေါက်တာ ဘဲန်နစ်က်ရေ၊ ကိုယ့်အတွက် မင်းအားလုံး အဖြစ်နိုင်ဆုံး ကုသပေးခဲ့ပြီးပါပြီ။ ကျွန်မကို ခွင့်လွှတ်ပါ။ အခုလို ထွက်ခွာသွားတာ အကောင်းဆုံးပါ'လို့ ဆရာဝန်ကို ရေးခဲ့ပါတယ်။ အမေက စာတွေ ရေးအပြီးမှာ စိတ်အထူးကုဆေးရုံရဲ့ အိမ်သာထဲ ဝင်ပြီးတော့ သေသေချာချာ ဝှက်ထား တဲ့ သင်တုန်းဓားနဲ့ သူ့ရဲ့လည်ပင်းကို လှီးဖြတ်ပစ်ခဲ့တယ်လေ။ ဒေါက်တာ ဘဲန်နစ်က် ရောက်လာတော့ အမေ အသက်ရှိပါသေးတယ်။ မိနစ် အနည်းငယ်ကြာမှ အသက်ကုန်ခဲ့တာပါ။

            'ကျွန်မ ဆယ်ကျော်သက်အရွယ် ရောက်တော့ ကျွန်မကိုယ်ကျွန်မ Dexedrine ဖြစ်ရမယ်ဆိုတဲ့ ခံစားမှုတွေ ဖြစ်လာခဲ့ပါရော။ ကျွန်မကိုယ်လုံးကို ပုံပန်းမကျ ထင်ခဲ့တာတွေက ကျွန်မရဲ့စိတ်ထား မူမမှန်တာကို သက်သေပြနေခဲ့တာလေ။ ကျွန်မရဲ့အမေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာလည်း အများကြီး ပါခဲ့တာပါ။ အဖေကလည်း ပိန်တဲ့မိန်းမကိုပဲ အရူးအမူး ဖြစ်ခဲ့သူပေါ့။ ကျွန်မ ဆယ်ကျော်သက်အရွယ် ရောက်တော့ အဖေက ကျွန်မကို သိပ်ဝနေတယ်လို့ထင်မှာ အလန့်ဆုံးပါပဲ။

            '၁၉၅၉ ခုနှစ်မှာ ကျွန်မ မော်ဒယ်လ်လုပ်ခဲ့ပါတယ်။ အဲဒီက ရတဲ့ငွေနဲ့ သရုပ်ဆောင် သင်တန်းတွေတက်၊ အိမ်လခတွေပေးနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်မပိန်အောင် ဆေးလက်မှတ်ရေး ပေးတဲ့ ဆရာဝန်ကလည်း ရှိခဲ့တယ်လေ။ ကျွန်မ Dexedrine ဆေးတွေ သောက်လိုက်၊ ရေတွေ ခန္ဓာကိုယ်မှာ စုမနေရအောင် ဆေးတွေသောက်လိုက်နဲ့ပေါ့။ Dexedrine ဆေးက ကျွန်မကို မရပ်မနား အလုပ်တွေ လုပ်နိုင်စေသလို စိတ်ထိခိုက်မှုလည်း ဖြစ်စေခဲ့တာကိုး။ အဲဒီဆေး မရှိရင် ကျွန်မ ဘာမှလုပ်လို့မရသလို ဖြစ်ခဲ့ပါရဲ့'

            ဂျိန်းဖွန်ဒါကို ဝါနာဘရားသား ရုပ်ရှင်ကုမ္ပဏီက အစမ်းရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါရိုက်တာ ဂျော့ရှ်လိုဂင်က သူမရဲ့နှာခေါင်းက ချစ်စရာကောင်းလွန်းလို့ ဒရာမာ မင်းသမီးဖြစ်မှာ မဟုတ်ဘူးလို့ မှတ်ချက်ချခဲ့ပါရဲ့။

            'ကျွန်မလေ အားရက်ရတာနဲ့ ပလတ်စတစ် ဆာဂျရီ ဆရာဝန်ကို ရှာခဲ့ပါတယ်။ ကျွန်မ ဆရာဝန်နဲ့ ရက်ချိန်း ယူပြီး ကျွန်မ ရင်သားကြီးထွားအောင် ပြုပြင်ချင်တဲ့အကြောင်း ပြောပြတော့ ဆရာဝန်က ကျွန်မကို 'မင်း ရူးနေသလား၊ အိမ်ပြန်တော့'လို့ ပြောခဲ့တဲ့အထိပါပဲ။ ၈ဝ ခုနှစ်များမှာ ရင်သားကြီးမားအောင် ခွဲစိတ်ကုသမှုက အလွန်ခေတ်စားနေတော့ ဂျိန်းဖွန်ဒါလည်း မိုးခါးရည် သောက်ခဲ့တော့တာလေ။

            အသက် ၂၁ နှစ်မှာ မှိတ်တုတ်၊ မှိတ်တုတ်နဲ့ ဖြစ်နေတဲ့ ငွေကြယ်ပွင့် ဂျိန်းဖွန်ဒါနဲ့ ပြင်သစ်ရုပ်ရှင် ဒါရိုက်တာ ရောဂျာဗာဒင်းတို့ တွေ့ခဲ့ချိန်မှာ သူမ ဆေးမိခဲ့သလို ဖြစ်ခဲ့ပါရဲ့။ 'ဗာဒင်ရဲ့ အစိမ်းရောင် မျက်လုံးတွေ၊ မေးရိုး အချိုးကျကျတွေ၊ မျက်လုံးထဲက လျှို့ဝှက်သည်းဖိုဆန်ဆန် အကြည့်တွေကို မြင်တော့ ကျွန်မ ဘုရားတမိခဲ့တော့တာပါပဲ။ တကယ်ချောတဲ့သူပါပဲ။ တကယ်တော့ သူ့ရဲ့သွားတွေက ကြီးပြီး မျက်နှာက ရှည်လွန်းပေမယ့် မျက်နှာတစ်ခုလုံး ခြုံကြည့်တော့ ကျွန်မ စွဲမက်သွားခဲ့တာပါ။ တပ်မက်မှုတွေကို စားသုံးထားတဲ့ကျွန်မ ၁၉၆၃ ခုနှစ် ပါရီမြို့ ရိုက်ကွင်းမှာ ဗာဒင်းကို ကျွန်မရဲ့ညွတ်ကွင်းထဲ ရောက်အောင် ညှို့ခဲ့ပါတော့တယ်။ သူ ရိုက်ကွင်းရဲ့ ကော်ဖီသောက်တဲ့နေရာမှာ ရှိတာလည်း သိရော ရိုက်ကွင်းက နားတာနဲ့ ကျွန်မ သူ့ဆီကို အပြေးအလွှား သွားခဲ့ပါတော့တယ်။ ကျွန်မ စိတ်လှုပ်ရှားနေတာ သူမြင်စေချင်တာလား။ ကျွန်မ အတွေ့အကြုံလည်း သိပ်မရှိတဲ့ ခပ်အအ အချိန်လေ။ ကျွန်မထက် ဗာဒင်းက ဆယ်နှစ်ကြီးပါတယ်။ အဲဒီနေ့ ရိုက်ကူးချိန်ပြီးတာနဲ့ ကျွန်မ ဟိုတယ်ကို ပြန်ပို့ခဲ့ပြီး ကျွန်မတို့ အချစ်နယ်ကျွံခဲ့ကြတာလေ။ အဲဒီတုန်းကတော့ ကျွန်မ အပြစ်တွေပဲလို့ တွေးမိခဲ့ပါရဲ့။ အခုချိန် ပြန်စဉ်းစားကြည့်ရင် သေချာတာကတော့ ကျွန်မစိတ်တွေ မူမှန်မှု မရှိတာပါပဲ'

            ဂျိန်းနဲ့ဗာဒင်းတို့ အရူးအမူးချစ်ခဲ့ကြပါတယ်။ 'ကျွန်မလေ သူနဲ့နေရရင် ဘာမှမလိုချင်တော့ဘူး။ ကျွန်မ သူ့ရဲ့ပေါင်မုန့် အနားသားတွေ၊ ဘီစကွတ်အမှုန်တွေ စားရရင်တောင် ကျေနပ်နေခဲ့တဲ့ဘဝပါ'။ ၁၉၆၅ ခုနှစ်မှာ ဖွန်ဒါနဲ့ ပြင်သစ်ဒါရိုက်တာတို့ လက်ထပ်ခဲ့ကြပြီး ၁၉၆၇ ခုနှစ်မှာ လိင်မင်းသမီးအဖြစ် Bar Barella ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ 'ကျွန်မ အဲဒီရုပ်ရှင်ကို အခုအချိန်မှာ ဟာသတစ်ခုလို ရယ်မော နိုင်ပေမယ့် အဲဒီ ရုပ်ရှင်ရိုက်ကူးနေခဲ့တဲ့ အချိန်မှာတော့ စိတ်ဓာတ်လုံခြုံမှု မရှိဘဲ စိတ်ဖိအားတွေများစွာ ခြောက်လှန့်မှု ခံခဲ့ရပါတယ်။ အဲဒီအချိန်ကာလတုန်းက ကျွန်မရဲ့ခန္ဓာကိုယ်ကို ကျွန်မ မုန်းတီးနေတဲ့ မိန်းမငယ်တစ်ဦးပါ။ Bulimia (အစာစားပြီး အန်ထုတ်တဲ့ရောဂါ) ကလည်း ဆိုးဆိုးရွားရွားဖြစ်၊ ဗာဒင်းက လည်း သူ အကြီးအကျယ် အမှားလုပ်ခဲ့တယ်ဆိုပြီး 'ငါ တင်ထားတဲ့ မင်းသမီးက ဘရစ်ဂျစ်ဘာဒိုးနဲ့ တခြားစီ' ပဲလို့ ဗာဒင်းက မနက်တိုင်း တွေးမှာပဲလို့ ကျွန်မစိတ်ထဲ လျှောက်တွေးနေခဲ့မိပါရော'

            အဲဒီလိုမျိုး စိတ်မလုံခြုံမှုက နောင် အနှစ် နှစ်ဆယ်ကြာတဲ့အခါ သူမကို ရိုက်ခတ်ခဲ့ပြန်ပါတယ်။ သူမရဲ့ ဒုတိယ ခင်ပွန်းသည် တွမ်ဟေဒင်းက သူမရဲ့ အသက် ၅၁ နှစ်ပြည့်မွေးနေ့မှာ သူမ ရှေ့မှာ ဗုံးတစ်လုံး ခွဲပစ်သလို ပြုလုပ်ခဲ့တာကိုး။ တွမ်က သူတခြားမိန်းမတစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေပြီဖြစ်ကြောင်း ဖွင့်ပြောခဲ့တာလေ။ 'ကျွန်မရဲ့ဘဝတစ်ခုလုံး ကျွံကျသွားခဲ့သလိုပါပဲ။ စိတ်ဆင်းရဲမှုက ပြင်းထန်လွန်းလို့ ကျွန်မရဲ့ရှိဆဲ ရုပ်ဝတ္ထုအားလုံးကို မမှတ်မိနိုင်ခဲ့တော့သလို ကျွန်မ အသည်းနှလုံးထဲ ဓားမြောင်နဲ့ ထိုးစိုက်ပြီး မွှေလိုက်သလို နာခဲ့ရတာပါ'

            သူမ ဆက်လက်ရေးခဲ့ရာမှာတော့ ဘဝမှာ သင်ခန်းစာတွေ အများကြီးရခဲ့သတဲ့။ သူမရဲ့သမီး ဗက်နီဆာက ခုလိုပြောခဲ့တာလေ။ 'အမေရေ... ခုတော့ အမေ့ရဲ့မိန်းမသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခွင့်ရပြီလေ။ တွမ်ကြောင့် အမေ့သူငယ်ချင်းတွေက အမေ့ကို ထားခဲ့တာ။ တွမ်က သူတို့ကို မကြိုက်ဘူးဆိုတာ သူတို့ကလည်း သိတယ်။ အမေ့ကို တွမ်က အမြဲနှိမ်နေတာ အမေက မသိခဲ့ဘူး မဟုတ်လား'တဲ့။

            သူမ အိမ်ထောင်ကွဲတာကို သိတာနဲ့ မီဒီယာလောကကို ပိုင်ဆိုင်နေတဲ့ တက်ဒ်တာနာက သူမဆီ ချဉ်းကပ်ခဲ့ပုံ၊ သူမကို မရရအောင် ကြိုးစားခဲ့ပုံတွေကို ရေးပြခဲ့ပါသေးတယ်။

            'တက်ဒ်နဲ့ကတော့ မျက်လုံးချင်းဆုံတာနဲ့ အချစ်ခိုးငွေ့တွေကြောင့် အရည်ပျော်သလို ဖြစ်သွားခဲ့တဲ့အချိန်တွေ ရှိခဲ့သလို တစ်ခါတလေလည်း ဘာမဟုတ်တာလေးနဲ့ နှစ်ယောက်သား အားရပါးရ ရယ်လိုက်ကြတာ ကြမ်းပြင်ပေါ်မှာ လှဲချပစ်ရတဲ့အထိပါပဲ။ တစ်ခါက တက်ဒ်ရဲ့ စိုက်ပျိုးရေး ခြံကြီးထဲက အိမ်မှာ Gone With the Wind ရုပ်ရှင်ထဲက လှေကားရင်းမှာ ကျွန်မတို့နှစ်ယောက် ရယ်လိုက်တာ နောက်ဆုံးအိပ်ခန်းထဲကို ရောက်အောင် လေးဖက်ထောက်ပြီး ပြန်တက်ခဲ့ရတာ'တဲ့။

            ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ သူတို့ရဲ့အိမ်ထောင်ရေး မျှော်လင့်ချက်တွေက တဖြည်းဖြည်းအရောင်တွေ မှိန်ခဲ့ပါပြီ။ သူမ ရေးသားချက်အရ လက်ထပ်ပြီး တစ်လအကြာမှာ တက်ဒ်တစ်ယောက် ဖောက်ပြားနေတာ သူမ သိခဲ့ရသတဲ့။ သူမရဲ့ စိတ်မချမ်းသာမှုတွေကို ဖုန်းကွယ်တဲ့အနေနဲ့ အရက်တွေ သောက်ခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာတော့ တက်ဒ်က အလုပ်တွေကလည်းများ၊ စကားလည်း သိပ်မပြော ဖြစ်ခဲ့တဲ့အပြင် ခရီးတွေလည်း မရပ်မနား ထွက်နေခဲ့ပါတယ်။ 'ကျွန်မတို့ဘဝကပြန်လှည့်ပြီး ပြုပြင်လို့ မရတော့ပါဘူး။ ကျွန်မ ခရစ်ယာန်ဘာသာဝင် ဖြစ်သွားတာလည်း တစ်စိတ်တစ်ပိုင်း ပါမယ်ထင်ပါရဲ့။ ကျွန်မရဲ့ ဘာသာရေးယုံကြည်ချက် လိုအပ်နေတာကို သူနဲ့ဆွေးနွေးရင်လည်း သူက ဘာသာရေးနဲ့သူ တစ်ခုခုကို ရွေးလို့ ပြောရင်ပြော၊ ဘာသာရေးထဲ မဝင်အောင် ကျွန်မကို အနိုင်ကျင့်ချင် ကျင့်ဦးမှာပါ' တဲ့။

            သူမ ရေးသားမှုထဲမှာ သူမနဲ့တက်ဒ်ကတော့ မိတ်ဆွေတွေအဖြစ် ခင်မင်ဆဲ ပါတဲ့။ ကွာရှင်းပြတ်စဲသွားပြီးတော့မှ သူမ ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်ခဲ့တာလေ။ သူမ တစ်သက်လုံး မတွေးမိခဲ့တဲ့ အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ 'ကျွန်မ ရင်သားကြီးအောင် အတုထည့်ထားတဲ့ ပစ္စည်းတွေကို အရေးတကြီးကို ဖယ်ထုတ်ပစ်ဖို့ လိုအပ်လာပါတော့တယ်။ အဲဒီပစ္စည်းတွေက ကျွန်မရဲ့ဝမ်းနည်းမှုတွေကို အမှတ်ရစေတာကိုး။ မိန်းမတစ်ယောက်အနေနဲ့ မိန်းမဘဝကို ကျွန်မ ပီပီ ပြင်ပြင် မရခဲ့သလိုပါဘဲ။ ယောကျ်ားဆရာဝန်တွေက ရင်သားကြီးအောင် ပြုပြင်ထားပြီး ပြန်ခွဲထုတ်ရင် ရင်သားပုံမှန် ပြန်မဖြစ်ဘူးလို့ အကြံပြုခဲ့ပြန်တာလေ။ ကျွန်မနဲ့အရွယ်တူ မိန်းမသူငယ်ချင်းတစ်ဦးက ကျွန်မလိုပဲ ရင်သားကြီးအောင် အစားထိုးပြီးမှ မိန်းမဆရာဝန်နဲ့ ပြန်ဖြုတ်ထုတ်ပစ်ခဲ့ပြီး ဟန်ကျနေတာမို့ ကျွန်မကို အဲဒီ ဆရာဝန်ဆီ ညွှန်ခဲ့ပါတယ်။ ဆရာဝန်မကတော့ ကျွန်မတို့ အသက်အရွယ်မှာ ဒီလိုပြန်ထုတ်ပစ်တာ မဆန်းပါဘူးလို့ ပြောပြခဲ့ပါရဲ့။ ကျွန်မသား ထရွိုင်းက ကျွန်မ နဂိုရင်သားနဲ့ ပြန်တွေ့တော့ အမေရေ...ခုမှ အချိုးကျပြန်ဖြစ်တော့တယ်လို့ ပြောခဲ့ပါတယ်'တဲ့။

            'ဟုတ်ပါရဲ့ရှင်။ ကျွန်မ ပုံမှန် အချိုးကျဖြစ်ခဲ့တာ ဒီတစ်ခုတည်း မဟုတ်ပါဘူးနော်'

            ဂျိန်းဖွန်ဒါရဲ့ စာအုပ်ထဲက သူမ ရဲ့ ရင်ဖွင့်ထားတာတွေ People မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တဲ့ အချက်တွေကို မျှဝေပါရစေ။

မီ

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။