အခန်းဆက်ဝတ္ထုရှည်

ရင်ထဲမှာခွေနေတဲ့မြွေပွေး ဇာတ်သိမ်း

မောင်ဝဏ္ဏ

01 March 2025
ရင်ထဲမှာခွေနေတဲ့မြွေပွေး ဇာတ်သိမ်း
Share to

နှစ်ယောက်သား စကားမဆိုမိကြဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နီညိုညို ရင်ပြင်တော်ကို လက်ယာရစ်ပတ်ပြီး လျှောက်ခဲ့ကြတယ်။ ဟောင်းအိုနွမ်းလျ နီညိုနေပြီဖြစ်တဲ့ “ရင်ပြင်တော်ဟောင်း” ဟာ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်း ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့ကြပြီ။ အိုမင်းကျိုးပဲ့နေတဲ့ စောင်းတန်းအုတ်လှေခါးကို ပြန်ဆင်းကြတော့ “သူ”ကို ကျွန်တော်ဖေးကူတွဲဖို့ လက်လှမ်းမိပြန်တယ်။ သူက... “ရပါတယ်ကွယ်” လို့ပဲပြန်ပြောတယ်။ ကျွန်တော့်လက်ကို “သူ” မတွဲဘူး။ အိုမင်းနေပြီဖြစ်တဲ့ စောင်းတန်းအတိုင်း အိုမင်းစ ပြုနေပြီဖြစ်တဲ့ ကျွန်တော်တို့ နှစ်ယောက် ဖြည်းဖြည်းချင်း ဆင်းခဲ့ကြတယ်။

စောင်းတန်းနွမ်းကလေးရဲ့ ခြေရင်းမှာ အအေးဆိုင်လေးတစ်ဆိုင်ရှိတယ်။ သရက်ပင်ကြီးတစ်ပင်အောက်မှာ စားပွဲခုံကလေး နှစ်လုံး ချပြီး ဖြစ်ကတတ်ဆန်း လက်တွန်းလှည်းကလေးနဲ့ အအေးပုလင်းတွေတင်ထားတဲ့ ဆိုင်နွမ်းလေးပါ။

'အအေးသောက်ဦးမလား' လို့ ကျွန်တော်ကမေးတယ်။ သူက...

'သူသောက်ချင်လို့လား'

'မတွေ့ရတာ ကြာတော့ စကားစမြည်လေး ပြောရင်းပေါ့၊ အချိန်ရရဲ့လား ဟင်'

'ရပါတယ်ကွယ်'

ကျွန်တော်တို့နှစ်ယောက် သရက်ပင်ကြီးအောက်က ခွေးခြေပုထိုင်ခုံလေးတွေမှာ မျက်နှာချင်းဆိုင် ထိုင်မိကြတယ်။ အလယ်က စားပွဲက ယိုင်နဲ့နဲ့။ ကျွန်တော့် ဘဝကလည်း ယိုင်နဲ့နဲ့၊ သူ့ ဘဝကတော့ တရားနဲ့ထိန်း ထားလို့ ခိုင်နေပြီထင်ရဲ့။

အအေးပုလင်းနှစ်လုံး မှာတယ်။ တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်လုံး အအေးမကြိုက်ကြပါဘူး။ အအေးမကြိုက်တော့ 'ရေခဲမထည့်ပါနဲ့နော်' လို့ မှာလိုက်တယ်။ (ရေခဲက ရင်ပူတယ်လေ) ပြီးတော့ ရောက်တတ် ရာရာ စကားနည်းနည်းပြောတယ်။ 'နေကောင်းကြရဲ့ လား' စသဖြင့်ကနေ 'ငယ်ငယ်က အကြောင်း' တွေ ရောက်သွားတယ်။ သန်လျင်ကို မိသားစုလိုက် ဘုရားဖူး သွားခဲ့တာ၊ မြင်းလှည်းစီးကြတာ၊ သန်လျင်ကမ်းနားက မချိုတချိုနဲ့ ဆိမ့်လှတဲ့ 'သင်ပေါင်းပိုး' စားခဲ့ကြတာတွေ...။

'ကစားရွယ် ငယ်ကတည်းက...'

သူ့မျက်နှာဟာ ခဏချင်း နုပျိုသွားသလိုပဲ။ ရွှင်ရွှင်လန်းလန်းဖြစ်လာတယ်။ ဣန္ဒြေကတော့ တည်ငြိမ်လှ ပေရဲ့။ ဖြူစပြုနေတဲ့ သူ့ဆံစတွေဟာ ရုတ်တရက် အညိုရောင်ပြောင်းသွားသလိုပဲ။ ကျွန်တော်လည်း အဲဒီအချိန်မှာ ကြည်နူးနှစ်သိမ့် ဘဝင်စိမ့်သာယာနေပါတယ်။ ဖြူနီကြောင်ကြားဖြစ်နေတဲ့ ကျွန်တော့်ဆံပင်ကို ဆေးဆိုးလိုက် မိပြီလား။

ကျွန်တော်တို့နှစ်ယောက် 'နှလုံးသား မြို့ဟောင်းကို ပြန်လည်တူးဖော်' နေမိကြတယ်ထင်ပါရဲ့။ လူသားရယ်လို့ ဖြစ်စကတည်းက ရှိခဲ့တဲ့ အချစ်သမိုင်း တန်ဖိုးကြီးလှတဲ့ 'ချစ်မြတ်နိုးမှု ပန်းရစ်ဖော် အိုးခြမ်းပဲ့ တစ်ခု' ကို တူးဖော်တွေ့ ရှိလိုက်ရသလိုပဲ။ အဲဒီအချိန် လောက်မှာ...။

သူ့မျက်ဝန်းတွေ ညို့ လာတယ်။ ကျွန်တော်တို့ ပြောနေတာက ရိုးရိုးသားသား စကားတွေပါ။ ချစ်ရိပ်ချစ်ရောင် သန်းတာဆိုလို့ တစ်လုံး တစ်ပါဒမှ မပါပါဘူး။ အဲ... အကြည့်တွေမှာတော့...။

လေပြည်ကလေးက စိမ့်လာတယ်။ သူအသင့်ယူလာတဲ့ အနွေးထည်လေးကို  မဝတ်ဘဲ ခြုံလိုက်တယ်။ ဟိုးတုန်းက ဒေါ်မေရှင်ရဲ့  'မောင့်တွက်တာ' အင်္ကျီလေး ပုံစံမျိုး ဖြစ်သွားတယ်။ ဣန္ဒြေရရ ရင့်ကျက်အလှ ရှိနေဆဲ ပါကလား။

'အသက်ရလာတော့ ဂရုစိုက်နေရတယ်ကွယ်။ သူကော မချမ်းဘူးလား' လို့ မေးတယ်။ ကျွန်တော် ပြုံးပြီး ပြောဖြစ်လိုက်တယ်။

'မချမ်းပါဘူး၊ ရင်ထဲမှာ မီးဖိုရှိတယ်လေ'

အဲဒီစကားဟာ ဘယ်လို ထွက်ကျသွားသလဲမသိဘူး။ တကယ်တော့ ဆင်ခြင်တဲ့ အသိစိတ်နဲ့ ပြောတာ မဟုတ်ဘူး။ နှလုံးအိမ်မှာ ကိန်းအောင်းနေတဲ့ သားကောင်ကို ခုန်အုပ်ဖို့ အသင့်စောင့်နေတဲ့ ကျားလို အနုသယ ဓာတ်က ဆင်ခြင်သိစိတ်ကို ကျော်ဖြတ်ပြီး ကျွန်တော့်နှုတ်ဖျားကို တိုက်ရိုက် အမိန့်ပေးလိုက်တာပဲ ဖြစ်လိမ့်မယ်။

သူ ခဏ တွေသွားတယ်။ ပြီးတော့ ညင်ညင်သာသာလေး ပြုံးတယ်။ သိပ် တည်ငြိမ်တဲ့ အပြုံးပါ။ သိပ်ကို တည်ငြိမ်ပါတယ်ခင်ဗျာ။  

အဲဒီနောက် စကားလမ်းကြောင်းတွေ ပြောင်းလိုက်ကြတယ်။ အဲဒီနောက် ခဏ တိတ်ဆိတ်သွားတယ်။ အဲသလို တိတ်ဆိတ်ငြိမ်သက်နေတာဟာ သိပ်တုန်လှုပ်ချောက်ချားစရာ ကောင်းပါတယ်။ 

လေပြည်တစ်ချက် သုတ်တယ်။ အဲဒီ လေပြည်လေးနဲ့ အတူ ကျွန်တော့်စကား တစ်ခွန်းဟာ ခုနလိုပဲ   ဆင်ခြင်သိစိတ်ကို '' ထားခဲ့ပြီး နှုတ်ဖျားက ထွက်ကျသွားပြန်တယ်။

'သူ့ကို ကျွန်တော် အမြဲလိုလို သတိရနေခဲ့ မိတယ်'

သူ ကျွန်တော့်ကို မကြည့်ဘဲ 'သြော်...' လို့ တိုးတိုးလေးညည်းတယ်။ ပြီးတော့ အဝေးတစ်နေရာကို ကြည့်တယ်။ သူမမြင်ဘူး။ ကျွန်တော်သိတယ်။ ကျွန်တော်လည်း အဝေးတစ်နေရာကို လှမ်းကြည့်မိတယ်။ အတူတူပါပဲ။ ကျွန်တော်လည်း ဘာမှမမြင်ပါဘူး။ ကြည့်သာကြည့်နေ မမြင်ပေဘူး။

ပြန်တိတ်ဆိတ်သွားတယ်။ လေညင်းကလေးက သူ့ကိုယ်သင်းနံ့ကို ယူဆောင်လာတယ်။ သူအခု ပေါင်ဒါ၊ ရေမွှေး၊ ဘာမှမသုံးတော့ဘူး။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရတဲ့ သူ့ ကိုယ်သင်းနံ့ကို လေညင်းက ဆောင်ယူလာပေးတယ်။ အဲဒီရနံ့ကို ကျွန်တော် အမှတ်ထင်ထင် ရှူလိုက်မိတယ်။ တကယ်တော့ ကျွန်တော် သူ့ကိုယ်သင်းရနံ့ကို အားရပါးရ ရှူသွင်းလိုက်ပြီး အဆုတ်ကတစ်ဆင့် နှလုံးအိမ်ဆီ ပေးပို့လိုက်တာပါ။ နှလုံးအိမ်ကတဆင့် ကျွန်တော့်ခန္ဓာ အနှံ့ပြန့်နေမယ့် သွေးတွေနဲ့အတူ သူ့ကိုယ်သင်းနံ့ကို ဒီဘဝ ဒီခန္ဓာ ဆုံးသည်အထိ ဆောင်ယူ သိမ်းဆည်းထားလိုက်တာပါ။ နောက်ဆုံး ထွက်သက်မှာ သူ့ကိုယ်သင်းနံ့ကို ထည့်ပေးလိုက်မယ်။ ဒါမှ ဘဝ အဆက်ဆက် သူ့ကိုယ်သင်းနံ့လေးနဲ့ ကျွန်တော် ရှင်သန်နေလိမ့်မယ် ထင်ပါရဲ့။

တစ်မိနစ်၊ နှစ်မိနှစ်၊ ကျွန်တော့်စိတ်ထဲမှာ အကြာကြီးလို့ ထင်တယ်။ အဲဒါ တစ်ဘဝစာလို့ ယူဆမိတယ်။

'သူကော... ကျွန်တော့်ကို တစ်ခါတလေ သတိရမိလားဟင်'

သူခေါင်းကို ငုံ့လိုက်တယ်။ ကျွန်တော့်မေးခွန်းကို မဖြေဘူး။ သက်ပြင်းငယ်လေး မသိမသာရှိုက်တယ်။ မျက်တောင်နှစ်ချက်လောက်ခတ်တယ်။

နောက်ထပ် တစ်မိနစ်၊ နှစ်မိနစ်...။

ကျွန်တော့်ရင်တွေ လှိုက်လာတယ်။ မောလှပြီ၊ တစ်ဘဝလုံး မောခဲ့ရတဲ့ အမော။

ကျွန်တော်သိတယ်။ ခဏကြာရင် ကျွန်တော့် ရင်ပွင့်ထွက်တော့မယ်။ ရင်ပွင့်မထွက်ခင် စကားလုံးတွေနဲ့ ရင်ကိုဖွင့်ရတော့မယ်။ မတတ်နိုင်တော့ဘူး။ ကျွန်တော့်ရင်ထဲမှာ စကားလုံးတွေကို စီလိုက်တယ်ထင်တယ်။ အဲဒီ စိတ်အမူအရာဟာ ဘဝင်စိတ်ခေါ်သလားမသိဘူး။ အသိဉာဏ်နဲ့ ယှဉ်တဲ့ ဆင်ခြင်သိနဲ့ မနိန္ဒြေလှုပ်ရှားနေတာ မဟုတ်ဘူး။ ဆင်ခြင်သိကင်းမဲ့တဲ့ စိတ်လှုပ်ရှားမှု။ 'မောဟ' ဆိုတာ အဲဒါမျိုးထင်တယ်။

တစ်ဖက်က အနုသယစိတ်၊ တစ်ဖက်က ဆင်ခြင်သိ လွန်ဆွဲပွဲမှာ ဟဒယ နှလုံးအိမ်မှာရှိတဲ့ အနုသယ ဘဝင်စိတ်က အနိုင်ရတယ်။ ကျွန်တော့်ဦးနှောက်ကို နှလုံးသားက အပြတ်အသတ် အနိုင်ယူလိုက်ပြီ။ ကျွန်တော့် ဦးနှောက်ဟာ အကျအဆုံးများစွာနဲ့ ဆုတ်ပေးလိုက်ရတယ်။ ကျွန်တော့်နှုတ်က စကားလုံးတွေ ရုတ်တရက် ထွက်ကျကုန်တယ်။  

'ကျွန်တော့်ကို တစ်ခု ခွင့်ပြုနိုင်မလား...သူ'

သူကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်ကြည့်တယ်။ ပြီးတော့...

'ခွင့်ပြုနိုင်သမျှ အားလုံး ခွင့်ပြုခဲ့တာချည်းပဲ မဟုတ်လားကွယ်'

ကျွန်တော် သက်မတစ်ခု ပြင်းပြင်းချမိတယ်။ ပြီးတော့...

'ခုတလော အိပ်မက်တွေ ခဏခဏ မက်တယ်။ အိပ်မက်ထဲမှာ သူ့ကိုပဲ မြင်ယောင်နေမိတယ်...'

သူ ခေါင်းပြန်ငုံ့လိုက်ပြီ။

'ဒါဆို ဆက်ရှင်းပြစရာ မလိုဘူးလို့ ထင်တယ်လေ။ ပြီးတော့ အခွင့်အရေးတစ်ခု တောင်းချင်တယ်။ ကျွန်တော့်အိပ်မက်တွေကို အိပ်မက်နေရာမှာ မထားတော့ဘဲ ရင်ထဲမှာပဲ သိမ်းထားပါရစေ။ ခုအချိန်ဟာ သူ့ဆီက တခြားအခွင့်အရေးတစ်ခု တောင်းရမယ့် အခြေအနေမဟုတ်တော့ဘူးဆိုတာ သိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အဲဒီအိပ်မက်ကို လှလှပပ ယုယုယယ သိမ်းထားပါရစေ'

သူ မြေပြင်ကို မမြင်ဘဲ ကြည့်ရင်း မသိသာတဲ့ တိုးတိတ်တဲ့ သက်ပြင်းငယ်လေး ရှိုက်လိုက်တယ်။

ကျွန်တော်က 'သူစိတ်အနှောင့်အယှက်များ ဖြစ်သွားမလားဟင်၊ အဲသလိုဖြစ် သွားရင် တောင်းပန်ပါတယ်။   ခုနစကားတွေ ပြန်ရုပ်သိမ်း ဆိုရင် ရုပ်သိမ်းလိုက်ပါ့မယ်'

'လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြန်တယ်။ အကြာကြီးပဲလို့ ထင်မိတယ်။ သူ့စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ဖို့ နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲပွဲကျင်းပနေတယ်ထင်တယ်။ မြေပြင်ပေါ် က ဂဝံခဲကလေးတွေကို ခေါင်းငုံ့ပြီး ကသိုဏ်းရှုသလို ရှုနေတယ်။ ဒါပေမယ့် သူ အဲဒီနေရာကို မမြင်ဘူး။ ဆင်ခြင်နေတယ်၊ စဉ်းစားနေတယ်။ အပြန်ပြန် အလှန်လှန် ဖြစ်မှာပေါ့လေ။ အကြာကြီးပါပဲ။ ပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ပြန်ပြောတယ်။

'လောကကြီးဟာ သိပ်အံ့သြဖို့ကောင်းတယ်ကွယ်။ ဖြစ်ချင်တာတွေ မဖြစ်တာများတယ်။ မဖြစ်ချင်တာ တွေပဲ ဖြစ်လာတတ်တယ်။ သူ့စိတ်ထဲမှာ အဲသလိုဖြစ်ခဲ့မယ်လို့ ဘယ်တုန်းကမှ မ ထင်ခဲ့မိပါဘူးကွယ်။ အင်း. သိပ်ဆန်းပြားတယ်နော်'

(ကျွန်တော့်ရင်ထဲမှာ သူ့ကို မြတ်နိုးမိခဲ့မယ်လို့ မထင်ခဲ့ဘူးတဲ့လေ၊ ဟုတ်ရဲ့လား၊ တကယ်ပဲ အဲသလို မထင်ခဲ့ ဘူးလား။)

ကျွန်တော် သူ့ကိုကြည့် မိတယ်။ အလွန်တည်ငြိမ်ပြီး ဣန္ဒြေရှိတဲ့ မျက်နှာလှလှကို တွေ့ရတယ်။ တစ်ခုပဲ...။ ပါးအို့လေးတွေ ပန်းရောင်ပြန် သန်းလာသလိုပဲ။ နှုတ်ခမ်းလေးတွေလည်း ပန်းနုရောင်စိုလာတယ်လို့ ထင်မိတယ်။ (ထင်မိတာပါ။) ကျွန်တော် ပြောမိပြန်တယ်။

'ဟုတ်တယ်...သူ၊ သိပ်ဆန်းပြားတယ်၊ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် အံ့သြစရာကောင်းတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ရင်ထဲမှာ ဖြစ်နေတာပါ။ သူ့ဆီက အဖြေတစ်ခုခု တောင်းနေတာ မဟုတ်ပါဘူး။ အဖြေတောင်းရမယ့် အခွင့်လည်း မရှိတော့ပါဘူး။ ဘယ်လိုမှ မသင့်လျော်တဲ့ စကားတွေကို ပြောလို့မှ မရနိုင်တော့တာ။ ပြီးတော့ ဘယ်သူကမှ ပြဋ္ဌာန်းမထားပေမယ့် လိုက်နာစောင့် ထိန်းရမယ့် ကျင့်ဝတ်တွေကိုလည်း ချိုးဖောက်နေတာမှ မဟုတ်တာ။ ကျွန်တော့် ရင်ထဲက... ထားပါလေ။ အဲဒါလေးကို အသိအမှတ်ပြုရုံလောက်ပါ။ သူ့ရင်ထဲက အကြောင်းကို မမေးပါဘူး။ မေးဖို့လည်း မသင့်တော့ဘူး။ ဒါပေမယ့် ကိုယ့်ရင်ထဲက အဖြစ်ကိုတော့ ပြောခွင့်ရှိတယ်လို့ ထင်ပါတယ်။ အဲသလိုပြောပြလိုက်ရရင် ကျွန်တော့်အိပ်မက်တွေဟာ တစ်စတစ်စ လွင့်ပျောက် သွားလိမ့်မယ် ထင်တယ်လေ။ အဲဒီအိပ်မက်တွေကို နှလုံးအိမ်ထဲမှာ လှလှပပ ညင်ညင်သာသာ တိုးတိုး တိတ်တိတ်ကလေး ဝှက်ပြီး သိမ်းထားပါရစေ'

သူ မျက်တောင်သုံးလေးချက် ခတ်ပြန်တယ်။ ပြီးတော့ နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ပြီး သက်ပြင်း ငယ်မှုတ်ထုတ်ရင်း ပြောတယ်။

'သူ့စိတ်ထဲမှာ အဲသလို ဖြစ်နေတာကို မသိခဲ့ပါဘူးကွယ်'

သူ မြေပြင်ကို ကြည့်နေပြန်တယ်။ ကျွန်တော့်ရင်ထဲမှာ မြတ်နိုးနေတာကို သူ မသိခဲ့ပါဘူးတဲ့။ ဒါဆို... နှစ်ပေါင်းများစွာ ကျွန်တော်ပြခဲ့တဲ့ ချစ်ရိပ်ချစ်ရောင်တွေ၊ ကျွန်တော့်အကြည့်တွေ ထောင်သောင်းသိန်းသန်း ကုဋေ၊ ကျွန်တော့် ချစ်စကား မကျတကျ အလှအပတွေ အားလုံးဟာ ဘာမှအရာမထင်ခဲ့ဘူးပေါ့။

'သမုဒ္ဒရာရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ...၊ ဖြစ်ခဲ့ကြရရှာပြီပေါ့

ဒါမှမဟုတ် ကျွန်တော် အသေအချာချိန်ရွယ်ပြီး သူ့ ဆီပစ်လွှတ်ခဲ့တဲ့ အနုသယ မြားတံတွေဟာ သူ့ရဲ့ကြံ့ခိုင် လှတဲ့ နှလုံးအိမ်မြို့ရိုးကြီးကို မထွင်းဖောက်နိုင်ခဲ့ဘူးပေါ့။ သူ့ခြေရင်းမှာ ကျွန်တော့် မြတ်နိုးမှု မြားအစင်းစင်းဟာ ဝပ်ဆင်းခယ ကြေမွကြရ ပြီးပြီပေါ့။

ဟိုတစ်ချိန်တုန်းက ပိရိတဲ့နှုတ်ခမ်းနဲ့ လဲ့ရည်စူးရှတဲ့ အကြည့်ကို ဘာကြောင့် ပေးခဲ့ရသလဲ။ အဲဒီတုန်းက ကျွန်တော် ဖြည်းလေးစွာ ခေါင်းခါခဲ့မိတာကြောင့် ကျွန်တော့်ကို သေရာပါဒဏ်ရာ ပေးချင်လို့ စူးရှဝင်းလက်တဲ့ အကြည့် ကျည်ဆန်နဲ့ ကျွန်တော့် နှလုံးသားဗဟို တည့်တည့်ကို ပစ်ခွင်းခဲ့တာများလား။

'ယူကျုံးနောင်တ၊ ရပစေသား၊ ငါ့အမှားကို၊ မယ်ကားရှေးက၊ ဝမ်းနည်းလှ၍၊ ပြလိုက်သလို၊ စိတ်ထဲဆို၍၊ ငါ့ကိုနွဲ့ရှာလေသလော'

ဒါမှမဟုတ် အဲဒီ အနုသယ ကိလေသ အညစ်အကြေးတွေကို တရားရေအေးနဲ့ သန့်စင်ဆေးကြောပစ်ခဲ့ ပြီးပြီလား။ အနုသယ အားလုံး ရေစုန်မျှောပစ်လိုက်ပြီး ပြီလား။

မဖြစ်နိုင်ဘူး။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ အနုသယဆိုတဲ့ ဓာတ်ဟာ သိပ်ပြင်းတယ်။ တကယ့် အရိယာ သူတော်စင်တွေ အဆင့်ကို ရောက်မှ အဲဒီ အနုသယကို အပြီးတိုင် ဖြတ်နိုင်တာလို့ ကြားဖူးတယ်။ ဒါဖြင့် ဘာကြောင့်လဲ။ သူ ဘာတွေ စဉ်းစားနေတာလဲ။

ကျွန်တော် သူ့မျက်နှာပေါ်မှာ တစ်ဖျပ်ဖျပ်ပြေးနေတဲ့ အရိပ်တွေကို ဖမ်းပြီး 'ဖတ်' ကြည့်နေမိတယ်။ ဘာအဓိပ္ပာယ်မှ မဖော်နိုင်ဘူး။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘဝအမော နှလုံးသားဇာတ်တော်ကြီးကို ပြည်ဖုံးကား ချပြီးပြီမို့ ပြန်လည်စင်မတင် ချင်တော့ပြီလား။ ရင်ထဲက နားလည်မှုကိုယ်စီနဲ့၊ သန့် သန့်ရှင်းရှင်း မြတ်နိုးမှုတွေနဲ့    ဘဝရဲ့ နောက်ဆုံးအချိန်ပိုင်းတွေကို ဖြတ်သန်းကြဖို့ စဉ်းတောင်မစဉ်းစားတော့ပြီလား။ (ဒါပေမယ့် သူ့အယူအဆဟာ ပိုမိုနက်နဲပြီး အလွန်တရာလှပ သိမ်မွေ့မြင့်မြတ်တဲ့အကြောင်း သိပ်မကြာခင် သိရတော့မယ်လို့ မမျှော်လင့် တတ်ခဲ့ဘူး)

သူ...မြေပြင်ပေါ်က ရွက်ကြွေမွမွကလေးတွေကို တစ်ရွက်ချင်းလိုက်ရေတွက် နေသလိုပဲ။ အဲသလိုလည်း  မဟုတ်ပြန်ဘူး။ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ခက်နေတဲ့ ပုံပဲ။

ကျွန်တော် ဘာမှ မပြောဘဲ တစ်ဖက်ကို လှည့်နေလိုက်တယ်။ ကျွန်တော်လည်း မြေပြင်ပေါ်က ရွက်ခြောက်ညိုတွေကို စိတ်မဝင်စားဘဲ ကြည့်နေမိတယ်။ တိတ်ဆိတ်လွန်းတဲ့ဒဏ်ကို ကျွန်တော် မခံနိုင်တော့ဘူး။

'သူ'

ကျွန်တော်က တိုးတိုးလေး ခေါ်လိုက်တယ်။ သူ ကျွန်တော့်ကို အသာအယာ ငဲ့ကြည့်တယ်။ ကြင်နာတဲ့ အကြည့်။ ကရုဏာအပြည့်ပါတဲ့ အကြည့်။

'ကျွန်တော် သူ့ကို ရင်ထဲကပဲ မြတ်နိုးနေပါရစေ၊ သူအနေနဲ့ အဲသလောက်ကလေးတော့ ခွင့်ပြုနိုင်လိမ့်မယ် ထင်ပါတယ်'

သူ အံကလေးကို မသိမသာကြိတ်တယ်။ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပုံရတယ်။

ကျွန်တော့်ကို ညို့မှိုင်းနေတဲ့၊ ဒါပေမယ့် အရောင်လေး လဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်တယ်။ သိပ်တည်ငြိမ် တာပါပဲကလား။

ဟုတ်ပါပြီ၊ သူ့ ဆင်ခြင်သိက အနိုင်ရသွားပြီ။ သူ့နှလုံးအိမ်ကို သူ့ဦးနှောက်က  အနိုင်ယူလိုက်ပြီ။ သူ့ရဲ့ နှလုံးသားဟာ ခွာစစ်ကိုယူလိုက်ရပြီ။ သူ့ဦးနှောက်က နှလုံးသားနယ်မြေကို အပြီးအပိုင်သိမ်းယူလိုက်ပြီ။ သူ့ နှလုံးသား နယ်မြေဟာ 'အဖြူရောင်နယ်မြေ' ဖြစ်သွားပြီ။ ငြိမ်းချမ်းသွားပြီ။

သူ သက်ပြင်းတစ်ချက် မျှဉ်းမျှဉ်းကလေး ရှိုက်တယ်။ ခေါင်းကလေးကို မတ်မတ် တည့်လိုက်တယ်။ စင်းနေတဲ့ လည်တိုင်က လှလိုက်တာ။ ငယ်ငယ်တုန်းကလို တင်းတင်းရင်းရင်း မဟုတ်ပေမယ့် လည်တိုင်က စင်းတုန်း၊ လှတုန်းပါပဲကလား။ 'လေ' တစ်ဆုပ်ကို မျိုချလိုက်သလို လည်တံကလေး လှုပ်သွားတယ်။ ဟုတ်ပါပြီ။ သူပြောချင်တဲ့ ကျွန်တော် သိပ်ကြားချင်တဲ့ တစ်ခွန်းတည်းသော စကားကို မျိုချလိုက်ပါပြီ။

ပြီးတော့ တည်တည်ငြိမ်ငြိမ်ပြောတယ်။ ဒါပေမယ့် သူ့လေသံဟာ မသိမသာလေး တုန်ခါနေတယ်လို့ ထင်မိတယ်။ (ထင်တာနော်) 

'မဖြစ်နိုင်ဘူးကွယ်...၊ အဲသလို ခွင့်ပြုလိုက်ရင် သူ ကိုယ်တိုင်ကလည်း သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားလိမ့်မယ်။ သူ့ စိတ်ထဲမှာ သူ့ကို အဲသလို သဘောမျိုး ဘယ်တုန်းကမှ မထားခဲ့ပါဘူးကွယ်'

တိုးတိုးလေး ပြောတာပါ။ ဒါပေမယ့် ကျွန်တော့်အတွက် 'တော်လည်းသံကြီး' လို့ ထင်မိတယ်။ ဟုတ်ရဲ့လား။ သူတကယ် ပြောလိုက်တာ ဟုတ်ရဲ့လားဟင်။

'ထိုခဏ၌ ကမ္ဘာမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ မွှတ်မွှတ်ရက်ရက် လည်ထွက်သွားလေသတည်း' ဆိုတဲ့ စကားကြားဖူးပါတယ်။ အဲဒီခဏမှာ ကျွန်တော့်အတွက်တော့ တကယ်ပဲ ကမ္ဘာမြေကြီး ဦးစောက်ပြောင်းပြန် အိုးထိန်းစက်ကဲ့သို့ မွှတ်မွှတ်ရက်ရက် လည်ထွက်သွားပြီလို့ ခံစားလိုက်ရပါတယ်။

ကျွန်တော် မျက်လုံးအဝိုင်းသားနဲ့ သူ့ကိုကြည့်နေမိတယ်။ ဘယ်ကဘယ်လို ဝိုင်းလာတဲ့ မျက်ရည်လည်း မသိဘူး။ ကျွန်တော့်မျက်အိမ် စိုစွတ်စပြုပြီလို့ သတိထားလိုက်မိတယ်။

သူကတော့ တည်ငြိမ် ဣန္ဒြေရဆဲပဲ...။

'တို့ငယ်ငယ်တုန်းက ရိုးရိုးသားသား သန့်သန့်စင်စင် 'ချစ်' ခဲ့ကြဖူးတယ် မဟုတ်လားကွယ်၊ သူ့ကို အဲသလိုပဲ ခုထိ သဘောထားပါတယ်။ သူလည်း အဲသလိုပဲ သဘောထားစေချင်တယ်။ ရင်ထဲမှာဖြစ်နေတာကိုတော့ ဖြည်းဖြည်းချင်း ဖျောက်ယူပေါ့။ အကောင်းဆုံးကတော့ တရားအားထုတ်ပါကွယ်။ သူ ခုထိ တရားအားမထုတ် သေးဘူးလားဟင်'

ကျွန်တော်ရေးပြီးပြီ ထင်ပါတယ်။ အဲဒီအချိန်မှာ သိမ်မွေ့တဲ့ ချစ်မြတ်နိုးမှု ကျည်ဆန်အမြန်ရထား နှစ်စင်းဟာ ဖီလာဆန့်ကျင်ရာ ဘက်ကို 'ဝှစ်' ခနဲ ဖြတ်သွားကြသလိုပဲ။ သူက သံသရာ အဆန်ကျည်ဆံအမြန်ရထား သူဦးတည်နေတာက ထာဝရ ငြိမ်းအေးရာ။ ကျွန်တော်က သံသရာအစုန်ကျည်ဆန် အမြန်ရထား။ ကျွန်တော် ဦးတည်နေတာက 'ငရဲသို့ဖြတ်လမ်း'

ကျွန်တော်ပေါက်ကွဲ ထွက်တော့မယ်။ သိပ်ပင်ပန်းလှပြီ။ ကျွန်တော့်ရင်ထဲမှာ ပြည့်သိပ်မွန်းကျပ် တိုးဝှေ့နေတဲ့ စကားလုံးတွေရှိတယ်။ ကျွန်တော့်နှလုံးသားကို တစ်စချင်းဖဲ့ပြီး စီထားရတဲ့ စကားတွေ။ အဲဒီအချိန်မှာ အသိစိတ်ကသာ ထိန်းမထားရင် ချက်ချင်းထ၊ အမြန်ဆုံး ခြေကုန်သုတ်ပြီး လယ်ကွင်းတွေကြားထဲမှာ အော်ကြီး ဟစ်ကျယ်နဲ့ လည်ချောင်းကွဲအောင် ဟစ်ပစ်လိုက်ချင်တော့တယ်။

'လွမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်ရဲ့'

'ကျွန်တော်လို အမိုက်အမဲကောင်ကို တရားတော်က ကယ်နိုင်လိမ့်မယ် မထင်ဘူး။ ဘာကမှ မကယ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း မကယ်နိုင်ဘူး။ ဘယ်သူ့ မှလည်း မကယ်နိုင်ဘူး။ သူ ကယ်မှလွတ်ရမယ့် ဒုက္ခ။ ဘာဖြစ်လို့ ရင်ထဲက မြတ်နိုးနေခွင့်လေးတောင် မပေးချင်ရတာလဲ။ ပြန်ချစ်ပါ။ ပြန်မြတ်နိုးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ အဲသလို တောင်းဆိုဖို့ မသင့်တော့ဘူး ဆိုတာလည်း သိနေတယ်။ အခွင့်လေးတစ်ခု တောင်းနေတာ။ သူ ကျွန်တော့်ကို ကြိုက်သလို သဘောထား၊ မုန်းတယ်၊ သိပ်မုန်းတယ်လို့ ဆိုလိုက်တာကမှ သက်သာလိမ့်ဦးမယ်။ နားရင်းပါးရင်း ပွင့်အောင် ရိုက်ချင်သပဆို ရိုက်ပစ်။ ဒီလို စကားမျိုးတော့ ကျွန်တော့်ကို မပြောပါနဲ့။ 'သူ' နှိပ်စက်တတ် လှချည်လား။ အနိုင်ယူလှချည်လားဟင်။ လက်ရဖမ်းမိတဲ့ ရန်သူကိုတောင် ထိုက်သင့်တဲ့ အခွင့်အရေးလေး ပေးရသေးတယ်။ ကျွန်တော် သူ့ကို အကြွင်းမဲ့ အရှုံးပေးပြီးပြီ။ ကျွန်တော့် တစ်သက်မှာ ဘယ်သူ့ကိုမှ အရှုံးမပေးခဲ့ဖူးဘူး။ ခု သူ့ကို အရှုံး ပေးနေတာ။ အကြွင်းမဲ့ လက်နက်ချနေတာ။ ဒါတောင် ရက်ရက်စက်စက် လုပ်ရက်တယ်၊ သူ့ကို ကျွန်တော့်ရင်ထဲက မြတ်နိုးခွင့်လေး ပေးပါလို့ ရှိသမျှ လက်ကျန် အင်အားလေးနဲ့ ခယတောင်းပန်နေတာ၊ 'သူ' ရက်စက် လှချည်လား။

   'ရက်စက်မှ ကြေကွဲတဲ့။ ကြေကွဲအောင် ရက်စက်ပြနေတာလား။ ကျွန်တော်ဟာ ကြေကွဲပြီးသားပါ။ သူကိုယ်တိုင်ကော ကြေကွဲနေတာလားဟင်း...'

အဲဒီစကားတွေဟာ နှုတ်က ထွက်လာနိုင်စွမ်း မရှိတော့ဘူး။ ရင်ထဲမှာ အလုအယက် တိုးဝှေ့နေတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် နောက်ဆုံးရထားကို အလုအယက် တိုးဝှေ့တက်နေသလို လည်ဝမှာ တွန်းထိုး ရုန်းကန်နေကြတယ်။ ဒါပေမယ့် အဲဒီစကားလုံးတွေ အားလုံးကို ပြန်မျိုချပစ်လိုက်ရတယ်။ ဒါတောင် လည်မျိုမှာ ဆို့နင့်နေသေးတယ်။

ကျွန်တော် မျက်ရည်စကို မထိန်းနိုင်ဘူး။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတယ်၊ ဒီ့ထက်ရှုံးတဲ့ အရှုံး ရှိပါဦးမလား။

မထင်နဲ့ ကိုယ့်လူ၊ ရှိသေးတယ်။ နောက်ထပ် ခွက်ခွက်လန်အောင် ရှုံးမယ့် အရှုံးကြီးက ရှေ့နားကပ်လျက်မှာ စောင့်နေတယ်။ အဲဒါကို ကြိုပြီး မြင်နိုင်စွမ်း မရှိခဲ့ဘူး။ မောဟအမိုက်တိုက်ဟာ အားလုံးကို ဖုံးကွယ်ထားတယ်။ 

သူ့ စကားသံ တည်တည်ငြိမ်ငြိမ်နဲ့ ပေါ်လာပြန်တယ်။

'သူ့မှာ ဒုက္ခတွေ အများကြီး ရင်စည်းခံခဲ့ရပြီးပြီ။ အဲဒါတွေ အားလုံး သူသိပါတယ်လေ။ အဲဒီ ဒုက္ခတွေကို လွယ်လွယ်နဲ့ မဖြေဖျောက်နိုင်ခဲ့ပါဘူး သူရယ်။ ဒီလိုပဲ ဖြည်းဖြည်းချင်း လေ့ကျင့်ယူရတယ်။ တရားနဲ့ နေသား ကျလာတော့ အလေ့အကျင့် ရသွားတာပါပဲ။ ဒါကြောင့် သူ့ကို အတတ်နိုင်ဆုံး ကူညီနိုင်သမျှဟာ ဒီနည်းတစ်နည်းပဲ ရှိပါတယ်ကွယ်။ တရားအားထုတ်ဖို့ ကြိုးစားပါ။ ဒီအသက်အရွယ်မှာ တရားနဲ့ပဲ နေသင့်တယ်နော်။ တရား အားထုတ်ပါကွယ်၊ ဟုတ်လား'

ကျွန်တော် လက်ခုံနဲ့ မျက်ရည်စကို သုတ်မိတယ်။ ကြာရင်စီးကျကုန်လိမ့်မယ်။ ပြီးတော့...။

'ကြိုးစားကြည့်ပါမယ်' လို့ ပြောလိုက်မိတယ် ထင်ပါရဲ့။ ကျွန်တော့် အသံ တိမ်တိမ်ခါခါလေးကို သူ ကြားမှ ကြားပါလေစ။ သူက တည်ငြိမ်အေးဆေးတဲ့ လေသံနဲ့...။

'စိတ်ချ သူ...။ တရားတော်ဟာ သိပ်အေးချမ်းတယ်။ သူ အခု တရားနဲ့ပဲ နေတယ်။ တရားရနေပြီလို့   ပြောတာမဟုတ်ပါဘူး။ တရားကို လွယ်လွယ်ကူကူ ဘယ်ရနိုင်ပါ့မလဲကွယ်။ ဒါပေမယ့် တရားနဲ့ နေနေသမျှ အချိန်ကလေးတွေမှာတော့ အေးချမ်းနေတာပါပဲ။ ဒါကြောင့် သူ့အတွက် အကောင်းဆုံး လက်ဆောင်ဟာ ဒီစကားတွေပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ရိုးသားသန့်စင်တဲ့ မေတ္တာထားနိုင်အောင် ကြိုးစားပါကွယ်။ သူကလည်း သူ့ကို အဲသလို သန့်စင်တဲ့ မေတ္တာပဲ ထားပါ့မယ်'

ကျွန်တော့်ရဲ့ အလွန်တရာ နောက်ကျူညစ်ထေးနေတဲ့ နှလုံးအိမ် ရွှံ့ညွန်ထဲမှာ သူ့ရဲ့ အင်မတန်လှပ သန့်စင်မွန်မြတ်တဲ့ မေတ္တာကြာပန်းတစ်ပွင့် ဖျတ်ခနဲ ပွင့်လာသလိုပဲ။ အနုသယ ညွန်အိုင်ထဲမှာ မေတ္တာကြာပန်းလေး ပွင့်ပါပြီ။ ကိလေသာ ညွန်မှန်သမျှ ခါချပစ်မယ့် မေတ္တာကြာပန်းလေး။

            ကျွန်တော် သူ့ကို ဘာတစ်လုံးမှ ထပ်ပြောစရာမလိုတော့ဘူးလို့ ထင်ပါတယ်။  သူ့ရဲ့ မေတ္တာကရုဏာကို အသိအမှတ်ပြုတဲ့ အနေနဲ့ တောင်းပန်ဖို့ပဲ ရှိတော့တယ်။

'သူ့ကို စိတ်အနှောင့်အယှက်တွေ ပေးခဲ့မိတယ်။ တစ်ဘဝလုံး ဆိုပါတော့လေ။ ဒီအတွက် ခွင့်လွှတ်ပါ'   တုန်ခါနေတဲ့ ကျွန်တော့်အသံ တိမ်ဝင်သွားပြန်ပါတယ်။

သူ ကျွန်တော့်ကို အကြင်နာမျက်ဝန်းနဲ့ ခဏ ကြည့်တယ်။ ပြီးတော့ မမြင်နိုင်တဲ့ တစ်နေရာကို လှမ်း ကြည့်တယ်။ ပြုံးလည်း မပြုံးဘူး။  အလွန်အေးဆေး တည်ငြိမ် ဣန္ဒြေရစွာနဲ့။

'ခွင့်လွှတ်ပြီးသားပါကွယ်၊ ခုအားလုံးကို ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။ သူ့ကိုတော့ အမြဲတမ်း ခွင့်လွှတ်ခဲ့တာပါ။ အရင်ကတည်းက ခွင့်လွှတ်ပြီးသားပါ'

ကျွန်တော့်စိတ်မျက်စိ အမြင်အာရုံထဲမှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က ကျွန်တော်ဖြည်းလေးစွာ ခေါင်းခါခဲ့တာ။ အိမ်ပေါ်ထပ် ပြတင်းကြားမှာ တွေ့ခဲ့လိုက်ရတဲ့ သူ့ ပိရိတင်းစေ့တဲ့ နှုတ်ခမ်းနဲ့ ရည်လဲ့စူးရဲတဲ့ အကြည့်၊ သူ ဆတ်ခနဲ လှည့်ထွက်သွားတာ၊ လက်ခုံနဲ့ မျက်ရည်စကို ဖျတ်ခနဲ သုတ်သွားတာကို နောက်ဘက်က မြင်ရတဲ့ သူ့ ကျောပြင် သိမ့်သိမ့်လှလှလေးတွေဟာ ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပေါ်လာတယ်။

သူဆိုလိုတာက အဲဒီတုန်းကတည်းက ခွင့်လွှတ်ခဲ့တယ်။ ပြီးတော့ ဖြစ်ခဲ့သမျှ ဒုက္ခတွေကို ရင်စည်းပြီး ခံခဲ့တယ်။ အဲသလိုများ ပြောချင်ရော့လေသလား။

ဆန်ခါပေါက်ကျအောင် ပျက်စီးနေတဲ့ ကျွန်တော့် နှလုံးအိမ်ကို ရင်ဘတ်ထဲက ဆွဲထုတ်ပစ်လိုက်သလို ခံစားရတယ်။ ရင်ပွင့်တယ်ဆိုတာ အဲဒါကို ခေါ်တာလေလား။ ဟင်းလင်းပြင်ကြီး တစ်ခု ရင်ထဲမှာ ဖြတ်သွားတယ်။ လေထီးမပါဘဲ လေယာဉ်ပေါ်က ခုန်ချလိုက်ရတာမျိုးနဲ့ တူမယ်ထင်တယ်။ အတန်တန် အားတင်းပြီး ပြန်ပြောလိုက်ရတယ်။

'ခွင့်လွှတ်တယ်ဆိုရင် ကျေနပ်ပါပြီ။ သူ သူ့ကို ရိုးသားသန့်စင်တဲ့ မြတ်နိုးမှု ဖြစ်အောင် ကြိုးစားပါဦးမယ်'

'အဲဒါ အကောင်းဆုံးပေါ့ကွယ်၊ သူ့အပေါ်မှာ ဘာ သဘောထားမှ မပြောင်းပါဘူး။ အရင်ကအတိုင်းပဲ ရိုးရိုးသားသား သန့်စင်တဲ့ မေတ္တာပဲ ရှိပါတယ်၊ ယုံနော်' ကျွန်တော် ခေါင်းငုံ့ထားမိတယ်။ ပြန်မမော့ဖြစ်တော့ဘူး ထင်တယ်။

ကျန်တာတွေ ကျွန်တော်ပြောပြီးထင်ပါတယ်။ မိုးက အုံ့သထက်အုံ့လာပြီ။ ညိုမည်းမှောင်လာပြီ။ အအေး ဖိုးရှင်းလိုက်တယ်။ အအေး ပုလင်းတွေမှာ တစ်စက်မှ မလျော့သေးဘူး။ ပုလင်းထိပ်က 'ကျူတံ' လေးတွေဟာ မိုးသက်လေအေးထဲမှာ တဆတ်ဆတ် လှုပ်နေရှာတယ်။

တစ်ခွင်တစ်ပြင်လုံး အုံ့မည်းညိုမှောင်ပြီး သိပ်မကြာခင် တစ်မိုးလုံး ပြိုကျတော့မယ်။ မိုးသက်လေအေးဟာ ကျွန်တော့်ရင်ကို ချမ်းစိမ့်အောင် မပြုနိုင်ရှာဘူး။ ရင်ထဲမှာ အရှိန်ညီးညီး ရှားမီးခဲတွေ တောက်လောင်နေတယ်။

သူထိုင်ရာကထတော့ တွဲထူပေးဖို့ လက်ကမ်းမိတယ်။ သည်တစ်ခါတော့ ဘာမှမပြောဘူး။ ဒါဟာ နောက်ဆုံးပေးတဲ့ အခွင့်အရေးလေး ပေလား။ သူ့ လက်မောင်းအိုးလေးကို ကူတွဲရင်း ညင်ညင်သာသာ ဖေးမလိုက်ပါတယ်။ ရင်ခုန်လိုက်တာလေ။ လူပျိုပေါက်ကလေး တစ်ယောက်ရဲ့ ရင်ခုန်ပုံမျိုး။ ယှဉ်ရပ်ထားတဲ့ ကားနှစ်စီးဆီကို နှစ်ယောက်သား လေးပင်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာခဲ့ကြတယ်။

ကျွန်တော့်ခြေထောက်တွေ မခိုင်နိုင်တော့ဘူး။ သူ့ ခြေလှမ်းတွေကတော့ တည်ငြိမ်လျက်ပါပဲ။ မြေပြင်ကို ကြည့်လျှောက်နေတယ်။

ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့  အာရုံပြုရင်း ကာယာနုပဿနာ တရား မှတ်နေသလားမသိ။

ကျွန်တော့်မှာတော့ နှလုံးသားဝေဒနာ...လေ။ 

ယှဉ်ရပ်ထားတဲ့ ကား နှစ်စင်းနားကိုရောက်တယ်။ ကျွန်တော်ကားမှာ မောင်းတဲ့ ဒရိုင်ဘာ မပါဘူး။ သော့ ခတ်ထားတဲ့ ကျွန်တော့်ကားကို သူကြည့်ရင်း တည်ငြိမ်တဲ့ လေသံနဲ့ မေးတယ်။

'တစ်ယောက်တည်းလားဟင်'

ကျွန်တော် ဒီလိုပြန်ပြောမိတယ်၊ လွှတ်ခနဲပေါ့။

'တစ်ယောက်တည်း ပါပဲ...။ အေးလေ...တစ်ယောက်တည်းပဲပေါ့'

ကျွန်တော့်စကားရဲ့ နောက်ကွယ်က အနက်ရှိုင်းဆုံး အနက်အဓိပ္ပာယ်ကို အပြည့်အဝ စာနာနားလည်ပြီး နှစ်သိမ့်တဲ့သဘောဆောင်တဲ့ အကြင်နာမျက်ဝန်း ညို့တွေနဲ့ ကြည့်လိုက်တယ်။ 'သနားကရုဏာ ဖြစ်မိပါတယ်။ ဒါပေမယ့် တပ်မက်မှုမပါတဲ့ မေတ္တာပဲ ထားနိုင်တော့တယ်ကွယ်' ဆိုတဲ့ အဓိပ္ပာယ်ဆောင်တယ်။ ဘာဖြစ်လို့ အဲသလို 'ကြည့်ပြ' ရတာလဲ။ သူ့ရဲ့ မူပိုင်မှတ်ပုံတင်ပြီး စူးရှရည်လဲ့ ပိရိတဲ့ 'အကြည့်စိမ်း' နဲ့ ကြည့်လိုက်ပါတော့လား။ သနား ကရုဏာရည်လဲ့တဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်မပြပါနဲ့။ မကြည့်နဲ့။ ကျွန်တော့်ကို အဲသလို မကြည့်နဲ့။ အဲဒီ ကရုဏာ အကြည့်ဒဏ်ကို ကျွန်တော် ခံနိုင်ရည်မရှိတော့ဘူး။

ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က သန်လျင်ကူးတို့သ‌င်္ဘောပေါ် မှာ 'ဆံဖြူသွားကြွေ ပါးရေ နားရေ တွန့်ပါစေကွယ်၊ အသည်းစွဲချစ်မယ် တကယ်၊ မြတ်နိုးသူရယ်...' ဆိုတဲ့ သီချင်းဆိုပြလို့ ငွေတစ်ကျပ် စွန့်ကြဲခဲ့တာကြောင့် အလွန် ကျေးဇူးတင်တဲ့ အကြည့်မျိုးကို 'ကြည့်ပြ' ဖူးခဲ့တဲ့ 'သီချင်းသည်ရဲ့ အကြည့်မျိုးနဲ့' ကျွန်တော် သူ့ကို မော်ဖူးသလို ကြည့်လိုက်ရပါတယ်။ ညှိုးငယ်တဲ့ မျက်ဝန်းအစုံနဲ့ ကျေးဇူးစကားတွေ တနင့်တပိုး ဆိုလိုက်ရတာပါ။ သူက ကျွန်တော့်ကို သန့်စင်အေးမြတဲ့ မေတ္တာနဲ့ ကရုဏာ အကြည့်ကို စွန့်ကြဲ ပေးကမ်း ဒါနပြုလိုက်ပြီလေ။ ကျွန်တော် ကျေးဇူးတင်ပါတယ်လို့ ပြောလို့ မရနိုင်ဘူး။ ဒီတော့ 'သီချင်းသည်' ရဲ့ ကျေးဇူးမျက်ဝန်းစကားမျိုးနဲ့ပဲ ဆို့နင့်စွာ မျက်ဝန်းစကား ဆိုလိုက်ရတော့တယ်။ ဆိုးလိုက်တဲ့ အဖြစ်ဗျာ။

ကျွန်တော်ပြောခဲ့တယ် မဟုတ်လား။ (မထင်နဲ့ ကိုယ့်လူ၊ ရှုံးဦးမယ်၊ ခွက်ခွက်လန်အောင် ထပ်ရှုံး ဦးမယ်လို့)။ အဲဒါပဲပေါ့။ အဲဒီ တဒင်္ဂလေးမှာ ကျွန်တော့် တစ်ဘဝလုံး အဖတ်ဆယ်လို့ မရလောက်အောင် အရှုံးကြီး ရှုံးသွားပြီဆိုတာကို သဘောပေါက် နားလည်လိုက်ရပါတော့တယ်။

သူက အကြင်နာမျက်ဝန်း အကြင်နာနှုတ်ခမ်းတွေနဲ့ပဲ

'ဖြည်းဖြည်းမောင်းနော်...' တဲ့။

'ဟုတ်ကဲ့ပါ' လို့ ပြန်ပြောမိတယ်။

'အင်းပါ' လို့ပဲ သုံးနှုန်းသင့်တယ်။ ဘာကြောင့် 'ဟုတ်ကဲ့ပါ' လို့ သုံးရသလဲ။ အကြွင်းမဲ့ အနိုင်ရသွားတဲ့ အချစ်သေနာပတိကြီး ရှေ့မှောက်မှာ မတ်မတ်ရပ်ရင်း အကြွင်းမဲ့ လက်နက်ချရတဲ့ အရှုံးသမား အချစ် သေနာပတိငယ်တစ်ယောက် သဘောမျိုး ဖြစ်ပါလိမ့်မယ်။

'နောက်ဆံပင်

မယ်မတင်းရအောင်...

ငယ်စာရင်း

ဖျက်လိုက်ပါတော့ ဘုရာ့'

(အနောက်နန်းမမြလေး)

 

နှစ်ယောက်သား ကိုယ့်တံခါး ကိုယ်ပိတ်ပစ်လိုက်ကြရခြင်း

(သို့မဟုတ်)

အခန်း (၁၇) ဆိုပါတော့။

သူ့ကားမောင်းတဲ့ လူငယ်က ကားတံခါးဖွင့်ပေးထားတယ်။ သူ့ကားနားထိ ကျွန်တော် လိုက်သွားတယ်။  သူ ကားပေါ်တက်တယ်။ ကျွန်တော် ရပ်နေမိတယ်။

သူ တံခါးပိတ်တယ်။ သူ့ ကားတံခါးပိတ်သံဟာ ညက်ညက်ကလေးပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ (လေးနေတဲ့) နားထဲမှာ မိုးကြိုးထစ် သံကြီးလို တုန်လှုပ်ချောက် ချားစရာ ကောင်းလောက် အောင် ကျယ်လောင်လှ တယ်။

'သူ တံခါးပိတ်လိုက်ပြီ' နောက်ဆံပင် မယ်မတင်းရအောင် ငယ်စာရင်း ဖျက်လိုက်ပြီ။

ပိတ်ထားတဲ့ အညိုနုရောင် ကားမှန်ပြတင်းထဲကနေ ကျွန်တော့်ကို သွယ်လျတဲ့ လက်လှလှလေး လှုပ်ယမ်းတယ်ဆိုရုံ လက်ပြနှုတ် ဆက်တယ်။ ပြုံးတယ်လို့ ထင်ရရုံလေး ပြုံးတယ်။ လှောင်တာမဟုတ်ဘူး။ နှစ်သိမ့်တာ။ သိပ်သိတာပေါ့။ 'ကစားရွယ် ငယ်ကတည်းက စွဲတဲ့...' လေ။

ကျွန်တော်လည်း ရှိသမျှ လက်ကျန်အင်အားကို စုစည်းအားတင်းပြီးပြုံးသူမှာ မျက်ရည်စတွေနဲ့ လက်ပြ နှုတ်ဆက်လိုက်ရပါတယ်။ နောက်ဆုံးခံတပ်ကနေ အကျအဆုံးများစွာနဲ့ ဖရိုဖရဲ ဆုတ်ခွာပေးလိုက်ရတဲ့ သဘောပါ။ အောင်မြင်စွာ ဆုတ်ခွာခြင်းမဟုတ်ဘူးလေ။

သူ့ကားက ငြိမ့်ခနဲ ညင်ညင်သာသာ ထွက်သွားတယ်။ ကျွန်တော့်စိတ် အမြင်အာရုံမှာတော့ အာကာသထဲ ကိုသွားမယ့် ဒုံးပျံကြီး ကျယ်လောင်စွာ မြည်ဟည်းပြီး မြေပြင်မှာ မီးခိုးလုံး အဖြူဆုပ်ကြီးတွေ အလိပ်လိုက်  ထောင်းထောင်းထအောင် ထားခဲ့ရင်း ကောင်းကင်ယံပေါ် တအိအိ ထိုးဖောက်တက်သွားသလို မြင်ယောင်၊ ကြားယောင် ခံစားလိုက်ရတယ်။ နောက်ပြင်းထန်တဲ့ အရှိန်ယူလိမ့်မယ်။ နောက် မြင်ကွင်းက ပျောက်သွားမယ်။

ဟုတ်တယ်။ သူဟာ အာကာသ ဒုံးယာဉ်ကြီးလိုပဲ။ မလိုအပ်တော့တဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ချထားခဲ့ပြီး လိုအပ်သမျှလေးပဲ ချန်ရင်း အာကာသကို ခရီးနှင်သွားသလို မလိုလားအပ်တဲ့ အနုသယ၊ သမုဒယ၊ ကိလေသာ အညစ်အကြေးတွေကို တစ်စချင်း ဖြုတ်ချခဲ့ပြီး ဒုက္ခ မှန်သမျှက လွတ်မြောက်ရာ ခရီးကို နှင်နေတာ။ ဒုံးယာဉ် ကြီးထက် ပိုအစွမ်းထက်တာက နောက်ဆုံးမှာ 'အနုသယ' ဓာတ်ကိုပါ သူ 'ဖြုတ်ချ' ခဲ့လိမ့်မယ်။ ဘာဒုက္ခမှ မရှိတော့တဲ့ 'ငြိမ်းအေးမှု သန္တရသ'ဆီကို ဦးတည်ပျံတက်သွားတာ။

ကျွန်တော်က 'ငရဲသို့ ဖြတ်လမ်း' အတိုင်း ဦးတည်နေတယ်။ အနုသယမှန်သမျှ စုဆောင်းသယ်ဆောင်ရင်း မြေမျိုခံရမှာ။

မြေမျိုတယ်ဆိုတာ ခန္ဓာကိုယ်ကြီး မြေကြီးထဲ ဝင်သွားတာ မဟုတ်ပါဘူး။ စိတ်နှလုံးမှန်သမျှ ပြန်ဆယ်လို့ မရအောင် ညှိုးချုံးနစ်မြုပ်သွားတာ။ ပြန်ကောက်ယူ စုဆောင်းလို့ မရနိုင်လောက်အောင် အရမ်းသိမ်ငယ်ကျုံ့ ဝင်သွားတာ။

ဟုတ်တယ်။ အဲဒါ ကျွန်တော့်ကို မြေမျိုတာပဲ။

မရွာနှင့်လေ၊ လွမ်းတော့၏

မိုးမှုန်လေးတွေက စတင် နှုတ်ဆက်ပြီ။ သူ့ ကားထွက်သွားတဲ့ လမ်းတစ်လျှောက်ကို တမျှော်ကြီး ကြည့်နေ မိတယ်။ ခုမှ ပြလက်စကျွန်တော့်လက်ကို ပြန်ရုပ်ဖို့ သတိရတော့တယ်။ မိုးသည်းက အဝေးက ပြေးလာနေပြီ။ အဲဒီ သဲကြီးမဲကြီး မိုးဆီကို သူ့ကားလေးက လျင်မြန်တဲ့ အဟုန်နဲ့ ပြေးသွားနေတယ်။ ပြီးတော့ သဲကြီးမဲကြီး မိုးပေါက်တွေ ကြားထဲ တိုးဝင်မှုန်ဝါးသွားတယ်။ ကျွန်တော့်မျက်အိမ်မှာလည်း မိုးဖွဲလေး ရွာစပြုပြီ။ မကြာခင် မျက်အိမ်မိုး သည်းတော့မယ်။

သေလိုက်၊ အဲဒီနားမှာပဲ လဲသေလိုက်။

ကျွန်တော်ဟာ မြေကြီးထဲ ခြေထောက်ကစပြီး တဖြည်းဖြည်း မြုပ်ဝင်နေသလို ခံစားရတယ်။ သိပ်သိမ်ငယ်သွားတယ်။ ခြင်္သေ့ စိတ်ဓာတ်မျိုးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်တွေ ဇွတ်ကြီးခဲ့တာ မှားပေါ့။  အမှားကြီး မှားပါပေါ့။

အဘယ်မိန်းမ၊ လှသော ရုပ်နှင့် ကျွန်ုပ်ကိုမြှူ၊ မကြည်ဖြူနှင့်၊ သည်မူကိုယ်ကား၊ 'သင်' ပြုစား၍၊ အမှားများ ခဲ့သူပေတည်း' (နောင်)

တစ်မှုန်စီ၊ တစ်စစီ ပြန့်ကျဲနေတဲ့ 'သတိ' ကို အနိုင်နိုင် ပြန်စုစည်းပြီး ကျွန်တော် ကားတံခါးသော့ကို ဖွင့်တယ်။ ရုတ်တရက် ဖွင့်လို့ မရဘူး။ လက်တွေတုန်နေတယ်။ မိုးသည်းဟာ တံပိုး ခရာ၊ ကြေညာချုံးထစ်၊ စစ်ချီဟစ်ကြွေး၊ မြည်ဟည်းရင်း ပြေးလာနေပြီ။

တုန်ယင်တဲ့လက်နဲ့ ကားတံခါးကို ခက်ခက်ခဲခဲ ဖွင့်ပြီး ကားထဲဝင်တယ်၊ ထိုင်တယ်။ တံခါး မပိတ်မိသေးဘူး။

မိုးသီးမိုးပေါက်ကြီးတွေဟာ ကြီးစွာသော မြည်ဟည်းခြင်းနဲ့ အတူရောက်လာပြီး၊ ဝုန်းဒိုင်းကြဲပြီး တစ်မိုးလုံး ပြိုကျသလို ရွာချတယ်။

ရွာစမ်း၊ ကမ္ဘာမြေကြီး နစ်မြုပ်သွားတဲ့အထိ ရွာလိုက်စမ်း။ အို...စကြဝဠာကြီး အားလုံးနစ်မြုပ်ပျက်စီးသွား အောင်ထိ ရွာပစ်လိုက်စမ်း မိုး။ ရွာစမ်းကွာ၊ စကြဝဠာ တစ်ခုလုံး ပျက်စီးသွား အေးတာပဲ။

မိုးသီးမိုးပေါက်ကြီးတွေဟာ ကြမ်းတမ်းရိုင်းပျတဲ့ လေနဲ့အတူ ဖွင့်ထားတဲ့ ကားတံခါးကို ဖြတ်တိုးဝင် လာတယ်။ ဝင်စမ်း၊ စိုစမ်း၊ ဘယ်လောက်ပြင်းထန်တဲ့ မိုး ဖြစ်ဖြစ် 'မောင့်' ရင်ထဲက 'မီး' ကို ငြှိမ်းနိုင်လိမ့်မယ် မဟုတ်ဘူး။

ရှုံးပါပြီ။ အဖတ်ဆယ်မရအောင် အရှုံးကြီး ရှုံးပါပြီ ခင်ဗျား။

ရန်သူကို အမြင့်မြတ်ဆုံး အနိုင်ယူနည်းကလည်း 'ခွင့်လွှတ်ခြင်း' ပါပဲ။ ချစ်သူကို အမြင့်မြတ်ဆုံး အနိုင် ယူနည်းကလည်း ခွင့်လွှတ်ခြင်းပါပဲ။ သူက ကျွန်တော့်ကို အကြွင်းမဲ့ ခွင့်လွှတ်ပါသတဲ့လေ...။ မြင့်မြတ်စွာ အနိုင် ယူသွားပါပြီ။ ကျွန်တော့် မျက်ရည်မိုး သည်းထန်စွာ ထစ်ချုံးရွာနေတယ်လို့ ထင်တယ်။ မျက်အိမ်ထဲမှာလား။ အကာအရံမဲ့ နှလုံးအိမ်ထဲမှာလား၊ မသေချာဘူး။

အဲဒီကြားထဲမှာ လျှပ်လက်သလို ဝင်းခနဲ၊ လက်ခနဲ တစ်ချက်ဖြစ်သွားတယ်။ အဲဒါ တစ်ခွင်တစ်ပြင်လုံး ညိုမည်းမှောင်နေတဲ့ ကောင်းကင်ပေါ်မှာမဟုတ်ဘူး။ ကျွန်တော့် ဦးနှောက်ထဲမှာ ဝင်းခနဲ လက်သွားတဲ့ အသိဉာဏ် ကလေး။

ကျေးဇူးတင်လိုက်တာ 'သူ' ရယ်။ သူ့ကို သိပ်ကျေးဇူးတင်ပါတယ်။ ဘဝ အဆက်ဆက် ဆပ်မကုန်နိုင်တဲ့ ကျေးဇူးပါ။

ဟုတ်တယ်။ သိပ်မှန်တယ်။ သူ့လို ခွင့်လွှတ်တတ်လာရင်၊ သူ့လို ရိုးသားဖြူစင်တဲ့ မြတ်နိုးမှုဆိုတဲ့ မေတ္တာနဲ့ ကရုဏာကို မောင့်နှလုံးအိမ်မှာ ပြန်လည်တည်ဆောက်နိုင်ပြီဆိုရင် ရင်ထဲမှာ အလျှံညီးညီး တောက်လောင်နေတဲ့မီး ငြိမ်းမယ်။ မောင့် 'ရင်ထဲမှာ ခွေနေတဲ့ မြွေပွေး' သေမယ်။

သူက မောင့်အပေါ် ထားတဲ့ သန့်စင်တဲ့ မေတ္တာမျိုး မောင်ကသူ့အပေါ်  ပြန်ထားနိုင်ပြီဆိုရင် မောင့်ဘဝ တစ်ခုလုံး 'အောက်ပြုတ်' ပုံအောထားတဲ့ အရှုံးကြီးကို ပြန်ထေမိမယ်။ ဟုတ်တယ်။ သူပြောသလို တဖြည်းဖြည်း လေ့ကျင့်ယူရင် ဖြစ်နိုင်တယ်။ ရနိုင်တယ်။ ခုတော့ မရသေးဘူး။ ခုချက်ချင်းတော့ မရသေးဘူး 'သူ' ရယ်။

ဒါပေမယ့် သူတောင် ရနိုင်ခဲ့သေးတာ။ မောင်က ဘာဖြစ်လို့ မရနိုင်ရမှာလဲ။ ကြိုးစားမယ်။ တစ်ချိန်ချိန်မှာ ရကို ရရမယ်။ မောင်ဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ ဘာကြောင့်ဖြစ်ဖြစ် အရှုံးပေးခဲ့တဲ့ကောင် မဟုတ်ဘူး။ နိုင်ရမယ်။ မောင့်ဘဝမှာ 'သရေ'ပွဲဆိုတာ မရှိဘူး။ ရှုံးရင်တောင် ကျားကုတ်ကျားခဲ ကြိုးစားရင်း အရှုံးကို လှလှပပ ရင်ဆိုင်တယ်။ ပြီးရင် ဓားလွတ်ကိုင် ဆာမူရိုင်းလို လေးကွက်လောက်ဆုတ် မဟာဗျူဟာ၊ နည်းဗျူဟာ တိုက်ကွက်အသစ်ပြောင်း၊ အနိုင်ပြန်တိုက်။ ခု သူ့ကို နိုင်ချင်နေတာ မဟုတ်ဘူး။

သူ့ကို ဘယ်တော့မှ အနိုင်မယူချင်ဘူး။ မောင့် အနုသယအချစ်ကို မောင်ပြန် နိုင်ချင်တယ်။ 'သူ' ရယ်...။  

'စိတ်ကိုနိုင်ရင် လောကကို နိုင်တယ်' လို့ 'ဆရာဘုန်း'က ပြောဖူးတယ်။

တံခါးပိတ်တယ်။ မောင့်တံခါးလည်း ပိတ်လိုက်ပြီ။ မျက်ရည်တွေ သုတ်တယ်။ (ထင်တယ်)

'မိန်းမဆိုးအမုန်း၊ သည်ဘဝ သည်မျှနှင့် တုံးစေတော့'

'မိန်းမလှ မေတ္တာ၊ ဘဝအဆက်ဆက်သာ ဖြစ်ပါစေတော့'

စက်နှိုးတယ်။ မိုးသည်းကြားထဲ ကားမောင်း တိုးဝင်ခဲ့တယ်။ ကားရှေ့ မှန်ပေါ် ကျလာရိုက်ခတ်နေတဲ့ မိုးသီး မိုးပေါက်ကြီးတွေကို ရေသုတ်တံက အမြန်ဆုံးနှုန်းနဲ့ ဖြောင်းခနဲ ဖြောင်းခနဲ ဘယ်လူးညာပြန်ရွေ့လျား လှုပ်ရှားရင်း ဖယ်ထုတ်ပစ်နေတယ်။ ဒါပေမယ့် ရှေ့မှန်မှာ ရေငွေ့တွေပျံပြီး မြင်ကွင်းက မှုန်ဝါးလာတယ်။ ကားလေအေး စက်ခလုတ် မဖွင့်ရသေးဘူး။ ဖွင့်လိုက်တယ်။ လေအေးစက် ပျက်နေတယ်။ မှန်က ပိုပြီး မှုန်မှိုင်းလာပြီ။

ကားအမြန်နှုန်းကို ချက်ချင်း လျှော့ချပစ်လိုက်တယ်။ ရှေ့မီးကြီးကိုဖွင့်တယ်။ ညာဘက်ချိုး၊ အချက်ပြခလုတ် ကို ဆွဲချလိုက်တယ်။ မြှားတံ မီးဝါလေးက မှိတ်ချည်လင်းချည်၊ မှိတ်ချည်လင်းချည်။ လမ်းဘေး တစ်နေရာမှာ ကားထိုးရပ်လိုက်တယ်။

ဟုတ်တယ်။ ရပ်ရတော့မယ်။ ဒီဇာတ်လမ်းဟာ ရပ်ကို ရပ်ပစ်ရတော့မယ်။ စက်ရပ်လိုက်တယ်။ မီးသေး လေးတွေပဲ ဖွင့်ထားလိုက်တယ်။ ရပ်တော့ ရပ်တယ်။ ဒါပေမယ့် မီးမပိတ်ရသေးဘူး။ လမ်းဘေးမှာကပ် ပေါက်နေတဲ့ သစ်ပင်ကြီး တစ်ပင်ဟာ သဲကြီးမဲကြီး မိုးဒဏ်လေဒဏ်ကို ယိမ်းယိမ်းထိုးထိုး လှုပ်လှုပ် ယမ်းယမ်းခါရင်း ခုခံတိုက်ခိုက် နေတယ်။ အသက်ဘေး လုနေရရှာတဲ့၊ ကျုံးသွင်း ခံရရှာခါစ ဆင်ရိုင်းမည်းကြီး တစ်ကောင်လို ရှိသမျှ အားမာန်နဲ့ အပြင်းအထန် လှုပ်ရှား တိုးဝှေ့ ခုခံတိုက်ခိုက် ရုန်းကန်နေရသလိုပဲ။ ဒါပေမယ့် ဘယ်ရနိုင်မလဲ။ ဆင်ကျုံးဆိုတာ သိပ်ခိုင်ခံ့တယ်။ အချစ်ကျုံးက ဆင်ကျုံးထက် အဆရာထောင် ပိုသာတယ်။ အချစ်ကျုံးထဲမှာ အသက်လုပြီး ရုန်းကန် နေရတဲ့ မောင့်လို့ပဲ ထင်တယ်။ မှုန်မှိုင်းမှိုင်း မိုးမှောင်ကြီးထဲမှာ သနားစဖွယ် သစ်ပင်ကြီးကို ဝိုးတဝါးမြင်နေရတယ်။ သစ်ပင်ကြီးက မောင့်ကို ပြန်ကြည့်နေရင်လည်း သူနဲ့ ဘဝတူပဲလို့ ထင်ပြီး သနားနေရှာပေလိမ့်မယ်။

မိုးကြီးက သဲတုန်း။  ကားမှန်တွေအားလုံး ရေငွေ့ တွေ ရိုက်ပျံနေတယ်။ မောင့်ရင်ထဲက မီးတောက်ကြောင့်  ကားထဲမှာ တအားပူပြီး တစ်ခဏချင်း မှန်အားလုံး အခိုးအငွေ့တွေနဲ့ ပြည့်သွား တယ်ထင်ရဲ့။ တစ်လောကလုံး မှုန်ရီဝိုးဝါး မှိုင်းမှောင်သွားပြီ။ 

ဘာမှ မမြင်သာတော့ဘူး။ ဝုန်းဒိုင်းကြဲနေတဲ့ မိုးသံလေသံ၊ မိုးကြိုးထစ်သံတွေလည်း မကြားရတော့ဘူး။

ကျောက်တုံးတစ်တုံးလို ငြိမ်နေမိတယ်။ မောင့်ရင်ထဲမှာ ခွေနေတဲ့ မြွေပွေးကလည်း နောက်တစ်ချီ အပြင်းအထန် တိုက်ခိုက်ဖို့ အားယူရင်း ငြိမ်သက်နေလေရဲ့။ အမှန်က တွေဝေမိုက်မဲမှု မောဟတွေ ဖုံးနေတာ။

မောင် အသက်ရှူဖြစ်ရဲ့ လားမသိ။ အသက်ရှူ ရပ်သွားရင် ကောင်းလိမ့်မယ် ထင်တယ်။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အားလုံး ရပ်ဆိုင်း ပျက်စီးသွားခြင်း

(သို့မဟုတ်)

အခန်း (ပြီးပါပြီ)

ဇာတ်သိမ်းအကျဉ်း

၁။        အဲဒီညမှာ နိုးတဝက် အိပ်မက်မက်တယ်။

၂။         မောင့် အိပ်မက် နိုင်ငံတော်ကို 'သူ' ခရမ်းရောင် အောင်လံတော် ကိုယ်မှာပတ်လျက် တလွင့်လွင့် လူနေစေရင်း အပြီးတိုင် ကျူးကျော် ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းပိုက်လိုက်တယ်။

၃။        မောင် ဖန်တီးထားတဲ့ အာသဝမြုံးကျုံးတော်ကြီးကို သူ့ကိုယ်ပေါ် ကိလေသအာသဝရည် တစ်စက်မှ မစဉ်မိစေဘဲ ပဒုမ္မာရွှေကြာထက်ပေါ် ရေတစ်စက်မှ မတင်နိုင်သလို တည်တည်ငြိမ်ငြိမ် ဖြတ်ကျော်လိုက်တယ် မောင့်နှလုံးအိမ် နိုင်ငံတော်ရဲ့ သမုဒယမြို့ရိုးကြီးကို ခရမ်းရောင် အောင်လံတော် ပဝါလေးတစ်ချက် ယမ်းရုံနဲ့ ဖောက်ခွဲ ဖျက်စီး ဖြိုချလိုက်တယ်။ မောင့် နှလုံးအိမ် နေပြည်တော်ကြီး သွေး ချင်းချင်းနီခဲ့ပြီ။ မီးဟုန်းဟုန်း တောက်ခဲ့ပြီ။

၄။        မောင် 'သူ့'ဆီ ထောင်သောင်းသိန်းသန်းချီပြီး ပစ်လွှတ်လိုက်တဲ့ အနုသယ မြားတံတွေဟာ သူ့ခြေရင်းမှာ ဖော့ဖယောင်းချောင်းကလေးတွေလို ကျိုးပျက်ကြေမွ မြေခရရှာတယ်။

၅။        မောင့်မှာ လက်နက်ကုန်ပြီ။ သွေချင်းချင်းနီနေတဲ့ နှလုံးအိမ်နေပြည်တော် မီးလောင်ပြင်အချစ်တလင်းမှာ မောင်ကြိုးစားပြီး မတ်မတ်ရပ်နေတယ်။ ဒါပေမယ့် ဒူးမခိုင်တော့ဘူး။

၆။        မောင့်မှာ ချစရာ လက်နက် မကျန်တော့ဘူး။ ဒါပေမယ့် ရင်ကော့ ထားတယ်။ ဟဒယ နှလုံးအိမ် မရှိတော့တဲ့ ရင်ခွင်ကို ထပ်ဖောက်ခွဲလို့ ဘာထူးမှာလဲ။ သတ်ပစ်လိုက်လေ။ ဘယ်တော့မှ ဒူး မထောက်ဘူး။ အချစ် သူရဲကောင်းတို့ရဲ့  မြင့်မြတ်တဲ့ နှလုံးကွဲခြင်းနဲ့ သေပစ်လိုက်မယ်။

၇။        'သူ' တည်ငြိမ်ဣန္ဒြေရစွာနဲ့ မောင့်အနား တစ်လှမ်းချင်း ကပ်လာတယ်။ အကြင်နာ မျက်ဝန်းညှို့တွေနဲ့ ကြည့်တယ်။ သူ့ကိုယ်ပေါ် လွှမ်းခြုံထားတဲ့ ခရမ်းရောင် အောင်လံတော် ပဝါပါးကို တစ်လွှာချင်း ခွာရင်း မောင့်ခန္ဓာငါးပါးကို တစ်ပတ်ချင်း ရစ်ပတ်ပေးတယ်။ ညင်ညင်သာသာလေးပါ။ ဒါပေမယ့် 'မောင့် ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာတွေပါ' လှုပ်လို့ မရတော့ဘူး။ သူ့ကိုယ်ပေါ်မှာ လွမ်းထားတဲ့ နောက်ဆုံး ခရမ်းလွှာ ပဝါပါးနဲ့ မောင့်မျက်နှာကို စည်းနှောင်လိုက်တယ်။ အကြင်နာ မျက်ဝန်းတွေကို မကြည့်ရဲဘဲ မြင်နေချင်လျက်က တဖြည်းဖြည်း ခရမ်းရင့်ရောင်  နှင်းမှုန်လွင်ပြင်ကိုပဲ မြင်ရတော့တယ်။ ပြီးတော့ မှောင်အတိ...။

၈။        အဆုံးမရှိ မည်းမှောင်တဲ့ အမိုက်တိုက် ချောက်ကမ်းပါးကြီးထဲကို တအိအိကျဆင်းနေရတယ်။ အမိုက်တိုက် မှောင်နဲ့မည်းမည်းထဲမှာ ခပ်မှိန်မှိန် 'လက်'နေတဲ့ ကြယ်နှစ်ပွင့်နဲ့တူတဲ့ အကြင်နာမျက်ဝန်းညှို့ကို မြင်လိုက်ရသလိုပဲ။ ဒါပေမယ့် တဖြည်းဖြည်းချင်း မှိန်ပျောက်သွားတယ်။ အမှောင်နဲ့ မည်းမည်း ဘာမှမသဲကွဲတဲ့ ည တစ်ညရဲ့ ဝိုးတဝါးညဥ့် လယ် အိပ်မက်ဆိုး။

၉။        ဟိုးအဝေးကြီးက လွင့်ပျံပြေးလာတဲ့ အသံလိုလိုနဲ့ မောင့်နားနားမှာ အနီးကပ် တိုးတိုးညင်းညင်းလေး 'သူ့ ကရုဏာသံ' ကို ကြားရတယ်။ 'ခွင့်လွှတ်ပါတယ်ကွယ်'တဲ့။ အလွန့်အလွန် သာယာပေမယ့် ကြေကွဲစရာ ကောင်းလှတဲ့ ဂီတသံစဉ်နဲ့ တူလှတယ်။ အဲဒီ ဂီတသံ ရောင်စဉ်လှလှလေးဟာလည်း တဖြည်းဖြည်း ဝေးလွင့်ပျောက်ကွယ်သွား တယ်။ ဘာမှ မမြင်၊ ဘာမှ မကြားရတော့တဲ့ အမိုက်တိုက် စကြဝဠာကြီးထဲ ခန္ဓာငါးပါးစလုံး တအိအိ ကြွေကျနေရတယ်။

၁ဝ။     အရုဏ်ရောင်နီ မှုန်ပြပြဟာ ပြတင်းက တိုးဝင်လာပြီလို့ သတိထားမိတယ်။ ခပ်လှမ်းလှမ်းက အမျိုး သမီးကြီး တစ်ယောက်ရဲ့ ဓမ္မစကြာတရား ရွတ်သံကို ကြားလိုက်ရတယ်။ (သူ့ကရုဏာသံနဲ့ တူသလိုပဲ) 

'ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။ ချစ်ခင်နှစ်သက်အပ်သူတို့နှင့် ကွေကွင်းကွဲကွာရခြင်းသည်လည်း ဆင်းရဲ ဒုက္ခကြီးလှစွာ၏' တဲ့။

၁၁။      သူဟာ ပါးလွှာတဲ့ ခရမ်းရောင် ပဝါရှည်လေးကို ကိုယ်မှာ လှပစွာ လွှမ်းခြုံရစ်ပတ်ပြီး တလူလူလွင့်နေစေရင်း အရုဏ်ရောင်နီကောင်းကင်ထက်မှာ နတ်သမီးလေးတစ်ပါးလို ဝဲပျံလွင့်တက်သွားနေတယ်။ မြင့်သထက်မြင့်၊ ဝေးသထက် ဝေးရာဆီကို...။ ထာဝရ ငြိမ်းအေးရာဆီကို...။

၁၂။      ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ်တော် တရားသံကို စူးစိုက်နာကြားရင်း မောင့်မျက်ခွံတွေ လေးလာတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ မနိုးတော့တဲ့ အိပ်ခြင်းဆိုရင် ကောင်းမယ်ထင်ရဲ့လေ။

ဆရာ ကိုဝင်းငြိမ်းရေ...

တစ်မှုန်စီ ပဲ့ကြွေကျနေတဲ့ ကျွန်တော့် ဟဒယနှလုံးအိမ် အလွမ်းဇာတ်အီကြီးရဲ့ စုတ်ပြတ်ပေါက်ပြဲ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ရွှေအိုမှိုင်းရောင် အောက်သိုးသိုး ညစ်ထေးထေး ပြည်ဖုံးကားကြီးကို တအိအိချလိုက်ပါပြီ။

အထပ်ထပ် ဖွင့်လွန်းလို့ တဂျစ်ဂျစ်မြည်နေတဲ့ (ရွာစားကြီး စိန်ဗေဒါရဲ့) ကြည်နူးဖွယ် လွမ်းစရာ ရေကင်းသံကို မိုးမလင်းတလင်းမှာ နားဆင်ရင်း 'ပြီးပါပြီ' လိုက်ကြစို့ဗျာ။ ရုပ်ရှင်ကားဟောင်းတစ်ကားရဲ့ ဇာတ်သိမ်းလိုပေါ့။

            အနန္တသဘောဆောင်တဲ့ ဒြပ်ထုနဲ့ ဒိုင်မင်းရှင်းမှန်သမျှ မရှိတော့ဘဲ အချိန်တွေအားလုံး ရပ်ဆိုင်းသွားမယ် ဆိုတဲ့ အာကာသ တွင်းနက်ကြီးရဲ့ အဝင်ဝကို ဖြူဖျော့ဖျော့ အရောင်နဲ့ သပ်သပ်ရပ်ရပ် ရေးထားတဲ့ 'ပြီးပါပြီ' စာတန်းက တဖြည်းဖြည်း အသက်ဝင်လာပြီး အာကာသတွင်းနက် ဝဲဂယက်ကြီးထဲကို သွက်သွက်ခါ ပတ်လည်လှည့်ရင်း စုပ်စ မြုပ်စ မပေါ်တော့အောင် ပျောက်သွား။

            နောက်ထပ် 'တကယ်ပဲ အားလုံး ပြီးဆုံးခဲ့ပါပြီ' ဆိုတဲ့ စာတန်း ခုနလိုပဲ ဂယက်လည်ပြီး နစ်မြုပ်သွား။

နောက်ထပ် စာဆိုတော် စလေဆရာကြီး ဦးပုည အသတ်ခံရခါနီး နောက်ဆုံးရေးခဲ့တယ်ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးပိုဒ်...။

.........

သိလျက်နှင့်ပင်

ဝိပါက်ကြမ္မာငင်တော့

ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု

ပွဲတွေ့အမှား...။

ဆရာ ကို 'ရွှေ' ဝင်းငြိမ်း။

အိပ်သွန်ဖာမှောက် ကျွန်တော်ရင်ထဲရှိသလောက် ရေးခဲ့တဲ့ စာတွေထဲက နုတ်တန်နုတ်၊ ပယ်တန်ပယ်၊ သင့်လျော်အောင်၊ သူတပါး စိတ်မထိခိုက်အောင် တတ်နိုင်သလောက် ထိန်းရေးပြီး မိတ္တူကို ဆရာ့ဆီ ပို့လိုက်ပါတယ်။

နှလုံးအိမ်ကို ရင်ဘတ်ထဲကခွဲထုတ်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းသလို မူရင်းစာတွေအားလုံး မီးရှို့ပြာချလိုက် ပါပြီ။ ကိုယ့်ဟဒယ နှလုံးအိမ်နဲ့ ထပ်တူပြုထားတဲ့ အက္ခရာတွေကို ကိုယ်တိုင် မီးရှို့ပြာချပစ်ရတာ ဘယ်လောက် 'ဟတ်ထိ' မယ်ဆိုတာ ဆရာကိုယ်ချင်းစာနိုင်လိမ့်မယ် ထင်ပါရဲ့။ ဒါမှမဟုတ် ကယောင်ချောက်ချား မှုန်ဝါးဝါးနဲ့ ရေးထားတဲ့ ကမောက်ကမ စာတွေလို့ ယူဆပြီး ရယ်ချင်လည်း ရယ်လိုက်ပေါ့ဗျာ။ (အဲ...ရယ်ရင်းနဲ့တော့ မျက်ရည်မစို့စေနဲ့ဗျို့၊ အခံရ ခက်တယ်)

ဒါပေမယ့် နောက်ထပ် မူရင်းအစစ်တစ်စောင်ရှိသေးတယ်။ ခုပို့လိုက်တဲ့ မိတ္တူရဲ့ မူရင်းရဲ့ မူရင်းပါပဲ။ အဲဒီထဲ မှာ ဖွင့်မရေးဖြစ်တဲ့ အက္ခရာတွေ ပါပါတယ်။ လုံးဝဥဿုံ အပြည့်အစုံပဲ။ အဲဒီ မူရင်းက ကျွန်တော့်ရင်ထဲမှာ...။  ဘယ်သူမှ ဖတ်လို့မရနိုင်တော့ဘူး။ ဖတ်ခွင့်လည်း မပေးဘူး။ (တစ်ခုတော့ သံသယ ရှိတယ်ဗျာ၊ ကျွန်တော့် ရင်ထဲက မူရင်း အက္ခရာမျိုး သူ့ရင်ထဲမှာလည်း မူရင်း တစ်စောင် ရှိကောင်း ရှိနိုင်တယ်။ သိပ်တော့ မသေချာဘူး။) ကျွန်တော့်ရင်ထဲမှာ နှလုံးမှုန့်အပဲ့အရွဲ့တွေနဲ့ ဖွဲ့ ထားတဲ့ အက္ခရာတွေ ရှိတာတော့ သေချာတယ်။ အက္ခရာကို ပါဠိလို နောက်တစ်မျိုး ခေါ်သတဲ့။ အဲဒီ ပါဠိက 'ဝဏ္ဏ' တဲ့ခင်ဗျ။ သူ့ရင်ထဲမှာလည်း 'ဝဏ္ဏ' ဆိုတဲ့အက္ခရာလေး ရှိမလား မသိဘူးဗျာ။

(သိပ်တော့ မထင်ပါဘူး) စိတ်ပြေလက်ပျောက်ဖြစ်အောင် 'အစ်ကို ဇော်လွင်ပြောပြဖူးတဲ့ ပုံပြင်ကလေးနဲ့ လက်စသတ်ကြစို့ဗျာ'

(ဟိုး...ရှေးရှေးတုန်းက တရားဝင် မယားသုံးယောက်ယူထားတဲ့ အဘိုးကြီးတစ်ယောက် ရှိသတဲ့။ အဲဒီအဘိုးကြီးဟာ ညတိုင်း ဘုရားရှိခိုးပြီးရင် 'နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရား' လို့ ဆုတောင်း လေ့ရှိသတဲ့...။ အဲဒါကို အမြဲကြားနေရတဲ့ လူငယ်တစ်ယောက်က ကြာတော့ နားကြားပြင်းကပ်လာတာနဲ့ တစ်ည အဘိုးကြီးလည်း ဆုတောင်းပြီးရော ကြေးစည်ထုသံနဲ့ ခပ်ဆင်ဆင်တူအောင် 'မထင်... မထင်...' လို့ အော်သတဲ့။

အဘိုးကြီးက အဲဒီလူငယ်ကိုခေါ်ပြီး 'မင်းက ဘာ မထင်တာလဲ' လို့ မေးသတဲ့။  လူငယ်က 'အဘ မယားသုံးယောက်လည်း ယူထားသေး။ နိဗ္ဗာန်လည်း မြန်မြန်လိုချင်သေးဆိုတော့...ရမထင်ပါဘူးဗျာ' လို့ ပြောသတဲ့။ ဒီတော့ အဘိုးကြီးက လူငယ်နားကပ်ပြီး...

'အေး... ငါလည်း သိပ်မထင်ဘူးကွ' လို့ တိုးတိုးပြောသတဲ့။' အဲသလိုပေါ့ဗျာ။ ကျွန်တော်လည်း သူ့ ရင်ထဲ 'ဝဏ္ဏ' ဆိုတဲ့ အက္ခရာလေး ရှိကောင်း ရှိလိမ့်မယ်လို့...

'မထင်...မထင်... မထင်...'

(အဲဒါကို ကြေးစည်ထုသံလေးအတိုင်း အသံထွက် ညည်းကြည့်ဗျာ၊ ပျော်စရာကောင်းပါတယ်။ ဟက်ပီး အဲင်ဒင်ပေါ့နော့။) 

ညီရင်းအစ်ကိုတမျှ ချစ်ခင်လေးစားတဲ့

မောင်ဝဏ္ဏ

မြန်မာသက္ကရာဇ်

၁၃၆၆ ခု၊

သီတင်းကျွတ်လဆန်း (၇)ရက်

ဗုဒ္ဓဟူး(ရာဟု)နေ့။

နဂါးခေါင်း အရှေ့သို့လှည့်၏။

ခရစ်-၂ဝဝ၄ခု၊ အောက်တိုဘာ ၁ဝ ရက်၊

စက် ၂၄း၄ဝး၅ဝ နာရီ။

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အခန်းဆက်ဝတ္ထုရှည်
...
ပင်ယံအိပ်မက် မိုးထက်နရီ အပိုင်း (၂)
ဆူးငှက်

'ခါတော်ရောက်ချိန် နီးလို့လာပြီ... ဒေါ်ဒေါ်မမ နှမတို့ရေ... အသည်းစွဲ ချစ်မိတ်ဆွေ... ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့် ပြည်တော် ဝင်မယ်လေ...'

အခန်းဆက်ဝတ္ထုရှည်
...
တိမ်ယံအိပ်မက် မိုးထက်နရီ
ဆူးငှက်

'စစ်ကြီးပြီးပြီ ကျုပ်တို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြရတော့မယ်။နီးလျက်နဲ့ဝေးနေတဲ့ မန္တလေးကို ကျုပ်တို့ ပြန်ကြရပြီး အရင်ကလိုပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ကြရမယ်။ စစ်ကြီးကြောင့် ပျက်တာ၊ စီးတာ၊ ဆုံးရှ...

အခန်းဆက်ဝတ္ထုရှည်
...
မင်းမှုထမ်း အပိုင်း (၁၃)
ဝင်းငြိမ်း

နှုတ်ဆက်ဖို့ နေနေသာသာ မင်းမျက်နှာကိုတောင် လှည့်မကြည့်တော့ဘူး မဟုတ်လား။ ဘုရင်မကြီးမှာလည်း သံယောဇဉ်ရှိတဲ့အတွက် သူ့အမှုထမ်းကောင်း တစ်ယောက်ကို ခွဲခွာရချိန်မှာ မဲ့သွားတာမျိုး မဖြစ်ချင်ဘူးလေ။