ဝိုင်လွမ်းအောင်၊ကန့်ဘလူ၊
တစ်မနက်လင်း
ပြန်ချေ၏။ တာဝန်ထမ်းဆောင်ပြီးသော ကြက်ဖကြီးသည် တောင်ဘက်အိမ်ရှိ ကြက်မများထံ
ယက်ကန်ယက်ကန် သွားချေပြီ။ ရွာထဲမှ နွားခလောက်သံတို့ ဝေဝေစီညံနေသည်။ နွားခလောက်သံများ၏
တပ်လှန့်ပေးမှုကြောင့် လယ်တောသွားရန် ပြင်ဆင်နေမိတော့၏။ နွားများကို လှည်း၌
ဆွဲကရင်း မနေ့ညက ကျုပ်သားလေးပြောသောစကားကို ကြားယောင်လာမိသည်။
'အဘ၊ ကျုပ်မောင်ထူးတို့လို
သင်္ကန်းစီးချင်လိုက်တာဗျာ'
ဖခင်တစ်ယောက်ကို အားကိုးကြီးစွာ
တောင်းဆိုသော စကားသံ။ ချို့တဲ့သော ကျုပ်အဖို့ ရင်နင့်ရုံမှတစ်ပါး အခြားမရှိ။
မိုးလေဝသက မမှန်သောကြောင့် ကံကြမ္မာကိုလည်း စောဒက မတက်နိုင်။ ကျုပ် သားလေးကို
သင်္ကန်းစီးပေးဖို့ ဆန္ဒသာလျှင် ရှိပြီး လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်း မရှိပါ။
ကျုပ်သားလေးကိုသာ ရှင်ပြုခွင့်ရရင် ရွာထိပ်က ကိုသာအောင့် မြင်းဖြူကြီးပေါ်မှာ
မိန့်မိန့်ကြီးထိုင်ခိုင်းပြီး မောင်ရင်လောင်းတန်ဆာကို သားလေးကိုယ်မှာ လှပစွာ
ဆင်ပေးချင်သည်။ ကျုပ်မိန်းမ မိနီကိုလည်း သမီးရှင်ဆိုလား၊ သမီးမိုက်ဆိုလား
အဲဒီဇာကို ဆင်ပေးချင်၏။ အို...ဘယ်လောက်များ ကျေနပ်ပီတိ ဖြစ်စရာလဲကွယ်။
'ဟေ့ကောင်
ထွန်းကြိုင်၊ အဲဒါဘယ်တုံး'
ဘကြီးသာရင်၏
အမေးကို အယောင်ယောင် အမှားမှားဖြင့်...
'အလှူလေဗျာ။
အဲ... ဟဲ...ကုန်းကို ထယ်ထိုးဗျ'
'သေလိုက်ပါတော့
ထွန်းကြိုင်ရာ၊ မင်းကုန်းက ကျော်ခဲ့ပြီဟ'
ထိုအခါမှ
ပတ်ဝန်းကျင်ကို သေချာကြည့်မိသည်။ ဘကြီးသာရင် စည်ရိုးကျော်လုလုပင် ရောက်ချေပြီ။
တကယ်ဆို ဘကြီးသာရင် အကွက်၏အောက်ကမှ ကျုပ်အကွက်ဖြစ်၏။ နွားများသည်လည်း မနေ့က
ကိုအောင်ဒွန်း ကုန်းတော လက်စားလိုက်ထားသောကြောင့် ဆွဲသွားကြခြင်းပင်။ နွားများကို
ပြန်ဆွဲလှည့်ရင်း ဘကြီးသာရင်ကို မဝံ့မရဲကြည့်ကာ...
'ကျုပ်
အတွေးလွန်သွားလို့ပါဗျာ'
'အောင်မာ...မင်းက
ဘာများတွေးသတုံး'
ကျုပ်ကလည်း
မဆိုင်း မတွပင်...
'ကျုပ်အတွေးထဲမှာ
ကျုပ်သားလေးကို ရှင်ပြုလာလို့ဗျ'
ထိုသို့ပြောလိုက်သော
အခါ ဘကြီးသာရင် မျက်နှာအနည်းငယ်ပြေလျော့သွား၏။ 'ဒီလိုတော့လည်း
စာနာတတ်သကိုး'ဟု တစ်ယောက်တည်း တွေးကာ ကုန်းဘက်သို့
မောင်းလာမိသည်။ ကုန်းတောရောက်သည်နှင့် ထယ်ထိုးရင်း အလွှာလိုက် အလွှာလိုက် ကျလာသော
မြေကြီးများကို ဂရုတစိုက် ကြည့်နေမိ၏။ မနေ့က ရွာသောမိုးကြောင့် ထယ်ထိုးရသည်မှာ
တွင်လှသည်။ ဒီနှစ် သီးနှံလေးများရလျှင် အကြွေးကျန်လေးများ လိုက်လံဆပ်ရမည်။
နောင်နှစ် ဥတုမှန်လျှင်တော့ အလှူပေးနိုင်မည် မဟုတ်သော်လည်း ပွဲရန်လောက်တော့
ပါနိုင်၏။ စိတ်ပါဝင်စားစွာ ထယ်ထိုးရင်းမှ မည်မျှကြာသွားသည် မသိ။ ကုန်းတစ်ဝက်
အရောက်မှ မိနီ၏ အသံ စာစာကို ကြားလိုက်ရသည်။
ကိုထွန်းကြိုင်
နွားနေပူတယ်တော်။ ထမင်းစားဖြုတ်ခဲ့တော့'
'အေး...လာပြီဟေ့။
ဒီတစ်ကြောင်းပြီး ဖြုတ်ခဲ့တော့မယ်'
နဖူးမှ ချွေးစများအား
ပုဆိုးနှင့်သုတ်လိုက်ရင်း မိနီ ရှိရာ ထယ်ပင်အောက်သို့ လှမ်းလာခဲ့သည်။
'မိနီ ဘာဟင်းလဲဟ'
မိနီက မျက်စောင်းတစ်
ချက်ခဲရင်း...
'အောင်မလေးတော်...
အထူးအဆန်းလုပ် မေးမေးရချည်သေး'
ဟုတ်တော့လည်း
ဟုတ်ပါသည်။ မေးမိသူ ကျုပ်အမှားပင်။ ချဉ်ပေါင်ရွက်ချက် မဟုတ်လျှင် ကန်စွန်းရွက်
ရေလုံပြုတ်ပဲ ဖြစ်မည်။ စိတ်လိုလက်ရ ခူးပေးနေသော မိနီမျက်နှာလေးကို ငေးမောကြည့်ရင်း
အမောပြေသလို ခံစားရ၏။
'ကိုထွန်းကြိုင်...
တော့်ကို ပြောရဦးမယ်'
'အေး...ပြောလေ'
'ရွာမြောက်ပိုင်းက
ကိုကျော်လွန်းလေ၊ သိတယ်မို့လား။ ဒီနှစ်အလှူလုပ်မတဲ့' တိုက်ပဲ
တိုက်ဆိုင်လွန်းလှ သည်။ မနက်ကမှ အလှူအကြောင်းတွေး၊ အခု အလှူအကြောင်း
ပေါ်လာပြန်သည်။
'ဒါနဲ့ နေပါဦး။
ကိုကျော်လွန်းလည်း ဒို့လို အကြွေးကျန်နဲ့ မိုးမမှန်ခံထားရတာပဲ။ သူက ဘယ်က ငွေရသတုံး'
မိနီကား သူ့အကွက်ထဲ
ဝင်သွားသည့်နှယ်။ 'အင်း... အဲဒါပြောမလို့တော်ရေ' ဆိုပြီး မိန်းမတို့သဘာဝ အတိုင်း ပြောရန် မောင်းတင်လိုက်၏။
'ဒီလို
ကိုထွန်းကြိုင်ရဲ့၊ ဒီမနက်ဝေလီဝေလင်းမှာ ကိုကျော်လွန်း ထယ်ထိုးသွားသတဲ့။ အဲလို
ထယ်ထိုးနေ တုန်းမှာ တောင်ဘက်စည်းရိုး နားလည်း ရောက်ရော ထူးထူးဆန်းဆန်း ထိုး...ထိုး
ဆိုတဲ့ အသံကြီးပေါ်လာလို့ လှည့်ရှာတော့ ဘာမှမတွေ့ ဘူးတဲ့။ သူလည်း
စိတ်ထင်လို့နေမှာပါဆိုပြီး ဆက်ထိုးနေတာပေါ့။ ဒါနဲ့ နောက်တစ် ခေါက်
တောင်ဘက်စည်းရိုးစပ် ရောက်ပြန်တော့လည်း အရင်အတိုင်းပဲ ကြားရပြန်ရော။
နွားတွေခဏရပ်ပြီး ရှာတာ။ ဒါလည်း ဘာမှမတွေ့ ပြန်ဘူးတဲ့'
မိနီကား ရေနွေးခွက်ကို
ကောက်ကိုင်ရန် ပြင်စဉ်...
'ဟာ ဆက်ပြောစမ်းပါဟာ။
အဲဒါ ဘာဖြစ်သွားလဲ'
'အဲ နောက်တစ်ခါ
သုံးကြိမ်မြောက် တောင်ဘက်စည်းရိုးလည်း ရောက်ရော ထိုး...ထိုး ဆိုတဲ့ အသံ
ပေါ်လာတာနဲ့ တစ်ပြိုင်တည်း ထိုးတယ်ကွာလို့ အော်ပြီး ထယ်ကို နင်းထိုးလိုက်တာ 'ဂွမ်း'ဆိုတဲ့ အသံနဲ့အတူ ရွှေအိုးကြီး ကွဲသွားတာ။
ကိုကျော်လွန်းလည်း ဘာမို့ နေမှာလဲ။ ပုဆိုးထဲထည့်ပြီး ပြန်လာခဲ့တာ။ အခု အလှူ
လုပ်မလို့တဲ့လေ။ ဘွားကြည်တို့ပြောတာတော့ ဥစ္စာစောင့်က ပေးတာဆိုလား မသိပါဘူး'
မိနီကား
မောသွားဟန်နှင့် ရေနွေးကြမ်းကို ကောက်ငှဲ့လိုက်၏။ ကျုပ်ရင်ထဲမှာတော့ ထမင်းစားရင်း
ဟာတာတာကြီး ဖြစ်သလို ခံစားရ၏။ 'ငါ့များ ရလိုက်ပါတော့'ဟု မချိတင်ကဲ တွေးလိုက်မိသေးသည်။ နောက်မှ 'သူ့ကုသိုလ်နဲ့သူပဲလေ'ဟု ဖြေသိမ့်ရပြန်သည်။ ကျုပ်တို့ကဲ့သို့ မရှိဆင်းရဲသားချင်း
အလှူလုပ်ခွင့်ရသူကို ဝိုင်းဝန်း၍ ဝမ်းသာပေးရမည်ပင်။ ဘွားကြည် ထင်သလို ဥစ္စာစောင့်က
ပေးခဲ့လျှင်လည်း နှစ်ဦးနှစ်ဖက် အကျိုး ရှိစွာ အလှူပေးသည်ကို သာဓုခေါ်ရန်
ဝန်မလေးပါချေ။ ပို၍တောင် သာဓုခေါ် ထိုက်ပါပေသည်။ မိနီကား သူပြောချင်သော
အကြောင်းကို အားပါးတရပြောဆိုပြီး ထမင်းတောင်းသိမ်း၍ ရွာထဲ သို့ ပြန်သွားလေ၏။
ကျုပ်မှာသာ အတွေးများစွာနှင့် ကျန်နေခဲ့ရသည်။ ဥစ္စာစောင့်ဆိုတာ တကယ်များ
ရှိလေသလား။ တကယ်ရော ပေးခွင့်ရှိသလား။ ထိုကဲ့သို့ လားပေါင်းများစွာကို
ဥပေက္ခာပြုရင်း တစ်ရေး တစ်မော အိပ်စက်ရန် ပုဆိုး ခင်းလိုက်မိတော့သည်။
'မောင်တော်... မောင်တော်'
နားထဲသို့ စီးဆင်းလာသော အသံသာသာ။
အားယူ၍ ကြည့်မိသည်နှင့် တစ်ပြိုင်တည်း မျက်လုံးများ ကျိန်းစပ်သွား၏။
ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနှင့် ဇာတ်ထဲတွင် တွေ့ဖူးမြင်ဖူးသော
နန်းဝတ်နန်းစားတို့နှင့် လှပနေသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ သေချာကြည့်လိုက်မှ 'ကိုဖုန်းကြွယ်
လူညာကြီး' ဟု အော်အော်နေသော ဇာတ်လမ်းထဲမှ မမြစိမ်းနှင့်
တူလေသည်။ ထိုအတွေးနှင့် အတူ မမြစိမ်းသည် ဥစ္စာစောင့်တစ်ယောက် ဖြစ်ကြောင်း
တွေးတောမိ၍ ကြက်သီးများပင် ထလာ၏။
'မောင်တော်... နှမတော်လေးကို
မမှတ်မိတော့ဘူးလား'
စကားသံတို့ ထပ်ကြား ရပြန်၍ ကျုပ်
ကြက်သေသေနေမိသည်။ ကျုပ်တွင် နှမ မရှိပါ။ အစ်ကို နှစ်ယောက်နှင့် အစ်မတစ်ယောက်သာ
ရှိ၏။ မှတ်မိရအောင် ဆိုသော်လည်း အရင်က မမြင်ဖူးချေ။
'မောင်တော်က
တကယ်စိမ်းနိုင်လှတယ်။ နှမတော်လေးမှာဖြင့် တစ်နေ့လာနိုး၊ တစ်နေ့ရောက်နိုးနဲ့
မျှော်လိုက်ရတာ'
ခက်တော့ ခက်ချေပြီ။ သို့သော်
ဥစ္စာစောင့်မ တစ်ယောက် ဖြစ်နေလျှင် ကျုပ် သားလေး ရှင်ပြုရန်အတွက်
တောင်းလို့ရနိုင်သည်။ ထို့ကြောင့် အရဲကိုးကာ အားတင်းနှုတ်ဆက်လိုက်သည်။
'နှ...နှ...မ...တော်'
ကျုပ်၏ ထစ်ထစ်ငေါ့ငေါ့နှင့်
အဆင်မပြေလှသော အသံကို ကြားလျှင်ကြားချင်း သူမ၏ မျက်နှာဝင်းပသွားသည်။ ထို့နောက်
အားရဝမ်းသာဖြင့်...
'မောင်တော် မှတ်မိသွားပြီလား။
ဝမ်းသာလိုက်တာ မောင်တော်ရယ်။ နှမတော်ဖြင့် လာသာလာရတယ်၊ အသိအမှတ်မှ ပြုပါလေစလို့'
ကျုပ် ခပ်တည်တည်ဖြင့် ကိုယ်လိုရာ
ပြောရန်သာ ကျန်တော့သည်။ သို့နှင့်...
'နှမတော် အခုလို ဘဝ ရောက်နေတာ
ဘာကြောင့်လဲ သိလား။ အဲဒါ အရင့် အရင်ဘဝတွေရဲ့ ကုသိုလ်ကံ နည်းမှုနဲ့
စိတ်စွဲလမ်းတပ်မက်မှုကြောင့်ပဲ။ ဒါတွေကို သိတဲ့ မောင်တော်အဖို့ သိပေမယ့်လည်း
နှမတော်အတွက် ကုသိုလ်ဒါန လုပ်ပေးဖို့ ဥစ္စာဓန မပြည့်စုံပြန်ဘူးလေ။ နှမတော်သာ
မစခဲ့ရင် သားလေးကို ရှင်ပြုပြီး အလှူ ကြီးပေးလို့ အမျှဝေနိုင်တာပါ'
ကျုပ်စကားဆုံးတော့ သူ
အနည်းငယ်တွေဝေသွားသည်။ ထို့နောက်...
'မောင်တော်သာ အမျှဝေခဲ့ရင်
နောင်ဘဝအဆက်ဆက် အတူတူနေရပြီပေါ့ ဟုတ်လား။ မောင်တော် ဥစ္စာဓနအတွက် ပူပင်သောက
ရောက်မနေပါနဲ့။ အခါအခွင့်သင့်ရင် နှမတော်ပေးပါ့မယ်။ အမျှဝေရင်သာ နှမတော်ရဲ့
နာမည်ကို မေ့မနေနဲ့ဦး။ မြနန်းလှိုင်တဲ့၊ မြနန်းလှိုင်'
မေ့သွားမည် စိုးသဖြင့် အားပါးတရ
ရေရွတ်လိုက်မိသည်။
'မြနန်းလှိုင် ...
မြနန်းလှိုင်'
'ဟာ...ဒီကောင် ထွန်းကြိုင်
ဘာတွေအော်နေတာလဲ။ ဟေ့ကောင်...ထ၊ နေအေးပြီ၊ ထယ်ကြောင်း လိုက်ချေဦး'
ဘကြီးသာရင်၏ ငေါက်ငမ်းသံများက ကျုပ်
နားထဲစီတန်းဝင်လာသည်။ မျက်စိကို ပွတ်ရင်း ကြည့်မိ သောအခါ ဘကြီးသာရင်ကား
ကျုပ်ခြေရင်း မားမားကြီး ရပ်၍ မျက်ထောင့်နီကြီးဖြင့် ကြည့်နေလေ၏။ ကျုပ်လည်း
အတန်ကြာစွာ ကြောင်ကြည့်နေရင်း...
'ဘကြီး သာရင်ပါလား' ဟု ရေရွတ်မိပြန်၏။
'အောင်မာ၊ ငါ့များ
မမြင်ဖူးတာကျလို့ ကြည့်နေသေးတယ်'
ဘကြီးသာရင်၏ ပြောသံအဆုံးတွင်
ကျုပ်ပါးစပ်မှ လွှတ်ခနဲ...
'မြနန်းလှိုင်က ဘကြီးသာရင် မဟုတ်ပါဘူးနော်'
'ဟာ...ဒီကောင်
ဘာတွေပြောနေတာလဲ။ ငါ တယ်လေ'
ဘကြီးသာရင်၏ ဒေါသကို ကြောက်၍
နွားများရှိရာသို့ လှမ်းသွားမိတော့ သည်။ ခပ်လှမ်းလှမ်း ရောက်သောအခါ သံသယစိတ်ဖြင့်
လှည့်ကြည့်လိုက်မိ၏။ ဟုတ်ပါသည်။ မပြောင်းလဲပါ။ ဘကြီးသာရင်မှ ဘကြီးသာရင် အစစ်ပင်။
တကယ်လား၊ အိပ်မက်လားပင် မဝေခွဲတတ်တော့ချေ။
'ဟဲ့...မိနီတို့
ထွန်းကြိုင်တို့ ရှိကြလားဟဲ့'
အိမ်ရှေ့မှ အသံစာစာနှင့်
လှမ်းမေးလိုက်သူမှာ တစ်ရွာလုံး၏ အလေးစားရဆုံး
ရှေ့မီနောက်မီ ဒေါ်ဘွားကြည်ပင် ဖြစ်သည်။ တစ်ခါတစ်ရံ ဆိုသလို ရောက်လာတတ်သည်။
ရောက်လာတိုင်း ဗဟုသုတတော့ ရစမြဲပင်။
'လာ...ဘွားကြည်၊ မိနီတော့
ရွာထဲခဏသွားတယ်။ မေးစရာရှိတာနဲ့ အတော်ပဲ'
'မေးပါတော်၊ သိသမျှတော့
ဖြေရမှာပေါ့'
လက်ဖက်ရည်ကြမ်းနှင့် လက်ဖက်ခွက်အား
ရှေ့တိုးပေးရင်း...
'ဘွားကြည် ဥစ္စာစောင့်ဆိုတာ
တကယ်ရှိလား'
'ဘာလဲ...
မောင်ကျော်လွန်းအဖြစ်ကို စိတ်ဝင်စားလို့လား'
ကျုပ် နှုတ်ဆိတ်နေမိလိုက်၏။ ဘွားကြည်က
ပြောင်းဖူးဖက် ဆေးလိပ်ကြီးအား ဘယ်ဒူးပေါ် လက်တင် ရင်း တစ်ချက်မျှ ဖွာလိုက်ပြီး...
'အင်း...ရှိပါသကော
မောင်ထွန်းကြိုင်ရယ်၊ ကြုံလို့ ပြောပြရဦးမယ်။ တွေ့ဖူးသူတွေကတော့ မှုန်နေအောင်
ချောတယ်ဆိုပဲ'
'ကျုပ်တွေ့တဲ့ မြနန်းလှိုင်လည်း
ချောတာပါပဲ ဘွားကြည်ရယ်'ဟု စိတ်ထဲမှ ပြောနေမိသည်။
'သူတို့က
ပစ္စည်းဥစ္စာပေးတယ်ဆို'
'ပေးတော့ပေးတယ်။ တစ်ခါတလေလည်း
နေရာလဲချင်လို့ဆိုပဲ။ ရေရေရာရာ မသိပါဘူးကွယ်။ ရေရေ ရာရာ သိတာတော့ ရှိတယ်။ အဲဒါ
ဒီလိုကွယ့်'
ပြောင်းဖူးဖက် ဆေးလိပ်ကို ဘေးချရင်း
ရေနွေး တစ်ကျိုက် မော့၍...
'ငါတို့ အပျိုတုန်းကပေါ့။
ဟိုဘက်ရွာက ကိုဖိုးထွား တောလည်သွားလို့အပြန် နေဝင်ဖျိုးဖျမှာပေါ့ကွယ်။
ချောင်းနံဘေးမှာ မိန်းမတစ်ယောက် ဆံပင်လေး ဖားလျားချလို့လမ်း လျှောက်နေသတဲ့။
ကိုဖိုးထွားလည်း ကြားဖူးနားဝ ရှိတာမို့ နောက်က အသာလိုက်ပြီး ကြိမ်နဲ့ ရိုက်တာ ချုံးပွဲချ
ငိုလို့ မရိုက်မနှက်ဖို့ တောင်းပန်၊ သိုက်နန်းပြန်ချိန် နောက်ကျမှာ စိုးရိမ်ပြီး
ရွှေနှစ်ကျပ်သား ပေးထားခဲ့သတဲ့။ အဲဒါတစ်ခုတော့ ရေရေရာရာ ကြားဖူးခဲ့တယ်'
'ဘွားကြည်၊ အဲဒီ ဥစ္စာစောင့်က
ဘယ်လိုအဝတ်အစားနဲ့လဲ၊ ဘယ်လိုပုံစံလဲ'
'အဲဒီတုန်းကတော့
သူလိုကိုယ်လို အဝတ်ပါပဲ'
ကျုပ်တွေ့ရသော မြနန်းလှိုင်ကား
နန်းဝတ်နန်းစားနှင့် ဖြစ်သည်။ ဘာကြောင့်ပါလိမ့်။ နောက်တစ်ခါ လာပေးလျှင် မည်သို့
ဝတ်ခဲ့မည်နည်း။ တကယ်ရော လာပါ့မလား။ ကျုပ်တွေး၍ ကောင်းနေဆဲမှာပင်...
'ကဲ...မောင်ထွန်းကြိုင်၊
စကားပြောလည်း ကောင်းတယ်။ ပြန်ဦးမယ်ကွယ့်'
'ဟုတ်ကဲ့... ဘွားကြည်၊
ဟုတ်ကဲ့'
ဘွားကြည် ပြန်သွားသော်လည်း
ဘွားကြည်ပြောသော စကားများက အတွေးထဲတွင် တဝဲလည်လည် ရှိနေဆဲပင်။ မြနန်းလှိုင်ရေ...
ကြိမ်နဲ့ရိုက်မှသာ ရမယ်ဆိုရင်တော့ ငါ မတောင်းရက်ပါဘူး။ မြနန်းလှိုင် ငါမတောင်း
ရက်ပါဘူး။
နံနက်လင်းသည်နှင့် သက်ပြင်းတို့ကို
အကြိမ်ကြိမ်ချရင်း ကုန်းတောသို့ ထယ်ထိုးရန် ထွက်လာခဲ့သည်။ ဒီနေ့မှ စိတ်တို့က
ထူးခြားစွာ လေးလံနေသလိုပင်။ ကုန်းတောရောက်သည်နှင့် တစ်ပြိုင်တည်း
ထယ်ကြောင်းများအား စူးစိုက်စွာ ကြည့်ရင်း တစ်ကြောင်းပြီး တစ်ကြောင်း ထိုးနေမိသည်။
အတန်ကြာကြာ ထိုးနေသော်လည်း 'ထိုး...ထိုး' အသံလည်း
ထွက်မလာ၊ ရွှေအိုးလည်း မတွေ့၊ ငွေအိုးလည်း မမြင်ချေ။ အောက်သို့ စူးစိုက်ပါများ၍
ဇက်များသာ ညောင်းလာ၏။ 'မင်း ဘယ်မှာလဲ မြနန်းလှိုင်ရေ'
ဟုသာ ကျုံး၍ အားကုန်အော်ဟစ် လိုက်ချင်မိတော့သည်။ မိနီ
ထမင်းလာပို့သည့်တိုင် ဘာတစ်ခုမှ ထူးခြားမလာချေ။ မိနီကား ကျုပ်ကိုကြည့်ရင်း...
'ကိုထွန်းကြိုင် တော်
ဘာဖြစ်နေတာလဲ၊ နေ မကောင်းဘူးလား'
'မဟုတ်ပါဘူးဟာ၊ ငါ
စိတ်တွေလေးနေလို့'
'ဒါဆိုလည်း ထမင်းစားပြီး
တစ်ရေးတစ်မော အိပ်လေ။ ကျုပ်လည်း စောစောပြန်မှ၊ အိမ်မှာ ကလေးတစ်ယောက်တည်းရယ်'
ထမင်းများ ခူးခပ်ပြီး
လက်ဆုံစားပြီးသော် မိနီကား ထမင်းတောင်းရွက်၍ ပြန်သွားလေသည်။ ကျုပ်လည်း
ဟိုတစ်နေ့ကကဲ့သို့ မြနန်းလှိုင်နှင့် တွေ့လေမလားဟူသော အတွေးဖြင့် ပုဆိုးခင်းကာ
ခေါင်းချအိပ်မိတော့သည်။ မည်မျှကြာကြာ အိပ်ပျော်သွားသည် မသိ။ နွားခလောက်သံကြား၍
ခေါင်းထောင်ကြည့်သောအခါ နေပင် အတော်ကျသွားချေပြီ။ ဒီနေ့ ထယ်အပြီးထိုးမှ
ဖြစ်ချေမည်။ ဒါမှသာ နက်ဖြန် ပြောင်းကျဲရန် အဆင်သင့်ဖြစ်မည်။ နွားများကိုကရင်း
ကြိမ်နှင့်တို့ကာ ခပ်သွက်သွက်လေး ထိုးနေမိ၏။ သုံးလေးကြောင်းမျှ ထိုးအပြီးတွင်
ဇက်ညောင်း၍ စည်းရိုးတန်းဘက် လှမ်းကြည့်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့်
ခေါင်းနပန်းများ ကြီးသွားသည်။ ဟုတ်ပါသည်။ မိန်းမတစ်ယောက်။ ထူးခြားသည်မှာ
ထိုမိန်းမသည် ဆံပင်ဖားလျား ချထားခြင်းပင်။ ဘွားကြည် ပြောသောအတိုင်းသာဆိုလျှင်
ဥစ္စာစောင့်မ ဖြစ်နိုင်သည်။ ထိုအသိနှင့်အတူ လက်ထဲမှ ကြိမ်ကို တင်းကျပ်စွာ
ဆုပ်မိသား ဖြစ်သွား၏။ ထို့နောက် ကျုပ်စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။
'အို...သူတစ်ပါးဆီက
ရိုက်နှက်မှရမယ့် ပစ္စည်း ငါ မလိုချင်ပါဘူး'
လက်ထဲမှ ကြိမ်ကား ပြေလျော့ချင်ချင်
ဖြစ်သွား ၏။ ထို့နောက် အနည်းငယ် ပြန်ဆုပ်လိုက်ရင်း...
'အို...ဘာဖြစ်လဲ၊ ငါ့
သားလေးအတွက်ပဲ မင်းဒီလိုမှ မလုပ်ရင် ဘယ်လိုရှင်ပြု အလှူပေးနိုင်မလဲ။ ဒီအခွင့် အရေးကို
လက်မလွတ်နဲ့' ကျုပ်စိတ်များ တောင်စဉ်ရေ မရ ပြေးလွှားနေသည်။
'တော်ပါပြီ၊
မိန်းမတစ်ယောက်ကို နိုင်ထက် စီးနင်း ပြုသလိုဖြစ်မှာပေါ့'
'ဘာဖြစ်လဲ၊ သူလည်း
ကုသိုလ်ရချင်ရမှာပေါ့။ ကိုယ့်အတွက်လည်း အဆင်ပြေသွားမှာပဲ'
ဂနာမငြိမ်သော အတွေးစများကို
ဥပေက္ခာပြုလိုက်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်မိသည်။ လက်ထဲမှ
ကြိမ်ကို မြဲမြံစွာ ကိုင်တွယ်ရင်း စည်းရိုးဆီသို့ ခြေလှမ်းများက ဦးတည်သွားချေပြီ။
ခြေသံတို့က တိတ်ဆိတ်လှ၏။ လက်တစ်ကမ်းအကွာသို့ ရောက်သည်နှင့် တစ်ပြိုင်တည်း
မျက်စိကို စုံမှိတ်၍ အံတစ်ချက် ကြိတ်ကာ သေချာအောင် ကြိမ်ဖြင့် အားပါးတရ
နှစ်ချက်ဆင့် ရိုက်လိုက်တော့သည်။
'ဖြန်း...ဖြန်း'
ရိုက်ပြီးပြန်တော့ သနားစိတ်က
ဝင်လာပြန်၏။ သို့သော် လုပ်စရာရှိတာ တစ်ဆက်တည်း လုပ်ရမည်။ ထိုအရာကား သူမဆီမှ
ဥစ္စာတောင်းရန်သာ။ သနားတတ်သော ကျုပ်အဖို့ ရိုက်ရိုက်ပြီးချင်း ကျောပေးကာ ပြောချ
လိုက်မိ၏။
'ပေးစမ်း မြနန်းလှိုင်၊
ပေးစမ်း၊ နင့်မှာရှိတဲ့ဥစ္စာတွေ ပေးစမ်း'
အစီအစဉ် မကျစွာ ထွက်ပေါ်လာသော စကားအဆုံးတွင်
သူမ၏ ငိုသံကို ကြားရ၏။
'အီး...ဟီး...အီ... ဟီး...ဟီး'
စိတ်တော့ မကောင်းပေ။ သို့သော်
ကျုပ်သားလေးအတွက် လုပ်သင့်လုပ်ထိုက်သော တာဝန်တစ်ရပ်ကို ထမ်းဆောင်ရသည်မို့
မတတ်နိုင်ပါချေ။ ကျုပ်ကို ခွင့်လွှတ်ရန် စိတ်ထဲမှ မြနန်းလှိုင်ကို တောင်းပန်မိသည်။
အမျှဝေရန်လည်း ကတိပေးမိ၏။ ငိုသံကား မတိတ်ချေ။
'ဟီး...အီး... ထွန်းကြိုင်၊
ဟီး...နင့်ကို သူကြီးတိုင်မယ်။ အီး...ဟီး'
ဒီအသံကို ကျုပ်ကြားဖူးသည်။ ရင်းနှီးစွာ
ကြားဖူး၏။ ဘယ်နေရာမှာပါလိမ့်။
'ဟီး...အီး...ဘယ့် နှယ့်ဟယ်၊
တစ်ရွာတည်း သားချင်းတွေပဲ။ နင့်စည်းရိုး ဟင်းစာရှာ၊ ငါ့စည်းရိုး ဟင်းစာရှာ။
ဒီလိုနေလာခဲ့တာ နင့်စည်းရိုးက ကြက်ဟင်းခါးသီးလေး ကောက်မိပါတယ်။ ဒီလောက် ရိုက်စရာ
မလိုပါဘူး'
ထိုအခါမှ ကမန်းကတန်း လှည့်ကြည့်မိလိုက်သည်။
ရွာအနောက်ပိုင်းက မုန့်လက်ဆောင်းသည် ဒေါ်ကြင်မိပင်။ ကျုပ် မျက်နှာတစ်ခုလုံး
ပူထူသွားတော့သည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ။ ကြိမ်ကိုပင် လွှတ်ချလိုက်မိသည်။
မှားပြီဟူသော အသိတို့က အလွန်နောက်ကျသွားချေပြီ။ ခေါင်းကို အတွင်တွင်ခါရမ်းရင်း
တောင်းပန်ရန်အကြည့်တွင် ဒေါ်ကြင်မိတစ်ယောက် ရွာဘက်သို့ ဦးတည်ပြေးသွားသည်။ ကျုပ်
ဘယ်လိုပြော၍ တောင်းပန်ရမည်နည်း။ ဤကဲ့သို့သော အရာများဖြစ်အောင် ကြားဖူးနားဝ
ပြောပြခဲ့သော ဘွားကြည်ကိုလည်း အပြစ်မတင်လိုပေ။ ကျုပ် ဘာဆက်လုပ်ရမည်နည်း။ ရွှေတွေ၊
ငွေတွေရချင်သော ကျုပ်ရှေ့တွင် ကြက်ဟင်း ခါးသီးများ ပြန့်ကျဲကာ ရှိနေသည်။ ဤအပူကား
မည်သူ့ ထံကိုမှ လွှဲပြောင်း၍ မရသော အပူအပင်။
သူကြီး ဦးဉာဏ်သာ အိမ်တွင် ဖြေရှင်းရန်
ဆင့်ခေါ် သော်လည်း ကျုပ် ဘာတစ်ခွန်းမျှ မပြောမိ။ မိနီက တဖွဖွငို၍ မေးသော်လည်း
မဖြေဖြစ်။ ကျုပ် ဤသို့လုပ်ရသည်ကို ဘွားကြည်တစ်ယောက်မှလွဲ၍ သိမည် မဟုတ်။ ကျုပ်
ရှင်းမပြလိုပါ။ ဘာမျှမေးမရသော ကျုပ်အား သူကြီးစိတ်တိုချေပြီ။ ဘယ်လိုမှ မေးမရသော
အဆုံးတွင် ဒဏ်ငွေနှင့် ထိပ်တုံး နှစ်ရပ်လုံး ဆောင်ကြဉ်းစေခဲ့၏။
သုံးရက်မြောက်သောနေ့မှ ဘွားကြည်၏ ကောင်းမှုကြောင့် သူကြီးနားလည်ကာ
ထိပ်တုံးဖြုတ်ပေးလေသည်။ နောက်နောင်များတွင် ရွာထဲ၌ ပြောစမှတ် တွင်ခဲ့သည်။
မိန်းကလေးများအား...
'ထွန်းကြိုင်ရှေ့များ ဆံပင်ဖားလျားချမသွားလေနှင့်' ဟူ၍ပင်။ ကျုပ်ရှေ့၌ ဥစ္စာစောင့်အကြောင်း ပြောလျှင် တစ်ချိုးတည်း အိမ်ပြန်ပြေးမိသည်။ မိနီအား ဘယ်သောအခါမျှ ကြက်ဟင်းခါးသီး မချက်ရန် တောင်းဆိုထားမိတော့သည်။
ဝိုင်လွမ်းအောင်၊ကန့်ဘလူ၊
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။
တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ
အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...