ရွှေသုတ‌

မြန်မာ့ဂန္ထဝင် တေးသံရှင် လီလီကြာညွန့်နှင့် တွေ့ဆုံခြင်း

ကျော်သန်းမြင့်၊ဗန်းမော်၊

01 March 2025
မြန်မာ့ဂန္ထဝင် တေးသံရှင် လီလီကြာညွန့်နှင့် တွေ့ဆုံခြင်း
Share to

            လွတ်လပ်ရေးခေတ်ဦးတွင် ပေါ် ထွန်းခဲ့သည့် မြန်မာ့သံစဉ် ဂန္ထဝင်တေးသံရှင် လီလီကြာညွန့် ဆိုလျှင် လူကြီးပိုင်း၊ လူလတ်ပိုင်း သောတရှင်များ မှတ်မိကြပေလိမ့်ဦးမည်။ ယနေ့မျိုးဆက်သစ် ဂီတဝါသနာရှင်၊ လူငယ် တေးပရိသတ်တို့ကား သိကြလိမ့်မည် မဟုတ်တော့ပေ။ ထို့ကြောင့် မြန်မာ့သံစဉ် ဂန္ထဝင်တေးသံရှင်ကြီး လီလီကြာညွန့်ကို အင်တာဗျူး ပြုလုပ်ပြီး တွေ့ဆုံမေးမြန်းချက် များကို တင်ပြလိုက်ပါသည်။

            မမ မြန်မာသံစဉ် ဂန္ထဝင်တေးသံရှင် ဖြစ်လာပုံလေးကို သိပါရစေ။

            စစ်ပြီးခေတ် မြန်မာ့အသံမှာ ဦးသန်းမြင့် (အဘ)က စန္ဒရားတီးပြီး ''က သီချင်းတစ်ပုဒ် သီဆိုအသံလွှင့်ခဲ့ဖူးတယ်။ မရဲ့အသံက မိုးဒေဝါ မလှရွှေနဲ့တူတယ်လို့ ချီးကျူးကြတယ်။ ဒီသတင်းကို မရဲ့ အစ်မကြီး မမသောင်းရဲ့ခင်ပွန်း နာမကျန်းဖြစ်နေတဲ့ တေးရေး သဟာယ ဆရာတင်က အစ်ကိုကြီး နေကောင်းလာရင် ငါ့နှမအတွက် သီ ချင်းတွေ ရေးပေးမယ်လို့ ဆိုရှာတယ်။ ဒါပေမယ့် အစ်ကိုကြီး သဟာယ ဆရာတင် ကွယ်လွန်သွားတာမို့ သူ့ သီချင်းတွေ မဆိုခဲ့ရတော့ဘူးပေါ့။

            မမ ပထမဆုံး သီဆိုခဲ့တဲ့ တေး သီချင်း၊ တေးရေးဆရာနဲ့ တီးဝိုင်း အဖွဲ့ကို သိပါရစေ။

            မ ပထမဆုံး သီဆိုအသံလွှင့်ခဲ့တဲ့ တေးက ချစ်တင်းဆိုပါ။ တေးရေး ဆရာက ခေတ္တရာအေး၊ တီးဝိုင်းအဖွဲ့က အေဝမ်း ခင်မောင် တူရိယာအဖွဲ့ပါ။               

မမတို့ တီးဝိုင်းအဖွဲ့ကနေ မမနှင့် အတူ သီဆိုအသံ လွှင့်ခဲ့တဲ့ တေးသံရှင်များကို သိပါရစေ။

            မနဲ့အတူ သီဆိုအသံလွှင့်ခဲ့တဲ့ တေးသံရှင်တွေကတော့ မရဲ့အစ်မရင်း မေကြာညွန့်၊ ကိုမင်းနောင်၊ ကိုမြင့်မောင်၊ တက္ကသိုလ် မျိုးချစ်၊ ခင်အုန်းမြင့်၊ တက္ကသိုလ်ဝင်းညွန့်တို့ ဖြစ်ပါတယ်။

            မမ ရေဒီယိုတေးသံရှင် ဖြစ်ကတည်းက ဆက်တိုက် အသံလွှင့် ဖြစ်ပါသလား။

            မတို့ ဒယ်ဒီက စက်ရှင်တရားသူကြီးအဖြစ် စစ်ကိုင်းကို ပြောင်းရတော့ မတို့လည်း လိုက်သွားရတာမို့ နှစ်နှစ်လောက် သီချင်းမဆိုဖြစ်တော့ဘူး။ ဒယ်ဒီက ပြည်ကိုပြောင်းတော့ ရန်ကုန်ကို ဆင်းလာပြီး သီချင်းတွေ ပြန်ဆိုဖြစ်ပါတယ်။

            မမအနေနဲ့ တောက်လျှောက် အေဝမ်းခင်မောင်ဝိုင်းကနေ တေးသီချင်းတွေ သီဆို အသံလွှင့်ခဲ့ပါသလား။ တခြားဝိုင်းတွေ ပြောင်းပြီး ဆိုပေးပါသလား။

            မ ပထမတော့ အေဝမ်းခင်မောင်ဝိုင်းကနေ သီချင်းတွေ သီဆိုအသံလွှင့်ခဲ့တယ်။ အေဝမ်း ကိုခင်မောင်ဝိုင်းက အဲဒီခေတ်က အသံတိတ်ရုပ်ရှင်ခေတ်မို့ ရုပ်ရှင်ရုံတွေမှာ လိုက်တီးရတယ်။ ရုပ်ရှင်နောက်ခံတေးတွေလည်း သွင်းရတော့ တစ်နှစ်မှ သုံးလေးကြိမ်လောက်ပဲ အသံလွှင့်ရတာ။ ဒီတော့ မက ကိုမြကြီး ခေါင်းဆောင်တဲ့ တေးဗိမာန်ဝိုင်းကို ပြောင်းလိုက်တယ်။ တေးဗိမာန်ဝိုင်းက တစ်လကို တစ်ကြိမ် အသံလွှင့်ရတယ်လေ။

            တေးဗိမာန်ဝိုင်းက တေးရေးဆရာတွေ၊ မမနဲ့အတူ သီဆိုခဲ့တဲ့ တေးသံရှင်တွေကို သိပါရစေ။

            တေးဗိမာန် တူရိယာအဖွဲ့က တေးရေးဆရာတွေက တက္ကသိုလ် မြတ်လေး၊ စန္ဒရား ကိုချစ်ဆွေတို့ပါ။ အဲဒီတုန်းက ကိုမြတ်လေးရော၊ ကိုချစ်ဆွေပါ သီချင်းတွေ မဆိုကြသေးဘူး။ စန္ဒရားဆရာက စန္ဒရားချစ်ဆွေပါ။ တေးရေးဆရာ ကိုမြတ်လေး၊ ကိုချစ်ဆွေတို့အပြင် တခြားတေးရေးဆရာတွေရဲ့ သီချင်းတွေလည်း ဆိုရတယ်။ မနဲ့အတူ သီဆိုခဲ့တဲ့ တေးသံရှင်တွေက အဖွဲ့ခေါင်းဆောင် တက္ကသိုလ် မြကြီး၊ စိန်စိန်၊ ခင်ယုမေ၊ မရဲ့ညီမ ဂရေ့စ်ကြာညွန့်တို့ပါ။

            တေးဗိမာန်ဝိုင်းကနေ မမ သီဆို နာမည်ကြီးခဲ့တဲ့သီချင်းများကို သိပါရစေ။

            မရဲ့နာမည်ကြီး သီချင်းတွေက (၁) လာသေးတယ် သာအေးရယ် (တေးရေး- တက္ကသိုလ်မြတ်လေး)၊ (၂) ခွန်းကြူလှည့်ကွယ်၊ (၃) သူနဲ့သာဆိုရင်၊ (၄) ဘယ်လိုလဲ ရွှေကျေးရယ် (တေးရေး- ကိုမင်းနောင်)တို့ပါ။

            မမရဲ့ သီချင်းတွေကို ရောင်းတမ်းဓာတ်ပြား သွင်းဖြစ်သေးလား။

            မရဲ့သီချင်းတွေကို ပဒေသာဓာတ်ပြားတိုက် ပိုင်ရှင် ကိုမျိုးလှိုင် (ယနေ့ စန္ဒရား တင်ဝင်းလှိုင်တို့ ဖခင်)က ဓာတ်ပြားသွင်းချင်တယ်လို့ ပြောလာလို့ ဒယ်ဒီရဲ့ခွင့်ပြုချက်နဲ့ အဲဒီသီချင်းလေးပုဒ်ကို ရောင်းတမ်း ဓာတ်ပြားတွေလည်း သွင်းဖြစ်ခဲ့တယ်လေ။

            မမရဲ့နာမည်ကြီး သီချင်းတွေဖြစ်တဲ့ တွေးရခက်ကြီးပါနဲ့ မေတ္တာရွှေစောင်း သီချင်းတွေက မြန်မာ့အသံကနေ အသံလွှင့်ခဲ့တာလား၊ ရောင်းတမ်းဓာတ်ပြား သွင်းခဲ့တာလား။    

ဒီသီချင်းနှစ်ပုဒ်က မြန်မာ့အသံကနေ လွှင့်တာမဟုတ်ဘူး။ တိုက်ရိုက် ရောင်းတမ်းဓာတ်ပြား သွင်းခဲ့တာပါ။

            တွေးရခက်ကြီးပါနဲ့ မေတ္တာရွှေစောင်းတေးရေးဆရာတွေကို သိပါရစေ။

            တွေးရခက်ကြီးပါ သီချင်းကို သောတမောင် ရေးတာ။ မေတ္တာရွှေစောင်း ကတော့ တေးရေးဆရာ ကိုတင်ဖေလို့ခေါ်တဲ့ စာရေးဆရာအောင်လင်းရေးတာပါ။

            မမရဲ့ဂီတသက်တမ်း တစ်လျှောက်မှာ သီဆိုခဲ့တ့ သီချင်းပုဒ်ရေနဲ့ မြန်မာ့အသံ ဓာတ်ပြားရ သီချင်းပုဒ်ရေတွေ သိပါရစေ။

            မ သီဆိုအသံလွှင့်ခဲ့တဲ့ တေးသီချင်းပုဒ်ရေ (၅ဝ) ကျော်တယ်။ မဆိုခဲ့တဲ့ သီချင်းတိုင်း ဓာတ်ပြားရပါတယ်။

            နောက်ပိုင်း မမ သီဆိုခဲ့တဲ့ နာမည်ကြီးသီချင်းတွေလည်း မှတ်မိရင် ပြောပေးပါ ခင်ဗျာ။

            မရဲ့သီချင်းတွေက (၁) လှတာမလို (တေးရေး ကိုမင်းနောင်)၊ (၂) တပေါင်းခါနွေ လွမ်းအောင်စ (တေးရေး-ကို ရဲအောင်၊ (၃) တစ်ချစ်ရှာရှာ (တေးရေး- စန္ဒရားချစ်ဆွေ)၊ (၄) မောင်မမုန်းသေး သမျှတော့ (တေးရေး-ကိုကျော့မှူး၊ (၅) တရူမော၊ (၆) နှောင်၊ (၇) အရုပ်ဆိုးမလေး တို့လောက်ပဲ မှတ်မိတော့တယ်။ နှစ်တွေကြာလာတော့လည်း သီချင်းရေးဆရာရဲ့ အမည်တွေ မေ့ကုန်ပြီ။ အဲဒီတုန်းကတော့ မရဲ့ သီချင်းဆရာတွေ ကို ဉာဏ်ပူဇော်ခအဖြစ်ငွေနဲ့ ကန်တော့လေ့ရှိပါတယ်။ သီချင်းတစ်ပုဒ် နာမည်ကြီးပြီဆိုရင် အဆိုတော်တွေကိုသာ လူသိတာ။ တေးရေးဆရာတွေကို သိကြတာ မဟုတ်ဘူး။ မရဲ့အသံနဲ့ လိုက်ဖက်အောင် ရေးပေးကြတဲ့ တေးရေးဆရာတွေကိုတော့ မရဲ့ ကျေးဇူးရှင်တွေမို့ ဉာဏ်ပူဇော်ခနဲ့ ကန်တော့တာပါ။

            မမက အဆိုကျော်အဖြစ် နာမည်ကြီးနေတဲ့အချိန်မှာ မြန်မာ့လက်ရွေးစင်၊ အမျိုးသမီး ကျွမ်းဘား၊ လှံတံပစ်၊ သံလုံးပစ် ချန်ပီယံလည်း ဖြစ်ခဲ့သေးတယ် မဟုတ်လား။ 

            မက စစ်ပြီးခေတ် တော်ဖုရားကြီး နဲ့ ဇနီး ဒေါ်ခင်ကြည် (Susan Thein Maung)တို့ ဦးစီးတဲ့ အားကစားအဖွဲ့မှာ ပါခဲ့တယ်။ တော်ဖုရားကြီးက မကို ဆရာစောလှမြင့်ဆီမှာ ကျွမ်းဘားသင်တန်း တက်ခိုင်းတယ်။ တက်ပြီးတော့ ၁၉၄၈ ခုနှစ် အမျိုးသမီး ကျွမ်းဘားပြိုင်ပွဲမှာ သေတ္တာဘား ပထမ၊ ၁၉၄၉ ခုနှစ်တန်းဘားမှာ ပထမ၊ ၁၉၅ဝ ပြည့်နှစ် မြေပြင်ဘားမှာ ပထမ၊ သုံးနှစ်ဆက်တိုက် ပထမရတော့ အမျိုးသမီး တံခွန်စိုက်ကျွမ်းဘား ချန်ပီယံ ဖြစ်လာတယ်။

            မမ အမျိုးသမီး လှံတံနဲ့ သံလုံးပစ် ချန်ပီယံ ဖြစ်လာတာကိုလည်း သိပါရစေ။

            မက ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံ ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီက ကြီးမှူးဖွင့်လှစ်တဲ့ ပထမအကြိမ် အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူး သင်တန်းတက်ပြီး အားကစားမှူး ဖြစ်လာတယ်။ မက ပြည်မှာနေတုန်းက မြို့နယ်အဆင့် တာတိုပြေးပွဲနဲ့ လှံတံနဲ့ သံလုံးပစ် ချန်ပီယံလေ။ ကိုယ်တိုင် အားကစားမှူး ဖြစ်လာတော့ မျိုးဆက်သစ် အားကစားသမားလေးတွေကို လေ့ကျင့်ပေးဖို့ ကိုယ်တိုင်လည်း လှံတံနဲ့ သံလုံးလေ့ကျင့်ရတာပေါ့။

            မမရဲ့ လှံတံနဲ့သံလုံးပစ် လေ့ကျင့်ပေးတဲ့ ဆရာရယ်၊ စံချိန်တင်ခဲ့တဲ့ စံနှုန်းလေးတွေ မှတ်မိရင် သိပါရစေ။

            မကို သံလုံးပစ်လေ့ကျင့်ပေးတဲ့ ဆရာက အာရှအလေးမ ချန်ပီယံ ဦးမောင်မောင်လွင် (အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးချုပ်- ဒေါ်ခင်ကြည် (Susan Thein Maung) ရဲ့ အစ်ကို)ပါ။ မက ၁၉၅၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလံပစ်ပြိုင်ပွဲမှာ အမျိုးသမီး လှံတံပစ်မှာ ပထမစံချိန် ၈၅ ပေပါ။ သံလုံးပစ်မှာလည်း ပထမရတဲ့နှစ် စံချိန်က ၃၂.၂ ၁/၂ ပေပါ။ ၁၉၅၅ ခုနှစ်မှာတော့ လှံတံပစ်ပြိုင်ပွဲ ပထမ ရတဲ့စံချိန် ၈၅ ပေ ၉ လက်မ၊ သံလုံးပစ်မှာ ပထမရတဲ့စံချိန်က ပထမအတိုင်းပါပဲ။ ၁၉၅၆ ခုနှစ်မှာတော့ သံလုံးပစ်မှာ ပထမရတဲ့စံချိန်က ၃၁.၃ ၃/၄ ပေ မို့ စံချိန်ကျသွားတယ်။ လှံတံကတော့ တတိယပဲ ရတော့တယ်။ မက ပဲခူးတိုင်းကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ခဲ့တာလေ။

            မမအနေနဲ့ ဒုတိယ အာရှအား ကစားပြိုင်ပွဲ ဝင်ဖူးတယ်နော်။

            မက ၁၉၅၄ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အာရှအားကစားပြိုင်ပွဲ ဝင်ဖူးပါတယ်။ သံလုံးပစ်မှာ ဆဋ္ဌမ ရတယ်။

            ၁၉၅၄ ခုနှစ် ဒုတိယအကြိမ် အာရှ အားကစား ပြိုင်ပွဲသွားတာ အမျိုးသမီး အားကစားချန်ပီယံထဲက မမ တစ်ယောက်တည်းပဲလား။

            မအပြင် အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူး၊ သံပြားဝိုင်းပစ် ချန်ပီယံ မခင်ဌေး(ကချင်)လည်း ပါတာပေါ့။ နိုင်ငံခြားအားကစားပြိုင်ပွဲ စေလွှတ်တာ အမျိုးသမီးထဲက မတို့ နှစ်ယောက်က ပထမဦးဆုံးပေါ့။

            မမတို့ အမျိုးသမီး ကိုယ်လက်ကြံ့ ခိုင်ရေးမှူး တာဝန်ထမ်းဆောင်စဉ် နယ်တွေ ဆင်းပြီး သင်တန်းတွေ ပေးဖူးပါသလား။

            ပေးဖူးပါတယ်။ မြန်မာနိုင်ငံ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ ညွှန်ကြားရေးဝန် ဦးဇော်ဝိတ် ခေါင်းဆောင်တဲ့ အမျိုးသား၊ အမျိုးသမီး အားကစား နည်းစနစ်မှူးတွေ ပါဝင်တဲ့ အားကစားအဖွဲ့မှာ မပါတာပေါ့။ တစ်နိုင်ငံလုံး ကွင်းဆင်းပြီး မျိုးဆက်သစ် အားကစားသမားတွေ ပေါ်ထွန်းရေးအတွက် သင်တန်းတွေ ပေးရတယ်။ မကတော့ မျိုးဆက်သစ် အမျိုးသမီးတွေကို လှံတံနဲ့ သံလုံးပစ်နည်းတွေ သင်ပေးတယ်။

            မမတို့ တစ်နိုင်ငံလုံး စည်းရုံးရေး ဆင်းဖို့ သွားတဲ့အခါ မမက အဆိုကျော်မို့သီချင်းတွေ ဆိုပြရသေးလား။

            ဆိုပြရပါတယ်။ နေ့လယ် သင်တန်းပေးပြီး ညနေပိုင်းနားတဲ့အချိန် မြို့ခံ တူရိယာဝိုင်းတွေနဲ့ မက သီချင်းတွေ ဆိုပြတော့ လူငယ်တွေကလည်း ပိုစိတ်ဝင်စားကြတာပေါ့။

            နောက်ပိုင်း ဘာကြောင့် အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေးမှူးက နုတ်ထွက်လိုက်ပါသလဲ။

            ၁၉၅၈ ခုနှစ်မှာ မက အိမ်ထောင်ကျသွားတော့ အိမ်ထောင်ဘက်ကို ကတိပေးထားတဲ့အတိုင်း လုပ်သက် ၅ နှစ်နဲ့ အလုပ်ကနေ ထွက်လိုက်တာပေါ့။

            မမရဲ့ အိမ်ထောင်ဘက်နဲ့ သားသမီးများကို သိပါရစေ။

            မရဲ့ခင်ပွန်းက ဘဝသစ် အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးအောင်ကျော်ပါ။ မောင်ကြာညိုအမည်နဲ့ စာတွေလည်း ရေးပါတယ်။ မတို့ရဲ့ သားသမီးတွေက (၁) မင်းခေါင်ကျော်၊ (၂) ဒေါက်တာ ရတနာကျော်၊ (၃) အာသာဝတီကျော်၊ (၄) သတိုးကျော်၊ (၅) ပုဏ္ဏမီကျော်တို့ပါ။ အားလုံး ဘွဲ့ရပြီး အိမ်ထောင်ကျ ကုန်ကြပါပြီ။

            မမရဲ့ သားသမီးတွေရော မမလို အားကစားနဲ့ တေးဂီတမှာ ဝါသနာပါပါသလား။

            မရဲ့ သားသမီး ၅ ယောက်စလုံး သက်ငယ်တန်း၊ သက်လတ်တန်း၊ သက်ကြီးတန်း ရေကူးပြိုင်ပွဲတွေမှာ ရေကူးချန်ပီယံတွေပါ။ သမီးထဲမှာ အာသာဝတီကျော် တစ်ယောက်ပဲ မလို တေးသံရှင် ဖြစ်လာတာ။

            မမရဲ့ခင်ပွန်း နိုင်ငံခြားမှာ ခေတ္တ အလုပ်သွားလုပ်တော့ လိုက်သွားသေးတယ်နော်။

            မရဲ့ခင်ပွန်း ဆရာဦးအောင်ကျော်က နိုင်ငံခြား အသံလွှင့်ဌာနတစ်ခုမှာ အလုပ်သွားလုပ်တော့ မက ပါရမီဖြည့်ဖက်အနေနဲ့ လိုက်သွားတာ။ သားသမီးတွေ မခေါ်သွားပါဘူး။ သမီးထွေး ပုဏ္ဏမီကျော်က အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့ယူဖို့ နောက်မှလိုက်လာတာ။

            မမ နိုင်ငံခြားမှာ စင်တင်မြန်မာ့ တေးဂီတအဖွဲ့မှာ သီချင်းတွေ ဆိုခဲ့သေးတယ်လို့ မောင်ကြာညိုရဲ့ ဆောင်းပါးထဲမှာ ဖတ်ရပါတယ်။ နိုင်ငံခြားမှာ မမရဲ့ ဂီတလှုပ်ရှားမှုလေးတွေ သိပါရစေ။

            နယူးအင်္ဂလန် တက္ကသိုလ်မှ ဂီတနဲ့ ပါရဂူဘွဲ့ယူမယ့် ခင်ခင်လေး အမည်ခံယူထားတဲ့ အမေရိကန်သူ Kit Yong က ဦးအောင်ကျော်နဲ့ လာရောက်ဆက်သွယ်တယ်။ မတို့နဲ့ ခင်သွားပြီး မဆီမှာ “ဝေဇယန္တာ”နဲ့ “မြမန်းဂီရိ” သီချင်းကြီး နှစ်ပုဒ် တက်ယူတယ်။ ဆရာရွှေပြည်အေးရဲ့ “ကျေးစေတမန်” သီချင်းကို စန္ဒရားတီးရင်း မက ဆိုပေးတယ်။ ဒီသီချင်းကို တိပ်နဲ့ကူးပြီး နယူးယောက်မြို့ ထက်ထရိုပိုလီတန်အနုပညာ ပြတိုက်က တာဝန်ရှိပုဂ္ဂိုလ်များက နားဆင်ရတဲ့အခါ မြန်မာ့တေးဂီတကို စင်တင်ပွဲလုပ်ဖို့ စီစဉ်ကြတယ်။ နယူးယောက်မြို့မှာ ရောက်နေတဲ့ ရွှေမန်းသဘင်က ဝင်းမောင်ကိုလည်း ဒီအစီအစဉ်မှာပါဖို့ ပြောတော့ လက်ခံတယ်။ ပွဲမစမီ သီချင်းတိုက်ကြတယ်။ နယူးယောက် မြန်မာ့စင်တင်တေးဂီတပွဲမှာ မက စန္ဒရား ခင်ခင်လေးနဲ့ “ဟေဝန်တောလည်” သီချင်းကြီး၊ “ကျေးစေတမန်” နဲ့ “မေတ္တာရွှေစောင်း” တို့ကို ဆိုတယ်။ ဝင်းမောင် (ရွှေမန်းသဘင်)က နန်းဘုံ ဘီဟာဘွေ သီချင်းကြီး၊ သီးချိန်တန်သီး၊ နတ်ရှင်နောင်၊ ရွှေမင်းဂံ တို့ကို ဆိုတယ်။ စန္ဒရားခင်ခင်လေးက အဆိုမပါဘဲ “လျှပ်ပန်းခွေနွဲ့”နဲ့ “တစ်ဆောင်းသစ်ပြန်ပြီ” တို့ကို စန္ဒရားအတီးသက်သက်နဲ့ ဖျော်ဖြေတယ်။ ဖျော်ဖြေတဲ့အချိန် ၂ နာရီ ကြာတယ်။ ဒီလိုပွဲမျိုး ဝါရှင်တန်မှာလည်း တစ်ပွဲ လုပ်ခဲ့တယ်။

            မမ မြန်မာပြည် ပြန်ရောက်ပြီး သီချင်းတွေ ဆိုဖြစ်သေးလား။

            မဆိုဖြစ်တော့ပါဘူး။ ၁၉၉၆ ခုနှစ်မှာ မရဲ့ဂီတ သက်တမ်းရွှေရတု အထိမ်းအမှတ်အဖြစ် စန္ဒရား လှထွတ် ဝိုင်းနဲ့ ဓာတ်ပြား ၁ဝ ချပ် သွင်းထားတယ်။

            မမရဲ့ ဓာတ်ပြား ၁ဝ ချပ်က ရောင်းတမ်းဓာတ်ပြားလား၊ ဘာလုပ်ဖို့လဲ၊ သီချင်းတွေ အမည်သိပါရစေ။

            ရောင်းတမ်းဓာတ်ပြားအတွက် မဟုတ်ပါဘူး။ သားစဉ်မြေးဆက်အထိ နားဆင်ဖို့ အမွေပေးတဲ့သဘောပါ။ သီချင်းတွေက ဗိုလ်ကလေးတင့်အောင်၊ ကိုအောင်ကိုး၊ မောင်မောင်လတ်၊ စန္ဒရားလှထွတ်တို့ ရေးဖွဲ့တဲ့ သီချင်းတွေကို ဆိုထားတာလေ။ သီချင်းနာမည်က များတော့ မမှတ်မိတော့ပါဘူး။

            နောက် မမ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရေးသေးတယ် မဟုတ်လား။

            မ နိုင်ငံခြားက ပြန်လာပြီး အပျိုစင် မဂ္ဂဇင်းမှာ “ကြုံခဲ့ရ ကျွန်မဘဝပါရှင်” ကိုယ်ရေးအတ္ထုပ္ပတ္တိ အခန်းဆက်ရေးခဲ့တယ်။ လုံးချင်းစာအုပ်တော့ မထုတ်ရသေးပါဘူး။

            မမ ရေးခဲ့တဲ့ “ကြုံခဲ့ရ ကျွန်မဘဝ ပါရှင်” ကို လုံးချင်း စာအုပ်ဖြစ်အောင် လုပ်ပါ မမရယ်။ အမှတ်တရ ဖြစ်နေ အောင်လို့ပါ။

            မ စာအုပ်ဖြစ်အောင် လုပ်ဖို့ အစီ အစဉ် ရှိပါတယ်။

            မမရဲ့ ကိုယ်ရေးသမိုင်း အကျဉ်းလေး သိပါရစေ။

            မကို အဖ စက်ရှင် တရားသူကြီး ဦးကြာညွန့် အမိ ဒေါ်စောညွန့်တို့က ၁၉၂၇ ခု ဧပြီလ ၁၃ ရက်နေ့ ပျဉ်းမနားမှာ မွေးပါတယ်။ မွေးချင်း ၉ ဦးမှာ ပဉ္စမမြောက် သမီးပါ။ မတို့က ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့တာပါ။ အသက် ၇၈ နှစ် ရှိပါပြီ။

            မမ ကျွန်တော်မေးသမျှကို ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် မမကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

            မောင်ရင်ကလည်း ခုလို မကို စိတ်ဝင်တစား လာရောက်ပြီး အင်တာဗျူးတဲ့အတွက် မောင်ရင့်ကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း လာလည်ပါဦး။

ကျော်သန်းမြင့်၊ဗန်းမော်၊

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။