ပတ္တမြားခင်
ကျွန်မရဲ့
အသက် ငါးဆယ်ကျော်လို့ ခြောက်ဆယ်တွင်းဆိုတဲ့ တတိယအရွယ်ကို ရောက်လာကတည်းက
သေခြင်းတရားနဲ့ နီးကပ်လာပြီဆိုတာ သတိချပ်မိတာကြောင့် တတ်အားသမျှ သီလကုသိုလ်၊
ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်စတဲ့ ကောင်းမှုတွေပြုရင်း ဘဝကူးကောင်းရေးကို
ဦးတည်ကြိုးစား အားထုတ် ပြင်ဆင်ခဲ့ပါတယ်။ စာရေးသူပီပီ ရင်ဆိုင်ရမယ့်သေမင်းကို
ဘယ်လိုပုံစံနဲ့ ကြုံရမှာပါလိမ့်ဆိုတဲ့ အတွေးနဲ့ စိတ်ကူးယဉ်ကြည့်မိတာလဲ
အကြိမ်ပေါင်းများစွာ ဆိုပါတော့နော်။
ရှင်တော်ဘုရားက 'မသိငါးပါး'
ကို ဟောကြားတော်မူခဲ့ပါတယ်။
၁။ နေရမည့် အသက်အပိုင်းအခြားကို မသိနိုင်
၂။ သေရမည့် ရောဂါဝေဒနာကို မသိနိုင်
၃။ သေရမည့် အချိန်အခါကို မသိနိုင်
၄။ သေပြီးသောအခါ ခန္ခာကိုယ် ပစ်ချရမည့် သင်္ချိုင်းနေရာကို
မသိနိုင်
၅။ သေပြီး၍ နောက်ဘဝလားရာဂတိကို
မသိနိုင်ပါတဲ့။
'မသိငါးပါး'
ကို စိတ်ဝင်တစားနဲ့ တွေးကြည့်နေမိပါတယ်။ ဘယ်သောကာလ၊ ဘယ်နေရာ၊
ဘယ်ဌာနက ဘယ်သူ့လက်ထဲမှာ ဘယ်လိုပုံစံမျိုးနဲ့များ ဘဝကူးရမှာပါလိမ့် ဆိုတာမျိုးပေါ့။ ကျွန်မကလည်း ခရီးက ခပ်များများ မဟုတ်လား။
မွေးထားတဲ့ သားသမီးတွေက တစ်ပြုံတစ်မကြီးဖြစ်ရတဲ့ အပြင် သူတို့အခြေချနေကြတာကလည်း
ပြည်နယ်တစ်စီခုမှာဆိုတော့ တစ်နှစ်တစ်နှစ် သားသမီးတွေအိမ်စေ့အောင်သွားရတာ မကသေးဘူး။
သူတို့တွေရက်အားလို့ အပျော်ခရီးပြည်တွင်း ပြည်ပသွားကြတော့လည်း အမေကို အပါခေါ်ကြပြန်တော့
ခရီးတွေက မပြီးနိုင် ဖြစ်ကုန်ပါရော။
ဒါကြောင့် သွားရင်းလာရင်းပဲ
လေယာဉ်ပေါ်မှာ တစ်ယောက်တည်း နှလုံးရောဂါလိုမျိုးနဲ့ ဗြုန်းစားကြီးရှင် သေမင်းကို
ရင်ဆိုင်လိုက်ရမှာလား။ ဒါမှမဟုတ် သားသမီးတွေဆီ အလည်သွားရင်း ရောဂါတစ်ခုခုနဲ့
ဘယ်သူ့လက်ထဲမှာ ဘဝနိဂုံးချုပ်လေမှာလဲ။
သေခြင်းတရားဆိုတာက အချိန်မရွေး
ရောက်လာနိုင်တာမျိုးလေ။ သားသမီးတွေဆီ သွားနေခါမှ မဟုတ်ဘဲ
ကိုယ်ကိစ္စနဲ့ကိုယ်စာတိုက်သွားရင်း၊ ဆေးဆိုင်သွားရင်း၊ ဘဏ်တိုက်သွားရင်း၊
ကားမောင်းနေရင်းဖြစ်စေ၊ လမ်းလျှောက်နေရင်းဖြစ်စေ၊ လေဖြတ်လို့
ဦးနှောက်သွေးကြောပေါက်လို့ စတဲ့စတဲ့ ရောဂါမျိုးနဲ့ရော မသေနိုင်ပေဘူးလား။
တစ်နေ့ကပဲ တောင်အမေရိကားက လာလည်ကြတဲ့
တူးရစ် ဇနီးမောင်နှံ ကုန်တိုက်ကြီး တစ်ခုကအပြန် အထုပ်အပိုးတွေ တစ်ပုံတစ်မနဲ့
ဆွဲထွက်လာကြတာ Parking Lot မှာပဲ အသက် ၈ဝ
နှစ်အဘွားကြီးက မေ့မေ့လျော့လျော့နဲ့ နောက်ကိုမကြည့်ဘဲ ကားကို အရမ်းဆုတ်ထွက်လိုက်တာ
ဈေးဝယ် ပြန်လာတဲ့ ဇနီးမောင်နှံနှစ်ယောက်စလုံး ကားအောက် ရောက်သွားပါလေရော။
မကြာခင်ကလည်းပဲ အဲသလိုပဲ
တခြားပြည်နယ်က အလည်လာတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပင်လယ်ကမ်းခြေဘက်
လေကောင်းလေသန့်ရအောင် မနက်စော စော လမ်းလျှောက်ထွက်လာပါတယ်။ တံတားအလယ်လည်းရောက်ရော မိုးပျံ တံတားကြီးက
ပွင့်တက်သွားတော့ ကမန်းကတမ်း လက်လှမ်းမှီရာတွယ် ပြီး ထိပ်ဖျားကို
ပါသွားတော့တာပေါ့။ နောက်ဆုံး
လက်ကတွယ်ရတဲ့အားကုန် လို့ ပြုတ်ကျပါလေရော။
ရောဂါနဲ့ အိပ်ရာထဲလဲပြီးမှ
သေရတာမျိုးမဟုတ်ဘဲ သွားရင်းလာရင်း မထင်မှတ်ဘဲ ဗြုန်းစားကြီး မရဏမင်းကို
ရင်ဆိုင်ရတာမျိုးကလည်း ရှိသေးတာနော်။
မကြာခင်နှစ်ပိုင်းလေးအတွင်းက
ကြုံကြရတဲ့ (၉-၁၁) ကိစ္စ သွားရင်းလာရင်း စားရင်းသောက်ရင်း ရယ်မောပြောဆိုကြရင်း၊
အလုပ်လုပ်ရင်း၊ ဈေးဝယ်ရင်း ဘာမှန်းမသိလိုက်ရဘဲ ရုတ်တရက် သေခြင်းတရားကို
ရင်ဆိုင်လိုက်ရသူတွေ မနည်းမနော။
အဲဒီကအစ ကမ္ဘာအရပ်ရပ်မှာ လူသားချင်း မစာမနာ
အမုန်းတရားများစွာနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးကြရတာလည်း သောက်သောက်လဲ။
တစ်ဆက်တည်း (၂ဝဝ၄) ခု၊ ဒီဇင်ဘာ ၂၆ ရက်ကျတော့ မကြုံဘူး၊ မကြားဘူးတဲ့ ပင်လယ်ရေအောက်
ငလျင် ဆူနာမီတဲ့။ ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း သေရသူ၊
ဟိုတယ်ပေါ်မှာ အိပ်ပျော်နေရင်း သေရသူ၊ လွတ်ရာပြေးလွှားရင်း သေရသူများ၊
သိန်းသောင်းများစွာ။
တီဗီသတင်းမှာ ကြည့်ရတာ
ကမ္ဘာပျက်နေတဲ့အတိုင်းပါပဲ။ လူသား စစ်စစ်တွေ ပုရွက်ဆိတ်ကလေးတွေ ရေမျောသေရတဲ့
ပုံစံမျိုးနဲ့ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးနဲ့အတူ ပါသွား လိုက်ကြတာ ကူလို့မရ၊
ကယ်လို့မရ၊ မျက်စိတစ်မှိတ်နဲ့ ကလေးလူကြီး သိန်းနဲ့ချီသေကြရပါရော။
ဒါဟာ အားလုံးသော လူသားတွေအတွက်
ကြီးစွာသော သင်ခန်းစာတစ်ခုပါပဲနော်။ မိမိပြုခဲ့တဲ့ ကံတရားတစ်ခုတည်းကသာ
ကယ်မနိုင်တာမို့ ထူးခြားဆန်းပြားစွာ အသက်မသေ ကျန်ခဲ့တဲ့ အဖြစ်တွေလည်း
ကြုံရကြားရပါတယ်။
သေဘေးက ပြေးမလွတ်သူတွေ အနန္တ။
ဒီထဲမှာပဲ ထူးထူးခြားခြား ပင်လယ်ပြင်ထဲက မွေ့ရာတစ်ခုပေါ်မှာ အသက်ရှင်လျက်ပါလာတဲ့
(၁၈) လ သားအရွယ် ကလေးငယ်ရဲ့ ကံကြမ္မာကလည်း မယုံရင် ပုံပြင်လို့
ပြောနိုင်ရလောက်အောင် ဒဏ္ဍာရီဆန်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲနော်။
သာယာလွန်းတဲ့ ပူးကက်ပင်လယ်
ကမ်းခြေအပန်းဖြေစခန်းကလည်း မိနစ်ပိုင်းအတွင်း အကျိုးအပဲ့ အပျက်အစီးများစွာနဲ့
တစပြင်ပမာ ရုတ်ခြည်း ပြောင်းလဲသွားတော့တာပါပဲ။
ကမ္ဘာအရပ်ရပ်က သွေးမတော် သားမစပ်
လူမျိုးချင်းလည်းမတူ၊ ဘာသာ စကားတခြားစီ၊ ဝတ်စားဆင်ယင်ပုံလည်းကွာခြား၊ တစ်ဦးနဲ့
တစ်ဦး အချိန်းအချက် မရှိကြပါဘဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဒီရက်၊
ဒီအချိန်ကာလမှာ ပူးကက်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ အတူတကွ ရောက်ရှိနေကြပြီး
ကြမ္မာစိုးနဲ့ ကြုံရပုံကလည်း တွေးကြည့်ရင် အံ့သြဖွယ်ရာ။
မိသားစုတစ်ခုလုံး ပျောက်ဆုံးသွားပြီး
တစ်ဦးတည်း ကျန်ခဲ့ရှာတဲ့ ကလေးငယ်၊ တစ်ယောက်တည်း ကျန်ရှိတဲ့ မိခင်၊ ဇနီးမဲ့ သမီးမဲ့
တစ်ကောင်ကြွက် ဖြစ်ရတဲ့ ဖခင်၊ မိသားစု တင်မက သူငယ်ချင်း၊ ချစ်သူတွေပါ
ပျောက်ဆုံးရသူများလှစွာ၊ သေမှန်းရှင်မှန်း မသိရတဲ့ဇာတ်လမ်းတွေက
တစ်ထောင့်တစ်ညပုံပြင်အတိုင်း။
လက်ထပ်ခါနီး သုံးရက်အလိုမှာမှ
ခြောက်နှစ်တာအတူတွဲပြီး ချစ်ခဲ့ရတဲ့ သတို့သားလောင်းက လှိုင်းလုံးနဲ့အတူပါသွား။
အရှိန်နဲ့ လွင့်ပြီးကျန်ခဲ့တဲ့ သတို့သမီးငယ်က သစ်ကိုင်းတစ်ခုကို ဖက်တွယ်ထားရင်း
အသက်ရှင်ကျန်ခဲ့တာလည်း ရှိရဲ့။
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊
သီရိလင်္ကာစတဲ့ ဆူနာမီဒဏ် ခံကြရတဲ့ နိုင်ငံများစွာ မျက်စိတစ်မှိတ်အတွင်း အိုးပျက်၊
အိမ်ပျက်အပြင် လူပေါင်း သိန်းနဲ့ချီ သေကြရတာမို့ အသက် တစ်ချောင်းရဲ့ တန်ဖိုး
ဘယ်လောက်ကြီးမားတယ်ဆိုတာနဲ့အတူ ဘယ်အရာမှ အစိုးမရခြင်းကိုပါ မီးမောင်း
ထိုးပြလိုက်သလိုပါပဲနော်။ မကြည့်ရက်စရာ တွေ့မြင်နေရတဲ့အထဲမှာ လူသားဆန်တဲ့
မေတ္တာအကြင်နာတွေလည်း တွေ့ရပါသေးတယ်။ အဲဒီအချိန် တစ်ဦးကို တစ်ဦးလည်း မသိ၊ အဝတ်
လဲစရာ မရှိ၊ စားစရာ မရှိ၊ ခိုလှုံစရာ မရှိ၊ အဆောင်အယောင် ဘာဆိုဘာမှ မရှိကြပေမယ့်
တကယ် အရေးကြုံတော့ စင်ကြယ်တဲ့ မေတ္တာစေတနာနဲ့ လူသားချင်း
ကိုယ်ကျိုးစွန့်ကူညီသူတွေလည်း မြင်တွေ့ရတာမို့ ရင်ထဲမှာ လှိုက်လှဲမှုနဲ့
သာဓုခေါ်ရတာတွေလည်း ရှိပါတယ်။
ဆူနာမီသတင်းတွေ ကြည့်လို့မှ
မဆုံးသေးဘူး။ ဟော...ကယ်လီဖိုးနီးယားမှာ Mud Slides တဲ့။
မိုးတွေတအား ရွာပြီး မြေတွေပြိုကျလိုက်တာတောင်
ကမ်းပါးယံမှာ ဆောက်ထားတဲ့ အိမ်တွေ အကုန်ပါသွားတော့တာပဲ။ မိသားတစ်စု အမေနဲ့၊
သမီးလေး သုံးယောက် (၁ဝ) နှစ်၊ (၈) နှစ်၊ (၆) နှစ်သမီး ချစ်စရာလေးတွေ ပါသွားလို့
ကျန်ခဲ့တဲ့ အဖေက ဟင်းလင်းဖြစ်ကျန်ခဲ့တဲ့ အိမ်နေရာမှာ ကိုယ်တိုင်တူးဆွပြီး
ရှာနေလိုက်တာ။ ရွှံ့ညွန်ထဲ နစ်သွားတာဖြစ်လို့ ရင်နာစရာ မြင်ကွင်းတစ်ခုပါပဲ။ အဲဒီအဖြစ်မှာလည်း လူပေါင်းများစွာ
သေဆုံးကြရပြန်ပါရော။
တီဗီမှာ နေ့စဉ်နီးပါး မြင်တွေ့နေရတဲ့
သတင်းတွေက တကယ့် ငရဲပါဘဲ။ သဘာဝကြောင့် ဖြစ်ရတဲ့ မီးဘေး၊ ရေဘေး၊ လေဘေးတွေအပြင် လက်နက်မျိုးစုံရဲ့
ဘေးကပါရှိနေတာမို့ ရောဂါနဲ့ အိပ်ရာထဲမှာ
ရိုးရိုးသေရတဲ့အဖြစ်က ခုခေတ်မှာ ကြီးစွာသော ဆုလာဘ်တစ်ပါးလို့ မြင်ရမလား
မသိပါဘူးနော်။
အဲဒီအတွေး ခေါင်းထဲဝင်ရောက်လာတာနဲ့
ကျွန်မကြုံခဲ့ရဖူးတဲ့ မိသားစုများ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတဲ့
မြင်ကွင်းတွေက ရုပ်ရှင်ပြသလို ပြန်လည်ရှင်သန်လှုပ်ရှားလာကြ ပြန်ပါရော။
ပထမဆုံး အတွေ့အကြုံက ကျွန်မ အသက် (၁၇)
နှစ်အရွယ်မှာ အဘွားရဲ့ မိခင် 'ဘွားမေ' ဆုံးတော့မယ်ဆိုပြီး
မာမီက ဘော်ဒါဆောင်မှာ လာခေါ်တော့ ရှိုက်ကြီးတငင်ငိုရင်း ပြန်လိုက် သွားရတယ်ပေါ့။
ဘွားမေက အသက် (၈၉) နှစ်ရှိပါပြီ။ တစ်ခါမှ အိပ်ရာထဲ လဲလောက်တဲ့ ရောဂါမျိုး
မရှိခဲ့ပါဘူး။
အခုလည်း ခြံထဲက သြဇာသီးတွေ ခူးစားပြီး
ရင်ကျပ်တာ နှစ်ရက်လောက်နဲ့ အဖျားဝင်တာကြောင့် ဆရာဝန်ပင့် ပြတော့
နမိုးနီးယားဝင်လာတဲ့ လူကြီး ရောဂါ။ မျှော်လင့်ချက် မရှိဘူး။ နာရီပိုင်းပဲ
ခံမယ်ဆိုတာနဲ့ မိသားစုအားလုံး တုန်လှုပ်စွာနဲ့ စိုးထိတ်ကုန်ကြရတာလေ။
ဘွားမေကိုကြည့်ရတာ ဆရာဝန် ပြောသလို
ခုချက်ချင်း သေတော့မယ့် ရုပ်လည်းမပေါက်ပါဘူး။ အိပ်ရာပေါ်မှာ သက်သက်သာသာလှဲရင်း
မှိန်းနေလေရဲ့။ သတိကလည်း ကောင်းလျက်ပါပဲ။ တစ်ချက်တစ်ချက်တော့ အသက်ရှူရတာ ခက်ခဲသလို
အားစိုက်ရတာမျိုးပဲ ရှိပါတယ်။ မနက် အရုဏ်တက်ခါနီးကျတော့ အနားမှာရှိတဲ့ ကျွန်မရဲ့
မာမီကို အဝတ်လဲပေးဖို့ ခိုင်းပါတယ်။ မဟာမြတ်မုနိဘုရားကြီးကို
အာရုံသွားကပ်မလို့တဲ့။ ခါတိုင်းလည်းပဲ အဲလို အရုဏ်သွားကပ်နေကျပါပဲ။
မာမီက ဘွားမေကို ရင်ခွင်မှာ
ပွေ့ထူထားပြီး ဘွားလေးက အဝတ်အစား လဲပေးအပြီးမှာ ဆံပင်ကို ထုံးပေးဖို့တောင် ဘွားမေက
မမေ့မလျော့ ခိုင်းနိုင်သေးတာနော်။ ကျွန်မတို့အားလုံးလည်း ခြေရင်းဘက်မှာ
စုထိုင်ရင်း ဘွားမေမမြင်မသိရအောင် တရှိုက်ရှိုက် ငိုကြလို့ပေါ့။ ဘိုးလေးက
ခေါင်းရင်း ဘက်မှာ ဘွားမေအာရုံပြုလို့ရအောင် ပရိတ်တရားတော်များကို
ရွတ်ဖတ်ပူဇော်ပေးနေပါတယ်။
သိပ်မကြာဘူး။ မာမီ့ရင်ခွင်ထဲမှာဘဲ
ဘွားမေအသက်ရှူရတာ တဖြည်း ဖြည်းပါးလာပြီး နောက်ဆုံး ပင့်သက်တစ်ရှိုက်မှာတင်
ဇီဝိန်ချုပ်သွားတော့တာပါပဲ။ သတိလစ်ခြင်းမရှိ၊ ပြင်းပြင်း ထန်ထန် ခံစားရခြင်းလည်း
မရှိဘဲ ဘဝကူးသွားရတာမို့ ဆုံးရှုံးမှုအတွက် ထိခိုက်ခံစားရပေမယ့် သေခြင်းတရားကို ထိတ်လန့်စရာအဖြစ်
တစ်ခုလို့ မထင်မှတ်ခဲ့ပါဘူး။
ဒါပေမယ့် 'ကိုယ်ချစ်တဲ့သူတစ်ယောက်ဟာ
အမြဲတမ်း အသက်ရှင်လျက် မရှိနိုင်ပါလား' ဆိုတဲ့
အသိတရားတစ်ခုကိုတော့ နှလုံးသားမှာ အထင်အရှား ခံစားရင်း သိရှိနားလည်လိုက်ပါတယ်။
ဒုတိယအကြိမ်ကြုံရတဲ့ ကျွန်မရဲ့သားလေး 'လင်း'
ကျတော့ အသက်အရွယ်နဲ့ မမျှအောင် ဝေဒနာရဲ့ဒဏ်ကို ခံစားလိုက်ရတာ
မြင်ရက်စရာတောင် မရှိပါဘူး။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ မွေးရတဲ့ကလေးဖြစ်လို့
ကာကွယ်ဆေးမရှိဆိုတော့ (၆) လသား အရွယ်မှာ ကျောက်ပေါက်လိုက်တာ။ တစ်ကိုယ်လုံး အပ်ချစရာနေရာ မကျန်တဲ့အထိပါပဲ။
ဆေးရုံက ဆရာဝန်ကြီးရော၊ မြန်မာဆေးဆရာ
အကျော်အမော်နဲ့ရော ပြသကုသပေမယ့် ဘယ်လိုမှ မထူးခြား၊ မသက်သာဘဲ ဆယ်ရက်အရမှာ
ကွယ်လွန်သွားခဲ့ပါတယ်။ ရင်မှာဖြစ်ရတဲ့ သားမို့ ဖြစ်တယ်ဆိုကတည်းက ပူပင်သောကရောက်ရတာ
ဆောက်တည်ရာမရပါဘဲ။ ဆုံးပါးသွားပြန်တော့
နှလုံးသားတွေ တစ်စစီပဲ့ကြွေကျကုန်ရသလို နာကျင်မှုက မခံမရပ်နိုင်အောင်
အလူးအလဲ ခံစားရပါတယ်။
'ဘွားမေ' ဆုံးတော့ (၈၆) နှစ်၊ သားလေး 'လင်း' ကွယ်လွန်တော့ အသက် (၆) လသားအရွယ်၊ 'ကြီးငယ်မဟူ
သေခြင်းတရားက အသက်အရွယ် မရွေး ကြုံတွေ့နိုင်ပါလား' ဆိုတဲ့
အသိတရားကို ကျွန်မ အသက် (၂၁) နှစ် အရွယ်မှာ ခံစားနားလည်လိုက်ရပြန်ပါရော။
ဒီလိုနဲ့ ကျွန်မရဲ့ ရှေ့မှောက်မှာပဲ
ကျွန်မရဲ့ဘွားမေ၊ ကျွန်မရဲ့ ဘွားလေး၊ ကျွန်မရဲ့ ခင်ပွန်း၊ ကျွန်မရဲ့ မိခင်၊
ကျွန်မရဲ့ ရင်သွေးမွေးကင်းစအပြင် ဆယ်ကျော်သက်အရွယ် သားငယ်စသည် စသည်တို့
သွားနှင့်ကြသလို ကျွန်မရဲ့ ဆွေမျိုး၊ ညီအစ်ကို မောင်နှမပေါင်းများစွာ၊ ချစ်စွာသော
သူငယ်ချင်းများစွာ၊ လုပ်ဖော်ကိုင်ဖက်များစွာ၊ လေးစားကြည်ညိုသူများစွာ၊ ဆရာသမားနဲ့
ကျေးဇူးရှင်များစွာတို့လည်း ကွယ်လွန်သွားကြပါပြီ။
တစ်ဦးနဲ့တစ်ဦး အချိန်အခါမတူ၊
နေရာအရပ်မတူ၊ ရောဂါမတူ၊ အဖြစ်ခြင်းမတူ၊ အသက်အရွယ် မတူ၊
ခံစားရင်ဆိုင်ကြပုံချင်းမတူကြတာတွေကို သိမြင်ဆင်ခြင်မိတဲ့အခါ 'ဘဝဆိုတာ
မမြဲ၊ တစ်ဦးစီမှာ မိမိပြုခဲ့တဲ့ ကုသိုလ်ကံတရားအရ အကြောင်းအရာတစ်ခုစီနဲ့
အတိုင်းအတာပိုင်းခြား ကန့်သတ်ချက်တွေ ရှိနေပါလား' ဆိုတာ
အတွေ့အကြုံ စုံလာတဲ့ အခု တတိယအရွယ်ကျမှ သိရှိနားလည်ရပါတော့တယ်။
ကျွန်မစိတ်ကူးယဉ်သေကြည့် နေပုံတွေက
ကြုံခဲ့ရဖူးတဲ့ မိသားစုများနဲ့ ရင်းနှီးခင်မင်တဲ့ နီးစပ်ရာ ဆွေမျိုး
မိတ်ဆွေများသာဖြစ်ကြလို့ ပုံမှန်ရောဂါဝေဒနာနဲ့ သေဆုံးကြတာမျိုး။ တချို့က
ပြင်းပြင်းထန်ထန် ဝေဒနာခံစားရ၊ တချို့က သက်သက်သာသာနဲ့ ရုတ်တရက်
ကွယ်လွန်ကြတာမျိုးပဲ ကွားခြားမှု ရှိပါတယ်။ သည်းထိတ်ရင်ဖိုဖြစ်ကြရတဲ့ ဇာတ်လမ်းတွေ
မပါခဲ့ပါဘူး။
အခု လက်ရှိကာလ မရဏမင်းကို
ရင်ဆိုင်ကြရတဲ့ အဖြစ်တော်တော် များများက အနိဠာရုံနဲ့ ထူးခြားဆန်းပြားစွာ
သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေမို့ စိတ်ကူးယဉ် လိုက်သေကြည့်ဖို့မပြောနဲ့ တွေးလို့တောင်
မကြည့်ရဲလောက်အောင် ချောက်ချားတုန်လှုပ်မိပါရဲ့။
ဘာပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ရဲ့ ဘဝဟာ
မွေးဖွားခြင်းက စတယ်လို့ လက်ခံခဲ့ရင် နိဂုံးဖြစ်တဲ့ သေဆုံးရခြင်းကိုလည်း
ဘယ်လိုပုံစံနဲ့ ဖြစ်စေ လက်ခံနိုင်ရမှာပါပဲနော်။
'မရဏ'ဆိုတဲ့
တရားက အချိန်ရဲ့တန်ဖိုးကြီးမားခြင်းကို သင်ပြညွှန်ပြ ပေးနေသလိုပါပဲ'
'ကွေးသောလက် မဆန့်ခင်'
တဲ့။
ကြည့်ပါဦး၊ မိနစ်တောင် မဟုတ် ဘူး၊
စက္ကန့်ပိုင်းလေးအတွင်းမှာ ကိုယ်မြတ်နိုး တွယ်တာရသူများ အားလုံးကို
မျက်ကွယ်ပြုလိုက်ရမှာလေ။
အဲဒီလို အမြဲမရှိနိုင်တာကို သိထားရင်
အခု အတူတကွ ရှိနေရခိုက် အချိန်က ဘယ်လောက်များ တန်ဖိုးရှိလဲနော်။ မိသားစုချင်း၊ ဆွေမျိုးချင်း၊
မိတ်ဆွေချင်း၊ လူသားချင်း တစ်ဦးပေါ်တစ်ဦး မေတ္တာတွေ အပြည့်အဝထားကြရင်း
ပျော်ရွှင်ချမ်းမြေ့စရာဖြစ်ကြမှာ သေချာပါရဲ့။
တစ်ခါက ငါးရက်ပဲ
အသက်ရှင်ခွင့်ကျန်မယ်ဆိုရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းတစ်ခု ကျွန်မ ဖတ်ဖူးပါတယ်။
ဖြေတဲ့သူက 'ချစ်တဲ့သူတွေကို
ချစ်ကြောင်း သိစေမယ်'
'အမှားများရှိရင်
ခွင့်လွှတ်ဖို့ တောင်းပန်မယ်' တဲ့။
ဒီအဖြေကို နှစ်သက်လို့ အခုလာမယ့် မေလ
(၁၄) ရက်နေ့မှာ ကျရောက်မယ့် ကျွန်မရဲ့ (၈၁) နှစ်မြောက်မွေးနေ့မှာ...
'ကွေးသောလက် မဆန့်ခင်'
ကျွန်မရဲ့ ကိုယ်ပွား သားသမီး မြေးမြစ်
မိသားစုများနဲ့တကွ ဆွေမျိုးသားချင်းများ အပါအဝင် မေတ္တာနဲ့
တော်စပ်ပတ်သက်ဆက်နွယ်ခဲ့သမျှ ကျွမ်းဝင်ချစ်ခင်သူများအားလုံးနဲ့အတူ စာဖတ်ပရိသတ်များ အပေါင်းကို ကျွန်မ
လေးစားမြတ်နိုးစွာနဲ့ ချစ်ခင်ပါကြောင်း
ထပ်လောင်း ပြောပြခဲ့ချင်ပါတယ်။
ကိုယ်စိတ်နှလုံး သုံးပါးနဲ့
ပြစ်မှားကျူးလွန်မိခဲ့တဲ့ အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါရန်
တောင်းပန်ခဲ့ပါရစေနော်။
ဒီစာကို ရေးနေရင်းမှာပဲ ကျွန်မ ဘဝရဲ့
နိဂုံးအတွက် ကြိုတင်ပြင်ဆင်ပြီး ရေးထားခဲ့တဲ့ စာတမ်းလေးတစ်ခုကို သတိရမိပါတယ်။
အမေရိကားမှာ အခြေချခါစ လွန်ခဲ့တဲ့
နှစ်ပေါင်းသုံးဆယ်နီးပါး ကာလက ကျွန်မ ကားမောင်း လိုင်စင်သွားယူရင်း
ကိုယ်ခန္ဓာအစိတ်အပိုင်း Organ တွေကိုပါ တစ်ခါတည်း
လှူဒါန်းဖို့ စာရင်းသွင်းထားခဲ့ပါတယ်။ ကားမောင်းလိုင်စင်ရတဲ့အခါကျတော့
လိုင်စင်ကတ်ပြားပေါ်မှာ Organ Donor ဆိုတဲ့ စာတန်းတပါတည်း
နှိပ်ပြီးသားလေ။
အဲဒီစာတန်းလေးကိုမြင်ရတိုင်း
ကျွန်မရဲ့ အစိတ်အပိုင်းတွေနဲ့ အသက်ဆက်နိုင်ကြမယ့် သူတွေအတွက် ကြည်နူးပီတိ
ခံစားရတာကြောင့် ဘဝရဲ့နိဂုံးအတွက် ကြိုတင်ပြင်ဆင်တဲ့ စာတမ်းလေးတစ်ခု
ရေးထားခဲ့ပါတယ်။ အောက်မှာ ဖော်ပြပါ စာတမ်းလေးပါပဲ။
ကျွန်မအတွက် အမှတ်တရ။
တစ်ချိန်ချိန်မှာ ဆရာဝန်တစ်ဦးဦးက
ကျွန်မရဲ့ ဦးနှောက်ဟာ ရပ်စဲသွားပြီလို့ ကြေညာရင်း ဘဝအဆုံးသတ်မှုကို
အတည်ပြုပါလိမ့်မယ်။
အဲဒီအချိန်ကျရင် စက်ပစ္စည်းသုံးပြီး
အသက်ရှင်မှု အတုအယောင်တစ်ခုတော့ မဖန်ဆင်းလိုက်ပါနဲ့။
အသုံးဝင်သေးတဲ့ ကျွန်မရဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တခြားလိုအပ်သူတွေ အသက်ဆက်ဖို့အတွက်
လှူဒါန်းပြီးတဲ့နောက်...
ကျွန်မအိပ်စက်လဲလျောင်းခဲ့တဲ့ ခုတင်ဟာ
အဆုံးသတ်မှုတစ်ခု ပြုခဲ့တဲ့ နေရာမဟုတ်ဘဲ ရှင်သန်မှုတွေ တွေ့တဲ့နေရာ
ဖြစ်လာပါလိမ့်မယ်။
ကျွန်မရဲ့ မျက်လုံးတွေဟာ
နေရောင်ခြည်ကို တစ်ခါမှမမြင်ဖူးတဲ့-
အပြစ်မဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာကို
မတွေ့ဖူးတဲ့-
လူသားတစ်ဦးရဲ့ မျက်ဝန်းထဲက အချစ်ကို မခံစားဖူးတဲ့
လူတစ်ယောက်ထံမှာ ရှိပြီးတဲ့နောက် -
ကျွန်မရဲ့ နှလုံးကို အစားထိုးရင်း
ယခင်က နေ့စဉ်ခံစားရတဲ့ နာကျင်မှုက လွတ်မြောက်ခဲ့တဲ့
ဝေဒနာရှင်တစ်ယောက်ရှိပြီးတဲ့နောက်-
ကျွန်မရဲ့ ကျောက်ကပ်ကြောင့် စက်ကို
အားကိုးစရာမလိုတော့ဘဲ အသက်ရှင်နိုင်တဲ့ သူတစ်ယောက်ရှိပြီး တဲ့နောက်-
ကျွန်မရဲ့ အသွေးအကြောတွေကို
လေ့လာအသုံးပြုပြီး မသန်စွမ်းတဲ့ ကလေးတစ်ယောက် လမ်းလျှောက်နိုင်အောင်
ဖန်တီးပြီးတဲ့နောက်မှ-
ကျွန်မရဲ့ အသုံးမဝင်တော့တဲ့
အစိတ်အပိုင်းတွေကို ပြာချပြီး လှပတဲ့ ရောင်စုံပန်းတွေအတွက်
ရှင်သန်ဖူးပွင့်ပါစေလား...
တစ်ခုခု မြုပ်နှံရမှ ကျေနပ်မယ်
ဆိုရင်လည်း မြေချသင်္ဂြိုဟ်သင့်တာဟာ ကျွန်မရဲ့ မိုက်မဲမှု၊ အပြစ်တွေ၊
အားနည်းချက်တွေ၊ မာန်မာနတရားတွေသာ
ဖြစ်ပါစေတော့...
ကျွန်မရဲ့ မကောင်းမှု
ကုသိုလ်တွေကိုငရဲမင်းက မှတ်တမ်းပြုထားပြီး ဖြစ်သလို ကျွန်မပြုခဲ့တဲ့
ကောင်းမှုကုသိုလ်တွေကိုလည်း ရှင်တော်မြတ်ဘုရားက သိကြားတော်မူပြီးဖြစ်မှာပါပဲ။
တကယ်လို့များ ကျွန်မကို
အမှတ်ရကြတဲ့အခါမျိုးရှိရင် အဲဒီအချိန်မှာ အနီးအနားက အကူအညီ လိုအပ်နေသူတွေ
စိတ်ချမ်းသာအောင် တစ်ခုခု ဆောင်ရွက်ကူညီပေးလိုက်ပါလားနော်။
ကျွန်မမှာခဲ့တဲ့ ဆန္ဒကိုသာ
ဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်မကို ချစ်ခင်ကြသူများအတွက် ထာဝစဉ် ရှင်သန်နေဦးမှာပါ။
နှစ်ပေါင်းကြာမြင့်စွာ စာရေးထားတဲ့
ကျွန်မရဲ့ မှာတမ်းကတော့ ဒီမျှပါပဲ။
▀
ပတ္တမြားခင်
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။