မောင်သန်းဆွေ ၊ထားဝယ်၊
စာရေးသူ စက်တင်ဘာလက ရန်ကုန်မှာရှိစဉ် ဆရာကျော်သန်းမြင့်(ဗန်းမော်) တစ်ညနေ၌ ရောက်လာပါသည်။ သူ့လက်တွင် ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း မေတ္တာ လက်ဆောင်နှင့် အယ်ဒီတာ ကိုဝင်းငြိမ်းထံမှ 'နိုဝင်ဘာလမှာ ရွှေ (၁၅) နှစ်ပြည့်၊ အထူးထုတ်ဖြစ်လို့ စာမူချီးမြင့်ပါဦး' ဟူသည့် စာတိုကလေး ပါလာသည်။ စာရေးသူသည် နောက်နှစ်ရက်ကြာတွင် မျက်စိခွဲရတော့မည်။ မျက်စိခွဲပြီးလျှင် နှစ်လခန့် စာရေး၊ စာဖတ်နိုင်တော့မည် မဟုတ်ချေ။ ရွှေအမြုတေအထူးထုတ်အတွက် စာမူ ချက်ချင်းရေးပေးမှ ဖြစ်မည်။ သြဂုတ်လ မန္တလေးရောက်စဉ်က အကြောင်းကို 'တောင်သမန်အတွေး' အမည်ဖြင့် ကွန်ပျူတာစီ၍ နောက်တစ်နေ့တွင်ပင် ကျော်သန်းမြင့်(ဗန်းမော်)ကို ပေးလိုက်ပါသည်။
ကျော်သန်းမြင့် (ဗန်းမော်)က စာမူကို
ဖတ်ကြည့်ပြီး...
'စာမူအဆုံးမှာ
နန်းကျပုဂံမင်း၏ ဖြစ်ထွေများကို တွေးကြည့်ရင်း၊ ထိုမင်း၏ ကောင်းမှုများကို
မြင်လာကာ၊ တောင်သမန်မှ ပြန်ခဲ့ပါသည်လို့ ရေးထားတော့ 'ထိုမင်း၏
ကောင်းမှုများဆိုတာ ဘာကိုဆိုလိုပါသလဲ ဆရာ''
'ပုဂံမင်းလှူခဲ့တန်းခဲ့တဲ့
သူ့ကောင်းမှုတော်တွေကို ဆိုလိုတာပေါ့။ တောင်သမန်က ကြည့်ရင်၊ မြင်နေရတဲ့
မဟာသကျရံသီဘုရားကျောင်းရဲ့ ကုသိုလ်ရှင်ဟာ ပုဂံမင်းပဲလေ။
'တောင်သမန်အင်းကို
ဖြတ်ကူးထားတဲ့ ဦးပိန်တံတားလို့ ခေါ်နေကြတဲ့ တံတားကြီးဟာ အမှန်တော့၊ ပုဂံ မင်းရဲ့
ကောင်းမှုတော်ပဲ'
'ဘာဖြစ်လို့လဲဆရာ၊
ဦးပိန်လှူတာ မဟုတ်လား'
'ပုဂံမင်းလက်ထက်မှာ၊
မြို့ဝန်ဘိုင်ဆပ်နဲ့ တပည့်မြို့စာရေး ဦးပိန်တို့က မိုးတွင်းကာလ၊ တောင်သမန် (၁၂)
ရပ်မှာ လူအများ၊ သွားလာရ ခက်ခဲတဲ့ ဒုက္ခတွေမြင်လို့၊ အင်းကိုဖြတ်ပြီး၊
တံတားခင်းဖို့အကြံဖြစ်လာကြသတဲ့။ သူ တို့က တံတားဆောက်လုပ်ဖို့၊ စစ်ကိုင်းနဲ့
အင်းဝမြို့ဟောင်းက၊ နန်းတော်အိမ်တော်များရဲ့၊ တိုင်ဟောင်းကြီးတွေနဲ့
ပျဉ်သားဟောင်းများကို အသုံးပြုပါရစေလို့ လျှောက်တင်ကြတဲ့အခါ၊ ပုဂံမင်းက
နန်းတော်အိမ်တော်များက သစ်သားတွေဟာ ကျေးတော်မျိုး ကျွန်တော်မျိုးတို့
အသုံးမပြုနိုင်။ သာသနိက အဆောက်အအုံ လုပ်ဖို့ မှာလည်း မှူးမတ်တို့
အသုံးပြုနေထိုင်ဖူးပြီးဖြစ်လို့ မသုံးလို။ အလဟဿ ဆွေးမြည့် ပျက်စီးမယ့်
အရေးကိုမြင်တော့ အများကောင်းကျိုးအတွက် တံတားဆောက်ဖို့ ခွင့်ပြုလိုက်တယ်။
ရေမြေ့အရှင်ဆိုတော့ စစ်ကိုင်းနဲ့ အင်းဝနန်းတော်အိမ်တော်က သစ်ဟောင်းတွေကို
ဘုရင်ပဲပိုင်တာလေ။ သူခွင့်ပေးမှ ဦးပိန်က ဆောက်လုပ်ရတာ မဟုတ်လား။ ဒီတော့
ဦးပိန်တံတားလို့ခေါ်နေတဲ့ တောင်သမန်တံတားကြီးဟာ ပုဂံမင်း ကောင်းမှုပဲပေါ့။
ဘိုင်ဆပ်နဲ့ ဦးပိန်တို့ဟာ တံတားကြီး ဆောက်လုပ်ရာမှာ အရှုံး မထွက်ပါဘူး။ နန်းတော်
အိမ်တော်သစ်သားဟောင်းတွေဟာ နည်းတာမှ မဟုတ်ဘဲ။ ဒီတော့ သူတို့အတွက်
ကိုယ်ကျိုးအသုံးပြုလို့ အမြတ်တောင် ထွက်ပါသေးတယ်ဆိုတာ ဒဂုန်ခင်ခင်လေးက
ပြောပြဖူးတယ်။
'တချို့က
ဘိုင်ဆပ်နဲ့ ဦးပိန်တို့ဟာ တောင်သမန်တစ်ဖက်မှာရှိတဲ့ သူတို့ရဲ့ဘက်တော်သားတွေ
မြို့တော်ရှိရာ ကူးလာနိုင်ပြီး၊ ဘုရင်ကို နန်းချဖို့တောင် ကြံစဉ်ထားတယ်ဆိုတဲ့အထိ
ပြောကြရေးကြတယ်။ ဒါကတော့ သူ့အမြင်နဲ့ သူကိုး။ ဟုတ်ချင်မှလည်း ဟုတ်မယ်'
ကျော်သန်းမြင့် (ဗန်းမော်)
ပြန်သွားသည့်အခါ၊ စဉ်းစားရင်းနှင့် ဦးပိန်တံတားအမှတ်အသား မှတ်တမ်းတင်
တေးထပ်တစ်ပုဒ်ကို သတိရမိသည်။
တစ်သုညရှစ်ခြောက်၊
စာရင်းပေါက်တိုင်ခေါ်၊ လေးရှစ်နှစ်ဂဏန်းပေါ်၊ အခန်းနော် မှတ်ဦး၊ ဖောင်ကြောင်းက
နဝင်းကြေတယ်၊ ခင်းပလေကိုးခု အဆုံး၊ သာလာယစာရင်းပြန်ပြီ၊ မငြင်းရန် မှတ်သုံး၊
ဆင်မင်းနံယူကျုံးလို့၊ အားလုံးပမှန်စွာ၊ တောင်သမန် ရေလျှံခ၊ ထိုဒေသ ခင်းကြလေတာ၊
တံတားကြီး ဧရာဟာ၊ ရှည်လျားစွာ ဆောက်ထား၍၊
လျှောက်သွားတဲ့ များသူငါ၊ ငြင်းကြလေတာ၊ သိမှတ်ဖို့ အခြေပါအောင်၊ ရွှေစာကို
မှတ်စမ်းတော့လေး။
ကုန်းဘောင်မင်း (၁၁) ဆက်အနက်၊
နဝမမြောက်ဖြစ်တဲ့ ပုဂံမင်းဟာ ခပ်ညံ့ညံ့မင်းတစ်ပါးပင်ဖြစ်၏။ သူ့ဝါသနာအတိုင်း
တိုင်းရေးပြည်ရာများကို မှူးမတ်များနှင့်သာ လွဲထား၍၊ အပျော်အပါးမှုများဖြစ်တဲ့
တိရစ္ဆာန်ချင်းတိုက်မှု၊ လက်ဝှေ့တိုက်မှုတို့၌သာ စိတ်ပါဝင်စားသည်။ အပျော်အပါး
ဝါသနာ ပါလိုက်ပုံမှာလည်း အတာနှစ်သစ်ကူး ပွဲကိုပင်၊ ရက်ပေါင်း (၄၅) ရက်ကြာ
ကျင်းပစေသည်ဆို၏။ ဘုရင်ကျင်းပသည့်အတိုင်း၊ တိုင်းသူပြည်သားများကလည်း ရက် (၄ဝ)
ကျော် သင်္ကြန်အခါတော်ကို နွှဲကြရသည်။ နံနက်မျက်နှာသစ်တော်ရေ ကျသည်နှင့် 'ယနေ့
မည်သည့်ပွဲတော်များ အရံအသင့်ထားရှိသလဲ' ဟု
မေးတော်မူလေ့ရှိသည် ဆို၏။ လူ၊ နွား၊ ကျွဲ၊ ဆင်မှစ၍ ဆိတ်၊ သိုး၊ ကြက်၊ ငှက်၊
လိပ်တိုင်အောင် ဖက်တွဲပြီး၊ တိုက်ပွဲကျင်းပရန် အစုံပေါင်းမည်မျှရှိပါကြောင်း
ဆိုင်ရာအရာရှိများက တင်လျှောက်ကြရသည်။ သူ့ အတွက် အရေးကြီးသည့် သူ့ဝါသနာ
အချက်ကိုမေးပြီးမှ၊ တိုင်းရေးပြည်ရာများကို မေးသည်ဟူ၏။ 'ညီလာခံ
ထွက်ရန် လိုသေးသလား' ဟုပင် မေးမြန်းတတ်သည်။
ပြည်တွင်းရေးကိစ္စများကို ယောက်ဖတော် မင်းသား ဦးကျောက်လုံးနှင့် အတွင်းဝန်၊
ကျီဝန်ဦးပွားတို့ကသာ ခြယ်လှယ်ကြလေသည်။
ပုဂံမင်းသည် ထိုသို့ အပျော်အပါးဘက်၌
ဝါသနာထုံသော်လည်း၊ သူ၏ နန်းစံသက် (၆) နှစ်မျှအတွင်း ကုသိုလ် ကောင်းမှုများစွာ ပြုခဲ့လေသည်။
ကုန်းဘောင်ဆက်မင်းညံ့တစ်ပါး ဖြစ်သော်လည်း၊ ကုသိုလ်ကောင်းမှု ပြုသည့် အရာတွင်မူ
အချို့မင်းများထက် သာပေသည်။ အမရပူရမြို့တော် အနောက်မျက်နှာ၊ ဗားကရာတိုက်တွင်
ကျောင်းဦးပြာသာဒ်နှင့်တကွ မဟာဝေယံဘုံစံ ကျောင်းတော်ကြီး ဆောက်၍ လှူဒါန်းခဲ့သည်။
သရက်တော မြောက်တိုက်၊ သရက်တောတောင်တိုက်၊ မန်းကျည်းတောတိုက်၊ ဂူကြီးတိုက်၊
ပက်ပါတိုက်များတွင် ဆောက်လုပ် လှူဒါန်းတော်မူသည့် ကျောင်းတော်များမှာ (၂၂)
ကျောင်းပင် ရှိသည်ဆို၏။ စန္ဒာမူနိဘုရား အရှေ့မျက်နှာ၊ မြောက်မျက်နှာ၊
မယ်ဘယက်ကုန်းများတွင် ဆောက်လုပ် လှူဒါန်းတော်မူသည့် ကျောင်းများမှာ (၅)
ကျောင်းရှိသည်။ အသောကရာမတိုက်အတွင်း ကျောင်းရံ (၄) ကျောင်း၊ မဟာရံတံတိုင်း၊
မီးတားနှင့်တကွသော ရတနာပုံသာ ကျောင်းတော်၊ မင်းတဲ မင်္ဂလာအိမ်တော်ရာတွင်
ထောင့်လေးထောင့်စေတီနှင့်တကွ တည်ဆောက်တော်မူသော မဟာလောကရံသီစေတီတော်၊ ရန်ကုန်မြို့
မင်္ဂလာအိမ်တော်ရာတွင် တည်တော်မူသော ဓမ္မရံသီ စေတီတော်၊ မဟာသကျသီဟ
ကြေးဆင်းတုတော်ကို ပင့်ဆောင်၍ အမရပူရမြို့ အနောက် မဟာဝိဇယရံသီစေတီတော်၏ တောင်ဘက်၊
မြေကွက်လပ်တွင် မဟာရံတံတိုင်း၊ မီးတားနှင့်တကွ တည်ထားကိုးကွယ်တော်မူသည့် တန်ဆောင်း
တော်၊ အဝမြို့ လောကသရဖူ စေတီပျက်စီးသည်ကို ရှေ့မျက်နှာရောက် အုတ်ဇရပ်များနှင့်တကွ
ပြင်ဆင်တည် ဆောက်သည့် ကုသိုလ်တော်၊ စစ်ကိုင်း ထူပါရုံစေတီတော်၊ ရှင်ပင်ဆိပ်ပေါက်
စေတီတော်၊ ဆပ်သွားစေတီတော်၊ ရွှေကြက်ယက်တောင်စေတီတော် စသည့် ကုသိုလ်တော်များကို
ပြင်ဆင်ဆောက် လုပ်တည်ထားတော်မူခဲ့သည်။
ပုဂံမင်း ဆောက်လုပ်လှူဒါန်းခဲ့သည့်
ကျောင်းကြီးကျောင်းငယ် အသွယ်သွယ်မှာ အရေအတွက်အားဖြင့် ကျောင်းပေါင်း (၃၃) ကျောင်းပင် ရှိသည်ဟု
ဆိုပါသည်။ လောက၌ ပြုပြု သမျှဒါနအစုစုတွင် သံဃိကကျောင်း အလှူသည် အမြတ်ဆုံး အလှူဟု
ဆိုပါသည်။ အလှူခံပုဂ္ဂိုလ်ကိုလည်း အကျိုးကြီးစေပါသည်။ အလှူပေး ပုဂ္ဂိုလ်ကိုလည်း
ကုသိုလ်တိုးစေပါသည်။ သံဃိကကျောင်းအလှူနှင့် လဲလှယ်သင့် လဲလှယ်ထိုက်သည့်
အခြားပစ္စည်း အလှူလောကမှာ မရှိသည့်အတွက် သံဃိကကျောင်းအလှူသည် အမြတ်ဆုံး
အလှူဖြစ်ပါသည်ဟု ဆိုကြ၏။ ထိုသို့ ကျောင်းအလှူကို အထွတ်အမြတ်ထား၍ ပြောသော်လည်း
ဇရပ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်း၊ လိုဏ်ဂူ၊ မဏ္ဍပ် စသည့် နေထိုင်စရာ၊ ခိုနားစရာ
အဆောက်အအုံမှန်သမျှသည် မည်သည်ကိုပင်လှူလှူ 'ကျောင်းအလှူ' ဆိုသည့်အထဲတွင် အကျုံးဝင်ပါသည်။ မည်သည့် အဆောက်အအုံပင်
လှူလှူကောင်းကျိုးချမ်းသာအားလုံးကို လှူရာ ရောက်သည်ဟု သိထားတော်မူဟန်ရှိသော
ပုဂံမင်းသည် ထို့ကြောင့် ကျောင်းတော်ကြီးများ၊ အရံကျောင်းများ၊ တန်ဆောင်းတော်၊
အုတ်ဇရပ် စသည့် ကုသိုလ်တော်များစွာကို လှူဒါန်းတော် မူသွားသည် ထင်ပါသည်။
မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး
ဦးပိန်တို့ အပြစ်ဒဏ်ခံရပြီးနောက်၊ ၎င်းတို့ လက်ဝယ် စုဆောင်းထားသမျှ စည်းစိမ်ဥစ္စာ
ရတနာရွှေငွေ၊ မြေယာကိုင်းကျွန်းမှစ၍ ရှိရှိသမျှ ပစ္စည်းတို့ကို ထုံးစံနှင့်အညီ
သိမ်းဆည်း၍ ဘုရင့် ဘဏ္ဍာတော်ပြုလိုက်သော်လည်း၊ ထိုပစ္စည်းဥစ္စာတို့သည်
တိုင်းသူပြည်သားတို့၏ ပစ္စည်းများကို မတရား သိမ်းယူထားသည့် ပစ္စည်းများ
ဖြစ်သောကြောင့် ပြည်သူပြည်သားတို့ ကုသိုလ် တရားပွားများစေရန် ရည်သန်လျက်
ပုဂံမင်းတရား၏ ကုသိုလ်တော်ဖြစ်သော ကျောင်းကန်ဘုရားများ တည်ထားပြုပြင်ရာ၌
ထိုပစ္စည်းဥစ္စာများကို ထပ်ဖြည့်အသုံးပြု၍ လှူဒါန်းစေသည်။
ဘုရင်က ဘုရားတည်၊ ကျောင်းဆောက် စသည့်
ကုသိုလ်တော်များကို ပြုတော်မူသဖြင့် မိဖုရားများ၊ မှူးတော် မတ်တော်များ၊
ဘုရင်နှင့်နီးစပ်ရာ အသိုင်းအဝိုင်းများကလည်း ဘုရားတည်၊ ကျောင်းဆောက်လှူဒါန်းခြင်း
အမှုများ ပြုကြလေသည်။ မယ်တော် မိဖုရားခေါင်ကြီး (သာယာဝတီမင်း၏ နန်းမတော်ဘုရား)
ကလည်း ကျောင်းဆောက် လှူဒါန်းသည်။ ပုဂံမင်း၏ မိဖုရားခေါင်ကြီးကလည်း
မင်းအိုကျောင်းတော်ကြီးကို ဒုတိယအကြိမ် ပြုပြင် ဆောက်လုပ် လှူဒါန်းတော်မူသည်။
အလယ်နန်း မိဖုရား၊ စလင်းမြို့စားသည်လည်းကောင်း၊ ပုဂံမင်း၏အထိန်းတော်
တောင်ပြုန်းကြီးမြို့နှင့် ဟင်္သာတ မြို့စားသည်လည်းကောင်း၊ ကျီဝန်၊
အတွင်းဝင်တို့သည်လည်းကောင်း၊ ဘုရင့်ကောင်းမှုတော်စေတီတွင် အရံစေတီများ
တည်ဆောက်ဒါနပြုကြသည့် အပြင်၊ ကျောင်းများလည်း ဆောက်လုပ်လှူဒါန်းကြသည်။ အရီးတော်
ပုသိမ်မင်းသမီး၊ မြောက်ဆောင်တော် မိဖုရား၊ စမ္ပါယ်နဂိုရ်မိဖုရား၊ မကွေး မိဖုရား၊
ကလေးမိဖုရား၊ အင်္ဂပူမိဖုရားတို့ကလည်း ကျောင်းအသီးသီး ဆောက်၍ လှူဒါန်းကြသည်။
တောင်သမန်အင်းစောင်းမှ မဟာဂန္ဓာရုံကျောင်းဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ ဟောကြားတော် မူခဲ့သော ပဋ္ဌာန်းဒေသနာတရားတော်ကြီး တိပ်ခွေတွင် 'တောင်မြို့က
ဘုန်းကြီးတစ်ပါး ရွှေဖြစ်ငွေဖြစ်သတဲ့။ ဒီတော့ ရွှေရှိတဲ့သူက ဘုရားတည်ချင် တာကိုး။
ဘုရားတည်ဖို့ အုတ်သွား ဝယ်တော့ အုတ်မရှိဘူး။ အုတ်ဖုတ်သူ ကလည်း ရွှေတွေရှိနေတော့
အုတ်မဖုတ်တော့ဘူး။ ပန်းရံသွားငှားတော့လည်း ပန်းရံမှာ ရွှေတွေရှိနေတော့ ပန်းရံလုပ်
မစားတော့ဘူး။ ဒါကြောင့် ဒီဥပမာကို ကြည့်ပြီး ပုဂံခေတ်က အရှင်အစ္စဂေါဏ
ရွှေဖြစ်ငွေဖြစ်တယ်ဆိုတာ မယုံလေနဲ့။ ရွှေဖြစ်ငွေဖြစ်နေရင် ဘယ်သူမှ ဘာမှ
လုပ်မစားကြတော့ဘူး။ လယ်သမား စပါးမစိုက်လို့ စားစရာ ဆန်တောင် ရှိတော့မှာ မဟုတ်ဘူး။
'ပုဂံခေတ်ကရော၊
ကုန်းဘောင်ခေတ်အထိ ဘုရင်တွေ၊ မိဖုရားတွေ၊ မှူးကြီးမတ်ကြီးတွေ ဘုရားတည်၊
ကျောင်းဆောက်တယ်ဆိုတာ နောက်ဘဝ ဘုရင်ပြန်ဖြစ်ချင်လို့၊ မိဖုရား ပြန်ဖြစ်ချင်လို့၊
မှူးကြီး မတ်ကြီးပြန် ဖြစ်ချင်လို့၊ မင်းဖြစ်ရပါလို၏၊ မိဖုရား ဖြစ်ရပါလို၏ဆိုတဲ့
ဆုတွေပဲ တောင်းကြတယ်' ဟု ဟောကြားထားသည်ကို နာရဖူးသည်။
မှတ်ချက်။
။ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက 'တောင်မြို့က ဘုန်းကြီးတစ်ပါး
ရွှေဖြစ်ငွေဖြစ်သတဲ့' ဟု ဥပမာသဘော ပြောသော်လည်း၊ ဆရာကြီး
ရွှေပြည်ဦးဘတင်ကမူ အမရပူရမြို့ အရှေ့တောင်ယွန်း၊ တောင်သမန် ရွာအနီး၊
နွားနို့စုရွာကြီး၌ အရှင်နာဂိန္ဒသာရဟုခေါ်သည့် ဘုန်းတော်ကြီးတစ်ပါးသည်
ခတိရနလောဟာမည်သော သံကိုစီမံ၍ အပြီးရောက်သဖြင့် ရွှေဖြစ်၊ ငွေဖြစ်ဖူးသည်ဟု
ပြောသည်ကို ကြားရဖူးပါသည်။
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက မင်း၊
မိဖုရားတို့သည် မင်း စည်းစိမ်၊ မိဖုရားစည်းစိမ်တို့ကို တပ်မက်သဖြင့်
မင်းဖြစ်ရပါလို၏၊ မိဖုရား ဖြစ်ရပါလို၏ဟု ဆုတောင်းကြောင်း ဟောခဲ့သည်။ မင်းစည်းစိမ်၊
မိဖုရား စည်းစိမ်ကို မဆိုထားနှင့် စာရေးသူတို့၏ လက်ရှိဘဝ မကြောင့်မကြ
မတောင့်မတနေရသည့် စည်းစိမ်ချမ်းသာ မျှကိုပင် တပ်မက်သဖြင့်၊ ဘုရားရှိခိုးသည့်အခါ
ဆုတောင်းခြင်း၌-
'ဒီလင်၊ ဒီမယား၊ ဒီသား၊
ဒီသမီးနှင့် အိုအောင်၊ မင်းအောင် ပေါင်းရပါလို၏။ ရပြီးသော စည်းစိမ်ဥစ္စာ
ချမ်းသာတို့သည် မြဲပြီး၊ မရသေးသော စည်းစိမ်ဥစ္စာ ချမ်းသာတို့ကို ရရှိရပါလို၏။'
ဟု အလိုရှိရာ ဘဝတဏှာကို ဆုတောင်းပြီးမှ၊ နောက်ဆုံးတွင် 'နိဗ္ဗာန် မဂ်ဖိုကိုရက်တိုတိုဖြင့် ရောက်ရပါလို၏' ဟု
အဆုံးသတ်ထားတတ်လေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကို အဓိကထား၍
ဆုမတောင်းခဲ့ပေ။
မင်းမိဖုရားတို့သည် မင်းစည်းစိမ်၊
မိဖုရားစည်းစိမ်ကို တပ်မက်သဖြင့် မင်း ဖြစ်ရပါလို၏၊ မိဖုရား ဖြစ်ရပါလို၏ဟု
ဆုတောင်းကြသည်ဆိုသော်လည်း၊ ပုဂံမင်းတရားသည်ကား ဘုရားဆုပန်သူ ဖြစ်သည်ဟု သိရ၏။ သူ၏
အရပ်ရပ် ကုသိုလ်ကောင်းမှုတို့၌ သမ္ဗောဓိဆုကို ရည်သန်၍ လှူဒါန်းကြောင်း တွေ့ရသည်။
မဟာသကျရံသီစေတီကျောက်စာ၌ တံဆိပ်ဝန်မဟာမင်းထင်စည်သူက
'မင်္ဂလာတန်ဆောင်း၊ ထွန်းလင်း
ပြောင်စိမ့်၊ ကုန်းဘောင်အာဒိ၊ ဝံသာကိဖြင့်၊ ခတ္တိယဂိုဏ်း၊ ဦးကိုလှိုင်းသား၊
နန်းတိုင်းမြို့ခ၊ အမရဝယ်၊ စတုတ္တနတ်၊ လောကဓာတ်ကို၊ လျှံပတ်ထွန်းပေါ်၊ ထိုခါရော်၌၊
သမ္ဗေဓိဆု၊ ပြည့်မှုပတ္တနာ၊ ရည်ပန်ထွာလျှက်၊ မဟာသကျရံသီ၊ ရုဌိပါဋ္ဌိ၊
မော်ကွန်းရှိသော၊ ဝိသုဒ္ဓိထွဋ်၊ တုလွှတ်ပရမ၊ မုနိန္ဒကို၊ ရွှေဝမည်သာ၊ မင်းဝံချာမှ၊
မဟာအမရပုရသာခေါင်၊ ပြည်ရန်အောင်သို့၊ ကျင်းဆောင်ပင့်ယူ၊ နန္ဒမူဟု၊ လိုဏ်ဂူသဏ္ဌာန်၊
ဘုန်းတော် ဖန်လျက်၊ ဗိမာန်ကြီးကျယ်၊ ဆန်းတကြယ်တည့်၊ မှတ်ဖွယ်စဉ်ဆက်၊
ကမ္ပည်းထွက်သား၊ သေလက္ခရာ၊ နန်းစဉ်စာကို၊ မဟာမင်းထင်စည်သူ၊ ရွေးယူရောယှက်၊
နည်းစုံဖက်၍၊ ဝဏ္ဏက္ခရာ၊ သဒ္ဒါပုဒ်ဗျည်း၊ ဓာတ်ပစ္စည်းနှင့်၊ တောဒည်းမလွတ်၊
ပရတ်ကရိုဏ်း၊ ထုံးနှိုင်းကျော်စွာ၊ အလင်္ကာဖြင့်၊ မင်္ဂလာပင့်နှိုး၊
စာရင်းထိုးသည်၊ ဘွဲ့ရိုး ကျောက်စာသံပိုင်းတည်း။' ဟု မှတ်တမ်း
တင်ခဲ့ပါသည်။
▀
မောင်သန်းဆွေ
၊ထားဝယ်၊
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။