ရွှေဝတ္ထုရှည် စ/ဆုံး

မြစ်ရေမှာ ကျောက်ဆူးချလို့မရတဲ့ လရောင်ဝတ္ထု

လင်းသော်ဝေ

01 March 2025
မြစ်ရေမှာ ကျောက်ဆူးချလို့မရတဲ့ လရောင်ဝတ္ထု
Share to

၁။       

သစ္စာဝါဒီ အိပ်မက်ဂေဟာ။ နှစ်လက်မ ခြောက်လက်မအရွယ် ပကာသား ပျဉ်ချပ်ပေါ်မှာ သင်္ဘောဆေးအဖြူနဲ့ရေးပြီး ခါးပန်းမှာ ချိတ်ဆွဲထားတဲ့ အိမ်ဆိုလို့ အေးမြသာယာရပ်ကွက်မှာ ကိုတာတီးအိမ် တစ်အိမ်ပဲရှိတယ်။ ကျန်တဲ့အိမ်တွေက အိမ်နာမည် မပြောနဲ့ အိမ်နံပါတ်တောင် ရှိကြတာမဟုတ်ဘူး။ မြေဂရန်တောင် တစ်ရပ်ကွက်လုံး လိုက်ပြီး အပြေးအလွှား ရေတွက်ကြည့်ရင် ဆယ်အိမ်မရှိတဲ့ ကွက်သစ်မှာ အိမ်နာမည်တပ်ပြီး နေတတ်တဲ့သူဆိုတော့ ကိုတာတီးကို ခေတ်ဆန်တယ်ပြောရမလား၊ ဝ မရှိဘဲ ဝိလုပ်တယ် ဆိုရမလားဘဲ သစ္စာဝါဒီ အိမ်ဂေဟာလို့ အမည်ကမ္ပည်းထိုးထားပေမယ့် ကိုတာတီးအိမ်က မြင်သာအောင် သုံးပင် နှစ်ခန်း ထရံကာ သက်ငယ်မိုးတဲကြီး။ ရေတက်ရင် အိမ်ထဲ ရေမဝင်အောင် လေးပေလောက်မြင့်ထားလို့ မြေစိုက် တဲကြီးလို့ ပြောမရတာ။ အဝေးကနေကြည့်ရင် ဝင်းထရံပေါ် တွယ်တက်နေတဲ့ နွယ်တွေကြောင့် အိမ်ခေါင်မိုးပဲ မြင်ရမယ်။ လမ်းပေါ်က ကြည့်ရင် သစ္စာဝါဒီ အိမ်ဂေဟာ ဆိုင်းဘုတ်က ထင်းလို့။ အိမ်ဂေဟာ နာမည်ကို သူ့ရင်ထဲက စိတ်ဓာတ်ကို ဖော်ဆောင်ပြသဖို့ ပေးထားတာလို့ ရှင်းပြတတ်တယ်။

            ဒါပေမယ့် ရပ်ကွက်ထဲက အစအနောက်သန်တဲ့ လူတွေကတော့ ကိုတာတီးကို ကြုံတိုင်းစကြတာ တစ်ခုရှိတယ်။

            'သစ္စာဝါဒီ ကိုတာတီး နေတာကတော့ တဲပုတ်ကြီး'

            ကာလသားတွေ စနောက်ကြတာလည်း နောက်ချင်စရာပေါ့။ ကိုတာတီးက စကားပြောရင် သစ္စာတရား အကြောင်းမပါတာကို မရှိဘူး။ ဝမ်းသွားရင် ဆီးပါလာတတ်သလိုမျိုး သူပြောသမျှ အကြောင်းအရာတိုင်း သစ္စာအကြောင်းနဲ့ လွတ်တာမရှိဘူး။

            'လူဆိုတာ သစ္စာရှိဖို့ အရေးကြီးတယ်။ သစ္စာတည်ဖို့လည်း လိုတယ်။ ရှေးက စာဆိုတောင် ရှိခဲ့တာပဲ။ စကားသစ္စာ၊ မှန်သောအခါ၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြစ်သစ်ပင်၊ ဆေးဖက်ဝင်၏...တဲ့'

            ဒီစကားက ကိုတာတီးရဲ့ လက်သုံးတော်စကား။ ကိုတာတီး ဒီလိုအမြဲတမ်း ပြောဖန်များတော့ ရပ်ကွက်ထဲက လူတွေ၊ အပေါင်းအသင်းတွေ အမြဲကြားနေကျ စကားမို့ မှန်တာပြောပြတာ ဆိုရင်လည်း ရယ်စရာလို့ အောက်မေ့ကြတော့တာ။ ပြီးတော့ ကိုတာတီးကိုလည်း နာမည်ပေးထားကြသေးတယ်။

            သစ္စာဝါဒီ ကိုတာတီး။ တချို့ကျတော့လည်း သစ္စာဝါဒီကြီးလို့ ခေါ်ကြတယ်။ ဘယ်သူတွေ ဘယ်လို သဘောထားထား ကိုတာတီး စကားကို လေးလေးနက်နက် ထောက်ခံ၊ ဂုဏ်ယူတဲ့ သူတစ်ယောက်တော့ ရှိတယ်။ အဲဒီလူက တခြား မဟုတ်ပါဘူး။ သစ္စာဝါဒီ အိမ်ဂေဟာကြီးမှာ ကိုတာတီးနဲ့အတူ စံမြန်းတော်မူတဲ့ ကိုတာတီးရဲ့ ချစ်လှစွာသော ဇနီးသည် ဒေါ်ချန်။

            သူတို့လင်မယား နှစ်ယောက်က ရုပ်ရည်ရူပကာ ချင်းသာ မလိုက်ဖက်တာ။ စိတ်ချင်းကတော့ အဟပ်ညီတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာလည်း အလွန်ကြီး။ အရပ်ထဲက လူတွေကတော့ ပြောကြတယ်။

            'တကယ့် ထမ်းပိုးညီတဲ့ လင်မယားအတွဲတဲ့'

၂။

            လူပုံက အရပ်ရှည်ရှည် ခန္ဓာကိုယ် ပါးချိချိနဲ့ ခေါင်းက မနိုင်သလို ပုရစ်ခေါင်း ပုံစံရှေ့ကို ငိုက်ကျနေတဲ့ ကိုတာတီးနဲ့ သူ့မိန်းမ ဒေါ်ချန်က ထောပတ်ကိတ်နဲ့ မုန့်ပျားသလက်ပဲ။ တခြားစီ။ အသားဖြူဖြူ ဝဝဖိုင့်ဖိုင့် ဒေါ်ချန် အဝေးက လမ်းလျှောက်လာတာ မြင်ရရင် မုန့်လာထုပ်ကြီး လိမ့်လာ သလိုမျိုး ထင်ရတယ်။ သူတို့ လင်မယားပုံစံက ငါးကျည်းခြောက်နဲ့ မုန့်လာထုပ်အဖြူ ဝဝကြီးလို ဖြစ်နေပေမယ့် နှစ်မျိုး ရောချက်စားရင် စားကောင်းသလို အိမ်ထောင်ရေး အခြေအနေ ကောင်းတယ်။

            အသက်လေးဆယ်နီးမှ ဖူးစာကံ ဆုံကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် တွယ်တာ၊ သံယောဇဉ် ရှိကြတာပေါ့။ ဒီထက်ပိုတာက အိမ်ထောင်သက် ငါးနှစ်လောက် ရှိလာပေမယ့် သားသမီး ရတနာ ရှိကြတာ မဟုတ်ဘူး။ ဒေါ်ချန်ကလည်း အသက်အရွယ်က ကလေးရနိုင်ဖို့ ခက်ပြီ။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် ကလေးလို သဘောထားပြီး ပြုစုကြ၊ ကျီစယ်ကြ၊ ချစ်နေကြတာ။

            ကိုတာတီးက လက်သမားဆရာ။ လက်သမား ဆရာ ဆိုပေမယ့် နေ့စားနေ့လိုက် မဟုတ်ဘူး။ ကိုယ်တိုင် ဦးစီးပြီး တပည့်လေး လေးငါးယောက်နဲ့ အလုပ်လုပ်တဲ့ လက်သမားဆရာ။ ဒေါ်ချန်က သီလရှင် လူထွက်။ သူတို့ ဘယ်ပုံဘယ်လို ဖူးစာကံဆုံကြတယ် မသိရဘူး။ ရပ်ကွက်ကလည်း ကွက်သစ်မို့ တစ်အိမ်အကြောင်း တစ်အိမ် ငယ်ပေါင်းကြီးဖော်တွေလို သိတဲ့လူ ရှားတယ်။

            ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ စီးပွားရေး ချောင်လည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြင်နာတဲ့ လင်မယားဆိုတော့ ကိုတာတီးတို့ကို အားကျတဲ့သူတွေလည်း ရှိတယ်။ အားကျမယ်ဆိုလည်း အားကျစရာပေါ့။ ဒေါ်ချန် ရေချိုးဖို့ လမ်းထိပ်ရေတွင်းကို လာရင် ကိုတာတီး လိုက်လာနေကျ။ ကိုတာတီး ဒေါ်ချန် ရေချိုးဖို့ စည်ထဲ ရေဖြည့်ပေးရုံ မကဘူး။ ဒေါ်ချန်ရဲ့ ကိုယ်ပေါ်ကို ရေဆွဲပုံးနဲ့ ငင်ပြီး လောင်းပေးသေးတာ။ ဒေါ်ချန်ကလည်း ပြုံးပြုံးကြီး ရေလောင်းခံရင်း ပြောသေးတယ်။

            'သာဓု...သာဓု... သာဓု'

            ဒေါ်ချန်က ကောင်းလင့်တည်း ပြောတာ ရေဆွဲလောင်းပေးရတဲ့ ကိုတာတီး ခန္ဓာကိုယ်က လေပြင်းပြင်း တိုက်ရင်တောင် မြေကြီးကို ခြေစုံကျားကန်ရပ်ရတဲ့လူဆိုတော့ ဖားနေပြီ။ ဒါမို့ ရပ်ကွက်ထဲက လူကြီးတွေက ပြောကြတာနေမှာ။

            'ညားခါစ လင်မယားတွေထက်တောင် ကဲတာပ မောင်ရာ'

            ကိုတာတီးတို့ လင်မယားနှစ်ယောက်ကို ပြောတယ်ဆိုတာကလည်း အဆိုး မဆိုသာဘူး။ မနက် ဒေါ်ချန် ဈေးသွားရင် ကိုတာတီးက ဈေးတောင်းဆွဲပြီး တကောက်ကောက် လိုက်တယ်။ ကိုတာတီး မနက် အလုပ်သွားပြီဆို ဒေါ်ချန်က လမ်းထိပ်ထိ လိုက်ပို့တယ်။ ညနေစောင်းဆို သနပ်ခါး အဖွေးသားလူးပြီး ထွက်ကြိုတယ်။ ညပိုင်း ထမင်းစားပြီးပြီ ဆိုရင်လည်း နှစ်ယောက်သား လက်ချင်းချိတ်ပြီး လမ်းလျှောက်ကြတယ်။

            ရပ်ကွက်ထဲကလူတွေက ကြီးတောင့်ကြီးမားနဲ့ ဒီလိုမျိုးနေတာတွေ့တော့ စကြတယ်။ ဘယ်လိုစသလဲဆိုရင် အရင်က ကိုတာတီးတို့နဲ့ အိမ်ခန်းကပ် အတူငှားနေဖူးတဲ့ ဘိုသံပြောစကားကို ချဲ့ပြီး စကြတာ။

            'ကိုတာတီး ခင်ဗျား ဒေါ်ချန်ကို အရင်ကလို ပူဆာသေးလား'

            'ကိုတာတီးက ဘယ်လို ပူဆာခဲ့တာလဲ'

            ဘေးက လူတစ်ယောက်ယောက်က ဝင်ထောက်လိုက်ရင် ကိုတာတီး မျက်နှာပျက်ပြီ။ ကိုတာတီးက လူပျိုကြီးဘဝထိ ဂေါ်မစွံခဲ့သူဆိုတော့ မိန်းမတွေ ခရာ ညုတုတုစကားသံ အရမ်း ကြားချင်တာ။ အချွဲခံချင်တာ။ ဒေါ်ချန်နဲ့ ညားတော့ ခရာညုတုတုလေးတွေ ပြောခိုင်းတယ်။ ခက်တာက ဒေါ်ချန်မှာ ငယ်ကတည်းက သီလရှင်ဝတ်ခဲ့သူဆိုတော့ ဒီလိုမျိုး မပြောတတ်၊ မဆို တတ်ရှာဘူး။ ကိုတာတီး အရမ်းပူဆာတော့ နောက်ဆုံး သူတတ်သလို ချွဲပြရှာတယ်။

            'မိန်းမ မင်းကို ကျုပ် ရေချိုးရင် ရေပုံးနဲ့လောင်းပေးတာ သဘောကျလား။ ကျေးဇူးမတင်ဘူးလားဟာ'

            'ကျေးဇူးတင်ပါ့တော်၊ သာဓုနော်၊ သာ...ဓု... သာ...ဓု'

            ဒေါ်ချန်က သူ့ဝသီ အတိုင်း အသံလေးဆွဲချွဲတာက ကိုတာတီးတော့ မသိဘူး။ ဘေးအခန်းကနေ ကြားရတဲ့ ဘိုသံတို့မိသားစု အားလုံး ဝါးခနဲ ရယ်ကြတယ်။ ပြောပြတယ်။ ဒါ ကြောင့်လည်း ကိုတာတီး မျက်နှာပျက်တာ။

            ပြောစရာရှိသေးတာက ဒေါ်ချန်ကလည်း သူ့ ယောကျ်ား သစ္စာဝါဒီ ကိုတာတီးဆိုပြီး နာမည်ရှေ့ ဂုဏ်ပုဒ်ရှိသလို သူ့မှာလည်း ရှိတယ်။ သူ့ရဲ့ဂုဏ်ပုဒ်က ခပ်ဆန်းဆန်းရယ်။

            မမှန်ရင် လက်မခံ ဒေါ်ချန်။

            ဒေါ်ချန်က ရိုးတယ်။ အဖြူထည်ကြီး။ အရိုးခံမှာ ငယ်ကတည်းက သင်ကြားလိုက်နာ နေထိုင်ခဲ့တဲ့အတိုင်း မမှန်တာ၊ မတရားတာ မပြောဘူး။ မလုပ်ဘူး။ သူ့ အပေါ်လာပြော၊ လာလုပ်ရင် လည်း လက်မခံဘူး။ လှေထိုးကြီး ရိုးရိုးတုံ့ပြန်တတ်တယ်။

            တစ်ခါက ရပ်ကွက်ထဲကို ဗေဒင်ဆရာတစ်ယောက် ဗေဒင်လာဟောတယ်။ ဗေဒင်၊ လက္ခဏာအတပ်ဟော ဆရာစောနဒီဆိုတဲ့ ပုဂ္ဂိုလ်။ မယုံကြည်ရင် လာမမေးပါနဲ့။ မမှန်ပါက ငွေနှစ်ဆပြန်ပေးမယ် စတဲ့စကားတွေ အဟိတ်အဟန့် ကောင်းကောင်းနဲ့ပြောတယ်။ ပြော သာပြောတာပါ။ အပြောကောင်းတာကလွဲလို့ ပညာမတောက်တစ်ခေါက် ဗေဒင် ဆရာမှန်း ရပ်ကွက်ထဲက မိန်းမတွေ သိပြီးသား။ ဒါပေမယ့် ဟောခကလည်းများတာ မဟုတ်ဘူး။ မှန်လို မှန်ငြား ဆိုပြီး မေးကြတာ။ တချို့ကျတော့လည်း ဗေဒင်ဆရာဆိုရင် လက်ဝါးလေး ဖြန့်လိုက်ရမှ ကျေနပ်ကြတာမလား။ ပျော်စေ၊ ပြက်စေ၊ အပျင်းပြေ ဆိုပြီး မေးတဲ့သူတွေလည်း ပါတယ်။

            ဒေါ်ချန်က ဘေးအိမ်က မိန်းမတွေ အဆွယ်ကောင်းတာနဲ့ နေ့လယ်တစ်ယောက်တည်း ပျင်းနေတာနဲ့ ပါသွားတယ်။ ဗေဒင်ဆရာက ကြည့်ကျက်ပြီး ဟောတာ။ မေးတဲ့သူတွေကလည်း လူမှုရေးတွေ ဘာညာတွေကြောင့် မှန်လိုက်တာပေါ့။ အားနာပြီး မပြောကြတာ။ မမှန်လည်း မှန်လိုက်တာ ဆရာရယ် လုပ်ကြတာ။

            ဒေါ်ချန်လည်း ရောက်တဲ့အတူ မထူးပါဘူးဆိုပြီး ဝင်မေးတယ်။

            လူ့သဘော၊ လူ့ သဘာဝတွေကို သိပ်ပြီး အကျွမ်းတဝင် မရှိခဲ့တဲ့ ဒေါ်ချန်ကို ဗေဒင်ဆရာ ဟောတာ တော်တော်များများက လွဲနေတာချည်း။ ဗေဒင်ဆရာက တစ်ခုဟောတယ်။ မမှန်တော့ မမှန်တဲ့အတိုင်း မဟုတ်ဘူး ဒေါ်ချန်က ငြင်းတယ်။ ဘေးက မိန်းမတွေ ခြေကုတ်ပြီး သတိပေးတာ လည်း မရဘူး။ ပေါင်ဆိတ်ပြီး အချက်ပြတာလည်း မရဘူး။

            ဗေဒင်ဆရာလည်း မျက်နှာပျက်နေပြီ။ ဘေးက လူတွေကလည်း ဗေဒင်ဆရာကို အားနာနေကြပြီ။ ဒါပေမယ့် ဒေါ်ချန်က မမှန်ရင် လက်မခံဘူး။ မဟုတ်ပါဘူး။ မှားနေတယ် ငြင်းတာ။ နောက်ဆုံးတော့ ဗေဒင်ဆရာ အရှက်တကွဲ မဖြစ်ခင် အမြန် လစ်ပြေးသွားရတယ်။

            ဒါတောင် ဒေါ်ချန်က မမှန်တာပြောလို့ ပိုက်ဆံ နှစ်ဆတောင်းမယ် လုပ်သေးတယ်။ ဘေးက လူတွေ ဝိုင်းတားလို့။ နို့မို့ဆိုရင် တကယ်ကို ပြောမှာသေချာတယ်။

            'ပြောတဲ့ကတိစကား ဆိုတာ တည်ရတယ်။ မြဲရတယ်ဟဲ့။ စကားတွေ မတည်လို့ ဒီလိုလူတွေ သစ္စာမရှိလို့ လောကကြီး ပျက်နေတာ။ မှန်တာပြောပြီး သစ္စာဆိုရင် သေတဲ့လူတောင် သုဝဏ္ဏသာမ ဇာတ်တော်ထဲမှာ ပြန်ရှင်လာတာ ကြည့်ကြပါတော်'

            သူ့ယောကျ်ား သစ္စာဝါဒီ ကိုတာတီးလေအတိုင်း ပြောသေးတယ်။ ဒါကြောင့်မို့ ရပ်ကွက်ထဲမှာ ဒေါ်ချန်ကို မမှန်ရင် လက်မခံ ဒေါ်ချန်လို့ ခေါ်ကြတာ။ ဒီလိုမျိုး ခေါ်တာကိုလည်း သဘောကျပုံ ပေါက်တယ်။ မမှန်ရင် ဒေါ်ချန်ဆိုတဲ့အတိုင်း ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘူး။ အားမနာတတ်ဘူး။ မမှန်တာ ပြောလို့ကတော့ စိတ်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းကြီး ပြောတတ်တာဆိုတော့ လန့်ကြ တယ်။

            မမှန်ရင် လက်မခံ ဒေါ်ချန်ရဲ့ယောကျ်ား သစ္စာဝါဒီ ကိုတာတီးကလည်း သူ့မိန်းမနဲ့ အတူတူပဲ။ သူ့ရဲ့ သစ္စာဝါဒီစကားလုံးတွေကို လန့်ကြတယ်။ သစ္စာဝါဒီ ကိုတာတီးက စကားပြောပြီ ဆိုရင် လူရိုးလူဖြောင့်ကြီးပီပီ သူယုံကြည်ရာကို ကျိန်ဆိုပြီး ပြောတတ်တယ်။

            ဒီလို မှန်တာကို ကျိန်တွယ်ပြောလို့ ပြဿနာတစ်ခု တက်ခဲ့သေးတယ်။ ဇာတ်လမ်း ဖြစ်ခဲ့သေးတယ်။

            စပြီး ဖြစ်တာက တစ်ပတ်တစ်ခါ ဥပုသ်တော်အသင်း ဆွမ်းဆန်အလှူခံက အပြန် လက်ဖက်ရည်ဆိုင်မှာ ဖြစ်တာ။ ဘယ်အကြောင်းအရာတွေက စတယ် မဆိုနိုင်ဘူး။ ဇာတ်ရှိန် မြင့်လာတာကတော့ ရပ်ကွက် ဆယ်အိမ်ခေါင်း ကိုဖိုးတိုးပြောတဲ့ စကားကစတာ။ ကိုဖိုးတိုး က အခုခေတ် ယောကျ်ားတွေမှာ အရက်မသောက်ဖူးတဲ့လူ မရှိဘူး။ ယောကျ်ား မှန်ရင် လူပျိုအရွယ်ကတည်းက ဖြစ်ဖြစ်၊ လူကြီးဖြစ်မှဖြစ်ဖြစ် ပျော်ချင်လို့၊ စိတ်ညစ်လို့၊ ကြိုက်လို့၊ ဆေးဝါး အနေနဲ့ စတယ်ဖြင့်ပေါ့လေ တစ်ကြိမ်၊ နှစ်ကြိမ်တော့ သောက်ဖူးကြတယ် ပြောတယ်။

            ကိုဖိုးတိုးစကားကို သစ္စာဝါဒီကိုတာတီးက လက်မခံဘူး။

            'ဖိုးတိုး စကားဆိုတာ ကြည့်ပြောရတယ်။ အရက် မသောက်ဖူးတဲ့လူတွေ အများကြီး ရှိတယ်ကွ။ သေတဲ့အထိ လျှာဖျားပေါ် အရက်စက် မတင်ဖူးတဲ့လူတွေ အများကြီးပါကွာ'

            သစ္စာဝါဒီ ကိုတာတီးရဲ့ စကားကိုလည်း ကိုဖိုးတိုးက လက်မခံဘူး။ ဒီလောက် အရက် တံဆိပ်မျိုးစုံ၊ အရက်မျိုးစုံ ပေါများနေတဲ့ခေတ်ကြီးမှာ ယောကျ်ားမှန်ရင် သောက်ဖူးမယ်ပေါ့။ သစ္စာဝါဒီ ကိုတာတီးက အမှန်တကယ်ကို ငယ်ကတည်းက အရက်နံ့တောင် မရှူခဲ့ဖူးဘူး။ လေးဆယ်ကျော် ငါးဆယ်နားထိ ဝေရာမဏိ လုပ်ခဲ့သူဆိုတော့ ပြဿနာတက်တာပေါ့။

            'မသောက်ဖူးတဲ့လူ မရှိဘူး မပြောနဲ့မောင်ရာ။ ငါဆို အသက်ငါးဆယ် ပြည့်ခါနီးပြီ။ တစ်ခါမှ မသောက်ဖူးဘူးကွ'

            'ဟာ...ခင်ဗျားကလည်း ခင်ဗျားနဲ့ကျွန်တော်က ငယ်ကတည်းက အတူပေါင်း ကြီးခဲ့တာမှ မဟုတ်ဘဲ။ ခင်ဗျားလို ပြောမယ်ဆိုရင်တော့ ရတာပေါ့။ တစ်ခါမှ မသောက်ဖူးဘူးဆိုတာ ဘယ်လိုသက်သေပြမလဲ'

            ကိုဖိုးတိုးက ပြောတော့ ရပ်ကွက်ထဲက လူငယ်တချို့က သစ္စာဝါဒီ ကိုတာတီးကို ဝိုင်းပြီး အချွန်နဲ့ မကြတယ်။ သူတို့ နားကြားပြင်းကတ်အောင် ကြားခဲ့ရတဲ့ သစ္စာစကားဆိုသာကြီး ချွတ်ဖို့ အကွက်ဝင်ပြီ မှတ်ကြတယ်။

            'ဦးလေးတာတီး သစ္စာဆိုပြလိုက်လေ။ ဦးလေး အမြဲပြောနေကျ မှန်ကန်တဲ့ စကားဆိုရင် သေခါနီးလူတောင် ပြန်ရှင်တယ်ဆို။ နွယ်ပင်သစ်ပင်တွေတောင် ဆေးဖက်ဝင်တယ်ဆို။ အရက်တစ်ခါမှ မသောက်ဖူးမှန်ရင် ရှေ့မှာရှိတဲ့ သစ်ပင် နွမ်းသွား ညှိုးသွားပါစေ ဆိုပြီး သစ္စာဆိုပြလိုက်လေ'

            တစ်ယောက် တစ်ပေါက် ဝိုင်းပြောကြတဲ့စကားတွေထဲမှာ သစ္စာဝါဒီ ကိုတာတီးရဲ့ မျက်နှာကြီး ညိုမည်းပုပ်လျော့လို့။ ဒါ သူ့ကို သက်သက်ချောက်ချတာ ဆိုတာလည်း သိတယ်။ သူတို့ပြောတဲ့အတိုင်း ကိုယ်ပြောခဲ့တယ် ဆိုတာလည်း မှတ်မိတယ်။

            ဒါပေမယ့် သစ္စာဆိုပြဖို့ကျတော့ ခက်နေတယ်။ ဘယ်လို ပြန်ပြောရမလဲလည်း မသိဘူး။ မှန်ကန်တဲ့အရာကို တည်ပြီး သစ္စာစကားဆိုတာ မှန်ပေမယ့် အခုခေတ်ကာလမှာ ဆိုချင်တိုင်းဆို၊ ပြောချင်တိုင်းပြောလို့မှ မရတာလည်း သိတယ်။ စိမ်းစိမ်းလန်းလန်း ငွားစွင့်နေတဲ့ သစ်ပင် ညှိုးကျ သွားအောင်ဆိုရင် ရေနွေးပူနဲ့ လောင်းချမှ ဖြစ်မယ်။ သစ္စာဝါဒီ ကိုတာတီးဆိုပြီး နာမည်ရှေ့ တပ်ခေါ်ရလောက်အောင် အမြဲတမ်း ပြောခဲ့သူဆိုတော့။

            သစ္စာဝါဒီ ကိုတာတီး လည်လိမ်ထားတဲ့ ကြက်ဖကြီးလို ခေါင်းငိုက်စိုက်နဲ့ ဘာမှ ပြန်မပြောနိုင်ဘူး။ ညိုတဲ့မျက်နှာက အသားအရေဆို ရှက်သွေးဖြာပြီး ညိုပုပ်ပုပ်ကြီး။ စိတ်ထဲမှာ ဘယ်လောက်ထိ မခံချိမခံသာ ဖြစ်နေတယ်ဆိုတာ အံကြိတ်ပြီး ကျောက်ဆစ်ရုပ်လို ဖြစ်နေတဲ့ မျက်နှာကို ကြည့်တာနဲ့ သိသာတယ်။

            ကိုတာတီး ဖြစ်ပျက်နေပုံကို ကြည့်ပြီး တချို့လူတွေက ထပ်ပြီး စကြတယ်။

            'လုပ်ပါဗျ။ တစ်ခါမှ အရက်မသောက်ဖူးတာ မှန်ရင် ရှေ့မှာရှိတဲ့ မြက်တွေ ခြောက်သွားပါစေဆိုပြီး သစ္စာဆိုပြစမ်းပါ။ ခင်ဗျား ပြောပြောနေတဲ့ သစ္စာတည်တာ မှန်ရင် ဖြစ်တယ်ဆိုတာ လက်တွေ့ကြုံဖူး မှတ်ရအောင် လုပ်ပြစမ်းပါ'

            အသားတွေ တဆတ်ဆတ်တုန်၊ လက်ဖျံက အကြောတွေ ထောင်ထအောင် သစ္စာဝါဒီ ကိုတာတီး ခံစားပြီး ပြောတဲ့ စကားသံ ထွက်လာတယ်။

            'အေး...သစ္စာတော့ မဆိုပြနိုင်ဘူး။ ဒါပေမယ့် ငါ ကျိန်ပြမယ်။ ငါ တစ်ခါမှ အရက်မသောက်ဘူးဆိုရင် ငါ...'

            သစ္စာဝါဒီ ကိုတာတီး စကားကို ဆက်မပြောသေးဘူး။ လက်ဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့လူတွေ အားလုံးမျက်နှာကို သေချာစိုက်ကြည့်တယ်။ သူ ဆက်ပြောပြမယ့် စကားက သူ့ဘဝတစ်လျှောက်နဲ့ ပတ်သက်မယ့် စကားမို့ စိတ်ဝင်စားကြတယ်။ သစ္စာဝါဒီကိုတာတီး သူ့ရဲ့ဂုဏ်သိက္ခာ မာန်မာနကို ဆယ်ယူကောက်တင်ဖို့ ပြန်ကြိုးစားတဲ့ စကား။ ရိုင်းစိုင်းကြမ်းရှတဲ့ ခံစားမှုထဲက အကောင်းဆုံး ကျင်ယူပြီး ပြောလိုက်တဲ့ စကားကို ကြားရတော့ အားလုံး အံ့သြသွားကြတယ်။

            'ငါ ဒီအသက်အရွယ်ထိ အရက်မသောက်ဖူးရင် ဒီနှစ် သင်္ကြန်ပြိုင်ပွဲမှာ ဆုရပါစေ'

            သစ္စာဝါဒီ ကိုတာတီးရဲ့ စကားကို ကြားရတော့ ဆိုင်ထဲမှာရှိတဲ့ လူအားလုံး သုတ်သုတ်ရက်ရက် ဖြစ်သွားကြတယ်။ ဒါက တခြားကြောင့် မဟုတ်ဘူး။ ကိုတာတီးရဲ့ မာကျောခိုင်ကြည်တဲ့ လေသံနဲ့ ပြောလိုက်တဲ့ စကားကြောင့် တချို့က ပြုံးတဲ့သူ ပြုံးတယ်။ မဲ့ပြီး ရယ်ချင်စိတ် ထိန်းတဲ့လူက ထိန်းတယ်။ စကားတစ်ခွန်းက မျက်နှာ အနေအထား အမျိုးမျိုး ဖြစ် သွားစေတယ်။

            'သစ္စာဝါဒီ ကိုတာတီးကတော့ ထပ်ကွဲဦးမယ်'

            ဒီလိုမျိုး ကြားရတဲ့ လူတွေ တွေးမိကြတာ များတယ်။ သစ္စာဝါဒီ ကိုတာတီးက အတီးအမှုတ် ဝါသနာပါတာ မှန်တယ်။ ဝါသနာပါတဲ့အတိုင်း အထိုက်အလျောက် တီးတတ်၊ မှုတ်တတ်တာလည်း မှန်တယ်။ ရပ်ကွက်ပေါင်းစုံ သင်္ကြန်ဆိုကရေးတီး ပြိုင်ပွဲလုပ်ပြီဆို ရပ်ကွက်ကိုယ်စားပြု အသင်း ဦးစီးဦးဆောင်တာလည်း မှန်တယ်။ တစ်ခါမှ ဆုရတယ်ဆိုတာ မရှိဖူးတာလည်း မှန်တယ်။ မရတာမှ နှစ်သိမ့်ဆုလေးတောင် မရဖူးတာ။ အနူတော လူချောလုပ်သလိုမျိုး သစ္စာဝါဒီ ကိုတာတီးကို တီးတတ်မှုတ်တတ်ဆိုတော့ ခေါင်းဆောင်တင်ခဲ့ကြရတာ။ ရပ်ကွက်ထဲက လူတော်တော်များများက တစ်နေ့လုပ် တစ်နေ့စား ဘဝသမားတွေများတယ်။ လေတောင် စနစ်တကျ ချွန်တတ်တဲ့လူ နည်းတယ်။

            အေးမြသာယာ ရပ်ကွက် သင်္ကြန်ယိမ်းအဖွဲ့ အရေး၊ အတီး၊ အဆိုအနေနဲ့ ဆုရဖို့ နေနေသာသာ ရုပ်ပျက် ဆင်းပျက် မဖြစ်အောင် အပြောအဆို လွတ်အောင်ကို မနည်းကြိုးစားရတာ။ မြို့ထဲ က မြို့မ၊ မင်းရပ်၊ သီတာ၊ ဧရာ စတဲ့ သူဌေးတွေ အနေများတဲ့ ရပ်ကွက်တွေလို ငွေကြေးလည်း တောင့်တာမဟုတ်ဘူး။ တီးတတ် မှုတ်တတ်သူလည်း ကျွမ်းကျွမ်း ကျင်ကျင်ပါကြတာ မဟုတ်ဘူး။

            အခုကျတော့ သစ္စာဝါဒီ ကိုတာတီးပြောတဲ့စကား (ထားပါတော့) သူ့ဘဝ၊ သူ့မာနအနေနဲ့ ကျိန်တွယ်ပြီး သစ္စာဆိုပြတဲ့ စကားက နို့ဆီ ဘူးခွံအဟောင်းကို မီးထွန်းဖို့ ခွက်လုပ်တတ်တဲ့ နည်းပညာ နဲ့ ဂြိုဟ်တုဆောက်ပြီး လကမ္ဘာ တက်မှာလို ဖြစ်နေတယ်။

            ချင့်ချင့်ချိန်ချိန် တွေးတတ်ပြောတတ်တဲ့ ဦးဆွေလင်းကတော့ ပြောပါတယ်။

            'ကိုတာတီး ဟုတ်မှလည်း လုပ်ပါဟ။ ကြမ်းကျွံရင် နုတ်လို့ရတယ်။ စကားကျွံရင် နုတ်လို့ရတာ မဟုတ်ဘူး'

            ဘယ်သူ ဘယ်လိုပဲပြောပြော မျက်နှာမှာ တင်းမာနေတဲ့ မာနအရောင်တွေ သစ္စာဝါဒီကိုတာတီး မျက်နှာက လျော့မသွားဘူး။ လေသံပြင်းပြင်းနဲ့ ထပ်ပြောတယ်။

            'ဒီနှစ်သင်္ကြန်မှာ ဆုမရရင် ကျုပ် ခင်ဗျားတို့ အရက်မသောက်ဖူးဘူး ဆိုတာ ညာပြော လိမ်ပြောတယ်လို့မှတ်၊ ကြိုက်သလိုပြောဗျာ ခံမယ်။ သစ္စာစကား ဆိုပြလို့ မရပေမယ့် သစ္စာတရားက မိုးပေါ်က လမင်းလို ရှိနေတယ်ဆိုတာ မှတ်ထားစမ်းပါ'

            လက်ဖက်ရည်ဆိုင်ထဲကနေ မကျေမနပ်နဲ့ ထွက်သွားတဲ့ သစ္စာဝါဒီကိုတာတီး ကြည့်ရင်း တချို့က ပွဲကြီးပွဲကောင်း တွေ့ရဦးမယ် မျှော်ကြတယ်။ တချို့က တစ်ယောက်နဲ့တစ်ယောက် လောင်းကြေးထပ်လို့။ ဆယ်လေးသုံးလေးတဲ့။ ဒါတောင် သစ္စာဝါဒီကိုတာတီး ဘက်ကနေမယ့်သူ တစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။

            အကြောင်းသိ အစင်းသိတွေဆိုတော့ လူ့သဘာဝအတိုင်း နိုင်လောက်တဲ့ဘက်က နေချင်ကြတာပေါ့။

၃။

            သစ္စာဝါဒီ ကိုတာတီးက သူ့တစ်သက်လုံး အရက်လျှာဖျားပေါ် မတင်ဖူးတဲ့ သစ္စာတရားကို အတော့် အားကိုးပုံ ပေါ်တယ်။ သူတကယ် မသောက်ဖူးတာ သူ အသိဆုံး။ ဒါပေမယ့် မှန်တာက လပေါ်မှာ ရေမရှိ ဘူးတာလောက် မှန်ပါစေ။ ဒီအတိုင်းတော့ ဆုမရနိုင်ဘူး ဆိုတာလည်း သူ သိပုံရ တယ်။

            ဒါကြောင့် အတီးအမှုတ်ပိုင်းကိုလည်း ကြိုးစားတယ်။ တဂွီဂွီ တတော်တော်တော်နဲ့ သစ္စာဝါဒီ အိမ်ဂေဟာကြီး ညံစည်လို့။ သစ္စာဝါဒီ ကိုတာတီးက ဂီတဝါသနာပါပေမယ့် သေသေချာချာ ဆရာနဲ့သမားနဲ့ သင်ကြားခံယူခဲ့သူတော့ ဟုတ်ပုံမရဘူး။ ဟိုစမ်း ဒီတီး နဲ့ တတ်လာပုံရတယ်။ ဒါပေမယ့် သစ္စာဝါဒီ ကိုတာတီး ကြိုးစားတယ်။ အချိန်နဲ့အမျှ တတ်ကျွမ်းနားလည်သူတွေ သူ့ရဲ့ သူ့ရဲ့ သစ္စာဝါဒီအိမ်ဂေဟာကို ပင့်ဖိတ်ထားတာ တရုန်းရုန်း ဟီးထနေတယ်။

            ငွေကြေး အဆင်ပြေတော့ လာသမျှလူတွေ ကောင်းကောင်းဧည့်ခံတယ်။ အကြံပေး၊ ခံစား၊ ကျွေးသမျှကို အဝစားကြတဲ့သူတွေ ပြည့်လို့။ သူနဲ့ကြုံတဲ့လူတိုင်းကိုလည်း သူ ရေးစပ်နေတဲ့ သီချင်းအကြောင်းပြောတာ ပါးစပ်က စကားလုံးရေပန်း ပန်းထွက်နေတာကျနေတာပဲ။

            စိမ်းသစ်မာန် ဝင့်လာတဲ့ ပိတောက်တွေနဲ့ တူးပို့တူးပို့ အသံတွေက တဖြည်းဖြည်း ကျယ်လာတယ်။ သစ္စာဝါဒီ ကိုတာတီးရဲ့ သီချင်းကလည်း ပြီးသလောက် ရှိနေပြီ။ မဟုတ်ရင် လက်မခံ ဒေါ်ချန် ပြောပြတဲ့စကားက ရပ်ကွက်ထဲ ပျံ့လာပြီ။

            'အဓိဋ္ဌာန် ရက်လေးဆယ်ဝင်ပြီး သက်သက်လွတ်စား၊ ကျုပ်ယောကျ်ား ရေးထားတာ ပြီးပြီတော်'

            သစ္စာဝါဒီ ကိုတာတီး ရေးတဲ့သီချင်းက နားလည်တဲ့သူတွေ ကြားရတဲ့အတိုင်း ပြောကြတာ ကောင်းတယ်တဲ့။

            'ကျုပ် နားထောင်ခဲ့ရတာတော့ ကောင်းချက်တော်၊ ရွာတုန်းက ဘုန်းကြီးပျံပွဲမှာ ဧယဉ်ကျူးတုန်းက ဆိုခဲ့တဲ့ သီချင်းကျနေတာပဲ'

            ညွှန်းပုံက လွဲပေမယ့် သစ္စာဝါဒီ ကိုတာတီး သီချင်းက ကောင်းပုံတော့ ပေါ်တယ်။ သူတစ်ယောက်တည်းရဲ့ လက်ရာတော့ မဟုတ်ဘူး။ စုပေါင်း စပ်ပေါင်းတွေနဲ့ ဖြတ်ညှပ်ကပ် လုပ်ထားတာလည်း ပါတယ်။ ပညာသည်တွေရဲ့ အကြံပေး မွမ်းမံမှုတွေလည်းပါတယ်။ သီချင်းဆိုမယ့် လူကလည်း ဟိုးတုန်းက နာမည်ဟိုးဟိုးကြီး အဆိုတော် မဟုတ်ပေမယ့် ဓာတ်ပြားရဖူးသူ။ ပိတောက် မွှေးမွှေး ရေဖွေးဖွေးသင်္ကြန်ဆိုတဲ့ သူ့သီချင်းက ရေသဘင်ဒိုး၊ အမြူးအသွက် ဝါးပြေးနဲ့ ဝါးလတ်စိတ် အမြူးအသွက်လေးနဲ့ တည်ဆောက်ထားတာ ဆိုတော့ တီးရဆိုရ ကောင်းတဲ့ပုံစံမျိုး။

            အရင်က သစ္စာဝါဒီ ကိုတာတီးကို စနောက်ခဲ့တဲ့ သူတွေတောင် အိမ်မှာ သီချင်းနားထောင်ပြီး အပြန်ချိန်ကျရင် ပိတောက်မွှေးမွှေး ရေဖွေးဖွေးနဲ့ ပျော်စရာ သင်္ကြန်ဆိုတဲ့စာသားကို ဆိုပြီး ပြန်ကြတာဆိုတော့ ရပ်ကွက်ထဲမှာတော့ အောင်မြင်ပြီ ဆိုရမှာပေါ့။

            သစ္စာဝါဒီ ကိုတာတီးက သူ့ဂုဏ်သိက္ခာနဲ့ ရင်းထားရတဲ့ သီချင်းဆိုတော့ တီးမယ့်လူတွေကို တတ်ကျွမ်းတဲ့ သူတွေ ချီကောက်ခေါ်တီးတာ။ အချိန်ယူထားလို့ သီချင်းက ကောင်းပြီ။ ရပ်ကွက် ထဲက လူတွေကလည်း ဂီတကို ဟုတ်တိပတ်တိ နားမလည်ပေမယ့် ကြားနေဆိုတော့ နားယဉ်ပြီး ချီးကျူး ပြောလာပြီ။

            ပြောတာကလည်း ကိုတာတီးအဖို့ ခံရခက်ကြီး ပုံစံမျိုးပြောတာ။

            'သစ္စာဝါဒီကြီး ကျောက်ခဲရေပေါ်တော့မှာဟ'

            ဘယ်လိုဖြစ်ဖြစ် ဒီလို စကားကြားရတာကိုပဲ ကြက်ရင်အုပ်သာသာ ရင်ဘတ်ကလေး ကော့ပြီး ကိုတာတီး ခေါင်းမော့လာတယ်။ ငါးခြောက်ဖုတ်အဝစား၊ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် စိတ်ကြိုက်စား၊ ဆေးပေါ့လိပ် အစီးလိပ်သောက်ရတဲ့ ပရိသတ်တွေရဲ့ ချီးကျူးစကားက သစ္စာဝါဒီ ကိုတာတီးရဲ့ ခြေထောက်မှာ ခဲဆွဲထားရ မလိုမျိုး။

            'ကိုတာတီး ခင်ဗျားသီချင်းကို ပြိုင်ပွဲမဝင်ခင် လေ့ကျင့်တဲ့အနေနဲ့ကော ကိုယ့်ရပ်ကွက်သားတွေကို ကြိုတင်ခံစားဖို့ နားထောင်ခိုင်းတဲ့အနေနဲ့ ဧည့်ခံတီးပြ သင့်တယ်'

            ရပ်ကွက်ထဲက လူတွေကလည်း နားထောင်ချင်ကြတယ်။ မမှန်ရင် လက်မခံ ဒေါ်ချန်ကလည်း လုပ်သင့်တယ် အကြံပေးတာနဲ့ ရပ်ကွက်ဓမ္မာရုံမှာ အကြိုဖျော်ဖြေတယ်။ ချီကောက်ခေါ်ထားတဲ့ အတီးဆရာတွေကလည်း သောက်ထားတဲ့ အရှိန်နဲ့ မြူး၊ သီချင်းကလည်း မြူးဆိုတော့ လက်ခုပ်သံ တဝုန်းဝုန်းပေါ့။ အဆိုတော်ရဲ့ အသံကိုတောင် မကြားရအောင် အလွတ်ရနေတဲ့ သီချင်းဆိုတော့ ပရိသတ်ဝိုင်းဆိုကြတာ။ အားလုံးက သစ္စာဝါဒီ ကိုတာတီးကို အသိအမှတ်ပြုကြ၊ သဘောကျကြတယ်။ သူတို့မျက်စိထဲမှာ သစ္စာဝါဒီ ကိုတာတီး မြေကြီးမှာ ရပ်နေပေမယ့် သုံးပေလောက် လွတ်နေသလိုမျိုး မြင်ရတယ်။

            မမှန်ရင် လက်မခံ ဒေါ်ချန်ကလည်း တပြုံးပြုံးနဲ့။ သူ့ခမျာ လာနားထောင်တဲ့ သူတွေကို အုန်းထမင်းနဲ့ အကြော်ဧည့်ခံရတာ လက်တောင် မလည်ဘူး။ မမှန်ရင် လက်မခံ ဒေါ်ချန် နာမည်က လည်း အဲဒီညက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ချိတ်နေတာ။

            'ဒေါ်ချန် ဒီမှာ လိုက်ပွဲပေးပါဦးဗျို့'

            'မမှန်ရင် လက်မခံ ဒေါ်ချန် အကြော်ထည့်ပေးဦး'

            အုန်းထမင်း ပလုတ်ပလောင်း ဆီပေနေတဲ့ လက်တွေနဲ့ သစ္စာဝါဒီ ကိုတာတီးကို လာဂုဏ်ပြု လက်ဆွဲ နှုတ်ဆက်သူတွေကလည်း တစ်ပြုံကြီး။ သစ္စာဝါဒီ ကိုတာတီး မျက်နှာဆိုတာ မိုးရွာပြီးစအချိန် သက်တံ့လာကပ်နေသလို မြင်ရတယ်။

            ကိုယ့်ရပ်ကွက်က လူတွေ လက်ခံပြီ၊ ကြိုက်ပြီဆိုတဲ့ သဘောထားကို သိရပြီ ဆိုပေမယ့် ကိုတာတီး နည်းနည်းစိုးရွံ့နေမိသေးတယ်။ ကံဆိုတာ ပြောလို့မရဘူးမလား။ ဒါကြောင့်မို့ သစ္စာဝါဒီ ကိုတာတီးက အချိုသတ်ပြီး ပြောထားတယ်။

            'ကျွန်တော်က ရပ်ကွက်ဂုဏ်တက်အောင်ပါဗျာ။ တတ်တဲ့ပညာ မနေသာ ဆိုသလိုမျိုးပေါ့။ သိပ်ပြီး တော်တာတတ်တာ မဟုတ်ပါဘူး။ ဒီလိုဖြစ်လာတယ်ဆိုတာ မှန်ကန်တဲ့သစ္စာ စကားကြောင့်ပါ'

            ကြားမိသူတွေ ကြိတ်ရယ်ဖြစ်ကြတယ်။ သစ္စာဝါဒီကြီးကတော့ တစ်စက်မှ မလျှော့ သေးဘူးပေါ့။ ဒါပေမယ့် မကြာခင် သိရတော့မယ့်အဖြစ်မို့ အုန်းထမင်းနဲ့ အကြော်ကျွေးထားတဲ့ အရှိန်ကြောင့် ဘယ်သူမှ ကဏ္ဋ ကောစ မပြောကြဘူး။

၄။

            ပိတောက်ပွင့် ဝါဝါတွေ မပါဘဲနဲ့ သင်္ကြန်ရောက်လာတယ်။ အေးမြသာယာ တစ်ရပ်ကွက်လုံး မဏ္ဍပ်စဖွင့်တဲ့ သင်္ကြန်အကြိုနေ့ကတည်းက အုန်းအုန်းကျွတ်ကျွတ် ဖြစ်လို့။ မြို့ထဲက ဗဟိုမဏ္ဍပ်ကို သွားအားပေးကြတာ ရက်ဆက်ပဲ။ တခြား ရပ်ကွက်အသင်းတွေ ဌာနဆိုင်ရာ အသင်းတွေကို အကဲခတ် သွားကြည့်ကြတာ။ သစ္စာဝါဒီ ကိုတာတီး ရင်ခုန်သလို သူတို့လည်း ရင်ခုန်ကြတယ်။ သိချင်ကြတယ်။

            သစ္စာဝါဒီ ကိုတာတီးတို့ အသင်းယှဉ်ပြိုင်ပြီးသွားတော့ အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်လို့ တလွဲတချော်တွေများ ဖြစ်မှာလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ ပေါ့သွားပြီး သစ္စာဝါဒီ ကိုတာတီး အနေအထားက မဆိုးဘူး။ နှစ်သိမ့်ဆုလောက်တော့ ချိတ်နိုင်တယ် ပြောကြတယ်။ ပထမ၊ ဒုတိယ၊ တတိယဆိုတဲ့ ဆုကြီးတွေက ငွေပုံအော တကယ်ပညာရှင်တွေနဲ့ အချိန်အကြာကြီး လုပ်ထားတဲ့ ရပ်ကွက်ကြီးတွေ ဌာနဆိုင်ရာ ကိုယ်စားပြုတွေ ရမှာသေချာတယ်။

            နှစ်သိမ့်ဆုကိုမှန်းနိုင်တာဆိုလို့ သစ္စာဝါဒီ ကိုတာတီးနဲ့ ခေမာသီရိ ရပ်ကွက်ပဲ ရှိတယ်။ ယိမ်းတူ ဒိန်းတူ အဖွဲ့ငယ်တွေကိုလည်း လျှော့တွက်လို့တော့ မရဘူးပေါ့။ အတက်နေ့ညမှာတော့ သိသာလာပြီ။ ရင်ခုန်မယ်ဆို သစ္စာဝါဒီ ကိုတာတီး ရင်ခုန်လို့ရပြီ။ ရင်ခုန်တာမှ ကျည်ဖြည့် မောင်းရိုက်ထားတဲ့ သေနတ်နဲ့ အချိန်ရွယ် ခံထားရသလိုမျိုး ရင်ခုန်တာ။ ဆုမရလောက်ဘူး အထင်သေးထားတဲ့ သူတွေကတောင် လက်ခံယုံကြည်လာပြီ ဆိုတော့ သူ့မှာ ပိုတာဝန်ကြီးလာမှန်း သိတယ်။

            ဆုကြေညာ၊ ချီးမြှင့်မယ့် သင်္ကြန်ပိတ်ပွဲညမှာ သစ္စာဝါဒီကိုတာတီး ပျားအုံထဲက ပျားတွေ တုတ်နဲ့ ဆွပြီး ရင်အုံထဲ ထည့်ထားရ သလို ဖြစ်နေတယ်။ သတင်းတွေကလည်း နှစ်သိမ့်ဆု ချိတ်တယ်ဆိုပြီး ထွက်လာတော့ နှစ်သိမ့်ဆုတစ်လား၊ နှစ်လားပေါ့။ ဆုရခဲ့ရင် သူ့ အဖွဲ့သားတွေနဲ့ ပရိသတ်ကို အောင်ပွဲခံ ကျွေးမွေးဖို့ ဒေါ်ချန်ကို ပိုက်ဆံနှစ်သောင်း ယူခဲ့ခိုင်းတယ်။

            မမှန်ရင် လက်မခံ ဒေါ်ချန်ကလည်း စစ်စေးသုတ်ထားတဲ့ ပြည်တောင်းကြီး ခေါင်းပေါ် တင်ထားသလို ဘီးစပတ်ကြီးထုံးလို့။ ပဝါနှစ်စ အသာချလို့။ သစ္စာဝါဒီ ကိုတာတီးကလည်း ကြက်ဥနှစ်ရောင် တိုက်ပုံနဲ့ ပန်းနုရောင် ပိုးပုဆိုးနဲ့။ ရပ်ကွက်ထဲက လူတွေကလည်း တက်ကြွစွာ ရင်ခုန် စောင့်မျှော်နေကြတယ်။

            ဆုကြေညာတော့မယ် ဆိုတာကြားရတော့ သစ္စာဝါဒီ ကိုတာတီး နဖူးပေါ် လက်တင်ပြီး ဘုရားရှိခိုးတာ တွေ့ရတယ်။ ပါးစပ်ကလည်း လှုပ်စိလှုပ်စိနဲ့ ဘာတွေ ရွတ်ဆိုမှန်းတော့ မကြား ရဘူး။

            ပထမဆုကို ကြေညာတယ်။ မဏ္ဍပ်ရှေ့မှာ အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံး ဟာခနဲ အသံထွက်လာတယ်။ သစ္စာဝါဒီ ကိုတာတီးဆို ယုံတောင် မယုံဘူး။ နားကြားများ လွဲသလားဆိုပြီး ဘေးက မမှန်ရင် လက်မခံ ဒေါ်ချန်ကို မေးကြည့်မိတယ်။ စတာနောက်တာလားဆိုပြီး မှတ်လို့။

            လုံးဝမထင်ထားတဲ့ ဌာနချုပ်ကိုယ်စားပြုအသင်းက ရသွားတယ်။ ဒုတိယဆုကတော့ ထင်ထားတဲ့ အများပြောကြတဲ့ ပထမဆုလို့ နာမည် ထွက်ပြီးသား အသင်း။ တတိယဆုက သူတို့ရပ်ကွက်နဲ့ အပြိုင် နှစ်သိမ့်ဆုချိတ်တယ်ဆိုပြီး ပြောကြတဲ့ အသင်း။

            သစ္စာဝါဒီ ကိုတာတီး၊ မမှန်ရင်လက်မခံ ဒေါ်ချန်ပါစိုးရိမ်တွေနဲ့ ဂနာမငြိမ်တော့ဘူး။ ဒီအခြေအနေ အတိုင်းဆိုရင် သစ္စာဝါဒီ ကိုတာတီး ဆုတောင်းမိပြန်တယ်။ ထင်ပြီး မရတာတွေ၊ မျှော်လင့်မှုအတိုင်း ဖြစ်လာပေမယ့် အဆင့်လွဲတာတွေကြောင့် ပြိုင်ပွဲဝင်အသင်းတွေရဲ့ မကျေနပ်သံတွေ၊ ဝေဖန် ပြစ်တင်သံတွေတောင် မကြားမိဘူး။

            'ကျွန်တော် အမှန်တကယ် ငယ်ကတည်းက အရက်ကို မသောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဤမှန်သော စကားကြောင့် ကျွန်တော် ဆုရပါစေ'

            နှစ်သိမ့်ဆု ပထမဆုကို ကြေညာတယ်။

            နှစ်သိမ့်ဆု ပထမကို ရရှိတဲ့အသင်းကတော့...'

            သစ္စာဝါဒီ ကိုတာတီး မျက်လုံးမှိတ်သွားတယ်။ ဒူးတွေ ရင်တွေ တဆတ်ဆတ်တုန်လို့။ ပိတ်လို့ရရင် နားပါ ပိတ်ထားချင်တာ။

            'ငါ ကိုဖိုးတိုးနဲ့ စကားများတုန်းက ဘာပြောရမှန်း မသိဘဲ စွတ်ပြောမိတာ မှားများမှားပြီလား။ မှားခဲ့ရင်တော့' အတွေးက မဆုံးသေးဘူး။ သစ္စာဝါဒီ ကိုတာတီး ရပ်သွားတယ်။

            'နွေကဗျာအဖွဲ့ ဖြစ်ပါတယ်'

            ဒုတိယဆုလို့ လူပြော သူပြောများတဲ့အသင်း။ အေးမြသာယာရပ်ကွက်သား သစ္စာဝါဒီ ကိုတာတီးရဲ့ ပရိသတ်တွေ မျက်လုံးက သူ့ဆီမှာ။ မမှန်ရင် လက်မခံ ဒေါ်ချန်က ခေါင်းကြီးငိုက်ပြီး နောက်ဆုံးဆုကို နားစွင့်နေတယ်။

            'နောက်ဆုံး ကြေညာမယ့် နှစ်သိမ့်ဆု ဒုတိယကိုတော့...'

            လက်ခုပ်သံတွေ၊ စကားသံတွေ သစ္စာဝါဒီ ကိုတာတီး ဘာမှမကြားမိတော့ဘူး။ တတိယဆုရမယ်လို့ နာမည်ထွက်ပြီးသား အသင်းရှိတယ်ဆိုတော့။ ဒါပေမယ့် စိတ်ကို တင်းလိုက်တယ်။

            တစ်ခါမှ အရက် မသောက်ဖူးတာ မှန်ကန်တဲ့ စကား။ တတ်နိုင်သရွေ့ထက် ပို ကြိုးစားအားထုတ်ထားတာ။ ဆုကြေညာပြီးချိန်မှာတော့ ကမ္ဘာကြီး ပြိုသွားတာ လိုလို။ လူကပဲ မီးခိုးငွေ့လို လွင့်ပါသွားတာလား။ အေးမြသာယာရပ်ကွက်သားတွေ၊ တခြားအဖွဲ့တွေ သူတို့ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုကြတာ မဏ္ဍပ်တစ်ခုလုံး ဆူပွက်ညံသွားတယ်။

            မကောင်းတတ်လို့ ဆုချီးမြှင့်တဲ့ အခမ်းအနားကို ဆက်အားပေးနေရပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ဒီမဏ္ဍပ်ထဲက ထွက်ပြေးချင်လှပြီ။ ဒါပေမယ့် သစ္စာဝါဒီ ကိုတာတီး သူ့ဘေးမှာ ကြူကြူပါအောင် ငိုနေတဲ့ မမှန်ရင် လက်မခံ ဒေါ်ချန်လက်ကို ဆုပ်ကိုင်ထားမိတယ်။ ဘေးမှာ ရပ်ကွက်သားတွေ ရောက်လာတော့ မမှန်ရင် လက်မခံ ဒေါ်ချန်လက်ကို လွှတ်လိုက်ရတယ်။ မမှန်ရင် လက်မခံ ဒေါ်ချန်ဘေးက ထသွားတာတောင် မတားလိုက်နိုင်ဘူး။

            'ကိုတာတီး ဆုရသင့်ရက်နဲ့ မရတာပါဗျာ။ ခင်ဗျား ဆုမရပေမယ့် ခင်ဗျားပြောတဲ့စကားကို ယုံကြည်ပါတယ်ဗျာ'

            ကိုဖိုးတိုးက ပခုံးဖက်ရင်း အားပေးရှာတယ်။ ဘေးကလူတွေကလည်း ဝိုင်းပြောကြသည်။ ဆုပေးပွဲပြီးတော့မှာမို့ သစ္စာဝါဒီ ကိုတာတီး ထိုင်ရာက ထထွက်ခဲ့တယ်။ သူ့ကို နှစ်သိမ့်တဲ့ ပြောစကားတွေ၊ ဆုတက်ယူတဲ့လူတွေကို ချီးမြှင့်တဲ့ လက်ခုပ်သံတွေ။ ငူငူကြီးရပ်နေရာက ဘေးကို ပြန်ရောက်လာတဲ့ မမှန်ရင် လက်မခံ ဒေါ်ချန်ကို တွေ့တော့ ပြန်ကြစို့ကွာ ပြောပြီးတဲ့အချိန်မှာ ဆောင်းဘောက် (Sound Box) ကနေ ကြေညာသံတစ်ခု ထွက်လာတယ်။

            'အခု ဆုပေးပွဲအပြီးမှာ ပရိသတ်အကြိုက်အနေနဲ့ ဆုတစ်ဆု ထပ်ချီးမြှင့်ပါမယ်။ အဲဒီဆုကိုတော့...'

            သစ္စာဝါဒီ ကိုတာတီး ခေါင်းမတ်ခနဲ ဖြစ်သွားတယ်။ ချက်ချင်း ပြန်ညွတ်ကျအလာမှာ သူ့ရဲ့ခန္ဓာကိုယ်ကို သူ့ပရိသတ်တွေက ဝိုင်းပြီး မြှောက်မလိုက်တာ ခံလိုက်ရတော့ လူက လေထဲ မြောက်သွားတာ။

            'တေးရေးဂီတစာဆို သစ္စာဝါဒီရဲ့ ပိတောက်မွှေးမွှေး ရေဖွေးဖွေးသင်္ကြန် သီချင်း ဆုတက်ရောက် လက်ခံယူဖို့ တေးရေးသူ မဏ္ဍပ်ပေါ် ကြွရောက်ပေးပါ'

            အေးမြသာယာ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ အပျော်က မဏ္ဍပ်ကြီးတောင် ယိုင်လှုပ်သွားတယ် ထင်ရတယ်။ အော်ဟစ်သံ၊ လက်ခုပ်သံတွေကြောင့် တိမ်ထဲမှာ အိပ်ငိုက်နေတဲ့ လမင်းတောင် လန့်နိုးပြီး တိမ်အပြင် ထွက်လာတယ်။

၅။

အဲဒီညက...

            ဆုပေးပွဲပြီးတာနဲ့ သစ္စာဝါဒီ ကိုတာတီး သူ့အဖွဲ့သားတွေ၊ ရပ်ကွက်ထဲက လူတွေ စားသောက်ဆိုင်ခေါ်ပြီး ဧည့်ခံတယ်။ အဲဒီမှာ ထူးခြားတာက အဖွဲ့သားတွေ အရက်သောက်တဲ့ အခါကျတော့ သစ္စာဝါဒီကိုတာတီးက ဘာ စိတ်ကူးပေါက်သွားတယ် မသိဘူး။ သူလည်း သောက်မယ် လုပ်လာတယ်။ အားလုံးက မသောက်ဖြစ်အောင် ဝိုင်းတားကြပါသေးတယ်။ ဒါပေမယ့် မရဘူး။

            သစ္စာဝါဒီ ကိုတာတီး အဲဒီညက အခုမှ စသောက်တာ ဆိုပေမယ့် မူးလဲသွားအောင် သောက်ပစ်တာ။ သူ့ကို ထမ်းပိုးပြီး အိပ်ခန်းထဲ ရောက်အောင် ပို့ခဲ့ကြရတာ။ သစ္စာဝါဒီ ကိုတာတီး အိမ်ပြန်အလာကို ငုတ်တုတ်ထိုင် စောင့်နေတဲ့ မမှန်ရင် လက်မခံ ဒေါ်ချန်က လိုက်ပို့တဲ့သူတွေ ပြန်သွားပြီဆိုမှ အိပ်ရာထဲ ခြေပစ်လက်ပစ် အိပ်ပျော်နေတဲ့ သစ္စာဝါဒီ သူ့ ယောကျ်ားကြီးကို ကြည့်ပြီး ငိုတယ်။ ငိုရင်းလည်း စကားပြောသေးတယ်။

            'ကိုတာတီး တော်သစ္စာတရားဆိုတာ မှန်ပေမယ့် ပိုက်ဆံမပေးရင် ဘယ်သူမှ မသိပါဘူးတော်'

လင်းသော်ဝေ

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုရှည် စ/ဆုံး
...
တကယ့်အိပ်မက်ပုံပြင်
မသီတာ ၊စမ်းချောင်း၊

ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
ကျွဲပွဲ
နေဝင်းမြင့်

ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...

ရွှေဝတ္ထုရှည် စ/ဆုံး
...
မီးကင်းစောင့်
နေဝင်းမြင့်

ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...