ကိုငြိမ်း၊မန္တလေး၊
၁။
ဇာတ်လမ်းစစချင်း
'ကြွက်နီ' သေတယ်။ ကြွက်နီသေတာ ဘာဖြစ်လဲ။ လူဆိုတာ
သေမျိုးပဲ မဟုတ်လား။ ဒါပေမယ့် ကြွက်နီက ငယ်သေးတယ်။ ငယ်တော့ ဘာဖြစ်လဲ၊ ငယ်လည်း
သေချင်သေမှာပေါ့။ 'အမှည့်တဝင်းဝင်း အကင်းတဖုတ်ဖုတ်' ဆိုတာလည်း ရှိတာပဲ မဟုတ်လား။ သေပေါ့။ ဟုတ်တော့လည်း ဟုတ်တယ်။ သေမင်းကတော့
လက်ရွေးစင်ဆိုပြီး ချန်ထားမှာ မဟုတ်ဘူး။ တကယ်...။ 'လက်မရွံခြင်းမှာ
လက်မလည်ခြင်းလက်မှတ်' ကိုင်ဆောင်ထားသူက သေမင်း။ မငြင်းနဲ့။
နာမယ်။ အမှန်ဆိုရင် ဒီလို စကားအသုံးအနှုန်းမျိုးတွေဟာ 'ကိုသာဒွန်းဦး'
ရဲ့ ဒိုင်ယာလော့ခ်တွေပါ။
သာဒွန်းဦးရဲ့'ဒိုင်'
တွေကတော့ ရပ်ကွက်ထဲမှာ အမြဲတမ်း ပြောစမှတ်ဖြစ် ကျန်ရစ်ခဲ့တာချည်းပါပဲ။
ဘယ်သူဖြစ်ဖြစ် သာဒွန်းဦးဒိုင်နဲ့တွေ့ရင်တော့ အနည်းဆုံး ကသိကအောင့်တော့ ဖြစ်ကြရတာ ချည်းပဲလေ။
အခု ကြွက်နီသေတာပဲ
ကြည့်။ ရပ်ကွက်ထဲက လူတွေက ကြွက်နီသေတာကို ကရုဏာနဲ့...
'ကောင်လေးက
ငယ်ရှာသေးတယ်...' လို့ ပြောတာကို ကိုသာဒွန်းဦးက အကင်းတဖုတ်ဖုတ်တွေ၊
လက်မရွံ့ခြင်းမှာ လက်မလည်ခြင်းလက်မှတ် ကိုင်ဆောင်ထားတာတွေရော...စုံလို့...စုံလို့...။
အဲ...လက်ရွေးစင်မို့ ရွေးချန်မထားဘူး...တို့၊ သေမင်းက ဘက်မလိုက်ဘူး...ဆိုတာတွေလည်း
ပါလိုက်သေးတယ်။
သူတစ်ပါးရဲ့ နာရေးကို ဒီလိုပြောလို့ သာဒွန်းဦးဆိုတဲ့လူဟာ စိတ်ယုတ်မာသူ တစ်ဦးလားဆိုတော့၊
ဒီလိုလည်း မဟုတ်ပြန်ဘူး။ သာဒွန်းဦးတို့ လင်မယားဟာ ရပ်ရေးရွာရေးကိစ္စနဲ့
ဒီလိုနာရေးကိစ္စမျိုးဆို လက်ဖွာတယ်။ ရက်ရောတယ်။ သူတို့လင်မယားက အလွန်အတွဲညီပါတယ်။
သူ့မိန်းမနာမည်က 'စိန်ဝေလျှံ' တဲ့။
အဲ...သာရေးရော၊
နာရေးရော ဘယ်ကိစ္စမှာဖြစ်ဖြစ် အခုလို ဒိုင်ယာလော့ခ်တွေ တရွှတ်ရွှတ် လွှတ်တာကတော့
သူ့အကျင့်လိုကို ဖြစ်နေပြီ။ ဒီလို အရွှတ်အနောက် ထုံသူ၊ ထေ့သူ သာဒွန်းဦးဟာ
ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ မန်ယူ ကစားရင် သေမင်းကိုပဲ ဒိုင်လူကြီး လုပ်ခိုင်း
သင့်တယ်လို့လည်း ပြောတတ်တဲ့အပြင် စပိန်လာလီဂါပွဲတွေမှာလည်း ဘာကာနဲ့ ရီရဲမက်ဒရစ်
တွေ့ရင်လည်း သေမင်းပဲ ကွင်းလယ်ဒိုင်လူကြီး အဖြစ် ထားဖို့ကောင်းတယ်လို့ သာဒွန်းဦးက
အမြဲပြောတယ်။ ဘာကြောင့်လဲမေးတော့ သူက ပြောတယ်။ 'သေမင်းက ဘက်မလိုက်ဘူး'
တဲ့။
အဲ...ဘောလုံးပွဲ
အကြောင်း ပြောမိလို့ ဆက်ပြီး ပြောလိုက်ရဦးမယ်။ တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲ
မြန်မာ-စင်ကာပူပွဲဆီမီးဖိုင်နယ်မှာ
ကစားတဲ့ပွဲ မှတ်မိကြသေးတယ် မဟုတ်လား။ မိုးထဲရေထဲ တို့မြန်မာ
ကောင်းရှုံးကြီး
ဖြစ်ခဲ့ရတဲ့ ပွဲလေ။ အဲဒီပွဲမှာ ဒိုင်လူကြီးလုပ်တဲ့ ဂျပန်လူမျိုးဒိုင်ကို
သာဒွန်းဦးက ကြည့်မရဘူးတဲ့။ အဲဒီပွဲပြီးတော့ ဂျပန်ဒိုင်လူကြီးနဲ့ပတ်သက်ပြီး
သာဒွန်းဦးရဲ့ ဒိုင်ယာလော့ခ်ကလည်း တကယ့်ကို ပြုံးဖို့ ကောင်းတဲ့ ဒိုင်ယာလော့ခ်။
'ငါတော့ ကွင်းလယ်ဒိုင်ကို
ဂျပန်ဒိုင်လူကြီးအစား ...သေမင်းကို ဒိုင်လူကြီးထားပြီး စည်းကြပ်ဒိုင်နှစ်ယောက်
နေရာမှာလည်း...နောက်ထပ် အရန်သေမင်းနှစ်ယောက်ကို ရှာပြီး...'
အဲဒါသာ ကြည့်တော့။ သူက
ကွင်းလယ်ဒိုင်ကို သေမင်းတာဝန်ပေးစေချင်တဲ့အပြင်
စည်းကြပ်ဒိုင်အတွက် နောက်ထပ် အရန်သေမင်းနှစ်ယောက်ကိုတောင်
ရှာလိုက်ချင်သေးသတဲ့။
ဟုတ်တယ်။ သာဒွန်းဦးဆိုတာ
ဘက်မလိုက်မှုနဲ့ ပတ်သက်ရင် အဲသလောက် သေမင်းခရေဇီ။
□
၂။
ဇာတ်လမ်းစပြီး ဘာ ကြာသေးလို့လဲ 'ဒေါ်ကျွဲ'
သေတယ်။ ကြွက်နီသေပြီး ဒေါ်ကျွဲသေတော့ ဘာဖြစ်လဲ။ လူဆိုတာ
သေမျိုးချည်းပဲ မဟုတ်လား။ ဟုတ်တယ် ဒေါ်ကျွဲကတော့ အသက်ကြီးပြီ...။ ကြီးတော့
ဘာဖြစ်လဲ။ ဘာမှ မဖြစ်ဘူး။ ကြီးလည်း သေမှာပဲ။ ဒီလို ကြွက်နီသေပြီး ဒေါ်ကျွဲသေတာနဲ့
ပါတ်သတ်ပြီး သာဒွန်းဦးရဲ့ သဘောထားကို မေးကြည့်တော့ သူက...
'အမှည့်တဝင်းဝင်း
အကင်းတဖုတ်ဖုတ်ဆိုပေမယ့် အမှည့်လည်း တဖုတ်ဖုတ်ထဲ ပါချင်ပါမှာပေါ့...' တဲ့။
ဒီလိုပြောလို့များ
သာဒွန်းဦးဆိုတဲ့ကောင်က တစ်ဖက်သား ဒုက္ခကို မစာနာတတ်သူ ထင်စရာ အကြောင်းရှိပါတယ်။
အမှန်တော့ သာဒွန်းဦးက စိတ်ရင်းစေတနာ အလွန်ကောင်းတဲ့သူပါ။ အများအထင်တော့ သူဟာ
ပါးစပ်အလွန် 'ပေါ့' သူပေါ့။ အမှန်တော့ အဲဒီ အပြုအမှု အပြောအဆိုဟာ
သာဒွန်းဦးရဲ့ ဝသီလို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ပါးစပ်ကသာ ဒါမျိုးတွေ
လျှောက်ထွက်ပေမယ့် လက်တွေ့ ဒေါ်ကျွဲနာရေးမှာ ငွေအား၊ လူအားနဲ့ အကူညီဆုံးက သာဒွန်းဦးတို့
လင်မယား။ ကြွက်နီသေတုန်းကလည်း ကြွက်နီတို့မိသားစုက ဆင်းရဲလို့ ဒီလင်၊ ဒီမယားပဲ
အစအဆုံး တာဝန်ယူ ကြတာ။ သာဒွန်းဦးမိန်းမ 'စိန်ဝေလျှံ' ဆိုတာက သာဒွန်းဦးထက်တောင် စေတနာက ပိုသေးတယ်။
သူတို့ရပ်ကွက်ကလေး ဖွဲ့စည်းနေပုံက
တစ်နယ်တကျေး ဝေးလံခေါင်ဖျားနေရာကနေ ဒီမြို့ပေါ်ကို အုပ်စုလိုက်
ပြောင်းရွှေ့အခြေချကြတဲ့ အုပ်စုတွေထဲက မျိုးဆက်တွေချည်းစုပြီး နေတဲ့ ရပ်ကွက်ပါ။
သူတို့ရဲ့ ဘိုးဘွားတွေဟာ ဒီမြို့သားတွေ မဟုတ်ဘူး။ အဲသလို အဝေးကျေးရွာတွေကနေ
ဒီမြို့ပေါ် တက်လာ အခြေချသူတွေဟာ စီးပွားရေးလုပ်ငန်းမှာလည်း အတူတူ (အမျိုးတူ)တွေ
ဖြစ်နေကြတာ များပါတယ်။ တစ်ရပ်ကွက်လုံး 'ဆီ' ရောင်းဆို
တစ်ရပ်ကွက်လုံး ဆီရောင်း၊ တစ်ရပ်ကွက်လုံး 'ဖျာ' ရောင်းဆို တစ်ရပ်ကွက်လုံး ဖျာရောင်း၊ တစ်ရပ်ကွက်လုံး 'ခုံဖိနပ်' လုပ်တယ်ဆိုရင် တစ်ရပ်ကွက်လုံး ခုံဖိနပ်။
ဒါပေမယ့် သာဒွန်းဦးတို့ ဘိုးဘွားအဆက်
လုပ်ခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းက တစ်မျိုး။ သားသတ်လုပ်ငန်းပါ။
အကုသိုလ်အကျိုးပေးတယ်လို့ ပြောရအောင်လည်း တစ်ရပ်ကွက်လုံး ချောင်ချောင်လည်လည်
ရှိကြပါတယ်။ တကယ်ကိုယ်ကျိုး ဖက်ချမ်းသာတာကတော့ သားသတ်လုပ်ငန်းရှင်ကြီး သုံးလေးဦးပဲ
ရှိတာပါ။ အများစုကတော့ သူတို့ဆီက ကိုယ်ငွေနိုင်သလောက် ပစ္စည်းယူပြီး ဈေးမှာ
အစိတ်သား၊ ငါးဆယ်သားဆိုတာမျိုးရောင်းပြီး အသက်မွေး ဝမ်းကျောင်းကြတာ များတယ်။
သာဒွန်းဦးနဲ့ဇနီး စိန်ဝေလျှံတို့ကလည်း အများနည်းတူ တစ်ဆင့်ခံယူ ရောင်းစနစ်
အသက်မွေးကြတဲ့ ဈေးသည်တွေပါပဲ။ ဒီတော့ သူတို့မိသားစုကလည်း အချမ်းသာကြီးထဲကတော့
မဟုတ်ဘူးပေါ့။ ဒါပေမယ့် သာဒွန်းဦးဆိုတာကလည်း ရွှတ်ရွှတ် နောက်နောက်သာ ပြောတာ၊
နေတာ၊ သောက်တာ စားတာလုံးဝကင်းတယ်။ လောင်းကစားဆိုလည်း အပျင်းပြေတောင် လုပ်တာ
မဟုတ်ဘူး။ သူ့မိန်းမ စိန်ဝေလျှံဆိုတာကလည်း အဝတ်အစားထက် ရွှေကို မက်တယ်။ စုတယ်။
သူတို့လင်မယားက နတ်ဖက်တဲ့ အတွဲလို
အတွဲညီပါတယ်။ ရှာဖွေတယ်၊ ရက်ရောတယ် ဆိုတဲ့ စကားလုံးတွေဟာ
သူတို့လင်မယားနှစ်ယောက်အကြောင်း ပြောရင် မပါမဖြစ်တဲ့ စကားလုံးတွေပေါ့။ လင်မယား
နှစ်ယောက်လုံးက ရပ်ကွက်အပေါ် သိပ်ကောင်းနေကြတော့ သာဒွန်းဦးရဲ့ ဒိုင်ယာလော့ခ်
တွေကိုလည်း ရပ်ကွက်က နာတယ်မရှိကြပါဘူး။ ဥပမာ အခု သေဆုံးတဲ့ ဒေါ်ကျွဲရဲ့နာရေးကိစ္စနဲ့
ပါတ်သက်ပြီး ပြောတဲ့စကားဆိုရင် ရပ်ကွက်ထဲက လူကြီးရော လူငယ်ပါ သဘောကျကြတာ
တွေ့ရပါတယ်။ သေခြင်းတရားကို ဘောလုံးပွဲနဲ့ယှဉ်ပြီး ပြောချလိုက်တာလေ။ ပြောပုံကလည်း
နားထောင်ကြည့်။
'အမှည့်တဝင်းဝင်း
အကင်းတဖုတ်ဖုတ်ဆိုပေမယ့် အမှည့်လည်း တဖုတ်ဖုတ်ထဲ ပါနိုင်တာပဲ၊ သေချာတာကတော့
ဘယ်တစ်ဖုတ်ဖုတ်ဖြစ်ဖြစ် ဒိုင်လူကြီးအဆုံးအဖြတ်ပဲ...'
ဒါ...သာဒွန်းဦးရဲ့ အသုဘအိမ်မှာ
ပြောတဲ့ စကားလေ။ အရပ်ထဲက ကောင်လေးတွေကတော့ ဘယ်တစ်ဖုတ်ဖုတ်ဖြစ်ဖြစ်
ဒိုင်လူကြီးရဲ့အဆုံးအဖြတ် ဆိုတာကို ပြုံးချင်ရဲ့နဲ့ မပြုံးရဲကြဘူးပေါ့။ အဲသလို
ပြောအပြီး သာဒွန်းဦးက အတည်အခန့်လိုလို ဘာလိုလို ဆက်ပြောပြန်သေးတယ်။
'လူ့ဘဝဆိုတာ...
ဘောလုံးပွဲလောက်တော့
အခွင့်အရေးမရဘူး...ဘောလုံးပွဲလို 'အလေအလွင့်အချိန်' အတွက် သေရာက ထကန်ခွင့် မပြုဘူး...'
□
၃။
ဇာတ်လမ်းတစ်ဝက်လောက် အရောက်မှာ 'ပူစီ'
သေတယ်။ ကြွက်နီသေပြီး ဒေါ်ကျွဲသေတော့ ဘာဖြစ်လဲ ဆိုသူတွေအဖို့ အခု 'ပူစီ' သေတော့ ဘာပြောရမှန်း မသိကြတော့ဘူး။
ခက်တာက ပူစီဆိုတဲ့ ကောင်ဟာ ကြွက်နီလောက်လည်း မငယ်ဘူး။
ဒေါ်ကျွဲလောက်လည်း မကြီးဘူး။ ဒါပေမယ့် ပူစီသေတယ်။ လေးငါးလလောက်အတွင်းမှာပဲ
ရပ်ကွက်အတွင်းက တိရစ္ဆာန် နာမည်နဲ့ လူတွေ စဉ်တိုက် ဆက်တိုက်ဆက်
လှိုင်လှိုင်ကလေးဆိုသလို သေသေသွားကြတော့ သာဒွန်းဦး နည်းနည်းလန့်သွားတယ်။
မျက်နှာပျက်သွားတယ်။ နှုတ်ဆိတ်သွားတယ်။ မျက်ခုံးပင့် သွားတယ်။ နဖူးကြော
တင်းသွားတယ်။ လက်ဖမိုးပေါ် မေးထောက်သွားတယ်။ ထိုင်လိုက်ရင် နောက်လန်သွား တယ်။
ထလိုက်ရင် ခေါင်းထဲ ထိုးသွားတယ်။ (ဒီနေ့ည သာဒွန်းဦး အိပ်မက်မက်လိမ့်မယ်။ အိပ်မက်ထဲ
သူက ဂျော်ကီ၊ မန်ကျည်းစေ့ရောင် ပြိုင်မြင်းကြီးနဲ့၊ လူကြီး တစ်ယောက်က
ငွေထုပ်ကြီးပိုက်လို့ ကွင်းထဲဝင်လာမယ်...။ဂျော်ကီနဲ့ တဖိတ်ဖိတ်တောက်လက်နေတဲ့
ပြိုင်မြင်းမကို ငေးမယ်။ အဲဒီလူကြီး ပြုံးမယ်။ နောက် မြင်းပြိုင်ပွဲစမယ်။ မြင်းပြိုင်ပွဲပြီးတော့
အဲဒီလူကြီးက ထခုန်မယ်။ သုံးခါတောင်...ဒါ ဒီနေ့ ညမှာ သာဒွန်းဦး မက်မယ့် အိပ်မက်)
အဲ...သာဒွန်းဦးသာ ကိုယ့်အတွေးနဲ့ကိုယ်
လန့်နေတာ မဟုတ်ဘူး။ သာဒွန်းဦးရဲ့ သေမင်းက ဘက်မလိုက်ဘူး...ဆိုတဲ့ စကားကြောင့်
မသေသေးဘဲ ကျန်နေကြတဲ့ တိရစ္ဆာန်နာမည်နဲ့ လူတွေကလည်း လန့်ကုန် ကြတာပေါ့။
အဲသလို လန့်ဖျားဖျားကြတဲ့ အထဲမှာ 'ကိုကြက်ကြီး'
က အခြေအနေ အဆိုးဆုံး။ ကိုကြက်ကြီးလည်း ကိုယ့်နာမည်နဲ့ကိုယ်
စိတ်ဆင်းရဲနေပြီလေ။ ကိုကြက်ကြီးဆိုတာ သားသတ် ကုန်သည်ကြီးတွေထဲက တစ်ယောက်ပေါ့။ ချမ်းသာတယ်။
တိရစ္ဆာန်နာမည်နဲ့တွေး
လန့်နေကြသူတွေထဲမှာတောင် ကိုကြက်ကြီးတွေး လန့်ပုံက သားသတ် ကုန်သည်ကြီးတစ်ဦးရဲ့
အတွေးမျိုးမဟုတ်ဘဲ မြန်မာစာကထိက တစ်ယောက်ရဲ့ တွေးပုံမျိုးနဲ့ သွားတွေးမိတာ ဆိုတော့
သူ့အတွက် ချောင်စရာလမ်း သိပ်မရှိတော့ဘူးပေါ့။ ကိုကြက်ကြီးတွေးတာက ပူစီဆိုတာ 'ကြောင်'
ကို ခေါ်တယ်။ ကြောင်ဆိုတော့ 'ကကြီး' သည်တော့ ပထမဆုံး သေတဲ့ ကြွက်နီဆိုတာ ကကြီး။ ဒုတိယသေတဲ့ ဒေါ်ကျွဲ ကကြီး။
ပူစီသည် ကြောင်ဖြစ်ခြင်းကြောင့် က ကြီး။ ပြီးတော့ သူ၊ ကြက်ကြီးဖြစ်ခြင်းကြောင့်
အောင်မလေး ကကြီးက နှစ်လုံးတောင်...။
ဟုတ်တယ် လန့်မယ်ဆို လန့်လောက်တာပေါ့။
အရပ်ထဲက ကြွက်တွေရော၊ ကျွဲတွေရော၊ ကြောင်တွေရောကုန်ပြီ။ ကြက်တွေအလှည့်
ဘယ်တော့လာမလဲသာ မသိတာ။
သည်တော့ ကိုကြက်ကြီး ဘာလုပ်ရမှန်း
မသိတော့ဘူး။ ဘက်မလိုက် သေမင်းကတော့ ကကြီးလိုင်း ကိုင်နေတာတော့ သေချာပြီ။ သည်ကြားထဲ
သာဒွန်းဦးပါးစပ်လည်း ကြောက်ရသေးတယ်။
ကိုကြက်ကြီး လွတ်ရာလွတ်ကြောင်း
အမျိုးမျိုး စဉ်းစားတယ်။ ကြက်ကြီး နာမည်ကို 'ဖက်တီး' လို့ ပြောင်းရလျှင် ကောင်းမလား။ နာမည်ပြောင်းခြင်း ဆိုပြီး သတင်းစာမှာ
ထည့်မယ်။ ဒီလိုတွေးပြီးတော့ လည်း သူက သာဒွန်းဦးမျက်နှာ ပြေးမြင်ပြန်ရော။ သာဒွန်းဦး
ဘယ်လိုပြော နိုင်မလဲဆိုတာကို ကြက်ကြီးတွေးကြည့်တယ်။ သာဒွန်းဦးပြောနိုင်တာက...
'သေမင်းက သတင်းစာမဖတ်ဘူး၊
ဖတ်ရင်လည်း သတင်းစာက နောက်ကျတတ်တယ်။ ပြီးတော့လည်း ခင်ဗျားက အသက်နုတ်ပြီးမှ
သတင်းစာက သေမင်းဆီ ရောက်လာရင်...'
ကိုကြက်ကြီး ဘာမှဆက်မတွေးတော့ဘူး။
ဖုန်းဆက်ပြီး သုံးတန်ကားကြီး နှစ်စီးကို ခေါ်လိုက်တယ်။ သူ့ အလုပ်သမားတွေနဲ့
သူ့အိမ်က အိမ်ထောင်ပရိဘောဂပစ္စည်းတွေ အကုန် တင်တယ်။ ပြီးတော့ သည်ရပ်ကွက်ထဲကနေ
ထွက်ပြေးသွားတယ်။ ပြီးကရော...။
အခုလို ကိုကြက်ကြီး ရပ်ကွက်ထဲက
အမြန်ဆုံး ထွက်ပြေးသွားရတာက ဒီကနေ့ အရက်ဆိုင်မှာ ဖြစ်ကြတဲ့ ရန်ပွဲတစ်ပွဲနဲ့လည်း
ပတ်သက်နေပါတယ်။ အရိုက်ခံလိုက်ရတဲ့ ကောင်က ကိုကြက်ကြီးရဲ့ အလုပ်သမား 'သာဖဲ့'
ဆိုတဲ့ အကောင်ပါ။ သာဖဲ့ဆိုတာ တိရစ္ဆာန်နာမည် မဟုတ်ပေမယ့် အရက်
တစ်နေကုန်သောက်တဲ့ ဒီကောင်ရဲ့ နာမည်ပြောင်က 'ရှပ်ဘဲ' လို့ ခေါ်တယ်။ အမှန်တော့ တစ်နေကုန် သောက်လို့ ဒီနာမည် တွင်တာ။ ကိုကြက်ကြီး
တွေးတာက ကကြီးလိုင်းကိုင်နေတဲ့ သေမင်းက ရှပ်ဘဲတောင် 'ဘဲ'
ပါလို့ သတိပေးလိုက်တာလို့ပဲ ကိုကြက်ကြီး ထင်တယ်။
ကိုကြက်ကြီး လစ်ပြေးရလောက်အောင်
ကြောက်မယ်ဆိုလည်း ကြောက်လောက်တယ်။ အဆက် အစပ်တွေ အကုန်လုံးကလည်း ကြောက်စရာကောင်း
လောက်အောင် ကွင်းဆက်တွေ ချိတ်ပြီးသား ဖြစ်နေတယ်။
ရှပ်ဘဲကို (ဘဲပါလို့) ရိုက်လိုက်တဲ့
အကောင်ရဲ့နာမည် ခင်မောင်ရွှေထွန်းဦး။ သူ့နာမည်က ငါးလုံးစလုံးမှ တစ်လုံးမှ
တိရစ္ဆာန် နာမည် မပါဘူး။ အဲဒီနာမည် ငါးလုံးရှင်ကလည်းကို ကြက်ကြီးအိမ်နဲ့
ဘေးချင်းကပ်အိမ်က ကောင်ပါ။ သာဖဲ့အမည်ခံ ရှပ်ဘဲဆိုတဲ့ကောင်ကလည်း တစ်ဖက်သားရဲ့
အားနည်းချက်ကို လှောင်ပြောင်တတ်တဲ့ ကောင်မျိုးဆိုတာ တစ်ရပ်ကွက်လုံးက သိတယ်။သူနဲ့
ခင်မောင်ရွှေထွန်းဦး ငြိတဲ့ကိစ္စကလည်း ခင်မောင်ရွှေထွန်းဦးရဲ့ နှာခေါင်းကြောင့်။
ခင်မောင်ရွှေထွန်းဦးရဲ့ နှာခေါင်းက ကြီးကြီးချွန်ချွန် ရှည်ရှည်ကောက်ကောက်ကြီး။
အဲဒါကို သာဖဲ့က အရက်ဆိုင်ထဲမှာ ခေါ်လိုက်တာက...
'ကြက်တူရွေး...'
ရိုက်ပြီပေါ့။ ဒါကိုကို
ကြက်ကြီးကြိုက်တယ်။ ရိုက်သင့်တယ်လို့ကို ကြက်ကြီး ထင်တယ်။ ဘာကြောင့်လဲဆိုတော့
ဘက်မလိုက် သေမင်းက 'ကကြီး' လိုင်း သီးသန့်ကိုင်နေတဲ့အချိန်မှာ ကကြီး
လိုင်းထဲက ကြက်တူရွေး... လို့ ခေါ်တာဆိုတော့...။
□
၄။
ဇာတ်လမ်းမဆုံးသေးဘူး။ 'ယုန်လေး' သေပြန်ပြီ။ သေဆုံးပုံက ယုန်လေး ဈေးသွားရင်း သူ့စက်ဘီးနဲ့ ယာဉ်ကြီးတစ်စင်း
မတော်တဆ ဝင်တိုက်မိရင်းက ယုန်လေး ဆုံးပါးသွားရှာတာပါ။ ယုန်လေး ဆုံးသွားတော့
ရပ်ကွက်ထဲက လူတွေပိုပြီး စိုးရိမ်ထိတ်လန့် ကြောက်ရွံ့ကုန်ကြတယ်။ ယုန်လေးသေတာ
လူတစ်ယောက် သေတာထက်မက ခံစားမှု ပိုကြတယ်။ ယုန်မို့။
အဲဒီနေ့က သာဒွန်းဦး မိန်းမ 'စိန်ဝေလျှံ'
သတိလစ်ပြီး လဲကျသွားတယ်။ ယုန်လေးက စိန်ဝေလျှံရဲ့ တူမလေး။
စိန်ဝေလျှံက သူ့တူမကို အသည်း။ သာဒွန်းဦးတို့မှာ သားသမီး မထွန်းကားတော့ စိန်ဝေလျှံက
ယုန်လေးကို နှလုံးသားတွေ ခါမတတ် ချစ်တယ်။ ယုန်လေးဆုံးတာနဲ့ စိန်ဝေလျှံကို အတော်လေး
ဆေးကုလိုက် ရတယ်။ စိန်ဝေလျှံကလည်း နှလုံးရောဂါ အခံရှိတာမို့ သာဒွန်းဦး အတော့်ကို
စိတ်ပူသွားရတယ်။
ယုန်လေးကိစ္စပြီးသွားတော့ စိန်ဝေလျှံ
အပြင်သိပ် မထွက်တော့ဘူး။ ဈေးလည်း မရောင်းတော့ဘူး။ အိမ်ထဲမှာပဲ အမြဲလိုလို တွေတွေငေးငေး၊
ယုန်လေးက တူမသာဆိုတာ သူ့အတွက် သမီးနဲ့မှ မခြားဘဲ။ စိန်ဝေလျှံ ခံစားရတာပေါ့။
ဒီနေရာမှာ သာဒွန်းဦး တော်တယ်လို့
ပြောရမှာပဲ။ သူကတော့ ဇနီးဖြစ်သူလို တွေတွေငေးငေး မဟုတ်ဘူး။ ရပ်ကွက်အတွက်
လုပ်သင့်တာတွေ သူဦးဆောင်လုပ်တယ်။ သူ့အိမ်မှာ ရပ်ကွက်ထဲက သက်ကြီးဝါကြီးတွေ
ဖိတ်ပြီးတိုင်ပင်တယ်။ ဘာလုပ်ရရင် ကောင်းမလဲဆိုတာတွေ ဆွေးနွေးကြတယ်။ ဒီအတိုင်းကြီး နေလို့တော့
မဖြစ်တော့ဘူးလို့ အားလုံးကလည်း နားလည်နေကြပြီ။ နောက်ဆုံးတော့
ဆွေးနွေးတိုင်ပင်မှုရဲ့ 'အဖြေ' က ထွက်လာတယ်...။
အဖြေက ရပ်ကွက်ဓမ္မာရုံမှာ သံဃာတော်တွေ
ပင့်ဖိတ်ပြီး အသံမစဲမဟာပဋ္ဌာန်းတော်ကြီးကို သုံးရက်တိတိ ရွတ်ဖတ်စေဖို့ဆိုတဲ့ အဖြေ။
စိန်ဝေလျှံကတော့ သူ့ခင်ပွန်း သာဒွန်းဦးနဲ့ ရပ်ကွက်လူကြီး တွေ တိုင်ပင်နေကြတာကို
ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်ငြိမ်လေးပဲ နားထောင်နေရှာတယ်။
ကိုသာဒွန်းဦးနဲ့ ရပ်ကွက်
လူကြီးတွေကတော့ သူတို့ လုပ်စရာရှိတာတွေကို ဆက်လုပ်ကြတယ်။ မဟာပဋ္ဌာန်းတော်ကြီးကို
အကျိုးသက်ရောက်စေလိုတဲ့ နယ်ပယ်အဖြစ် ရပ်ကွက်ထဲက အိမ်တိုင်းရဲ့ ရှေ့မှာ
ထုံးဖြူဖြူတွေ တားထားတယ်။ အဲဒီ ထုံးဖြူဖြူလိုင်းဆွဲထားတဲ့ မျဉ်းကြောင်းဟာ
သာဒွန်းဦးနဲ့ စိန်ဝေလျှံတို့ အိမ်ရှေ့မှာ အဆုံးသတ်ပါတယ်။ သူတို့ အိမ်ကလည်း
ရပ်ကွက်ရဲ့ ထိပ်ဆုံးအိမ်ကိုး...။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အသံမစဲ
ပဋ္ဌာန်းရွတ်ဖတ်သံက အန္တရာယ်ဇုန်ထဲက ရပ်ကွက်ကလေး အပေါ်ကို ပိုင်ပိုင်နိုင်နိုင်
အုပ်မိုးထားလိုက်နိုင်ပါပြီ။ တစ်ရပ်ကွက်လုံးလည်း စိတ်ချမ်း သာမှုတွေ ရကုန်ကြတယ်။
အဲသလို ပဋ္ဌာန်းရွတ်လို့
သုံးရက်မြောက်မယ့် ညမှာ စိန်ဝေလျှံ စောစောအိပ်ရာဝင်ပါတယ်။
ပဋ္ဌာန်းရွတ်ဖတ်သံတွေကြားမှာ သူ ကောင်းစွာ အိပ်ပျော်သွားပြီ ဖြစ်ပါတယ်။ ဘယ်တော့မှ
သူ မနိုးတော့ပါဘူး။ သူမ လုံးဝ အိပ်စက်သွားတဲ့အချိန်ဟာ ပဋ္ဌာန်းတော်ကြီး
ရွတ်နေတဲ့အချိန်လား၊ ဒါမှမဟုတ် ပဋ္ဌာန်းတော်ကြီး ရွတ်ဖတ်ပြီးသွားတဲ့
အချိန်လားဆိုတာ တခြားလူတွေမပြောနဲ့၊ သာဒွန်းဦးတောင် မသိလိုက်ဘူး။
အဲဒီလို တိရစ္ဆာန်နာမည် မဟုတ်တဲ့ 'စိန်ဝေလျှံ'
ကွယ်လွန်သွားတော့ ကျန်ရစ်တဲ့ လူတွေအကုန်လုံး ခေါင်းရှုပ်ကုန်ကြတယ်။
သာဒွန်းဦး နှုတ်ခမ်းတွေ 'ခွေ' သွားတယ်။
ရပ်ကွက်ထဲကလူတွေ က သေမင်းကို
ဝေဖန်တယ်။ 'သေမင်း...လိုင်း ကြောင်သွားပြီ...'
□
၅။
ဒီကနေ့ဆို မစိန်ဝေလျှံ ဆုံးတာ
သုံးနှစ်ပြည့်သွားပြီ။ ကိုသာဒွန်းဦးကတော့ သူ့ဇနီးသည်အတွက် သုံးနှစ်မြောက်အဖြစ်
ကောင်းမှုကုသိုလ်တွေကို ထူးထူးကဲကဲ ပြုလုပ်ပါတယ်။
ကိုသာဒွန်းဦးဟာ အချိန်ရဲ့
ကုစားမှုကြောင့် 'အရင်သာဒွန်းဦး' တောင် ပြန်ဖြစ်လာပါပြီ။ အခုတော့လည်း
အရင်ကလို ဒိုင်ယာလော့ခ်တွေနဲ့ သာဒွန်းဦးပေါ့။ အမှန်တော့ ဒီသုံးနှစ်အတွင်းမှာ
သူဟာ...
'ဝိပါကဝဋ်သည် ပြုမှုကံ၏
အကျိုးသက်ရောက်ခြင်းဖြစ်ပြီး၊ ဆွေးမြည့်ပျက်ပြုန်းဖို့သာ ဖြစ်ခဲ့၍ ဆွေးနယ်မည်၏...'
ဆိုတဲ့ ကျမ်းစာ၏ အသိပေးမှုကိုလည်း သူ ဖြတ်သန်းခဲ့ပြီး ဖြစ်တယ်။
ကျမ်းစာပါ 'ဆွေးနယ်'
ကိုလည်း သူရော သူ့ရပ်ကွက်ကလေးပါ လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့
အားလုံးဟာဆွေးနယ်ရဲ့ နယ်သားများ မဟုတ်ကြတော့။
သုံးနှစ်ပြည့်ကောင်းမှု
ကုသိုလ်ပွဲအပြီးမှာ ကိုသာဒွန်းဦးတစ်ယောက် ရပ်ကွက်က သူငယ်ချင်းတစ်စုရဲ့
အင်တာဗျူးနဲ့ ရင်ဆိုင်နေရပါတယ်။ ကိုသာဒွန်းအတွက် အင်တာဗျူးမေးခွန်းက...
'လွန်ခဲ့တဲ့ သုံးနှစ်
တိရစ္ဆာန်နာမည်တွေ ရွေးသေတဲ့ အထဲမှာ မင်းမိန်းမ စိန်ဝေလျှံက ဘာကြောင့် ကြား
ညှပ်သွားရတာလဲ...'
အမှန်တော့ ဒီမေးခွန်းက
အားလုံးသိချင်နေကြတဲ့ မေးခွန်းဖြစ်မှန်း ကိုသာဒွန်းဦး သိပါတယ်။ ပူပူနွေးနွေးတုန်းက
မေးလို့မကောင်းလို့ မမေးခဲ့တာကိုလည်း ကိုသာဒွန်းဦး သိပါတယ်။ အခုတော့
အများသိချင်ကြတဲ့ ဒီမေးခွန်းကိုလည်း ကိုသာဒွန်းဦး ဣန္ဒြေမပျက် ဖြေနိုင်မယ့်
အနေအထား ရောက်နေပြီပဲ။ ကိုသာဒွန်းဦး ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့နဂို
ပုံစံရွှတ်နောက်နောက်နဲ့
'ငါတော့ကွာ...သေမင်း
မြင်းပွဲကြည့်တာ သိပ်အံ့သြတယ်၊ ပြီးတော့ သေမင်းကိုယ်တိုင် မြင်းပွဲရှုံးဖူးပုံ
ရတယ်...'
ကိုသာဒွန်းဦးက သူ့
ပြောနေကျစတိုင်လ်အတိုင်း လိုရင်းမရောက်ခင် 'ဝိုက်' လိုက်သေးတယ်။ အဲသလို စကားလုံးပေါပေါနဲ့ ဘယ်ဝိုက် ညာဝိုက်တွေ လုပ်ပြီး
မှ...
'စိန်ဝေလျှံဆိုတဲ့ နာမည်က
မန္တလေး မြင်းပွဲခေတ်မှာ မတရား နာမည်ကြီးခဲ့တဲ့ ပြိုင်မြင်းမလေး တစ်ကောင်ရဲ့
နာမည်ပေါ့။ ကျွန်တော့် ယောက္ခမအထီးကြီးက မြင်းပွဲမှာ စိန်ဝေလျှံလောင်းလို့
မြင်းပွဲနိုင်တဲ့နေ့မှာ သူ့သမီးမွေးလို့ ကျွန်တော့်မိန်းမကို စိန်ဝေလျှံ
နာမည်ပေးခဲ့တာ။ ကိုင်းရှင်း ပြီမဟုတ်လား...'
မှန်ပါတယ်။ ကိုသာဒွန်းဦးဆိုတာ
ဘက်မလိုက်မှုနဲ့ ပတ်သက်ရင် အဲသလောက် သေမင်းခရေဇီပါ ဆိုနေမှ...။
ဒါပေမယ့် ရပ်ကွက်ထဲက
အပြီးအပိုင်လစ်သွားတဲ့ 'ကိုကြက်ကြီး'ရဲ့ သတင်းကတော့ အခုအချိန်အထိ ဘာမှ
အစအနကို မရသေးဘူး။
▀
ကိုငြိမ်း၊မန္တလေး၊
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်