စိန်ဥမယ်
'ကျော်ဒွန်းရေ'
'ဟေ့...ကျော်ဒွန်း'
အိမ်ရှေ့က
ခေါ်သံများကြောင့် ဖျတ်ခနဲ လန့်နှိုးသွားသည်။ အပျင်းတစ်ချက် ဆန့်ပြီး တစ်ဖက်စောင်း
အိပ်လိုက်သည်။
'ကလင်၊
ကလင်'
'ကလင်၊
ကလင်'
စက်ဘီးလေးငါးစီးမှ
ပြိုင်တူတီးလိုက်သည့်အသံက တစ်လမ်းလုံး ညံသွားသည်။
'ကျော်ဒွန်း၊
ဇိမ်လုပ်မနေနဲ့နော်။ ဈေးအချိန်မမီဘဲ နေလိမ့်မယ်'
ထွန်းမြင့်က
အသံသြကြီးနှင့် အော်ပြောသည်။
'သား...
ထတော့လေ၊ အဖော်တွေ လာခေါ်နေကြပြီ'
အိပ်ပျော်နေသည်
ထင်၍ အမေက အနားလာနှိုးရင်း နဖူးကို စမ်းသည်။
'ဟင်...ကိုယ်တွေ
ပူနေပါလား၊ သား နေမကောင်းဘူးလား'
အမေက
စိုးရိမ်စွာ မေးသည်။ အမေစိတ်ပူနေမှာ စိုး၍ အိပ်ရာမှ အသာလူးလဲ ထလျက် ပြန်ပြောရသည်။
'ဘာမှမဖြစ်ပါဘူး
အမေ'
'ဘာမှမဖြစ်ဘူးသာဆိုတယ်၊
ကိုယ်တွေ ပူနေပါလား'
'ပါရာစီတီမော့
တစ်လုံးလောက် သောက်လိုက်ရင် ပျောက်သွားမှာပါ အမေ'
'ဒီနေ့
သားမသွားရင် ကောင်းမယ် ထင်တယ်' 'ဘယ်ဖြစ်မလဲ အမေရယ်၊ ပဲသီးတွေက အများကြီး၊ တော်ကြာ ရော်ကုန်ရင် ခက်ရချည့်၊
ရုံးပတီသီးနဲ့ နံနံပင်တွေက ပါသေးတယ်'
'ဒါပေမယ့် သားမှ
နေမကောင်းတာ၊ အမေ ဒီက ဈေးလေးမှာပဲ ရသလောက်နဲ့ ရောင်းလိုက်မယ်'
'ဟာ...အမေ ရောင်းလို့
ဘယ်ဖြစ်မလဲ'
ပြောရင်း
အထုပ်တစ်ထုပ်ကို စက်ဘီးနောက်ခုံပေါ် တင်ချည်လိုက်သည်။ နောက်နှစ်ထုပ်ကိုတော့ စက်ဘီး
တစ်ဖက်တစ်ချက်စီ ခွစည်း ချည်လိုက်သည်။ ရှေ့ဘားတန်းမှာတော့ ထမ်းဘူးနှင့်
စက်ဘီးပြင်သည့် ပစ္စည်းကိရိယာလေးများ ထည့်ထားသောအိတ်ကို သေချာပူးတွဲ ချည်လိုက်သည်။
ကိုယ်လက်တွေ
ကိုက်ခဲနေသည်။ ခေါင်းထဲလည်း မူးရိပ်ရိပ် ဖြစ်နေသည်။ အမှန်ဆို ဒီနေ့
နားလိုက်ချင်သည်။ သို့သော် မဖြစ်။ ကုန်တွေက ယူပြီးသား ဖြစ်နေသည်။ ညအိပ်ရာဝင်ကတည်းက
ဖျားချင်တင်တင် ဖြစ်နေသည်။ အမေ စိတ်ပူမှာ စိုး၍သာ ဘာမျှမပြောဘဲ အိပ်ရာထဲ
ဝင်ခဲ့သည်။ လူက မထူချင်။
မသွား၍လည်း မဖြစ်။
ကိုယ့်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသည်။ ဒီရာသီကုန်လေးတွေ ကယ်နေ၍သာ တော်တော့သည်။ မိုးတွင်းဆို
သူများ အိမ်ငှား။ နွေဆိုရင်တော့ ရာသီကုန်လေးတွေ လိုက်ကောက်၊ မြို့တက်ရောင်းမို့
အားရသည် မရှိ။
ဆိုးတော့ မဆိုး။ ပဲသီးက
ရွာမှာဆို တစ်ရာကို ခုနစ်ဆယ်၊ ပေါ်စဆို တစ်ရာ ပေးရတယ်။ မြို့ဈေးမှာ
ဖောက်သည်ပေးရင်တောင် တစ်ရာကို တစ်ရာ့ငါးဆယ်၊ တစ်ရာ့ရှစ်ဆယ် ရှိသည်။ ကျွန်တော်တို့က
ပါလာသည့်ကုန်ကို ဖောက်သည် မပေးကြဘဲ ကိုယ့်ဟာကိုယ် ရောင်းကြသည်။ ဒီတော့
အမြတ်များများကျန်သည်။ မြို့ကို ဈေးအမီရောက်အောင် သွားရသည်။ မနက် ၄ နာရီလောက်
ဈေးကို ရောက်မှ အဆင်ပြေသည်။ ဒီမှာက မနက်ဈေးပဲ ရှိသည်။ မနက် ၉ နာရီခွဲလောက်ဆို
ဈေးကွဲပြီ။ ဈေးမကွဲခင် ပါလာသည့် ပစ္စည်းတွေကို ကုန်အောင် ရောင်းကြရသည်။ မကုန်တော့
မရှိ။ ပါသမျှ ကုန်တာချည်းဖြစ်သည်။ ဈေးကွဲခါနီးထိ ကျန်နေလျှင်တော့ ဈေးကိုင်နေ၍
မဖြစ်တော့။ အရင်းအတိုင်းပဲ ဖြစ်ဖြစ်၊ အရှုံးခံ၍ဖြစ်ဖြစ် ရောင်းရသည်။
ကိုယ့်ပစ္စည်းက အထားခံသည့်ပစ္စည်း မဟုတ်။ ပြန်သယ်၍ လည်း မဖြစ်။ တစ်နေ့စာ
ကုန်အောင်ကို ရောင်းရသည်။ ဘယ်လိုပဲ ရောင်းရောင်း ကိုယ့်ဖို့ကတော့ ကျန်တာချည်း
ဖြစ်သည်။
မြို့ဈေးကို မီရန် ရွာမှ ည ၁၁
နာရီလောက်ဆို စထွက်ကြရသည်။ စက်ဘီး ငါးစီး၊ ခြောက်စီး စုပြီး သွားကြသည်။
ချမ်းတယ်၊ စီးတယ်၊ ပူတယ်၊ အေးတယ်။
ကျွန်တော်တို့မှာ မရှိ။ ဒါ တစ်နေ့အလုပ်မဟုတ်။ ရာသီကုန် မတုံးမချင်း လုပ်ကြရသည်။
သည်လောက် ပင်ပင်ပန်းပန်းလုပ်ရ၍
အစားကောင်း စားရသည်တော့ မထင်နှင့်။ တစ်ခါတလေများ မြို့ဈေးက လက်ဖက်ရည်ဆိုင်ကလေးမှာ
ထိုင်ပြီး သောက်ချင်စိတ်ကို မနည်း ချုပ်ထားရသည်။
အမေ ထည့်ပေးသည့် ထမင်းမာခေါက်ခေါက်ကို
လည်ပင်း မနင်အောင် မနည်း မျိုချရသည်။ ဟင်းကတော့ ငါးပိကြော်က များသည်။ ကျန်တဲ့လူတွေရဲ့ထမင်းချိုင့်ကလည်း
ကိုယ့်နှယ်ပင်။ ဒါပေသိ မောလို့လား မသိ။ သူငယ်ချင်း လေးငါးယောက်
ဝိုင်းစားလိုက်လျှင် ဖြုတ်ခနဲ ကုန်သွားသည်။ အမေ ဟင်းထည့်မပေးသည့်နေ့ဆို အကြော်
ဝယ်စားလိုက်သည်။ အကြော်သည်ကလည်း ကိုယ်နှင့် ရင်းနှီးနေသဖြင့် ပိုသာပေးသည်။
ကိုယ့်မှာပါတဲ့ အသီးအနှံတွေကိုလည်း သူတို့ ဝယ်သည့်အခါ ပိုသာပေး ရသည်။ အလကားပေးတန်
ပေးရသည်။ ဒီလိုပဲ ဈေးသူဈေးသားအချင်းချင်း ခင်မင်ရင်းနှီးအောင် နေရသည်။
တောက တက်လာရောင်းမှန်းသိသဖြင့် သနား၍
အားပေးသူတွေလည်း ရှိသည်။ တချို့ကတော့ တောသည်ဆိုပြီး ခပ်ပေါပေါ လိုချင်၊
နှိမ်ချင်သူတွေလည်း ရှိသည်။ လူက အမျိုးမျိုးမို့လား။
ဖောက်သည် မပျက်အောင်တော့ ဒီလိုပဲ
အခြေအနေကို ကြည့်ရောင်းကြရသည်။ ကိုယ့်မှာက အမေအိုကြီးနှင့် ဒီနှစ် ၁ဝ တန်း ဖြေမည့်
ညီမလေးတာဝန်က ရှိသေးသည်။
ဒီကြားထဲ အမေက ကျန်းမာရေး
သိပ်မကောင်း။ လူကြီးဆိုတော့ တစ်နေ့ရွှေ၊ တစ်နေ့ငွေ။ အမေ့ဆေးဖိုး၊ ညီမလေး
ကျောင်းစရိတ်နှင့် တစ်နှစ် တစ်နှစ်ကို မနည်းရုန်းနေရသည်။
တစ်ရက် ဈေးမထွက်နိုင်လျှင် တစ်ရက်စာ
ခက်မည်။ ဒီတော့ တော်ရုံအဖျား အနာလောက်ကို စာဖွဲ့ မနေနိုင်။ သွားရင်း၊ လာရင်း၊
ရောင်းရင်း၊ ချရင်းနှင့်ပင် အဖျားက ဘယ်ဆီရောက်သွားမှန်း မသိတော့။
စက်ဘီးကို တွန်းထွက်တော့ ခေါင်းထဲ
မိုက်ခနဲ ဖြစ်သွားသည်။ စက်ဘီးရော လူပါ ယိုင်သွားသည်။
မြင့်ထွန်းက အမြန်ဖမ်းထိန်းလိုက်၍သာ
တော်တော့သည်။
'ဘာလဲ၊ မင်း နေမကောင်းဘူးလား
ကျော်ဒွန်း'
'နည်းနည်းပါကွာ'
'မင်း မသွားနိုင်ရင် နေခဲ့၊
ငါတို့ မင်းကုန်တွေ ယူ သွားမယ်'
အောင်ရှိန်က ဝင်ပြောသည်။
ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်
ကျွန်တော်တို့ ကူညီနေကျ။ သွားရင်း လမ်းခရီးမှာ စက်ဘီးပျက်လျှင် ပါလာသည့်
ကိရိယာလေးတွေနှင့် ဝိုင်းပြင်ကြသည်။ တော်ရုံတန်ရုံတော့ ကိုယ့်ဟာ
ကိုယ်ပြင်တတ်ကြသည်။ ဟဲ...ပြင်လို့မရတော့ဘူး ဆိုရင်တော့ ပျက်တဲ့စက်ဘီးက ကုန်တွေကို
ကျန်တဲ့ စက်ဘီးတွေပေါ် မျှတင်ပြီး ဈေးအမှီ အားသွန်နင်းကြရသည်။ သူ့ကို စောင့်နေ၍
မဖြစ်။ ထားခဲ့။ သူ့ဟာသူ မြို့စက်ဘီးပြင်ဆိုင်ရောက်အောင် တွန်းရင်တွန်း၊
နင်းချင်နင်း၊ ကြည့်သာ လုပ်လာတော့။
မြို့ဈေးရောက်ရင်
စက်ဘီးပျက်သူရဲ့ပစ္စည်းကို အရင်ရောင်းပေးရသည်။ ပြီးမှ ကိုယ့်ပစ္စည်းကို ရောင်းကြရသည်။
ဒါ လုပ်နေကျ အလုပ်။
တစ်ယောက် စက်ဘီးပျက်လို့
မျှသယ်ရပြီဆိုလျှင်တော့ မစားသာကြတော့။ သည်ဒုက္ခကို သိသည်။ လမ်းတစ်ဝက်ကဆို
တော်သေးသည်။ ယခု ရွာကစပြီး သယ်ရမည်ဆိုလျှင် အသက် မထွက်ရုံတမယ် နင်းကြရမည်။
အားနာသည်။
'ရပါတယ်ကွာ၊ ဘာမှ မဖြစ်ပါဘူး'
ပြောရင်း စက်ဘီးပေါ် ခုန်တက်လိုက်သည်။
'အမေ ဘာမှ စိတ်မပူနဲ့။
ဝင်းမှီတို့ ပဲသီးလာပေးရင် ယူထားလိုက်'
နောက်တစ်နေ့စာအတွက် လာပေးမည့်
ပဲသီးကို မယူဘဲနေမှာစိုး၍ အမေ့ကို လှမ်းမှာရသေးသည်။
အိမ်ထဲ ပြန်မဝင်သေးဘဲ အိမ်ရှေ့ကနေ အမေ
ရပ်ကြည့်နေသည်။
ဒီည အမေ အိပ်ပျော်တော့မှာ မဟုတ်တော့။
□
'မင်း မနင်းနိုင်တော့ဘူးလား'
ထွန်းမြင့်က နောက်လှည့် ပြန်မေးသည်။
ခါတိုင်းဆို ကျွန်တော့်စက်ဘီးက
ရှေ့ဆုံးက ပြေးနေကျ။ ခုနောက်ဆုံးက ဖြစ်နေသည်။ နေမကောင်းတာရော၊ အိပ်ချင်တာရော၊
ရောနေသည်။ ကားလမ်းပေါ်ကို ရောက်လာသဖြင့် သတိထား နင်းနေရသည်။
ပြောရင် ယုံမှာမဟုတ်။ တစ်ခါတလေ
စက်ဘီးစီးရင်း အိပ်ငိုက်နေသည်။ ခြေကသာ နင်းနေသည်။ သတိက မရှိ။ ကားဟွန်းသံကြားမှ
လန့်နိုးသွားသည်။
ဒါတွေကို အမေ့ ပြန်မပြောခဲ့။ အမေက
သိပ်စိတ်ပူတတ်သည်။
'ပင်ပန်းပါတယ် သားရယ်၊
ဒီအလုပ်ကို မလုပ်ပါနဲ့' ဟု အမေ မကြာခဏ ပြောတတ်သည်။
တကယ်တော့ အမေလည်း အငြိမ်မနေရ။ နေမကောင်းတဲ့ကြားက
ကုန်လိုက်ဝယ်ရသေးသည်။ ကျောင်းဆင်းချိန်ဆို ညီမလေးကလည်း အမေနဲ့အတူ လိုက်ဝယ်ရသည်။
ညဆိုလည်း ပဲသီးစည်းရ၊ ရုံးပတီသီး၊ ခရမ်းသီးတွေ အကြီးအသေးရွေးရ၊ ခွဲရနဲ့ မအားရ။
နောက်တစ်နေ့ ကျွန်တော် ဈေးထွက် ရန်အတွက် အိမ်ကနေ အသင့်ပြင်ထားကြရသည်။
ကျွန်တော်တို့က ည ၁၁ နာရီ ထွက်သည်။ နောက်တစ်နေ့ ၁ နာရီမှ ပြန်ရောက်ကြသည်။
ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ ထမင်းစားပြီး တစ်ရေး အိပ်ရသည်။ ပြီးတာနဲ့ အမေ
မလိုက်နိုင်တဲ့ ဝေးတဲ့ခြံက ကုန်တွေကို ကျွန်တော် ကိုယ်တိုင် လိုက်ကောက်ရသည်။ ညဆို
အမေတို့၊ ညီမလေးတို့နှင့်အတူ ကူစည်း၊ ချည်ရသေးသည်။ ကျွန်တော် တို့မှာ တစ်နေ့
အိပ်ချိန် ၃ နာရီ၊ ၄ နာရီလောက်သာ ရှိသည်။ ဒီတော့ စက်ဘီး နင်းရင်း အိပ်ငိုက်တာ
မဆန်းတော့၊ စက်ဘီးနင်းလျက် ကျွန်တော်တို့ အိပ်တတ်နေလေပြီ။
မအိပ်ချင်အောင် ကော်ဖီမစ်ထုပ်ကလေးတွေ
ဆောင်ထားကြသည်။ သိပ်အိပ်ငိုက်လာလျှင် ကော်ဖီမစ်ထုပ်ကလေးတွေကို ဖောက်ပြီး ဒီအတိုင်းပါးစပ်ထဲ
မော့ထည့်ပြီး ပါလာသည့်ရေနှင့် မျောချလိုက်သည်။ ဒါဆို အိပ်ငိုက်ပြေသွားသည်။
ရေနွေးနှင့် ဖျော်တာတို့၊ ဘာတို့ မလုပ်နိုင်။ ရေနွေးလည်း တကူးတက မသယ်နိုင်ကြ။
မောရင်သောက်ဖို့ ရေပုလင်းလေးတော့ မဖြစ်မနေ သယ်ကြရသည်။
စက်ဘီးပေါ်မှာ ကုန်က အပြည့်။ တစ်ခါတလေ
ငှက်ပျောသီးတို့၊ ရှောက်ပန်းသီးတို့ပင် ပါသေးသည်။ ကွမ်းတွေပါတဲ့အခါလည်း ပါသည်။
မြို့မှာ ရောင်းရတဲ့ အပေါ်မူတည်ပြီး ကုန်ကို ယူ ကြရသည်။ ဈေးမှာ ပဲသီးလှိုင်နေလျှင်
တခြားခရမ်း ကျွတ်သီးတို့၊ မုန်လာဥတို့ သယ်ရသည်။ စက်ဘီး တစ်စီးကို အချိန် သုံးဆယ်၊
လေးဆယ် ပါအောင် သယ်ကြရသည်။ ဒီတော့ အပိုဆာ ဒါးတွေ ဘာမှ မသယ်နိုင်။
အစကတော့ စောင်ပါးလေးတွေ သယ်သေးသည်။ တစ်ခါတလေ
ဈေးကို မနက် သုံးနာရီခွဲလောက် ရောက်နေတတ်သည်။ ဒီအခါ ဈေးဆိုင်အလွတ်တွေပေါ်မှာ
ကျွန်တော်တို့ အိပ်ကြသည်။ လေက တဟူးဟူးနှင့် ချမ်းလိုက်သည့် ဖြစ်ခြင်း။ ဒါကြောင့်
စောင်ပါးလေးတွေ သယ်ကြသည်။ နောက်တော့ ကုန်တွေက များလာသဖြင့် မသယ်ကြတော့။
စောစောရောက်နေလျှင် ပုဆိုး ခေါင်းမြီးခြုံပြီး အိပ်လိုက်ကြသည်။ စက်ဘီးကို သုံး၊
လေးနာရီ နင်းလာရသဖြင့် လူတွေက ပန်းနေသည်။ မောမောနှင့် အိပ်လိုက်လျှင် တချိုးတည်း။
ဆိုင်ရှင်တွေ လာနှိုးမှ နိုးတော့သည်။
ထမင်းတစ်လုတ်အတွက် ကျွန်တော်တို့
သည်နှယ် အလုပ်လုပ်ကြရသည်။ ဒါတောင် ကျွန်တော်တို့မှာ အရင်းစိုက်ထုတ်ဝယ်နိုင်သူများ
မဟုတ်ကြ။ အားလုံး ခေါက်ပြန်ကြေး ဝယ်ရောင်း နေကြရသည်။ ခြံရှင်တွေဆီက အကြွေးယူ၊
ရောင်းပြီး ညနေမှ ငွေပြန်ရှင်း။ နောက်တစ်နေ့အတွက် ထပ်ယူကြ။ ဒီလိုနှင့် သံသရာ
လည်နေကြသည်။
ဒီတော့ တစ်နေ့မထွက်လျှင်မဖြစ်။ ကိုယ်
ပြန်မှဆန်ဝယ်၊ ဆီဝယ်ရသည်။ ကျွန်တော်တို့ ပြန်မရောက်မချင်း
ထမင်းမချက်ရသေးသည့်အခါတွေက ရှိသေးသည်။ ကျွန်တော့်အိမ်မှာ လူသုံးယောက်ရှိသည်။
သည်သုံးယောက်စလုံး လက်ရော၊ ခြေရော အငြိမ်မနေကြရ။ ဒီလောက် လှုပ်ရှားနိုင်မှ
တန်ကာကျသည်။ စိတ်တော့ မပျက်။ ဒီမှာ ကိုယ့်လိုလူတွေချည်း ဖြစ်သည်။ ကျန်းကျန်း
မာမာနှင့် လုပ်နိုင်လို့ကတော့ ဘာမျှမကြောက်၊ ပူစရာ မလို။ အဲ...ဖျားရင်တော့
နာပြီသာမှတ်ရော့။
အားစိုက် နင်းသည့်တိုင် စက်ဘီးက
နှေးနေသည်။ စက်ဘီးကို အသာရပ်လိုက်သည်။
'မင်း မနင်းနိုင်တော့ဘူးလား'
ထွန်းမြင့်က ထပ်မေးသည်။
'ခဏ နားတာပါကွာ'
'ဒါဆို မင်း
ဖြည်းဖြည်းလိုက်ခဲ့။ ငါတို့ သွားနှင့်မယ်။ ပြီးရင် ပြန်လာကြိုမယ်'
'အေး'ဟု
ပြောလိုက်သည်။ သူတို့ ဆက်နင်းသွားသည်။ ကော်ဖီမစ်တစ်ထုပ်ကို ဖောက်ပြီး ရေနှင့်
မျောချလိုက်သည်။ ပါရာစီတမော့တစ်လုံးကိုလည်း ကွိခနဲနေအောင် မျိုချလိုက်သည်။ ရောက်ဖို့
သိပ်မလိုတော့။
ရှေ့ကလူတွေကို မီအောင်
အားကုန်နင်းလိုက်သည်။ လမ်းဆုံမှ ကားတစ်စီး အရှိန်နှင့် ထိုးထွက်လာသည်။
ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။
မျက်စိထဲ မီးတောက်သွားသည် ထင်ရသည်။ စက်ဘီးတခြား၊ လူတခြား ဖြစ်သွားသည်။
'ကျော်ဒွန်း၊ ကျော်ဒွန်း'
'ကျော်ဒွန်း၊ ကျော်ဒွန်း'
ထွန်းမြင့်တို့၊ အောင်ရှိန်တို့
အသံတွေကို ကြားနေရသည်။ မျက်လုံးကို အားယူ၍ ကြည့်သည်။ ကျွန်တော့်ကုန်တွေ လမ်းမပေါ်
ပြန့်ကျဲနေသည်။ ခြံရှင်ကို ဘယ်လို ပြန်ရှင်းရပါ့။
အိမ်ရှေ့တွင် ရပ်မျှော်ကျန်ခဲ့သော
အမေ့ကို ပြန်မြင်သည်။
ညီမလေး မျက်နှာကို ရိပ်ခနဲ
မြင်လိုက်သည်။
ခေါ်သံတွေ တဖြည်းဖြည်း ဝေးသွားသည်။
လောကကြီး တစ်ခုလုံး မှောင်ကျသွားလေသည်။
▀
စိန်ဥမယ်
(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်