ရွှေဝတ္ထု

ခြေထောက်များ

ယဉ်ယဉ်နု ၊မန္တလေး၊

01 March 2025
ခြေထောက်များ
Share to

မနက် အရုဏ်တက်ပြီဆိုတာ တစီစီအော်နေတဲ့ ငှက်သံတွေကြောင့် ကျုပ်သိတယ်။ အိပ်ရာက ထရတော့မယ်။ ဒါပေမယ့် ဘာအလုပ်မှ လုပ်စရာမရှိလို့ အဓိပ္ပာယ်မဲ့နေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အိပ်ရာက နိုးထနေတာ အိပ်နေတာ ဘာများ ထူးခြားမှာတဲ့လဲ။ ဟုတ်တယ်၊ ကျုပ် မျက်စိရောဂါဖြစ်လို့ အလုပ်က အနားယူရပြီးကတည်းက လူတွေရဲ့မျက်နှာတွေကို မမြင်ရတာ ဘယ်လောက်ကြာပြီတဲ့လဲ။ ဒါပေမယ့် ဘယ်လို ကုသိုလ်ကံလည်း မသိ၊ လူတွေရဲ့ ခြေထောက်တွေကိုတော့ ကြံကြံဖန်ဖန် ထင်ထင်ရှားရှား မြင်နေရတယ်လေ။ နားရှုပ်သွားမလား မသိဘူး။ ဒီလိုပါ။ မျက်စိ အမြင်အာရုံ ဆိုတာကလည်း ဆန်းကြယ်သားလား။ လုံးဝ ကွယ်သွားတယ်ဆိုရင်တော့ လောကကြီးကို ကန့်လန့်ကာ ချပြီး ပိတ်ပစ်လိုက်ပြီလို့ ကဗျာဆန်ဆန် ပြောရင်ရတယ်။ အခု ကျုပ်အဖြစ်က ကန့်လန့်ကာက တစ်ဝက်တစ်ပျက်ပဲ ချသလို အမြင်အာရုံက တစ်ဝက်တစ်ပျက်ပဲ ကွယ်တာမို့ လူတွေကို ခါးလောက်ထိ မမြင်ရဘဲ ကွယ်နေတယ်။ ခါးအောက်ပိုင်းကနေ မြေကြီးအထိတော့ မြင်ရတယ်။ ကောင်းကြသေးရဲ့လား ကျုပ်ဘဝမှာ လူတွေကို မမြင်ရဘဲ ခြေထောက်တွေကိုချည်း မြင်နေရတာ တော်တော်ကြာခဲ့ပြီ။ ဖြစ်စတုန်းကတော့ လန့်လန့်ဖျပ်ဖျပ် ကြောက်တာပေါ့။ ဟိုဆေးရုံပြ ပိုက်ဆံတွေကုန်၊ စုန်းတွေ၊ နတ်တွေ၊ ရွာတော်ရှင်တွေတောင် ပါသေး။

ဒါပေမယ့် အချိန်ကာလ ကြာလာတာနဲ့အမျှ ရောဂါက မပြောင်းလဲတော့ စိတ်ကို တုန်းတုန်း ချလိုက်ရတယ်။ ဒီတစ်သက်တော့ ခြေထောက်တွေနဲ့ပဲ အချိန်ကုန်ရတော့မှာပေါ့။ စိတ်လည်း ဖြေနိုင်သွားပါပြီ။ အခုဆို ဟိုနား၊ ဒီနား လမ်းထိပ် လက်ဖက်ရည်ဆိုင်ဘက် ထွက်တာတို့၊ ဈေးဘက်

လမ်းလျှောက်တာတို့ တစ်ယောက်တည်း လုပ်နိုင်နေပြီ။ အိမ်က အမေကြီးကတော့ သတိတရားထားဖို့၊ အပြင်မထွက်ဖို့ တားရှာတယ်။ ကျုပ်ဆိုတဲ့ ကျုပ်ကလည်း အပြင်လေကလေး နည်းနည်းရှူလိုက်ရမှ ကျေနပ်တယ်။ အခုလည်း မျက်နှာသစ်၊ အဝတ်အစားလဲပြီး လမ်းထိပ် လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သောက်ဖို့ ထွက်ခဲ့တယ်။

            ဆိုင်ထဲရောက်တော့ ထိုင်နေကျ ထောင့်စားပွဲကို လျှောက်ခဲ့တယ်။ ဟင်...ထောင့်စားပွဲမှာ အမျိုးသမီးနှစ်ယောက် ထိုင်နေကြပါလား။ သူတို့နားမှာ ခုံလွတ်ရှိပေမယ့် မထိုင်တော့ဘဲ ကပ်လျက်စားပွဲမှာပဲ အသာလေး ဝင်ထိုင်လိုက်တယ်။ နှစ်ယောက်စလုံး ပြောလက်စ စကား ရပ်သွားတယ်။ ကျုပ်ကို လှမ်းကြည့်ကြတယ် ထင်ပါရဲ့။ အသက် ၇ဝ ကျော် မှုန်တိမှုန်မွှား အဘိုးကြီးမှန်းသိတော့ သူတို့ စကားဆက်ပြောနေကြတယ်။ ကျုပ်လည်း စားနေကျ အီကြာကွေးကို လက်ဖက်ရည်နဲ့ သောက်ရင်း ဆောင်းဘောက်က ဖွင့်နေတဲ့ သင်္ကြန်သီချင်းသံထဲက တူးပို့၊ တူးပို့ ဒိုးချက်တွေ နားထောင်ရင်း စိတ်မကောင်းဖြစ်လာပြန်ရော။ သင်္ကြန်အကတွေကို ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့လို့လေ။ 'အဲဒါ ပြောစမ်းပါဦး တင်ရီရယ်၊ နင် ဘယ်နေ့ပေးမှာလဲ' နားထဲကို ညက်ညက်နဲ့ အသံအေးအေးလေး ဝင်လာလို့ လှမ်းကြည့်လိုက်တယ်။ အသံလေးက အေးချမ်းလို့ ရုပ်ကလေးက အေးချမ်းမှာပဲထင်တာ ဘယ်မှာ မြင်ရလို့လဲ။ ခွေးခြေပေါ်မှာ ထိုင်နေတဲ့ ကိုယ်လေးတခြမ်းကိုပဲ မြင်ရတယ်။ အရိပ်ပန်း စိမ်းပြာရောင် ခပ်နွမ်းနွမ်း ခါးအတိ မြန်မာအင်္ကျီလေးကြောင့် သေးသေးကျင်ကျင် ခါးကလေးကို နွဲ့နွဲ့လေး မြင်နေရတယ်။ မာဆရိုက်လုံချည် ခပ်နွမ်းနွမ်းလေးနဲ့ မှန်းကြည့်ရရင် လေး ဆယ်ကျော်လောက် ပိန်ပိန်ပါးပါး မိန်းကလေးက တင်ရီလို့ အခေါ်ခံရတဲ့ မိန်းမဘက်ကို လှည့်ကြည့်ပြန်တော့ အမလေး မျက်စိကို ကျိန်းသွားပါပဲလား။ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ပေါင်ပေါ်မှာ တင်ထားတဲ့ လက်ပွေ့အိတ်ကြီးက ဖောင်းဖောင်းကြီး၊ လက်ပွေ့အိတ်ကို ပိုက်ထားတဲ့ လက်မည်းမည်းဝဝကြီးမှာ လက်ကောက်ဝတ်မှာ ရွှေလက်ကောက်တွေက ဆင့်ပတ်လို့၊ လက်ခလယ်မှာ ဝတ်ထားတဲ့ စိန်လက်စွပ်ကြီးကလည်း တဖျပ်ဖျပ်နဲ့ဗျာ။ ဘုရားရေ.. စိန်လက်စွပ်ဝတ်ထားတဲ့ လက်ချောင်းတွေရဲ့ ထိပ်မှာကျတော့ လက်သည်းရှည်ကြီးထဲမှာ ချေးတွေ ဗရဗျစ်နဲ့ဗျာ။ ရွံ့စရာ ကောင်းလိုက်တာ။ ထိုင်နေတာမို့ အဲဒါတွေကို မြင်နေရတာ မျက်နှာမှာတော့ ဘယ်လိုနေမလဲ မသိဘူး။ အဲဒီအချိန်မှာ စွာတာတာ စူးတူးတူး ပြာအက်အက် အသံက ငေါက်ဆတ်ဆတ် ထွက်ပေါ်လာတယ်။

            'မမသိန်းကလည်းလေ...လက်ဖက်ရည်ဆိုင်ကို လာခဲ့ပါဦးလို့ ချိန်းတာနဲ့ လာခဲ့တာ၊ လက်စသတ် တော့ ခုနှစ်ဆွေး၊ ရှစ်ဆွေး အကြွေးကို တောင်းဖို့ကိုး'

            'သြော်... နင်ကလည်း နင်တို့အစ်ကိုကလည်း ကျန်းမာရေး မကောင်း၊ ငါ ကလည်း ဘာမှ မလုပ်တတ်၊ ဒါကြောင့်မို့ နင်တို့လည်း ပြေလည်နေတယ်လို့ ကြားတာနဲ့'

            'မပြေလည်ပါဘူး။ ဘယ်သူက ပြေလည်တယ် ပြောလဲ။ ဒီမယ် မသိန်း အိမ်ခေါ်ပြီး ထမင်းကျွေးထားတာနဲ့ စောင့်ရှောက်တယ် မပြောပါနဲ့။ ကျွန်မတို့လည်း ဖွပ်လျှော်ချက်ပြုတ် နိုင်သလောက် လုပ်ပေးနေတာပဲ။ အဲဒါကို ကျေးဇူးရှိတယ်ဆိုပြီး မမသိန်းတို့က နိုင်ချင်တယ်'

            မမသိန်းဆိုတဲ့ မိန်းမက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ခြေထောက်နှစ်ချောင်း အောက်ချထိုင်နေရာက တင်ပျဉ် ချိတ်ပြီး ထိုင်လိုက်တယ်။ သူ့ခြေထောက် ကလေးဟာ ကျုပ်မျက်စိရှေ့ ကို တန်းခနဲ ရောက်လာတယ်။ လှလိုက်တာဗျာ၊ ကျုပ်အသက်ရှူတောင် မှားသွားတယ်။ ကတ္တီပါဖိနပ် အနက်ပါးပါးကလေး စီးထားတဲ့ ခြေထောက်ကလေးဟာ ဝင်းနေတာပဲ။ ခြေသည်းကလေးကလည်း ညီညီတိတိကလေးတွေ၊ ပန်းရောင်ပြေးလို့ ဖနောင့်ကလေးတွေက အစ ဝင်းလို့ တစ်ဖက်က တင်ရီဆိုတဲ့ မိန်းမကို ကြည့်လိုက်ပြန်တော့ ကျုပ် အော်ဂလီဆန်သွားလိုက်တာ။ အနီရဲရဲ ဒေါက်ဖိနပ် စီးထားတဲ့ ခြေထောက်ကြီးဟာ မည်းညစ်ပြီး ခြေသည်းတွေလည်း ရှည်လို့။

            'နင် အိမ်က ပြောင်းသွားတုန်းက အရင်းအနှီး ထုတ်ပေးလိုက်တဲ့ နှစ်သောင်းကိုပဲ ငါ တောင်းနေတာပါ။ ငါတို့မှာ အခက်အခဲ ဖြစ်နေလို့။ နင်တို့ကို စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို ထောက်ပြီး ငါးနှစ်လောက်ရှိတဲ့ ပိုက်ဆံကို အတိုးမပါ အရင်းချည်း တောင်းတာကို နင်က မပေးနိုင်ဘူးလား'

            'မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ ရှင်တို့က ကျွန်မတို့ အခက်အခဲတွေကိုလည်း ဘာသိလို့တုံး'

            နားထောင်ရတာ စိတ်ထဲမှာ အကုသိုလ် ဖြစ်လာတာနဲ့ လက်ဖက်ရည်ဖိုး ရှင်းပြီး ထထွက်ခဲ့တယ်။ ကြည့်ပါဦး၊ ငါးနှစ်လောက်ရှိတဲ့ ပိုက်ဆံကို ကိုယ့်မှာလည်း ရွှေတွေ သီးနေရက်သားနဲ့၊ ပေးနိုင်ရက်သားနဲ့ မပေးဘဲနေတာ။ အင်း...ဒါကြောင့် ရှေးလူကြီးတွေက လူတစ်ယောက်ရဲ့ အရည်အချင်းကို သိချင်ရင် မျက်နှာနဲ့ အဝတ်အစားကို မကြည့်နဲ့။ ခြေထောက်တွေ၊ လက်တွေကို ကြည့်လို့ ပြောကြတာ ထင်ပါရဲ့။ တင်ရီဟာ ဘယ်လောက်အကောင်းစားတွေ ဝတ်ထားထား၊ ငွေကြေးဓန ဘယ်လောက်ပေါြကွယ်ဝနေနေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ မသိန်းဆိုတဲ့ မိန်းမကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ မသိန်းဟာ ဘယ်လောက် ဆင်းရဲနေနေ အရည်အချင်း တင်ရီထက် သာတယ်ဆိုတာ သူ့ခြေထောက်ကလေးတွေက ဖော်ပြနေကြတယ်။ အတွေးထဲမှာ စိတ်အာရုံ ညှိရင်း လမ်းထိပ်ဘက်ကို ပြန်လျှောက်လာခဲ့တယ်။

            ကြည့်ရတာ ရုံးသွားချိန်၊ ကျောင်းသွားချိန် ရောက်နေပြီ ထင်ပါတယ်။ လမ်းပေါ်မှာ သွက်သွက်သုတ်သုတ် သွားနေကြတဲ့ ခြေထောက်ကလေးတွေကို တွေ့နေရတယ်။ ကျောင်းဆရာ မလေးတွေက ခြင်းလေးတွေနဲ့ ကျောင်းလုံချည်အစိမ်းလေးတွေနဲ့၊ ရုံးဝန်ထမ်းတွေက ရုံးအိတ်တွေ ဆွဲလို့ တိုက်ပုံအင်္ကျီတွေနဲ့၊ ကုမ္ပဏီ ဝန်ထမ်းတွေကလည်း ဘေးလွယ်အိတ်လေးတွေနဲ့ ယူနီဖောင်းတွေ ဝတ်လို့၊ သေချာတာက သူတို့ သူတို့အားလုံးရဲ့ ခြေထောက်ကလေးတွေဟာ သန့်ရှင်းစင်ကြယ်နေတာ ကျုပ်တွေ့ရတယ်။ အဲဒီလိုနဲ့ လမ်းထိပ်ဘက်ကို ရောက်လာတယ်။ လူတွေ ရှုပ်လာတာနဲ့ ကျုပ်တောင် လမ်းဘေးကပ်ပြီး ခပ်ဖြည်းဖြည်း ဂရုတစိုက် လျှောက်နေရတဲ့ အချိန် 'ဝုန်း'ခနဲ တစ်ခုခုနဲ့ တိုက်လိုက်တဲ့အသံကို ကြားရတယ်။ ဘေးနားက လူတွေက ရုတ်ရုတ်သဲသဲ ပြေးကြ၊ လွှားကြရယ်။ 'ဟာ... ကားတိုက်ပြီဟေ့၊ ထွက်ပြေးသွားတယ်'လို့ အော်သွားကြတယ်။ ကျုပ်ကလည်း သန်သာမသန်တယ်၊ စပ်စုချင်တာမို့ သူတို့နောက်က လိုက်ခဲ့တယ်။ ကားတိုက်တဲ့လူကို ဝိုင်းအုံပြီး ကြည့်နေကြတာ ခြေထောက်တွေ၊ ခြေထောက်တွေ နည်းလိုက်ပါဘူး။ စကားသံတွေကလည်း တစ်ယောက် တစ်ပေါက် ပြောနေကြတယ်။

            'ကျုပ်က ကြည့်နေတာ ကားက တောင်က လာနေတာ။ ဒီလူက ဇွတ်ဖြတ်ကူးတာ၊ လှမ်းတောင် ဆွဲလိုက်သေးတယ်၊ မမိဘူး'

            'ကြည့်ရတာ ယိုင်တိုင်တိုင်နဲ့ အရက်များ မူးနေလား မသိဘူး'

            'မနက်စောစောစီးစီးဗျာ၊ ဟုတ်ပါ့မလား'

            'ဟုတ်တယ်ဗျ၊ ဒီ ခေတ်က မနက်ပါ အရက်သောက်ကြတာ'

            'ကားဆရာကလည်း ဟွန်းတီးသံ ကြားလိုက်သေးတယ်'

            'အသက်ရော ရှိသေးရဲ့လား'

            'ကြောက်စရာကြီး ရှင်'

            'ကားငှား၊ ကားငှား'

            'လူနာကို ဆေးရုံပို့သင့်တယ်'

            'ကားခ ဘယ်သူ ပေးမှာလဲ'

            ဟုတ်တာပေါ့၊ အရေးကြီးဆုံးက လူနာကို ဆေးရုံ အမြန်ပို့ဖို့ပဲ။ စောစောက သန့်ပြန့်နေတဲ့ ခြေထောက်ကလေးတွေ လူနာဘေးမှာ ဝိုင်းအုံပြီး ကြွက်စီကြွက်စီ ဝေဖန်နေလိုက်ကြတာ။ ဆေးရုံကို ဘယ်သူပို့ကြမှာလဲ၊ ကျုပ် မသိဘူး။

            အဲဒီအချိန်မှာ 'ဘေးဖယ်ကြပါ၊ ဘေးဖယ်ကြပါ' ဆိုတဲ့အသံနဲ့ ကလင်ကလင် ဘဲလ်တီးပြီး ဆိုက်ကားတစ်စီး အပြင်း ကျုပ်ဘေးက ဖြတ်ပြီး နင်းသွားတယ်။ ကျုပ်တောင် ဘေးရှောင် ပေးလိုက်ရတယ်။ စကားပြောနေတဲ့ လူအုပ် လူစု ကွဲသွားတယ်။ အို ကြည့်စမ်းပါဦး။ ဆိုက်ကားနင်းသွားတဲ့ ခြေထောက်ကို ဖျတ်ခနဲ ကျုပ်မြင်လိုက်ရတာ။ အကြောပြိုင်းပြိုင်းထနေတဲ့ ညစ်ပတ်ပေကျံနေတဲ့ ခြေထောက်ပါလား။ ခြေသည်းရှည်ကြီးတွေကလည်း မည်းလို့၊ တာယာဖိနပ် အရောင်မွဲမွဲကြီးကလည်း ကြမ်းတမ်း စုတ်ပြတ်လို့၊ လူစုကွဲသွားတာနဲ့ လဲနေတဲ့လူကို ဝိုးတဝါး မြင်ရတယ်။ ဆိုက်ကား ဆရာဟာ လူနာကို ပွေ့ယူလိုက်တယ်။ ဆိုက်ကားပေါ်ကို ရှေ့ခုံမှာ တင်လိုက်တယ်။ လူနာဟာ ဇက်ကျိုးကျသွားတယ်။

            'ကဲ...လုပ်ကြပါဦး၊ လူနာကို ထိန်းကိုင်ဖို့ တစ်ယောက်တော့ လိုက်ခဲ့၊ ကျွန်တော် ဆေးရုံကို အမြန်ဆုံး ဆိုက်ကားနင်းပို့မယ်'

            စောစောက အုပ်စုဆီက ကျွန်တော်က လိုက်မရဘူး၊ ရုံးချိန် နောက်ကျလိမ့်မယ်။ ကျောင်းမမီဘဲ နေလိမ့်မယ်။ ကုမ္ပဏီက ပျက်ကွက်ရင် လခဖြတ်ခံရလိမ့်မယ်ဆိုတဲ့ အသံတွေ တဝေါဝေါ ပေါ် လာတယ်။ အဲဒီအချိန်မှာ...

            'ကျွန်တော် လိုက်ခဲ့မယ်'လို့ ခပ်ဝေးဝေးက အော်လိုက်တဲ့ အသံကြားရပြီး ပြေးလာတဲ့ ခြေထောက်ကလေးတွေကို ကျုပ်မြင် လိုက်ရတယ်။ 'ဘုရား၊ ဘုရား' ဖိနပ်တောင် မပါပါလား။ အနားဖွာနေတဲ့ ဂျင်းဘောင်းဘီဒူးပြတ်ကလေးကို ဝတ်ပြီး ရွှံ့တွေ၊ ရေတွေ မည်းနေတဲ့ ခြေထောက်ပိုင် ရှင် ၁၃ နှစ်လောက် ကောင်လေးဟာ ဆိုက်ကားနောက် ခုံပေါ်ကို ဖျတ်ခနဲ ခုန်တက်ပြီး လူမမာကို ထိန်းကိုင် ထားလိုက်တယ်။

            'ဟဲ့...ကောင်လေး၊ ငါ့ ငါးတောင်းတွေ မပို့ခဲ့သေးဘူးလား'လို့ ငါးစိမ်းသည်နဲ့တူတဲ့ မိန်းမတစ်ယောက်က လှမ်းအော်တယ်။

            'ဆေးရုံက ပြန်မှပို့မယ် အဒေါ်ရေ၊ အခုတော့ လူမှုရေးလုပ်လိုက်ဦးမယ်' လို့ ကောင်လေးက အော်တဲ့ အချိန်မှာ' ပါးစပ်နဲ့ သနား ဝေဖန်နေကြတဲ့လူတွေ ဘေးဖယ်ပါ၊ လူမမာ အမြန်ဆေးရုံ ရောက်ဖို့ အရေးကြီးတယ်' ဆိုတဲ့ ဆိုက်ကားသမားရဲ့ အသံကို ကြားရပြီး ဆေးရုံဘက်ကို ဆိုက်ကားကို အပြင်းနင်းသွားကြတယ်။

            'အရည်အချင်းဆိုတာ ခြေထောက်ကို ကြည့်ရုံနဲ့ ရတယ်'လို့ ဆုံးဖြတ်ထားတဲ့ ကျုပ် ဘာပြောရမှန်းမသိဘဲ ကျန်ခဲ့တယ်။ ခပ်ဝါးဝါး စကားပြောသံတွေ နားထဲကို ဝင်လာပြန်တယ်။ ဒီခဏ လေးအတွင်းမှာပဲ ကျုပ်လေ ခြေထောက်ကိုပဲ မြင်ရပြီး မျက်နှာတွေကို မမြင်ရတဲ့ ကျုပ်ရဲ့မျက်စိရောဂါကို သိပ်ကျေးဇူးတင်မိတာပဲ။ 

ယဉ်ယဉ်နု ၊မန္တလေး၊

(အမှတ် ၁၈၇၊ ဇွန်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်